မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, October 11, 2011

အလွမ်းကဝေ ရဲ့ ပန်းစည်းကြွေသံ

စမ်းချောင်းလေးက တိတ်ဆိတ်ငြင်သာစွာ စီးဆင်းလို့နေသည်။ ပတ်ဝန်းကျင်မှာ ငှက်ကလေးတွေရဲ့ အော်မြည်သံကလွဲလို့ အရာအားလုံးက ငြင်သာသိမ်မွေ့နေသည်။ စမ်းချောင်းလေးထဲမှာ ကျောက်တုံးတွေကို ရေစီးပွတ်တိုက်သံ၊ သစ်ရွက်မျောပါသွားသံ.. ကုန်ကုန်ပြောရရင် ပေါလောမျောပါလာတဲ့ ပူစီပေါင်းကလေးတွေ ဖောက် ကနဲ ပေါက်သွားသံတောင် ကြားရတော့ မလောက် တိတ်ဆိတ်နေသည်။

စမ်းချောင်းလေးဘေးက လမ်းကလေးအတိုင်း သူမ လျှောက်လာခဲ့သည်။ ရွက်ကြွေတွေကို ဖြတ်နင်းလိုက်တိုင်း ရွက်ခြောက်ကြေမွသံတွေက သူမခြေထောက်အောက်မှ ခပ်တိုးတိုး တိုးထွက်လာနေသည်။ ခြေဖမိုးအနားထိ ၀ဲကျနေသည့် ဂါဝန်အနားစမှာ ရွက်ခြောက် အစအနတို့တောင် ကပ်ပါလာနေသည်။ 


သူမလက်ထဲမှာ လှပတဲ့ ပန်းစည်းကလေး တစ်စည်း။ ပန်းစည်းလေးထဲမှာ နှင်းဆီပန်းအ၀ါတွေလည်း ပါသည်၊ အမည်မသိ ပန်းဖြူဖြူတွေလည်း ပါသည်၊ ရိုးတံသွယ်သည့် အစိမ်းရောင်ပန်းတွေလည်း ပါသည်။ ပန်းစည်းကလေးကို သူမ ငုံ့ကြည့်လိုက်သည်။ ပြီးတော့ တိုးတိုးလေး ပြောလိုက်သည်။

"မင်းကို သူ နှစ်သက်လိမ့်မယ်ထင်တယ်.. ပန်းစည်းကလေးရယ်.."

တောင်ကုန်းကလေးအတိုင်း သူမ ဆက်လျှောက်လာခဲ့သည်။ သူ့ဆီ ရောက်တော့မည်။ 

သူနှင့်သူမ သိပ်ချစ်ခဲ့ကြသည်။ သိပ်ချစ်ခဲ့ကြသလောက် စကားပြောအပေါက်အလမ်းတော့ တစ်ခါမှ မတည့်ခဲ့ကြ။ သူမက စကားပြောသိမ်မွေ့သလောက် သူက မာကျောကျောနိုင်လွန်းသည်ဟု သူမထင်သည်။ စကားပြော မနူးညံ့သော သူသည် ပုဆိုးရှည်ရှည်ဝတ်ပြီး ညင်သာစွာတော့ လမ်းလျှောက်တတ်လေသည်။

"အမြဲတမ်း ပုဆိုးဝတ်ပါလားဟင်"

"အမြဲတမ်းတော့ မ၀တ်ပါရစေနဲ့၊ ကိုယ့်ကိုကိုယ်ကြည့်ရတာ ၀ါးခြမ်းပြားနဲ့ တူလွန်းလို့ပါ"

သူက ဆံပင်တွေကို သပ်ပြီး ရယ်သွမ်းသွေးခဲ့သည်။

တောင်ကုန်းလေးပေါ်က ၀က်သစ်ချပင်ကြီးကို လှမ်းမြင်လိုက်ရသည်။ အရင်တုံးကဆိုလျှင် ဒီသစ်ပင်ကြီးကိုမှီရပ်ပြီး သူမကို စောင့်နေတတ်သည်။ သူမကို တွေ့လိုက်တိုင်း သူ့နှုတ်ခမ်းမှာ အပြုံးတစ်စက တိတ်တခိုးလက်သွားသည်။

"ကျနော်စောင့်နေတာ"

"လွမ်းတယ် မ.. ရယ်"

'ကျနော် မ နဲ့ မခွဲနိုင်ဘူး'

သူ့အသံတွေကို ပဲ့တင်ထပ်ကာ ကြားနေရသည်။
သူ.. သူမကို စောင့်နေရာ ၀က်သစ်ချပင်ကြီးဆီကို သူမ အမြဲရောက်သည်။ အထူးသဖြင့် သူ၏ မွေးနေ့တွေမှာ မပျက်မကွက်ရောက်လေ့ရှိသည်။ ဒါပေမယ့် ဒီနှစ်မွေးနေ့မှာ သူ့ဆီကို သူမ ရောက်အောင် မသွားနိုင်ခဲ့။ မသွားနိုင်လောက်အောင် ကိစ္စတွေက ပေါ်လာခဲ့သည်။ ဒါကို သူခွင့်လွှတ်လိမ့်မည်ဟု သူမ မျှော်လင့်နေမိသည်။

တောင်ကုန်းလေးပေါ်ကို သူမ တဖြည်းဖြည်း ရောက်လာခဲ့ပြီ။ ၀က်သစ်ချပင်ကြီးနားကို ရောက်လာသည်နှင့်အမျှ သူမ ရင်တွေ ခပ်တိုးတိုး ခုန်နေသည်။

"သူနဲ့ တွေ့ရတော့မယ်.."

"ဒီနှစ် မောင့်မွေးနေ့ ကျမ နောက်ကျသွားတယ် မောင်ရယ်"



ဝက်သစ်ချပင်ကြီး အောက်ကို ရောက်လာခဲ့ပြီ။ သစ်ပင်ကြီးနဲ့ မလှမ်းမကမ်းမှာ သူ့ကိုလှမ်းတွေ့လိုက်ရသည်။ 

သူရှိရာသို့ သူမ ခြေလှမ်းသွက်သွက်ဖြင့် လျှောက်သွားလိုက်သည်။ အနားကို ရောက်လာတော့ သူမ မျက်လုံးကို သူမ မယုံနိုင်။

"ဟင်..."

"ဟင်.... ဒါ... ဒါ.. ဘယ်က ပန်းတွေလဲ"

"ဘယ်သူပေးတာလဲ"

သူမလက်ထဲက ပန်းစည်းက မြေပြင်ပေါ်ကို လွတ်ကျသွားသည်။ သူမ သူ့အနားကို ရုတ်တရက်တိုးကပ်လိုက်မိ၍ သူမပန်းစည်းကို သူမ ပြန်တက်နင်းမိလိုက်သည်။ သူမ ယူလာတဲ့ ပန်းတွေက သူမခြေအောက်မှာ ကြေမွသွားသည်။ ပတ်ဝန်းကျင်ကို ဝေ့၀ဲကြည့်လိုက်တော့ အရာအားလုံးဟာ တိတ်ဆိတ်ခြောက်ကပ်နေသည်။ သစ်ရွက်တစ်ရွက် ကြွေကျသွားသံကိုတောင် ကြားလိုက်ရသလိုလို။
သူမ... အရင်ရောက်နှင့်နေသော ပန်းစည်းကို ကောက်ကိုင်ကြည့်လိုက်သည်။ ပန်းစည်းထဲမှ ကဒ်ပြားလေးတစ်ခု။

"ကောင်းသောမွေးနေ့တွေ အမြန်ဆုံး ရောက်ပါစေကွယ်"

ကဒ်ပြားကလေး အောက်ကို လွတ်ကျသွားပြန်သည်။ သူမ လက်ချောင်းတွေ တုန်နေသည်။ သူမ သူ့ခြေရင်းမှာ အင်အားချည့်နဲ့စွာ ထိုင်ချလိုက်သည်။

"ဘာတွေလဲ.... ဟင်... ဘာတွေလဲ မောင်ရယ်..."

"မောင်.... မောင့်မှာ အခြားတစ်ယောက် ..."

"အို... "

"ရက်စက်လိုက်တာ.. မောင်ရယ်၊ ကျမကို အစကတည်းက ဘာလို့ မပြောပြခဲ့သလဲကွယ်.."

သူမ မျက်ရည်တွေ ရစ်ဝဲလာမိသည်။ သူမ သူ့ကို အရုတ်ကြိုးပြတ်မှီတွယ်နေမိသည်။ သူမ ကျောပြင်မှာတော့ သူလှဲလျောင်းရာ အုတ်ဂူဖြူဖြူလေး၏ အေးစက်စက် အထိအတွေ့သာ။ ထိုအချိန်တွင် ကောင်းကင်မှာ ညို့တက်လာကာ လျှပ်ပန်းတို့ လက်နေကြပေပြီ။ မကြာခင် မိုးသည်းထန်စွာ ရွာသွန်းတော့မည်။ တုန်ယင်နေသော နှုတ်ခမ်းတွေကို ဖိကိုက်ထားရင် ညို့မှိုင်းနေသော ကောင်းကင်ပြင်ကို မော့ကြည့်နေခဲ့မိသည်။ သူမ ကောင်းကင်ကြီးကို ကြေကွဲစွာ မော့ကြည့်နေချိန်တွင် ၀က်သစ်ချပင်ကြီးနောက်မှာ သွယ်နွဲ့သော အရိပ်တစ်ခုက တောင်ကုန်းအောက်သို့ ဖြေးညှင်းစွာ ဆင်းသွားခဲ့ပါတော့သည်။




( အိမ့်ချမ်းမြေ့ )
++++++
ဓာတ်ပုံလေးတွေကို အင်တာနက်က ယူပါသည်ရှင်။


တိတ်တခိုး

မမြင်ဖူးခင် ကတည်းက
ကြင်ဖူးသူရင်.....နဲ့
ခင်တွယ်စူးနစ်
ကြည်နူးစိတ်နဲ့
တိတ်တိတ်လေး ချစ်ခဲ့ရသူပါ.... မောင်.......



Wednesday, October 05, 2011

ထွက်မသွားပါနဲ့ကွယ်..

Gregorian - Moment Of Peace


ထွက်မသွားပါနဲ့ကွယ်...

နတ်ဆိုးတွေရယ်..
အတ္တတွေရယ်..
သိတတ်ခါးသီးမှုတွေကို ခ၀ါချလို့...
နူးညံ့မှုတစ်ခုကို ဆက်လက်ထွေးပွေ့ထားပါရစေ...

အေးချမ်းငြိမ်သက်ခြင်းတွေဟာ..
လက်တွေ့မကျဘူးလို့ ခံယူထားတဲ့ ဒီကမ္ဘာကြီးထဲမှာ..
အဲဒီအရာတွေက..
တစ်နေ့တော့ လက်တွေ့ကျလာရမှာပါ...

 ပြန်လာပါ...
ကိုယ့် အကြည်ဓာတ်ကလေးရယ်...



Sunday, October 02, 2011

မငိုပါနဲ့ အိမ့်ချမ်းမြေ့

ဆရာဦးထွန်းလွင် (မိုး/ဇလ)က စာပေဟောပြောပွဲတွေမှာ “မငိုပါနဲ့ ဧရာဝတီ” ကိုခေါ်ဆောင်သွားခဲ့တယ်။ ကျမရဲ့ ကော့မန့်ထဲကဟာတွေပါ ထပ်ထည့်ထားတာတွေ့တယ်။ (ကျမရဲ့ ကော့မန့်တွေကို စာသားတွေအဖြစ်ထပ်ထည့်ထားတာပါ)။

ဆရာဦးထွန်းလွင်ဟာ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ကဗျာနဲ့ ဖွင့်ထားပါတယ်။ ဆရာမောင်စိန်ဝင်းရဲ့ အမည်ကို ကဗျာလေးအောက်မှာ ရေးထားတယ်။ ဟောပြောပွဲ အခွေကို ကြည့်ရသူတစ်ဦးကလည်း ပြောပါတယ်...။

"ဆရာဦးထွန်းလွင် ကိုယ်တိုင် အစ်မရေးထားတဲ့စကားလုံးတွေကို ပရိုဂျက်တာထိုးပြတယ်၊ စာသားတွေကိုပါ ပရိုဂျက်တာနဲ့ပြပါတယ်။ စကားလုံးတွေကို မျက်လုံးထဲမြင်နေရတော့ ပိုပြီးသိသာတယ် ပါးစပ်က အလွတ်ပြောရင်တောင် မှတ်မိမှာမဟုတ်ဘူး..." လို့ ဆိုပါတယ်။

ဆရာဦးထွန်းလွင်ရဲ့ ဟောပြောချက်တွေအနေနဲ့လည်း ကိုယ့်ရင်တွင်းဖြစ် စာသားတွေကို အခြားဆိုက်ဒ်တွေမှာ ဆက်လက်ဝေမျှထားတာ တွေ့ရပါတယ်။ ဒါပေမယ့် .. အိမ့်ချမ်းမြေ့ ဆိုတဲ့ အမည်ကို လုံးဝ မတွေ့ရပါဘူး။

LinkWithin

Related Posts Plugin for WordPress, Blogger...