မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Monday, May 16, 2011

ဒီသစ်ရိပ်


ကျမ ဒီလောက်တောင်ပဲ ပျော့ညံ့တတ်နေပြီလား မောင်..။
ညနေစောင်းပြီမို့ ကျီးကန်းတွေတောင် အိပ်တန်းတက်ဖို့ ပြင်ဆင်နေကြပြီ။
ညို့မှိုင်းတဲ့ ကောင်းကင်မှာ လခြမ်းကွေးကလေးက ကလေးလေးလို အိပ်တော့မလို့ပေါ့။
ဒါကို လေပြေလေးက ခပ်တိုးတိုးတိုက်ခတ်လို့ ချော့သိပ်ဖို့ ကြံနေတယ်။
အဲဒီအချိန်မှာ....
မချင့်မရဲ လှမ်းနေတဲ့ ခြေလှမ်းတွေကို ဦးနှောက်က ခပ်တိုးတိုး ကျိန်ဆဲသံက
........လေပြေထဲမှာ ခုန်ပေါက်နေလေရဲ့ကွယ်။

ဆက်မသွားနဲ့... 
ဆက်မသွားပါနဲ့တော့လား..

ခြေလှမ်းတွေက မကြားဟန်ပြုလို့ ဆက်သွားနေခဲ့တယ်။

စမ်းချောင်းကလေးကို လှမ်းမြင်နေရပြန်ပြီ။
နောက်ပြန်လှည့်ရင်ကောင်းမလား...
အဟောင်းတွေ အသစ်ဖြစ်ဦးမှာလားကွယ်..။

လခြမ်းကွေးလေးကို မော့ကြည့်မိတယ်။
မသာလည်း တ၊ သာ လည်း တ တဲ့...။ ဟုတ်သလားကွယ်..။
လမင်းက ခပ်တိုးတိုးပြုံးတယ်၊ စမ်းချောင်းလေးက တိတ်တခိုးလှောင်တယ်။

ကျမ.. မောင့်ကို..
မမြင်လည်းလွမ်း၊ မြင်လည်းလွမ်းတယ်။

ဆံပင်တွေ လေမှာလွင့်နေတာကို လက်နဲ့အသာစုသိမ်းပြီး သစ်ပင်ဘေးက ခုံတန်းကလေးမှာ ထိုင်လိုက်မိတယ်။

ကျမ ဒီလောက်တောင်ပဲ ပျော့ညံ့တတ်နေပြီလား မောင်..။
မောင်နဲ့ ထိုင်နေကျ သစ်ပင်ရိပ်ကို ကျမ တစ်ခေါက်ပြန်ရောက်ရပြန်ပြီ..မောင်။

ဒါပေမယ့် မောင် ရှိ မနေဘူး မဟုတ်လား..
မောင် ရှိနေလိမ့်မယ်လို့လည်း ကျမ မယုံကြည်တာ ကြာခဲ့ပါပြီမောင်..။
ဒါပေမယ့်... ဒီသစ်ရိပ်ကို ကျမ နှလုံးသားက
မွတ်သိပ်နေတယ်..
တမ်းမက်နေတယ်..
တောင့်တနေတယ်...

မိုက်မဲလှတဲ့ ဒီနှလုံးသားဟာ
ဒဏ်ရာတွေကို အသစ်ပြန်မွလို့..
ကျေနပ်နေချင်သေးသတဲ့လေ။

မောင်...
မချစ်တတ်တဲ့ ကျမကို ချစ်တတ်အောင်သင်ပေးပြီးကာမှ
ပျောက်ဆုံးသွားခဲ့တဲ့ မောင့်ကို ကျမ ဘယ်မှာ လိုက်လို့ ရှာရမှာလဲ..မောင်ရယ်...

အခုတော့ ဒီသစ်ရိပ်အောက်မှာ စမ်းရေစီးသံကို နားထောင်ရင်း..
မောင်ပေးဖူးခဲ့တဲ့ အိပ်မက်တွေကို မျှော်လင့်နေရင်း....
လခြမ်းကွေးကလေးကို ငေးရင်း...
မောင့် ကတိတွေကို.... မယုံကြည်ပေမယ့် စောင့်စားရင်း....
အခုထိ ချစ်နေဆဲပဲ...မောင်။


ဟော...
ဟိုးအဝေးမှာ သီချင်းသံ သဲ့သဲ့ ကြားလိုက်ရတယ်မောင်...
 မောင်.. မှတ်မိဦးမယ်ဆိုရင်ပေါ့.. မောင်ရယ်..

LinkWithin

Related Posts Plugin for WordPress, Blogger...