"အမြဲတမ်း ပုဆိုးဝတ်ပါလားဟင်"
"အမြဲတမ်းတော့ မ၀တ်ပါရစေနဲ့၊ ကိုယ့်ကိုကိုယ်ကြည့်ရတာ ၀ါးခြမ်းပြားနဲ့ တူလွန်းလို့ပါ"
သူက ဆံပင်တွေကို သပ်ပြီး ရယ်သွမ်းသွေးခဲ့သည်။
တောင်ကုန်းလေးပေါ်က ၀က်သစ်ချပင်ကြီးကို လှမ်းမြင်လိုက်ရသည်။ အရင်တုံးကဆိုလျှင် ဒီသစ်ပင်ကြီးကိုမှီရပ်ပြီး သူမကို စောင့်နေတတ်သည်။ သူမကို တွေ့လိုက်တိုင်း သူ့နှုတ်ခမ်းမှာ အပြုံးတစ်စက တိတ်တခိုးလက်သွားသည်။
"ကျနော်စောင့်နေတာ"
"လွမ်းတယ် မ.. ရယ်"
'ကျနော် မ နဲ့ မခွဲနိုင်ဘူး'
သူ့အသံတွေကို ပဲ့တင်ထပ်ကာ ကြားနေရသည်။
တောင်ကုန်းလေးပေါ်ကို သူမ တဖြည်းဖြည်း ရောက်လာခဲ့ပြီ။ ၀က်သစ်ချပင်ကြီးနားကို ရောက်လာသည်နှင့်အမျှ သူမ ရင်တွေ ခပ်တိုးတိုး ခုန်နေသည်။
"သူနဲ့ တွေ့ရတော့မယ်.."
"ဒီနှစ် မောင့်မွေးနေ့ ကျမ နောက်ကျသွားတယ် မောင်ရယ်"
ဝက်သစ်ချပင်ကြီး အောက်ကို ရောက်လာခဲ့ပြီ။ သစ်ပင်ကြီးနဲ့ မလှမ်းမကမ်းမှာ သူ့ကိုလှမ်းတွေ့လိုက်ရသည်။
သူရှိရာသို့ သူမ ခြေလှမ်းသွက်သွက်ဖြင့် လျှောက်သွားလိုက်သည်။ အနားကို ရောက်လာတော့ သူမ မျက်လုံးကို သူမ မယုံနိုင်။
"ဟင်..."
"ဟင်.... ဒါ... ဒါ.. ဘယ်က ပန်းတွေလဲ"
"ဘယ်သူပေးတာလဲ"
သူမလက်ထဲက ပန်းစည်းက မြေပြင်ပေါ်ကို လွတ်ကျသွားသည်။ သူမ သူ့အနားကို ရုတ်တရက်တိုးကပ်လိုက်မိ၍ သူမပန်းစည်းကို သူမ ပြန်တက်နင်းမိလိုက်သည်။ သူမ ယူလာတဲ့ ပန်းတွေက သူမခြေအောက်မှာ ကြေမွသွားသည်။ ပတ်ဝန်းကျင်ကို ဝေ့၀ဲကြည့်လိုက်တော့ အရာအားလုံးဟာ တိတ်ဆိတ်ခြောက်ကပ်နေသည်။ သစ်ရွက်တစ်ရွက် ကြွေကျသွားသံကိုတောင် ကြားလိုက်ရသလိုလို။
သူမ... အရင်ရောက်နှင့်နေသော ပန်းစည်းကို ကောက်ကိုင်ကြည့်လိုက်သည်။ ပန်းစည်းထဲမှ ကဒ်ပြားလေးတစ်ခု။
ကဒ်ပြားကလေး အောက်ကို လွတ်ကျသွားပြန်သည်။ သူမ လက်ချောင်းတွေ တုန်နေသည်။ သူမ သူ့ခြေရင်းမှာ အင်အားချည့်နဲ့စွာ ထိုင်ချလိုက်သည်။
"ဘာတွေလဲ.... ဟင်... ဘာတွေလဲ မောင်ရယ်..."
"မောင်.... မောင့်မှာ အခြားတစ်ယောက် ..."
"အို... "
"ရက်စက်လိုက်တာ.. မောင်ရယ်၊ ကျမကို အစကတည်းက ဘာလို့ မပြောပြခဲ့သလဲကွယ်.."
သူမ မျက်ရည်တွေ ရစ်ဝဲလာမိသည်။ သူမ သူ့ကို အရုတ်ကြိုးပြတ်မှီတွယ်နေမိသည်။ သူမ ကျောပြင်မှာတော့ သူလှဲလျောင်းရာ အုတ်ဂူဖြူဖြူလေး၏ အေးစက်စက် အထိအတွေ့သာ။ ထိုအချိန်တွင် ကောင်းကင်မှာ ညို့တက်လာကာ လျှပ်ပန်းတို့ လက်နေကြပေပြီ။ မကြာခင် မိုးသည်းထန်စွာ ရွာသွန်းတော့မည်။ တုန်ယင်နေသော နှုတ်ခမ်းတွေကို ဖိကိုက်ထားရင် ညို့မှိုင်းနေသော ကောင်းကင်ပြင်ကို မော့ကြည့်နေခဲ့မိသည်။ သူမ ကောင်းကင်ကြီးကို ကြေကွဲစွာ မော့ကြည့်နေချိန်တွင် ၀က်သစ်ချပင်ကြီးနောက်မှာ သွယ်နွဲ့သော အရိပ်တစ်ခုက တောင်ကုန်းအောက်သို့ ဖြေးညှင်းစွာ ဆင်းသွားခဲ့ပါတော့သည်။


8 ရင်ခတ်သံများ:
မျှော်လင့်ချက်တွေတစ်ပွေ့ကြိးနဲ့ လာရသူရဲ့ ရင်ကို မှန်းဆရင်း.... မမရေ ခံစားအားပေးသွာံးတယ်လို့...
မလေးရဲ့ "မောင်" ခမျာ အချစ်ခံရတာနဲ့ မကာမိစွာ သူ့ကို သေခိုင်းလို သေခိုင်းနဲ့ မလေး ပြုသမျှ နုနေရရှာတယ်။
အရင်က ဖတ်ဖူးသလိုလိုပါဘဲ...။
စာကြောင်းအဆုံးမှာ "သည်" သုံးထားတာတွေတအားများနေတယ်..။ တန်းပလိတ်လည်း မလေး မဆန်သလိုဘဲ...။
:(
အံသြ မင်သက် ထိတ်လန့် သွားမှာဘဲနော်...
အလည်ရောက်ခဲ့ပါတယ် အစ်မ..
လင့် ကိုလဲ ယူသွားခွင့်ပြုပါ...
မလေး ...
ခံစားအားပေးသွားပါတယ်
မလေး ... ရတနာ့ကော်မန့်လေး ဘယ်ကိုရောက်သွားတာလဲဟင်။
ဟိုနေ့က မန့်လိုက်တယ်. မဝင်ဘူးထင်တယ်. ဘာပြောခဲ့လဲ သတိမရတော့ဘူး ဖြစ်နေတယ်။
ပြန်ဖတ်ပြီး ပြန်မန့်သွားတယ် မလေးရေ ..
ကောင်းတာဆိုတာက ပြောစရာမလိုပါဘူး မလေးရယ်။ နူးညံ့မှုတွေရဲ့ အင်အားကို မြင်လိုက်ရတယ်။ အတိသယတွေ အများကြီးနဲ့ လှနေတာကိုလည်း ချစ်တယ်။
ဒီလိုတွေရေးတတ်တာကိုလည်း သိပ်ကို အားကျတယ် မလေးရေ...
ချစ်ခင်စွာဖြင့်
ရတနာ
မလေးရေ...
အရေးအဖွဲလေးက သိမ်မွေ့နူးညံ့စွာနဲ့ အဆုံးရောက်တဲ့အထိ ဆွဲခေါ်ငင်သွားတယ်။
အဆုံးသတ်မှ " မောင် " က ဘ၀တစ်ပါးရောက်နေသူလို့ ဖော်လိုက်တာလေးက စာဖတ်သူရဲ့ စိတ်ကို ဆွဲကိုင်လှုပ်လိုက်သလိုပဲ။ အရင် ရောက်နှင့်နေတဲ့ ပန်းစည်းလေးပိုင်ရှင် ဘယ်သူဆိုတာ ဖော်မထားတာက အူယားစေတယ်...။ သေဆုံးသွားပြီးမှ ရောက်လာတဲ့ ပန်းစည်းလေးအတွက် " မောင် " ကို အပစ်မတင်လိုက်ပါနဲ့ဦးနော်။
Post a Comment