မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Sunday, October 02, 2011

မငိုပါနဲ့ အိမ့်ချမ်းမြေ့

ဆရာဦးထွန်းလွင် (မိုး/ဇလ)က စာပေဟောပြောပွဲတွေမှာ “မငိုပါနဲ့ ဧရာဝတီ” ကိုခေါ်ဆောင်သွားခဲ့တယ်။ ကျမရဲ့ ကော့မန့်ထဲကဟာတွေပါ ထပ်ထည့်ထားတာတွေ့တယ်။ (ကျမရဲ့ ကော့မန့်တွေကို စာသားတွေအဖြစ်ထပ်ထည့်ထားတာပါ)။

ဆရာဦးထွန်းလွင်ဟာ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ကဗျာနဲ့ ဖွင့်ထားပါတယ်။ ဆရာမောင်စိန်ဝင်းရဲ့ အမည်ကို ကဗျာလေးအောက်မှာ ရေးထားတယ်။ ဟောပြောပွဲ အခွေကို ကြည့်ရသူတစ်ဦးကလည်း ပြောပါတယ်...။

"ဆရာဦးထွန်းလွင် ကိုယ်တိုင် အစ်မရေးထားတဲ့စကားလုံးတွေကို ပရိုဂျက်တာထိုးပြတယ်၊ စာသားတွေကိုပါ ပရိုဂျက်တာနဲ့ပြပါတယ်။ စကားလုံးတွေကို မျက်လုံးထဲမြင်နေရတော့ ပိုပြီးသိသာတယ် ပါးစပ်က အလွတ်ပြောရင်တောင် မှတ်မိမှာမဟုတ်ဘူး..." လို့ ဆိုပါတယ်။

ဆရာဦးထွန်းလွင်ရဲ့ ဟောပြောချက်တွေအနေနဲ့လည်း ကိုယ့်ရင်တွင်းဖြစ် စာသားတွေကို အခြားဆိုက်ဒ်တွေမှာ ဆက်လက်ဝေမျှထားတာ တွေ့ရပါတယ်။ ဒါပေမယ့် .. အိမ့်ချမ်းမြေ့ ဆိုတဲ့ အမည်ကို လုံးဝ မတွေ့ရပါဘူး။
(ဆက်လက်ဝေမျှသူတွေ အပြစ်မရှိပါဘူး)

ဟောပြောပွဲဆိုပေမယ့် ကျင့်ဝတ်က citation and/or at least acknowledgement for the source of reference and/or contributors ကို ပေးရပါတယ်။ ကျမ ကိုယ်တိုင် “မငိုပါနဲ့ ဧရာဝတီ” အောက်မှာ acknowledgement for the source of reference/contributors တွေကို အတွဲလိုက် တင်ထားခဲ့ပါတယ်။ စကားလုံးတွေကတော့ ကိုယ်တိုင် ခံစားထားတာတွေပါ။ ဒီကိစ္စတွေ ခဏခဏ ဖြစ်နေတာ ... ။ ဒါတွေဟာ အသေးအဖွဲ မဟုတ်ပါဘူး။ ဒီကိစ္စတွေဟာ မှားတယ်လို့ကို မမြင်ကြတာ သိပ်ခက်နေပါတယ်။

မြန်မာပြည်မှာ ကော်ပီရိုက်မရှိ(သေး)ဘူးဆိုရင်တောင် လူငယ်တွေ အတုယူမမှားရန် လူကြီးတွေမှာ တာဝန်ရှိပါတယ်။ ခံစားရေးဖွဲ့သူ အိမ့်ချမ်းမြေ့ နာမယ်လေးကို ထည့်ပေးရင်ကောင်းမယ်။ ဆရာစိန်ဝင်းအမည်ကို ဖော်ပြထားတယ်ဆိုရင်.. အိမ့်ချမ်းမြေ့အမည်ကိုလည်း ဖော်ပြသင့်ပါတယ်။ ခေါင်းစဉ်ကိုလည်းပဲ “မငိုပါနဲ့ ဧရာဝတီ” နဲ့ပဲ ဒီအတိုင်းထားသင့်တယ်။ အင်္ဂလိပ်ခေါင်းစဉ် ဘယ်လိုဖြစ်သွားတာလဲ။

အကြောင်းအရာတွေဟာ မြန်မာလိုရေးထားတာ.. ခေါင်းစဉ်ကျမှ အင်္ဂလိပ်ခေါင်းစဉ် China River Diary ဖြစ်နေတယ်။ “မငိုပါနဲ့ ဧရာဝတီ” ဟာ အိမ့်ချမ်းမြေ့ နှလုံးသားနဲ့ရေးတဲ့စာပါ။ ဒီလိုကိစ္စတွေဟာ ခဏခဏဖြစ်နေတာ အခု လူကြီးတွေကိုယ်တိုင် လုပ်နေတာ(လုပ်နေတယ်ဆိုရင်) လုံးဝမဖြစ်သင့်ပါဘူး။ သူများတိုင်းပြည်တွေနဲ့ ရင်ဘောင်တန်းချင်ကြတယ်ဆို?? သူများတိုင်းပြည်တွေမှာ စာမေးပွဲမှာ ကူးချတယ်ဆိုရင် ရထားတဲ့ ဘွဲ့ကိုတောင် ပြန်အပ်ရပါတယ်။ ခေတ်တွေကလည်း ပြောင်းနေပါပြီ။  

ဆရာ့ကို တစ်ယောက်ယောက်က ရေးပေးတာများလား၊ ရေးပေးသူ speechwriter က ချန်ရစ်/ကျန်ရစ် ခဲ့တာများလား။ မည်သို့ပင်ဖြစ်စေ.... “မငိုပါနဲ့ ဧရာဝတီ” ဟာ.. ရင်တွင်းဖြစ်။ အဲသလို ရင်တွင်းဖြစ်တွေကို အိမ့်ချမ်းမြေ့ရဲ့ဒီရင်ဘတ်ကြီးထဲက ဖြစ်တာပါဆိုတာကို မပြောဘဲ.. ခဏခဏ ဟိုလူဒီလူ ယူယူနေကြတာကို သည်းညည်းခံနိုင်မှု ကုန်ဆုံးလာပါတော့မယ်။ (ကုန်ဆုံးတော့ မင်းဘာလုပ်ချင်လည်း ဆိုတော့လည်း ဘာမှ မလုပ်နိုင်ပါဘူး။ ဒီကပဲ စာရေးရပါတယ်)

ကျမ ခဏခဏပြောနေပါတယ်။ ရွှေလက်ကောက်တစ်ကွင်း ပျောက်သွားရင်/လုယူခံရရင် အစားထိုး ရနိုင်သေးတယ်။ အစားထိုး မရဘူးဆိုလည်း မ၀တ်ဘူး၊ ဒီတိုင်းနေမယ်။ ဒီလိုရင်တွင်းဖြစ် (စာတွေ၊ ကဗျာတွေ၊ ပန်းချီတွေ) ဟာ ထပ်တူ ဘယ်လိုမှ ထပ်မရနိုင်ပါဘူး။ မယူနဲ့ မပြောပါဘူး။ ယူပါ၊ ဒါပေမယ့် ကျမ ရေးဖွဲ့တာဆိုတာလေးတော့ ခရက်ဒစ်လေး ပေးစေချင်ပါတယ်။ ဒီလိုပြောလို့လည်း ဘလောဂါတွေ ခမျာ စိတ်ဆိုးခံရတာတွေ ရှိတာကိုလည်း ကျမ နားမလည်ပါဘူး။ ကိုယ်ရေးတာကို ဒီစာလေးဟာဖြင့် ကျနော်/ကျမ တို့ရေးတာပါလို့ ကိုယ့်စာကို ကိုယ် claim လုပ်ရင် စိတ်ဆိုးခံရပါသေးတယ်။ အတ္တကြီးတယ်၊ စိတ်သဘောထား မကျယ်ပြန့်ဘူးလို့ ပြောတယ်ဆိုရင်လည်း... အိမ့်ချမ်းမြေ့ အနုပညာနဲ့ပတ်သက်လာရင် အတ္တကြီးတယ် ပဲပေါ့ရှင်။ အခုတော့ ကိုယ့်ကိုကိုယ်ပဲ ပြောပါတယ်... မငိုပါနဲ့ အိမ့်ချမ်းမြေ့ ရယ်......... လို့။

စာကြွင်း။ ။ ဆရာဦးထွန်းလွင်ရဲ့ဟောပြောပွဲက ဆရာ့စာတွေကို မအိမ့်ချမ်းမြေ့က မအိမ့်ချမ်းမြေ့ ဆိုက်ဒ်မှာ မငိုပါနဲ့ဧရာဝတီ ဆိုပြီး တင်ထားတာလားလို့ မေးလ်နဲ့ မေးလာသူတွေရှိလို့ အခုလို ရေးရတာပါပဲ။ ဆရာတို့က လူသိပိုများတော့ ဒါမျိုးဖြစ်တာ နှစ်ခါရှိပါပြီ။ ကိုယ်ရေးတဲ့စာတွေကို ကိုယ်က သူများဆီက ပြန်ခိုးယူနေတဲ့ပုံမျိုးဖြေရှင်းရတာတော့ ရယ်အားထက် ငိုအားသန်ဖြစ်နေရပါပြီ။

မငိုပါနဲ့ ဧရာဝတီ

မှီငြမ်းကူးယူအသုံးပြုမှုတွေ ပြုကြရာဝယ်

 
comments: အဲဒါကြီးက ဆိုးလွန်းပါတယ်။ ပြောရတာလဲ များနေပါပြီ။ အစားထိုးမရတဲ့ ရင်တွင်းဖြစ်တွေကို တန်ဖိုးမထားကြတာလေ … အင်တာနက်ပေါ်မှာ အလကားဖတ်နေရတော့ တန်ဖိုးထားရကောင်းမှန်းလဲ မသိကြဘူး။ ရေးတဲ့သူတွေရဲ့ ခံစားချက်ကို လစ်လျူရှုရက်ကြတယ် … မမေလဲ မလေးကို ပြောချင်ပါတယ် … မငိုပါနဲ့ မလေးရယ် …. လို့ … Comment by MDW — October 2, 2011 @ 12:10 am


အင်းနော် ဟုတ်တယ် ..အဲလိုတော့ မဖြစ်သင့်ပါဘူး…. မမ :( Comment by angelhlaing — October 2, 2011 @ 12:18 am မလေး.. “မငိုပါနဲ့ ဧရာဝတီ” ကို ရင်ဘတ်နဲ့ရေးခဲ့သလိုပဲ ဒီစာစုကိုလည်း ရင်ဘတ်နဲ့ ရေးကြောင်း သိပါတယ်။ ကိုယ်ချင်းလည်းစာမိပါတယ်။ ကျင့်ဝတ်အရ citation and/or at least acknowledgement for the source of reference and/or contributors ကို ပေးရပါတယ်ဆိုတာ ၁၀၀% မှန်တဲ့စကားပါ။ ဆရာဦးထွန်းလွင်ဟာ data စုဖို့ သူ့ တပည့်/ လက်ထောက်အကူ တယောက်ကို စေခိုင်းခဲ့တယ် ဆိုရင်တောင်မှ ပညာရှင်ပီပီ “မင်း ဒီ data တွေကို ဘယ်ကရသလဲ” လို့ စိစစ်ခဲ့သင့်ပါတယ်။ အနည်းဆုံး “ပြည်ပက မြန်မာ ဘလော့ဂါ တယောက်က ဟောဒီလို ရေးထားပါတယ်” လောက်မှ စကားပလ္လင်မခံဘဲ သူ့ဖာသာ ရှာဖွေတွေ့ရှိထားသလို ခပ်တည်တည်နဲ့ လုပ်သွားတယ် ဆိုရင်တော့ ဒါ ethics ပျက်စီးမှုကြီးလို့ကို ပြောရတော့ မှာပါ။ မလေးပြောသလို ဒါတွေဟာ အသေးအဖွဲ မဟုတ်ပါဘူး။ လူငယ်တွေ အတုယူမမှားဖို့ လူကြီးတွေမှာ တာဝန်ရှိပါတယ်။း(( Comment by ပြည်ကောင်းအောင် — October 2, 2011 @ 12:20 am

မငိုပါနဲ့ မလေးရယ်- မလေးလိုပဲ ထပ်တူခံစားရပါတယ်။ ဒီအကျင့် ဆိုးတွေမြန်မာပြည်မှာပျေက်အောင် အတော်လုပ်ယူရအုံးမှာ။ ဖတ်စာအုပ်ထဲကစာကို နုတ်တိုက်ကျက်ပြီး စာမေးပွဲဖြေနေရတဲ့ တိုင်းပြည်မှာ citation/ Reference တွေကို အရေးမကြီးဘူးလို့ သဘောထားနေတာလား၊ ဒါမှမဟုတ် ပြည်တွင်းမှာနေတာမဟုတ်တဲ့ စာရေးဆရာ မို့ လို့ ငါတို့ ဂရုစိုက်စရာ မလိုဘူးဆိုပြီးတွေးသလား? Comment by မသန်းသန်း — October 2, 2011 @ 12:22 am

“မငိုပါနဲ့ ဧရာဝတီ” မှာ ကွန်မန့် ဝင်မရေးဖြစ်ပေမယ့် ဒီမှာ ပြောပါရစေ။ မလေးရဲ့ စာအရေးအသားဟာ စာဖတ်သူတွေကို ကိုင်လှုပ်လွှမ်းမိုးနိုင်စွှမ်းဖြစ်တဲ့ ပါဝါရှိလို့…. ဒီအကြောင်းအရာကိုပဲ လူတွေ အများကြီး ရေးနေပြောနေတဲ့ အထဲက ရွေးသုံးတယ်ဆိုထဲက ကိုယ့်ကြောင့် သူတို့ပြောင်းလဲသွားစေရမယ် ဆိုတဲ့ ပညာပါဝါ ပါတာ သေချာတွေးမိရင် သိမှာပါ။ ဥပမာ… Jamie Oliver လို သူ့ရဲ့ ဟင်းချက်နည်းတွေကို လူတွေတင်မက၊ တိုင်းပြည်မှာ အနာဂါတ်ရဲ့ တန်ဖိုးရှိလာမယ့် လူငယ်တွေရဲ့ ကျောင်းတွေ တော်တော်များမှာကအစ လိုက်ပြီး လက်ခံကျင့်သုံးလာစေတဲ့ ပါဝါလိုမျိုး၊ Mark Zuckerberg ကြောင့် ကမ္ဘာအရပ်ရပ်က တိုင်းပြည်တိုင်းက လူတွေ ဖေ့စ်ဘွတ် အသုံးပြုနိုင်သလိုမျိုးပေါ့။ အဲလို ပါဝါဟာ one in a million လိုမျိုးမှာပဲ ရှိပါတယ်။ ဦးထွန်းလွင်အနေနဲ့ မောင်စိန်ဝင်းကဗျာအတွက် မောင်စိန်ဝင်းလို့ ဖော်ပြတာ အိမ့်ချမ်းမြေ့စာတွေအတွက် ဘာလို့ အိမ့်ချမ်းမြေ့ဆိုတာ မဖော်ပြလဲဆိုတာ စဉ်းစားစရာပါ။ ဒါပေမယ့် “မငိုပါနဲ့ ဧရာဝတီ” စာစုဟာ ပါဝါရှိလွန်းလို့ ထပ်ပြောရရင် စာဖတ်သူကို ကိုင်လှုပ်လွှမ်းမိုးနိုင်စွှမ်းဖြစ်ခဲ့လို့ မြန်မာပြည်က ထိပ်ဆုံးတဦးဆီ အထိ ရောက်သွားခဲ့ပြီး စဉ်းစားချင့်ချိန်ဖို့ ပညာယူရတဲ့ ဆောင်းပါးတွေ၊ စာတွေထဲက မီးရှုးတစောင် စာစုတခု ဖြစ်သွားခဲ့တယ် ဆိုတာ အတိအကျ ခိုင်လုံစွာ သိထားပါတယ်။ အခုလို ရေးလိုက်တာ ပိုကောင်းသွားပါတယ်။ ဘယ်သူဘယ်ဝါ ရေးတယ်ဆိုတာ စာဖတ်ဖူးသူ အားလုံးသိနေကြလို့ ရှင်းပြစရာ မလိုပေမယ့် ဇဝေဇဝါဖြစ်သူတွေ သိသွားကြတာပေါ့။ မလေးရဲ့ စာရေးသားခြင်း ပညာဟာ one in a million ဖြစ်သလို၊ ဧရာဝတီအတွက် အုတ်တချပ် သဲတပွင့် မကခဲ့ပါဘူး။ အဲလိုပဲ သဘောထားလိုက်ရင် စိတ်သက်သာရာရနိုင်မယ် ထင်တယ်။ ပျော်ရွှင်စွာဖြင့် စာကောင်းပေမွန်များ ဆက်လက်ရေးသားနိုင်ပါစေ။ ချစ်ခင်လေးစားလျှက် နန္ဒာ Comment by စိုးမြနန္ဒာသက်လွင် — October 2, 2011 @ 12:39 am


ဟုတ်ပါတယ်အမ…ကူးယူဖေါ်ပြခြင်း၊(sharing) ဆိုတာအင်တာနက်မှအထူးအဆန်းမဟုတ်တော့ပေမဲ့မည်သည့်ဆိုဒ်၊မည်သူထံမှကူးယူဖေါ်ပြပါကြောင်း credit ပေးခြင်းဟာ စာရေးသားသူပညာရှင်၊၀ါသနာရှင်တို့ရဲ့ကိုယ်တိုင်(မဖြစ်မနေ)သိတတ်မှုကျင့်ဝတ်တခုလို့ထင်ဖြင်မိပါတယ်။ကျနော်ကိုယ်တိုင်လဲအရေးအသားမတတ်တဲ့အတွက်ကြိုက်နှစ်သက်ပါကူးယူ ဖေါ်ပြခြင်းဖြင့်သာpostတခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့credit မပေးမိခဲ့ရင်လိပ်ပြာမလုံသလိုခံစားမိပါတယ်။သိက္ခာဆိုတာဒါကိုပဲခေါ်သလားမသိဘူးနော်။ဘာပဲဖြစ်ဖြစ်ပေါ့အမရယ်… ကိုယ်ရဲ့နှလုံးသွေးထဲကစာသားတွေကဖခင်အမည်ပြောင်းတတ်ခံရပေမဲ့လည်းမိဘအရင်ဘယ်သူဆိုတာဘယ်လိုမှငြင်းလို့မရတဲ့သက်သေတွေ၇ှိနေပါတယ်(ကျနော်အပါအ၀င်ပါ) ဒီစာတွေကြောင့်အမိဧ၇ာဝတီအသက်၇ှည်ခွင့်ရရင်ပဲပီတိလေးနဲ့ကျေနပ်နှစ်သိမ့်နိုင်ပါစေလို့..မငိုပါနဲ့မအိမ့်ချမ်းမြေ့ရေ… Comment by mr.highflyer999 — October 2, 2011 @ 1:09 am

မလေးရေ…ဘယ်လိုခံစားရမယ်ဆိုတာနားလည်တယ်… ဧရာဝတီ အတွက် ရင်တခုလုံးနဲ့ခံစားပြီး မျက်ရည်တွေနဲ့ရေးခဲ့မှန်းလည်း သိနေတော့ တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်… Comment by rose of sharon — October 2, 2011 @ 1:09 am


ဟုတ်တယ်မလေးရေ လူကြီးတွေအနေနဲ့ ဒါဟာ တကယ်ကိုအလေးထားသင့်တဲ့အရာပါ။ သူတို့ကိုယ်တိုင်က အရေးမထားတတ်ရင် ကော်ပီရိုက်ဆိုတာကို လုံးဝနီးပါးနားမလည်တဲ့လူတွေ ပိုပြီးအတုယူမှားကြတော့မှာ.. ဒါဟာလိုက်နာရမဲ့ ကျင့်ဝတ်တစ်ခုဆိုတာ သူတို့လိုလူတွေ ကိုယ်တိုင်က ဂရုတစိုက်ပြနိုင်ကြရင် မသိနားမလည်သူတွေကို တခါတည်း ပညာပေးပြီးသား ဖြစ်နိုင်တာပေါ့။ ဒါနဲ့စကားမစပ်ပြောရရင် ဆရာဦးထွန်းလွင်ရထားတဲ့ ဒေါက်တာဘွဲ့က ကိုယ်တိုင်ကျောင်းတက် ကျမ်းပြုလေ့လာသင်ယူပြီးမှ ရထားတာမဟုတ်ဘူးလို့ ထင်ပါတယ်။ အစိုးရကဂုဏ်ပြုအပ်နှင်းထားတဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့လို့ မှတ်သားထားမိသလားလို့ပါ။ (ဇေကမ္ဘာဦးခင်ရွှေလိုပေါ့)အမှတ်မှားတယ်ဆိုရင်လဲ သိသူများရှိရင် ပြောကြပါအုံး။ ဆရာဦးထွန်းလွင်ကို နှိမ့်ချ မကောင်းပြောလိုခြင်းမဟုတ်ပါ။ အမှန်တကယ် တော်ပြီး ထူးချွန်ထက်မြက်သူတစ်ဦးဖြစ်လို့သာ ဒီလိုဂုဏ်ထူးဆောင်ဘွဲ့မျိုးကို နိုင်ငံတော်က ချီးမြှင့်အပ်နှင်းခြင်းခံရတယ်လို့ နားလည်ထားပါတယ်။ လေးလဲလေးစားပါတယ်။ ဒီလိုလူမျိုးက ပညာရှိသတိဖြစ်ခဲလိုမျိုး ပိုပြီးမဖြစ်သင့်ဘူးလို့လဲယူဆပါတယ်။ သူတို့လိုလူမျိုးက ဒါမျိုးကိုပိုပြီးဂရုစိုက်ပြနိုင်ခဲ့တယ်ဆိုရင် အတိုင်းထက်အလွန်ဖြစ်မှာပါပဲ။ Comment by မအိမ်သူ — October 2, 2011 @ 1:37 am


မလေးရေ စိတ်မကောင်းဘူး ပြီးတော့ စိတ်ညစ်တယ်… ဒါပဲပြောတတ်တော့တယ်… Comment by သက်ဝေ — October 2, 2011 @ 1:57 am  

မလေးလည်း မအိမ်သူပြောသလိုပဲ.. ဆရာ့ကို နှိမ်ချ မကောင်းပြောတာလိုခြင်း ဆန္ဒ လုံးဝ မရှိပါ။ ဆရာက တိုင်းပြည်တွက် ကိုယ့်ထက် လက်တွေ့ကျကျလုပ်နေသူဖြစ်တဲ့အပြင် အစိုးရနှင်းအပ်တဲ့ ဒေါက်တာဘွဲ့နဲ့လည်း ထိုက်တန်သူပါ။ ကိုယ်ကိုတိုင်က သူ့ခြေဖျားတောင် တိုင်းပြည်တွက် လုပ်ပေးနိုင်သူ မဟုတ်ပါဘူး။ ဒါပေမယ့် ဆရာ့ဟောပြောပွဲက စာတွေကို မလေး က ယူပြီး “မငိုပါနဲ့ ဧရာဝတီ” လုပ်ထားသလား မေးခွန်းထုတ်ခံရတော့ ဒီစာကို ရေးရတော့တာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။ Comment by မလေး — October 2, 2011 @ 2:06 am

အဲ့ဒီခံစားချက်ကြီးက ဆိုးတယ်ဗျာ။ မသိတာလား မသိချင်ယောင် ဆောင်တာလား။ လူ့ကျင့်ဝတ်တွေ လူကြီးတွေကိုယ်တိုင် ပြန်ဂရုစိုက်ကြဖို့  လိုလာပြီ။ Comment by ကြောင်ဖြူရှင် — October 2, 2011 @ 2:45 am


ဖြစ်မှ ဖြစ်ရလေ မလေးရယ်။ :( Comment by တူးတူးငယ်ငယ် (aka) Nora — October 2, 2011 @ 2:46 am


မလေးရေ မလေးရဲ့ မငိုပါနဲ့ ဧရာဝတီပိုစ့်က တအားကိုကောင်းပြီးတော့ ပြန်လည်မျှဝေတဲ့သူတွေလည်း မနည်းပါဘူး မေလ်းတွေမှာရော၊ ဖေ့ဘွတ်တွေမှာပါ share ပြန်လုပ်ကြတာ အများကြီးတွေ့ရပါတယ်။ မေလ်းကနေ share ကြရင် အများအားဖြင့် လူပေါင်းများစွာက ထပ်ခါထပ်ခါ ပြန်ရှယ်ကြတဲ့အခါ မူရင်းစာရေးသူရဲ့ နာမည်ပျောက်သွားတာမျိုး ( ဘယ်သူရေးမှန်း ပါမလာတော့တာမျိုးလဲ) ဖြစ်သွားတတ်ပါတယ် ဒါကြောင့် ခုလည်း ဦးထွန်းလွင် သို့ တပည့်တစ်ယောက်ယောက်က ခုလိုအချက်အလက်တွေကို တဆင့်ပြီးတဆင့် ရရာကနေ မူရင်းစာရေးသူကို မသိတော့လို့ မဖော်ပြတာ မျိုးများလား မသိဘူးနော် ဦးထွန်းလွင်လို လူတစ်ယောက်ဟာ သိသိရက်နဲ့တော့ သူများရဲ့ ဘလောဂ့်ပေါ်က အချက်အလက်တွေယူပြီး နာမည်မဖော်ပြဘဲနေမယ်လို့ မထင်မိပါဘူး တစ်ခုခု လွှဲချော်သွားလို့ဖြစ်မယ် ထင်ပါတယ်နော်။ ဒါက တစ်ဖက်ကနေ ဖြစ်နိုင်ခြေကို စဉ်းစားကြည့်တာပါ။ ဟုတ်မဟုတ်တော့ ကာယကံရှင်များသာ အသိဆုံးပေါ့နော်။ ဒါပေမဲ့ ဝမ်းသာစရာအချက်က မလေးရဲ့ မငိုပါနဲ့ ဧရာဝတီပိုစ့်ဟာ လူတိုင်းရဲ့ နှလုံးသားကို ဆွဲကိုင်နိုင်စွမ်း၊ ခံစားသွားစေနိုင်စွမ်း ရှိတယ်ဆိုတာပါဘဲ။ ဒါကြောင့်လည်း ခုလို ပြန်လည်မျှဝေကြရာကနေ မူရင်းစာရေးသူပျောက်သွားတာမျိုးဖြစ်မှာပါ။ ဘယ်လိုဘဲဖြစ်ဖြစ် ကိုယ့်ရင်ဘတ်နဲ့ ခံစားပြီး ရေးတဲ့စာတွေ သူများက နာမည်မဖော်ပြဘဲ ယူသုံးတယ်ဆိုရင် လူတိုင်းခံစားကြရမှာပါ။ မလေးရဲ့ ခံစားချက်ကို နားလည်စာနာမိပါတယ်။ Comment by ချော(အစိမ်းရောင်လွင်ပြင်) — October 2, 2011 @ 4:37 am


စေတနာသာ အဓိကပါ အိမ့်ချမ်းမြေ့ရေ…တကယ်လို့သာ ဆရာထွန်းလွင်က ကူးယူပြီး တင်ပြတယ်ဆိုရင်လည်း ကျင့်ဝတ်ပိုင်းအရ မှားယွင်းပေမယ့် စေတနာအရမှန်နေတော့ လုံးဝမှားတယ်လို့တော့ မပြောနိုင်ပြန်ပေဘူး…ဘာပဲဖြစ်ဖြစ် ကာယကံရှင်ဖြစ်သူမှာလည်း ဘယ်လိုခံစားရမယ်ဆိုတာကို ကိုယ်ချင်းစာလို့ ရပါတယ်…ဟုတ်ပါတယ်…မငိုပါနဲ့ အိမ့်ချမ်းမြေ့ရယ်လို့ အားပေးရုံပါပဲ… Comment by ဟန်ကြည် — October 2, 2011 @ 5:13 am


ဒီလိုရင်တွင်းဖြစ် (စာတွေ၊ ကဗျာတွေ၊ ပန်းချီတွေ) ဟာ ထပ်တူ ဘယ်လိုမှ ထပ်မရနိုင်ပါဘူး။ အတ္တကြီးခွင့် ရှိပါတယ် ။ Comment by ငြိမ်းစိုးဦး — October 2, 2011 @ 5:43 am

မငိုပါနဲ့ မအိမ့်ရယ်။ သူတို့က အခုထိ အကျင့်ပါနေလို့ပါ။ သေမှ ပျောက်မဲ့ အကျင့် ဆိုပါတော့။ ဒီလို ခံစားရတာကို တကယ်ကိုပဲ ထပ်တူထပ်မျှ ခံစားတတ်ပါတယ်ဗျာ။ Comment by ကိုဇော် — October 2, 2011 @ 6:01 am

အင်း……အစ်မရေ..မငိုပါနဲ့လို့ပဲပြောရတော့မှာပဲ…..၊ကိုယ်ချင်းစာပါတယ်အစ်မ….၊သူသူကိုယ်ကိုယ် ဒီလိုမျိုးဖြစ်ရင် အတော်စိတ်ကသိကအောက်ဖြစ်ရမှာ….။ Comment by ညိမ်းနိုင် — October 2, 2011 @ 6:49 am

ဘယ်လို ခံစားရမယ်ဆိုတာ နားလည်ပါတယ်..၊ တကယ်ပဲ စိတ်မကောင်းပါဘူးဗျာ..။ Comment by ညီလင်းသစ် — October 2, 2011 @ 6:58 am

ပြောချင်တာတွေ ရှေ့ က ကွန့် မန့် တွေက ပြောထားနှင့်နေပြီ ဆိုတော့ မငိုပါနဲ့  မလေးရယ်လို့ .. Comment by စန်းထွန်း — October 2, 2011 @ 7:57 am

အမရေ သာမာန် စာဖတ်သူ တယောက်ပါ။ မနေနိုင်လို့ တခုလောက် အကြံပေးချင်တာပါလေ။ ဦးထွန်းလွင်ဟာ မြန်မာပြည်မှာ အထင်ကရ လူတယောက်ပဲဟာ။ သူ့ရဲ့ဖုန်းနံပါတ်ကို ရှာရဆက်သွယ်ရ လွယ်မယ် ထင်ပါတယ်။ ဖုန်းခေါ်ပြီး ဂျာနယ်တခုခုမှာ ဖြေရှင်းချက် ထည့်ခိုင်းလိုက်ပါလား။ နောက် အမှတ်မမှားရင် popularmaynmar မှာလား အင်တာဗျူး ပါဖူးတယ် ထင်တယ်။ သူတို့ဂျာနယ်ကို ဦးထွန်းလွင်သို့ ပေးစာ ဆိုပြီး ပို့လိုက်ပါလား။ ဒါမှ မဟုတ် eleven ဖြစ်ဖြစ် ၊ တခုခုပေါ့။ အခုလို ဘလော့ဂ်မှာပဲ ပြောမဲ့အစား သူတို့ဆီကို တိုက်ရိုက်ဆက်သွယ်ပြောလိုက်မယ်ဆိုရင် သူတို့လဲ နောင် ဆင်ခြင်သွားနိုင်တာပေါ့။ Comment by myo — October 2, 2011 @ 8:22 am

အမှားတွေပေါ့ မလေးရယ်၊ တစ်ယောက်ယောက်ဆီကနေ တဆင့်ခံပြီး ရောက်သွားပုံရတယ် … Comment by ကိုအောင်(ပျူနိုင်ငံ) — October 2, 2011 @ 10:10 am

အပေါ်က myo ပြောတဲ့ အကြံပြုချက် လေး မဆိုးဘူးလို့ ထင်ပါတယ် ။သူ့ ဆီမှ ဖြေရှင်းချက်တခုခု လေး ရှိရင် ပိုကောင်းပါမယ် ။ ခုရှုပ်မှ နောင်ရှင်း.. ဆိုသလိုပေါ့ မလေးရယ်..။ အားလုံး စေတနာတွေနဲ့ လုပ်ကြ ရေးကြ တဲ့ကိစ္စ ဆိုတော့ ရှင်းရှင်းလင်းလင်း သိသွားကြရင် ပိုကောင်းပါ မယ် ။ ရွှင်လန်းချမ်းမြေ့ပါစေ မလေး ရေ ။ Comment by kiki( ကိကိ) — October 2, 2011 @ 11:21 am

Agree with Myo. Please don’t cry Ma Ma Comment by Khin — October 2, 2011 @ 5:19 pm

စိတ်မကောင်းဘူး။ ဒါပေမယ့် ဖော်ဝပ်မေး တွေကနေ အဆင့်ဆင့်ခံ ပြီးရောက်သွားလို့ နာမည်ပါမလာလို့ မထည့်တာ ဆိုတာလဲ လက်ခံနိုင်စရာတော့ မရှိဘူး။ စေတနာအရ မှန်တယ်ဆိုရင်တောင် ခရက်ဒစ်တော့ ပေးသင့်သေးတယ်။ မလေးရေးထားတာ ဧရာဝတီအတွက်ရေးတဲ့ ဖတ်ဖူးတဲ့ဆောင်းပါးတွေအများကြီး ထဲက အကောင်းဆုံး ဆောင်းပါးတွေထဲမှာ ထိပ်တန်းက ပါတာ အားလုံးလက်ခံ လိမ့်မယ်လို့ထင်ပါတယ်။ အပေါ်က Myo အကြံပြုသလို ပဲဖြစ်ဖြစ် တိုက်ရိုက်ပဲဖြစ်ဖြစ် ဆက်သွယ်သင့်ပါတယ်။ ခင်မင်စွာဖြင့်။ Comment by AATO — October 2, 2011 @ 7:45 pm

ဆိုးလိုက်တာနော်.. တကယ်လို့ တစ်ဆင့်ခံလို့ ရေးသူ အမည် သေချာ မသိခဲ့ရင်တောင်.. ဘယ်နေရာက ရပါတယ်.. စသဖြင့် ရိုးသားစွာ အသိပေး ဖော်ပြသင့်တာပေါ့နော်… Comment by သိင်္ဂါကျော် — October 2, 2011 @ 8:48 pm

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...