မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Wednesday, July 13, 2011

ချစ်သော ဖခင်သို့...

ထူးထူးခြားခြား
သတိရမိတယ် ဖေဖေ...


ဖေဖေမှာခဲ့တယ်..
လူတွေကို ကြင်နာစိတ်ရှိရမယ်...တဲ့..
လူတွေကကော... ပြန်ကြင်နာကြမှာလား..ဖေဖေ။


လူတွေကို နားလည်တတ်ရမယ်..တဲ့..
သူတို့ကကော ပြန်လို့ နားလည်တတ်ကြမှာလား ဖေဖေ။


လူတွေကို သနားတတ်ရမယ်....တဲ့
သူတို့ကကော ပြန်သနားတတ်ကြမှာလား..ဖေဖေ။


လူတွေကို ကူညီတတ်ရမယ်.. တဲ့
သူတို့ကကော ပြန်ကူညီကြမှာလား ဖေဖေ။


လူတွေကို ခွင့်လွှတ်ပေးရမယ်...တဲ့
သူတို့ကကော ခွင့်လွှတ်ကြမှာလား ဖေဖေ။


လူတွေက ပြောသေးတယ်...
မွေးတုန်းကလည်း တစ်ယောက်ထဲ...
သေသွားတော့လည်း တစ်ယောက်ထဲ...တဲ့
သမီးဖြည့်ချင်သေးတာ..
နေနေတုန်းလည်း တစ်ယောက်တည်း ပါပဲ ဖေဖေရယ်...။


တစ်ယောက်တည်းပါပဲ..
သမီးနှလုံးသားကို ဘာသာတူးဆွလို့တောင်
နက်နေတုန်း.. အဆုံးမရောက် တောက်လျှောက်ကြီးပါလား ဖေဖေ။



တစ်ခါတစ်ရံ..
လူအုပ်ကြီးဘေးမှာ
တစ်ယောက်တည်း အထီးကျန်ရပ်ရင်း
ဖေဖေသွားနှင့်တဲ့လမ်း
မျှော်ရည်မှန်းလို့..
လွမ်းတယ် ဖေဖေ........


သမီး..
သိပ်လွမ်းတယ်..။


ပျော်ရွှင်သော မွေးနေ့ကို ကောင်းကင်ဘုံမှာ ဆင်နွှဲနေပါ ဖေဖေ။


ဖေဖေ့အကြောင်းလေးပါ

5 comments:

ပြည်ကောင်းအောင် said...

ညီမ အိမ့်ချမ်းမြေ့ ( မလေး )ရေ..၊ ညီမရဲ့ ဖေဖေ က လူတွေကို ကြင်နာ/နားလည်/ သနား/ ကူညီ/ ခွင့်လွှတ်ဖို့ မှာခဲ့တာ အကြောင်းမဲ့တော့ မဟုတ်လောက်၊ အချည်းနှီးလည်း မဖြစ်လောက်ပါဘူး ကွယ်။ ဘာလို့လဲ ဆိုရင် အဲဒီလို ကိုယ့်ဖက်ကလုပ်ရင် လူတွေက အဲဒီလို ပြန်တုန့်ပြန်ကြမှာလား ဆိုတာ bit by bit သိပ်မသေချာပေမဲ့ သေချာတာတခုက ကိုယ် လောကကို ပေးထားသလောက် ကိုယ့်ရဲ့လိပ်ပြာ ( consciousness ) က အတိအကျ ပြန်ပြီး ( not from the external world, but from one's internal perception က) ရပါတယ်ကွယ်။ အဲဒါကြောင့် အကိုကတော့ "A sincere deed is never unfruitful." လို့ ယုံကြည်မိပါတယ်။

နောက်ပြီး “နေနေတုန်းလည်း တယောက်တည်းပါပဲ၊ .. တခါတရံ လူအုပ်ကြီးဘေးမှာ၊ တယောက်တည်း အထီးကျန်ရပ်ရင်း၊ ဖေဖေသွားနှင့်တဲ့လမ်း၊ မျှော်မှန်း လို့ လွမ်းမိတယ် ဖေဖေ” ဆိုတာဖတ်ရလို့ ညီမကို အဖေ့လွမ်းမိတဲ့ သမီးတယောက်အဖြစ် မျှသာမက လူ့ဘဝကို ခံတွင်းပျက်နေတဲ့ လူတယောက် အဖြစ်ပါ လှစ်ကနဲ မြင်လိုက်မိ ပါတယ်။ ဒါပေမဲ့ တလောကလုံးမှာ “ကိုယ့်ကသူ့ကို လိုအပ်သူ”၊ “သူက ကိုယ့်ကို လိုအပ်သူ” တယောက်တလေ လောက်( ညီမရဲ့ ခင်ပွန်း၊ ချစ်သူ စသည် ) တော့ ညီမမှာ ရှိမှာပါ။ သူတို့ ပေးတာကို ညီမယူပါ။ တန်ဖိုးလည်း ထားကြည့်ပါ။ ညီမက သူတို့ကို ပေးနိုင်တာရှိရင်လည်း ပေးပါ။ ကိုယ်ပေးလိုက်တဲ့ တန်ဖိုးကိုလည်း သိပါ။ ပြီးတော့ အဲဒီအတွက် ကျေနပ်ပါ။ ညီမအပေါ် အရိုးသားဆုံး၊ အကြင်နာဆုံးအဖြစ် available ဖြစ်သူတယောက်နဲ့ ဘဝကို နှစ်ယောက်အတူ လျှောက်ပါ ( ညီမက အခါ များစွာမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်နဲ့ တယောက်တည်းပဲ လျှောက်ချင်တတ်ပုံ ရတယ်း) လို့ အသက်ကြီးလာရင် လူကို ဆရာလုပ်ချင်သည့် ဥာဉ်ဖြင့် မနေနိုင်လို့ ဝင်ပြောခဲ့ပါကြောင်း။

( မှတ်ချက်။ ။ လူသည် လောကမှာ နှစ်ယောက်ပေါင်း နေရန် ဒီဇိုင်းထုတ် ထားခြင်းခံရသော သတ္တဝါဖြစ်ကြောင်း လူထီးနှင့် လူမတို့၏ ကိုယ်ခန္ဓာ ဖွဲ့စည်းပုံကို ကြည့်လိုက်ရုံဖြင့် သိနိုင်ပါသည်း)

တန်ခူး said...

ညီမအိမ့်ရေ.. ဘာမျှော်လင့်ချက်မှမထားပဲ ကိုယ်ကသာ ပေးရတဲ့သူဖြစ်တဲ့ဘဝက ရခဲပါတယ်ညီမရယ်... ကံကောင်းခြင်းကြောင့် သူတပါးကို ကူညီထောက်ပံ့ပေးကမ်းနိုင်တာပါ.. ငြိမ်းချမ်းတဲ့ ဆုံးမစကားဆိုတတ်တဲ့ ညီမဖေဖေကို အတူရောလွမ်းသွားပါတယ်...

အိမ့်ချမ်းမြေ့ said...

ဘလောဂ်တွေ မရောက်လို့ မ ကော့မန့် ခုမှ မြင်တယ်... :)

Thank you Ma.

မောင်မျိုး said...

ဒီနေရာလေးရောက်ရင် ဘာကိုမှန်းမသိ လွမ်းသလိုလို .....

သတိရလို့ လာနှုတ်ဆက်တာပါ အစ်မရေ့

မဒမ်ကိုး said...

လာလည်ရင်း
ဖေဖေကိုသတိရသွားပါတယ်း(
ပျော်ရွှင်ပါစေရှင်

LinkWithin

Related Posts Plugin for WordPress, Blogger...