မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, January 25, 2011

အိမ့်ချမ်းမြေ့ ဟတ်ကော့ကြီးဖြစ်နေခြင်း..


ကျွန်ုပ်ဘလောဂ်ရေးသည်မှာ.. ငါးနှစ်ပြည့်တော့မည်ဖြစ်သည်။

ဘလောဂ်ရေးသည့် သက်တမ်းတစ်လျောက် ကျွန်ုပ် ကိုယ်ရေးကိုယ်တာ အပြင်လောကမှ အဖြစ်အပျက်များ၊ ပူလောင်ခြင်းများနှင့် တတ်နိုင်သမျှ မပတ်သက်သော၊ နူးညံ့လှပသော စာများကို ကြိုးစားဖန်တီးခဲ့သည်။
ဘလောဂ်စာမျက်နှာများပေါ်တွင် ကျင်လည်နေကြသော မြန်မာပြည်သူ ပြည်သားများသည်ကား ပြည်တွင်းမှ သန်း၅၀ကျော်နှင့် ယှဉ်လျင် အနည်းငယ်သာ ရှိလွန်းလှသော်လည်း.. ကျွန်ုပ်စာများကို ဖတ်သော စာဖတ်သူများကို ပူလောင်ခြင်းများ မကူးစက်စေလိုသဖြင့် တတ်နိုင်သမျ အနှောင့်အသွားလွတ်သော..၊ အပြစ်ကင်းသော စာများကို ဖန်တီးခဲ့သည်။

အခါခါပြောခဲ့ဖူးသလို.. အစစ်အမှန် မဟုတ်သော စိတ်နားခိုရာ ကမ္ဘာဖြစ်သော ဖန်သားပြင်မျက်နှာများကို အစစ်ဟု မထင်ခဲ့သော ကျွန်ုပ်၊ အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ
ဖန်သားပြင်မျက်နှာများနှင့် အပြင်လောကရဲ့ အပြန်အလှန် တုံ့တင်ယှက်နွယ်ကြားမှာ ရှင်သန်နေရင်း... ကျွန်ပ်နှလုံးသားထဲက အရောင်တွေပြောင်းလာမှုကို ကြံကြံခံနေရသည့် သဘော ဖြစ်နေသည်။ ဖန်သားပြင် ကမ္ဘာ သည်.. စိတ်နားခိုရာ နေရာမဟုတ်တော့ပဲ.. (ဘာရယ်ကြောင့်မှန်း မသိ) ကျွန်ုပ် ရှင်သန်နေရသော အပြင်လောကလိုပဲ ပူလောင်မှုများနှင့် ပြည့်လာသလို ခံစားလာရသည်။

ကျွန်ုပ်သည် အရောင်လွင့်ပျယ်လာနေသော အကြည်ဓာတ်ကို ထထဖမ်းဆုပ်နေရသည့် အဖြစ်ကို စိတ်ပျက်လာသည့်အဆုံး...
ငါသည် အသက်ကြီးရင့်လာပြီဖြစ်သည်နှင့်အတူ... သည်မွေးနေ့မှ စပြီး စိတ်ထဲရှိရာကို သရော်စာပဲ ဖြစ်ဖြစ်၊ လှောင်စာပဲဖြစ်ဖြစ်၊ စာဖတ်သူများ မည်သို့ ပင် ထင်ထင်၊ စာတွေကို ဖတ်ပြီး ပူလောင်ချင်လည်း ပူလောင်ကြ ပစေတော့ဟု.. ရေးချင်တာကို မြိုသိပ်မထားဘဲ ရေးတော့မည်ဟု ဆုံးဖြတ်လိုက် မိလေသည်။

သည်အတွေးကလေးနှင့် … လူ့စည်းမျဉ်း အဖြစ်အပျက်တွေကို ထော်လော်ကန့်လန့် လုပ်ချင်နေသော စိတ်ဖြင့် စာတစ်ပုဒ်ကို ဖန်တီးရင်း.. မွေးနေ့ ကိုလည်း တိုးတိုးတိတ်တိတ်ကျော်ဖြတ်နေစဉ်ကာလ...
မျှော်လင့်မထားဘဲ….
ကျွန်ုပ်ကို ချစ်ခင်ကြသော စာရေးဖော် စာဖတ်ဘက် မောင်နှမများရဲ့ နွေးထွေးပျူငှာသော နှုတ်ခွန်းဆက်သံများကို ကြားလိုက်ရလေသည်။

ထို့ အပြင် ထိုသူများ ကျွန်ုပ်အပေါ်ထားရှိသော အမြင်များ ခံစားချက်များကို မြင်လိုက်ရသည်။

အမြဲစိမ်းဖြိုးက.. မွေးနေ့မှာ ချစ်သူခင်သူတွေနဲ့အတူ ပျော်ရွှင်ချမ်းမြေ့ပါစေ....
ကဗျာစာ နူးနူးညံ့ညံ့လေးတွေ များများဆက်ရေးနိုင်ပါစေ....... တဲ့

အိဝေက.. ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေ မမ။ ချစ်သောသူများနှင့် ဘဝကို ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်ကျော်သွားနိုင်ပါစေ..။ :) တဲ့

ကိုတက်စ်လာက.. မအိမ့်တောင် အသက် ၁၈နှစ် ပြည့်သွားပြီကိုး :) ပျော်ရွှင်စရာ မွေးနေ့ပါ၊ ဘဝကိုငြိမ်းငြိမ်း ချမ်းချမ်း အမြဲဖြတ်သန်း နိုင်ပါစေ… တဲ့

မောင်မျိုးက..
သူမဟာ....ရေခဲပြင်ထဲက နှင်းဆီရဲရဲတစ်ပွင့်
ပန်းပျိုးသောလက် ပိုင်ရှင်ဟာ ငပိချက်သောလက်လည်းဖြစ်ပါရဲ့
သူမရဲ့ အဲ့ဒီနေရာလေးမှာ ပြာနေတဲ့ ရေ သာနေတဲ့ လေ နဲ့ အညောင်းမိနေတဲ့ မေ ရှိတယ်
ရုပ်ရှင်ထဲက လက်မှတ် ၂ စောင်နဲ့ ရမ်ဘို ၊Avatar လည်းရှိတယ်
သူမဟာ... နုညံ့ခြင်းရဲ့ ပြယုဂ်
လှလှပပလေး ရယ်မောတတ်သူ ( ဟွန်း -ဟွန်း )
သူမဟာ ကလာကာနောက်ကွယ်က အနုပညာတွေကိုဖန်တီးသူ
တစ်ခါခါတော့ ဖန်သားပြင် နောက်က သံယောဇဉ်တွေကိုလည်း တိတ်တဆိတ် ခင်တွယ်သူ
သူမဟာ အရောင်စုံတဲ့ ပန်းချီကားတစ်ချပ်ဆိုရင်
စုတ်ချက်စုံပြီး ပုံဖော်ရခက်တဲ့ သက်ငြိမ်ပန်းချီကားတစ်ချပ်ပေါ့
ဒီနေ့ အဲ့ဒီပန်းချီးကားတစ်ချပ် စရေးဆွဲတဲ့နေ့
တနည်း သူမ မွေးနေ့........ တဲ့

ကေသွယ်က..
မလေး ရေ.. ပျော်ရွှင် ဖွယ် မွေးနေ့ ဖြစ်ပါစေ.. ပိုပြီးလှပ တဲ့.. စာလေးတွေ ဆက်လက် ရေးသား နိုင်ပါစေ..( မလေး စာလေး တွေ နဲ့.. ဘလော့ စ ဖတ်တတ် ခဲ့ သူ.. ) တဲ့

နန္ဒာ က..
မလေးရဲ့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာလဲ အနုပညာတွေ ပြည့်ဝတဲ့ သုတ၊ ရသစာအစုံနဲ့ မလေးရဲ့ စာတွေဟာ ဗဟုသုတ ဖြစ်စေတဲ့ စာတွေအပြင် အရောင်စုံလင်လှတဲ့ ဓါတ်ပုံများနဲ့ အတူ စိတ်ချမ်းမြေ့ပြီး အကြည်ဓါတ်ကို ရစေတဲ့ စာတွေနဲ့၊ နူးညံ့ညင်သာတဲ့ ကဗျာတချို့ကို ဖတ်ရှု့ခံစားနိုင်ပါတယ်.. တဲ့

တစ်ယောက်က..
“တပြည်သူ” လို့  အမည်ရသော “အိမ့် ချမ်းမြေ့  ” စာရေးဆရာ ကလောင် အမည် ဖြင့် လေးစားချစ်ခင်ဖွယ် ကောင်း သော၊ မေတ္တာဂရုနာများဖြင့် ပြည့်လျှံနေတတ်သော၊ ကြင်နာသနားတတ်သော… တဲ့

စတတ်..နောက်တတ်သော..ကိုရန်အောင်က လည်း
နူးညံ့လှပတဲ့ စာလေးတွေကို
ညက်ညောညင်သာစွာ ရေးသားသီကုံးတတ်တဲ့
သိမ်မွေ့အေးချမ်းသော ပန်းပျိုးလက်ပိုင်ရှင် မလေးတစ်ယောက်
နောင်နောင် နှစ်ပေါင်းများစွာ မွေးနေ့ပွဲလေးတွေကို
ညွှတ်ပျောင်းသာယာစွာ ကျင်းပဖြတ်ကျော်နိုင်ပါစေလို့…. တဲ့


နှုတ်ခွန်းဆက် ဆုတောင်းပေးကြသည့်အထဲမှာ.. အထက်ပါ ဆုတောင်းများက.. ရွတ်ချင်သလိုလို.. ရွဲ့ချင်သလိုလို.. အချဉ်ပေါက်ပြီး အကြည်ဓာတ်စိတ်ပျောက်ကာ.. ကြုံသလို ရေးချင်နေသော ကျွန်ုပ်ကို တားမြစ်နေကြကုန်သည်။

လောကကြီးတွင်.. (လောကကြီးနှင့်ပင် ကိုင်ပေါက်လာပါပြီ .. အနုပညာလောကကြီးဟု ခေါ်လျင်လည်း အခေါ်အဝေါ် မှားမည်က စိုးရိမ်ရသေးသည် .. ထို့ကြောင့် လောကကြီးဟုပင် ယေဘူယျ သုံးလိုက်ပါသည်) လောကကြီးတွင်.. လူသည် ပတ်ဝန်းကျင်ရဲ့ ပုံသွင်းမှုအတိုင်း၊ မျော်လင့်သည်အတိုင်း ကပြ အသုံးတော် ခံကြရစမြဲဖြစ်သည်။ ရုပ်ရှင်လောကများတွင်လည်း.. ဦးအံ့ကျော်ဆိုလျင်.. လူကြမ်းမင်းသားနေရာမှာပဲ မြင်နေကြရသည့်အတွက်.. တစ်သက်လုံး လူကြမ်းအဖြစ် သရုပ်ဆောင် သွားရလေသည်။

ယခုနေ ဦးအံ့ကျော်ကြီး ကို အလွမ်းမင်းသားအနေနှင့် မည်သူကမှ လက်ခံလိမ့်မည်မထင်။ လွမ်းရင်တောင် ခပ်ကြမ်းကြမ်း လွမ်းပြရမည်သကဲ့သို့ ဖြစ်နေသည်။ ထိုနည်းတူ.. အခြားသော မြောက်မြားစွာသော မင်းသား၊ မင်းသမီးတို့ သည်လည်း ပရိသတ် ချထားသော ပုံစံခွက်အတွင်းတွင် ခေတ်နှင့်လျော်ညီစွာ က ပြ အသုံးတော်ခံနေရသည်ကို မြင်နေရလေသည်။

ထို့ ကြောင့် …
ငါသည် အသက်ကြီးရင့်လာပြီဖြစ်သည်နှင့်အတူ... သည်မွေးနေ့မှ စပြီး စိတ်ထဲရှိရာကို သရော်စာပဲ ဖြစ်ဖြစ်၊ လှောင်စာပဲဖြစ်ဖြစ်၊ စာဖတ်သူများ မည်သို့ ပင် ထင်ထင်၊ စာတွေကို ဖတ်ပြီး ပူလောင်ချင်လည်း ပူလောင်ကြ ပစေတော့ဟု.. ရေးချင်တာကို မြိုသိပ်မထားဘဲ ရေးတော့မည်ဟု… ဆုံးဖြတ်ထားသော….

လှလှပပ မရယ်မော ချင်တော့ပဲ.. ခပ်ကြမ်းကြမ်း အက်ရှရှအသံဖြင့် ရယ်မောချင်နေမိပြီဖြစ်သော..

စာများကို နူးညံ့ငြင်သာစွာ မရေးချင်တော့ဘဲ.. ဟိုလူ့ခလုပ်တိုက် သည်လူ့ခလုပ်တိုက် လုပ်ချင်လာပြီဖြစ်သော...

ယခုလက်ရှိ ပူပူနွေးနွေး လုပ်သွားသော မင်္ဂလာပွဲ တစ်ခုကို ရည်ရွယ်ထားခြင်း မဟုတ်သော်လည်း....
လူမှုအဖွဲ့အစည်းများ များစွာကို ကိုယ်စားပြုကုန်သော..
(ရေးကာစကတော့ လူ့ငမွဲ နင်းပြားများ၊ ပညာမသင်နိုင်ရှာသူများ ကို အတွေးရောက်ပြီး သနားခြင်း အကြင်နာကို အခြေပြုစထားသော)

ခပ်ကြမ်းကြမ်း၊ ခပ်ရွတ်ရွတ်၊ ခပ်ထေ့ထေ့ စာစု တပိုဒ်ကို ရေးထားပြီးဖြစ်သော ကျန်ုပ်သည်….

မျော်လင့် မထားသော အကြင်နာများ.. ခင်တွယ်မှုများ နှင့်.. စာဖတ်သူ စာရေးဘက် မောင်နှမများ ကျွန်ုပ်ထံမှ မည်သည့်အရာကို လိုချင်သည်ကို... မြင်ရပြီး သကာလ..

ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ဘဲ … ဟတ်ကော့ကြီး ဖြစ်နေလေတော့သည်။

ဤကဲ့သို့ ဟတ်ကော့ခံစားချက်ကြီးဖြင့် ရေးထားသော တန်းလန်းစာကို ပစ်ထားပြီး အနှစ်ချုပ်ဖြစ်ဟန်တူသော ဤ်ပုံကို အမြီးသဘောဖြင့် တင်လိုက်ရပါကြောင်း။




23 comments:

မေဓာဝီ said...

မလေးရေ ...
အနုအရွပဲ ဖြစ်ဖြစ် ဟိုခလုတ်တိုက် ဒီခလုတ်တိုက်ပဲ ဖြစ်ဖြစ် ဘယ်လိုပဲ ရေးရေး ... ရေးတတ်ရင် ဖတ်လို့ကောင်းတယ်။
လှလှလေးရယ်ရယ် အက်ရှရှရယ်ရယ် ... ရယ်တတ်ရင် ချစ်ဖို့ကောင်းတယ်။

ဟတ်ကော့ကြီး ရေးတဲ့စာက ပိုတောင်မှ ကောင်းသေး ... မမေကတော့ အားပေးတယ် မလေးရေ ... ဖတ်ပြီး သဘောကျလို့ မဆုံးဘူး။
အင်း ... မောင်ဖိုးထောင်လဲ သံလျက်တောင် ကိုင်နေမှကိုး ... ဟဲဟဲ ... ပိုင်သကွာ

ကိုအောင်(ပျူနိုင်ငံ) said...

ဖိတ်စာက အဆန်းပါလား ...

Soe Mya Nandar Thet Lwin (Borros Roxo) said...

အို ကြီးတော်ကလဲ.,

အသက်ကြီးရင့်လာပြီ ဖြစ်သည်နှင့်အတူ ရွဲ့လို့ပဲရေးရေး၊ ရွတ်လို့ပဲဆိုဆို၊ ဖွဲ့နွဲ့လို့ပဲ တသွယ် ရေးချင်တာရေး ဖတ်ဖို့ ပရိတ်သတ်က အတောင့်အတင်း အခိုင်အမာပါဆိုတာ ပြောစရာ လိုမယ် မထင်ပါဘူးလေ။

ခပ်ကြမ်းကြမ်း၊ ခပ်ရွတ်ရွတ်၊ ခပ်ထေ့ထေ့တွေလဲ မြင်ချင်မိပါ၏။

အသက်ကြီးရင့်လာပြီဖြစ်တဲ့ စာရေးသူကို ချစ်လို့ ကြီးတော်လို့ ရွဲ့ခေါ်သွားပါသည်။

ပုံ
လန်ဒန်ဘုတ်ဆုံ :))

Anonymous said...

Sort of funny,(creativity/satirical way),but also could be offensive/discriminative that poor and unfortunate people are also human beings. One shouldn't make fun of them(direct or indirect way) on the ground of their status,job etc.

Anonymous said...

ဟတ်ကော့လို့မသုံးစေချင်ပါဘူး။
ရိုင်းတဲ့စကားလုံးမို့ပါ။

အိမ့်ချမ်းမြေ့ said...

မမေ...
မလေး ရယ်စရာကို ပီပီပြင်ပြင်ရေးတတ်အောင် ကျင့်နေသည်။

လန်ဒန်ဘုတ်ဆုံသို့..
ကြီးတော်သည်.. တစ်ချက်တစ်ချက်မှာ (တစ်နှစ်တစ်ခါလောက်တော့) ထထဖောက်ချင်သည်။ (သင်္ကြန်ပိုစ်တို့ ငါးကြင်းပိုစ်တို့) ဘိုင်သဝေး.. နန္ဒာ့ကို ငါးကြင်းဆီနဲ့ငါးကြင်းကြော်မှာ စ သိတာ။ ဒါကြောင့် နန္ဒာ့ကို မလေးပြောတာလေ... စေတနာကော အကြည်ဓာတ်ကော ပါမှ.. စေတနာပါသော်လည်း အကြည်ဓာတ် နဲ နေရင် ပိုစ်ဟာ ငါးကြင်းနံ့ နံသွားမည်ဖြစ်သည်ပဲ..

ကိုအောင်..
:D

အနောနမတ်စ်..(1)
ဟတ်ကော့စကားလုံး ရိုင်းတယ်မို့ မသုံးစေချင်ကြောင်း ပြောပြပေးသွားသူကို ကျေးဇူးတင်ပါတယ်။
ဘာဖြစ်လို့ ရိုင်းတာလည်း.. အဓိပ္ပာယ်အတိအကျက ဘာလို့လည်းလို့တော့ မမေးတော့ပါဘူး။ ကိုယ့်ဟာကိုယ်ပဲ ရှာကြည့်ပါတော့မယ်

အနောနမတ်စ် - ၂

ဒီစာထဲမှာ ဆင်းရဲသား ပညာမသင်နိုင်ရှာသူတွေကို လှောင်ထားတာ မဟုတ်ပါဘူး (ပညာမဲ့ လို့တောင် သုံးမထားပါဘူး - စကားလုံးရွေးသုံးထားပါတယ်) ပညာမတတ်တော့လည်း ဘာဖြစ်လည်း.. ပညာဆိုတာလည်း ကျောင်းစာမှ ပညာလို့ ခေါ်လို့ ရတာမျိုး မဟုတ်ဘူး မဟုတ်လားရှင်။

ကျမ လှောင်ထားတာ သူတို့ မဟုတ်ဘူးရှင့်။

ကျမ ရေးထားတာ ဂုဏ်ပကာသန ဖုံးလွှမ်းနေသော မင်္ဂလာဖိတ်စာတွေရဲ့ အကြောင်းနဲ့ ဂုဏ်တွေပကာသနတွေကို မက်မောသော၊ သူဌေးသူကြွယ်များရဲ့ ပကာသနဖုံးလွှမ်းသော မင်္ဂလာဖိတ်စာများ၊ ထို့အပြင် ပကာသနကို မက်မောတတ်သောသော လူ့သဘောသဘာဝတွေကို ရွဲ့ထားခြင်းပဲ ဖြစ်ပါတယ်။

(ပကာသန မက်မောလည်း ဘာဖြစ်လည်း လူပဲ.. ဆိုလည်း ရပါတယ်ရှင်)

ကျမ ဘာကိုဆိုလိုတာလည်း စာဖတ်သူတွေ မရဘူးဆိုရင်၊ ပြောချင်တာကတခြား.. ပြောချင်တာကို မမြင်ဘဲ... ဆင်းရဲသားတွေကို လှောင်နေတယ်လို့ ထင်နေတယ်ဆိုရင်တော့ ကျမ လိုအပ်နေသေးတယ်လို့ပဲ ကိုယ့်ကိုကိုယ် မှတ်ယူလိုက်ပါတယ်။

Phyo Evergreen said...

အန်တီ ကျွန်တော့်ကိုမကျေနပ်ဘူးဆိုတာ သိပြီးသားပါ..။

sosegado said...

ဖိတ်စာရေးနည်းရသွားပြီ၊
ဖိတ်စာရေးကျွမ်းကျင်သူ အဖြစ်
ဖိတ်စာရေးပေးဘို့ ကမ်းလှမ်းလာနိုင်ပါသည်။
အကောင်းဆုံး ဖိတ်စာရေးနိုင်သူ အိမ့်ချမ်းမြေ့ ဖြစ်ပါသည်၊းD

အိမ့်ချမ်းမြေ့ said...

အမြဲတမ်းလေး စိမ်းနေသော.. ကိုယ်တော်ချောလေး ဖြိုး..သို့။

ဘယ်လိုဖြစ်ပြီး မင့်ကို အန်တီက မကျေနပ်တာ ဖြစ်ရပြန်ဘီတုန်း...

ဒီကော့မန့်လေးဖတ်ပြီး ပျော်သွားပါတယ်။း)

အိမ့်ချမ်းမြေ့ said...

ကိုစိုစီ....

မလေး ရည်ရွယ်ချင်တာ သိတယ်ဆို ကျေနပ်ပါတယ်..
ကိုစိုစီ့ မင်္ဂလာဆောင်ကျ ရေးပေးမယ်လေ :P

မောင်မျိုး said...

အစ်မက နောက်ဆို ကလောင်ကို မထိန်းတော့ပဲ လွှတ်ချတော့မယ် သဘောမျိုးပေါ့း) အဲ့လိုသာဆို ဒီနာမည်နဲ့ မလိုက်တော့ဘူး ဟဟား နာမည်ပြောင်း ဂျမ်းဘုံ သို့မဟုတ် ဂျမ်းစိန် ။

ဒီပို့စ်မှာ စိတ်မကောင်းစရာ စာလေးတစ်ခုတွေ့လိုက်ရတယ် ကျနော် နေ့လည်တည်းက ဒီစာကိုဖတ်ပြီးသားပါ မန့်ဖို့ တွန့်သွားတာ အဲ့စာလုံးလေးကြောင့် ”ကျွန်ုပ်ကို ချစ်ခင်ဟန်ရသော ” တဲ့ အဲ့တာတွေ့လိုက်ရတော့ ကျနော်တို့တွေများ အစ်မကို ဟန်အဖြစ် ဒီစာစုလေးတွေရေးလိုက်မိလေသလားလို့ ။

ဘာပဲပြောပြော ဟာစ်ထိပါတယ် သို့ပေမယ့် အိမ့်ချမ်းမြေ့ ဆိုတာ မောင်မျိုးခေါ်တဲ့ တစ်ခါခါပေးတတ်တဲ့ နာမည်က ကျနော့်အစ်မ ။

သတိ... ကျနော် ဟန် မလုပ်ပါ :P

Anonymous said...

I certainly get your message from this post,but here I am pointing out sensitivity of subject matter. I'd suppose you'd live in abroad,in Western context,whether intentional or not,even mildly offensive/derogatory expressions over weak ones are generally frowned upon,as you might probably know.
In Burmese context,ဒေါသသင့် ။
As stated above,anyone sure will get your intended message. It's your freedom of expression and your blog afterall,and those kind of people may never get a chance to read let alone get offended,but it is another matter. My point is that there can be subtle issues lies within.

အိမ့်ချမ်းမြေ့ said...

အနောနမတ်စ်ကို ကျေးဇူးတင်ပါတယ်..
အင်တာနက် စာမျက်နှာတွေပေါ်မှာ ရေးနေတဲ့ ကျမတို့လို လူတွေကို လမ်းဆက်ဖြောင့်အောင် point out လုပ်ပေးတဲ့.. feed back ပေးတဲ့.. အနောနမတ်စ် တို့လို လူတွေကို ကျမ စိတ်ထဲက အမြဲကျေးဇူးတင်ပါတယ်။

မည်သို့ပင်ဖြစ်စေ.. ကိုယ်ရေးသော ဒီပိုစ်က ကိုယ့်ကို သင်ခန်းစာ ပြန်ပေးပါတယ်။

မောင်မျိုးကော.. အခြားသူတွေပါ မလေးကို ချစ်ခင်ကြတာ သိပါတယ်။ ဟန်မလုပ်ကြောင်းလည်း သိတယ်လေ.. အစ်မလည်း မင်းတို့လေးတွေကို ဟန် မလုပ်ပါ...။ ဟာတ်တော့ မထိလိုက်ပါနဲ့.. အစ်မ ဆိုလိုတာ အဲလိုမဟုတ်ရပါဝေးးး

ကျွန်ုပ် ပြန်ပြင်လိုက်ပါမည်.. ဟွန်း အဲ့ဒါပဲ ရွဲ့ပြီး ရေးချင်ဦး... ဆိုတာ ;)

မောင်မောင် said...

မလေး
ရဲ့  သရော်စာလေး ကိုလဲ ဖတ်သွားပါတယ်။
ပြီးတော့ မင်္ဂလာဆောင် ဖိတ်စာ ရေးနည်းလေး ရယ်
အသက်ကြီးနေကြောင်း ထပ်ကာထပ်ကာ ရေးထားသော
စာပိုဒ် ရယ် ဖန်သားပြင်ပေါ် က နေ ဆက်နွယ်ပြီးတော့ ရရှိလာတဲ့  အရောင်ပြောင်းလာတဲ့  နှလုံးသား ရယ် ဘာရယ် မဟုတ် ဗရုတ်ဘရက် သုတ်သုတ် ကာ တက်ရေးထား တဲ့  သောင်းပြောင်းထွေ လာ ကိုလဲ သဘောကျစွာ ဖြင့် အားပေးတော်မူသွားကြောင်း ၂ ကြိမ်တိတိ ဘ၀င်ငြိအောင် ပဲ ဖတ်ရှု့ သွားခဲ့ ပါကြောင်း
ခင်မင်မှု့ ၊လေးစားသမှု့ ဖြင့်
ကိုမောင်မောင်

Anonymous said...

nice, share in FB.

:))

By the way,

Happy Birthday, Ma Lay...

အိမ့်ချမ်းမြေ့ said...

မောင်မောင်
အကို ၂ခါဖတ်လို့ ကျေးဇူးပါရှင် ...

အနောနမတ်စ်..
ကောင်းတယ်ထင်သလိုသာ လုပ်ပါရှင်။

pandora said...

မလေးရေ
ပေါ့ပါးလွတ်လပ်ချင်လို့ အရောင်တွေအားလုံး ခွာချပြီး ဒီနေရာမှာ ခံစားချက်တွေကို ရေးချခဲ့ကြတယ်။ ဒီနေရာလေးကို ဆေးရောင်စုံတွေ တဖြည်းဖြည်း ခြယ်လာကြတော့ လေးလံခဲ့ ဖိစီးခဲ့ ပူလောင်လာခဲ့။ ရှိခဲ့ဖူးတဲ့ ကြည်လင်မှုလေးတွေ ပျောက်သွားခဲ့တာ ။

ရင်ထဲရှိတဲ့ ကိုယ်ရေးချင်တာလေးတွေကို ကိုယ်ရေးတတ်တဲ့ ရိုးသားမှုလေးနဲ့ အစဉ်မပြတ် ဆက်ရေးဖြစ်စေဖို့ ဆုတောင်းလိုက်ပါတယ် မလေး။

ချစ်ခင်လျက်
ပန်ဒိုရာ

pyaykaungaung said...

ခေါင်းစဉ်ကို ကြည့်ရတာကတော့ ဘလော့ဂါက မူလက အထက်တန်းလွှာ တွေရဲ့ ပကာသနလုပ်မှုတွေကို ချစ်စနိုးလေးနဲ့ လှောင်ခဲ့ချင်ဟန် အထင်း သားပေါ်လွင်နေပါတယ်ဗျ။ ဒါပေမဲ့ အောက်ခြေလူတန်းစားအကြောင်း သူမ ပီပီပြင်ပြင် ရေးပြလိုက်ရင်း သူတို့ကို မညှာမတာ ပြောသလို ဖြစ်သွားတာ တော့ အမှန်ပဲ။ ခင်ဗျားတို့ ကျုပ်တို့ နောက်ဆို ဆင်ခြင်ကြရမှာပေါ့ဗျာ။ မ အိမ့်ချမ်းမြေ့ရေ။ ဟုတ်ပါရဲ့ဗျာ။ ဒါမျိုးတွေ များများရေးရင် အာဇာနည် မဂျမ်းစိန် ဖြစ်သွားနိုင်တယ် နော်း))

လရိပ်အိမ် said...

မနေ့ကမှ အိမ့်ချမ်းမြေ့ကိုသိတယ် ၊ ကျွန်တော်တုံးတယ်နော် မလေး။
ဒီနေ့တော့ ကျွန်တော် သံစဉ်မဲ့ အလင်္ကာများထဲကို ဝင်ရောက်ခွင့်ရခဲ့တယ်။
သိပ်ကို နူးညံ့သိမ်မွေ့လွန်းရာကနေ ဖောက်ခွဲထွက်လာတာလဲ ပျော်စရာတစ်မျိုးပါဘဲ မလေးရေ။
ကျွန်တော် နောက်အားမှဘဲ မလေးရဲ့စာတွေကိုလာဖတ်ပါ့မယ်။

sonata-cantata said...

မလေးရေ... ရေးပါ ဆိုတာက လွဲ မပြောတတ်ဘူး
ရေးပါ လို့ပဲ ထပ်ပြောလိုက်တယ်နော်

မိုးယံ said...

မင်္ဂလာဆောင်ရင် ဖိတ်စာလာအပ်ရမယ်.. အစ်မရေ

Anonymous said...

မအိမ့် ကစ်သာကစ်.. အမြဲငြိမ်းချမ်းပါစေလို့ ဆုတောင်းသော်ငြား. ငြိမ်းချမ်းရေးရဘို့တွက် စစ်တစ်ခုခုတော့ လိုတယ်ဆိုလား.. (ဆိုင်ဘူးလား. ကြားဘူးတာပဲ.. :P ) အဟမ်း.. လူတသောင်းလောက် သတ်တော့မဲ့ ရန်သူကို. ကိုယ်က သူမသတ်ဖြစ်အောင်လို့ စနိုက်ပါလေးနဲ့.. အဲ မေ့သွားပြီ.. ဘယ်လို.. ဘယ်လို.. ပန်ဒိုဖဲဝေ.. ("လက်ညိုးလေး ကွေးလိုက်ရတာကို" ) :D အင်း အင်း.. ကိုယ့်ဘက်ကလည်း.. လက်နက်တပ်ဆင်ထားဦး. ခံနိုင်ရေ ရှိအောင်တို့ဘာတို့. အခုကြည့်ပါလား. အလံလေး လွှင့်မလို့ရှိသေးတယ်. ကျဉ်ဆံတွေက ကျလာပြီ. :) ကဲ. စစ်ကူလိုရင်ခေါ်.. RedAlert Game ထဲမှာတော့ ဂျင်နရယ်ရာထူးနဲ့ လေးနှစ်လောက် စစ်မှုထမ်း ဘူးတယ်. :P. ရော်ဂျာ!! (ဂျယ်နရယ်- တက်စလာ). ပျော်ရွှင်ပါစေ :)

ShwunMi-ရွှန်းမီ-ရွှန်းမီ said...

:)
မလေးရဲ့ မွေးနေ့စာဖတ်ပြီး ဘာရေးရမှန်း မသိဖြစ်နေတာ.. အပေါ်က ကိုတက်စလာ ကော်မန့်မြင်တော့ ပျော်သွားတယ်..

အဆင်ပြေပျော်ရွှင်ပါစေ မလေးအိမ့် :)

LinkWithin

Related Posts Plugin for WordPress, Blogger...