မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, April 30, 2010

ကဆုန်လ

မနက် တစ်နာရီခွဲတစ်ရေးအနိုးမှာ ပြူတင်းအပြင်မှာ သာနေတဲ့ ကဆုန်လပြည့် လမင်းကြီးကို မရိုက်ရ မနေနိုင်လို့ ရိုက်ထားတာပါ။
ညဦးပိုင်းကတည်းက လကြီးကသာလွန်းလို့ ခြံထဲဆင်းပြီး ရိုက်ပါသေးတယ်။ ဖိနပ်မပါပဲ ခြေစွပ်နဲ့ဆင်းတာ မြက်ခင်းတွေက နှင်းရည်တွေနဲ့မို့ ခြေစွပ်တွေ အကုန်ရွှဲသွားပါတယ်။
ပုံကလည်းကောင်းကောင်း ထွက်မလာတာနဲ့ အိမ်ပေါ်ပြန်တက်လာခဲ့တယ်။


moon4.jpg
ဒါနဲ့ မနက်တစ်နာရီခွဲလောက် တစ်ရေးအနိုးမှာ လမင်းကြီးက ဓာတ်ခဲအသစ်သွင်းထားသလို ထိန်ထိန်လင်းနေလို့ ထပ်ရိုက်တာပါ။ ရိုက်နေတုန်း လေတိုက်တာနဲ့ ကန့်လန့်ကာက လွင့်ပြီး အပေါ်ကပုံ ထွက်လာတော့တာပါပဲ။
ဒါနဲ့ နောက်တစ်ပုံရိုက်တော့.. အောက်ကပုံထွက်လာတာပါပဲ။ ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်ကို ပြတော့ နင့်လက သေးလှချည်လားတဲ့။ အပြင်မှာ အဲသလောက်မသေးဘူးလို့။ ဘာပဲဖြစ်ဖြစ် နင်ဒီပုံကိုကြည့်ပြီး လေပြေလေညှင်းလေးတွေ ဆော်သွေးနေသလို မခံစားရဘူးလားဆိုတော့..။ သူငယ်ချင်းက ... ဟင့်အင်းတဲ့....။ နင်အဲ့ပုံကို သေချာစိတ်နဲ့ကြည့်... တိတ်ဆိတ်နေတဲ့ညရဲ့အသံတွေ.. ညပိုးကောင်လေးတွေ အော်မြည်နေသံတွေ.. လေပြေလေညှင်းလေးတွေ.. နူးညံ့တဲ့ ကန့်လန့်ကာရဲ့အထိအတွေ့တွေ.. သစ်ကိုင်းပွတ်သံတွေ.. မကြားဘူးလားဆိုတော့... ။

moon3.jpg
သိဘူးတဲ့.... ဘာမှမကြားရဘူးတဲ့.. ကဲ။

ဒါနဲ့ လ ကိုရိုက်နေလို့တော့ အိမ်ချမ်းမြေ့တစ်ယောက် အလုပ်မဖြစ်လောက်ဖူးဆိုပြီး နောက်တစ်နေ့ ခြံထဲက ပန်းတွေကို လက်တည့်စမ်းရတော့တာပါပဲ။

နွေဦးရဲ့ အပြာရောင် forget-me-not လေးတွေက ဟိုတရုန်းရုန်း ဒီတရုန်းရုန်းနဲ့ ...


forgetmenots3.jpg
နောက်ဆုံးတော့ အောက်က ပုံလေးတစ်ပုံပဲ စိတ်တိုင်းကျမိပါတော့တယ်ရှင်....
forgetmenots2.jpg
တစ်ခါတစ်လေကျတော့ ကိုယ်ဝေမျှချင်တာကတစ်ခြား၊ ရိုက်ပြချင်တာက တစ်ခြား၊ ကိုယ်ယူတဲ့ angle တွေ၊ zooming၊ အလင်းအမှောင်တွေနဲ့ ကိုယ့်လက်ထဲက အခြားtools တွေပေါ်မှာ မူတည်ပြီး ထွက်လာတဲ့အရာဟာ လုံးလုံးကွဲပြားသွားပါတော့တယ်။ ချပြတဲ့အခါမှာလည်း ယူဆသူနဲ့မျှဝေသူကြား ယူဆချက်တစ်ထပ်တည်း မကျတာတွေလည်းရှိတယ်..။
တစ်ခါတစ်လေလည်း စဉ်းစားမိပါတယ်...
စကားလုံးတွေနဲ့ယူဆချက်တွေကြားမှာ လှောင်ပိတ်နေခံနေရတဲ့ ကိုယ်တို့တွေမှာလေ...
တယ်လီပသီဆိုတာ တစ်ကယ်ရှိရင်ကောင်းမှာလို့ .......
အားလုံးပဲ စိတ်ချမ်းသာပျော်ရွှင်ကြပါစေ....

Wednesday, April 28, 2010

တမ်းတရသော..

သူမသည် သူ့အား သူမလူမှန်းသိတတ်စဉ်ကတည်းက တိုးတိုးတိတ်တိတ်လေး တိမ်းမူးခဲ့သူ။

သူမကို သူမ မေမေက ရင်ခွင်ထဲတွင်ထားပြီး သူ့အကြောင်းတွေကို ပြောပြတတ်စဉ်ကတည်းက၊ ခပ်ဝေးဝေးက သူ့ကို တိတ်တခိုးလေး ခိုးကြည့်လို့ ရင်ခုန်ခဲ့သူ။

သူမမေမေက သူရှိနေတတ်တဲ့ ညတွေမှာ တွင်းတွေထဲက ကြွက်ကြီးတွေက ထွက်လာတတ်ကြောင်း၊ ထိုကြွက်ကြီးတွေက ခေါင်မိုးတွေပေါ်မှာ ရွှေဒင်္ဂါးပြားတွေနဲ့ ဆော့ကစားတတ်ကြောင်း သူမကို ပြောပြတတ်သည်။ ထိုအချိန်မှာ သူမ မျက်ဝန်းတွေက ကြယ်ပွင့်တွေအလား တလက်လက်တောက်ပနေတတ်သည်။ သူမအတွေးတွေထဲမှာတော့ ရွှေဒင်္ဂါးပြားတွေ၊ ဧရာမကြွက်ကြီးတွေနှင့်... သူ။

Wednesday, April 21, 2010

ကြွေကျနေတဲ့ ဖြူစင်ခြင်းများ

ဒီကဗျာလေးကို ငယ်ငယ်ထဲက ချစ်လို့ပါ...

ဘ၀ကြီးက ဘာမှ မသိတတ်ခင်တုန်းက သိပ်လှခဲ့တယ်...
လမင်းကြီးတွေ၊ ညလေပြေတွေ၊ ပင်လယ်ပြင်တွေနဲ့ စိတ်ကူးယဉ်ကမ္ဘာကြီးပေါ့...
ဘာကိုမှ သိပ်မသိတာဟာ ပိုကောင်းသလား...
အသက်ကြီးလာလေလေ.... ဖြည်းဖြည်းချင်းပိုသိလာလေလေ....
ကိုယ့်ရဲ့ innocence တွေကို တဖြည်းဖြည်ချင်း ခြွေချလိုက်ရလေလေ...

ငယ်ငယ်တုန်းက ညစာစားပွဲတစ်ခုမှာ... RCMP (Royal Canadian Mounted Police) အစ်မကြီးတစ်ယောက်နဲ့ တွေ့ခဲ့တယ်။
သူ့ရဲ့ရွှေရောင်ဆံပင်က လေးထောင့်ကျကျ သတ္တိရှိတဲ့ မျက်နှာကို လှပစွာ အနားကွပ်ထားတယ်။
သူရဲ့ ထောင်ထောင်မောင်းမောင်း အရပ်ကိုကြည့်ပြီး ငါနွားနို့များများထပ်သောက်သင့်တယ်လို့ ပြောတော့ သူရယ်တယ်။
သူ့ကိုကြည့်ပြီး ရဲတပ်ဖွဲ့ထဲဝင်ဖို့ နည်းလမ်းလေးတွေ နည်းနည်းပါးပါးမေးစမ်းကြည့်လိုက်တယ်..
သူက ကိုယ့်မျက်နှာကို ငေးပြီး.. တစ်ခွန်းချင်းစီပြောလိုက်တယ်...

မင်းရဲ့ ဖြူစင်မှုတွေကို ဘာဖြစ်လို့ အစတေးခံချင်တာလည်း..
ညမှောင်မှောင် နောက်ဖေးလမ်းကြားတွေထဲက ဘ၀တွေကို မသိချင်ပါနဲ့ဦး...
မင်းသိပ်ငယ်သေးတယ်...
ဖြစ်နိုင်ရင် အခြား အသက်မွေးဝမ်းကျောင်းမှုကို ရှာပါလား...
ငါ့မှာလေ..
innocence တွေဘာမှ မကျန်တော့ဘူး..မိန်းကလေး.....တဲ့။

အခုတော့ ကိုယ့်မှာလည်း တဖြည်းဖြည်နဲ့ innocence တွေကို အချိန်နဲ့အသက်က ခြွေချလာလိုက်တာ..
ဘာမှ မကျန်တော့သလောက်ပါပဲလားကွယ်...

လွမ်းတယ်
လသာညကို
လေပြေညှင်းကို
နူးညံ့တဲ့ ကဗျာဟောင်းလေးတွေကို...

Monday, April 19, 2010

မြန်မာ့သင်္ကြန် အကျည်းမတန်စေလို

သင်္ကြန်ဆိုတာနဲ့ မြန်မာပြည်မှာကတည်းက အကျွမ်းဝင်ခဲ့ခြင်း သိပ်မရှိခဲ့တဲ့ ကျမ၊ တိုင်းပြည်အပြင်ကို ရောက်တော့ ပိုပြီးဝေးခဲ့ရပါတယ်၊ သင်္ကြန်ဆိုတာ ကျမအတွက် အနှစ်၂၀နီးပါး ဖန်သားပြင်တွေပေါ်မှာပဲ အသက်ဝင်လှုပ်ရှားနေတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။
ကျမသိတဲ့ သင်္ကြန်ဟာ သင်္ကြန်မိုးရုပ်ရှင်ထဲကလို ပုဆိုးလေးနဲ့ယောင်္ကျားလေးတွေက ယဉ်ကျေးသိမ်မွေ့စွာ ၀တ်စားဆင်ယင်ထားတဲ့ မိန်းကလေးတွေကို ပိတောက်ခက်ကလေးနဲ့ ရေပက်ဖျန်းခဲ့တာမျိုး၊ စင်ပေါ်မှာ မြန်မာ့ရိုးရာအကတွေနဲ့ ပုရိတ်သတ်ကို ကပြဖျော်ဖြေတာမျိုး၊ အလှပြကားတွေ စည်စည်ကားကားနဲ့ ကြက်သရေရှိနေတာမျိုး၊ လူတွေကို စတုဒီသာတွေနဲ့ ဧည့်ခံပြီး နှစ်သစ်ကို ကြိုဆိုကြတာမျိုး၊ ဗုဒ္ဓဘာသာဝင်တွေဆိုလည်း ဥပုသ်သီတင်းဆောက်တည်တာမျိုး၊ ခရစ်ယာန်ဘာသာဝင်တွေဆိုလည်း လူငယ်နွေရာသီစခန်းတွေမှာ စိုက်ခင်းဖော်ကြတာမျိုး၊ တောနယ်ပတ်ဝန်းကျင်အနီးအနားက စာသင်ကျောင်းတွေကို ဆေးသုတ်ပေးတာမျိုး၊ အခြားဘာသာဝင်တွေလည်းပဲ ရုံးအားရက်မှာ ရသမျှအခွင့်ယူပြီး ဆိုင်ရာ ကုသိုလ်ကောင်းမှုတွေ လုပ်ကြတာမျိုး၊ ကျမသိတဲ့ သင်္ကြန်ဟာ အဲသလိုမျိုးယဉ်ကျေးသိမ်မွေ့တဲ့ သင်္ကြန်ပါ။
ခေတ်ဆိုတာ ပြောင်းလည်းသလို၊ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေပြောင်းတယ်၊ အဲသလိုပဲ ၀တ်စားဆင်ယင်မှုပုံစံ (ဖက်ရှင်)ဟာလည်း ခေတ်နဲ့အညီ ပြောင်းပါတယ်၊ ပြောင်းသင့်ပါတယ်။ ပုဆိုးတွေ၊ ထမီတွေနဲ့ သင်္ကြန်ရေကစားကြတာထက် ခေတ်နဲ့လျော်ညီစွာ အချိန်အခါနဲ့ လျော်ညီစွာ ၀တ်စားဆင်ယင်သင့်ပါတယ်။ ဒါပေမယ့် သင်္ကြန်တစ်ခါရောက်တိုင်း ကြားရတဲ့ သတင်းတွေနဲ့ မြင်ရတဲ့ ပုံရိပ်တွေကြောင့် သင်္ကြန်ဟာ လိုက်လို့မမှီအောင် ပိုပိုဝေးလာပါတယ်။ ပိုမိုကြမ်းတမ်းလာတယ်။ သမီးမိန်းကလေးမွေးထားရင် အိမ်အပြင်တောင် လွှတ်ရန်မသင့်တော့တဲ့ သင်္ကြန်လို ဖြစ်လာပြီလားလို့ ကျမ တွေးမိလာပါတယ်။
ဒီကြားထဲမှာမှ လူကြီးလူငယ်မရွေး ပျော်ရွှင်ကြတဲ့ နှစ်သစ်ကူးပွဲမှာ ဗုံးပေါက်လို့ သေကြေဒဏ်ရာရတယ်ဆိုတာမျိုးလည်း အိပ်မက်တောင် မမက်ခဲ့ဖူးပါဘူး။ မယုံနိုင်လောက်အောင်ဖြစ်ပါတယ်။
ကျမ ဒီမှာနေတာ နှစ်ပေါင်း၂၀နီးပါးရှိပါတော့မယ်။ ဒီတိုင်းပြည်မှာ ပွဲမျိုးစုံရှိပါတယ်။ စည်းနဲ့ကမ်းနဲ့ဆင်နွှဲတဲ့ ပွဲတွေပါ။ နည်းနည်း wild ဖြစ်တယ်လို့ ယူဆလို့ရတဲ့ နွေရာသီမီးပန်းလွှတ်ပွဲတွေ၊ သောင်ပြင်ပေါ်က folk festival ပွဲတွေမှာတောင် မူးရူးအော်ဟစ်နေတာ၊ မိန်းကလေးတွေကို အိနြေ္ဒပျက်အောင်လုပ်တာတွေ၊ မိန်းကလေးတွေဟာလည်း ထိန်းမနိုင်သိမ်းမရဖြစ်တာတွေ အလွန့်အလွန်ကိုနည်းပါတယ်။ (အဲသလိုထိန်းမနိုင်သိမ်းမရတွေဆိုရင်လည်း တာဝန်ကျရဲတွေက လက်ပိုက်ကြည့်မနေပါဘူး။ အထက်တန်းကျောင်းတွေမှာတောင် ကြိုးတစ်ချောင်းအကျီ င်္နဲ့ကျောင်းတက်လာရင် အိမ်ပြန်အ၀တ်အစားလဲရတဲ့ အနောက်နိုင်ငံတစ်နိုင်ငံပါ) မြန်မာပြည်သင်္ကြန်လို wild ဖြစ်တဲ့ ပွဲမျိုးမမြင်ဖူးပါဘူး။ မြန်မာသင်္ကြန်ဟာ အရက်သေစာတွေအပြင်၊ overly seductive and sexual courtship တွေကို အလေးပေးတဲ့ပွဲဖြစ်လာသလိုမျိုး ခံစားရပါတယ်။
sexy-girls-at-yangon-thingyan-2009_2.jpg
အပေါ်ကပုံကို ဒီက ရပါတယ်ရှင်။

ဓာတ်ပုံရှင်ဟာ မြန်မာသင်္ကြန်ရဲ့ရိုးရာ-theme ကို ထိပါးမှာကို ကျမလိုပဲ စိုးရိမ်နေပါပြီ။ သူကဘာပြောလည်းဆိုရင်…
One of those sexy girls danced during Myanmar New Year Festival, Yangon Thingyan 2009. It looks her body is not so bad. Mostly, pandaul (Mandut) rent dancers group or girls to dance on the stage in order to attract the audience on the road. This custom gradually get used to it and I'm afraid that the younger generation may not know what the real theme of our traditional Myanmar Thingyan is.
All these Myanmar Sexy Girls photos were taken during Myanmar Thingyan Festival, Water Festival 2009. I took it all the photos from my friend's mobile according to his agreement; so I put my blog URL on that photo and some of them are from Myanmar Cupid Forum. Myanmar girls are getting more and more sexy year by year. huh? Don't you think so? Moreover, I heard that there were some couples behaved not well in public area; Yangon University Swimming Pool at Inya road during 2009 Myanmar Thingyan Festival. The authority should take action on those people as there were so many foreigners and visitors and so, they may look down on our people if they see such those bad manners and behaviors in public areas.

ဒီ ဓါတ်ပုံတွေ ကို ကျွန်တော့် သူငယ်ချင်း ဖုန်းထဲကနေ သူ့ ရဲ့ခွင့် ပြုချက်နဲ့ ကျွန်တော် ယူလာပြီး တင်ထားတာပါ။ တချို့ ပုံတွေကတော့ မြန်မာ ကျူးပစ် ထဲကပါ။ မြန်မာ--ာ် တွေကလည်း တစ်နှစ်ထက် တစ်နှစ် ပိုပိုပြီး လန်းလာ လိုက်တာ မပြောချင် တော့ပါဘူး။ အင်းယားလမ်း တက္ကသိုလ် ရေကူးကန်မှာ မဆင်မခြင် လုပ် ကြတဲ့ အတွဲ တွေကို တော့ ကျွန်တော် အပြစ် တင်လို ပါတယ်။ ဘဲတွေ ကော --ာ်တွေကော အဲဒီ့လောက် ထ နေပြီ ဆိုရင် တော့ ဟိုတယ်တွေ တည်းခိုခန်း တွေကို သွားကြပါ။ ဒါအရှင်း ဆုံးပြောတာ။ အင်းယားလမ်း နဲ့ ဟိုတယ် တွေနီးနီး လေးပါ။ ဒီလို လူမြင်ကွင်း သူမြင်ကွင်း မှာ ဖြစ်နေတာ ကတော့ အများပြည်သူ ကို အရှက် ရစေပါတယ်။ နိုင်ငံခြားသား တွေသာ မြင်ပြီး ဓါတ်ပုံ ရိုက်သွားရင် တော့ ပွဲပြီးပြီ။ မြန်မာ သင်္ကြန်ဆို တာကြီး မှာ ဒီလို တွေလဲရှိတယ် ဆိုတာ။ ကစ်ဆင် ဆွဲ တာလောက် ကဒီခေတ် ကြီးမှာ ပြောနေစရာ အကြောင်းမရှိ တော့ဘူး။ ဒါပေမယ့် ဒီထက် လွန်ကဲ လာချင်ရင် တော့ .. (ဆင်ဆာ)လူတွေတော့ ဟိုတယ် သွားပေါ့။ မချုပ်နိုင် ရင် တော့ ကိုယ့်ဆန္ဒ ကိုချုပ်တီး ပြီး အရှက် သိက္ခာ တရားလေး နဲ့ နေကြပါလို့ ။
လို့ သူကဆိုထားပါတယ်…. အချို့ဟာ ကျမဆင်ဆာဖြတ်ထားပါတယ်။

ပုံထဲကမြင်နေရတဲ့ pole dance ဆိုတာလည်း မြန်မာသင်္ကြန်ရဲ့ ဘယ်လိုသက်ဆိုင်မှုမျိုးမှ မရှိခဲ့ပါဘူး။ ယဉ်ကျေးမှုကို မွေးစားချင်တယ်ဆိုလည်း ပီပြင်အောင်ပုံဖော်ကြရန် ကြိုးစားကြရန်လိုပါတယ်လို့ ထင်မိပါတယ်။ {သူများတိုင်းပြည်တွေရဲ့ ယဉ်ကျေးမှုကိုအားကျကူးယူတယ်ဆိုရင်လည်း အထက်တန်းကျတဲ့ ယဉ်ကျေးမှုကို ကူးယူမွေးစားကြပါ။ အဆင့်အတန်းမမြင့်မားတဲ့ ယဉ်ကျေးမှုကို ကူးယူပြီးမှ မပီမပြင်ထပ်ဖြစ်တယ်ဆိုရင် ကျမတို့တိုင်းပြည်ဟာ သူများတွေထက် ပိုပိုပြီးနောက်အကျကြီးကျ၊ အဝေးကြီးမှာကို ဒီထက်ပိုပြီး ပြတ်ကျန်ရစ်ခဲ့ပါတော့မယ်… } pole dance ဆိုတာ အားလုံးသိကြတဲ့အတိုင်း strip clubs တွေမှာ သုံးတာများပါတယ်။ က နေသူရဲ့ ကြွက်သားတည်ဆောက်ပုံနဲ့ ကကွက်တွေပေါ်မှာ မူတည်ပြီး erotic environment လား gymnastic နဲ့ဆိုင်တဲ့ non-erotic environment လားဆိုတာ သိသာပါတယ်။ ကျမတို့ သင်္ကြန်ဟာ erotic environment ဖြစ်မှန်းမသိ ဖြစ်လာနေပါပြီ။

အောက်ကစာစုကတော့ အိမ်မက်က စာရေးသူတစ်ဦးရဲ့ မြန်မာသင်္ကြန်နဲ့ ပတ်သက်ပြီး ခံစားချက်ပါ။
စာရေးသူရောက်ရာမြို့တိုင်းမှာ တူးပို့တူးပို့သံ မကြားရပါ။ ပိတောက်လည်းမမြင်ခဲ့ရပါ။ “ကိုကြီးကျော်၊ ကိုကြီး
ကျော်” ဆိုတဲ့အသံတွေသာ ကြားခဲ့ရကြောင်းပါ။ “အရက်သမားမှန်ရင်လေ ယှဉ်ပြိုင်ကာသောက်လိုက်ချင်ရဲ့။
ကြက်သမားမှန်ရင်လေ ယှဉ်ပြိုင်ကာတိုက်လိုက်ချင်ရဲ့” ဆိုတော့ သိပ်အားရစရာ ကောင်းကြောင်းပါ။ မြန်မာ့
သင်္ကြန်သရုပ်ကိုလည်း အပီပြင်ဆုံးဖော်ဆောင်နိုင်ကြောင်းပါခင်ဗျား။ ဟုတ်ကဲ့ “ ထူးလဲထူး၊ မူးလဲမူးကြတဲ့ မဟာသင်္ကြန်” ပါ။

ရောက်ရာမြို့တိုင်းမှာ လူငယ်အထီး၊ အမမရွေး Punk ခေါ်တဲ့ အမည်းရောင် အထက်အောက်ဝတ်၊ အမေမွေးပေးထားတဲ့မျက်နှာကို ရုပ်မဆိုးဆိုးအောင် ဆေးမည်းတွေ ကြောင်ကြောင်ကြားကြားချယ်၊ လက်သည်းတွေအမည်းဆိုးထားတဲ့ ငမည်းကောင်တွေကိုသာ တွေ့ခဲ့ရကြောင်းပါ။ နေပူကြဲကြဲမှာ ကိုယ့်ကိုယ်ကို နှိပ်စက်ချင်တိုင်းနှိပ်စက်နေကြတဲ့ သနားစရာ ငမည်းကောင်လေးတွေရဲ့T shirt ပေါ်က လက်ခလယ်တစ်ချောင်းထောင်ထားတဲ့ Logo နဲ့ &^&*You ဆိုတဲ့ စာသားကိုဖတ်ပြီး နောင်တစ်ခေတ်ရဲ့ခေါင်းဆောင်လောင်း အမောင်မျိုးဆက်သစ်တို့ရဲ့ တိုးတက်တဲ့ မြန်မာ့ယဉ်ကျေးမှု အသစ်ကို အားရစဖွယ်လည်းမြင်ခဲ့ရပါကြောင်း။ ဒီစာသားကြီးကိုပဲ ဧရာမအလံကြီးပေါ်မှာရေးပြီး တစ်မြို့လုံးအနှံ့သွားနေကြတာကိုလည်း ဂုဏ်ယူဖွယ်မြင်ခဲ့ရကြောင်းပါ။ “ရိုင်းမှကြိုက်မယ် မောင်မောင်ရယ်”ဆိုတဲ့ မျိုးဆက်သစ် မြန်မာမိန်းကလေးတို့ရဲ့ ကျက်သရေကိုလည်း ပီတိဖြစ်ခဲ့ရကြောင်းပါ။

နောင်နှစ်နောင်နှစ်တွေမှာလည်း ဒီထက်ဒီထက်ပိုလို့ အားရကျေနပ်ဖွယ်ကောင်းတဲ့ မြန်မာ့ဓလေ့လေးတွေကို မြင်ရပါစေကြောင်းမျှော်လင့်ရင်း မိတ်ဟောင်း၊ မိတ်သစ်အားလုံးအတွက် မင်္ဂလာ
နှစ်ဦးပါခင်ဗျား . . .
ဒီနေရာမှာ အစအဆုံးဖတ်နိုင်ပါတယ်။

အောက်ကပုံတွေကိုကြည့်ပါ….

p2.jpe

p3.jpg

ဒါဟာ.... ဗင်ကူးဗားမြို့က ဖက်ရှင်မယ်လေးများ မဟုတ်ပါဘူး။
ဒါဟာ ဗင်ကူးဗားမြို့နောက်ဖေးလမ်းကြားတွေထဲက ဘ၀အကျိုးပေးမလှရှာလို့ မူးရစ်ဆေးစွဲပြီး၊ ကိုယ့်ခန္ဒာကိုယ်ကို ရောင်းစားနေရရှာတဲ့ ညငှက်မလေးတွေဖြစ်ပါတယ်။
အောက်ကပုံကိုကြည့်ပါ။

yngon-thingyan.jpg

အဲဒါကတော့ ရွှေဒါလင်ဆိုက်ဒ်ကရတဲ့ ကိုစိုးဇေယျရိုက်ထားတဲ့ ပုံပဲဖြစ်ပါတယ်။ မြန်မာ့ရိုးရာ သင်္ကြန်မှာ ရေကစားနေတဲ့ မြန်မာပြည်က မြန်မာမိန်းကလေးတစ်ယောက်ပါ။
ယှဉ်ကြည့်ပါ။
အနောက်တိုင်းဖက်ရှင်ကို ယူတယ်ဆိုရင်လည်း တိုက်ရိုက်ယူကြပါ။ တိုက်ရိုက်ကိုယူပါ။ အနောက်ဖက်ရှင်ကိုပုံတူအောင် ကူးယူထားတဲ့ အချို့သောအရှေ့တိုင်းပြည်တွေရဲ့ ဖက်ရှင်အကျကို တဆင့်ခံ မယူကြပါနဲ့။ တဆင့်ခံရဲ့တဆင့်ခံဆိုရင် ဘယ်လိုမှ အဆင်မပြေတဲ့ အခုလို ဖက်ရှင်တွေ ထွက်လာမှာဖြစ်ပါတယ်။ ဖောက်ထွင်းဇာဟာ ဘယ်နေရာတွေမှာဝတ်တယ်၊ ဒူးပတ်ဟာ ဘယ်အချိန်မှာ ပတ်ကြတယ်ဆိုတာ၊ ဘယ်အရွယ်တွေပတ်တယ်ဆိုတာ၊ ဘယ်သူတွေပတ်တယ်ဆိုတာကို အရင်လေ့လာပါ။ တံဆိပ်ပါတဲ့ ခါးပတ်တွေဟာ ဘယ်လို သမိုင်းတွေရှိခဲ့တယ်ဆိုတာကို အရင်လေ့လာကြပါ၊ အချို့ဆွဲကြိုးတွေ၊ ခါးပတ်တံဆိပ်တွေမှာ ဘယ်လို သမိုင်းတွေရှိခဲ့လည်း အရင်ဆင်ခြင်ကြပါရန် လေးစားစွာတောင်းပန်ပါတယ်။ ဖြစ်နိုင်ရင်တော့ ကိုယ့်မှာ ယဉ်ကျေးမှုရှိနေပြီးသားကို ဘာဖြစ်လို့ တဆင့်ခံယူမှာလည်းဆိုတဲ့ မေးခွန်းပါပဲ။ တရုပ်လူမျိုးတွေ၊ အိန္ဒိယလူမျိုးတွေ၊ ဂျပန်လူမျိုးတွေဟာ သူတို့တိုင်းပြည်ထဲမှာပဲနေသည်ဖြစ်စေ၊ တိုင်းပြည်အပြင်မှာပဲနေသည်ဖြစ်စေ၊ ကိုယ်ပိုင်ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်စွမ်းရှိပါတယ်။ ဒီလိုထိန်းသိမ်းနိုင်တဲ့အတွက်လည်း သူတို့ကို ကမ္ဘာက လေးစားမှုရှိကြပါတယ်။ သူတို့ရဲ့ယဉ်ကျေးမှုကို ဘယ်သူကမှ ယိုင်နဲ့အောင်လုပ်လို့မရဘူး၊ ၀ါးမြိုလို့မရပါဘူး။ နိုင်ငံခြားသားတွေ အမြင်မှာလည်း အခြားယဉ်ကျေးမှုတွေကို လိုအပ်သည်ထက် လွန်ကဲစွာလိုက်တုရင်း၊ အပျက်သဘောဖြစ်နေတာကိုမြင်ရင် အထင်မကြီးတဲ့ အပြင် အထင်သေးပါတယ်။
မြန်မာပြည်ကို လာလည်တဲ့ နိုင်ငံခြားသားအများစုဟာ အနောက်နိုင်ငံတွေရဲ့ လူနေမှုစနစ်တွေနဲ့ အငွေ့အသက်တွေကို ငြီးငွေ့နေလို့ ဝေးရာကို ပုန်းရှောင်လာသူတွေဖြစ်ပါတယ်။ မြန်မာယဉ်ကျေးမှုကို မြတ်နိုးတန်ဘိုးထားလေ့လာချင်လို့ ရောက်နေကြသူတွေများပါတယ်။ (ကျမတို့တိုင်းပြည်ဟာ နိုင်ငံခြားသားတွေ အပန်းဖြေဇိမ်ခံလောက်တဲ့ တိုင်းပြည်မဟုတ်ပါဘူး။ အနီးဆုံးထိုင်းနိုင်ငံနဲ့ ယှဉ်ပြရမယ်ဆိုရင်၊ ကျမတို့တိုင်းပြည်မှာ resort beaches တွေ၊ five-stars hotels တွေ၊ ဆွဲဆောင်မှုရှိတဲ့ ထိပ်တန်း spa တွေ၊ entertainment ကဇာတ်ရုံတွေ အလွန်နည်းပါတယ်။ နိုင်ငံခြားသားတွေ လာပြီးဇိမ်ခံလောက်တဲ့ တိုင်းပြည်မဟုတ် --- မိန်းမတွေ ပေါတဲ့ တိုင်းပြည်မဟုတ်ဘူးလို့ ထင်ပါတယ် (မျှော်လင့်ပါတယ်)။ hotel and tourism industry မှ လူများရဲ့ အပြောအရ ကျမတို့တိုင်းပြည်ကို (များသောအားဖြင့်) ပုဂံသမိုင်းလေ့လာချင်သူတွေ၊ အင်းလေးတိမ်ကောမှုကို စူးစမ်းချင်သူတွေ၊ စတဲ့ပညာရှင်တွေ သွားကြတာ များပါတယ်။ ဇိမ်ခံချင်သူများနဲ့ ပျော်ပါးလိုသူအများစုဟာ ထိုင်းဘက်ကို ခြေဦးလှည့်ကြတာများပါတယ်။
မြန်မာ့နှစ်သစ်ကူးပွဲဖြစ်တဲ့ မြန်မာ့သင်္ကြန်ဆိုပြီး မြန်မာအမည်မဟုတ်တဲ့ သိုးဆောင်းအမည်တွေနဲ့ မန်းတပ်တွေရဲ့အောက်မှာ၊ အနောက်နိုင်ငံတွေရဲ့ ယဉ်ကျေးမှုတွေကို တဆင့်ခံပြန်ယူထားတဲ့ အရှေ့တိုင်းပြည်တွေရဲ့ဆီက ထပ်ပြီးယူထားတဲ့ တဆင့်ခံယဉ်ကျေးမှုနဲ့ ၀တ်စားဆင်ယင်ပြုမှုနေထိုင်ပုံတွေအပြင်၊ ၀တ်လစ်စလစ်နီးပါး ကခုန်နေတဲ့၊ နေ့ခင်းကြောင်တောင် မူးနေသေးတဲ့ (အထူးသဖြင့်) မိန်းမရွယ်လေးတွေကို သင်္ကြန်အတွင်း မြန်မာပြည်ကို အလည်ရောက်နေသော နိုင်ငံခြားသားတွေမြင်ရင် ဒီနိုင်ငံကို ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ ဟိုနိုင်ငံလို့ ထင်သွားမှာ အသေအချာပါပဲ။ ရေရှည်မှာလည်း ဒီလိုမိန်းမတွေပေါတဲ့ တိုင်းပြည်ဆိုပြီး ကျမလက်ရှိနေထိုင်နေတဲ့နိုင်ငံမျိုးတွေမှ အပျော်ကြူးလိုတဲ့ယောင်္ကျားတွေကို လက်ယပ်ခေါ်နေသလိုဖြစ်ရင် ကိုယ့်အမျိုးသမီးတွေပဲ ပိုပြီးပျက်စီးကုန်မှာ ဖြစ်ပါတယ်။
သင်္ကြန်ဆိုတာ အရုပ်ဆိုးအကျည်းတန်တဲ့ ပွဲမျိုးမဖြစ်ပါစေနဲ့…
လူတွေ မသေကြပါစေနဲ့… (ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်..အထူးသဖြင့် ဗုံးကွဲလို့)
ကြက်သရေအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သက်ကိုကြိုဆိုတဲ့ ပွဲတစ်ခုဖြစ်ပါစေ…
မြန်မာသင်္ကြန် အစဉ်လှပါစေ…လို့ အဝေးတစ်နေရာကနေပဲ ဆုတောင်းပေးနိုင်ပါတော့တယ်ရှင်။

Thursday, April 08, 2010

အတွင်းကြေသွားတဲ့ ဧပြီ

သင်္ကြန်မိုးက တပြိုက်နှစ်ပြိုက်သွန်းကျပြီးပြီ။ မှုန်မှိုင်းမှိုင်းကောင်းကင်မှာတော့ တိမ်ညိုတွေက လေးပင်စွာရွေ့လျောရင်း အိမ်ဘေးမှာ ကပ်ပေါက်နေတဲ့ ငုပင်ထိပ်မှာ ငြိမ်သက်စွာ တွဲခိုလို့။ ငုပန်းတွေကတော့ ရဲရဲဝင့်ဝင့်နဲ့ ကိုယ်ရောင်ကိုယ်ဝါတွေတောက်လို့။ ငုရွက်တွေကတော့ သင်္ကြန်မိုးကြောင့် စိမ်းစိုလတ်ဆတ်လို့။ ထည်ဝါမှုမဲ့တဲ့ အိမ်ကလေးတစ်လုံးရဲ့ အရောင်မဲ့နံရံမှာတော့ ငိုက်မြည်းနေတဲ့ တယောအိုတစ်လက်က ကပိုကယိုမှီနွဲ့လို့။ ပြူတင်းပေါက်ရှေ့ စားပွဲပေါ်မှာတော့ အဆုံးသတ်မရသေးတဲ့ ကဗျာတစ်ပုဒ်က အားအင်ချိနဲ့လို့။
မီးဖိုထဲက လက်ကျန်ဆီလေးကို စွတ်ကျယ်စုတ်မှာဆွတ်ပြီး တယောလေးကို အရောင်တင်လိုက်တော့ တယောလေးက သနပ်ခါးလိမ်းထားတဲ့ မိန်းမလှလေးတစ်ယောက်လို ယဉ်သွားလိုက်တာများ။ တယောအိုလေးကို နံရံမှာပြန်မှီ၊ စားပွဲနားကို လျှောက်သွား၊ ပုဆိုးကို တိုတိုပြင်ဝတ်၊ စားပွဲပေါ်က ဖတ်မပြီးသေးသော်လည်း ရက်စေ့နေသည့်စာအုပ်ကို ကောက်ကိုင်၊ စာအုပ်အငှားဆိုင်ဘက်ကို ထွက်လာခဲ့တော့ မိုးငွေ့သက်တဲ့ လေပြေက သင်းပျံ့ပျံ့။

တစ်ကယ်ဆို ထိုနေ့က ညနေစောင်းလောက်မှ စာအုပ်ဆိုင်ကို သွားခဲ့ဖို့ကောင်းသည်။

မိုးရွာပြီးစမို့ မြေနီလမ်းပေါ်မှာ ရေအိုင်လေးတွေက ဟိုတစ်ကွက်၊ သည်တစ်ကွက်။ ဓာတ်ကြိုးပေါ်မှာ ငိုက်မြည်းနေသော ငှက်ကလေးတွေ။ လေထဲမှာတော့ ကြိုင်သင်းနေတဲ့ ပိတောက်နံ့တွေ။ နေ့လည်ခင်း တစ်နာရီခွဲလောက်မို့ တိတ်ဆိတ်နေကျ သည်လမ်းကလေးက ပိုလို့တိတ်ဆိတ်နေသည်။ နံနက်စောစောတုန်းကတော့ ကလေးလေးတွေ ရေပုံးကလေးတွေနှင့် လမ်းသွားလမ်းလာတွေကို ရေပက်နေသံတွေကို ကြားနေခဲ့ရသလိုလို။ အခုတော့ အိမ်ကလေးတွေထဲမှာ မောမောနှင့် အိပ်မောကျနေလောက်ပြီလား။

နောက်ဘက်မှာ မြေနီလမ်းပေါ်မှာ ကားဘီးလိမ့်သံ ခပ်တိုးတိုးကြားနေရသည်။ ရှေ့နားက ရေအိုင်နီနား ကိုယ်ကော နောက်ကလာနေသည့်ကားကော ရောက်သည့်အချိန် အံကိုက်ဖြစ်နေတော့မည်။ ကားစီးသည့်လူတန်းစားကို ခြေကျင်လျှောက်လူတန်းစားက ဦးစားပေးလိုက်တော့လို့ ကိုယ့်ကိုကိုယ်သတိပေးရင်း လမ်းဘေးကို ကပ်လျှောက်လိုက်သည်။ ရေအိုင်နီနားရောက်ခါနီးမှာ ကားက သိသိသာသာ အရှိန်တင်ပြီး ဖြတ်မောင်းသွားသည်။

"ဗွမ်း"

ထောင်းကနဲဒေါသမျက်ဝန်းက ရေစိုသွားသော ပုဆိုးအောက်ပိုင်းနဲ့ တစ်ပတ်နွမ်းဖိနပ်လေးဆီမှာ။ ဖြတ်သွားသည့် ကားဖြူထဲက ရယ်သံလွင်လွင်တွေဟာ ဗွက်အိုင်တွေပေပွနေသော မြေနီုလမ်းပေါ် ဗရုတ်သုတ်ခနဲ့ ခုန်ဆင်းလာတော့ ကိုယ့်ဒေါသတွေကို နက်နက်ရှိုင်းရှိုင်းတူးဆွမိ။ ကားထဲကို ငဲ့ကြည့်လိုက်တော့ ထီမထင်ရောင်စုံမျက်နှာတွေကြားထဲက အကြင်နာမျက်ဝန်းတစ်စုံကို လှလှပပလေး လွယ်ထားတဲ့ ကောင်မလေး...။

"ကျွီ"

ကားက ခပ်လှမ်းလှမ်းမှာ ရပ်သွားသည်။ တံခါးပွင့်အသွားမှာ ကောင်မလေးရဲ့ ကနွဲ့ကလျ မျက်နှာလှလှလေး။ သူ့ရဲ့တောင်းပန်စကားတွေက သင်္ကြန်မိုးရှေ့က လေနုအေးလို။ ကားထဲက မထီတရီ ရောင်စုံမျက်နှာတွေကို မသိကျိုးကျွန်ပြုရင်း၊ လှုပ်ခါနေသော နားကွင်းလေးကို ငေးကြည့်ရင်း၊ ကိစ္စမရှိပါဘူးဟု နှုတ်က ခပ်တိုးတိုးထွက်သွားသလား ကိုယ့်ကိုကိုယ်လည်း မသေချာ။
တစ်ကယ်ဆို ထိုနေ့က ယောင်္ကျားမာနတွေကို အခမ်းအနားနဲ့ကို အလံထူခဲ့ဖို့သင့်သည်။

LinkWithin

Related Posts Plugin for WordPress, Blogger...