မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, February 26, 2010

မသွားပါနဲ့ အချစ်ရယ်…

နှုတ်မဆက်ဘဲ ထွက်ခွာလို့ မသွားပါနဲ့ အချစ်ရယ်…
မပြောမဆိုနဲ့ မင်း ထွက်ခွာသွားမှာစိုးလွန်းလို့
မင်းကို မမှိတ်မသုန် ငေးကြည့်နေတဲ့ ငါ့ရဲ့မျက်လုံးတွေဟာ…
မောပန်းနွယ်လျစွာနဲ့ ကျိမ်းစပ်လို့နေပါပြီ။
အိပ်ပျော်နေတုန်း မင်းထွက်ခွာသွားမှာကို စိုးလွန်လွန်းရသူမို့
နှုတ်မဆက်ဘဲ ထွက်ခွာလို့ မသွားပါနဲ့ အချစ်ရယ်…


လရောင်မရဲတရဲ သွန်းကျတဲ့ညမှာ..
လက်ကိုဆန့်တန်းကို နဘေးကို ယောင်ယမ်းစမ်းမိတယ်…
ကိုယ်ကိုကိုယ်လည်း မေးခွန်းထုတ်မိတယ်..
"ဒါဟာ အိပ်မက်တစ်ခုလေလား…ဟင်.."
မင်းခြေဖမိုးတစ်စုံကို ငါ့နှလုံးသားနဲ့ ပတ်ရစ်ပြီး ရင်ခွင်မှာဖက်ထားလို့ရရင် ဖက်ထားပါတယ်..
နှုတ်မဆက်ဘဲ ထွက်ခွာလို့ မသွားပါနဲ့ အချစ်ရယ်…

တဂိုးရဲ့ Do Not Go, My Love ကို ရာရာစစကြီးကို ခံစားပြန်ဆိုကြည့်ခြင်းဖြစ်ပါတယ်ရှင်...

အဘွားသို့..

အိပ်မရလို့ အိပ်ရာထဲမှာ တလူးလူးတလိမ့်လိမ့်မို့ ရေခဲသေတ္တာထဲက နွားနို့အေးတစ်ခွက်ထသောက်တာတောင် မြိုမကျဘူး။ နေ့လည်က ရန်ကုန်က ပို့လိုက်တဲ့အီးမေလ်းမှာ ဘွားဘွားလေဖြတ်လို့ ရှင်ပါဂူမှာ တင်ထားရတယ်ဆိုကတည်းက ဘာမှ အဆင်မပြေတော့ဘူးလေ။ ညနေစာလည်း မစားနိုင်ဘူး။ အခု အိပ်လို့လည်း မရဘူး ဘွားဘွား။

ဘွားဘွား ဘယ်လိုနေလည်း၊ သတိမလည်တာကောင်းတယ်ပဲပြောရမှာလားဟင်။ သတိလည်ရင် နာကျင်တာ ခံစားရမှာစိုးတယ်။ ဆရာဝန်တွေက အခြေအနေ မကောင်းဘူးလို့ပြောကြတယ်ဆို...။

အခုလေ.. နိုင်ငံခြားမှာနေတဲ့ အကျိုးတွေကို သမီးခံစားနေရပါတယ်။
ချက်ချင်းကောက်ထလာရအောင်လည်း မဖြစ်နိုင်ဘူးဘွားဘွားရယ်။ သမီးဘာလုပ်ရမလည်းဟင်။


ဘေးမှာဘယ်သူတွေရှိရှိ အေးစက်စက်ဆေးရုံကုတင်ပေါ်မှာ ဘွားဘွားတစ်ယောက်တည်းပဲဖြစ်နေမယ်ထင်တယ်။ ဘွားဘွားမှာ သွေးရင်းတွေ ဘယ်သူမှ မရှိတော့ဘူး။ ရှိတဲ့ သား၊သမီးတွေတောင် ရှေ့က အကုန်သွားကြပြီ။ နောက်ပြီး ဘွားဘွားမှာ မြေးမလေးနှစ်ယောက်တည်းရှိတာလည်း နှစ်ယောက်လုံးက နိုင်ငံရပ်ခြားမှာ။

သမီးတို့ညီအစ်မ ကျေသင့်တာလောက် တာဝန်မကျေဘူးထင်ပါရဲ့ဘွားဘွားရယ်......။ အဝေးက ငွေပို့ပေးရုံ၊ ဆေးဝါးစားစရာလေးပို့ပေးရုံနဲ့ သမီးတို့ ဘာများတာဝန်ကျေနိုင်ခဲ့လို့လည်းဟင်... ကိုယ်ရွေးတဲ့လမ်းတွေပဲလား။ နိုင်ငံခြားမှာ နေချင်တဲ့ ပေးဆပ်ရမှုတွေလားဟင်။

မှတ်မိသေးတယ်။ သမီးရှစ်တန်းတုန်းက... "ငါ့မြေးမက ရှစ်ဘာသာ ဂုဏ်ထူးရှင်ဟဲ့" ဆိုပြီး လိုက်ပြောနေလို့ "ရှစ်ဘာသာမရှိဘူး၊ ခြောက်ဘာသာပဲရှိတာအဘွားရဲ့" လို့ လူတွေက ဘွားဘွားကို စ ကြတာလေ။ ဘွားဘွား သမီးတို့ကို ဂုဏ်ယူခဲ့တာတွေ..။
ဘွားဘွားမှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေနဲ့ တိုက်ကို သမီးတို့ ညီအစ်မ မရရကောင်းလားလို့ အချို့တွေက ဂရုဏာနဲ့ပြောကြတယ်ဘွားဘွား။

သမီးတို့ကိုယ်တိုင်က ဘွားဘွားကိုကြည့်ရှုတဲ့ သူတွေကို လိုလိုလားလားပေးခိုင်းခဲ့တာ အဘွားကိုကြည့်ပေးတဲ့တွက် ကျေးဇူးဆပ်ခဲ့တာပါ။ သမီးတို့ ဒါတွေလည်း မလိုချင်ဘူးဘွားဘွား...။ တစ်ကယ်ဆို အဘွားကို သမီးတို့ ဒီထက်ကြည့်သင့်ခဲ့တာပါ။

အခု.... သမီးအိပ်မရဘူး။
သမီးကိုယ်တိုင် ဝေးနာကို ခံစားနေရသလိုပဲ။
သမီးလေ.. ဘွားဘွားလို အသက် ၁၀၁ အထိတော့ မနေချင်ဘူး ဘွားဘွားရယ်..။ အထူးသဖြင့် ဒီတိုင်းပြည်မှာ၊ ကျန်းမာရေးစနစ်တွေကလည်းကောင်းတော့ အသက်ရှည်မှာ သိပ်ကြောက်တာပဲ။ သမီးတော့ အသက်ခြောက်ဆယ်လောက်ဆိုရင်ကို သွားချင်ပြီ။ ဘွားဘွား ခံစားမနေရပါစေနဲ့။

သမီးတော့ ဘယ်လိုမှ အိပ်မပျော်ဘူး ဘွားဘွားရယ်....။
တစ်ယောက်ပြီးတစ်ယောက်ဆုံးပါးကြတာကို အဝေးကနေ ခဏခဏကြားရဖန်များလာတော့ သိပ်ကြောက်နေမိပြီ။

အိပ်မရဘူး ဘွားဘွား......။
ဘွားဘွား မျောနေတယ်ဆို.... သမီးတမ်းတနေတာကို မြင်နေကြားနေမှာပါ...။
ဘွားဘွား နေသာပါစေနော်....။

Monday, February 22, 2010

အိုလံပစ်မီးတောက်

olympic-flame.jpg
ဆောင်းရာသီအိုလံပစ်ပွဲက မီးတိုင်ကြီးပါ။ ကျမ အစ်မ ရိုက်ပို့လိုက်တာပါ။ ကျမတော့ အနားကို မရောက်သေးပါဘူး။ ဓာတ်ပုံထဲမှာမြင်နေရတဲ့ အမြင့်ကလူတွေနေရာကိုရောက်ဖို့ ရှစ်နာရီကြာအောင် တန်းစီစောင့်ရတယ်လို့ သိရပါတယ်။ မြို့ထဲမှာလည်း သီတင်းကျွတ်မီးထွန်းပွဲလိုပဲ လူတွေကြိတ်ကြိတ်တိုးလို့ ဆိုကြပါတယ်။ ဒီမီးတိုင်ကြီးကို လုံခြုံရေးအတွက်ရယ် ဆန္ဒပြသူတွေရဲ့လက်ချက်မှလွတ်အောင် သံပန်းတွေသံကြိုးတွေနဲ့ အဝေးကနေ ကာထားတယ်လို့ သိရပါတယ်။ လူတွေဓာတ်ပုံရိုက်ချင်လို့ အနားကပ်မရတာကို ဝေဖန်ပြောဆိုကြဖန်များတော့မှ သံစည်းရိုးကို အနားကို နည်းနည်းရွေ့ပေးလိုက်ပြီး ဓာတ်ပုံရိုက်လို့ရအောင် သံပန်းတွေကို eye-level နေရာလောက်မှာ ဖြတ်ပေးလိုက်တယ်လို့ သိရပါတယ်။ အခြားလူတွေမျက်စိထဲတော့ ဘယ်လိုနေသလဲမသိ။ ကျမ မျက်စိထဲတော့ ကဗျာမဆန်လှပါဘူး။ sci-fi ရုပ်ရှင်တွေထဲက ဒုံးကျည်အပျက်ကြီးနဲ့တူသလိုလိုလို့ ထင်မိပါတယ်။ သူ့ရဲ့ဒီဇိုင်းဖြစ်နိုင်ပါတယ်။ ဒါကိုလည်း ဒေါ်လာသန်းချီဆောက်ထားတာဖြစ်နိုင်ပါတယ်။ ဒီအိုလံပစ်ပွဲကို ကျမ စောင့်ကြည့်နေဆဲပါပဲ။ လောလောဆယ်တော့ ဆောင်းရာသီအိုလံပစ်ပွဲဆိုတာ လူဖြူတွေရဲ့ကစားပွဲပါပဲ။ ကစားပွဲသက်သက်ကိုသာကြည့်မယ်ဆိုရင်တော့ ပျော်စရာကောင်းပါတယ်.. ကစားပွဲနောက်က နိုင်ငံရေးတွေ.. စီးပွားရေးတွေ.. privatization တွေကို ကြည့်မယ်ဆိုရင်တော့ ...........

ဓာတ်ပုံပို့ပေးသော မမထိပ်ထားအား ကျေးဇူးတင်ပါတယ်။

Tuesday, February 16, 2010

ကနေဒါတွက် ဒုတိယရွှေတံဆိပ်

gold.jpg
ဒီမြို့မှာကျင်းပနေတဲ့ ဆောင်းရာသီအိုလံပစ်ပွဲကို သိပ်စိတ်မ၀င်စားခဲ့ပေမယ့် တမြို့လုံးမှာ ပျော်ပွဲရွှင်ပွဲတွေ၊ စတေ့ရှိုးတွေနဲ့ ပျော်နေကြသလို၊ ဆန္ဒပြသူတွေကလည်း မိုးရွာထဲမှာ တဲထိုးပြီးကို အကြီးအကျယ်ဆန္ဒပြနေကြချိန်မှာ၊ တီဗွီဖွင့်လိုက်တိုင်း ကနေဒါရွှေတံဆိပ်ရတဲ့ ကစားပွဲတွေကိုမှ တိုက်တိုက်ဆိုင်ဆိုင်ဖွင့်ကြည့်မိချိန်နဲ့ တိုးနေတာနဲ့ တော်တော်လေးကိုစိတ်ဝင်စားလာမိနေတယ်။ အခုလေးတင် တီဗွီဖွင့်လိုက်တာ၊ မြောက်ဗင်ကူးဗားမှာ နေထိုင်တဲ့ အသက်၃၁နှစ်အရွယ် Maelle Ricker ဟာ ကနေဒါအတွက် ဒုတိယရွှေတံဆိပ်ကို အမျိုးသမီး snowboard cross game မှာ ခူးဆွတ်ပေးခဲ့ပါတယ်။


2nd-gold.jpeg

ပထမ ရွှေတံဆိပ်ကိုတော့ အမျိုးသား moguls game မှာ အသက် ၂၂နှစ်အရွယ် Alex Bilodeau က ခူးဆွတ်ပေးသွားခဲ့ပါတယ်။


1st-gold.jpg

လောလောဆယ်တော့ ဆုတံဆိပ် အရည်အတွက်အများဆုံးနဲ့ ဂျာမဏ်ီကဦးဆောင်နေပြီး ယူအက်စ်က ဒုတိယနေရာ၊ ပြင်သစ်က တတိယနဲ့ ကနေဒါက စတုတ္ထနေရာမှာ ရှိနေပါတယ်။ (ဆုအရည်အတွက်က အချိန်နှင့်အမျှတော့ ပြောင်းနေပါတယ်)

♥●••အဝေးဆုံး••●♥

မိုးတွေက ထုံးစံအတိုင်း အတားအဆီးမဲ့စွာ။ ကားလမ်းတဖက်မှာ ကားကို ရပ်ထားခဲ့ပြီး တိတ်ခွေအရောင်းဆိုင်သို့ မိုးရွာထဲကားလမ်းကူးပြီး ဖြတ်လျှောက်လာခဲ့သည်။ မိုးစက်တွေက ဆံပင်တွေထဲ ကြမ်းရှလွန်းစွာ တိုးဝင်သွားသည်။ တိတ်ခွေဆိုင်ထဲဝင်ပြီး တိတ်ခွေတန်းတွေရှေ့ ဂျာကင်ထဲလက်နှိုက်လို့ လူးလာခေါက်တုံ့ အတွေးနယ်ချဲ့နေမိသည်။

"celion dion... ဟင့်အင်း over rated။ Mariah Carey .. လူနဲ့ပြစားတာလို့ပဲ ပြောပစ်လိုက်တော့မယ်..ဘယ်သူမှလည်းကြားရတာမဟုတ်ဘူး.. ကဲ.. မမြင်မှ မမြင်ရဲတာ၊ ကြောက်တယ်။ Britney Spears.. သူဟာလည်း ယောင်္ကျားတွေအတွက်ပဲလား.. အို.. ငါဟာလေ.."

"အဟမ်း.."

တစ်ယောက်တည်း စိတ်ကူးပေါက်ရာလျှောက်ပြောနေစဉ် ချောင်းဟန့်သံကြောင့် ဘေးကိုကြည့်လိုက်တော့ မိုးရေတွေ တုတ်တုတ်ရွှဲနေသူတစ်ယောက်က ပြုံးစိစိကြည့်နေသည်။ မိုးရေတွေကြောင့် နဂိုထဲက ကောက်တွန့်လေးတွေ ပါဟန်ရှိသော သူ့ဆံပင်တို့က ပိုပြီးတွန့်လိမ်နေသည်။ အ၀တ်အစားသေသပ်ဟန်ရှိသော်လည်း မျက်နှာမှာလည်း နှုတ်ခမ်းမွှေး၊ ပါးသိုင်းမွှေးများနှင့်။

"casablanca သီချင်းပါတဲ့ အယ်လ်ဘမ်နာမယ် ပါးစပ်ဖျားလေးတင် မေ့နေလို့"

တစ်ယောက်တည်းပြောသလိုလိုနှင့် မျက်နှာကိုကြည့်လာသည်။

မျက်နှာကို တည်ထားလိုက်ပြီး ထိုအခွေနိုင်လောက်သည့်အတန်းကို လည်ညိုးထိုးပြလိုက်သည်။ ဒါတမင်သက်သက် လုပ်တာဖြစ်မည်။

"အဟား.. ကျေးဇူးပဲ။"

ထွက်သွားသော ထိုသူ၏ကျောပြင်ကို ကြည့်ပြီး မျက်မှောင်တစ်ချက်ရှုံလိုက်မိသည်။ ကြိုဆိုပါတယ်တွေ ဘာတွေ ပြန်ပြောရန် မကြိုးစားလိုက်တော့။

**********

ဒီစတေ့ရှိုးကို မလာချင်သော်လည်း သူငယ်ချင်းဖြစ်သူ လိဒ်ဂစ်တာသမားလေး၏ အတင်းဆွဲခေါ်လာမှုကြောင့် ကန့်လန့်ကြီးပါလာရသည်။ မျက်နှာသုန်မှုန်စွာ ဟိုးအခန်းထောင့်က စားပွဲတစ်လုံးမှာ အအေးခွက်တစ်ခွက်နှင့်အဖော်ပြုနေစဉ် လမ်းမှာ သူငယ်ချင်းနှင့် ငြင်းခုံပြောသည့် စကားများကို ပြန်ကြားယောင်နေမိသည်။

"နင့်ဝတ်ပုံလည်းကြည့်ဦးဟာ၊ အဖွားကြီးလေး ကျနေတာပဲ"

"ဟဲ့.. ဒီထက်ဖော်ရရင် .. ငါမပြောလိုက်ချင်ဘူး။ ငါဒီလိုတောင် ဘယ်တုန်းက၀တ်သလည်း"


"နင်ကလည်း ငါ့ပွဲလာတာ နည်းနည်းပါးပါး ဟော့ဟော့လေး ၀တ်ခဲ့တာမဟုတ်ဘူး။ ကြည့်ဦး ထိုင်နေပုံကကို အဖွားကြီးပေါက်စလိုပဲ"

"ငါက ဘယ်လိုထိုင်ရမှာလည်း.. ၀တ်ထားတာလည်း ငါ့အတွက်က လွန်လှပြီ။ ချမ်းတယ်ဟာ နင့်ကားနောက်ခုံပေါ်က ဂျက်ကတ်ငှားဝတ်မယ်"

"မရဘူး.. ဒီတိုင်းနေ.. ဒီတိုင်းလေးပဲလှတယ်"

"ကျွတ်.. လိုက်လာမိတာ မှားတာပဲ"

"ဘာ... အိုကေ ဖိုင်း။ ပြန်ပို့ပေးမယ်"

"တော်စမ်းပါဟာ.. အပိုတွေ"

သူငယ်ချင်းနှစ်ယောက် ငြင်းခုန်ရင်း စတေ့ရှိုးရုံရှေ့ရောက်တော့ ရောက်နှင့်နေပြီးသော သူငယ်ချင်း၏ အနီရောင်ဆံနွယ်ပိုင်ရှင်မိန်းကလေးက အပြေးလာကာ သူငယ်ချင်းကိုပြေးခွတက်လိုက်သည်။ သူငယ်ချင်း၏ ရွှေရောင်နုနုဆံပင်တွေထဲ လက်များကိုထိုးထည့်ကာ အနမ်းဖလှယ်နေကြသည်။ လိုအပ်သည်ထက် ပိုကြာနေသဖြင့် မျက်လုံးတွေကို ကျောက်ပြားတွေပေါ်အကြည့်ပို့ထားပြီး တောင့်တောင့်ကြီး ရပ်နေသော်လည်း ပါးပြင်တွေက တရှိန်းရှိန်းဖြစ်နေသည်ကို ခံစားနေရသည်။ ပြီးတော့ သူငယ်ချင်း၏ မိန်းကလေးက သူငယ်ချင်းလက်ကို မလွှတ်တော့ဘဲ ရှေ့မှထွက်သွားကြသည်။

"ငါတို့နဲ့ ပွဲရုံနောက်ထိလိုက်ခဲ့ပါလား"

"နေပါစေဟာ.. သွားမှာသာသွားပါ ငါ့ဟာငါ နေတတ်ပါတယ်"

အအေးခွက်တစ်ခွက်နှင့် ရှေ့ပြေးအဖွဲ့၏ ဆူညံကွဲရှနေသော သီချင်းသံကို နားထောင်နေလိုက်သည်။ ရောင်စုံမီးရောင်တွေအောက်မှာ နှစ်ဆယ်စွန်းစအရွယ်တွေရဲ့ မူးယစ်ပူလောင်မှုကို ခံစားနေရသည်။ မအူမလည်ကိုယ့်ကို စိတ်မချလို့ ပြန်ထွက်လာဟန်ရှိသော သူငယ်ချင်းဘေးမှာ လူတစ်ယောက်ပါလာသည်။

"နင်.. အဆင်ပြေရဲ့လား"

"ပြေပါတယ်.. မပူနဲ့"

"မိတ်ဆက်ပေးမလို့ ဒါ.. ငါ့သူငယ်ချင်း"

မော့ကြည့်လိုက်တော့ ဟိုနေ့က တိတ်ခွေဆိုင်ထဲမှာ တွေ့ဖူးသူ။

အပြန်အလှန် ဟိုင်းကြပြီး အပြန်အလှန် တွေ့ရတာဝမ်းသာလိုက်ပေမယ့် ကိုယ်တော့ တစ်ချက်မှ မပြုံးဖြစ်ခဲ့။ အဲဒီနေ့က ထိုသူက ဂီတတွေအကြောင်း၊ ရုပ်ရှင်တွေအကြောင်း တတွတ်တွတ်ဘေးမှာ ပြောနေသည်ကို စိတ်မပါ၍ ကြားတစ်ချက် မကြားတစ်ချက်။

"casablancaထဲက I love you more and more each day as time goes by ဆိုတဲ့စာသားလေးက သမီးရည်းစားဖုန်းချခါနီးပြောလို့ကောင်းတယ်ဗျ"

အဲဒီစကားတစ်ခွန်းတော့ တစ်စွန်းတစ်စကြားမိလို့ အအေးခွက်ကို နှုတ်ခမ်းမှာထိထားရင် မထီတရီ တစ်ချက်ပြုံးဖြစ်လိုက်သည်။

**************

ညဂျူတီအပြီးကိုယ်နေတဲ့ အိမ်ခန်းကျယ်ထဲကို သော့ဖွင့်ပြီးဝင်လာခဲ့သည်။ အိမ်ရှေ့ခန်းထောင့်မှာ ကင်းဗတ်တွေ၊ စုတ်တံတွေ၊ ရောင်စုံဆေးတွေ ကျဲပြန့်နေသည်။ နံနက်ခင်းနေရောင်က ခန်းစီးစဖြူဖြူကို ထိုးဖောက်လာနေသည်။ အိမ်ရှေ့ခန်းမှ အိမ်ခန်းထဲကို တိုးယိုပေါက် လှမ်းမြင်နေရသည်။ ကုတင်ပေါ်မှာ သူငယ်ချင်းနှင့် ဟိုလူ တုံးလုံးပက်လက် အိပ်ပျော်နေကြသည်။ ညက သူတို့စင်တင်ပွဲနောက်ကျပုံရသည်။ အိမ်မပြန်ကြတော့ပဲ ကိုယ့်တိုက်ခန်းမှာ လာစုနေကြတာဖြစ်မည်။ အိမ်ရှေ့ ဆိုဖာပေါ်မှာလည်း တယောထိုးသည့်သူငယ်ချင်းမနှစ်ဦး စောင်ကိုယ်စီခြုံပြီး အိပ်မက်ကမ္ဘာထဲ ရောက်နေကြသည်။

အိပ်ခန်းထဲသို့ ၀င်သွားပြီး သူငယ်ချင်း၏ဒူးကို ဖြည်းဖြည်းကိုင်လှုပ်နှိုးလိုက်သည်။

"ထ...ထ၊ နင်တို့ ငါ့အိပ်ရာပေါ် တက်အိပ်နေတယ်"

"အာ...အိပ်နေတာကိုဟာ..."

"ငါ့အိပ်ရာပေါ် တက်အိပ်နေကြတယ်"

"အေးလေ. ဘာဖြစ်လည်း"

"ဆင်း၊ အိပ်ချင်ရင် ဆိုဖာပေါ်သွားအိပ်"

"ကျွတ်... ဘယ်လိုဟာလေးလည်း မသိဘူး"

"ဘယ်လိုဟာလေးမှ မဟုတ်ဘူး။ ငါ့အိပ်ရာပေါ် ယောင်္ကျားလေးတွေ တက်အိပ်တာ လုံးဝမကြိုက်ဘူး ငါပြောထားတယ်၊ ငါ့အိမ်ခန်းထဲမှာ အနေအထိုင် ဆင်ခြင်ဖို့ ငါပြောထားတယ်။"

"ဟာာာာာာ... နင်ခုထိရှေးရိုးကြီးလုပ်နေတယ်။ နောက်.. နင်မရှိတုန်းအိပ်တာလေ"

"အို.. မသိဘူး။ ဆင်းကြ"

အသံတွေကြောင့် သူငယ်ချင်းတွေ အကုန်လုံးနိုးသွားကြသည်။ ရေအိမ်ထဲဝင်သူဝင်၊ မီးဖိုထဲကော်ဖီဖျော်သူဖျော်၊ ညက စတေ့ရှိုးအကြောင်းပြောသူပြောနှင့် အိမ်ခန်းလေးက သာယာစိုပြေသွားသည်။


**************

ကင်းဘတ်ပေါ်က အရောင်တွေကို မနှစ်သက်စွာ ငေးနေမိသည်။ စုတ်တံကို ဆေးထဲနှစ်ပြီး ဇက်ကိုလက်တစ်ဖက်နှင့် နှိပ်နေမိသည်။
ဂုတ်မှာ ထွက်သက်လေ နွေးနွေးလေးကို ခံစားရတော့ မျက်စိမှိတ်ပြီး ပြုံးလိုက်မိသည်။

"နားဦးလေ"

"ဟင့်အင်း.."

ပခုံးသားတွေပေါ်မှာ သူ့ရဲ့ကြမ်းရှရှလက်တွေ၏ အထိအတွေ့ကို ခံစားမိတော့ ရှက်ပြီး တွန်းဖယ်လိုက်သည်။

"နေပစေ... မောင်"

သူက ပခုံးကိုဆွဲပြီး ရင်ခွင်ထဲကိုမှီတွယ်စေသည်။ ဆံပင်များကိုသတ်ပေးရင်း နဖူးစပ်ကို အသာနမ်းလိုက်သည်။ သူ့မျက်လုံးတွေထဲမှာ ပျော်ဝင်သွားခဲ့သည်။ သူက ကိုယ့်ကိုအသာတွန်းလှဲလိုက်သည်။ ဆေးခွက်တွေကို တိုက်မိသွားသံက အခန်းထဲမှာ ကျယ်လောင်သွားသည်။

"နိုး..မောင်"

အသာအယာရုန်းထွက်ပြီး မတ်တပ်ရပ်လိုက်တော့ ကြမ်းပြင်ပေါ်မှာ ဒူးတစ်ဖက်ထောင်ရင်းမော့ကြည့်ကာ ကိုယ့်လက်ကို ဆွဲထားသည်။ မျက်လုံးတွေက အရည်တွေလဲ့နေသည်မှာ လှလိုက်တာ မပြောပါနှင့်တော့..။ ထိုမျက်လုံးများကို ခွန်အားမဲ့စွာ ကျောခိုင်းပြီး လက်ကိုရုန်းထွက်လိုက်သည်။ မီးဖိုချောင်ဘက်ကို လှမ်းနေသောခြေလှမ်းတွေက အားမရှိချင်။

"အိုင်လဗ်ယူ"

နောက်မှ တိုးတိုးကပ်လိုက်လာသော အသံက ညင်သာလွန်းနေသည်။

"အိုင်လဗ်ယူတူး..မောင်"

သက်ပြင်းအရှည်ကြီးချကာ မီးဖိုထဲဆက်ထွက်လာခဲ့သည်။


**************

လရောင်က အိပ်ရာခင်းဖြူဖြူကုတင်ပေါ်မှာ ဖြာကျနေသည်။ ခေါင်းရင်းနာရီက နံနက်လေးနာရီကို ညွှန်ပြနေသည်။ အိပ်မပျော်သည့် ညပေါင်းများစွာကို ခက်ခဲစွာဖြတ်သန်းနေရသည်။ ခေါင်းဦးပေါ်မှာ လွတ်လပ်ပေါ့ပါးစွာ နားနေအိပ်စက်ဖူးသော သူငယ်ချင်း မိန်းကလေး၊ ယောင်္ကျားလေးများ၏ ခေါင်းလျှော်ရည်နံ့များအပြင်.. သူ၏အနံ့ကိုပါ ရနေသလိုလို။
လက်ကိုင်ဖုန်းကို ကောက်လှည့်လိုက်သည်။

"ဟလို..."

"နင် အိပ်မရဘူး မဟုတ်လား"

"ငါလာခဲ့မယ်..."

ပြူတင်းမှ အလင်းရောင်မှုန်ပြပြအောက်မှာ အိမ်ရှေ့ခန်းတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေသည်။ နာရီသံကိုကျယ်လောင်စွာ ကြားနေရသည်။ ကြမ်းပြင်ပေါ်မှာ သူငယ်ချင်းနှစ်ယောက် တင်ပလင်ခွေထိုင်ရင်း စကားတစ်ခွန်းမှ မပြောဖြစ်ကြ။

"ယောင်္ကျားတွေက အနည်းနဲ့အများဒီလိုပဲ.. ငါလည်းယောင်္ကျားတစ်ယောက်။ သူ့ဘက်ကလည်းစဉ်းစားလေ.. နင်ကသိပ်ရှေးရိုးဆန်တော့"

နှုတ်ခမ်းကိုဖိကပ်ထားသော လက်တွေ တဆတ်ဆတ်တုန်နေသည်။

"ရင်ထဲကရှိတာတွေ ထုတ်ချလိုက်လေဟာ.. နင်ဒီလိုမနေနဲ့.."

စကားအဆုံးမှာ သူငယ်ချင်းက ပခုံးကိုဆွဲယူလိုက်သည်။ သူငယ်ချင်း၏ ရင်ခွင်ထဲမှာ မျက်နှာအပ်ကာ တစ်ကိုယ်လုံးတုန်ယင်နေမိသည်။ သူငယ်ချင်း၏ အကျီ င်္မှာ မျက်ရည်စတို့ စွန်းပေသွားသည်။

"ငါနင့်ကို ဘယ်လိုဖြေသိမ့်ရမလည်း..."

"မလိုပါဘူး.. ရပါတယ်"
လူချင်းခွာလိုက်ပြီး မတ်တပ်ရပ်ကာ ခုံပေါ်က အနွေးတစ်ထည်ကိုကောက်ယူဝတ်လိုက်သည်။

"နင်ဘယ်သွားမလို့လည်း"

"ခေါင်းရှင်းအောင် ကားမောင်းထွက်မလို့"

"မသွားရဘူး"

"ခဏပါ.. နင်.. ဟိုဗီဒိုထဲက သူ့အနွေးထည်အချို့ယူသွားပြီး ပြန်ပေးလိုက်တော့၊ သူ့ခွေးလည်း ငါ မကြည့်ပေးနိုင်တော့ဘူး။ ယူသွားပေးလိုက်တော့၊ သူပေးထားတဲ့ casablanca အခွေဟိုပေါ်မှာ အဲဒါပါ မကျန်ခဲ့စေနဲ့။
အမှတ်တယတွေ၊ အလွမ်းတွေ အကုန်လုံး ယူပြီး ဘယ်တော့မှ ပြန်မလာပါနဲ့တော့လို့.. တစ်ခုမှ ငါ့အတွက် မလိုအပ်တော့ဘူး။
သြော်.. ရော့ ဒီမှာ.. နားကပ်.. အဲဒါ ငါ့ ပန်းချီကင်းဗတ်နဲ့စုတ်တံတွေနားမှာ ကျကျန်နေခဲ့တာ.. ငါ့ဟာတော့ မဟုတ်ဘူး။ အဟွန်း.. နင်သိတဲ့အတိုင်းပဲ။ ငါဒါမျိုးနားကပ်တွေ မ၀တ်တာ၊ ငါ့သူငယ်ချင်းမတွေလည်း တစ်ယောက်မှ နားပေါက်မရှိဘူး"

ကြမ်းပြင်ပေါ်မှာ သူငယ်ချင်းက ထောင်ထားသောဒူးနှစ်ဖက်ကို လက်နှင့်ပိုက်ထိုင်ရင်း ခေါင်းငိုက်စိုက်ချကာ ကျန်ရစ်ခဲ့သည်။

အိမ်တံခါးကို ဖွင့်ထွက်လိုက်သည်။ အေးရှသောလေက မျက်နှာကို ဖြတ်တိုက်သွားတော့ ခေါင်းမော့ကာ အသက်ကို တ၀ကြီးရှုပစ်လိုက်ပါတော့သည်။
........
........
ရင်ထဲမှာတော့....

Friday, February 12, 2010

တိုက်ဆိုင်မှု

olympic-torch.jpg
အိုလံပစ်ဖွင့်ပွဲကို ဗင်ကူးဗားမြို့က stadium မှာကျင်းပရန် နာရီအနည်းငယ်သာလိုပါတော့တယ်။ စီစဉ်သူတွေထဲက အချို့တွေကတော့ ဒီအားကစားပွဲဟာ နိုင်ငံရေးနဲ့ဘာမှ မပတ်သက်ဘူးလို့ ဆိုပေမယ့် ဒါကို ငြင်းလို့ရတယ်လို့လည်း ဆိုကြပါတယ်။ အိုလံပစ်ကိုစတင်ပြီးတွေ့ရှိခဲ့သူ Baron de Coubertin ဟာ နိုင်ငံရေးနဲ့ဆက်နွယ်ပြီးမှာ ဒီအိုလံပစ်ပွဲကို စတင်ထူထောင်ခဲ့တာလို့လည်းဆိုကြပါတယ်။ Coubertin ရဲ့ပြောဆိုချက်အရ ကမ္ဘာငြိမ်းချမ်းရေးဟာလည်း နိုင်ငံရေးပါပဲလို့ဆိုပါတယ်။ အိုလံပစ်ပြိုင်ပွဲလိုမျိုး အားကစားပွဲတွေဟာ ဘာသာရေးတွေလိုပဲ ငြိမ်းချမ်းရေးနဲ့ လူ့ဘ၀ရပ်တည်မှုတွေကိုရှေးရှုတယ်လို့လည်း ဆိုကြပါတယ်။ အိုလံပစ်အားကစားပွဲတွေဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆုတောင်းကြတဲ့ပွဲတွေလိုမျိုးပါပဲလို့ ဆိုကြသူတွေလည်းရှိပါတယ်။
အိုလံပစ်မီးတိုင်ကို သယ်ဆောင်ကြသူတွေအထဲမှာ Michael Buble, Jenn Arden, Arnold Schwarzenegger တို့လည်း ပါကြပါတယ်။

မနက်စောစောသတင်းတွေထဲမှာတော့ အာနိုးကြီးကို မီးတိုင်ကိုင်ပြီး မြို့ထဲမှာ ပြုံးပြုံးကြီးတွေ့လိုက်ရတာပါပဲ။

ဗင်ကူးဗားမြို့တွင်းမှာ နေထိုင်ကြတဲ့ ဂရိလူမျိုးများကတော့ community celebration လုပ်ခွင့်မကျလို့ သိပ်စိတ်ကျေနပ်မှု မရှိကြပါဘူး။ ဒါပေမယ့် ဂရိလူမျိုးအများစုနေထိုင်ရာ broadway လမ်းမကျယ်ကြီးပေါ်မှာ အိုလံပစ်မီးတိုင်ဖြတ်သွားတဲ့အခါမှာတော့ ရိုးရာအကတွေ၊ ရိုးရာစားစရာတွေနဲ့ ပျော်ပွဲရွှင်ပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။

အိုလံပစ်ပွဲနဲ့ပတ်သက်ပြီး ဒီမြို့ကလူတွေရဲ့ ထင်မြင်ချက်တွေကတော့….
ငွေကြေးအရ ဆုံးရှုံးမှုများနိုင်တယ်လို့ထင်သူတွေကတော့ ၆၃%
ရေပေါ်ဆီလူတန်းစားများအတွက်သာ အကျိုးသက်ရောက်မှုရှိတယ်လို့ ထင်သူတွေကတော့ ၈၃%
အိုလံပစ်မှာသုံးတဲ့ငွေတွေဟာ အလဟသဖြစ်ရတယ်၊ အခြားနေရာတွေမှာသုံးသင့်တယ်လို့ ထင်သူတွေကတော့ ၆၀%
ရေရှည်မှာတော့ ဗင်ကူးဗားအတွက် အကျိုးရှိနိုင်တယ်လို့ ထင်သူတွေကတော့ ၅၁%
အိုလံပစ်ပွဲထုတ်လွှင့်မယ့် စားသောက်ဆိုင်၊ လူမှုရေးဆိုင်ရာနေရာတွေကို သွားမယ်ဆိုသူတွေက ၄၄%
ကနေဒီယန်အားကစားသမားများကြောင့် နိုင်ငံချစ်စိတ်တိုးရတယ်ဆိုသူတွေကတော့ ၇၃%
ရှိတယ်လို့ သိရပါတယ်။
ကျမကတော့ မြန်မာနိုင်ငံမှာ လူမျိုးစုတွေစည်းလုံးညီညွှတ်ရေးကို ဦးတည်တယ်ဆိုတဲ့ ပြည်ထောင်စုနေ့လိုနေ့မျိုးမှာ ဒီမြို့ရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဦးတည်တယ်ဆိုတဲ့ အိုလံပစ်ဖွင့်ပွဲ နဲ့ တိုက်ဆိုင်တယ်ဆိုပြီး အမှတ်ရနေမိတာ တစ်ခုပါပဲရှင်။

နှင်းတုကျတဲ့ ဗင်ကူးဗား…
ဗင်ကူးဗားမြို့မှ အိုလံပစ်ရွာ…
ခရီး…

Thursday, February 11, 2010

ပြည်ထောင်စုနေ့

ပြည်ထောင်စုနေ့တဲ့ .....

ဒီလိုပါပဲ..
အဝေးကနေ

တိုးတိုးတိတ်တိတ် အမှတ်တယနဲ့

သတိရလွမ်းလိုက်တော့မယ်နော်......


တစ်ကယ်ပဲ စည်းလုံးညီညွှတ်တဲ့ နိုင်ငံတစ်ခုထူထောင်နိုင်ကြပါစေ...

Saturday, February 06, 2010

ကြယ်စုံတဲ့ည

လေတွေက ထုံးစံအတိုင်း ကြွပ်ဆတ်အေးခဲနေတယ်။
ပင်လယ်လေက ကြမ်းရှနေတယ်။
ဆံပင်တွေကလည်း အထိန်းကွပ်မဲ့စွာ...
ကောင်းကင်မှာ ကြယ်စုံနေတယ်။ သိပ်လှတဲ့ညပဲ။
ဗင်ဂိုးရဲ့ ကြယ်စုံတဲ့ည ပန်းချီကားထက်တောင် လှနေလိုက်သေးတာ ညက။
တစ်ကယ်...
ထူးအိမ်သင်ရဲ့ ကြယ်စုံတဲ့ည သီချင်းကိုတောင် လွမ်းသွားတယ်။

လက်ဖျားတွေ အေးစက်နေတယ်။ ပါးပြင်တွေ ကြင်တက်နေတယ်။
လှိုင်းသံတွေက တဝေါဝေါနဲ့။ ကြယ်ရောင်အောင်မှာ လှိုင်းခေါင်းဖြူတွေ...။

နောက်ဘက်ကလမ်းပေါ်မှာ ကားတွေ တိတ်ဆိတ်နေတယ်။ သောင်္ကြာည စည်ကားနေကျ ဆိုက်ပရပ်စ်လမ်းမက ဒီနေ့ ထူးထူးခြားခြား တိတ်ဆိတ်လို့ပါလား။ ညက ကိုးနာရီခွဲပဲ ရှိသေးတယ်။ လူတွေဘယ်ရောက်နေလဲ။ လေပြင်းပြင်းအောက်မှာ ဆိုက်ပရပ်စ်လမ်းဆိုတဲ့ ဆိုင်းပုဒ်ကလည်း ဘယ်ညာယိမ်းထိုးနေလေရဲ့။

မီးမှိန်မှိန်ဆိုင်လေးတစ်ဆိုင်ရှေ့မှာ လူသုံးယောက် ရပ်စကားပြောနေကြတယ်။ လေက ရှင်းသန့်လွန်းနေတယ်။ စားသောက်ဆိုင်တန်းတွေလည်း တိတ်ဆိတ်လွန်းနေတယ်။ ညနေစာ လက်ကျန်အနံ့တစ်ခုခုတောင် မရှိလောက်အောင် လေက ရှင်းသန့်နေတယ်။

အရင်တုန်းက ဒီပင်လယ်ကမ်းစပ်မှာ လာထိုင်တိုင်း အနည်းဆုံးတော့ ကဗျာတစ်ပုဒ်လောက် ထွက်ကျတတ်တယ်။
အခုတော့ ............

ဘာမှ ထွက်မကျလာတော့အောင်.. ခံစားတတ်တဲ့နှလုံးသားတွေ ထုံသွားတာလား။
ခံစားလွန်မှု တစ်ခုခုပဲ ဖြစ်နေတာလား။

စာရေးတယ်ဆိုတာ ဖြစ်ညှစ်ရေးလို့ကို မရတာ။ အတင်းညှစ်လေ.. မထွက်လေ။ သေချာတာဟာ စာရေးခြင်းဆိုတာ သွားတိုက်ဆေးညှစ်ခြင်း မဟုတ်ဘူးဆိုတာပဲ။ အခုဟာက ခြောက်ကပ်နေတဲ့ သွားတိုက်ဆေးကို အတင်းညှစ်ထုတ်နေရသလိုဖြစ်နေတယ်။ အရင်တုန်းက နှစ်ပေါင်းများစွာ ခေါင်းထဲမှာ အကြောင်းတွေများစွာ ပြွတ်သိပ်ကျပ်ညှပ်နေခဲ့တယ်။ ရေးလို့ကို မကုန်ခဲ့ဘူး။ အခုတော့ ဘာဆိုဘာမှ ကို မရှိတော့ဘူး။ ဘာကိုမှလည်း မဝေမျှချင်တော့ဘူး။ ဘာကိုမှလည်း မသိချင်တော့ဘူး။

ဒီဘလောဂ်လေးလည်း update မလုပ်ဖြစ်တာကြာပြီ။ မလုပ်ဖြစ်ဆို ကိုယ်တိုင်တောင် မ၀င်ဖြစ်တော့ဘူး။ ဒီနေ့ဝင်မိတော့

Update your templates

Your templates include links to files hosted on Google Page Creator, a service that is soon migrating to Google Sites. Do you want Blogger to update those links now? Learn more

Update and review Dismiss


အဲဒါကြီးပေါ်နေတယ်...
ဘာလုပ်ရမှန်းလည်းမသိဘူး။

ကိုယ်ဘာဖြစ်နေတာလည်း...

ကိုယ်..
ဘာ..
ဖြစ်..
နေ..
တာ...
လည်း....။

အဲဒီတော့.....
ဘလောဂ်လည်း update မလုပ်ဘူး။
ဘာစာမှ မရေးတော့ဘူး။
ဘလောဂ်ပဲရေးတော့မယ်။
ဟုတ်တယ်..
နောက်ဆုံးတော့ ဘလောဂ်ရေးခြင်း အနုပညာဘက်ကိုပဲ ဦးတည်တော့မယ်။

နောက်တစ်ခုသေချာတာက ကြယ်စုံတဲ့ည လို့ ထင်ထားတဲ့ ကိုငှက်ရဲ့ သီချင်းကလည်း အမှားကြီးဖြစ်နေတယ်။
ကိုယ်သိတဲ့သီချင်းဟာ ကြယ်စုံတဲ့ည မဟုတ်ဘူး။
"ကြယ်တွေစုံနေသလား... ဆိုက်ပရပ်စ်လမ်းဟာ အိပ်မက်လို.." ဆိုတာကလွဲပြီး စာသားလည်းမရ၊ အယ်လ်ဘမ်အမည်လည်းမသိနဲ့.. တစ်ယောက်တည်းလမ်းပျောက်ဦးမယ်လေ...။

လေတွေက ထုံးစံအတိုင်း ကြွပ်ဆတ်အေးခဲနေတယ်။
ပင်လယ်လေက ကြမ်းရှနေတယ်။
ဆံပင်တွေကလည်း အထိန်းကွပ်မဲ့စွာ...
ကောင်းကင်မှာ ကြယ်စုံနေတယ်။
သိပ်လှတဲ့ညပဲ။
သိပ်ကိုလှတဲ့ ည...။
သိပ်ကိုလှတဲ့ ည...။

LinkWithin

Related Posts Plugin for WordPress, Blogger...