မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Sunday, January 31, 2010

Avatar ရဲ့ ကွဲပြားသွားတဲ့ genre

avatar.jpg

ရုပ်ရှင်တွေရဲ့ Genre တွေဟာ Adventure | Sci-Fi လို့ဆိုလိုက်ရင် ငယ်စဉ်တုန်းကတော့ စိတ်ဝင်တစားကြည့်ဖြစ်တယ်။ ဒီရုပ်ရှင်ကိုတော့ လူပြောများနေပေမယ့် Genre ထဲမှာ Adventure | Sci-Fi အပြင် fantacy နဲ့ action ပါနေတော့ သိပ်ပြီးစိတ်မ၀င်စားမိခဲ့ပါဘူး။ preview မှာလည်း ထူးဆန်းတဲ့တိရစ္ဆာန်တွေနဲ့ ပစ်သတ်တိုက်ခိုက်နေတာတွေရယ် ကွန်ပြူတာဂိမ်းပုံစံဖြစ်နေတာရယ်ကို သတိထားမိတယ်။ တစ်ခါ 3D လို့ ဆိုပေမယ့်လည်း အခြားဖြစ်ရပ်မှန် documentary 3D တွေလောက် ကောင်းပါ့မလား၊ animation တွေသိပ်များနေမလား စတဲ့အတွေးတွေနဲ့…..


…… ဟိုတစ်ပတ်စနေနေ့က ရပ်ရှင်ရုံထဲရောက်သွားခဲ့တယ်။ စောစောလေးကြိုရောက်လို့ ခုံမှာထိုင်ပြီး ကလေးတွေပဲ လာကြည့်မှာပဲ.. ဟုတ်ကောဟုတ်သေးရဲ့လားဆိုပြီး တွေးနေမိပြန်တယ်။ ဒီလိုနဲ့ ရုံထဲကို မျက်မှန်အိတ်လေးတွေကိုင်ပြီး လူတွေ တစ်ဖွဲဖွဲ ၀င်လာကြတယ်။ ဒီမြို့က ရုပ်ရှင်ရုံတွေဟာ သာမန်အချိန်တွေမှာ လူတစ်ဝက်ရှိရင်တောင်ကံကောင်း။ ဘာဖြစ်လို့လည်းဆိုတော့ ရုံကြီးတစ်ရုံထဲမှာ ရုံသေးလေးတွေ အခုနှစ်ဆယ်လောက်ရှိတော့ အခြားကားပေါင်း နှစ်ဆယ်လောက်ကိုလည်း တစ်ပြိုင်နက်ပြလေ့ရှိတော့ ရုံတစ်ရုံမှာ လူအနည်းငယ်ပဲရှိတတ်တယ်။ အခုကတော့ လူတွေ တစ်ဖွဲဖွဲဝင်လာလိုက်တာ လျှံတောင်ကျတော့မယ်။ ပရိသတ်ကတော့ ထင်ထားတဲ့အတိုင်း တစ်ဝက်ကျော်ကျော်က ဆယ်ကျော်သက်တွေများတယ်။ Rated 14-A‎‎ ဆိုပေမယ့်လည်း အသက်ရှစ်နှစ်၊ ဆယ်နှစ်လေးတွေလည်း ပါတယ်။ အဲဒီချိန်မှာ ESL ကျောင်းလာတက်ပုံရတဲ့ ဆယ်ကျော်သက် ကိုရီးယန်းယောင်္ကျားလေးတွေနဲ့ မိန်းကလေးတွေ အယောက်အစိတ်လောက် ထိုင်နေတဲ့ အတန်းနဲ့ ရှေ့တန်း၊ နောက်တန်းတွေမှာ ၀င်ထိုင်ကြတယ်။


ရုပ်ရှင်မစခင် အခြားရုပ်ရှင်တွေရဲ့ preview တွေအားလုံးကလည်း ကလေးကားတွေ။ ရုပ်ရှင်စတော့ 3D မျက်မှန်ကိုတပ်၊ ခုံကိုကျောမှီပြီး စိတ်လှုပ်ရှားခြင်းမဲ့စွာ ကြည့်နေလိုက်တယ်။


သိပ်မကြာပါဘူး…

ယာဉ်ပျံကြီးထဲက cryo vault ထဲက cryo capsules တွေ၊ ဆွဲငင်အားသုညမှာ လွင့်မျောနေတဲ့ med tech. တွေ၊ အော်ပရေးရှင်းစင်တာထဲက ကွန်ပြူတာခုံတွေ၊ ဘိုင်အိုဓာတ်ခွဲခန်းထဲမှာရှိတဲ့ amniotic အရည်ထဲက လူနဲ့အဲဒီလပေါ်က လသားတွေရဲ့ DNA တွေကိုပေါင်းစပ်တီထွင်ထားတဲ့ ကိုယ်ခန္ဒာတွေ၊ အထူးသဖြင့် Dr. Grace Augustin (Sigourney Weaver) နဲ့ Colonel Miles Quaritch (Stephen Lang) တို့ရဲ့ အတွေ့အကြုံရင့်ကျက်နေတဲ့ သရုပ်ဆောင်မှုတွေ၊ ပြောင်မြောက်တဲ့စကားပြောတွေနဲ့ ရုပ်ရှင်က ရုပ်လုံးကြွလာတယ်။


ဒီရုပ်ရှင်ကားရဲ့ Genre ဟာ Action/Adventure/Suspense/Thriller/Scifi/Fantasy‎ လို့ ဆိုနိုင်ပေမယ့် လူတွေရဲ့ စိတ်ခံစားချက်တွေနဲ့ ဘ၀အတွေ့အကြုံတွေပေါ်မှာ မူတည်ပြီး ရုပ်ရှင်ရဲ့genre အပေါ်ယူဆချက်တွေဟာ ဆန့်ကျင်စွာကွဲပြားသွားကြမှာသေချာတယ်။ ကြာကြာဆက်ကြည့်ရင် ကိုလိုနီစိတ်ဓာတ်ဆိုင်ရာ ချယ်လှယ်အမြတ်ထုတ်မှုအပိုင်းတွေကိုပါ ထည့်သွင်းထားတာကို တွေ့မြင်လာနိုင်တယ်။


အဲဒီအထဲမှာမှ ပန်ဒိုရာလပေါ်က ရှိသမျှအရာမှန်သမျှကို ချယ်လှယ်ခွင့်ရထားတဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုရဲ့ Resources Development Administration ခေါင်းဆောင်Parker Selfridge ရဲ့ စစချင်းပြောလိုက်တဲ့


“နယ်ခံတွေကို လှည့်စားနိုင်ဖို့ သူတို့လို နေတတ်၊ စားတတ်၊ ပြောတတ်၊ ဆိုတတ်ရမယ်…” ဆိုတဲ့ စကား။


You’re supposed to be winning the hearts and minds of the natives. Isn’t that the whole point of your little puppet show? If you look like them, if you talk like them, they’ll trust you?


ဆိုတဲ့ စကားလုံးတွေနဲ့တင်.. anti-colonialism /anti-capitalism လှုံ့ဆော်လိုက်တယ်၊ လမ်းခင်းလိုက်တယ်ဆိုတာ သိသာနေတယ်။


Isn't that the whole point of your little puppet show? You walk like them, you talk like them. We build them a school, teach them English, but after how many years the relations with the indigenous are only getting worse.


မင်းရဲ့မထိရောက်တဲ့ ရုပ်သေးပွဲပဲ။ နယ်ခံတွေအတွက် ကျောင်းတွေဆောက်ပေးထားတယ်၊ အင်္ဂလိပ်စာသင်ပေးတယ်.. သူတို့လိုနေထိုင်စားသောက်တယ်၊ ဒါတောင်မှ ဆက်ဆံရေးတွေအဆင်မပြေလာဘူး လို့ Selfridge က စကားကို တင်လိုက်တယ်။


အဲဒီချိန်မှာ “Yeah, well that tends to happen when you use machine guns on them”. လို့ Dr. Grace Augustine က စကားကို ချ လိုက်တယ်။


ပထမအခန်းမှာတင်.. သူတို့တွေရဲ့ စကားအတင်အချတွေကိုကြည့်လိုက်တာနဲ့ နောက်ဆုံးလူဖြူတစ်ယောက်ယောက်ကပဲ ခေါင်းဆောင်လုပ်မယ်၊ နယ်ခံမိန်းကလေးတစ်ယောက်ယောက်ရဲ့ နှလုံးသားကို အနိုင်ရမယ်၊ ပြီးတော့ နယ်ခံတွေကိုခေါင်းဆောင်မှုပြုပြီး အမြတ်ထုတ်သမားတွေ (လူဆိုးတွေကို) ပြန်ပြီး တိုက်ထုတ်တော့မယ့်ရုပ်ရှင် တစ်ခုဖြစ်မှာကို ကြိုမြင်နိုင်ပါတယ်။ (အချို့သော မြန်မာရုပ်ရှင်ကားတွေလို.. မြို့သားကအမြဲ ပညာတတ်၊ ရုပ်ချော၊ စိတ်သဘောကောင်း၊ သူတော်ကောင်းဖြစ်ပြီး နယ်ကမိန်းကလေးရဲ့ နှလုံးသားကိုကော၊ မိသားစု၊ တစ်ရွာလုံးရဲ့ချစ်ခင်မှုတွေကို ရပြီး၊ မိန်းကလေးကို တစ်ဖက်သတ်ကြိုက်နေရှာတဲ့ နယ်သားလေးကပါ လေးစားပြီး အချစ်ကိုစတေးပေးလိုက်ရတဲ့ ရုပ်ရှင်ဆန်ဆန်မျိုးသရပ်ဖော်ထားမယ်ဆိုတာ မြင်နိုင်ပါတယ်)



avatar-62.jpg


Friday, January 29, 2010

ယာဝေသို့တမ်းချင်း

ယာဝေရယ်....
စည်းမျဉ်းတွေကြားမှာ နေသားတကျနဲ့
ခေါက်ရိုးကြိုးနေသူတစ်ယောက်....
ပညတ်တရားတွေကို ထမ်းပိုးလို့
လမ်းဆက်လျှောက်နေပါတယ်...

ခံစားမှုဆိုတာကို ထုတ်ပိုးလို့ချေမွလို့
ဥပေက္ခာတရားကိုလည်း လက်ကိုင်ထားနေပါတယ်...

ယာဝေရယ်..
သင်ထားတဲ့ ပညာတွေလည်း
အရာမဲ့နေပြီ...
မက်မောဖူးတဲ့ အနုပညာတွေလည်း
ချွေးမသိပ်ပေးနိုင်ကြတော့ပြီ..
ခုန်တတ်တဲ့ရင်ကိုလည်း ထိန်းချုပ်ရလွန်းလို့
အေးခဲစပြုနေပြီ...
မောပန်းမှုတွေနဲ့
နှစ်တွေလည်းကြာခဲ့ပါပြီ...။

ဒီလိုနဲ့ ပညတ်တရားတွေကိုထမ်းပို့လို့
ခေါက်ရိုးကြိုးလမ်းဟောင်းကြီးအတိုင်း လျှောက်လာလိုက်တာ..
ပန်းတိုင်ကိုမျှော်ကြည့်လိုက်တော့လေ........
စည်းဖောက်သူတွေက
ပန်းတိုင်ရှေ့မှာ...
တန်းလို့စီလို့နေကြပါလား ယာဝေရယ်......

ယာဝေရယ်..
ကျွန်တော်မျိုးမအား...
နားလည်တတ်မှုအသိ တစ်စုံတစ်ခုလောက်...
ပေးသနားတော်မူပါ ယာဝေ......

ယာဝေ...
ယာဝေ...
ယာဝေ...

Friday, January 22, 2010

ကျောက်တုံးပေါ်က ကဗျာ

ဒီပန်းခြံလေးထဲကို ခဏခဏရောက်တယ်။
အပန်းဖြေရန်ပဲဖြစ်ဖြစ်၊ အပြေးလေ့ကျင့်ရန်ပဲဖြစ်ဖြစ်...
တစ်ယောက်တည်းပဲဖြစ်ဖြစ်၊ မိသားစုနဲ့ပဲဖြစ်ဖြစ်....
သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ မောင်နှမတွေနဲ့ပဲဖြစ်ဖြစ်.
ခဏခဏ ရောက်တယ်။


park.jpg


ရောက်တိုင်းလည်း ဒီကျောက်တုံးလေးတစ်တုံးပေါ်မှာထွင်းထားတဲ့ ဘုန်းတော်ကြီးတစ်ပါး ရေးဖွဲ့ထားတဲ့ ဒီကဗျာလေးက စိတ်ကိုညွတ်နူးစေတယ်။ ဒီကျောက်တုံးလေးရှိတဲ့နေရာဟာ ပန်းခြံကြီးထဲက ဂျပန်ပန်းခြံလေးတစ်ခု။ ဂျပန်တွေနဲ့ကနေဒီယန်တွေ ချစ်ကြည်ရေးအရ အမှတ်တရဆောက်ထားတဲ့ ၊ ဂျပန်နိုင်ငံက သစ်ပင်၊ ပန်းပင်တွေနဲ့ ဖန်တီးထားတဲ့ ပန်းခြံငယ်လေး။


ဒီနေ့ကတော့ ဆောင်းရာသီကာလရဲ့ ပန်းဖူးလေးတွေ ထူးခြားစွာပွင့်နေတဲ့နေ့...
နေရောင်ခြည်က မရဲတရဲနဲ့ တိမ်တွေနောက်မှာ ပုန်းနေတဲ့နေ့...

ပကာသန မဖက်တတ်တဲ့ ချစ်သူစုံတွဲလေးတွေ လက်ထပ်ထိမ်းမြားတတ်ကြတဲ့ ဆေးအဖြူသုတ် အမိုးမဲ့ chapel လေးကလည်း အရင်နေ့တွေလိုပဲ တိတ်ဆိတ်ငြိမ်သက်နေတဲ့.. နေ့။


Wednesday, January 20, 2010

ရဲရင့်ဂျာနယ်

lc.png

မလေးရှားနိုင်ငံ၊ ပီနန်မြို့က ထုတ်တဲ့ မြန်မာဂျာနယ်တစ်စောင်ပါရှင်။
လစဉ်ထုတ်ဝေမယ့် ဂျာနယ်ရဲ့ ပထမဆုံးခြေလှမ်းသစ်ဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ ရဲရင့်ဂျာနယ်လိုမျိုး အခြားသော မြန်မာဂျာနယ် လေး၊ငါးစောင်ခန့်ရှိတယ်လို့လည်း ၀မ်းသာစွာနဲ့ သိရပါတယ်။

ဒီဂျာနယ်ထဲမှာ ပွဲဦးထွက်အနေနဲ့ ကျွန်မ၏ "ကနေဒါသို့" ဆိုတဲ့ ဆောင်းပါးလေးကို မြင်ရတော့ ၀မ်းသာဂုဏ်ယူမိပါတယ်။ "ကနေဒါသို့" ဆိုတဲ့ ဆောင်းပါးနောက်ဆက်တွဲတွေကိုလည်း ဂျာနယ်မှ ဆက်လက်ဖော်ပြသွားမယ်လို့ သိရပါတယ်။

နောက်ပြီး...စာဖတ်သူရဲ့ အရှိုက်ကိုထိလိုက်တဲ့ ကျွန်မအလွန်နှစ်သက်သော..
ရှေးရှေးတုန်းကတော့ နယ်ချဲ့တွေက

ကျွန်ပြုဖို့ ကျွန်တော်တို့ဆီကို လာတယ်။

ဒီဘက်ခေတ်မှာတော့

ကျွန်တော်တို့ ကိုယ်တိုင်ခရီးထွက်ရတယ်။

လို့ အစပြုတဲ့ "ကောင်းကင်ကို"ရဲ့ "ကျွန်" ဆိုတဲ့ ကဗျာ... နဲ့
မင်း သတိရဦးမလား..

ကောင်းကင်မှာ နေညို၊ ရွှေအိုရောင်တွေ မြင်ရင်

တို့နှစ်ယောက် ကြည်နှုးခဲ့တာတွေ

တို့နှစ်ယောက်ရဲ့ အချစ်တွေ

လတ်ဆတ်ခဲ့တာ.....။

လို့ နှုးညံ့စွာဖွဲ့ဆိုထားတဲ့ "တင်ထူးရွှေ"ရဲ့ အချစ်ကဗျာ လှလှလေးတစ်ပုဒ်အပြင်....

အခြားအခြားသော ရသ၊ သုတ၊ ဆောင်းပါး၊ ဟာသတွေလဲ ပါဝင်ပါတယ်။ မလေးရှားရောက် ကိုယ့်မြန်မာလူမျိုးများအတွက် သုတ၊ရသများ၊ ကဗျာ၊ ဆောင်းပါးများ မျှဝေလိုပါက စာမူများနဲ့ အကြံပြုချက်များကို editoryeyintjournal@gmail.com သို့မဟုတ် associateeditoryeyintjournal@gmail.com များကို ပေးပို့နိုင်ကြောင်းလည်း သိရပါတယ်လို့... ။

Sunday, January 17, 2010

နှင်းတုကျတဲ့ ဗင်ကူးဗား

၂၀၁၀ ဆောင်းရာသီအိုလံပစ်ပွဲတော်ကို ကျွန်မနေတဲ့ ဗင်ကူးဗားမြို့လေးမှာ ကျင်းပတော့မှာ ရက်အနည်းသာလိုပါတော့တယ်။ မနှစ်ကတည်းကစပြီး တစ်မြို့လုံး ဒီအိုလံပစ်ပွဲတော်အတွက် ပြင်ဆင်နေကြတယ်။ ဂုဏ်တစ်ရပ်လို မြင်သူတွေကလည်း ပွဲတော်တွက် သိုက်သိုက်ဝန်းဝန်းပြင်ဆင် ပါဝင်နေကြသလို၊ ငွေဖြုန်းတီးမှု နဲ့ ကမ္ဘာ့အပေါ်ယံကစားပွဲကြီးလို့ မြင်သူတွေကလည်း အင်တိုက်အားတိုက် ဆန္ဒပြကန့်ကွက်နေကြပါတယ်။ လေဆိပ်အ၀င်ရယ် ပစိဖိတ်သမုဒ္ဒရာထဲမှ မြစ်လက်တက်ထဲဝင်တဲ့ မြစ်အ၀နေရာတွေရယ်မှာ မီးအလုံးပေါင်းနှစ်သောင်းကျော်စီပါတဲ့၊ ၁၄မီတာမြင့်ပြီး ၃၀မီတာကျယ်တဲ့ အိုလံပစ်မီးဝိုင်းကြီးငါးဝိုင်းပါတဲ့ မီးတံဆိပ်ကြီးနှစ်ခုကို ထွန်းညှိထားပါတယ်။ စွမ်းအင်ကိုလျော့ချတဲ့အနေနဲ့ မီးလုံးတစ်လုံးကို ၄.၈၀ဒ်ပဲရှိတယ်ဆိုပါတယ်။ စွမ်းအားသုံးမှုနည်းတဲ့ LED မီးလုံးတွေကို သုံးထားတဲ့အတွက်၊ မီးထွန်းညှိခ တစ်နေ့ကို ကနေဒီယန်ဒေါ်လာ သုံးဒေါ်လာနဲ့သုံးဆယ်ခြောက်ဆင့် ပဲ ကုန်ကျမယ်လို့ ဆိုပါတယ်။ ဒီမီးဆိုင်းကြီးတွေကိုဆောက်ခက တစ်ခုကိုတင် ဒေါ်လာသန်းချီကုန်တယ်လို့ ကြားထားရပြီး အဲဒီအ၀ိုင်းကြီးတွေနားရောက်တော့… ဟင်.. လို့ တစ်လုံးလေးတော့ ထွက်သွားမိပါတယ်။ နောက်ပြီး ဗင်ကူးဗားမြို့တွင်းက အိမ်ခြေမဲ့တွေရဲ့ မျက်နှာတွေကို မြင်ယောင်လိုက်မိပါတယ်။

“ဗင်ကူးဗားမြို့” “ကနေဒါနိုင်ငံ” “ဆောင်းရာသီ” ဒီလိုစာလုံးတွေမြင်တာနဲ့ လူတွေမျက်စိထဲမှာ နှင်းဖုံးနေတဲ့ မြို့ရယ်၊ ခိုက်ခိုက်တုန်နေတဲ့ မြို့သူမြို့သားတွေရယ်၊ မျက်စိတစ်ဆုံးဖြူဖွေးနေတဲ့ နှင်းတောင်တန်းကြီးတွေကို မြင်မိကြမှာပါပဲ။ ကနေဒါဆောင်းကိုဆို မြို့ခံတွေမပြောနဲ့ ငှက်တွေတောင် ဆောင်းဝင်ပြီဆိုတာနဲ့ မက္ကဆီကိုဘက်ကို အုပ်စုလိုက်ပျံသန်း တိမ်းရှောင်တတ်ကြတယ်။ နွေဦးပေါက်မှ ပြန်လာတတ်ကြတယ်။ ဒီလို နှင်းတွေ လှပစွာကျတတတ်တဲ့ ဗင်ကူးဗားမြို့လေးဟာ ဆောင်းရာသီအိုလံပစ်ပွဲတွက် တက်ကြွနေတယ်…။ အိုလံပစ်မီးဝိုင်းကြီးတွေကလည်း ညစဉ်ထိန်ထိန်လင်းနေပြီ။ အိုလံပစ်မီးတိုင်ဟာလဲ ဂရိနိုင်ငံမှနေပြီး ကနေဒါနိုင်ငံထဲမှာ လူတစ်သောင်းနှစ်ထောင်ကျော်ခန့် လှည့်ပတ်လက်ဆင့်ကမ်းနေပြီ။ မကြာခင် ဗင်ကူးဗားကို ရောက်လာတော့မှာ ဖြစ်တယ်။ ဗင်ကူးဗားမှာ ဖေဖော်ဝါရီ ၁၂ရက်နေ့မှ စပြီး ၂၈ ရက်နေ့ထိ ထွန်းညှိထားတော့မှာဖြစ်တယ်။



ဒါပေမယ့်….
ဒါပေမယ့်….
ဆောင်းရာသီ အိုလံပစ်ပွဲ ကျင်းပပါမယ်ဆိုတဲ့ ဒီဆောင်းကျမှ…
ကျွန်မတို့မြို့မှာ ဒီနှစ် နှင်းမကျပါဘူးရှင်။
ဟုတ်ကဲ့…


ဒီဇင်ဘာ လလယ်လောက်တုန်းက မစို့မပို့နှင်းကလေး တဖျောက်နှစ်ဖျောက်ကျပြီးကတည်းက နှင်းမကျပါဘူး။ နှင်းမကျတဲ့အပြင် အပူချိန်တက်နေလိုက်တာ မနေ့ကဆိုရင် မြေပြန့်မှာ ၁၁ဒီဂရီတောင်ရှိပါတယ်။ နှင်းတောင်တွေပေါ်မှာ ၅ ဒီဂရီရှိနေပါတယ်။ အကျီ င်္ပါးပါးတစ်ထည်ပေါ်မှာ အနွေးထည်ပါးပါးတစ်ထည်လောက်ဝတ်ရုံနဲ့ အပြင်ထွက်လို့ရနေတော့၊ အအေးဒဏ်တော်တော်ခံနိုင်လာပါလားလို့ ကိုယ့်ကိုကိုယ် ကျေနပ်နေမိခဲ့တာ…။ တစ်ကယ်က အပူချိန်ကအရမ်းတက်နေလို့ပဲဖြစ်ပါတော့တယ်။ အရင်ဆောင်းတွေတုန်းကဆိုရင် နှင်းဒဏ်ကြောင့် အရွက်မရှိတဲ့ နောက်ဖေးက အပင်တွေဟာလည်း ပုရစ်ဖူးလေးတွေ ထပေါက်နေပြီး၊ အေးခဲနေတတ်တဲ့မြက်ခင်းတွေဟာ စိမ်းစိုလန်းဆန်းနေပါတော့တယ်။ ဆောင်းရာသီမှာ မိုးများတတ်တဲ့ မြို့လေးမှာ ဒီကနေ့ဆိုရင်လည်း ကောင်းကင်ဟာကြည်လင်လို့ နေတွေသာနေပါတော့တယ်။


အဲဒီတော့.. သက်ဆိုင်ရာက…

လူတွေ စကီးတက်စီးနေကျ နှင်းတောင်တွေဖြစ်တဲ့ ဆိုက်ပရက်စ်တောင်(Cyprus) ၀ှစ်စလာတောင် (Whistler) တွေကို လူထုကို ပိတ်လိုက်ရပါတော့တယ်။ နှစ်စဉ်ကြေးပေးထားတဲ့ သူတွေကိုလည်း ငွေပြန်အမ်းရပါတော့တယ်။ တောင်ပေါ်ကနှင်းတွေကို မိုင်ပေါင်းများစွာရှည်လျားသော တာလပတ်တွေနဲ့ ဖုံးထားကြရပါတော့တယ်။ ထို့အပြင် အိုလံပစ်ကော်မတီဟာ နောက်ဆုံးပေါ်နည်းပညာနဲ့ စက်ကရိယာတွေကိုသုံးပြီး ရေလီတာပေါင်း ၉၅.၃ မီလီလျှံကို နှင်းတုအဖြစ်ပြောင်းနေကြရပါတော့တယ်။ အရင်နှစ်တွေတုန်းကလည်း အနည်းနဲ့အများ စကီးတောင်တွေပေါ်မှာ နှင်းတုတွေ သုံးကြတယ်လို့ ဆိုကြပါတယ်။ မျက်နှာပြင်ပိုမိုမာကြောတဲ့အတွက် အားကစားသမားတွေက ပိုတောင် နှစ်သက်ကြမယ်လို့လဲ ဆိုကြပါတယ်။ အိုလံပစ်ပြိုင်ပွဲကျင်းပမယ့် နှင်းတောင်ပေါ်မှာ နှင်းတု၂လီတာ အဆင့်သင့်ထားရှိနေပြီဖြစ်တယ်လို့ ဆိုကြပါတယ်။

အချို့ကတော့ နှင်းမကျတော့ဘဲ မိုးတွေချည်းပဲ ဆက်တိုက်ရွာမှာကို စိုးရိမ်နေကြတယ်။ နှင်းမကျဘဲ မိုးရွာချလိုက်ရင် နှင်းတွေဟာ အရုပ်ဆိုးအကျည်းတန်တဲ့ ရေခဲစပ်စပ်ရွဲ့ရေတွေ ဖြစ်သွားတတ်ကြတယ်။ အထူးသဖြင့် ဖွင့်ပွဲမှာ မိုးဖြိုင်ဖြိုင်ရွာလိုက်ရင်ဖြင့်.. ဆိုပြီး ပူပန်နေကြချိန်မှာ၊ ကနေဒါနိုင်ငံလို နိုင်ငံမှာ ဆောင်းရာသီအိုလံပစ်ပွဲ ကျင်းပပါမယ်ဆိုမှ နှင်းမကျဘူးဆိုရင် အရှက်တော့ ကွဲကြတော့မှာပဲဆိုပြီး ပြောနေကြတာတွေကိုလည်း ကြားရပါတယ်။ အိုလံပစ်ပွဲတော်ကို စိတ်လှုပ်ရှားနေကြသူတွေကတော့ မိုးလည်းမရွာစေချင်ဘူး၊ အပူချိန်လည်း မတက်စေချင်တဲ့အပြင် နှင်းဖြူတွေ ကျစေချင်ကြမှာပါ။ ကျွန်မကတော့ မဖြစ်နိုင်မှန်းသိသော်လည်း တောင်တွေပေါ်မှာပဲ နှင်းကျပြီး မြေပြန့်မှာ ၁၁ဒီဂရီလောက်နဲ့ နေသာစေချင်တာပါပဲ။ မည်သို့ပင်ဖြစ်စေ ကနေဒါဟာ ကနေဒါပါပဲ။ အခုမှလည်း ဇန်န၀ါရီလအလယ်ပဲ ရှိသေးတော့ မကြာခင် နှင်းတွေ တဖွဲဖွဲကျဦးမှာပါလို့ ကျွန်မတော့ ထင်မိပါတယ်ရှင်။

ပုံများကို ဂူဂဲလ်မှ ရရှိပါတယ်ရှင်။

ဗင်ကူးဗားအိုလံပစ်ရွာ

Saturday, January 09, 2010

စာရွက်ပေါ်ကအိမ့်ချမ်းမြေ့ နှင့် စာဖတ်သူအမြင်

စာရေးချင်စိတ်နှင့် အွန်လိုင်းပေါ်တက်ချင်စိတ် ကုန်ခမ်းနေတဲ့အတွက် ဘလောဂါမောင်လေးတစ်ဦးဖြစ်တဲ့ မောင်မျိုး ပေးပို့လာသော စာလေးကိုပဲ ဆားချက်လိုက်ပါတယ်။

မောင်မျိုးတစ်ယောက် ဘလောဂ် မရေးတော့ပါဘူး။ ဒါပေမယ့် သံယောဇဉ်ကြီးစွာနဲ့ ဘလောဂ်တွေကိုတော့ ဖတ်နေတုန်းပဲ ထင်ပါတယ်။ အွန်လိုင်းပေါ်မှာ ဘလောဂ်ရေးကြတဲ့အခါ အကြောင်းတစ်ခုခုကြောင့် ဘလောဂ်လောကကို နှုတ်ဆက်ထွက်ခွာသွားတတ်ကြတယ်။ အချို့ကျတော့လည်း နှုတ်တောင်မဆက်တော့ဘဲ ပျောက်ကွယ်သွားကြတယ်။ တစ်ခါက မပန်(ပန်ဒိုရာ) ပြောသလို “ဘလော့ဂါ ဆိုတာဒီလိုပါပဲ.. ပျောက်သောသူ ကြာရင်မေ့ … ကိုယ်လည်းတနေ့..” ဆိုသလို… ဘလောဂ်စာမျက်နှာတွေပေါ်က ပျောက်ကွယ်သွားချင်တဲ့စိတ်တွေကို ထိန်းနေကြတဲ့ ဘလောဂါတွေလည်း ရှိမှာပါပဲ။ အချို့ကျတော့လည်း ကိုယ်ဖန်တီးထားတဲ့ အိမ်ကလေးကို ဒီတိုင်းပစ်ထားလိုက်ကြတယ်။ ကျမကတော့ “အိမ့်ချမ်းမြေ့” ဆိုတာကို အပြီးတိုင်မြေမြုပ်သဂြိုလ်လိုက်ချင်စိတ်တွေကို ထိန်းထားနေရင်း မောင်မျိုးစာလေးကိုပဲ ဝေငှခွင့်ပြုပါလို့ ….

2007 ရွှေဝါရောက်မတိုင်ခင် အင်တာနက်စာမျက်နှာတွေနဲ့ ရင်းနှီးခဲ့ပါတယ် စာပေအကြောင်း ကဗျာအကြောင်း သိပ်မသိသေးပေမယ့် ဘလော့တစ်ခုအရောက်မှာတော့ ထူးဆန်းလွန်းစွာပဲ ရင်ထဲလွမ်းလာသလိုလို စိတ်ထဲ အေးချမ်းပြီး စာတွေဖတ်ရတာ ကမ်းခြေမှာ ညနေခင်းလမ်းလျှောက်လိုက်ရသလိုပါပဲ စာတွေအကုန်လုံးဖတ်ချင်လောက်အောင်ဖြစ်မိသလို တကယ်လည်း အားလုံးကုန်အောင်ဖတ်ဖြစ်ခဲ့ပါတယ်

(အဲဒီတုန်းက မှတ်မိသေးတယ်။ မောင်မျိုးတစ်ယောက် မြန်မာဖောင့်မရှိသေးလို့ ဆီဗုံးမှာ အင်္ဂလိပ်လိုချည်းပဲ လာလာပြောတာ :D.. သူတစ်ယောက်ပဲ အင်္ဂလိပ်လိုပြောတာ)

အဲ့ဘလော့ပိုင်ရှင်လေးကတော့ အိမ့်ချမ်းမြေ့ ဆိုတဲ့ နာမည်လှလှနဲ အစ်မတစ်ယောက်ရဲ့ ဘလော့လေးပါ ဒီနေ့တော့ အစ်မရဲ့ စာတွေကိုဘလော့ပေါ်မှာမဟုတ်ပဲ စာအုပ်ပေါ်မှာဖတ်ခွင့်ရခဲ့ပြီး စာအုပ်ကိုလက်မှာကိုင် တစ်ရွက်ပြီးတော့ နောက်တစ်ရွက်ကိုပြောင်းတဲ့ အခါ မြည်သွားတဲ့ ချွတ်ချွတ်ဆိုတဲ့ စာရွက်သံတွေနဲ့ ဖတ်ရတာ ပိုအရာသာရှိနေသလိုပဲ ။ ရန်ကုန်ရောက်တုန်း ဒီစာအုပ်လေးတော့ ရအောင်ဝယ်မှပဲဆိုပြီး အင်းဝစာအုပ်တိုက်ကို သူငယ်ချင်းတွေနဲ့အတူတူရောက်ဖြစ်တယ် ။ အစ်မရဲ့ စာအုပ်ကိုတော့ မြန်မာဝတ္တုများဆိုတဲ့ ဗီရိုထပ်ကြီးထဲမှာ ဆရာမ ဂျူး ၊ ဆရာမ ခင်ခင်ထူး တို့နဲ့ တစ်တန်းထဲတွေ့လိုက်ရတော့ စိတ်ထဲကြည်နူးပြီး ဂုဏ်လည်း ယူမိတယ် ပြားကပ်ကပ် အိတ်ကပ်လေးထဲကတော့ အစိမ်းရောင်ခြင်္သေ့လေး ၂ ကောင်တော့ခုန်ထွက်သွားလေရဲ့း)

(တစ်ကယ်ကတော့ စာအုပ်ကို သူ မမြင်ပါဘူး။ သူပြောတုန်းကတော့ ဆိုင်ကကောင်မလေးကို ငေးနေလို့ဆိုလား “အစ်မစာအုပ်ရှေ့မှာ ရပ်ရင်း “အိမ့်ချမ်းမြေ့……” ရှိလားသွားမေးနေတယ် ။ စာအုပ်ဆိုင်က ကောင်မလေးက ဒီမှာလေးတဲ့ ဟီး ကန်တာ” လို့ ပြောတာပဲ။ ဘာကို သွားကန်လည်းတော့ မသိ)

အမှန်တိုင်းပြောရရင်တော့ စာအုပ်ကိုစတွေ့လိုက်တဲ့ အချိန်မှာ တွေးလိုက်မိတာလေးက မော်ဒန်ပန်းချီတွေ ခေတ်စားနေတဲ့အချိန်မှာ စာအုပ်မျက်နှာဖုံးက နည်းနည်းဆွဲဆောင်မှုနည်းနေတယ်ဆိုတာပါပဲ။ ဒါပေမယ့် မာတိကာကိုကြည့်လိုက်တော့ ၃၅ ပုဒ်မှာ ကိုယ့်အကြိုက်ဆုံး “ရုပ်ရှင်လက်မှတ်လေးနှစ်စောင်” ကိုဖတ်ရမှာနဲ့တင်တန်နေပြီး ။နောက်ပြီး စာတည်းမှူးရဲံ အမှာစာက ဒီလိုညွှန်းထားပါတယ် “သူ့စာမူများသည် ကန်ရေပြင်ပေါ်တွင် ရှပ်တိုက်ပြေးလွှာနေသော လေပြေတစ်ခုအလား ချမ်းနေမြ့နေသည်” တဲ့ တကယ်ဆိုတဲ့ စာပါလားကွဲ့….ရို့ :P

(အဟွင်း… စာတွေကပဲ ချမ်းမြနေတာဖြစ်မှာပါကွယ်..)

ပထမဆုံးတစ်ပုဒ်ကိုတော့ မောင်ဆိုတဲ့ ကဗျာလေးနဲ့ စဖွင့်ထားပါတယ် အစ်မရဲ့ မောင်ကဗျာတွေကိုဖတ်နေကျပေမယ့် “ ကြာခဲ့ပြီပဲ….. မတွေ့ရတဲ့နှစ်တွေ နှမြောတသ လွမ်းရတယ်မောင် ” တဲ့ ရင်ထဲမှာတောင် လှိုင်းထသွားတယ် ။

( အိမ်းးး.. ရင်လှိုင်းထခြင်းဆိုတာ ဒါပဲဖြစ်မယ်ထင်တယ်နော်။ နောက်ပြီးအဲဒီကဗျာက ဘာမောင်မှမရှိခင်တုန်းက စပ်ထားတဲ့ ဆယ်ကျောက်သက်အိမ့်ချမ်းမြေ့ရဲ့ ကဗျာပါ။ တစ်ကယ်လည်း မလွမ်းလို့.. တစ်ကယ်လွမ်းရင် ဘာစာမှ ထွက်မလာနိုင်ဘူး :P)

ကြည်ပြာ ၊ ခါလာနဲ့ ခိုင် ၊ ချစ်သူ့အိမ် ၊ ချစ်သူ့လွယ်အိတ် စတာတွေကတော့ ဖတ်ဖူးပြီးသားတွေပဲဖြစ်လို့လား အရေးသားတွေကိုပဲ မှန်းမိနေလို့လားတော့မသိ သာမာန် အချစ်ဝတ္တုတွေဖတ်နေကျအတိုင်း ရင်ထဲထူးပြီး ဘာမှ မခံစားမိဘူး……အဲ့ တစ်ခုသတိထားမိတာက ချစ်သူ့လွယ်အိတ်က သရုပ်ဖော် ပန်းချီက ၀တ္ထုနဲ့ အရမ်းကို လိုက်ဖက်လွန်းတာပါပဲ။ ပုံဆွဲသူရဲ့ ဆိုင်းမှာ NNE 09 တွေကိုသတိထားလိုက်ကြည့်မိတော့ သူ့ရဲ့ ပုံတွေက တော်တော်ကိုကောင်းနေပါတယ် ။ ဗဟုသုတရစရာ နီနာ ၊ မျက်ဝန်းညိုမကို ဒီတစ်ခါသေချာဖတ်လိုက်တော့ အပေါ်ယံပြင်ဆင်မှုတွေနဲ့ မာနရိပ်တွေ လွှမ်းနေတဲ့ ဘာဘီထက် မျက်ဝန်းညိုမလေး ဒိုရာကို ပိုသဘောကျမိတယ် ။ ရုပ်ရှင်လက်မှတ်လေး ၂စောင် အရောက်မှာတော့ ဇတ်လမ်းရဲ့အဆုံးကိုကြိုသိနေပေမယ့် ဖတ်ချင်လွန်းတဲ့ စိတ်နဲ့အတူ ဒါဖတ်ြုပီး ရင်ထဲခံစားရအုံးမှာသိပေမယ့် ဖတ်ဖြစ်အောင်ကိုဖတ်လိုက်သေးတယ် ဒါကပဲ ဒီဝတ္ထုရဲ့ ဆွဲဆောင်မှုထင်ပါရဲ့ ။ “ချစ်ရသူနဲ့ပေါင်းစည်းနိုင်ခြင်းဆိုသည်မှာ ဘ၀ရဲ့အောင်မြင်ခြင်း တစ်ခု ပါပဲ ” တဲ့။ ဒီစကားပြောလေးကို အရမ်းကြိုက်တယ် ။

(အဲဒါ လူငယ်တွေ သိပ်ကြိုက်လို့တော့ မဖြစ်ဘူး။ တော်ကြာ အိမ့်ချမ်းမြေ့က ဒီလိုပြောလို့ပါဆိုပြီး ကလေးတွေ စာမဖတ်တော့ဘဲ ဘ၀ရဲ့အောင်မြင်ခြင်းကြီးဆိုတာဟာ ချစ်ရသူနဲ့ပေါင်းစည်းရခြင်းပါလားဆိုပြီး ရည်းစားနဲ့ပေါင်းဖို့ချည်းပဲ လုပ်နေမှ ခက်နေမယ်.. ဟင်း )

စာမျက်နှာ 85က ယုဇနပင်နဲ့ စာမျက်နှာ 197က နံပါတ် ၈ များနှင့် ခရီးထွက်ခြင်းကည ၈ ဂဏာန်းတွေနဲ့တိုက်ဆိုင်မှုတွေအကြောင်းစိတ်ဝင်စားစရာပါ ။ ငွေရောင်မြစ်ကို ဒီဘလော့ပေါ်မှာတင်တုန်းက သေဖို့ကိုမေ့နေတာ ဒါလေးဖတ်မှ မှတ်မိတယ်လို့ရေးခဲ့မိတာကို ပြန်သတိရမိသလို ကျေးဇူးလည်းထပ်တင်သွးပါတယ် ခုလည်းသေဖို့အတွက် ဘာမှမလုပ်ရသေးဘူး ။ ပန်းချီအောင်နိုင်လတ် ရဲ့ မာယာသစ်ပင်ကိုရောက်တော့ အသံထွက်ပြီးရယ်မိတယ် သဘောကျလွန်းလို့ ကောက်ကြောင်းလှလှနဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ခြေ လက်တွေက သစ်ကိုင်း သစ်မြစ်တွေကိုဖြစ်လို့း) ။ ကျမ ချစ်တဲ့သစ်တစ်ပင်မှာတော့ သစ်ကိုင်ကြီးက ကောင်မလေးကို ပြောတဲ့ စကား ကောင်မလေးက ပြန်ပြောတဲ့ စကားပြောတွေက တော်တော်ကိုအနှစ်သာရရှိတာပဲ “ အခြေနေတစ်ခုမှတစ်ခုပြောင်းခြင်းဟာ ကောင်းကင်ဘားတန်းတစ်ခုမှ နောက်တစ်ခုကို လွှဲခုတ်ခြင်းလိုပါပဲ ” တဲ့ ။ ဂယက် ကိုဖတ်တော့ အညိုရောင် အမွှေးပွပွလေးနဲ့ဝက်ဝံပေါက်လေးကို သနားသွားမိတယ် သေနတ်သံတစ်ချက် တောင်နံရံတွေမှာ ပဲ့တင်သွားတဲ့ အတွက်ကြောင့်ပေါ့ ။ ဆောင်းအိပ်မက်ကို ဖတ်ပြီးရင်ထဲနင့်သွားတယ် ၀ိညာဉ်ဘ၀ကနေ ချစ်သူမေကိုလာကြည့်တဲ့မောင် ၊ သူ့ကိုလွမ်းလို့ မျက်ရည်စတွေနဲ့ ချစ်သူရဲ့ တိုးဖွဖွ ခေါ်သံတွေကြားမှာ သူဘယ်လို ခံစားရမှာပါလိမ့်လို့ မဆီမဆိုင်တွေးမိနေသေးတယ် ။

ဝတ္ထုတွေ ကဗျာတွေ အားလုံးကို ကောင်းပါတယ်လို့ပြောရင်လည်း ယုံမှာမဟုတ်လေတော့ မုသားချိုချိုတွေလည်း သုံးမနေတော့ပါဘူး နောက်ဆုံးပိတ် အိတ်နဲ့လွယ် အစ်မရေးတဲ့ စာတွေထဲက ကျနော့် အကြိုက်ဆုံးတွေထဲပါတဲ့ ဂုဏ်မက်သူကိုဖတ်လိုက်ရတော့ ပျော်သွားတယ် ငါးသည်မလေးအဖြစ်လည်း တက္ကသိုလ်ကျောင်းသူလေး မြနှင်းကိုလေးစားမိသလို ဆိုက္ကားသမားလေး နိုင်မင်းကိုလည်းသနားမိတယ် ပြီးတော့ ဆန်းသစ်ကိုလည်း နားလည်ပေးလို့ရတယ် ဘာကြောင့်လည်းဆိုတော့ မိန်းခလေးတွေမှာတောင် ရွေးချယ်ပိုင်ခွင့်ရှိသေးရင် ကျနော်တို့မှာကော ဘာကြောင့်ရွေးချယ်ခွင့်မရှိရမှာပါလိမ့် ( စာရဲ့ဆိုလိုရင်းနဲ့ နည်းနည်းတော့ လွဲနေတယ် ) ဒီလိုရွေးချယ်မိတဲ့သူတွေကိုကော မျက်နှာများတဲ့ မောင်လို့ဆိုလေမလား…………..။

မျက်နှာများသူလို့တော့ ဆိုကြမယ်မထင်ပါဘူး။ နဂိုကတည်းက ရွေးချယ်နေကြောင်း ကြေငြာထားရင်ပေါ့နော်.. :P တစ်ကယ်တော့ ယောင်္ကျားတွေမှာ ရွေးချယ်ပိုင်ခွင့် ပိုများတာပါ။ ယောင်္ကျားတွေဟာ ပိုလွတ်လပ်သလို အပစ်တင်ခွင့်နဲ့လည်း ပိုကင်းလွတ်တယ်။ စကားပုံတွေကိုက ယောင်္ကျားကောင်း မောင်းမတစ်ထောင်တဲ့ ၊ မိန်းမကောင်း ပန်းတစ်ပွင့်ပန် တဲ့ (ဆိုးလိုက်လေခြင်း..) ဒါဟာဦးနှောက်ကို သက်သက်မဲ့ လျှော်ဖွပ်ခြင်းကိစ္စဖြစ်တယ်) ဖြစ်နိုင်ရင် ဒီစကားပုံတွေဟာ အဘိဓာန်မှာကို မရှိသင့်တော့ဘူး။ ဒီစကားပုံတွေကြောင့် အတူတူစောင့်စည်းရမှာကို မိန်းမတွေက စောင့်စည်းရမှုအပိုင်းက ပိုများပါတယ်။ မိန်းမတစ်ယောက်ဟာ ကိုယ့်ကိုချည်းကပ်လာသူတွေအထဲကမှ ရွေးချယ်ခွင့်ရှိတာပါ။ ကိုယ့်ကိုမချည်းကပ်တဲ့သူကို ကိုယ်ကစပြီး ဘယ်လိုသွားပြောမလည်း (မြန်မာပြည်မှာပြသော ကိုးရီးယားကားတွေထဲမှာတော့ မသိ) society တစ်ခုလုံးနဲ့ ဘာသာတရားတွေရဲ့ ထိန်းချုပ်မှုတွေအောက်မှာ၊ ဦးနှောက်နဲ့ နှလုံးသားလွန်ဆွဲပွဲတွေမှာ ဦးနှောက်ရဲ့အနိုင်ရမှုရရှိခြင်းဟာ အောင်မြင်မှုတစ်ခုလို့ လူအများစုက သတ်မှတ်နေကြဆဲ ပတ်ဝန်းကျင်မှာ၊ မိန်းမတွေရဲ့ စောင့်စည်းထိန်းသိမ်းမှုတွေဟာ ခေါက်ရိုးကျိုးလို့ နေသားကျလာကြတာ ကြာပါပြီ….. ဒါကတော့ မောင်မျိုးရေးတာနှင့် ဘာမှမဆိုင်ဘဲ ကိုယ့်ဟာကိုယ်ဖြစ်တဲ့ ခံစားချက်အချို့ကိုရောချပြီး မိန်းမထုကြီးတစ်ခုလုံးဘက်မှ အဒွန့်တက်ခြင်းသာဖြစ်၏)

ချစ်ခြင်းနဲ့ အတူချစ်သူတွေရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ လက်ထပ်ခြင်းမှာ မြနှင်းပြောတဲ့ ရိုးဂုဏ်က ရာနှုန်းပြည့်တော့ မပါဝင်နိုင်ပါဘူးလေ ။ ရိုးသားမှုတစ်ခုတည်းပိုင်ဆိုင်တဲ့သူတစ်ယောက် ချစ်သောသူနဲ့ ကွေကွင်ရခြင်းမှာကော ဘောင်တွေခတ်တတ်လွန်းတဲ့ ပတ်ဝန်းကျင်ကြောင့်လား ဂုဏ်နဲ့ တိုက်ရိုက် အချိုးကျနေတဲ့ ပညာတွေ ငွေတွေကြောင့်များလားဆိုတာကတော့ တွေးရခက်တဲ့ အရာတစ်ခုပါပဲ ။

အဲ… လိုက်လို့မမှီဘူး။ တစ်ကယ်လိုက်မမှီတော့ဘူး မောင်မျိုးရေ….

ဒီပို့စ်လေးနဲ့အတု ဘလော့စာမျက်နှာတွေပေါ်ကနေ စာပေနယ်ကို ခြေလှမ်းသစ်စပျိုးလိုက်တဲ့ မလေး ”အိမ့်ချမ်းမြေ့” ကို ဂုဏ်ပြုလျှက် ……….။

ခင်မင်ရသော အစ်မရဲ့ စာဖတ်ပရိသတ်မောင်မျိုး ။

(ဒီစာလေးအတွက် မောင်မျိုးကို ကျေးဇူးတင်ပါတယ်။)

Friday, January 08, 2010

ေ၀၀ါးမျက်ရည်

မောင်.........

စကားလုံးတွေဆိတ်
တိုးတိတ်သွားပြီ။

မျက်လုံးတွေပိတ်
မျက်ရည်တွေလည်း အဆုံးသတ်မဲ့ပြီ။

ပန်းတွေလည်း ကြွေကျ
နွမ်းလျကုန်ပြီ။

ကျမဦးနှောက်တွေပျက်ယွင်း
အလင်းမဲ့ပြီ။

မလျှောက်ချင်တဲ့လမ်းပေါ်
အတင်းဆွဲခေါ်နမ်းပြီးမှ
တစ်ယောက်တည်း လှမ်းစေတဲ့မောင်။

ေ၀၀ါးသွားတဲ့ မောင့်ကျောပြင်မှာ
ကျမရဲ့ မျက်ရည်တစ်စ
အမှတ်တရပါ....မောင်။




ဘာရယ်မဟုတ် စာရေးလို့ကို မရတော့လို့ လူတွေမလာသော ဘလောဂ်မှာ တိတ်တဆိတ်လာရေးခြင်းပါ။
ဒီနေရာလေးမှာဆက်ပြီး
မည်သူကိုမျှ မရည်ရွယ်သော...
စိတ်ထဲထင်ရာများဖြစ်သော..
အခြားသူများရဲ့ခံစားချက်များကို ကိုယ်တိုင်ခံစားချက်လုပ်ပြီး စပ်ဆိုသော..
ခပ်ညံ့ညံ့ကဗျာများ၊ စာများကို တိတ်တဆိတ်လာပြီး ဖွဲ့ဆိုနေဦးမှာဖြစ်ပါတယ်..
အိမ့်ချမ်းမြေ့ဆိုတာကို မြေမြှုပ်မသဂြိုလ်ခင် အထိပေါ့။

ကလောင်ကို မထိန်းချင်သော....(အဲ.. ကီးဘောဒ်နှင့်လက်ချောင်းများကို မထိန်းချင်သော.. :P)
စိတ်လွတ်လပ်ချင်လွန်းသော.....
အိမ့်ချမ်းမြေ့

Thursday, January 07, 2010

ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ ၂၀၁၀

ကိုရင်ညိန်းစီစဉ်တဲ့ မိခင်မေတ္တာဘွဲ့ကဗျာစု များပါ။
တင့်ထူးရွှေ ရဲ့ “ကြိုးမညီတဲ့ ဂစ်တာတစ်လုံးရဲ့ မယ်လိုဒီ”
မောင်ခင်လေး ရဲ့ “သို့မေမေ”
အမရာ ရဲ့ “ခပ်လှမ်းလှမ်းက လှမ်းရင်းနဲ့လွမ်း”
အိုင်လွယ်ပန် ရဲ့ “ကကြီးကနေ အ.. အမေ့ကိုငါဆိုပြခဲ့”
ဖုန်းမြင့် ရဲ့ “မြန်နှုန်းမြင့်စိတ်နဲ့ပဲ မေမေ့ကို ဆက်သွယ်လိုက်တယ်"
မင်းယွန်းသစ် ရဲ့ “မေမေ့ဆီရေးတဲ့ စာမျက်နှာမှာ ခြစ်ရာတွေဗရပွနဲ့”
စိုင်းလောဝ်ပိန်း ရဲ့ “အမေအတွက်ကဗျာ ၃”
Open mind ရဲ့ “အမေနဲ့ကျွန်တော်ဘယ်တော့မှ မဝေးဘူး”
ပိုင်မင်းဆွေ ရဲ့ “မေမေဟာရန်သူတွေကို တစ်ယောက်တည်းရင်ဆိုင်”
ညိမ်းညို ရဲ့ “ရနံ့၅”
ဖြိုးငယ် ရဲ့ “မေမေဖတ်ဖို့ ကဗျာတစ်ပိုဒ်”
သက်ထွန်းငြိမ်း ရဲ့ “လေနှင်ရာလွင့်တဲ့အမှိုက်တစ်စ”
ဗသားချော ရဲ့ “မေမေနဲ့အတူ”
မှိုးလှိုင်ညရဲ့ “နောက်ဆုံးအခွင့်”
ဆောင်းယွန်းလ ရဲ့ “မေမေ့ကိုလွမ်းလို့ ဆိုမိတဲ့သီချင်း”
ရွှေပြည်သူ ရဲ့ “ကတိ”
သစ်ကောင်းအိမ် ရဲ့ “ဆောင်းများ”
ပန်ဒိုရာ ရဲ့ “အဆုံးအစမဲ့သော”
အောင်သာငယ် ရဲ့ “မရှိတော့ပြီဖြစ်သော မိခင်နှင့် စကားပြောခြင်း”
သင်ကာ ရဲ့ “အေးမြနွေးထွေးခြင်း”
အိန္ဒြာ ရဲ့ “အမေကတော့ ကျွန်မကို လက်ဆောင်အဖြစ်ပေးလိုက်ပြီ”
သိုးထိန်း ရဲ့ “မေမေနဲ့ကျွန်တော်”
အိမ့်ချမ်းမြေ့ ရဲ့ “အသံရှင်”
ကောင်းကင်ကို ရဲ့ “မေမေစင်တာကလော့စ်”
မိုးမြင့်တိမ် ရဲ့ “အမေကျေနပ်မှာပါလေ”
သံစဉ်ဖြိုး ရဲ့ “အမေ့ရင်ခွင်ရဲ့ အဝေးမှာ”
ဗညားရှိန် ရဲ့ “အမေ့ခြေရင်း ထာဝရဦးချကန်တော့ပါရစေ”
ရိုးမြင့်အောင် ရဲ့ “ကောင်းကင်မှာလမင်း မြေပြင်မှာစမ်းရေ”
ရွှန်းမီ ရဲ့ “သက်စောင့်ဂါထာ”
တို့ပါဝင်ပါတယ်။

Friday, January 01, 2010

မင်္ဂလာနှစ်သစ်ပါ..

အားလုံးပဲ မင်္ဂလာနှစ်သစ်ဖြစ်ကြပါစေရှင်…
အခုမှ ဗင်ကူးဗား ကနေဒါက နှစ်ကူးအပြီး တစ်နာရီနဲ့သုံးဆယ့်ခုနှစ်မိနစ်ပဲ ရှိပါသေးတယ်။
ပျော်ရွှင်ကြပါစေ..

1.

Happy New Year!!!
မိသားစုအားလုံးပျှော်ရွှင်ပါစေ…
Comment by minthant2009 — January 1, 2010 @ 3:53 am
2.

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့နှစ်သစ်ပါ မရေ။
မရဲ့စာအုပ်လည်း စောစောကပဲဖတ်ပြီးသွားတယ်။ ၀တ္ထုလေးတွေ ကြိုက်တယ်။ ကဗျာလေးတွေရောပဲ။ အကြိုက်ဆုံးတွေက ကျွန်မချစ်တဲ့သစ်တစ်ပင်၊ ရုပ်ရှင်လက်မှတ်လေးနှစ်စောင်၊ ချစ်သူ့အိမ်၊ ရေဆန်ငါးနဲ့ ဆောင်းအိပ်မက်။ ရုံးကမမများ၊ လွင်ပြင်ခရီး၊ ဂယက်၊ နံပါတ်(၈)များနှင့်ခရီးထွက်ခြင်း၊ ပင်ဂွင်နဲ့ဆော်လမွန်တို့အိမ်အပြန် တို့ကိုလည်း ကြိုက်တယ်။ ၀တ္ထုအသစ်တွေ ဆက်ရေးပါအုံးနော်။
မအိမ့်ကိုအားပေးနေတဲ့
ဇွန်
Comment by ဇွှန်မိုးစက် — January 1, 2010 @ 4:08 am
3.

မင်္ဂလာနှစ်သစ်ပါ မလေး။
အနုပညာစာတွေကို မျှော်လင့်နေပါမယ့်။
Comment by အပြုံးပန်း — January 1, 2010 @ 4:13 am
4.

ဟုတ်လား မရေ ဒီမှာတော့ နှစ်ကူးပြီးတာ တော်တော်ကြာသွားပြီ အသက်တစ်နှစ်ပိုကြီးသွားပြီလေ နှစ်သစ်မှာ ပျော်ရွှင်ပါစေ မ
ခင်မင်စွာဖြင့်
ဝိုင်း
Comment by Waing — January 1, 2010 @ 4:20 am
5.

Happy New Year sis
Comment by လုံမလေး — January 1, 2010 @ 5:01 am
6.

အစ်မရေ မင်္ဂလာနှစ်သစ်ပါခင်ဗျာ။နှစ်သစ်မှာပျော်ရွင်မှုတွေနဲ့ပြည့်စုံပြီးကျန်မားချမ်းသာပါစေလို့ဆုတောင်းပေးခဲ့ပါတယ်။
Comment by တောသားလေး — January 1, 2010 @ 6:53 am
7.

မလေးရေ…
ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေဗျာ….နော့
(ဗျောင်းဗြန်ဂျီးနော်…ဟီးးးးးး သူများတွေများ… တစ်ရေးဒေါင်နိုးနေဘီ…:D….)
ခင်မင်တဲ့
ဏီလင်းညို
Comment by ဏီလင်းညို — January 1, 2010 @ 7:37 am
8.

မင်္ဂလာနှစ်သစ်ပါ မလေးရေ..
ပျော်ရွှင်အဆင်ပြေဆုတောင်းတွေပြည့်ပါစေ..
Comment by shwunmi — January 1, 2010 @ 9:06 am
9.

ပျော်ရွှင်သော မိသားစုလေးနဲ့ ၂၀၁၀နှစ်သစ်ကို အေးချမ်းပြည့်စုံစွာ ဖြတ်သန်းနိုင်ပါစေ..
ချစ်တဲ့ အမ ခင်မင်းဇော်
Comment by ခင်မင်းဇော် — January 1, 2010 @ 9:33 am
10.

အစ်မရေ
ပျော်ရွှင်စရာ နှစ်သစ်လေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.
စာတွေလဲ အမြဲ ရေးနိုင်ပါစေနော်..
ဆန္ဒအားလုံးပြည့်စုံနိုင်ပါစေလို့
Comment by ချော(အစိမ်းရောင်လွင်ပြင်) — January 1, 2010 @ 9:35 am
11.

ပျော်ရွှင်သောနှစ်သစ်ပါမမလေးခင်ဗျား………
Comment by ပီယာ — January 1, 2010 @ 11:54 am
12.

ပျော်ရွှင်စရာ နှစ်သစ်ပါ မလေးရေ .. စာကောင်းပေကောင်းတွေ အများကြီး ဆက်လက်ရေးသားနိုင်ပါစေနော်.. ညီမတော့ မရေးဖြစ်တော့ပါဘူး။ ဆက်လက်အားပေးနေပါ့မယ် :)
Comment by winkabar — January 1, 2010 @ 1:11 pm
13.

မင်္ဂလာရှိသော နှစ်သစ်လေးပါ မလေးရေ…….. နှစ်သစ် အခါသမယမှ စပြီး မလေးရဲ့ တန်ဘိုးရှိတဲ့ စာပေတွေနဲ့အတူ မလေးချစ်သော စာဖတ်သူများကို သုတ ရသ စုံလင်စွာ ပေးစပ်သွားနိုင်ပါစေ။ အောင်မြင်မှုတွေ စထက်တိုးပြီး ရရှိနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ
Comment by ဒဏ္ဍာရီ — January 1, 2010 @ 9:28 pm
14.

မင်္ဂလာနှစ်သစ်ပါလို့ မလေးနဲ့ တကွ မလေးချစ်တဲ့ မိသားစုဝင် အားလုံးကိုပါ နှုတ်ခွန်းဆက်လိုက်ပါတယ်။
Comment by S-C — January 2, 2010 @ 5:21 am
15.

အားလုံးအတွက် ကောင်းသော မင်္ဂလာနှစ်သစ် ဖြစ်ပါစေ။
Comment by Republic — January 2, 2010 @ 5:49 am
16.

မင်္ဂလာနှစ်သစ်ပါ မမအိမ့်ရေ… ဒီနှစ်သစ်ကစလို့ နောင်နှစ်ပေါင်းများစွာကို ချစ်သော မိသားစုနဲ့အတူ ပျော်ရွှင်ငြိမ်းချမ်းစွာ အခုလိုပဲ အဖိုးတန်စာတွေအများကြီးရေးပြီး ဖြတ်သန်းနိုင်ပါစေ…း)
Comment by ရွှေပြည်သူ — January 3, 2010 @ 7:07 pm
17.

မင်္ဂလာနှစ်သစ်ပါ အစ်မရေး)
Comment by မောင်မျိုး — January 4, 2010 @ 5:07 am
18.

နှစ်ကူးပြီး ၆ရက်အကြာဆိုတော့ အတော်ကို နောက်ကျနေတာပါညီမရေ… ဒါပေမယ့် ချစ်မေတ္တာတွေ အပြည့်အ၀ထည့်ထားတဲ့ နှစ်သစ်ကူးဆုတောင်းလေးပါနော်… ချစ်တဲ့ညီမအိမ့် နာမည်လေးနဲ့ လိုက်အောင် ချမ်းမြေ့ငြိမ်းချမ်းတဲ့ နှစ်သစ်လေးကို ပိုင်ဆိုင်နိုင်ပါစေလို့ 
Comment by တန်ခူး — January 6, 2010 @ 7:24 am

LinkWithin

Related Posts Plugin for WordPress, Blogger...