မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, December 28, 2010

စိတ်နှင့်အချစ်

အပြင်မှာ လေပြင်းမုန်တိုင်းတို့ တိုက်ခတ်နေကြသည်၊
ခေါင်းလောင်းသံတို့က ဆူညံလွန်းသဖြင့် ညငှက်တို့ပင် ဆိတ်ဆိတ်နေကြကုန်သည်၊
ကောင်းကင်သည် အနီရောင်ရဲရဲ မီးခိုးများကို ပန်းပွင့်အသွင်ဖော်ကျူးလျှက်၊
မြေပြင်ပေါ်တွင်လည်း နှင်းခဲတို့သည် ဖွေးဖွေးဖြူလျှက် ရှိကြကုန်သည်။

မီလင်းဖိုထဲမှ ထင်းခဲများ မီးလောင်ကျွမ်းသံ တို့သည်
ကျွန်ုပ်ရင်ထဲက လောင်ကျွမ်းပြာကျသံတို့ကို မမှီနိုင်၊
သခင့်မွေးနေ့တော်အမှီ နှုတ်ခွန်းဆက်သလာသော ချစ်သူ့သ၀ဏ်လွှာက
ကျွန်ုပ်ရင်ကို လွမ်းဆွတ်မှုများဖြင့် အဖန်ဖန်သုတ်လိမ်းလျှက် ရှိကြကုန်သည်။

စိတ်ဆိုသည်မှာ အသွားအပြန် ရှိကောင်းရှိသော်ငြားလည်း
အချစ်ဆိုသည်မှာ အသွားအပြန် ရှိချင်မှ ရှိလိမ့်မည်ဖြစ်သည်။
အချစ်သည် အသွားအပြန်ရှိခံ့မည်ဆိုပါက ...
ကျွန်ုပ်ကို ချစ်ခင်စုံမက်သူတိုင်းကို ပြန်လည်စုံမက်ရပေတော့မည်။
ယခုတော့.. သူတို့ကို မောင်ရင်းနှမစိတ်ထက် မပိုခဲ့။
ထို့ထက်ပို၍.. ကျွန်ုပ်နှလုံးသားတစ်စုံက ....
တစ်ယောက်သောသူထံမှ.. ဘယ်တော့မှ မရ နိုင်မည့်
အကြင်နာများအား မျှော်လင့်တောင့်တ နေခဲ့ပြီ။

အချစ်၏ အကြွင်းအကျန်ဖြစ်ကုန်သော သံယောဇဉ် တစ်ပိုင်းတစ်စဖြစ်သည့်
ချစ်သူ၏... သနားခြင်းသက်သက်သာဖြစ်သည့် အကြင်နာများသည်..
အကျွန်ုပ်အား နာကျင်ခြင်းဝေဒနာကို ပိုမိုခံစားစေပါသည်။
ကျွန်ုပ်အား.. မချစ်နိုင်၍ သနားကြင်နာခြင်းထက်စာလျှင်....
ချစ်သူ၏ မုန်းတီးခြင်း သို့မဟုတ်... မေ့ပျောက်သွားခြင်းကို ပိုမိုတောင့်တ မိလေသည်။

အပြင်မှာ လေပြင်းမုန်တိုင်းတို့ ဆိတ်ငြိမ်သွားခဲ့ပြီ၊
ခေါင်းလောင်းသံတို့လည်း တိတ်ဆိတ်သွားခဲ့ပြီ၊
ကောင်းကင်သည်လည်း နံနက်ခင်းကို ခရီးဦးပြုရန် ပန်းနုအရောင်များကို ကြဲချထားလိုက်ပြီ
ငှက်ငယ်ကလေးများကလည်း တေးသီချင်း သီဆိုစပြုလေပြီ၊
ပြူတင်းပေါက်မှ အလင်းရောင်မှိန်ဖျော့ဖျော့က ကျွန်ုပ်အိပ်ရာပေါ်သို့ ထိုးဆင်းလာပြီ။
ယနေ့သည် မနေ့က အတိုင်းကဲ့သို့ပင်...။

ကျွန်ုပ်သည်ကား ချစ်သူ ပြန်မလာမည့်လမ်းကို မျှော်ငေးရင်း
မျက်လုံးတို့ ရီဝေစိုမွတ်လျှက် ရှိပါတော့သည် တကား။

13 comments:

ငွေစန္ဒာ said...

မရေ လာရောက်ခံစားသွားပါတယ်။

မောင်မျိုး said...

အချစ်က စိတ်နဲ့ဆက်စပ်နေတဲ့ ဦးနှောက်ကို ဖြားယောင်းနိုင်ပေမယ့် စိတ်ဦးနှောက်ကတော့ အချစ်ကို အဆိပ်ခပ်နိုင်ပါတယ် ။

ထင်တာပါး)

မေပယ်လ် said...

ဖတ်ပြီး တစ်စုံတစ်ရာကို လေးလေးနက်နက် စဥ်းစားမိသွားတယ်..။ သြော်..ဆက်စပ်နေသောအရာများ

အိမ့်ချမ်းမြေ့ said...

ငွေစန္ဒာ.. ဟုတ်ကဲ့ ညီမလေး။ မလေးလည်း ပုဇွန်ချဉ် သွားဖတ်သေးတယ်..။

မောင်မျိုး.. ၃၅ခါ တိတိ ဖတ်လိုက်ရတယ်။ တော်တော်မြင့်တယ် .. မင့်အစ်မ လိုက်မမှီဘူးကွယ်..။

မေပယ်လ်... တဂိုးရဲ့ ၀ိညာဉ်ဝင်ပူးသောညက စပ်ထားတာလေးပါကွယ်.. ဘာရယ်မဟုတ်ပါဘူး။

မောင်မောင် said...

မလေး
ကဗျာလေး ကိုသေသေချာချာ ဖတ်သွားပါတယ်။
ရာဘင်ဒြာနတ်တဂိုး ရဲ့  ၀ိညဉ်တွေ ပူးကပ်ယင်
ကဗျာကောင်းလေးတွေ ပေါ်ထွက်လာတယ် နဲ့ တူ
တယ်နော်။
ဘာတဲ့
“ စိတ်ဆိုသည်မှာ အသွားအပြန် ရှိကောင်းရှိသော်ငြားလည်း
အချစ်ဆိုသည်မှာ အသွားအပြန် ရှိချင်မှ ရှိလိမ့်မည် ဖြစ်သည်။
အချစ်သည် အသွားအပြန်ရှိခဲ့ မည်ဆိုပါက..
ကျွန်ုပ် ကို ချစ်ခင်စုံမက်သူတိုင်းကို ပြန်လည်စုံမက်
ရပေတော့မည်။
ယခုတော့ ..သူတို့ကို မောင်ရင်းနှမစိတ်ထက်မပိုခဲ့ ။
ထို့ ထက်ပို၍..ကျွန်ုပ်နှလုံးသားတစ်စုံက...
တစ်ယောက်သောသူထံမှ.. ဘယ်တော့မှ မရနိုင်မည့်
အကြင်နာများအား မျှော်လင့်တောင့်တနေခဲ့ပြီ။”
အထက်က အပိုဒ်လေး ကို အကြိုက်ဆုံး ပဲမလေး ရေ။
ကဗျာထဲကလိုပဲ မျှော်လင့်တောင့်တသော အကြင်နာများ အမြန်ဆုံး ရရှိနိုင်ပါစေ လို့  ဆုတောင်းပေးပါတယ်။

မောင်မောင် said...

မလေး ရဲ့ 
ကဗျာလေး ကို
သဘောကျ နှစ်ခြိုက်စွာ ဖတ်ရှု့ သွားကြောင်းပါ။

ပျော်ရွှင်တဲ့နှစ်သစ်ဖြစ်ပါစေ။

အိမ့်ချမ်းမြေ့ said...

ဟုတ်ကဲ့အကို...
ကဗျာပါ အကိုရေ.. အဲသလိုပဲ စာတွေရေးသူတွေက ကြုံရာတွေရေးတာ..

~ဏီလင်းညို~ said...

ကဗျာရှည်ကြီးကို တစ်မေ့တမော ခံစားဖတ်ရှုသွားပါကြောင်း.....

စကားလုံးများကောင်းတယ်ဗျ......။

ကျွန်တော်တော့ ရေးဖို့ အားခဲနေတုန်းရယ်...း)

ခင်မင်ခြင်းအားဖြင့်....
ဏီလင်းညို

pyaykaungaung said...

လေတိုက်သံတဟူးဟူးကို ကြားခဲ့တယ်။ မုန်တိုင်းတခုကို မြင်ခဲ့တယ်။ ပြီးတော့ ဘာလို့ခေါ်ရမယ်မှန်းမသိတဲ့ အရာတခုကိုလည်း တွေ့ခဲ့သေးတယ်။ ( ခင်ဗျားမှာ ဒီ ဘလောဂ်ရှိတာကို သိတာမကြာသေးဘူး။)

အိမ့်ချမ်းမြေ့ said...

ကိုဏီ့စာများကို မျှော်နေပါတယ်ရှင်..း)
ကိုပြည်ကောင်းအောင်.. ဘယ်အရာလည်းရှင့်။ ဟုတ်ကဲ့ ကျမ ဒီဘလောဂ်က လူသိပ်မသိသော ဘလောဂ်လေးပါ။

pyaykaungaung said...

ဒါတွေကိုဖတ်ပြီး ရင်ဘတ်ကို မွှေ့ရမ်းပစ်ခဲ့သော ခံစားမှုတခုခုပဲဗျ။ အထီးကျန်ဆန်မှု၊ နာတာရှည် ဆွေးမြေ့မှု၊ အလွမ်း၊ ဓမ္မတရား၊ ဘာလဲတော့ အတိ အကျ နာမည်ဖော်လို့မရဘူးဗျို့..။

"ထို့ထက်ပို၍.. ကျွန်ုပ်၏ နှလုံးသားတစုံက တယောက်သောသူထံမှ ဘယ်တော့မှမရနိုင်မည့် အကြင်နာများအား မျှော်လင့်တောင့်တနေခဲ့ပြီ "

"ကျွန်ုပ်သည်ကား ချစ်သူပြန်မလာမည့်လမ်းကို မျှော်ငေးရင်း မျက်လုံးတို့ ရီဝေစိုစွတ်လျှက်ရှိ ပါတော့သည်တကား။"
( တသက်လုံးမရဖူးတဲ့ ချစ်သူကိုခပ်တည်တည်နဲ့ ဆွေးဆွေးမြေ့မြေ့လွမ်းမိစေတဲ့ ကဗျာလေးပဲး))

အိမ့်ချမ်းမြေ့ said...

နာတာရှည် ဆွေးမြေ့မှု ဆိုတဲ့ စကားလုံးကို သဘောကျသွားပြီ။ ကျမ စာတွေထဲ ယူသုံးခွင့်ပြုပါ

pyaykaungaung said...

ယူစေဗျာ..း))

LinkWithin

Related Posts Plugin for WordPress, Blogger...