မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, November 19, 2010

♫♥●••·˙ထိုအရာ˙·••●♥♫



နေရောင်ခြည်တွေ ထိုးကျ မနေပါပဲ...
ပါးပြင်တွေက နေရင်းထိုင်ရင်းနဲ့
တရှိန်းရှိန်းပေါ့ နွေးနွေးကလေးဖြစ်လာနေတတ်တယ်။

သစ်ရွက်တွေပေါ်တင်နေတဲ့
အေးခဲစိုစွတ် မုန်းစရာကောင်းလွန်းတဲ့ ရေခဲမိုးတွေဟာလည်း..
စိန်ပွင့်လေးအဖြစ် ပုံပြောင်းသွားတတ်တယ်။

တင်းတင်းစေ့လို့ ပြုံးဖို့ မေ့နေတတ်တဲ့ နှုတ်ခမ်းနှစ်လွှာဟာ..
လူမသိ သူမသိ တိုးတိုးကလေးပေါ့ ခိုးခိုးပြုံးနေတတ်တယ်...

လေတိုက်လို့ သစ်ရွက်တွေ ကြွေနေတာဟာလည်း
ညင်သာလွန့်လူးတဲ့ ပန်းချီတစ်ချပ်လို ဖြစ်နေတတ်တယ်..

ငုတ်တုပ်ထိုင်လို့ ငေးငိုင်နေတာတောင်မှ
အဝေးကြီးက မာရသွန်ပြေးလာရသလို
အသက်ရှုက မ၀၊ ပန်းလျှလို့ ဖြစ်နေတတ်တယ်...။

အရောင်မဲ့ နံရံကြီးကို ငေးကြည့်နေတာတောင်မှ
အလှပဆုံး ပန်းချီကို ကြည့်ရသလို
ရင်တွေဟာ ဗြောင်းဆန်လို့
မျက်ဝန်းတွေဟာလည်း တောက်လဲ့ နေတတ်တယ်။

တိတ်ဆိတ်တဲ့ ညတွေမှာ
ခေါင်းဦးကလေးကို ပွေ့ဖက်လို့
မတော်တဆ လွတ်ကျလာတဲ့ တိတ်တခိုးရယ်သံဟာ
ကိုယ့်ကိုကိုယ်ပဲ.. ပြန်ခြောက်လှန့်နေတတ်တယ်။

တန်ခိုးကြီးလှတဲ့ အဲ့ဒီအရာဟာ..
ကိုယ်ငေးနေတာကို မသိ..
ကြွားကြွားဝင့်ဝင့်နဲ့ တင့်တယ်နေလိုက်တာကွယ်..

ဒီလိုနဲ့..
မထိရက် မကိုင်ရက်
ပျောက်ပျက်မှာ စိုးလွန်းလို့
အချစ်ဆိုသော.."ထိုအရာ"..ကိုလေ...

ကိုယ်... ဒီအတိုင်းလေး ထားလိုက်ပါတော့မယ်ကွယ်။

6 comments:

မောင်မျိုး said...

ကျနော်လည်း မာရသွန်မပြေပဲ မောမောနေတယ်း)

ထိုအရာဆိုတဲ့ အဲ့ဒီအရာကို ခက်ကြောက်ကြောက်နဲ့ လိုချင်မိတယ် ဒါမယ့် ဒီတိုင်းလေးပဲထားလိုက်တော့မယ် ကြောက်လို့ :P

မောင်မောင် said...

ဒီလိုနဲ့ ...
မထိရက် မကိုင်ရက်
ပျောက်ပျက်မှာ စိုးလွန်းလို့ 
အချစ်ဆိုသော.."ထိုအရာ"..ကိုလေ..

ကိုယ်...ဒီအတိုင်းလေး ထားလိုက်ပါတော့မယ်ကွယ်။

အဲဒီ အပိုဒ် လေး ကို အရမ်းကြိုက်မိတယ်။
ကဗျာဆရာ ကတော်ပါပေတယ်ဗျာ။

အိမ့်ချမ်းမြေ့ said...

မောင်မျိုး...

အင်း...
အင်း လို့ပဲ ပြောတော့မယ်။ ဟိုတစ်ခါလို အသည်းကွဲမစိုးလို့ ငြိမ်၂နေတော်မူပါနော် :)

မောင်မောင်
အကိုရေ.. မင်္ဂလာပါရှင်။ ကဗျာကို လာအားပေးတာ ကျေးဇူးတင်ပါတယ်။

Khinmarlaraung said...

“ဒီလိုနဲ့ ...
မထိရက် မကိုင်ရက်
ပျောက်ပျက်မှာ စိုးလွန်းလို့ 
အချစ်ဆိုသော.."ထိုအရာ"..ကိုလေ..”

ဆိုတဲ့ အချစ်ကို တန်ဖိုးထားမှုလေးအပေါ်
အရမ်းကို သဘောကျမိပါတယ်။ :)
...ခင်မင်လျှက်...ခင်မာလာအောင်..:)

မေပယ်လ် said...

တန်ခိုးကြီးသတဲ့လား...
အင်း ဟုတ်မှာပါလေ...ဟုတ်ပေမပေါ့
ဖွဲ့သီပုံလေး လှတယ်လို့တော့ မပြောတော့ပါဘူး
(ယောဘိုးလှိုင်ကို ဆင်ထိန်းက ချီမွမ်းသလို ဖြစ်နေမှာစိုးလို့)

ပြည်ကောင်းအောင် said...

ကောင်းလိုက်တဲ့ကဗျာ .. ။ "အချစ်" (အထူးသဖြင့် မိန်းကလေးတွေရဲ့ အချစ်) ကို မျက်ဝါးထင်ထင်၊ အနီးကပ်၊ slow motion မြင်နေရသလို ရှိတယ်။ ကဗျာရဲ့ "ရင်တွင်းဖြစ်" ဖြစ်မှု/ အစစ်အမှန် ဖြစ်မှု ( sincerity/ authenticity ) ကိုလည်း မြင်ရတယ်။ လူတယောက်ရဲ့ ပုဂ္ဂလဓိဌာန် (Subjective) အတွေ့အကြုံ တခုဟာ လူတိုင်းနဲ့ သက်ဆိုင်နေရင် ဓမ္မဓိဌာန် (Objective) အကြောင်းအရာ ဖြစ်လာနိုင်တာ ပါလား လို့ တွေးနေမိပါတယ်။

LinkWithin

Related Posts Plugin for WordPress, Blogger...