မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, November 16, 2010

♫♥●••·˙အချိန်မတန်သေးလို့လား ˙·••●♥♫

ကလေးရေ...
ဖြစ်ဖူးတယ်.. ဒီလိုအဖြစ်မျိုး..
ဒီနေ့မှ ဖြစ်တာ မဟုတ်ပါဘူးကွယ်...
ဒါပေမယ့်... ဒီနေ့ကတော့..... 


ဒီကနေ့.. မိုးသည်းထန်စွာ ရွာသွန်းနေတဲ့နေ့..
ထမင်းစားချိန်ပေမယ့် တိတ်ဆိတ်နေတဲ့ လက်ဘက်ရည်ဆိုင်ထဲမှာ ခပ်လှမ်းလှမ်းစားပွဲက ကော်ပြန့်လိပ်ကြော်ကို စိမ်ပြေနပြေစားနေတဲ့ အဖြူမ တစ်ယောက်ရယ်.. မှန်ပြင်ကို အရှိန်ပြင်းပြင်း ထိခတ်နေတဲ့ မိုးစက်တွေကို ငေးနေတဲ့ ကိုယ်ရယ်.. နှစ်ယောက်တည်း။

လာနေကျမို့ ဘာစားမလည်းသိနေတဲ့ ဟောင်ကောင်စားပွဲထိုး မလေးက စားပွဲပေါ်ကို.. ချိုပေါ့ကျဟောင်ကောင်လက်ဘက်ရည်တစ်ခွက်၊ ပေါက်ဆီတစ်လုံး၊ ရေနွေးကြမ်းဖန်ခွက်တစ်ခွက်၊ ငရုတ်ဆီတစ်ပုလင်း နဲ့ လက်သုတ်ပုဝါလေးတွေ လာချပေးပြီး ထွက်သွားတယ်။

ပေါက်ဆီတစ်လုံးကိုတောင် မနည်းနိုင်အောင် စားသောက်အပြီး နာရီကိုကြည့်လိုက်တော့ နေ့လည် ၂နာရီမှာလာမယ်ပြောထားတဲ့အတွက်.. ရုံးချိန်က ကပ်နေပြီ။ ဒါနဲ့ စားပွဲပေါ်မှာ ပိုက်ဆံကိုထားပြီး ထွက်လာခဲ့တယ်။ ခုံက အထမှာ ကော်ပြန့်လိပ်ကို တလွှာချင်းခွာလို့ ဇိမ်ယူစားနေတဲ့ အဖြူမက လှမ်းပြုံးပြတော့ ကိုယ်လည်း ပြန်ပြုံးပြလိုက်တယ်။

"အပြင်မှာ ရာသီဥတုက သိပ်ကိုအရုပ်ဆိုးအကျည်းတန်တာပဲနော်"
သူမက ကော်ပြန့်လိပ်ကို ခွာနေရင်း ပြောလိုက်တယ်...

"ဟုတ်ပါရဲ့.. ဒါပေမယ့် ဘဲကလေးတွေအတွက်ကတော့ အလွန်လှတဲ့ ရာသီဖြစ်နေမှာ"
ကိုယ်ပြန်ပြောလိုက်တော့ သူမ အသံထွက်အောင် ရယ်လိုက်တယ်။


ထုံးစံအတိုင်း ဒီမြို့နေလူတွေရဲ့ သဘာဝအတိုင်း ရာသီဥတုအကြောင်း အစချီ+အဆုံးချ နှုတ်ဆက်လိုက်ပြီးတော့ မိုးရွာထဲကနေ စာကြည့်တိုက်ဘေးမှာ ရပ်ထားတဲ့ ကားဆီကို ထွက်လာခဲ့တယ်။ ဆိုင်တံခါးဝက ခေါင်းလောင်းသံကလေးက ညံပြီးကျန်ခဲ့တယ်။

စာကြည့်တိုက်ဘေးလမ်းကြားကနေ... ၁၀၄ လမ်းမပေါ်ကို တက်ဖို့ တန်းစီနေတဲ့ ကားတန်းတွေကြားထဲ ကိုယ်လည်းတိုးဝင်လို့ စောင့်နေလိုက်တယ်။ လမ်းကြားကနေ ၁၀၄ လမ်းမပေါ်ကိုတက်ဖို့ လမ်းဆုံက မီးပွိုင့်မရှိဘူး။ လမ်းကြားထဲကို ၀င်မယ့် ဘယ်ညာ ယဉ်ကြောနှစ်ဘက်လုံးက ကားတွေကလည်း ၁၀၄ လမ်းမကြီးပေါ်မှာ တန်းစီလို့။ ၁၀၄လမ်းမကြီးပေါ်က ယာဉ်ကြောတွေမှာ ကားတွေက မိုးရွာနေတာတောင် အရှိန်မလျော့ကြသေးဘူး။


ကလေးရေ....
ဖြစ်ဖူးတယ်.. ဒီအဖြစ်မျိုး..
ဒီနေ့မှ ဖြစ်တာ မဟုတ်ပါဘူးကွယ်...
ဒါပေမယ့်... ဒီနေ့ကတော့.....

အဲ့ဒီနေ့က ဟိုင်းဝေးလမ်းမကြီးပေါ်မှာ မြူတွေသိပ်သည်းစွာ ကျနေတဲ့နေ့။ မီးကြီးဖွင့်မောင်းတာတောင် ရှေ့ဝါးနှစ်ရိုက်စာကို မနည်းမြင်အောင် ပြူးကြည့်ပြီး မောင်းနေရတယ်။ အမြန်ယာဉ်ကြောထဲမှာ ခပ်မှန်မှန်မောင်းလာနေတုန်း ကျယ်လောင်တဲ့ အသံတစ်ခုနဲ့ ကားတစ်စင်းလုံး သိမ့်သိမ့်ခါသွားပြီး၊ မျက်နှာချင်းဆိုင်ယာဉ်ကြောထဲကို ရောက်သွားတယ်။ အဲဒီအချိန်မှာ ရှေ့တည့်တည့်က လာနေတာကို မီးစူးစူးကြီးတွေ ဖွင့်မောင်းလာနေတဲ့ ကုန်တင်ကားကြီး။ ကုန်တင်ကားကြီးရဲ့ မီးစူးစူးကြီးတွေကြောင့် မျက်လုံးတွေက ပြာသွားတယ်။ လက်ကိုင်ဘီးကို ညာဘက်ကို အားကုန်ဆွဲလိုက်ပြီး အရင်မောင်းနေခဲ့တဲ့ ယာဉ်ကြောထဲကို ပြန်ရောက်စေခဲ့တယ်။ ကိုယ့်ကိုတိုက်လိုက်တဲ့ကားက ကိုယ်ရှိနေရာကို ယာဉ်ကြောအပြောင်းမှာ မမြင်ဘဲ အရှိန်နဲ့ဝင်တိုက်ပြီး မျက်နှာချင်းဆိုင် ယာဉ်ကြောထဲကို တွန်းပို့လိုက်သလိုဖြစ်သွားခဲ့တာပဲ။ တိုက်လိုက်တဲ့ အမျိုးသမီးကော ကိုယ်ကော.. နီးရာလမ်းကြားလေးထဲမှာ ရပ်ပြီး၊ ကားထဲက ကိုယ်စီဆင်းပြီး လိုင်စင်နံပါတ်တွေ၊ ဖုန်းနံပါတ်တွေ အလဲအလှယ်ပြုရင်း စကားစမြည်ပြောခဲ့တယ်။ အဲ့ဒီတုန်းက ကိုယ့်အသက် ၂၁။ မြူတွေထဲမှာ ရပ်နေခဲ့တဲ့ ကိုယ့်မျက်နှာက အပြုံးတောင် မပျက်ခဲ့ဘူး။ စိတ်ဆိုးရမှန်းလည်း မသိခဲ့ဘူး။ ဘယ်ဘက်ကားခေါင်းတစ်ခုလုံး ကြေမွသွားတဲ့ အဖြူမကတော့ ဟာဝိုင်ရီသွားဖို့ ပိုက်ဆံထဲက သူ့ကားပြင်ခ ထုတ်ရပါပြီဆိုပြီး ညည်းနေတာကိုတောင် ဖြေသိမ့်မိခဲ့သေးတယ်။


ဒီကနေ့ကတော့ .....
ဘယ်ချိုးဖို့ စိတ်ရှည်လက်ရှည်စောင့်နေတဲ့ ကိုယ့်ကို သနားလို့၊ ၁၀၄လမ်းမကြီးပေါ်မှ ဘယ်ရောညာရောက ကားတွေက ကိုယ်သွားဖို့ ရပ်ထားပေးတာမို့ အထွက်...
ဘယ်ဘက်.. ဒုတိယယာဉ်ကြောထဲက အရှိန်နဲ့ဝင်လာတဲ့ အနက်ရောင်ထရပ်ကားက မရပ်ပေးဘဲ.. အရှိန်နဲ့ ကိုယ့်ကားရဲ့ဘယ်ဘက်အလယ်တည့်တည့်ကို ဦးတည်နေတာ...

မျက်လုံးထဲမှာ အနက်ရောင်ထရပ်ကားကြီး ပြေးဝင်လာတာပဲ မြင်တော့တယ်...။
လီဗာကို အစွန်းကုန်နင်းပြီး လွတ်အောင်ရှောင်ချိန်မှာ... ထရပ်ကားဒရိုင်ဘာကလည်း ဘရိတ်ကို အစွန်းကုန် အုပ်လိုက်တယ်။
ပတ်ဝန်းကျင်မှာ ..အသံမျိုးစုံဆူညံသွားတယ်..။

ကိုယ်.. လွတ်သွားတယ်..
ဒါမှမဟုတ်...
ကိုယ်... မလွတ်မြောက်သေးဘူး။
ဘယ်ရှုထောင့်က ကြည့်ချင်ပါသလည်းကွယ်....

တစ်ကယ်ဖြစ်ခဲ့တယ်ဆိုရင်... T-bone accident နဲ့.. ကမ္ဘာမြေကြီးရယ်.. ချစ်သူတွေနဲ့ သိပ်ချစ်ရသူကို ရုတ်တရက် နှုတ်မဆက်.. အိမ့်ချမ်းမြေ့ ထွက်ခွာသွားခဲ့ပါတယ်ပေါ့ကွယ်..

အသက်က ၁၀နှစ်ကျော်ကျော်ကြီးသွားလို့ထင်ပါတယ်။ ဟိုတစ်ခါကလို ရယ်စရာ လုပ်မပစ်နိုင်ခဲ့ဘူး။
နောက်ပြီး... ဒီကနေ့က နည်းနည်း ကတုန်ကယင်ဖြစ်နေတယ်။
ကားကို တစ်နေရာမှာ ခဏရပ်.. စက်ပိတ်လို့ အသက်ကိုရှုနေရတယ်။ မိုးသံတွေက ကားမှန်းပြူတင်းမှာ တစ်ဖျောက်ဖျောက်နဲ့။

ကတုန်ကယင်ဖြစ်နေတာ....
သေမှာကြောက်လို့ ဖြစ်နေတာလား...
ဟင့်အင်း.. လုံးဝ မကြောက်ပါဘူး။ 
ဒါဆို ဘာလို့ ကတုန်ကယင်ဖြစ်နေတာလည်း...
နှလုံးသား ၀ိညာဉ်က မကြောက်ပေမယ့် စိတ်နဲ့ခန္ဒာကိုယ်ရဲ့  Auto Response Systems တွေ ဟာ တစ်စက္ကန့်ရဲ့ ထောင်ပုံတစ်ပုံမှာ အလုပ်လုပ်လိုက်ရလို့ မောပန်းနွမ်းနယ်သွားခြင်းပါ...

သေရမှာ မကြောက်ပါဘူး။ 
တစ်ကယ်ဆို သေချင်နေတဲ့သူ....။
ကိုယ်.. ဘာလို့ ဒီလောက်လွမ်းတတ်နေလည်း..
အလွမ်းစာတွေကို ရေးတတ်နေသလည်း ...
ဘယ်သူသိနိုင်မှာလည်း ကလေးရယ်...။
တစ်ကယ်ဆို...
အရောင်မဲ့ စာမျက်နှာလေးတွေဟာ ကလေးတွက် စခဲ့တာပါ..
လွမ်းတာကို ကုသရင်း..ပေါ့။
ဒီစာမျက်နှာလေးတွေဟာ... ဘယ်သူနဲ့မှလည်း ငြင်းခုံဖို့ မရည်ရွယ်ပါဘူး။ 
ဝါဒတွေဖြန့်ဖို့လည်း မဟုတ်ပါဘူး။
ပညာပြိုင်ဖို့၊ လူအထင်ကြီးဖို့၊ ဆုံးမသြ၀ါဒပေးဖို့လည်း မရွယ်ရည်ခဲ့ပါဘူးကွယ်..။ 
မရည်ရွယ်ပေမယ့်လည်း တစ်ခါတစ်လေ ညိစွန်းခဲ့တာ ရှိကောင်းရှိမယ်။
ဒါပေမယ့်လေ.... 
အေးအေးချမ်းချမ်းနေချင်တဲ့စိတ်နဲ့..
အရောင်မဲ့ဖို့ အမြဲကြိုးစားရင်း ကလေးကို လွမ်းတာကို ကုစားရင်းပေါ့..
ဒီစာမျက်နှာလေးတွေကို အသက်ဆက်စေခဲ့တယ်..။ 


သေရမှာ မကြောက်ဘူး။
တစ်ကယ်ဆို သေချင်နေတဲ့သူပါ...။
နာကျင်နေရမှာကိုတော့ ကြောက်တယ်.. နာတာရှည်ဝေဒနာကိုတော့ ကြောက်တယ်။ ကမ္ဘာမြေကြီးက နာတာရှည်ဝေဒနာသယ် တစ်ယောက်ကို သူ့ခွန်အားတွေစိုက်ထုတ်လို့ ထမ်းထားပေးရမှာကိုလည်း အားနာတယ်။ ဘာသာတရားတွေရဲ့ အယူဝါဒတွေအောက်က လူတွေက ဒီလို မခံစားရဘဲ ရုတ်တရက်သေဆုံးရတာတွေကို အစိမ်းသေလို့ အမည်တပ်ပြီး၊  ကံအကောင်းအကြောင်းမလှလွန်းလို့၊ ဆိုးဝါးတယ်လို့ထင်တတ်ကြပြီး၊ နာတာရှည်ခံစားနေရပြီးမှာ သေဆုံးရတာတွေကိုတော့ အစိမ်းသေတွေလောက် မနှစ်မြို့ မဖြစ်တတ်ကြတာကိုလည်း နားမလည်ဘူးကွယ်...။

မည်သို့ပင်ဖြစ်စေ... ငယ်တုန်းရွယ်တုန်း သွားလိုက်ချင်တဲ့ အတ္တတွေက မိုးရေစက်တွေနဲ့ အတူ စီးမျောလို့...။

ကိုယ့်အတ္တနဲ့ အတူ... သေသေချာချာ သိလိုက်ရတာ တစ်ခုကတော့...
အထီးကျန်ခြင်း...
လုံးဝဥဿုံအထီးကျန်ခြင်း....
တစ်ကယ်ဆို....
တစ်ယောက်တည်းပါလား...
တစ်ယောက်တည်းပါလား......
တစ်ကယ်ကို.. တစ်ယောက်တည်းလာပြီး တစ်ယောက်တည်းပြန်သွားရမှာပါလား... 
ဆိုတဲ့ အတွေး....

ကလေးရေ....
အမှန်ဆို....
ဒီကနေ့.. ဖြစ်သင့်တယ် ထင်ပါတယ်။
ဘာဖြစ်လို့ လွဲသွားသလည်းကွယ်...။
♫♥●••·˙အချိန်မတန်သေးလို့လားဟင်˙·••●♥♫
ဒီကနေ့..
ကိုယ် အရမ်းဝမ်းနည်းတယ်.....

7 comments:

~ဏီလင်းညို~ said...

မလေးရေ့.......

ဒီနေရာလေးမှာ ဖတ်ရတာတိတ်တိတ်ဆိတ်ဆိတ်နဲ့......
ရင်ထဲကို တစ်စုံတစ်ခု ရောက်လာသလိုလို အမြဲခံစားရတယ်......။
အစစ အရာရာဂရုစိုက်ပါဦး......။
ဟုတ်တယ်.......။
တစ်ယောက်တည်းလာပြီး........တစ်ယောက်တည်းပြန်ထွက်သွားရမှာပါပဲ........။
အဲ့ဒါကိုတော့ ကျွန်တော်လည်း............အမြဲတမ်းတွေးနေမိတယ်........။
ဒီစာမျက်နှာလေးတွေဟာ......ပညာပြိုင်ဖို့......၊ လူအထင်ကြီးဖို့.....၀ါးးးးးး.......တစ်ထပ်တည်းကျတယ်မလေးရေ့..... ကျွန်တော်နဲ့......။

ခင်မင်ခြင်းအားဖြင့်..........
ဏီလင်းညို

မောင်မျိုး said...

အစ်မရေ ကျန်းမာရေး ဂရုစိုက်နော့် ပြီးတော့စိတ်အေးအေးထား စကားတွေတော့ ပြောခဲ့ချင်သား ကိုယ့်အစ်မကို ဆရာလုပ်တယ်ထင်မှာ စိုးလို့း) ။

ဒီနေရာမှာ အေးချမ်းမှုနဲ့ ခပ်တည်တည်လေးနေပေမယ့် ဖော်ရွေမှုတွေရှိတယ်ဆိုတာ သိနေတာဆိုတော့လည်း ဒီနေရာလေးမှာ သာနေတဲ့လေ ပြာနေတဲ့ရေ နဲ့ အညောင်းမိနေတဲ့ မေ ကိုလာလာငေးသွားတာပေါ့ ။

တစ်ယောက်တည်းလာပြီး တစ်ယောက်တည်း ထွက်သွားရခြင်းဟာလည်း ဖြစ်မြဲ ဓမ္မတာလို့ မှတ်ယူရင်း ဖြေသိမ့်နိုင်ပါစေဗျာ


( ဒါက မင့်အစ်မ တကယ်မဟုတ်ပဲ လိုက်ရေးနေတဲ့စာလို့ပြောအုံးမယ်ထင်တယ် ခလေးဆိုတာလည်းမရှိပါဘူးကွယ်ပေါ့ ဟဟား ) သိနေတယ်နော့် ။

ဇွန်မိုးစက် said...

တစ်စုံတစ်ခုကို ခံစားမိလိုက်သလိုပါပဲ မလေးရယ်။

Phyo Evergreen said...

လူဆိုတာအချိန်မရွေးသေနိုင်တာဘဲ..အသက်ရှည်ရှည် တော့မနေချင်ဘူး...။ တစ်ယောက်တည်းလာပြီး တစ်ယောက်တည်းပြန်သွားရမှာဖြစ်ပေမယ့်.. နောက်ဆံတင်းစရာတွေရှိရင်လည်း သေရမှာခက်တယ် အစ်မရယ်..။ တစ်ကယ်တော့လည်း သေပြီးသွားရင်ဘာမှမသိတော့ပါဘူးလေ....။
သေရမှာမကြောက်ပေမဲ့လည်း... ဝေဒနာတွေကိုခံစားဖို့သတ္တိတော့နည်းပါတယ်..။

Anonymous said...

Dear,
Be careful on driving T intersection, and freeway entrance & exit.I have a superstition about 3rd time (best or worst)based on my experiences.Cheers!
BFFwc22

Republic said...

ဖတ်ရတာ ဆွေးဆွေးမြေ့မြေ့ ရှိလှတယ် ။နေကောင်း ကျန်းမာ တယ်ဟုတ် ။

အိမ့်ချမ်းမြေ့ said...

ကိုဏီ...
ဟုတ်..ဂရုစိုက်ပါမည်။း)

မောင်မျိုး...
လိမ်မာပါးနပ်သော မေးခွန်းကလေး...ဒီတစ်ခါတော့ ဖြေတော့ဘူးး))

ဇွန်..
ဇွန်နဲ့မလေး ကျောင်းချင်းလည်းတူတယ်..အချို့သော အဖြစ်တွေလည်း ထပ်တူမဟုတ်တောင်.. တနည်းတဖုံတူတယ်ဆို.. ဇွန်အံ့သြမယ်ထင်ပါတယ် ကွယ်..


ဖြိုး...
သေပြီးမှ ပိုသိချင်သိနေမှာဖြိုးရဲ့..

အနောက်ဘက်ကမ်း၂၂ ရေ့..
ပြောတာကြီးကလည်း .. လန့်တောင်လန့်သွားတယ်..
တစ်ကယ်က ဒါ တတိယအကြိမ်လေ.. ဒုတိယအကြိမ်က ကိုယ်ဝင်ကြုံးလိုက်တာလေ.. ဟိဟိ မှတ်မိလား လွန်ခဲ့သော ၂နှစ်လောက်က။

ကိုကျော်သက်လတ်..
နေကောင်းပါတယ်.. ကိုကျော်သက်လတ်လည်း ဂရုစိုက်ပါ..။

LinkWithin

Related Posts Plugin for WordPress, Blogger...