မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, October 15, 2010

"ကို"

ညလေက ကန့်လန့်ကာဖြူဖြူကို တွန်းတိုက်လို့ အခန်းထဲကို သုန်သုန်ကလေး ၀င်ရောက်လာသည်။ စာကြည့်မီးနားမှာ ၀ဲနေတဲ့ ညပိုးကောင်းကလေးကို ငေးရင်း ညလေပြေကို ရှုရှိုက်နေရင်း ရင်တုန်းက အဖြူထည် ဘ၀တစ်ခုကို သူမ ပြန်လိုချင်နေမိတယ်။

အရာရာကို သိပ်မသိခင်တုန်းက ဘ၀ တစ်ခုဟာ ပိုမိုပြီး အချိုးညီတတ်သလား...
အရာရာကို တဖြည်းဖြည်းသိလာနေတဲ့အခါမှာတော့.. ဘ၀ တစ်ခုဟာ အချိုးမဲ့ ကစင့်ကလျားနဲ့ စတင်လွင့်ပါးလို့.....။
စားပွဲပေါ်က အဖြူရောင်စာရွက်ပေါ်မှာ အဓိပ္ပာယ်မဲ့စွာ ရေးခြစ်ထားတာတွေကို သူမ ငေးကြည့်နေခဲ့သည်။ စိတ်တွေက ပိုမိုပြီး မွန်းကျပ်လို့ လာနေသည်။

စားပွဲပေါ်က အနက်ရောင်လက်ကိုင်ဖုန်းလေးကို ယူလိုက်ပြီး နံပါတ်တစ်ခုကို နှိပ်ချလိုက်သည်။

"ဟလို"

တစ်ဖက်က ထူးသံကို ကြားလိုက်ရသည်။

"ကို"

ထုံးစံအတိုင်း သူမ သူ့ကို သံပြတ်နှင့် ခေါ်လိုက်သည်။

"ဗျာ"

ကျမ အခု လာခဲ့မလို့၊ ပြောစရာတွေရှိနေတယ်

"လာလေ၊ ကို စောင့်နေမယ်"


ဆိုင်အပြင်က အမိုးဖျင်အောက်မှာ ငုတ်တုပ်ထိုင်ရင်း သူမ မျက်နှာကို ကို ကြည့်နေသည်။ စားပွဲပေါ်မှာ မီးရောင်နီနီကလေးတွေက အုပ်ဆောင်းအောက်မှာ ဟိုယိမ်းသည်နွဲ့။ လမ်းမပေါ်မှာ ကားသံတွေကို ကြားနေရသည်။ ဆိုင်ပြင် အမိုးဖျင်အောက်က အခြားစားပွဲတွေမှာလည်း လူတွေ တိတ်တိတ်ဆိတ်ဆိတ်။

"ပြော.. ဘာဖြစ်နေတာလည်း.. ကို ဘာလုပ်ပေးရမလည်း၊ ဟိုလူ့ဆီ ဖုန်းဆက်ပေးရမှာလား
မင်း သူ့ကို ခေါင်းထဲက ထုတ်လိုက်လို့ မရဘူးလား၊ မင်း ခံစားနေရတာ ကို မကြည့်ရက်တော့ဘူး၊ ဒါပေမယ့် သူ့ဆီဖုန်းဆက်ပေးဆို အခု ကို ဆက်ပေးမယ်၊ ပြောစေချင်တာတွေလည်း အကုန်ပြောပေးမယ်"



"လူ တစ်ယောက်ကို ဘယ်လို မေ့ရသလည်းဟင်"

"လွယ်ပါတယ်.. ဘီးဇီးဖြစ်နေလိုက်ပေါ့"

"ဟင်.. အဲ့သလောက်လွယ်လား"

"လွယ်တာပေါ့ ဘေဘီရဲ့"

"ကျွတ်စ်.. မခေါ်စမ်းပါနဲ့ကွာ.. လူမှားမှားပြီး"

"ကို.. စိတ်မကောင်းတော့ဘူး"
သူ မျက်နှာပျက်သွားသည်။

"ကို.."
သူမ မသိကျိုးကျွံပြုပြီး ခေါ်လိုက်သည်။

"ပြောလေ.."

"ကို.. ကျမကို မေ့လိုက်တုန်းကကော အဲသလိုပဲ လွယ်လွယ်လေး ဘီးဇီးဖြစ်နေလိုက်တာပဲလား"

"တော်ပြီ လေးရာ၊ ဒီမှာ.. ကို.. မင်းကို....."
သူ စကားက ထိုနေရာမှာ ရပ်သွားသည်။ ညလေက ခပ်ပြင်းပြင်း တစ်ချက် တိုက်ခတ်လိုက်သည်။

" "

"ကို.. ဘာဖြစ်လို့ ကျမ အပေါ်မှာ ဒီလောက် ကောင်းတာလည်းဟင်"

သူ ပြုံးနေသည်။ သို့သော် သူ့ မျက်လုံးတွေက ရီဝေနေသည်။ သူမကို အဆွေးမျက်လုံးဖြင့် ငေးကြည့်နေသည်။ သူ့မျက်လုံးတွေက လှပသော မျက်ခုံးတို့နှင့် ၀န်းရံထားသည်။ သူ့မျက်လုံးထဲက အရိပ်တွေကို သူမ မြင်လိုက်ရသည်။ သစ်ပင်ပင်စည် တစ်ခုခုထဲ မျက်နှာအပ်ပြီး သူမ ငိုချလိုက်ချင်နေသည့် စိတ်ကို ထိန်းထားနေရသည်။

"ကို နဲ့ မင်းဟာ သံယောဇဉ်ထားတဲ့ သူငယ်ချင်းတွေ မဟုတ်ဘူးလား၊ ဒီစကားကို မင်း အကြိမ်ကြိမ်ပြောခဲ့တာပဲလေ"

သူမ အောက်နှုတ်ခမ်းကို တင်းတင်းကိုက်ထားမိသည်။

"ကို.. ကျမကို တစ်နေ့ မုန်းသွားမှာ မဟုတ်လားဟင်"

"မင်း.. မုန်းစေချင်တာလား"

သူမ သက်ပြင်းအရှည်ကြီးကို ချလိုက်သည်။ အအေးခွက်ကို အဓိပ္ပယ်မဲ့ လက်ညှိုးနှင့် တို့နေလိုက်သည်။

"အခုဘာဖြစ်နေကြတာလည်း၊ အဆင်မပြေကြဘူးလား၊ ကို ဘာလုပ်ပေးရမလည်း၊ သူ့ဆီ ဖုန်းဆက်ပေးရမလား"

သူမ ခေါင်းခါလိုက်ပြီး သက်ပြင်း ထပ်ချလိုက်ပြန်သည်။

ပြီးတော့ ထုံးစံအတိုင်း သူမ၏ ဘ၀ဖြစ်တည်မှုထဲက မလှပမှုများကို လေးတွဲ့တွဲ့နှင့် ပြောနေတော့သည်။

ဒီစားပွဲဝိုင်းမှာ သူမ က စကားပြောသူ၊ သူက စိတ်ရှည်စွာ နားထောင်တတ်သူ။ သူမက သူမ၏ ဘ၀အကြောင်းတွေကို အမျှင်စထုတ်ပြီး ပြောနေသမျှ၊ သူက မညည်းမညူနားထောင်ပေးတတ်သူ။ သူမ၏ နူးညံ့သိမ်မွေ့မှု၊ နာကျင်ခံစားမှု၊ ဒေါသထွက်တတ်မှု၊ ကြင်နာတတ်မှု၊ ရှက်တတ်မှု စသော သူမ၏ အရာရာမှန်သမျှကို သူ က ဝေမျှခံစားသည်။ ထို့ကြောင့် အချိန်တွေကြာလာသည်နှင့်အမျှ သူမကိုယ်တိုင်ပြီးလျှင် သူ သည် သူမ၏ဘ၀အကြောင်းတွေကို သူမလောက်နီးနီး သိလာသူ ဖြစ်မှန်းမသိ ဖြစ်လာနေတော့သည်။


"ညတောင် တော်တော်နက်ပြီ ကို... ပြန်ကြရအောင်"

သူမ ဒီစားပွဲက မထမချင်း မညည်းမညူ ငုတ်တုပ်နားထောင်နေတတ်သည့် သူ့ကို သူမ ပြောလိုက်သည်။ သူတို့ ပိုက်ဆံရှင်း၊ စားပွဲမှ ခွာလာပြီး ကားဆီသို့ လျောက်လာခဲ့ကြသည်။

မြို့ပြ၏ မီးရောင်များက ဆောင်းကူးမိုးအောက်မှာ မှိန်ပြပြနှင့်။ လမ်းမတွေပေါ်မှာ လူကျဲလာနေသည်။ သူက သူမဘေးမှာ ငြိမ်သက်စွာလိုက်ပါလာနေသည်။ သူမက သူမအကြောင်းတွေကို ခရေစေ့တွင်းကျ နီးပါးပြောသလောက်၊ သူကတော့ သူ့အကြောင်းတွေကို သူမကို သိပ်ပြောလေ့ မရှိ။

"ကို့ အိမ်ရှေ့မှာ ချပေးမယ်နော်"


သူ့ အိမ်ရှေ့ရောက်တော့ ကားကို မေပယ်ပင်အောက်မှာ ထိုးရပ်လိုက်သည်။ သူ လက်ပိုက်ပြီး ဒီအတိုင်း ထိုင်နေသည်။ အချိန်တွေကြာလာသည်နှင့် အမျှ လူကြီးဆန်လာသော သူ့ကို သူမ ခပ်ငေးငေးလေး ကြည့်နေမိသည်။ အရင်တုန်းကဆိုလျှင် ပြန်ခါနီးတိုင်း သူမ လက်ကလေးကို ကိုင်ပြီး လက်ဖမိုးမှာ အနမ်းပေးနေကျ။ အခုတော့ လက်ပိုက်ပြီး ငြိမ်နေသည်။ တစ်ကယ်ကတော့ သူ... သူမ အပေါ်မှာ တကယ်ကို ရင်မခုန်တော့ခြင်းလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ.. သူဒီလို လူကြီးဆန်လာခြင်းကို သူမ နှစ်ခြိုက်နေမိသည်။ သူ.. သူမအပေါ်မှာ ရင်မခုန်တော့ဘူးလား ဟူသော အတွေး၏ နောက်မှာ.. သူမအတွက် ရင်မခုန်တော့ခြင်းဟာ သူကော၊ သူမ အတွက်ကော နှစ်ယောက်လုံးအတွက် ကောင်းသည်ဟု တွေးမိသည့် တပြိုင်နက်၊ ရင်ထဲက တိုးတိုးတိတ်တိတ် ကျင်တက်သွားတတ်သည့် ဝေဒနာကို သူမ စွဲလန်းတပ်မက်လာတတ်သေးသည်။

ကားစက်ကို သတ်လိုက်ပြီး ပြူတင်းပေါက်တွေကို ချလိုက်သည်။ လေအဝှေ့မှာ သူ့ဆံပင်တွေ လွင့်သွားတာကို ငေးကြည့်နေလိုက်သည်။

"အိုကေ.. ဂွတ်နိုက်နော်.. ကို၊ ဂရုစိုက်"

"လေး..."

"ရှင်.."

"I love you.. "

"Do you?"

" "

"What about others?"

"တော်ပြီလေးရာ.."

"မဟုတ်ဘူး..ဖြေလေ၊ ဘာလို့ ဒီလောက်များတာလည်း၊ ဘယ်သူ့ကို အချစ်ဆုံးလည်း၊ ဘယ်နှစ်ယောက်တောင် ရှိလည်း"

"သူတို့က လေး နဲ့ မတူဘူးလေ၊ ဟာ... တော်ပါပြီကွာ.. ဒီမှာ ကိုယ့်ဟာကိုယ် မအားရတဲ့အထဲ ဘယ်အချိန်မှာ ဘယ်လိုသွားများရမှာလည်း၊ ဘာတွေလာပြောနေမှန်း မသိဘူး၊ သူကမှ များတာ"

"အွမ်.. ကိုယ့်ဘက် လှည့်လာပါလား.. အဟွန်း"

သူ စိတ်ရှုပ်သွားသည့်ပုံကို သူမ နှစ်လိုစွာကြည့်ပြီး ပြုံးနေမိသည်။

"စတာပါကွယ်.. ကောင်းသောညပါ ကိုရေ.."

"အိုကေ.. ဂွတ်နိုက်တ် လေးရယ်"

သူကားထဲက ထွက်သွားသည်။ လက်ဖမိုးကိုတောင် လုံးဝ မထိတော့။ သူမ သဘောကျသည်၊ ဒီလိုစောင့်ထိန်းရမှုကို ကျေနပ်သည်၊ တစ်ချိန်တည်းမှာပင်.. သူမ..
ကြေကွဲသည်...

သူမ ကားလီဗာကို ခပ်ကြမ်းကြမ်းနင်းပြီး မေပယ်လ်ပင်အောက်က ထွက်လာခဲ့သည်။ သီချင်းကို အကျယ်ကြီးဖွင့်ပစ်လိုက်သည်။ ကားပြူတင်းပေါက်တွေ အကုန်လုံးကို ချလိုက်သည်။ ညလေတွေ တွန်းတိုက်ဝင်လာသည်။


သူနှင့် မတွေ့ဖြစ်တာ ကြာလာပြီ။ အရင်ကကျောင်းဆင်းချိန်တွေမှာ သူအမြဲရှိနေတတ်ခဲ့သော သူမ ကျောင်းရှေ့က Steamworks ရှေ့နားက ဓာတ်တိုင်ဘေးပန်းအိုးကလေးရှေ့မှာ အခုတော့ နေရာလွတ်နေတတ်ပြီ။ သူမ ထိုနေရာလေးကို မကြည့်ဖြစ်အောင် ကိုယ့်ကိုကိုယ် ငြင်းပယ်နေလိုက်သည်။

ထိုနေ့က မြို့ပြ၏ နာမည်ကြီး ဆိုင်တစ်ဆိုင်ကို သူငယ်ချင်းများနှင့် ရောက်သွားခဲ့သည်။ မျက်နှာချင်းဆိုင် စားပွဲက လူတွေကို မျက်လုံးဝေ့ကြည့်လိုက်သည်။ မိန်းကလေး ယောင်္ကျားလေး အပေါင်းသင်းတွေ အများကြီးကြားထဲမှာ သူ့ကိုတွေ့လိုက်ရသည်။ တစ်ယောက်တည်းတော့ မဟုတ်။ သူ့ပခုံးမှာ မှီလုနီးပါး ဆံပင်လေးတွေလွင့်ပြီး ရယ်မောနေသော ငယ်ငယ်ချောချော ကောင်မလေး တစ်ယောက်။ သူမ သူတို့ဝိုင်းကို သွားပြီး နှုတ်ဆက်ရန် ဟန်ပြင်လိုက်သည်။ သူတို့အကြောင်းကို သိနေသော သူငယ်ချင်းများက သူမ လက်ကို မသိမသာဆွဲထားသည်။

"မင်း..လူတွေရှေ့မှာ သူ့ကို သွားနှုတ်ဆက်ရဲပေမယ့်.. မင်းကို သူ လာနှုတ်ဆက်ရဲလိမ့်မယ် မထင်ဘူး"

"အဲဒါဘာဖြစ်လို့လည်းဟင်.."

သူမ၏ မေးခွန်းကို သူငယ်ချင်းများက အကြည့်စူးများဖြင့်သာ တုံ့ပြန်တော့သည်။ ထိုညက သူတို့စုံတွဲ မီးရောင်အောက်မှာ က နေကြသည်ကို၊ သည်လို အက မျိုးတွေကို မနှစ်သက်တတ်သော်လည်း၊ သူတို့ကို သူမ ကြည့်ကောင်းကောင်းနှင့် ထိုင်ကြည့်နေခဲ့သည်။

ထိုညက သူငယ်ချင်းတွေကို ခွင့်တောင်းပြီး သူမ အစောကြီး ထပြန်ခဲ့သည်။ ပြီးတော့ ပစိဖိတ်သမုဒ္ဒရာအစပ်မှာ သွားထိုင်နေခဲ့သည်။ သမုဒ္ဒရေ၏ အေးခဲမှုကို သူမ ခြေဖ၀ါးတွေက နှစ်သက်တတ်သည်။ ပင်လယ်ဇင်ယော်တွေက ကျယ်လောင်စွာ အော်မြည်သံကို သူမ မိန်းမေနေခဲ့သည်။ သူမ အနားမှာတော့ ဘယ်တုန်းကမှ မသိဖူး၊ မမြင်ဖူး၊ မသက်ဆိုင်ဖူးခဲ့သလို သူ၏ မျက်ဝန်းစိမ်းတွေက တရစ်ဝဲ၀ဲနှင့်။

ခြေဖမိုးနားက သဲတွေကို လက်ချောင်းများဖြင့် ကောက်ယူလိုက်သည်။ သဲတွေက လက်ချောင်းတွေကြားမှ လျောဆင်းသွားသည်။

"မင်းဟာ အလွန်ရိုးသားတဲ့ မိန်းမ တစ်ယောက်ပါ.."

သူပြောဖူးသမျှ ချီးကျူးစကားတွေထဲက ဒီစကားလေးကို သူမ ပြန်ကြားယောင်လိုက်မိသည်။

"သူ..ပျော်နေပါစေ..."

ပင်လယ်လှိုင်းသံတွေ ထန်လာသည်။
သူမ.. အရိုးသားဆုံး ဆုတောင်းလိုက်ပါတော့သည်။



♥●••.. ..••●♥♥●••.. ..••●♥ ♥●••.. ..••●♥

ကိုကို..ဆိုပြီးလည်း ရေးပါဦးဆိုတဲ့ ညီမလေးများတွက်..း))
ဟိုးအပေါ်က ပုံလေးကအင်တာနက်က ယူပါတယ်ရှင်။
ဟိုဘက်က ပိုစ်ကတော့ ငါးတွေ ရေကူးခိုင်းထားတုန်းပဲ.. ခွင့်လွှတ်ကြပါရန်..

9 comments:

Phyo Evergreen said...

တပ်မက်စရာမရှိတဲ့အခြေအနေတစ်ခုကို ..အချည်းနှီးစွာ စွဲလန်းနေသလိုဘဲ။

Anonymous said...

I used to listen her stories until she told me she is going to marry.
WC22

အိမ့်ချမ်းမြေ့ said...

ကိုဖြိုး....

ကော့မင်္န့က ပြတ်သားလှချည်လားကွင်္ယ..း)

WC22..
မဲရီးလုင်္ပပြီးလည်း သူငယ်ချင်းအနေနဲ့ ဆက်နားထောင်္ငပေးလိုင်္ကပေါ့ကွင်္ယ..

အိမ့်ချမ်းမြေ့ said...

WC22....

အဲ.. ဟိုတစ်ယောက်ဆိုရင်တော့ ကိုယ့်ဟာကိုယ်နေတော်မူပါတော့....
ကျုပ် ညည်းအသည်းကွဲတာတွေ နားမထောင်နိုင်တော့ဘူးနော်.. ဟင်းးး :P

စန္ဒကူး said...

မမရေ.. ကူးက နဲနဲပိန်းတယ်..
သိပ်နားမလည်ဘူး.. ၂ ခါဖတ်တာတာတောင် နားမလည်ဘူးဖြစ်နေတယ်..
ကောင်မလေးက ရည်းစားရှိတယ်.. သူ့ရည်းစားဟောင်း ကို .. ကိုခေါ်ပီးတွေ့တယ်..
သူလက်ရှိခံစားနေရတာ အခြားကောင်လေးတစ်ယောက်ကြောင့်.. အဲလိုလား..
နောက်ဆုံး သူ့အနားအမြဲရှိနေတဲ့ ကို.. က အခြားမိန်းက လေးနဲ့ဖြစ်သွားတော့ သူက ၀မ်းနဲ ပက်လက်ကျန်ရစ်..
အဲလိုလားမမ...

လင်းမြကြည်ဖြူ said...

မအိမ့်ရေ
ဖတ်လို့ကောင်းလိုက်တာ ငြိမ့်ငြိမ့်လေးနဲ့ ဆွဲခေါ်သွားလို့ အဆုံးသတ်က စိတ်မကောင်းစရာပေမဲ့ ဖတ်ရတာ ကျေနပ်မိပါတယ်..
နောင်ကိုလဲ အမြဲလာဖတ်မှာပါနော်..

အိမ့်ချမ်းမြေ့ said...

ကူး...
နည်းနည်းတော့ စိတ်မကောင်းဖြစ်သွားတယ်ထင်တာပဲ.. ;)

လင်းမြကြည်ဖြူ..
မလေးက လင်းမြကြည်ဖြူရဲ့ စိတ်အဆာပြေကို အရမ်းကြိုက်တာ..

~ဏီလင်းညို~ said...

မဖြစ်နိုင်လောက်ဘူးထင်ပေမယ့် ကျွန်တော်ကတော့ မလေးကိုတောင်းဆိုချင်တယ်ဗျာ......။
ဒီလိုဝတ္တုမျိုးလေးတွေ အများကြီးရေးစေချင်တာလေ.....။
တစ်ကယ်.....။

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

Anonymous said...

:)

LinkWithin

Related Posts Plugin for WordPress, Blogger...