မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, September 21, 2010

ညည်းချင်း၂

နွေအကုန်ဆောင်းအကူးကာလတွေဟာ အလွန်လွမ်းစရာကောင်းလှပါသည်။
မိုးလေးတွေ တစိမ့်စိမ့်ရွာလို့၊ နံနက်ခင်းဆို မြူကျလို့၊ သစ်ရွက်တွေကလည်း ကြွေကျတော့မှာမို့ အညိုရောင်တွေသန်းလို့... လေခပ်ပြင်းပြင်းတိုက်လိုက်ရင် တဖြုတ်ဖြုတ်ကြွေဖို့ အားယူနေကြပြီ။

ငှက်တွေကလည်း ကနေဒါကို စွန့်ခွာ၊ မက္ကဆီကိုဘက်ကို အစုလိုက်အပြုံလိုက် ပျံသန်းနေကြတာကို ဖရောဇာမြစ်ပြင်ရဲ့ ညနေခင်းတွေမှာ လွမ်းစရာ တွေ့ရတတ်သေးသည်။

ဒီလိုအချိန်ဆို ဆော်လမွန်ငါးတွေကလည်း ကနေဒါရဲ့မြစ်ချောင်းအင်းအိုင်တွေကတဆင့် မွေးရပ်မြေကို မြစ်ညာဘက်ကို ပြန်လာနေကြပြီ။


ခြံထဲက ပန်းသီးတွေ၊ သစ်တော်သီးတွေကတော့ လေရူးအောက်မှာကြွေကျ၊ မြေခ လို့။ ကောက်မယ်ကောက်မယ်နဲ့ မကောက်ဖြစ်တာ.. သစ်သီးတွေ ပုပ်လာတော့မယ်ထင်သည်။ ဘယ်လိုမှ မနှစ်သက်တဲ့ ရွေဒင်္ဂါး၊ ငွေဒင်္ဂါးပန်းကလေးတွေကို မနှုတ်ရက်လို့ ကြည့်နေတာတော့ကြာပြီ။ ဆွေးမြေ့လာနေတဲ့ သစ်တုံးကို အစားထိုးဖို့လုပ်နေတာလည်း ၂ပတ်ရှိပြီ။ ခုထိ တန်းလန်း။





ရုံးမှာလည်း တာဝန်တွေက ပိုပိုကြီးလာ။ စနေ၊တနင်္ဂနွေဆိုလည်း အိမ်မှာ မအား။ ဘလောဂ်တွေကို ဖတ်သော်လည်း ကော့မန့်တွေ မရေးနိုင်တော့ပါ။


တစ်ခါတစ်လေ... တောရွာကလေးမှာ တာဝန်နည်းနည်းနဲ့ အေးအေးချမ်းချမ်းနေပြီး ဘာမှမလုပ်ဘဲ ကွပ်ပျစ်ကလေးမှာ ရေနွေးကြမ်းကလေးနဲ့ မန်ကျည်းရွက်သုပ်ကလေးနဲ့ လွေးလိုက်ရရင် ဆိုပြီး......... စိတ်ကူးယဉ်မိသေးသည်။

ရုံးမှာ တစ်နေကုန် တကုပ်ကုပ်ဆိုတော့ အခန်းထဲမှာလည်း နေ့လည်စာ မစားချင်တော့။ ကင်တင်းထဲမှာ နေ့လည်စာစားမယ်ဆိုပေမယ့်လည်း လူတွေအများကြီးနဲ့မနေချင်။ သည်ကြားထဲ အိမ်တွေကယူလာကြသော ဟင်းနံ့အချို့က နံတတ်သေးသည်။ ရုံးမှာ ငါးဟင်း၊ ငပိငံပြာရည်ပါသော ဟင်းများ ယူမလာသင့်တာ သိကြပေမယ့် သူတို့လည်း ကြိုက်လွန်းလို့ဖြစ်မှာပေါ့လေဟုတွေးကာ ကိုယ်ပဲရှောင်သွားတော့သည်။ သည်းမခံနိုင်သော လူဖြူများကတော့ ဝေဖန်တတ်ကြသည်။ ထို့ပြင်... ဘာသာစကားမျိုးစုံကိုလည်း (ရံဖန်ရံခါ အော်ကြီးဟစ်ကျယ် အရှိန်တက်ပြီး ရယ်မောသံများကို) ကြားနေရသည်မို့ ဟိုတစ်လောက် ရုံးချိန်မှာ အင်္ဂလိပ်စကားကလွဲပြီး ဘာမျှ မပြောရဟု စာတစ်စောင်ထွက်လာသည်ကို ဘာပဲပြောပြောကျေနပ်မိသလိုလို။





နွေရာသီဆို အပြင်က ထိုင်ခုံမှာ စာအုပ်၊ သတင်းစာ တစ်ခုခုဖတ်လို့ရသေးသည်။ ခုလိုဆောင်းကူးမိုးများသည့် ကာလတွေမတော့ အပြင်မှာသွားထိုင်လျှင် ဘဲအုပ်စုနှင့်သာ နေရမည်ထင်သည်။ ရုံးစာကြည့်တိုက်ထဲမှာကလည်း အခုနောက်ပိုင်း အေးအေးဆေးဆေး စာဖတ်လို့ မရတော့။ စာကြည့်တိုက်ထဲမှာ ထိုင်နေသူများက ရုံးတွင်း အကြောင်းကိစ္စမျိုးစုံကို ပြောနေသည်ကို နားမခံနိုင်တော့။ သတင်းဟုဆိုဆို ဘာပဲဆိုဆို အနှီမိန်းမတွက်က အတင်းတွေလိုဖြစ်နေသည်။ မကြားချင်၊ မသိချင်။ အကုသိုလ်များသည်ဟု ထင်မိသည်။ society တစ်ခုလုံးနဲ့ဝေးနေတတ်တဲ့ မိန်းမဟု သူငယ်ချင်းတစ်ဦးက ပျစ်ပျစ်နှစ်နှစ်ပြောစဉ်က.. I choose to be away from the surrounding societies လို့ ကြီးကြီးကျယ်ကျယ် ပြန်ပြောလိုက်သေးသည်။ ထို့ကြောင့် အတင်းမျိုးစုံသော စာကြည့်တိုက်ထဲတွင် စာဖတ်မရသည့်အတူတူ ဂျင်မ်ထဲ သွားကစားတော့လည်း နေ့စဉ်ကျတော့လည်း မကစားနိုင်တော့။ လူက တစ်ကိုယ်လုံးကို ရိုက်ထားသလို နာနေပြီ။ ဒါတောင် ရှစ်ပေါင်အလေးထက် ပို မ မ ပါ။








ဟိုတစ်နေ့ကတော့ ရုံးမှာ ပြဿနာပေါင်းစုံကို စိတ်ပျက်လက်ပျက်နှင့် အပြင်ဘက်ခုံကလေးမှာ ခြေလွတ်လက်လွတ် သွားထိုင်လိုက်သည်။ ချွတ်ထားသော ဖိနပ်ကို ငုံ့ကြည့်ပြီး ရုံးစည်းကမ်းကို ကိုယ်ဖောက်သူဟာလည်း ကိုယ်ပါလားဟု တော်တော် စိတ်ပျက်သွားသည်။ သည်လိုဖိနပ်မျိုး ၀တ်ခွင့်မရှိသောရုံးမှာ ခနော်ခနဲ့ ခွာသေးသေးလေးကို ၀တ်ရသည်ကလည်း တမျိုးကလေးပါလားဟု စိတ်ပျက်နေရင်း ကြိတ်ပြုံးမိသေးသည်။ နွေခေါင်ခေါင်မှာ အလုံပိတ်ဖိနပ်စီးရသည်ကို အလွန်စိတ်ပျက်သော ငှာနမှ မမတွေအားလုံးလည်း ခနော်ခနဲ့ကြိုးသေးလေးများကို ခိုးစီးတတ်သေးသည်။ ယခုတော့ နွေလည်းကုန်ပြီမို့ အဆင်ပြေလောက်ပြီ ထင်မိသည်။


အသက်ကြီးလာလို့လားမသိ။ အိမ့်ချမ်းမြေ့ အလွန်လည်း ဂဂျီဂကြောင်ကျလာသည်။ အလွန်နှုတ်နည်းသူ.. စကားများချင်လာသည်။ ရံဖန်ရံခါ တော်တော်လေးကို လေရှည်ချင်လာသည်။

ကိုယ့်ဘလောဂ်ကိုပြန်ကြည့်တော့လည်း ဘယ်တုန်းကမှ ဘလောဂ်နှင့်မတူခဲ့။ ကဗျာတွေ၊ စာတွေ၊ ၀တ္ထုတွေနှင့် ရှုပ်ရှက်ခတ်နေသည်။ သည်တော့ ဒေါ့ကွန်းလေးတစ်ခုလုပ်ထားတော့လည်း လူတွေ ဒီဘလောဂ်ထက်သွားဖတ်သည်ကို သိသည်နှင့် တပြိုင်နက် ဘာရေးရမှန်းမသိတော့။ လူတွေလာဖတ်လျှင် မရေးတတ်တော့...။ ရှက်သလိုလို..ဘာလိုလို...။ စာတော့ရေးချင်သည်။ ၀ါသနာကလည်း အလွန်ပါသည်။ သို့သော်.. လူတွေအရမ်းလာဖတ်မှာလည်း ရှက်သေးသည်။ အတော်အူကြောင်ကြားနိုင်သော မိန်းမပါလားဟု ကိုယ့်ကိုကိုယ်ထင်မိသည်။ ဒီဘလောဂ်ကို လင့်ခ်ထားသော ဘလောဂ်များကို (အထူးသဖြင့် နာမယ်ကြီးဘလောဂါများကို) ဒီဘလောဂ်ကိုလင့်ဖြုတ်ပေးပါဟု တောင်းပန်လိုသည်။ သို့ပေမယ့် သူတို့ဘလောဂ်များကိုတော့ မဖြုတ်ချင်။ ဒီကတဆင့် သွားဖတ်ချင်သည်။ တော်တော်တရားမမျှတသကိုးဟု ပြောလည်း ခံရမည့်ပုံရှိသည်။ ဘာလုပ်ရမှန်းမသိတော့။

စာရေးအလွန်ဝါသနာပါသော်လည်း ယခုလများတွင် ဦးနှောက်ကြီးတစ်ခုလုံး ခမ်းခြောက်နေသလိုဖြစ်နေသည်။ စာအုပ်တစ်အုပ်ထွက်ပြီးမှ သေမည် ဟု တိတ်တိတ်ကလေးကြွေးကြော်ပြီးသကာလ စာအုပ်တစ်အုပ်ထွက်သွားသော်လည်း ခုထိ မသေသေးပါလားဟု အံ့သြနေတတ်သေးသော အလွန်အူကြောင်ကြောင် နိုင်သော မိန်းမပင်ဖြစ်သည်။

သည်ကြားထဲ စာလုံးပေါင်းတွေက မှားသေးသည်။ စာလုံးပေါင်းအမှားဆုံး ဘလောဂါဆုပေးလျှင်တောင် နိုင်ဦးမည်ထင်သည်။ စာလုံးပေါင်းမှားသည်ကို စေတနာနှင့် မသိမသာဘဲဖြစ်ဖြစ်၊ သိသိသာသာပဲဖြစ်ဖြစ် လာထောက်ပြသူများကို ကျေးဇူးတင်သည်။ မည်သူမျှ အမုန်းခံပြီး သူများအမှားကို မထောက်လို။ စေတနာနှင့်သာဖြစ်သည်။ စာလုံးပေါင်း မမှားသင့်။ အမြဲမှန်သင့်သည်။ သို့သော်.. ဟိုတစ်လောက ဂျာနယ်တစ်စောင်က စာလုံးပေါင်းမှားသူများကို ဆရာများ၊ တက္ကသိုလ်ဆရာများက အပြစ်တင်သည့်သဘော ဝေဖန်ထားသည့်စာကိုဖတ်ပြီး စိတ်ထဲမှာ နင်နေသည်။ တစ်ကယ်တော့ စာဖတ်မနာလို့ စာလုံးပေါင်းမှားခြင်းမဟုတ်.. စာလုံးပေါင်းသည် neurology နှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေသည်ဆိုသည်ကို အကျယ်တ၀င့်ရေးချင်နေသော ကိုယ့်လက်ကို ကိုယ်ပြန်ရိုက်နေရသည်။  ကျန်သည့် neurologists များ neuroscience သမားများကတောင် ဘာမှ မပြောဘဲ (ကိုယ်ပဲ လက်လှမ်းမမှီလို့လား) လွှတ်ထားသေးသည် မဟုတ်ပါလား။ မည်သို့ပင်ဖြစ်စေ.. ကိုယ်လို စာလုံးပေါင်းမှားသော ဘလောဂါအသစ်လေးများ၊ လူငယ်များ အားမငယ်ရအောင် တစ်နေ့တော့ အနည်းငယ် အားပေးစာ ရေးဖြစ်ဦးမည်ထင်သည်။

သက်ဆိုင်တာလေးတွေပါရှင်။
ညည်းချင်း
ကြည်လင်တဲ့နေ့
Christmas Eve in the Snow

8 comments:

sonata-cantata said...

မလေးရေ ဘယ်သူနဲ့မှ မတွေ့ရပဲ အိမ်ထဲမှာ နေရတဲ့ မိန်းမမှာလည်း ညည်းချင်းတွေ ရေးချရမယ်ဆိုရင်... ညည်းချင်းပြီး ညည်းချင်းဖြစ်တော့မယ်။
အလျဉ်းသင့်သလို ကိုယ့်ကိုကိုယ် မှတ်ချက်တွေ ချတတ်တဲ့ မိန်းမ၊ ဒီနေ့ ချမိတဲ့ မှတ်ချက်တခုက
ငါဟာ အလွမ်းဓာတ်ခံ ရှိသူပါလား... တဲ့
နောက်ဆက်ပြီး တွေးနေမိတာက အဲ့ဒီဓာတ်ခံက မွေးရာပါလား...ဘယ်သူ၊ ဘယ်အကြောင်းအရာ ဘယ်အခြေအနေတွေက သွတ်သွင်းပေးလိုက်တာလဲ...
နောက်တဆက်တည်း ဖြေသိမ့်လိုက်တဲ့ ဆင်ခြေက အပျော်ဓာတ်တွေလည်း ရှိပါတယ်...ငါ့ဘလော့ဂ်ပို့စ်တွေမှာ ငါ့အပျော်တွေ မြင်နေရတာပဲ...လို့...(ဟား ဟား)*

ဝန်ခံချက်။ ။* ဒီစာလုံးတွေ ပါမှ အသက်ပါမယ်ထင်လို့
မထည့်ချင်ပဲ ထည့်ဖြစ်အောင် ထည့်ခဲ့ပါတယ်။

~ဏီလင်းညို~ said...

မလေးရေ့.....

ညည်းတာတွေစုံနေတာပဲနော်........း)
(အနော်တော့ အဲ့ဂလို သစ်ပင်တွေဘာတွေအောက်မှာ အေးဆေးစာထိုင်မဖတ်ရ.....၊ ရေးချင်တာလေးတွေ မရေးရတာကြာလှပါပြီ....။ စာရေးတော့လည်း....အလုပ်က ကင်(န်)တင်းမှာ တစ်ဝက်.....အိမ်မှာတစ်ဝက်.....၊ စာဖတ်တော့လည်း......စာအုပ်ကို.........အဲ့ဒီမှာတစ်ဝက်.....အိမ်မှာတစ်ဝက်နဲ့ပဲလေ.....။ ပြန်ညည်းပြသွားပါသည်.......။......:D)

ခင်မင်ခြင်းအားဖြင့်.....
ဏီလင်းညို

မောင်မျိုး said...

ဟိုတစ်လောက်= ဟိုတစ်လောက အဲ့တာလေးတွေ့သွားတယ် ဟဲဟဲ ကျနော်ကတော့ စာလုံးပေါင်းမှားတတ်တာကို ပရိုဖိုင်မှာပါတင်လိုက်တယ်း) ရှင်းကော ။ ဒီလိုပါပဲ အစ်မရာရေးခဲ့တဲ့နှစ်တွေကလည်းကြာလာတော့ တခါခါ အီသွားသလိုဖြစ်တဲ့ အခါလည်းရှိမှာပေါ့ 2006-2007 လောက်က ဘလော့ဂါတွေကို လက်ချိုးကြည့်လို့တောင်ရနေတာကို အစ်မကိုလည်း ရှိနေစေချင်သေးတာပဲ စာတွေလည်းထပ်ဖတ်စေချင်သေးတယ် ။ဘာပဲဖြစ်ဖြစ် ဆက်ရေးပါ အားမှရေးပါ ရေးချင်မှရေးပါဗျာ ။

တခုသဘောကျတယ် နာမည်ကြီး ဘလော့ဂါတွေကလင့်ထားတယ် ဆိုတော့ ကျနော်လင့်ထားကိုလည်း လုံးဝမဖြုတ်တော့ပါ ဟဟားကိုယ်လည်း ရောယောင်ပြီး နာမည်ကြီးစာရင်းဝင်အောင်လို့ ။ စာလုံးပေါင်းမှားတာကိုယ့်ထက် မှားတဲ့သူတွေရှိသေးတယ် အားမငယ်နဲ့ ဆက်မှား ။

ဒါနဲ့ ပန်းသီးငါးပိချက်က တကယ်ချက်စားလို့ရတယ်လားအစ်မ မသိလို့ တစ်ခါလောက်ချက်ပုံချက်နည်းနဲ့ ချက်ထားပြီးသားလေးရေးပါလားးး။

အားပေးလျှက်
အစ်မမောင် “မောင်မျိုး ”

အိမ့်ချမ်းမြေ့ said...

အစ်မသီတာ...
မလေးထင်တာလေ အလွမ်းဓာတ်ခံက မွေးရာပါကော.. နောက်..ပတ်ဝန်းကျင်က ဘ၀ကို ဖြစ်စေတာတွေကော.. နဂိုကတည်းက စိတ်နူးညံ့တာကော ပါမလားမသိ.. ခွိ (ကိုယ့်ကိုကိုယ် ယက်သော လိပ်ဖြစ်နေဦးမယ် မလေး)
မ.. မရယ်ချင်ဘဲများ ရယ်သွားလားဟင် :P

ကိုဏီ...
ကင်န်တင်းမှာ ဘယ်သူမှ လာမနှောက်ယှက်တာ အလုပ်ကလူတွေကို ကျေးဇူးတင်ရမယ်နော်..


မောင်မျိုး...
ပန်းသီးငါးပိချက်ကို တင်ဦးမယ်..
ငပိသွားဝယ်မယ် မနက်ဖြန်

သိင်္ဂါကျော် said...

အပေါ်ဆုံးက အသီးလေးတွေ ကြိုက်တယ်.. အပုပ်တော့ မခံပါနဲ့ နှမျောစရာ.. :)

မောင်မောင် said...

မလေး ရေ
ညည်းချင်း လေး က လဲ ဖတ်သွားတယ်။
အကြောင်းအရာမျိုးစုံ ကို ညည်းပြသွားတာ လည်း ကာယကံရှင် ကို ကိုယ်ချင်းစာသနားမိတယ်။
မလေး ရဲ့  အတွေးတွေ ကို ဆန့်ထုတ်ဖို့  စာတော့
ဆက်ရေးနေပါ။
ဒီဘလော့လေးရော ဒေါ့ကွန်း ရော ကို ဆက်ပြီးထိန်း
ထားပါနော်။

အမြဲအားပေးလျှက်
မောင်မောင်
ခေတ္တ ကဘူးမြို့ 

ဇွန်မိုးစက် said...

မလေးက ဖိနပ်အမြင့်ကြိုက်တဲ့ပုံပဲနော်။
မလေးဘလော့ဂ်ကို ခုမှပြန်ဝင်ပြီး စာကြွေးတွေရှင်းနေတာ။ ဒေါ့ကွန်းမှာပဲ ဘလော့ဂ်မှာပဲဖြစ်ဖြစ် စာတွေဆက်ရေးပါဦး။ အသစ်တင်တိုင်း လာဖတ်ဖို့ ဘလော့ဂ်လင့်ခ်ယူသွားပြီးနော်။း)

Anonymous said...

Thanks for the blog loaded with so many information. Stopping by your blog helped me to get what I was looking for.
You nicely summed up the issue. I would add that this doesn’t exactly concenplate often. xD Anyway, good post…

LinkWithin

Related Posts Plugin for WordPress, Blogger...