မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Sunday, August 22, 2010

French Door တစ်ဖက်မှ အသံများ

ပြောင်လက်တောက်ပနေသော ထမင်းစားပွဲအလယ်က ပန်းအိုးကလေးထဲမှာ နှင်းဆီပန်းနုရောင်ကလေးက ငြိမ်သက်နေသည်။ ထိုနှင်းဆီပန်းကလေး ထည့်ထားသော ပန်းအိုးရှည်ရှည်သွယ်သွယ်လေးထဲက ရေထဲမှာ အလွန်သေးငယ်သော ပိုးကောင်လေးတစ်ကောင်က ပန်းအိုးနှုတ်ခမ်းပေါ်ကို ကြိုးစားပန်းစား တွယ်တက်နေသည်။ နှင်းဆီပန်းကလေးက မျက်နှာငယ်ကလေးနှင့် ပိုးကောင်ကလေးကို ငုံ့ကြည့်နေသည်။ နှင်းဆီပန်းကလေးနှင့် အလွန်ဝေးကွာလှသော မျက်နှာကြက်ပေါ်မှာကတော့ တညိမ့်ညိမ့် လည်ပတ်နေသော ဖုံမဲ့ ပန်ကာ...။

ထမင်းစားပွဲပေါ်မှာတော့ အစားအစာတွေက အမျိုးစုံလှသည်။ မြန်မာစာ၊ အနောက်တိုင်းစာ၊ ထိုင်းစာ၊ ကုလားစာများအပြင် ဟိုမရောက်သည်မရောက် ကပြားစာများက လျှံကျနေသည်။ ထမင်းစားပွဲပတ်လည်က လူတွေက ထမင်းဟင်းကို ဇွန်း၊ခက်ရင်းသံ မကြားအောင် စားနေကြသည်။ ဇွန်းခက်ရင်းသံများ တိတ်ဆိတ်လွန်းလှသော်လည်း ထမင်းစားပွဲတစ်ခုလုံးမှာကတော့ ပဋိသန္ဓာရစကားတွေ လျှံကျနေသည်။ သည်ထမင်းစားပွဲဝိုင်းမှာ အသက်၅၅နှင့် အသက် ၇၀ကြား အင်ဂျင်နီယာများ၊ ဆရာဝန်ဟောင်းများ၊ ရှေ့နေများ၊ စသည့် မြန်မာပြည်မှ ပညာရည်နို့ဝလာသော၊ အသက်ကြီးပုဂိုလ်များက မြန်မာပြည်နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အကြောင်းများကို မြိန်ရည်ရှက်ရည် ပြောဆိုနေကြသည်။ ထိုသူတို့၏ အာဘောင်အာရင်းသံသံ ပြောဆိုနေသံများကို လူငယ်တစ်အုပ်စုက ထမင်းဟင်းများကို တို့ကနန်းဆိတ်ကနန်းစားသောက်ရင်း ငြိမ်သက်စွာ နားထောင်နေကြသည်။ အာဘောင်အာရင်းသံစွာ မြန်မာပြည်အကြောင်း မြိန်ရည်ရှက်ရည် ဝေဖန်ဆွေးနွေးနေသူတို့၏ စကားဝိုင်းထဲမှာ ထိုလူငယ်အုပ်စုက မြန်မာ့ယဉ်ကျေးမှုဟူသော ခြုံလွှာများနှင့် အသက်ကြီးသူကို ရိုသေခြင်းဟူသော ပုဝါများကို အထပ်ထပ် စည်းကြပ်ရင်း ငုတ်တုပ်ထိုင်နေကြသည်ကို ပန်းကလေးက ပြုံးတုံ့တုံ့ဖြင့် ငေးကြည့်နေသည်။ ထိုအသက်ကြီးပုဂိုလ်များရဲ့ လက်ရှိအလုပ်များကတော့ စကားလုံးတွေကြားမှာ အရောင်တိမ်မှိုင်းမှုံနေသည်ကို ပန်းကလေး မသိဟန်ဆောင်နေသည်။

"တိုင်းပြည်က ပျက်တာကြာပါပြီကွာ...."

"........."

"........"

"တို့ခေတ်မှာတော့ မပျက်ဘူးဟေ့... မင်းတို့ လူငယ်တွေခေတ်မှာ တိုင်းပြည်ကပျက်တာကွ"


"............"

"မြန်မာပြည် ပညာရေးဆိုတာ သုံးစားလို့ မရတာကြာပြီ၊ ခုကြည့်လေ.. မင်းတို့ဘာများတတ်လို့လည်း"

"........."

"........"

"မပြောနဲ့ မပြောနဲ့ ဒီဘွဲ့တွေနဲ့ပဲ လုပ်စားနေတယ်လို့၊ မင်းတို့ ကံကောင်းလွန်းလို့ မြန်မာပြည်ကဒီဘွဲ့တွေနဲ့ အလုပ်ကိုင် ကောင်းကောင်းရနေတယ် လို့ ဆိုရမယ်"

"........."

"........"





"တိုင်းပြည်ထဲမှာ နေရင် ခွေးဖြစ်မှာဘဲ..."

"........."

"........"


"တိုင်းပြည်က ဘယ်တော့မှ မကောင်းဘူး..

"............."

"........"


"ကောင်းလာမှာလည်းမဟုတ်ဘူး"

"........."

"........"


"မကြာခင်ကို ပျက်တော့မှာ တိုင်းပြည်က...."

"........."

"........"

"ဘာလုပ်ပေးနိုင်မှာလည်း... ဘာမှလုပ်လို့ မရဘူး၊ ဘာာ မှ ကို လုပ် လို့ မရပါဘူး...၊ ငါတို့ ဒီမှာနေတာ တန်အောင်လို့ မြန်မာပြည်ကို ပျက်စီးစေချင်တာ၊ မြန်မာပြည် မကောင်းတာကိုပဲ ကြားချင်နေတယ်လို့တော့ မထင်လိုက်နဲ့ကွ"

"........."

"........"

"အလကား တိုင်းပြည်ပါကွာ...."

"........."

"........"

တိုင်းပြည်ကို ပြစ်ပြစ်နှစ်နှစ်ဝေဖန်ရှုံ့ချနေသော ထိုအသက်ကြီးပုဂိုလ်အချို့၏ ပန်းကန်ထဲသို့ ကြက်ပေါင်များ၊ ငါးပေါင်းများ၊ ဘဲကင်များက ပိုမို၍ပုံအောလာနေသည်ကို ပန်းကလေးက အံ့သြနေမိသည်။

ထမင်းစားခန်းနှင့် မီးဖိုခန်းထဲကြားတွင်.. လှပသော ပြင်သစ်တစ်ခါးချပ်က ခပ်ဟဟလှစ်နေသည်။ မီးဖိုထဲက လင်းထိန်နေသော မီးရောင်အောက်မှာ မိန်းကလေးတစ်ဦးက ပန်းကန်များကိုဆေးနေသည်။ ထမင်းစားခန်းမှ အသံများက တံခါးကိုဖြတ်ပြီး မီးဖိုခန်းထဲသို့ တိုးဝင်သွားနေသည်။


"ဟိုကောင်မလေးကို လခ ဘယ်လောက်ပေးရသလည်း.."

".............."

"ဘယ်တိုင်းပြည်ကလည်း..."

".........."

"သြော်.....ဖိလိပိုင်မပေါ့"

".........."

".........."

စကားတွေက ပိုမိုဆူညံလာသည်။ ဇွန်းခက်ရင်းသံတွေကလည်း ကျယ်လောင်လာသည်။ နှင်းဆီပန်းကလေး ပိုပိုပြီးညိုးလာသည်။

"××××××××××SERVANT×××××××××××××××××××××××××××××golden valley××××××××
××××××××××××××××
×××××××××××××××××××××××××××××××××××××××××××××××××××××××××
×××××××××××××××××××××××× SERVANT quarter ××××××××××××××××××××××××××××××××××××××××××××××××××××××
×××××××××××××××××××"

"×××××××××××××မင်းကြီးသား၊ ××××××××××××××××××××××××××××××××××××××××××××××××××
×××××××××××××××××××××××××××××××××××××××××××××××××SERVANT××××××××
×××××××××××××××××××××××× SERVANT quarter ××××××××××××××××××××××××××××××××××××××××××××××××××××××
×××××××××××××××××××"


"××××××××××××SERVANT××××××××××××××××××××××××××ရွှေတောင်ကြား×××××××××××××××××××××××××
×××××××××××××××××××××××××××××××××××××××××××××××××××××××××
×××××××××××××××××××××××× SERVANT ××××××××မင်းကြီးသမီး..××××××××××××××××××××××××××××officer××××××××××××××××××
×××××××××××××××××××"

မြန်မာနှင့်အင်္ဂလိပ် ညှပ်ညှပ်ပြောနေကြသော ထိုပုဂိုလ်ကြီးများအားလုံးသည်လည်း တိုက်ဆိုင်လွန်းစွာ အားလုံးက ဟိုခေတ်ဟိုအခါက မင်းကြီးသားများနှင့် မင်းကြီးသမီးများချည်း ဖြစ်နေလေသည်။ ထိုပုဂိုလ်ကြီးများနှုတ်မှလည်း ခေတ်ဟောင်းဆွေးမြေ့နေသော ကိုလိုနီခေတ်သုံးစကား SERVANT ဆိုသည့် စကားတစ်ခွန်းအပြီးတိုင်းမှာတော့ အိမ်နောက်ဖေးက ဖိလိပိုင်မကလေးကတော့ မတှုန်လှုပ်သလောက်... နှင်းဆီပန်းကလေးကတော့ ပိုပိုညိုးညိုးလာသည်။


×××××××××SERVANT×××××××ရွှေတောင်ကြား××××××××××SERVANT ×××မင်းကြီးသား..×××××××officer××××××SERVANT×××××××ရွှေတောင်ကြား××××××××××SERVANT ×××မင်းကြီးသမီး..×××××××officer×××××Rolls Royce××××××only a few in Yangon that time××××golden valley××××××golden valley××××golden valley......SERVANT quarter....SERVANT quarter.....SERVANT quarter....


မျက်နှာကြက်က ပန်ကာက အရှိန်ပြင်းစွာ အသံမြည်ဟည်းပြီး လည်ပတ်လာသည်။ ရုတ်တရက် မျက်နှာကြက်ပေါ်မှ စာရွက်ဖြူတွေ ကစင့်ကလျား ပြန့်ကျဲလာသည်။ အဖြူရောင်စာရွက်တွေက စားပွဲပေါ်မှာ.. ကြမ်းပေါ်မှာ။ ပန်းကလေး ငုံ့ကြည့်လိုက်တော့ နှစ်ကာလကြာလို့ အ၀ါရောင်သန်းနေသော မြန်မာပြည်မှ ဘွဲ့လက်မှတ်အချို့။ ပန်ကာက အသံအကျယ်ဆုံးမြည်ဟီးပြီး စာရွက်တစ်ခုကို နောက်ဆုံးကြဲချလိုက်သည်။

Bachelor of Commerce, University of Philippines

ပန်ကာက ထူးဆန်းသော အသံတစ်မျိုးမြည်ဟီးကာ ရပ်တန့်သွားတော့သည်။ ပန်းအိုးကလေးက ဘယ်သူမျှ မတိုက်ပါဘဲ လဲကျသွားသည်။ ပန်းအိုးထဲက ရေတွေ စားပွဲပေါ်ပြန့်ကျဲသွားတော့ ပိုးကောင်ကလေးက လွတ်မြောက်သွားသည်။ ပန်းကလေးကတော့ တစ်စစီကြွေကျသွားပါတော့သည်။

××××××××××××××××××××××××××××××××××××××××××××××
မလေးကို သူငယ်ချင်းအချို့ကပြောပါတယ်.. မလေးပိုစ်တွေ အရင်ကလောက် မနူးညံ့တော့ဘူးတဲ့..
လူ့ဘ၀တွေဟာ ချိုမြိန်ခြင်းတွေနဲ့ ခါးသီးခြင်းတွေ ဒွန်တွဲနေတာ မဟုတ်ပါလား...။
ခါးသီးခြင်းတွေရေးပြီးတော့လည်း မလေး စာတွေကို အချိန်ပေးလာဖတ်တဲ့ လူတွေကို ပူလောင်မှုတွေနဲ့ အရောင်မစွန်းစေချင်ပေမယ့် တစ်ခါတစ်လေကျ မြှုံနေရတာပိုဆိုးတယ်။
ဒါကြောင့် စိတ်ကူးပေါက်ရာ လျှောက်ရေးနေတဲ့ ဒီဘလောဂ်လေးကို လင့်ခ်ထားသူများကို လင့်ခ်ဖြုတ်ပေးပါလို့ တောင်းပန်ချင်ပေမယ့် မသင့်တော်ဘူးလို့ သူငယ်ချင်းတစ်ဦးက ပြောပါတယ်။
ဒါကြောင့် လောလောဆယ်တော့ မပြောသေးပါဘူး :D
ကလောင်သိပ်မွန်းကြပ်လာတဲ့နေ့တော့ အားလုံးကို မေတ္တာရပ်ခံဖြစ်လိမ့်မယ်ထင်ပါတယ်...

ခုတော့ ကလောင်ရေမွှန်းရင်းနဲ့ ဆက်ရေးဖြစ်ပါလိမ့်မယ်..

မပြောဖြစ်ပေမယ့်..
မမြင်ဖူးကြပေမယ့်...
မသိဖူးကြပေမယ့်...

စာရေးသူအချင်းချင်း၊ ဘလောဂါအချင်းချင်း.. တိတ်တခိုးခင်မင်လေးစားပါသော..

မလေးအိမ့်ချမ်းမြေ့

8 comments:

Phyo Evergreen said...

အစ်မစိတ်တွေမွှန်းကျပ်နေရင် ဖွင့်ချလိုက်တာကောင်းတယ်..။ စာလာဖတ်သူတွေလည်း နားလည်ပေးနိုင်မယ်ထင်ပါတယ်..။ ဘ၀အမောတွေကိုလည်း မောင်နှမတွေမျှဝေခံစားကြတာပေါ့..။
စက်တင်ဘာမှာ ကျွန်တောကနေဒါလာဖို့ရှိတယ်..အလုပ်ကိစ္စနဲ့ပါ..။ Toronto ဘက်ဆိုတော့အရှေ့နဲ့အနောက်မို့ အစ်မနဲ့တွေ့ဖို့မဖြစ်နိုင်ပေမယ့် ဖုန်းတော့ပြောလို့ရမယ်ထင်တယ်..။ တွေ့တော့တွေ့ချင်တာ Vancouver နဲ့ Torontoှဆိုအဝေးကြီးနော်..။

~ဏီလင်းညို~ said...

မလေးရေ့.....

အကြောင်းအမျိုးမျိုးနဲ့ ရေကြည်ရာမြက်နုရာ နေကြရတဲ့ လူတွေထဲက လားရာဇစ်မြစ်ကို မထေမဲ့မြင်ပြုတတ်တဲ့ ကြိုးကြာဟောင်းတချို့အကြောင်းကို ဖတ်သွားပါတယ်ဗျာ......။
(လင့်ခ်ဖြုတ်ပါလို့ ပြောလည်း.....ဖြုတ်ဘူးဗျိုး.....း))

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

Zaw Myo Lwin said...

တိုင်းပြည်မှာ လူမသိသူမသိ ကြွင်းကျန်ရှိနေသေးဆဲ လူတန်းစားသပ်သပ်တခုအကြောင်း မီးမောင်းထိုးပြထားတဲ့ စာတပုဒ်။ ဒီ့ထက်ဒီ အသေးစိတ် အချိန်ရလို့ ရေးဖြစ်မယ်ဆိုရင် ဖတ်ခွင့်ရချင်မိပါတယ်။
ကျေးဇူးတင်ပါတယ်။ ကျန်းမာရွှင်လန်းချမ်းမြေ့ပါစေ။
ဇော်မျိုးလွင်

မောင်မောင် said...

မလေး
ဒီစာပိုဒ်လေး ဖတ်ပြီးတော့ အဲသလို လူတန်းစားတွေ
အကြောင်း ကို ပြန်စဉ်းစားလာမိတယ်။
မွန်းကျပ်နေသလိုခံစား နေရတာလေး တွေ ကို ရင်ထဲ
ကနေ ထိုးဖောက်ထွက်ခွင့်ပေး ပြီးချရေးလိုက်ပါမလေး။
အနည်း နဲ့ အများတော့ ပေါ့ပါးပြီး လွတ်လပ်သွားမယ်။
ဒါမှမဟုတ်ယင် လဲ ကိုယ့်ရဲ့ မိတ်ဆွေ၊သူငယ်ချင်းကို
ဖွင့်ဟ ပြီး တော့ ပြောပြလိုက်ယင် မွန်းကျပ်မှု့ ကနေ
တော့ လျော့ပါးသက်သာသွားမယ်ထင်ပါတယ်။
ပျော်ရွှင်ပါစေ မလေး။

ခင်မင်ရပါသော
မောင်မောင်

မောင်မျိုး said...

ကျနော်တော့ ဒီနေရာလေးကို နှစ်သက်နေတုန်းပဲ အစ်မရေ လွန်ခဲ့တဲ့ ၄ နှစ်လောက်တုန်းကလည်း ဒီနေရာလေးကို နှစ်ခြိုက်တယ် ခုလည်းနှစ်ခြိုက်တုန်း ။ အစ်မရဲ့ စိတ်ကို ဒီနေရာမှာ လွတ်၂လပ်၂ဖွင့်ချလိုက်ပါ အစ်မနဲ့ထပ်တူနီးပါ မျှဝေခံစားကြမယ့် သူတွေ ဒီနေရာမှာ ရှိနေပါသေးတယ် ကျနော်သိသလောက်တော့ မတန်ခူး ၊ ကိုဏီ ၊ညီဖြိုး ပြီးတော့ ကျနော်ပေါ့း) အဖျား ၁၀၄ နဲ့ ဘယ်စာကိုမှ မရေးတော့ဘူးလို့ တစ်ခါ ရမ်ဘိုဇတ်ကား ဝေဖန်ချက်တုန်းက ရေးဖူးသေးတာ အမှတ်ရသေးတယ် ။ လင့်တော့ မဖြုတ်တော့ပါဘူး။ အစ်မ ဘာရေးရေး အားပေးနေမယ် မြန်မာပြည်ရဲ့ နိုင်ငံရေးက ပညာတတ်လူတန်းစားကြီးတွေ စကားဝိုင်းက အလာပ သလာပ ဖြစ်သွားရတာ ရင်နာစရာ တိုင်းပြည်ထဲမှာနေရင် ခွေးဖြစ်မှာပဲဆိုတဲ့ စကားကတော့ လွန်လွန်းပါတယ်လေး( ဒါဆို ကျန်ခဲ့တဲ့ သူတွေအားလုံးက ခွေးတွေလားးးး ။

အိမ့်ချမ်းမြေ့ said...

အဲ...

ကိုဏီနဲ့ မောင်မျိုးနဲ့... သိပ်လိမ္မာတဲ့ မောင်တွေပါပဲလား..
ဖြုတ်ခိုင်းတောင်ဖြုတ်ဖူးတဲ့...

ကိုဖြိုး...
စက်တင်ဘာဆိုနီးပြီပဲ.. ဟိုဘက်မှာတော့ အေးလောက်ပြီ။ ဆီအီးမေလ်ပို့ထားလိုက်လေ..
ဘိုင်သဝေး.. အဖြေရသွားပြီလား ;)

ကိုဇော်မျိုးလွင်..
မင်္ဂလာပါ.. ကိုဇော်မျိုးလွင်ရေးတဲ့ နှစ်ဘ၀စာအလွမ်းဆိုတဲ့ ကဗျာ တော်တော်လေး ကြိုက်ပါတယ်။

ကိုမောင်မောင်..
မလေးရဲ့ စာကလေးကို လာဖတ်တာ ကျေးဇူးပါနော်..

ဇွန်မိုးစက် said...

မရေ... မ ဘာရေးရေး ဇွန်က လာဖတ်နေမှာ၊ အားပေးနေဦးမှာ။ ဇွန်ကြိုက်တဲ့ ဖတ်ချင်တဲ့ စာအဖွဲ့မျိုးလေးတွေကို ရေးတတ်တဲ့ မမအိမ့်ချမ်းမြေ့ကို အမြဲအားကျ ကျေးဇူးတင်နေသူပါ။

ခု French Door ကိုလည်း ကြိုက်တယ်။ တွေးစရာ၊ ဆင်ခြင်စရာတွေနဲ့။ အသိတစ်ယောက်တောင် ကနေဒါကို migrate လုပ်တော့မှာ မရဲ့။ ကနေဒါဆိုရင် မလေးကိုပဲ အရင်ဆုံး ပြေးပြေးသတိရမိတာ။ ဇွန်တော့ လာမလည်နိုင်သေးဘူး မရယ်။ မလေး စင်္ကာပူလာလည်ဖြစ်ရင်တော့ အသိပေးနော်။

အိမ့်ချမ်းမြေ့ said...

ဒီလို ဂုဏ်သရေရှိလူကြီးလူကောင်းဆိုသူတွေ.. professional ဆိုသူတွေရဲ့ ထမင်းစားဝိုင်းတွေကို အလွန်ငြီးငွေ့နေပါပြီ..ဇွန်ရေ..

LinkWithin

Related Posts Plugin for WordPress, Blogger...