မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Wednesday, August 25, 2010

လရောင်ချစ်သူ

ကောင်းကင်ပြာမှိုင်းမှိုင်းပေါ်မှာ
သိဟ်ရာသီ လ ရယ်က....
ခပ်တိုးတိုး သာ...နေတယ်..။


ခတ္တာပန်းငုံကလေး က
တသုန်သုန်မြူးတဲ့
ညလေရူးအောက်မှာ..
ဖြောက်ကနဲ.. ကြွေ... သွားတယ်...။


ခြင်္သေ့ရာသီရုပ်ပုံက
တိတ်တခိုးလွမ်းတတ်သူကို
ခတ္တာပန်းတွေဖူးတဲ့ နေရာလေးကို...
သယ်ဆောင်လို့ ခေါ်...သွားတယ်။

သရ၀ဏ်... လ.. ရယ်..
လွမ်းတယ်..။







အောက်ဆုံးကပုံကို အကြိုက်ဆုံးပါပဲ...
 ထင်းရူးပင်ထိပ်ဖျားတွေရယ်.. နဂါးငွေ့တန်းတွေ၇ယ်နဲ့... စိတ္တဇ ဆန်တယ်..
(တစ်ကယ်ကတော့ ကင်မရာ မချိန်တတ်သေးတာပါ... )

အိမ်ခန်းထဲက လရောင်ကို လိုသလိုရအောင် ရိုက်ရတာ တော်တော်လေးကို ခက်တာ ဒီည သိလိုက်ရပါတယ်။

................

တစ်ကယ်လို့ အသက် ၈၀ ထိနေကြတယ်ဆိုရင်တောင်...
လပြည့်ည.. ရက်တစ်ထောင် မပြည့်ပါဘူး။
လပြည့်ညတွေ.. အဓွန့်ရှည်ပါစေ....လို့။

7 comments:

မေဓာဝီ said...

မလေးရေ ...
မမေလဲ ညတုန်းက သာနေတဲ့ လပြည့်ဝန်းကြီးကို မအိပ်ဘဲ ကြည့်နေမိတယ်။ ဓာတ်ပုံတော့ မရိုက်လိုက်မိဘူး။ အိပ်ရာထဲကနေကြည့်ရင် မှန်ပြတင်း ဇာခန်းဆီးကတဆင့် လမင်းကြီးကို မြင်နေရတော့ အိပ်ပစ်လိုက်ရမှာ နှမြောလို့ ည တချက်ခွဲလောက်ထိ တစိမ့်စိမ့် ကြည့်နေတာ ... ။ လမင်းကြီးက တိမ်တွေကြား ၀င်သွားလိုက် ပြန်ထွက်လာလိုက်နဲ့ သိပ်ကြည့်လို့ကောင်းတယ်။

မလေး ဓာတ်ပုံလေးတွေက လှလိုက်တာ။ မမေကတော့ အားလုံး သဘောကျတယ်။ ပြတင်းပေါက်က မြင်ကွင်းလေးကို အကြိုက်ဆုံးပဲ။

မောင်မျိုး said...

ကျနော်လည်း တစ်ခါခါ လ အရမ်းသာတဲ့ ညတွေဆို မနေနိုင်လွန်းလို့ မြင်သာမယ့် အမြင့်နေရာကနေသွားသွားပြေးကြည့်မယ်တယ် ဘာကြောင့်များ လ ရောင်က လူ့စိတ်ကို လွမ်းစေတာလဲ အစ်မ ။ အဖြေရရင် အဲ့အကြောင်း စာတစ်ပုဒ်လောက်ရေးပေးပါး)

Phyo Evergreen said...

ပုံလေးတွေသဘောကျတယ်..။ လရောင်နဲ့မထိတွေ့တာ ၄၊၅ နှစ်လောက်ရှိတော့မယ်..ဘယ်လိုဘဲဖြစ်ဖြစ် သော်တာလကိုတော့ချစ်တယ်..။ အစ်မ အဲဒီမှာ Northern Lights တွေမြင်ရလား.. တွေ့ဖူးချင်တယ်..။

ဇွန်မိုးစက် said...

မလေးရေ... မလေးရဲ့ သံစဉ်မဲ့အင်္လကာများကို လင့်ခ်မချိတ်ထားမိလို့ ၀င်မကြည့်ဖြစ်ဘူး။ အိမ့်ချမ်းမြေ့ဒေါ့ကွမ်းမှာပဲ ဆက်ရေးဖြစ်တယ်ထင်နေတာ။

မလေးရဲ့အိပ်ခန်းက မိုက်တယ်နော်။ ထင်ရှူးပင်ရော၊ လရိပ်ပါ မြင်ရတယ်။ သိပ်သဘောကျတာပဲ။း)

sonata-cantata said...

ပုံလေးတွေ အကုန်ကြိုက်တယ် မလေး
အကြိုက်ဆုံး ပြောပါဆိုရင်တော့ starry starry night ပါတဲ့ ပုံကို ရွေးပါတယ်။
ရုပ်ရှင် ဇတ်ဝင်ခန်းတခုနဲ့ တူသလို ခံစားမိတယ်။
မသီတာတို့ အခန်းက လကို မမြင်ရဘူး။
ဘာရမလဲ ဟွန်း
အိမ်ပြောင်းပြစ်မယ်းP

အိမ့်ချမ်းမြေ့ said...

မမေ...
မမေနဲ့မလေး ၂ယောက် အဲသလို ထိုင်ကြည့်ပြီး စာအကြောင်းပေအကြောင်း ပြောရရင်ကောင်းမယ်..

မောင်မျိုး...
ဟဲဟဲ.. ကုန်ကြမ်းကုန်နေတာနဲ့ အတော်ပဲ.. အိုင်ဒီယာပေးသော မောင်မျိုးတော်၏..

ကိုဖြိုး...
Northern Lights တွေတော့ မမြင်ဖူးဘူး။ အိမ်ရှေ့ လမ်းဘေးမီးရောင်တော့ မြင်ဖူးတယ် မောင်လေး။

ဇွန်...
ဒီမှာ လည်း ရေးတယ်...။ ကွမ်းမှာ ခုလိုတွေ မရေးချင်ဘူး... ရှက်လို့ :P

အစ်မသီတာ..
အဲ့ဒါ မလေးရဲ့ အခန်း။။ starry night က မလေးကိုယ်တိုင် ဗင်ဂိုးဆီက သွားဝယ်ထားတဲ့ ပန်းချီအစစ်.. (မဟုတ်ဖူးလို့) ဒီတစ်ခါရိုက်တဲ့ ညအခါ.. လသာသာ ပုံလေးတွေ မဆိုးဘူးနော်.. (ကိုယ့်ဟာကိုယ် ချီးမွမ်းနေတယ်.. မလေးတစ်ယောက်ကတော့ )

အပြုံးပန်း said...

သိဟ်ရာသီရောက်ပြန်ပြီနော်၊
ဝါခေါင်လပြည့်၊
ဒုတိယပုံကို ကြိုက်တယ်၊ ၀ိုင်းစက်နေတဲ့လကို မကြည့်ဖြစ်တာလည်း ကြာပြီ၊
လရောင် မခံစားဖြစ်တာလည်း ကြာပြီ၊
မလေးရဲ့ ပုံတွေက ကဗျာတစ်ပုဒ်လိုပဲ၊ အရသာတွေ့တယ်။

LinkWithin

Related Posts Plugin for WordPress, Blogger...