မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။
Wednesday, July 07, 2010
ထင်းရူးနံ့သင်းသော ဧရာဝတီ
irr1.pngirr2.png
irr3.png
နှင်းရိပ်ရီဝေေ၀ကြားမှာ ငွေလက ခပ်တိုးတိုးသာနေသည်။ ထင်းရူးပင်ဖျားတွေက လရိပ်အောက်မှာ ငိုက်မြည်းနေသည်။ မီးဖိုချောင်ကြမ်းပြင်ပေါ်မှာ လရိပ်က အရည်ပျော်ငြိမ်သက်လို့..။ သူ.. သောက်လက်စရေခွက်ကို အိပ်ချင်မူးတူးဖြင့် ပန်းကန်ဆေးကြွေခွက်ထဲ ထည့်လိုက်စဉ် မီးဖိုတံခါးက ဖြည်းဖြည်းဖွင့်လာသည်။
"မအိပ်သေးဘူးလား..မောင်တောင် တရေးနိုးလာပြီ၊ ဆံပင်တွေလည်း နှင်းရည်တွေစိုလို့ပါလား"
"လသာလွန်းလို့ ထွက်ရိုက်တာ"
"အိပ်သင့်ပြီနော်၊ မနက်ကျ မထနိုင်ဘူးဖြစ်နေဦးမယ်"
"လူ့ဘ၀က တိုတိုလေး၊ လသာညတွေကလည်း ရေတွက်လို့တောင် ရလို့ပါ"
"ဆံပင်တွေအခြောက်ခံဦး၊ အိပ်ရေးတွေပျက်လို့လည်း မျက်တွင်းတွေ မည်းလာနေပြီ"
"ဟင်.. ဟုတ်လို့လား"
"ဟုတ်တယ်.. အနည်းဆုံး ခုနစ်နာရီတော့ အိပ်သင့်တယ်"
"တစ်နေ့ကို လူတစ်ယောက်က ခြောက်နာရီထက် ပိုအိပ်ရင်ဖြစ်ဖြစ် လျော့ပြီးအိပ်ရင်ဖြစ်ဖြစ် အသက်တိုတတ်တယ်တဲ့။ မောင်လည်း သတိထားဦး၊ တစ်ချိန်လုံး အိပ်ချည်းပဲ နေနေတာပဲ၊ အသက်တိုနေဦးမယ်နော်.. ဟွန်း"
ပြောပြောဆိုဆိုနှင့် သူမ.. အခန်းထဲ ၀င်သွားပြီး တံခါးကို ပိတ်သွားတော့ သူလည်း သူ့အခန်းထဲ ၀င်သွားတော့သည်။
%%%%%%%
နံနက်ခင်း နေရောင်ခြည်က တောက်လက်နေသည်။ စားပွဲပေါ်မှာ နံနက်စာပူပူနွေးနွေးက စားပွဲပေါ်မှာ အဆင်သင့်။ သူ... ကော်ဖီကိုငှဲ့အပြီး အိမ်ရှေ့တခါးက ညင်ညင်သာသာပွင့်လာသည်။ အားကစားဝတ်စုံနှင့် သူမ၏ ကောက်ကြောင်းတို့ နေရောင်ခြည်ကြားက တစ်ချက်လှမ်းကြည့်လိုက်သည်။ မီးဖိုချောင်ကောင်တာပေါ်က သူမအတွက်အဆင်သင့်ကော်ဖီခွက်ကို ယူပြီး သကြားဗူးနားကို သူမ ကပ်သွားသည်။ တစ်ဇွန်း၊ နှစ်ဇွန်း၊ သုံးဇွန်း...။
"တော်လောက်ပြီထင်တယ်။ ဒီလောက် သကြားတွေသောက်နေတာ၊ နည်းတဲ့သကြားတွေမဟုတ်ဘူးစားတာ၊ ဒီကြားထဲ ဟင်းသီးဟင်းရွက်ကလည်း စားတာသိပ်နည်းတယ်.. antioxidant များများစားရတော့မယ်လို့ ပြောနေတယ်"
သူမ ဘာတစ်ခွန်းမှ ပြန်မပြောဘဲ ငုတ်တုပ်ထိုင်ပြီး ကော်ဖီကို ငုံ့သောက်နေသည်။
"ရော့.. ဒီမှာ မုန်လာဥနီစား"
"......................"
"ဘယ်တွေရောက်ခဲ့လည်း၊ ပန်းခြံဘက်သွားတာလား၊ ပင်လယ်ဘက်ကိုသွားတာလား"
သူမ ခေါင်းခါသည်။ စကားပြန်မလာ။
"ညက ကားဆီဖြည့်ထားပေးတယ်နော်.. အဆင်ပြေတယ်မဟုတ်လား"
"အင်း"
စကားသံ ပလုံးပထွေးထွက်လာသည်
"ထမင်းကြော်စားလေ.."
"ဟင့်အင်း"
သူမ မျက်ဝန်းတွေကို အမိအရ လိုက်ဖမ်းတော့ မျက်ရည်က ၀ဲနေပြီ။
"ဘာဖြစ်နေရတာလည်း"
"သကြားစားတာ ဘာဖြစ်လည်း၊ တစ်နေ့ကို ၂ဇွန်းလောက်ပဲစားတာကို..၊ မုန်လာဥနီနဲ့ မတည့်ပါဘူး၊ လည်ပင်းထဲက သွေးတွေထွက်လာပါတယ်ပြောတာလည်း ဒီမုန်လာဥနီကိုပဲ စားခိုင်းနေတာ..။ နောက်ပြီး လူကို ကောင်းကောင်းပြောပါဆိုလည်း မပြောဘူး။ ဒီလို အသံကျယ်ကြီးနဲ့ အော်တာလည်း မကြိုက်ပါဘူးလို့ ပြောထားတယ်။ မောင်.. ကျမ နေ့သစ်ကို ဖျက်ဆီးလိုက်ပြီ"
"အာ........ဘယ်မှာများမင့်နေ့သစ် ဖျက်ဆီးမိလိုက်ရပြန်ပြီလည်း... ဘာမှကို မပြောရသေးပါလားကွာ၊ စိတ်ကလည်း နုလိုက်တာ၊ ဒီလောက်လေးမှ ပြောလို့ မရရင် မဟုတ်သေးဘူးထင်တယ်နော်"
"မောင်ကျတော့ကော ဘာလေ့ကျင့်ခန်းမှ မလုပ်ဘူး။ လာ.. လာခဲ့ အခုလာလုပ်"
"မလုပ်ပါရစေနဲ့ဦးကွာ... ကော်ဖီလေးတော့ သောက်ပါရစေဦး"
"မရဘူး။ လာခဲ့ ဒီလိုလုပ်ကြည့် ဘယ်လောက်ပျော့လည်းကြည့်မယ်၊ အခုလို ခြေဖျားကိုထိလား လာလုပ်"
"................"
"ဟင်း.. ဒူးခေါင်းတောင် ကျော်အောင် မလုပ်နိုင်ဘူး။ သူကျတော့ ဘာလေ့ကျင့်ခန်းမှ မလုပ်ဘူး။ အကြောတောင် ကောင်းကောင်းမလျော့တတ်ပဲနဲ့"
"ဟေ့ဟေ့.. မောင် လေ့ကျင့်ခန်း မလုပ်ပေမယ့် ကျန်းမာရေးနဲ့ ညီညွှတ်တာတွေ စားတယ်နော်၊ မင်းသာ.. သကြားတွေစွတ်စားနေတာ"
သူ သတင်းစာကို ငုံ့ဖတ်ရင်း ကော်ဖီသောက်နေစဉ် သူမ ထမင်းစားပွဲမှ ပျောက်သွားပါတော့သည်။ ဒီအချိန်ဆိုရင် အခန်းထဲမှာအောင်းပြီး မျက်ရည်ဝဲနေလောက်ပြီကို သိတော့ သူ သက်ပြင်းအသာချမိသည်။
သူမအိပ်ခန်းတံခါးကို အသာတွန်းဖွင့်ဝင်လိုက်တော့ မွှေးပျံ့နေသော သူမအခန်းလေးက ဆီးကြိုနေသည်။ သူမကို စာအုပ်တွေနှင့်သတင်းစာတွေကြားမှ ငုတ်တုပ် တွေ့ရသည်။
"ရုပ်ရှင်သွားကြည့်မလား..."
"နိုး"
ဂျစ်ကန်ကန်နှင့် သူမကို သူ စိတ်တိုချင်လာသည်။
"လာပါကွာ.. သွားမယ်။ အပြင်မှာ အရမ်းသာယာတယ်..."
သူမ ပြူတင်းပေါက်အပြင်ကို တစ်ချက်လှမ်းကြည့်ပြီး မျက်နှာလေးက ချက်ချင်းပြုံးသွားသည်။
"သွားလေ.. မောင်သာပြီးအောင် အရင်လုပ်၊ အချိန်အရမ်းမဆွဲနဲ့နော်.... ကျမက အခုကို ကောက်ထသွားလို့ရတယ်"
ရုပ်ရှင်ရုံထဲမှာ လူသံတွေဆူညံနေသည်။ နံရံပေါ်က အရုပ်ကားချပ်တွေကိုကြည့်ရင်း ဘယ်ရုပ်ရှင်ကြည့်ရင် ကောင်းမလည်းဟု ဆုံးဖြတ်ရခက်နေကြသည်။
"မောင်ကြိုက်တဲ့ ဒရာမာဖြစ်မယ်ဒီကားက.. ဒါပဲကြည့်လိုက်ကြမယ်လေ..နော်"
"မင်းမကြိုက်ဘူး မဟုတ်လား၊ မင်းကြိုက်တဲ့ ဒီ alien ကားတွေပဲ ကြည့်ပါကွာ..၊ မောင်က အဲသလို သဘာဝကိုလွန်တဲ့ ယုတ္တိမတန်တဲ့ ကားတွေကို မကြိုက်ဘူး"
"ကျမကတော့ ယုတ္တိသိပ်ဆန်လွန်းပြီး တစ်လလောက် ရင်ထဲစွဲနစ်ခံစားနေရမယ့် ကားမျိုးတွေကို မကြည့်ချင်ဘူး။ ပြီးရင် အကြာကြီး စိတ်ကကောင်းမှာ မဟုတ်ဘူး၊ alien ကားတွေကလည်း ယုတ္တိမကျဘူးလို့ ဘယ်လောက်များငြင်းချက်ထုတ်နိုင်မှာလည်း။ သူ့အတိုင်းအတာနဲ့သူ ယုတ္တိရှိတတ်ပါတယ်။ တစ်ခါတစ်ခါမှာ လူ့သဘာဝတွေကို ပိုတောင်မြင်ရတတ်သေးတယ်။"
"မင်းကြိုက်တဲ့ ဒီalien ကားပဲကြည့်တော့..."
"ဟင့်အင်း.. ဒရာမာပဲကြည့်တော့...."
"မောင်.. သိပ်စိတ်မပါဘူး"
"ကျမလည်း စိတ်မပါဘူး"
"ကမ်းစပ်သွားထိုင်မလား..."
"အင်း.. သွားမယ်"
ပင်လယ်ကမ်းစပ်မှာ လှိုင်းရိုက်ခတ်သံတွေကို ကြားနေရသည်။ အတိတ်ထဲမှာ စိတ်တူကိုယ်တူ နစ်မျောနေတတ်ကြသော လူနှစ်ယောက် အေးမြသော ပင်လယ်လေကို ရှုရှိုက်နေကြသည်။ အတိတ်ထဲမှာ ကျင်လည်တတ်ကြသော၊ အတိတ်ကို လွမ်းဆွတ်တတ်ကြသော သူနှင့်သူမ၏ စကားဝိုင်းများ၊ ငြင်းခုံဆွေးနွေးပွဲများသည် ပစ္စုပ္ပန်များ၊ အနာဂတ်များနှင့်ရောယှက်ကာ အရောင်တလက်လက် တောက်ပနေတတ်သေးသည်။
အကြောင်းအရာတစ်ခုကို နှုတ်အားဖြင့် ချက်ကျလက်ကျရှင်းပြရန် အလွန်ကြာတတ်သော၊ လိုရင်းမရောက်နိုင်သော သူမနှင့် ရေလည်အောင် ရှင်းပြပြောဆိုတတ်သော သူ။ မျက်နှာခေါင်းငုံ့နေလျှက်က ပတ်ဝန်းကျင်မှာ အပ်ကျသည်ကို သိသော သူမနှင့် မျက်လုံးပြူးကြည့်နေတာတောင် ဆင်တစ်ကောင်ဖြတ်သွားတာ မသိလိုက်တတ်သော သူ။ (စိတ်တိုချိန်များမှလွဲပြီး) အလွန် နှုတ်အေးသော သူမ နှင့် နှုတ်သွက်သောသူ။ မြိုသိပ်ခံစားတတ်လွန်းသော သူမနှင့် ပွင့်လင်းသော သူ တို့.. ပင်လယ်ကမ်းစပ်မှာ ထိုင်ပြီး ရောက်တတ်ရာရာတွေကို နာရီပေါင်းများစွာ မပျင်းမရိပြောဆိုတတ်ကြသေးသည်။ နှစ်ဦးစလုံးကတော့ သာမန်လူများထက်စာလျှင် အေးသည်ဟု ဆိုကြသော်လည်း သူတို့နှစ်ဦး စိတ်ဆိုးချိန်များတွင်တော့ ပြူတင်းပေါက်မှ ခုန်ပျံထွက်လာတတ်သော စာအုပ်များ၊ သတင်းစာများ၊ ဖိုင်တွဲများ၊ ယုတ်စွအဆုံး လက်ကိုင်ဖုန်းများနှင့် လက်ပ်တော့ပ်များကိုပါ အိမ်နောက်ဖက် မြက်ခင်းပြင်ပေါ်မှာ တွေ့ရတတ်ပေသည်။
"ပြောပါဦး..."
"ဟင်.. ဘာပြောရမှာလည်း၊ ဒီလောက်ပြောပြီးပြီ..."
"ရုံးမှာ အခုဘာတွေဖြစ်နေလည်း .."
"ဖြစ်ဘူး.. ပြောနိုင်တော့ဘူး.. မောတယ်။ မောင်ဟာ အရမ်းပြောနိုင်တာပဲနော်.. အဘိုးကြီးဖြစ်ရင် ဘယ်လိုနေမလည်းမသိဘူး။ ကျမ အဲ့လောက်စကားတွေ မပြောနိုင်ဘူး"
"ခုနကပြောတဲ့ ရုံးကိစ္စပြန်ပြောပါဦး... အဲ့ဒါအရေးကြီးတယ်"
"ပြောပြီးပြီလေ.."
"မရှင်းဘူး မင်းပြောတာ... လိုရင်းမရောက်ဘူး"
"ဖိုင်း... စာရေးပြီးပဲပြောမယ်"
"ကောင်းတယ်.. မင်းက စာရေးရင် သိပ်တော်... အဲ....မဆိုးပါဘူး..."
"ဟုတ်ကဲ့၊ မဆိုးဘူး...အဆင့်"
"ဒီလိုပေါ့ကွာ.. ကိုယ့်လူဆိုတော့ နှိမ်ထားတာ.... ဟဲဟဲ"
"ဟင်းဟင်းး... "
သူမ ခပ်တိုးတိုးရယ်လိုက်ပြီး အသက်ကို ခက်ခက်ခဲခဲ ရှိုက်ရှုလိုက်သည်
"နေကောင်းရဲ့လား.. ပြန်မလား"
စိုးရိမ်မှုတွေလျှံထွက်သွားသော မျက်လုံးများနှင့် သူကကြည့်ရင်း မေးလာသည်။
"မပြန်ဘူး... ရတယ်.. နေချင်သေးတယ်.."
သူမအသံတွေက တိုးတိုးဝင်လာသည်။ ပင်လယ်ဘက်မှ လေပြင်းများက တ၀ုန်းဒိုင်းဒိုင်းနှင့်။
%%%%%%%
တိတ်ဆိတ်သော အခန်းကျဉ်းကလေးထဲက ကုတင်တစ်လုံးပေါ်မှာ သူမ လှဲလျောင်းနေသည်။ သူမ ဆံပင်တွေက နဖူးစပ်မှာ ငွေရောင်သန်းနေသည်။ အပြင်မှာ မြူတွေဝေ့၀ဲနေသည်။ ညနေခင်းနေရောင်ဖျော့ဖျော့က အခန်းထဲကို ထိုးကျနေသည်။ သူက ကုတင်ဘေးမှာ ထိုင်ပြီး သူမလက်ကလေးကို ဆုပ်ကိုင်ထားသည်။ သူမ ကုတင်ဘေးမှာ သမီးနှင့်သားနှစ်ယောက်က မတ်တပ်ရပ်ပြီး စိုးရိမ်သည့် မျက်လုံးများနှင့်ကြည့်နေသည်။ သမီးက သူမလိုပဲ အရပ်ရှည်သည်။ ဆံပင်တွေကတော့ သူမလောက် မသန်စွမ်းပေမယ့် ပျော့ပျော့လေးတွေနှင့် ကြည့်ကောင်းသည်။ မျက်ဝန်းတွေကတော့ ရွဲလုံးကြီးတွေအလား လှပလွန်းသည်။ နှုတ်ခမ်းတွေက နီရဲစိုမွတ်နေသည်။ သူမ အပျိုတုန်းကတော့ ထက်မြက်သော၊ မိန်းမပီသသော၊ ထမင်းဟင်းချက်တော်သော၊ ရုပ်ရည်အဆင့်အတန်းထက် စိတ်ဓာတ်အဆင့်အတန်းမြင့်မားသော၊ အရပ်ရှည်ရှည် အသားညိုညို ဆံပင်ရှည်ရှည် သမီးခုနှစ်ယောက် လိုချင်ခဲ့ဖူးသည်။ တစ်ကယ်တမ်း သားနှစ်ယောက်နှင့်သမီးတစ်ယောက်ရလာတော့လည်း သူမ ကျေနပ်မိသည်ပါပဲ။ သမီးကလေးကချစ်စရာကောင်းသလောက် သားတွေကလည်း အချိုးကျနစွာ၊ ယောင်္ကျားပီသစွာ ချောသည်။ သားတွေကော သမီးကော သူမ နှင့် ပိုပြီးတူသည်ကို သူမ ဂုဏ်ယူနေမိသည်။
"သမီးနဲ့သားတို့ အပြင်ခဏသွားနေနော်.. မေမေ ဖေဖေ့ကို မှာစရာရှိလို့"
သားသမီးများက အခန်းအပြင်ဘက်ကို လေးတွဲ့စွာ ထွက်ခွာသွားသည်။ သူမကုတင်ပေါ်မှာ ခေါင်းဦးနှင့် မှီပြီးထိုင်နိုင်ရန် သူက ကူညီပေးသည်။ သူမ သူ့လက်ကို ဆုပ်ကိုင်ထားသည်။
"မောင်... ကျမသေရင်လေ... ၀မ်းနည်းတဲ့ပွဲထက်.. ပျော်ပွဲရွှင်ပွဲလုပ်ပေးနိုင်မလားဟင်..."
"တော်ပါတော့ကွာ..."
"မဟုတ်ဘူး... ကျမပွဲကို ပျော်ပွဲရွှင်ပွဲလုပ်ပေးပါနော်... နောက်ပြီး Casablanca သီချင်းလည်း ဖွင့်ပေးပါ.."
".............."
"နောက်ပြီး...... နောက်မိန်းမယူမယ်ဆိုရင်.. နောက်မိန်းမ ပြောစကားထက် ကလေးတွေစကားကို အလေးအနက်ထားပါ။ ကလေးတွေကို ပိုယုံပါနော်..."
"မဟုတ်တာတွေ မပြောစမ်းပါနဲ့ကွာ..."
"အဟင်း... ယူချင်နေတယ် မဟုတ်လား..."
သူမ သူ့ကို အပြောင်အပျက်ပြောတော့ မျက်ရည်စိုသော မျက်ဝန်းတွေနဲ့ မချိပြုံး သူပြုံးသည်။
"ပြောပါ.. ကတိပေးပါ။ နောက်မိန်းမစကားထက် ကလေးတွေစကားကို ယုံမယ်လို့...."
"ဟာကွာ......... ကျွတ်..."
"မောင်...ပြောပါ ပလီစ်း"
"အေးကွာ...ယုံပါ့မယ်ကွာ.."
"နောက်ပြီး... ကျမပိုင်ဆိုင်တဲ့ ပိုင်ဆိုင်ခြင်းနည်းနည်းကလေးကို နောက်မိန်းမ လက်ထဲ မပါစေနဲ့နော်.. အထူးသဖြင့် သမီးကို ပေးပါ။ "
"..........."
"နောက်.. ဖြစ်နိုင်ရင်လေ... ကျဉ်းမြောင်းတာတော့ မဟုတ်ဘူး။ မြန်မာတွေနဲ့ပဲ လက်ဆက်စေချင်တယ်..နော်...မောင်"
"..........."
"မောင်.....ပြောလေ"
"အင်းပါကွာ.... စိတ်ချပါ"
"ကျမ ဟိုမှာ ခေါင်းမချနိုင်တော့တာ ကျမသိပါတယ်။ နေရာဆိုတာ ပညတ်ချက်တွေပါလို့ပဲ ကိုယ့်ကိုကိုယ်ဖြေသိမ့်ရတော့မှာပေါ့မောင်....။ ကျမ အရိုးပြာကို တစ်ဝက်ကို ဒီမှာမြုပ်နှံပြီး တစ်ဝက်ကို ဧရာဝတီမြစ်ပေါ်မှာ ကြဲချပေးပါနော်....မောင်"
"........................."
"မောလိုက်တာ မောင်ရယ်... ကျမ ခဏအိပ်ဦးမယ်နော်...."
%%%%%%%
ထိုနေရာမှာ... ရေစီးညင်သာနေသည်။ ကမ်းပါးမှ သဲဖြူဖြူတို့ မြစ်ထဲကို ပြိုပြိုကျသွားသည်။ ၀ါးဖောင်တွေ နားမှာ ဇင်ယော်ငှက်တွေပျံဝဲနေသည်။ တောင်တန်းတွေပေါ်က ထုံးဖြူဖြူစေတီတွေဆီက ဆည်းလည်းသံတွေကို ကြားနေရသည်.....။
ထိုနေရာမှာ ရှဉ့်ကလေးတွေ၊ ရော်ဘင်ငှက်ကလေးတွေ ခုံဆွခုံဆွ သွားနေသည်။ မြေကွက်လပ်လေးတစ်ခုပေါ်မှာ ပန်းဖြူဖြူကလေးတွေ ဝေနေပြီး ထင်းရူးပင်ပေါ်မှာ ဆည်းလည်းလေးတွေ လှုပ်ခတ်နေသည်။ ခပ်လှမ်းလှမ်းတောအုပ်ထဲက စမ်းရေကျသံကို ကြားနေရသည်။ ညနေခင်း လေပြေထဲမှာ အဝေးက ဘုရားကျောင်းခေါင်းလောင်းသံက သာယာစွာ စီးမျောလာနေပါတော့သည်။
%%%%%%%
အစ်မသီတာတက်ဂ်သော "အသွင်တူ၏ မတူ၏..." ကို ရေးဖွဲ့ပါသည်။
27 Comments »
  1. Casablanca က ပါသေးတယ်
    အီလယ်လယ်နဲ့ ဘယ်လိုတုန်းမသိဘူး အားလုံးကိုတော့နားမလည်ဘူး ဒါပေမဲ့ ဖတ်လို့ကောင်းတယ်
    ဘာရသပေးတုန်းဆို ကျွန်တော် မပြောတတ်ဘူး
    ကျေးဇူးပါ စာရေးဆရာရယ်
    Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — July 28, 2010 @ 2:41 am |Edit This
  2. လာဖတ်သွားတယ် မလေးရေ. ထင်တော့ ထင်နေသား.. သေတော့မယ်ဆိုတာကို. ။ တစ်မျိုးကြီးဖြစ်သွားပြီ။
    Comment by winkabar — July 28, 2010 @ 5:22 am |Edit This
  3. မမရယ်..ဖတ်ပီးဝမ်းနည်းလိုက်တာ.. စိတ်ထဲမှာလဲတစ်မျိုးကြီးဘဲ..း((
    Comment by ကူးကူး — July 28, 2010 @ 5:37 am |Edit This
  4. ဖတ်ရတာ ခံစားမူ တစုံတရာကို ပေးတယ် မလေး၊
    စာတွေ အများကြီး ဆက်ရေးပါအုံး။
    Comment by အပြုံးပန်း — July 28, 2010 @ 5:42 am |Edit This
  5. မလေးရေ့……
    စိတ်ထဲတစ်မျိုးလေးခံစားသွားရတယ်ခင်ဗျာ……။
    ပျော်စရာလေးနဲ့ အဆုံးသတ်မယ်ထင်ထားတာကိုး…….။
    (အဲ့သလို အိမ်နီးချင်းတွေရှိရင်ကောင်းမယ်…..။ စကားများပြီး စာအုပ်တွေ…ဖုန်းတွေလွှင့်ပစ်ရင် အပေါက်ကနေ အသာလေးစောင့်ကောက်ရအောင်လေ..း))
    ခင်မင်ခြင်းအားဖြင့်……
    ဏီလင်းညို
    Comment by ဏီလင်းညို — July 28, 2010 @ 7:29 am |Edit This
  6. အစ်မ သိပ်စိတ်ကူးယဉ်တတ်တာဘဲ..အရမ်းတွေးပြီးရေးထားပုံဘဲ ။ တကယ့်အပြင်မှာတော့ အဲသလိုလုံးဝမဟုတ်မှာတော့ သေချာတယ်..။
    Comment by Evergreen Phyo — July 28, 2010 @ 7:56 am |Edit This
  7. အဟင့်
    သူများတကာတွေက အသွင်တူ၏ မတူ၏ကို ပျော်စရာလေးတွေ ရေးဖွဲ့ထားတာ
    မလေးကျမှ ဒီလိုကြီး အဆုံးသတ်ပစ်လိုက်တယ်.
    စိတ်မကောင်းလိုက်တာ… တကယ်ပါဘဲ..
    မဖြစ်သင့်ဘူးနော်….
    သနားပါတယ်..
    Comment by ချော(အစိမ်းရောင်လွင်ပြင်) — July 28, 2010 @ 1:12 pm |Edit This
  8. ထူးခြားမှု့ (Unique) ဆိုတာ လူတိုင်းမှာ မရှိဘူး။
    အဲဒီလို ထူးခြားမှု့ရှိတဲ့ သူတွေကို..,
    စိတ်ဝင်စားတယ်…
    လေးစားတယ်…
    အားကျတယ်…
    အတုယူတယ်…
    ဂုဏ်ယူတယ်…
    ဒီလိုပဲ ရိုးရှင်းစွာ ကွန်မန့်ခဲ့ပါတယ်။
    ချစ်တဲ့
    နန္ဒာ (SMNTL)
    Comment by Soe Mya Nandar Thet Lwin (Borros Roxo) — July 28, 2010 @ 5:47 pm |Edit This
  9. မလေးရေ မသီတာ ပူဆာလို့ ၀တ္တုလေးရေးပေးတာ ၀မ်းလည်းသာ၊ ကျေးဇူးလည်းတင်…း)
    ဒါပေမဲ့ ဖတ်ရင်း မျက်ရည်တွေ ဝေ့လာလို့ ပုတ်ခတ် ပုတ်ခတ် လုပ်ပစ်ရတယ်…း(
    တနေ့ကျ ဒီလမ်းကိုသွားရမှာ သိပေမဲ့
    သူအယင်သွားမလား ကိုယ်အယင်သွားမလား အတူတူသွားမလား ဆိုတာတော့ မသိနိုင်ပြန်ဘူး။
    “…ကျမကတော့ ယုတ္တိသိပ်ဆန်လွန်းပြီး တစ်လလောက် ရင်ထဲစွဲနစ်ခံစားနေရမယ့် ကားမျိုးတွေကို မကြည့်ချင်ဘူး။ ပြီးရင် အကြာကြီး စိတ်ကကောင်းမှာ မဟုတ်ဘူး…”
    ပို့စ်ဖတ်ပြီး အကြာကြီး စိတ်က…
    Comment by S-C — July 28, 2010 @ 6:02 pm |Edit This
  10. အမှန်တိုင်း ပြောရရင် နားမလည်ဘူး ကျနော် တော်တော်ညံ့သေးတာပဲ ။ :)
    Comment by မောင်မျိုး — July 28, 2010 @ 6:35 pm |Edit This
  11. မောင်…. ကျမသေရင်လေ…..၀မ်နည်းတဲ့ပွဲထက်…. ပျော်ပွဲရွင်ပွဲလုပ်ပေးနိုင်မလားဟင်…..
    ဆိုတဲ့ ဆန်းသစ်တဲ့ အတွေးလေးကို… သဘောကျမိပါတယ်….
    အဲဒီ ပျော်ပွဲရွင်ပွဲဟာ တစ်ကယ်တော့……. ကျန်ရစ်ခဲ့သူအတွက်ပါ…..
    ကျန်ရစ်ခဲ့သူ စိတ်ချမ်းသာ စေဖို့ထိ ချစ်ခဲ့တာပါလား ….
    အင်း…. ကိုယ့်အလှည့်ကျရင်ကော……….
    Comment by နိုးအိမ်ရှင် — July 29, 2010 @ 1:55 am |Edit This
  12. ရောက်ဖြစ်ပေမယ့်
    တစ်ခါမှခြေရာ..မချန်ခဲ့မိဘူး။
    အမစာတွေကို….အိမ်မက်မှာကတည်းက
    ဖတ်ခဲ့ဖူးပါတယ်။
    ဖတ်ပြီးစိတ်မကောင်းဖြစ်သွားတယ်။
    အားပေးလျှက်ပါ။
    ခင်မင်စွာဖြင့်
    ခိုင်နုငယ်
    Comment by ခိုင်နုငယ် — July 29, 2010 @ 4:17 am |Edit This
  13. နှစ်ယောက်ယှဉ်ပြထားတဲ့နေရာတွေ ရောက်တော့ အသွင်တူ၏မတူ၏ကို တွေးမိသွားသေးတယ်။
    မဟုတ်လောက်ပါဘူးလေဆိုပြီး သူမကို ကျနော်ဘေးကနေ ထိုင်ကြည့်မိသွားတယ်..
    အကြောင်းအရာလေးတွေကို ဖြည်းဖြည်းချင်းထည့်သွင်းသွားတာလေး အရမ်းလှတယ်ဗျာ
    Comment by ရွာသားလေးဝိုင်တီယူ — July 29, 2010 @ 6:00 am |Edit This
  14. လာလည်သွားတယ် မလေးရေ… အပေါ်ပိုင်းတွေ မတူပေမယ့် နောက်ဆုံးပိုင်းတော့ တူတယ် လှိုင်လဲ အဲလို မှာဖူးတယ်ဗျ
    Comment by ခွန်မြလှိုင် — July 29, 2010 @ 6:23 am |Edit This
  15. အစက ၀တ္ထုတစ်ပုဒ်ပဲထင်ထားတာ ဖတ်ရင်းနဲ့မှ မသီတာရဲ့တဂ်ပို့စ်လို့ သိလိုက်တယ်။ အဆုံးသတ်မှာ တကယ်ပဲ စိတ်မကောင်းဘူး။
    ဒါပေမဲ့ တဂ်ပို့စ်ကို မလေးလက်ရာအတိုင်း ၀တ္တုတစ်ပုဒ်သဖွယ် ဖန်တီးပြီး ရေးသွားတာကို ကြိုက်မိတယ်။
    Comment by ဇွန်မိုးစက် — July 29, 2010 @ 7:39 am |Edit This
  16. နောက်တစ်ခေါက် ထပ်ဖတ်သွားတယ်။
    Comment by ဇွန်မိုးစက် — July 30, 2010 @ 1:15 am |Edit This
  17. အစ်မလာဖတ်သွားပါတယ်။ တဂ်ပိုစ်လေးကိုအစ်မရေးသွားတာဖတ်လို့ကောင်းတယ်ဗျာ။ အစ်မ ကျန်းမာပျော်ရွင်ပါစေ။
    ခင်မင်လျှက်
    တောသားလေး
    Comment by တောသားလေး — July 30, 2010 @ 1:42 am |Edit This
  18. ၀တ္ထုလေးကစွဲသွားတယ်..နောက်ပိုင်းမှာရင်ထဲတမျိုးဖြစ်ကျန်စေခဲ့တယ်…
    နောက်.. ဖြစ်နိုင်ရင်လေ… ကျဉ်းမြောင်းတာတော့ မဟုတ်ဘူး။ မြန်မာတွေနဲ့ပဲ လက်ဆက်စေချင်တယ်..နော်…မောင်”
    ဆို့တဲ့စာပိုဒ်လေးကစာရေးသူမဂျီးရဲ့အမျိုးချစ်စိတ်ကိုထင်ဟပ်စေတယ်။
    လေးစားပါတယ်မဂျီးရေ….
    မတွေ့တာကြာပြီနေကောင်းလားမဂျီး၊
    ဒေါင်းမင်း
    Comment by ဒေါင်းမင်း — July 30, 2010 @ 3:11 am |Edit This
  19. ဒီပို့စ်ကို တိတ်တိတ်လေး လာလဖတ်တာ ၃ ခါရှိပြီ။ ဖတ်ပြီးတိုင်းလည်း စိတ်ထဲမှာ ညွတ်နူးကျန်ခဲ့တယ် မမအိမ့်ရယ်…
    Comment by ရွှေပြည်သူ — August 4, 2010 @ 9:44 am |Edit This
  20. မလေးရေ။ အသွင်မတူပေမယ့် ချစ်ကြတဲ့သူနှစ်ယောက် သေကွဲကွဲသွားတာ စိတ်မကောင်းလိုက်တာ။
    Comment by ကေသရီ — August 4, 2010 @ 11:15 pm |Edit This
  21. မလေး. မွန်စာလာဖတ်တယ်….အသွင်တူ၏ မတူ၏ တွေအများကြီးဖတ်ပြီးပြီ.. ဒါလေးကတော့ ဆွတ်ပျံ့လွမ်းမောစရာ.. အင်း မလေးလက်ရာပဲလေ..အရမ်းသတိရတယ်မလေးရေ
    Comment by မွန် — August 5, 2010 @ 9:43 am |Edit This
  22. Ma Gyi Good Del ……nice
    Comment by Phyo — August 7, 2010 @ 8:26 pm |Edit This
  23. စာဖတ်သွားပါတယ် တိုရန်တိုရောက်နေတယ်
    Comment by sosegado — August 8, 2010 @ 6:38 pm |Edit This
  24. အားလုံးပဲ မင်္ဂလာပါရှင်…
    အလည်လာကြသော.. မောင်နှမများအားလုံး ကျန်းမာချမ်းသာကြပါစေ..
    Comment by မလေး — August 8, 2010 @ 11:23 pm |Edit This
  25. A Thit Tin Own Lay. De mar lar dar 18 Kar sheet be.
    Comment by Htate Htar — August 11, 2010 @ 1:55 pm |Edit This
  26. တဂ်ပို့စ်လေးကို ဒီလိုလေးရေးတာ ဆန်းသွားတယ်… ခလေးတွေရပြီးဆံပင်ဖြူချိန်ကတော့ အနာဂတ်မှာဖြစ်မဲ့ဟာပေါ့… ရုပ်ရှင်မကြည့်ဖြစ်ဘဲ ပင်လယ်ကမ်းခြေရောက် သွားတဲ့အထိကတော့ မလေးမှမလေးဘဲဟုတ် :P
    Comment by rose of sharon — August 13, 2010 @ 8:34 am |Edit This
  27. ဖတ်ရတာအရမ်းကောင်းတာပဲဗျာ
    Comment by Anonymous — August 27, 2010 @ 7:33 am |Edit This
No comments:
LinkWithin
Related Posts Plugin for WordPress, Blogger...