မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Wednesday, May 05, 2010

ယောင်္ကျားမာယာ

ဘဝကိုဒေါင်လိုက်လဲ မစိုက်ပျိုးခဲ့ဘူးပါဘူး ဆိုပြီး
ကဗျာနှုတ်ခမ်းနဲ့ လိမ်နမ်းခံခဲ့ရတာလည်း...
ကျမ..ပါပဲ..မောင်။

မနက်ဖြန် အတွက် ကိုယ့် စိတ်ကိုလဲ မသတ်ဖြတ်ခဲ့ဘူးဆိုပြီး...
နှလုံးသားကို အရှင်လတ်လတ် စတေးခံခဲ့ရတာလည်း...
ကျမ.. ပါပဲ..မောင်။

အချစ်ဆိုတာလဲ ဖမ်းလို့ ကောင်းတဲ့ တိမ်တိုက်သာဖြစ်ခဲ့ပါတယ်..ဆိုပြီး
အချစ်ပိုက်ကွန်မှာ အဖမ်းခံမိခဲ့တာလည်း..
ကျမ ပါပဲ..မောင်။

ကျမလည်းလေ...
ရမ္မက်သက်သက်အတွက် ဘယ်တုန်းကမှ မနမ်းခဲ့ပါဘူး
ဒီလိုမျိုးလည်း ဘယ်တော့မှ မချစ်ချင်တော့ပါဘူး...
နေ့တွေညတွေမှားလို့လည်းလေ.. ဘယ်တော့မှလည်း မကျွမ်းတော့ပါဘူး..

မောင်တို့ယောင်္ကျားတွေရဲ့
လှည့်ဖျားတတ်တဲ့ ...
လက်ဖျားခါလောက်တဲ့....
သဲကိုးဖျာ မကတဲ့
မာယာလှလှတွေကြားမှာ..
ကျမလေ...
ကျမ....
........
ဘဝ ကို ခပ်မျှင်းမျှင်း ကုန်လွန်စေချင်တာပဲ ရှိပါတယ်..

5 comments:

မောင်မျိုး said...

း) တစ်ခုခုတော့ မှတ်ချက်ရေးချင်တယ် ဒါမယ့် ဘာရေးရမှန်းမသိဘူး ဟဲဟဲ ကြောက်လို့ ။ ဟုတ်တော့ဟုတ်တယ် မိန်းမ မာယာ သဲကိုးဖြာက ကျနော်တို့အတွက်တော့ အီးဇီးပါလို့ ယောက်ျားထုကြီးတစ်ရပ်လုံးအတွက် ကြွေးကြော်လိုက်တယ် ။ ဒီကဗျာကိုဖတ်ရတာ စိတ်ထဲတော့ထင့်နေတယ် ဘာဖြစ်လို့လဲ ???

Republic said...

အင်း မော်မန့်တောင် ဘယ်လိုပေးရမသိဖြစ်သွားတယ်။
ပြောတာ ဟုတ်မှာပါလေ။ :)

အိမ့်ချမ်းမြေ့ said...

မောင်မျိုး.. မကြောက်နဲ့...း)) လွတ်လပ်စွာခံစားချက်အပြည့်နဲ့ ကော့မန့်ပေးနိုင်ပါသည်။ အစ်မလည်း စိတ်တထင့်ထင့်နဲ့ပဲရေတာ.. ဒီကဗျာကိုလေ။

Republic... :) very wise!

~ဏီလင်းညို~ said...

မလေးရေ......
ဟိုတစ်ခေါက်တည်းက လာဖတ်သေးတာ.....
ဒါနှစ်ခေါက်မြောက်......း))
စစ်မှန်တဲ့ ချစ်ခြင်းမှာ မာယာဆိုတဲ့ အရာတော့ပါမယ်မထင်ဘူးနော်ဗျ......။
မာယာထားတတ်တဲ့ ချစ်သူကို ပိုင်ဆိုင်စွာနဲ့ စွဲလမ်းနေမိတဲ့ မိန်းမ၊ ယောက်ျားမရွေး..... သိပ်သနားစရာကောင်းတယ်လို့ မြင်မိတာ.....။
လှပတဲ့ ၀ဋ်တစ်မျိုးလို့ ဆိုရလေမလား........???

ခင်မင်တဲ့
ဏီလင်းညို

ပြည်ကောင်းအောင် said...

“စစ်မှန်တဲ့ ချစ်ခြင်းမှာ မာယာဆိုတဲ့ အရာတော့ပါမယ် မထင်ဘူးနော်ဗျ......။
မာယာထားတတ်တဲ့ ချစ်သူကို ပိုင်ဆိုင်စွာနဲ့ စွဲလမ်းနေ မိတဲ့ မိန်းမ၊ ယောက်ျားမရွေး..... သိပ်သနားစရာကောင်းတယ်လို့ မြင်မိတာ.....။
လှပတဲ့ ၀ဋ်တစ်မျိုးလို့ ဆိုရလေမလား”
(ဏီလင်းညို)

ကိုဏီလင်းညိုနဲ့ တသဘောတည်း ရှိတယ်။ ကိုယ့်ချစ်သူကို တုန်နေအောင် ချစ်တဲ့ ယောက်ျား တယောက်ဟာ ( မာယာဆိုတာ ဝေးလို့ ) သူမကို အသေးအမွှား ကိစ္စကလေးတွေ မှာတောင် လိမ်ရက်မှာ၊ လိမ်ချင်မှာ မဟုတ်တော့ဘူးလို့ ထင်တယ်။ တကယ်တော့ လူတယောက်မှာ ချစ်သူတယောက် လိုအပ်တာကိုက မိမိ အစွမ်းကုန်၊ အဆုံးစွန် ရိုးသားလို့ ရမဲ့ နေရာလေးတခုကို လိုချင်လို့ပဲ မဟုတ်ပါလား။

LinkWithin

Related Posts Plugin for WordPress, Blogger...