မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, April 30, 2010

ကဆုန်လ

မနက် တစ်နာရီခွဲတစ်ရေးအနိုးမှာ ပြူတင်းအပြင်မှာ သာနေတဲ့ ကဆုန်လပြည့် လမင်းကြီးကို မရိုက်ရ မနေနိုင်လို့ ရိုက်ထားတာပါ။
ညဦးပိုင်းကတည်းက လကြီးကသာလွန်းလို့ ခြံထဲဆင်းပြီး ရိုက်ပါသေးတယ်။ ဖိနပ်မပါပဲ ခြေစွပ်နဲ့ဆင်းတာ မြက်ခင်းတွေက နှင်းရည်တွေနဲ့မို့ ခြေစွပ်တွေ အကုန်ရွှဲသွားပါတယ်။
ပုံကလည်းကောင်းကောင်း ထွက်မလာတာနဲ့ အိမ်ပေါ်ပြန်တက်လာခဲ့တယ်။


moon4.jpg
ဒါနဲ့ မနက်တစ်နာရီခွဲလောက် တစ်ရေးအနိုးမှာ လမင်းကြီးက ဓာတ်ခဲအသစ်သွင်းထားသလို ထိန်ထိန်လင်းနေလို့ ထပ်ရိုက်တာပါ။ ရိုက်နေတုန်း လေတိုက်တာနဲ့ ကန့်လန့်ကာက လွင့်ပြီး အပေါ်ကပုံ ထွက်လာတော့တာပါပဲ။
ဒါနဲ့ နောက်တစ်ပုံရိုက်တော့.. အောက်ကပုံထွက်လာတာပါပဲ။ ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်ကို ပြတော့ နင့်လက သေးလှချည်လားတဲ့။ အပြင်မှာ အဲသလောက်မသေးဘူးလို့။ ဘာပဲဖြစ်ဖြစ် နင်ဒီပုံကိုကြည့်ပြီး လေပြေလေညှင်းလေးတွေ ဆော်သွေးနေသလို မခံစားရဘူးလားဆိုတော့..။ သူငယ်ချင်းက ... ဟင့်အင်းတဲ့....။ နင်အဲ့ပုံကို သေချာစိတ်နဲ့ကြည့်... တိတ်ဆိတ်နေတဲ့ညရဲ့အသံတွေ.. ညပိုးကောင်လေးတွေ အော်မြည်နေသံတွေ.. လေပြေလေညှင်းလေးတွေ.. နူးညံ့တဲ့ ကန့်လန့်ကာရဲ့အထိအတွေ့တွေ.. သစ်ကိုင်းပွတ်သံတွေ.. မကြားဘူးလားဆိုတော့... ။

moon3.jpg
သိဘူးတဲ့.... ဘာမှမကြားရဘူးတဲ့.. ကဲ။

ဒါနဲ့ လ ကိုရိုက်နေလို့တော့ အိမ်ချမ်းမြေ့တစ်ယောက် အလုပ်မဖြစ်လောက်ဖူးဆိုပြီး နောက်တစ်နေ့ ခြံထဲက ပန်းတွေကို လက်တည့်စမ်းရတော့တာပါပဲ။

နွေဦးရဲ့ အပြာရောင် forget-me-not လေးတွေက ဟိုတရုန်းရုန်း ဒီတရုန်းရုန်းနဲ့ ...


forgetmenots3.jpg
နောက်ဆုံးတော့ အောက်က ပုံလေးတစ်ပုံပဲ စိတ်တိုင်းကျမိပါတော့တယ်ရှင်....
forgetmenots2.jpg
တစ်ခါတစ်လေကျတော့ ကိုယ်ဝေမျှချင်တာကတစ်ခြား၊ ရိုက်ပြချင်တာက တစ်ခြား၊ ကိုယ်ယူတဲ့ angle တွေ၊ zooming၊ အလင်းအမှောင်တွေနဲ့ ကိုယ့်လက်ထဲက အခြားtools တွေပေါ်မှာ မူတည်ပြီး ထွက်လာတဲ့အရာဟာ လုံးလုံးကွဲပြားသွားပါတော့တယ်။ ချပြတဲ့အခါမှာလည်း ယူဆသူနဲ့မျှဝေသူကြား ယူဆချက်တစ်ထပ်တည်း မကျတာတွေလည်းရှိတယ်..။
တစ်ခါတစ်လေလည်း စဉ်းစားမိပါတယ်...
စကားလုံးတွေနဲ့ယူဆချက်တွေကြားမှာ လှောင်ပိတ်နေခံနေရတဲ့ ကိုယ်တို့တွေမှာလေ...
တယ်လီပသီဆိုတာ တစ်ကယ်ရှိရင်ကောင်းမှာလို့ .......
အားလုံးပဲ စိတ်ချမ်းသာပျော်ရွှင်ကြပါစေ....



16 Comments »

1.

အစ်မ ဓာတ်ပုံဆရာမ ပဲလုပ်လိုက်တော့ တကယ်ပြောတာ အရင်တည်းက ကနေဒါရှုခင်းတွေကြည့်ပြီး ခဏခဏ အဲ့လို အတွေးဝင်ဖူးတယ် အစ်မသူငယ်ချင်းက အစ်မလိုတော့ အနုပညာစိတ်ခံရှိမယ်မထင်ဘူးနော့် ။ ဘာမှမကြားရဘူးတဲ့ မေးရတဲ့သူကြီးက ဟတ်ကော့ကြီး :P

Comment by မောင်မျိုး — April 30, 2010 @ 2:27 am |Edit This
2.

ပုဂံမှာသာတဲ့လတော့မဟုတ်ဘူး.. ဗင်ကူးဗားမှာသာတဲ့လပေါ့..။
တကယ့်တော့ တစ်ယောက်နဲ့တစ်ယောက်ထပ်တူ မြင်နိုင် ကြားနိုင် သိနိုင် ခံစားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ချေကပိုများတယ်..။
အဲဒါကလည်း လူတစ်ယောက်နဲ့တစ်ယောက် သူ့ဟာနဲ့သူကိုယ်စီ unique ဖြစ်သလိုပေါ့..။

Comment by Evergreen Phyo — April 30, 2010 @ 2:28 am |Edit This
3.

မလေးရေ
တထပ်တည်း မကျတတ်တဲ့ အခါတွေလည်း ရှိတာပေါ့လေ။
ဘာပဲဖြစ်ဖြစ် မသီတာတော့ စိတ်ချမ်းသာပျော်ရွှင်သွားတယ်။
ကိုယ့်ဖာသာ ယူဆလိုက်တဲ့ တယ်လီပယ်သီကြောင့် ဆိုပါတော့…
တနေ့က ပျိုပျိုအိုအို ဆိုတဲ့ စပယ်ပန်းလေး နှစ်ပွင့်ပုံ တင်တယ်
စိတ်ထဲက မလေးကို သတိရ ရင်းပေါ့။ (ညီမလေးတွေ မသိစေနဲ့ဦး… အထူးသဖြင့် mm … သူ့ဆီက ကျူးလစ်တွေ ဒီက မယ်ပိုင်စီး ထားတာ)
ဟောအခု မလေးက ပန်းပုံလေးတွေ တင်ပေးတယ်
Forget me not တဲ့လား

Comment by S-C — April 30, 2010 @ 3:49 am |Edit This
4.

မလေးရေ
ဘာပဲဖြစ်ဖြစ် မသီတာတော့ စိတ်ချမ်းသာပျော်ရွှင်သွားပါတယ်။
ဒီကလည်း တနေ့ကပဲ ပန်းပုံတွေ ဘလော့ဂ်မှာတင်လို့လေ…

Comment by S-C — April 30, 2010 @ 3:56 am |Edit This
5.

ဟုတ်တယ်မမ..လကိုရိုက်ရင် အစက်လေးတစ်စက်ဘဲတွေ့ရတယ်..
ကူးနေတဲ့နေရာဆို တောင်ကုန်းလေးဖြစ်နေတော့ tennis court အပေါ်က နေတက်ပီးရိုက်ရင် လကြီးအကြီးကြီးတွေ့ရတယ်။
လပြည့်ညဆိုဝိုင်းစက်နေတာဘဲ..
ခဏခဏထွက်ရိုက်ဖြစ်တယ်၊ အဆင်မပြေဘူးး)
အောက်ကပန်းလေးတွေလဲလှတယ်.. macro လား..
ပန်းပိစိလေးတွေထဲမှာ အလှတွေပိုစုသလိုဘဲ..အရမ်းသဘောကျမိတယ်။

Comment by ကူးကူး — April 30, 2010 @ 4:35 am |Edit This
6.

မလေး.,

မလေးရဲ့ ပိုစ့်မှာပါတဲ့ စာကြောင်းလေး ၃၊၄ ကြောင်းက နန္ဒာ့ကို အတွေးများစွာ ပွားသွားစေတယ်။

ကိုယ်ချပြလိုက်တဲ့ ပိုစ့် (”အနုပညာ”လို့ ဆိုလိုက်ရင် အရမ်းမြင့်များ သွားမလားလို့) ယူဆသူနဲ့ မျှဝေသူကြား ယူဆချက် တစ်ထပ်တည်း မကျတာတွေလည်း ရှိတယ် ဆိုတာ သိပ်မှန်တယ်။

မျှဝေသူရဲ့ ဆိုလိုရင်း အဓ္ဓိပ္ပါယ်ကို ယူဆသူ အနေနဲ့ သမဋ္ဋိတ်ထာန် ကျကျ မျှတစွာ တွေးယူပြီး အကျိုးအကြောင်းကို ဝေဖန်ဆွေးနွေးကြရင် ကောင်းမှာပဲလို့ တွေးမိတယ်။

အင်္ဂလန်က ပါလီမာန် (House of commons) မှာ လက်ရှိ အစိုးရ လေဘာပါတီနဲ့ ယှဉ်ပြိုင်ဘက် ပါတီ ကွန်ဆာဗေးတစ်တို့ debates လုပ်ကြသလိုပေါ့။ ရင်ထဲ ဘယ်လောက်ပဲ ခါးနေပါစေ အပြုံးတွေ ခြီပြီး မျှတစွာ ငြင်းခုံဆွေးနွေးကြတယ်။ နောက်ဆုံး အခြေအနေတခု အတွက် သင့်တော်မှန်ကန်တဲ့ အဖြေတခု ရလာတာပဲ။

သို့ပေမယ့် ယူဆသူ အနေနဲ့ immaturity ဖြစ်တာ၊တဘက်သတ်ဆန်လွန်းပြီး အရမ်း bigoted ဖြစ်လွန်းနေပြီ ဆိုရင်တော့ ယူဆသူနဲ့ မျှဝေသူကြားမှာ အမြဲ ထိပ်တိုက် တွေ့ဆုံရတာ ဖြစ်နေရမှာပေါ့။ အဲလို ဖြစ်နေပါတယ်ဆိုမှ ယူဆသူနဲ့ မျှဝေသူကြားမှာ နေပြီး မီးလောင်ရာလေပင့် လုပ်ကြတာမျိုးတွေလဲ ရှိနေတော့ ပိုဆိုးသွားရော။

မလေး ပြောသလို စကားလုံးတွေနဲ့ ယူဆချက်တွေ ကြားမှာ လှောင်ပိတ်နေခံနေရတဲ့ ကိုယ်တို့တွေမှာလေ ဆိုသလို မျှဝေသူ ဆိုလိုလိုက်တဲ့ စကားလုံးတွေကို ယူဆသူ အနေနဲ့ sensitive မဖြစ်သင့်ဘူး ထင်တာပဲ။

တယ်လီပသီဆိုတာ တစ်ကယ် ရှိတယ်..,မလေး။ ဒါပေမယ့် လူတယောက်နဲ့ တယောက် စိတ်ခြင်း ဆက်နွယ်မှု့ပေါ်မှာ အရမ်းမူတည်တယ်။ တော်ရုံလောက်နဲ့ တယ်လီပသီဆိုတာ ဖြစ်မလာဘူး ဆိုတာ ကိုယ်တွေ့။

လေတိုက်လိုက်လို့ ကန့်လန့်ကာ လွင့်ပြီး ထွက်လာ လရဲ့ပုံကို ကြည့်ပြီး အတိတ်မှာ ကျန်ခဲ့တဲ့ သူ့ကို ယူဆသူ တယောက်နဲ့ လွမ်းမိသွားတယ်ဆို အဲလို ခံစားမှု့မျိုးဖြစ်အောင် မျှဝေတဲ့ မလေး အပေါ် ယူဆသူ နန္ဒာက အပြစ်ပဲတင်ရမလား၊ကျေးဇူးပဲတင်ရမလား စဉ်းစားကာနေရဦးမယ် မလေးရယ်။ :)

မလေးကို ချစ်ခင်လေးစားတဲ့
နန္ဒာ (SMNTL)

Comment by Soe Mya Nandar Thet Lwin (Borros Roxo) — April 30, 2010 @ 7:21 am |Edit This
7.

ပုံလေးတွေလှလိုက်တာ

Comment by minthant2009 — April 30, 2010 @ 8:23 am |Edit This
8.

မလေးရေ…လပြည့်ညက တကယ်ပဲ အိပ်မပျော်ဖြစ်သွားသလားလို့ စိုးရိမ်လိုက်မိသေးတယ်။

သူကတော့ ဓာတ်ပုံတွေဘာတွေ ထွက်ရိုက်လို့ပေါ့လေ။ နွေဦးရဲ့ forget-me-not ပန်းလေးတွေ သိပ်ချစ်စရာကောင်းတာပဲ မရယ်။

တယ်လီပသီရှိတယ်လို့ပဲ မှတ်လိုက်ပါ။ မလေး ဘာရေးရေး ခံစားမိနေလို့။း)

Comment by ဇွန်မိုးစက် — April 30, 2010 @ 9:28 am |Edit This
9.

Sis, I am wondering that how can i contact you.
where can i find your email add: ? i am one of your fans.
i wanna write a mail to you if you dun mind.
thnx

Comment by yu — April 30, 2010 @ 11:59 pm |Edit This
10.

tapyaythu2000@gmail.com ပါယုရေ.. ခုမှ ၀င်ဖြစ်လို့ပါ..

Comment by မလေး — May 2, 2010 @ 10:22 pm |Edit This
11.

မောင်မျိုး.. ဟက်ကော့??
ကိုဖြိုး.. မှန်၏
မသီတာ… မလေးလည်း နောင်ဆို ပန်းပုံပဲ တင်တော့မယ်.. နွေရောက်လာပြီ..မ
ကူးကူး.. ဟုတ်တယ်ကူး macro ပါ..
SMNTL.. အတိတ်ကို မျိုသိပ်ခြင်း” ကဗျာ အရမ်းကြိုက်တယ်ကွယ်..
“ဖြတ်ချင်ရက်နဲ့…..
မိုက်မဲစွာ…..
ဆက်ရှိုက်နေမိတဲ့ ငါ့ အတွေးတွေရယ်”…..တဲ့လား…
ကော့မန့်နဲ့ ပတ်သက်လို့တော့ မလေးဘာမှ မပြောလိုတော့ပါ.. အားလုံးကို အဆင်ပြေပျော်ရွှင်စေချင်တာပါပဲ။
မင်းသန့်.. ဓာတ်ပုံဆရာကိုယ်တိုင်ချီးကျူးသွားတော့…… :)
ဇွန်မိုးစက်… ဇွန်နှင့် တယ်လီပသီ အမြဲရှိချင်၏၊ ခုပဲ ဇွန့်ဘလောဂ်က ပြန်လာတာ..
ယု.. ဘေးမှာလည်း ထပ်ထည့်ထားပေးတယ်နော်..

Comment by မလေး — May 3, 2010 @ 12:40 am |Edit This
12.

အိမ့်ရေ… အမနဲ့ အိမ့်အကြားတော့ တယ်လီပသီရှိတယ်ထင်ရဲ့… အပေါ်ဆုံးပုံလေးက ခန်းစီးစကြားက လကလေးကို မြင်လိုက်ရတာနဲ့  ဂျုးစကားနဲ့ ပြောရရင် လနဲ့ ညရဲ့ဖျားယောင်မှုနောက်ကို ပါသွားတော့တာပဲ… forget me not အပြာရောင်ပန်းပုံလေးတွေ့ တော့ မနက်ခင်းရဲ့ လတ်ဆတ်တဲ့ လေကလေးတောင် မျက်နှာပေါ်တချက်ဝှေ့ သွားသလိုပဲ… ဒီပို့ စ်လေးဖတ်မိတော့ ဟိုတလောက အမသူငယ်ချင်းတယောက်ကို သွားသတိရမိတယ်… သူတို့ တိုက်တွေနားမှာ ယုဇနပင်တွေကို စည်းရိုးလို စိုက်ပြီးခဲနေအောင် ပွင့်နေတော့ အမစိတ်ထဲ ကြည်နူးသွားလိုက်တာများ… သူငယ်ချင်းမေးကြည့်တော့ သတိတောင်မထားမိဘူးဆိုပဲ… အဲဒီပန်းရုံလေးတွေနားဘေးက ဖြတ်သွားတော့ အနံ့ မရဘူးလားဆို အနံ့ လဲ မရှူမိပါဘူးတဲ့…

Comment by တန်ခူး — May 4, 2010 @ 9:58 pm |Edit This
13.

မလေး..
ဆိုဒ်လေးက ဒီဇိုင်းလေး ပြောင်းသွားပါ့ကော.။ အောက်နားက ဖိနပ်လေးနဲ့ ခြေထောက်လေးကို ရမ်းသဘောကျတယ်။
မလာဖြစ်တာ တော်၂ကြာသွားတယ်။ နေကောင်းလား မလေး။ အဆင်ပြေပါစေနော်။

မောင်မျိုး…
အစ်မနဲ့ သိတဲ့ မောင်မျိုးလားဟင်။ ပျောက်နေတာ ပြန်ပေါ်လာပြီပေါ့ :D

Comment by ချစ်စု — May 8, 2010 @ 6:15 am |Edit This
14.

တခါတလေ ဖြစ်တတ်ပါတယ် မလေးအိမ့်..
နားလည်ခံစားနိုင်ဖို့ အမြဲကြိုးစားပါတယ်..

Comment by ShwunMi — May 10, 2010 @ 4:21 pm |Edit This
15.

အဲလိုတော့လည်း ဟုတ်ရပါဘူး ဗျာ …

လ ” ကို ကြည့်ရတာ …

လပြည့်ည ရဲ့ အငွေ့အသက်တွေ ရပါတယ် ဗျာ …

Comment by သိ င်္ဂါ ရ — May 29, 2010 @ 4:57 am |Edit This
16.

ပန်းလေးတွေက လှလိုက်တာဗျာ

Comment by zwesoelwin — June 1, 2010 @ 10:05 pm |Edit This

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...