မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Wednesday, April 28, 2010

တမ်းတရသော..

သူမသည် သူ့အား သူမလူမှန်းသိတတ်စဉ်ကတည်းက တိုးတိုးတိတ်တိတ်လေး တိမ်းမူးခဲ့သူ။

သူမကို သူမ မေမေက ရင်ခွင်ထဲတွင်ထားပြီး သူ့အကြောင်းတွေကို ပြောပြတတ်စဉ်ကတည်းက၊ ခပ်ဝေးဝေးက သူ့ကို တိတ်တခိုးလေး ခိုးကြည့်လို့ ရင်ခုန်ခဲ့သူ။

သူမမေမေက သူရှိနေတတ်တဲ့ ညတွေမှာ တွင်းတွေထဲက ကြွက်ကြီးတွေက ထွက်လာတတ်ကြောင်း၊ ထိုကြွက်ကြီးတွေက ခေါင်မိုးတွေပေါ်မှာ ရွှေဒင်္ဂါးပြားတွေနဲ့ ဆော့ကစားတတ်ကြောင်း သူမကို ပြောပြတတ်သည်။ ထိုအချိန်မှာ သူမ မျက်ဝန်းတွေက ကြယ်ပွင့်တွေအလား တလက်လက်တောက်ပနေတတ်သည်။ သူမအတွေးတွေထဲမှာတော့ ရွှေဒင်္ဂါးပြားတွေ၊ ဧရာမကြွက်ကြီးတွေနှင့်... သူ။



အချို့ညနေစောင်းတွေမှာ ပိန်းရွက်ကလေးကိုင်ပြီး သူမကို ခြံထောင့်က ရေကန်နားမှာ တွေ့ရတတ်သည်။ သူမ မေမေက ဘာလုပ်နေပါသလည်းဟု မေးသည်ကို ပြန်မဖြေဘဲ ပိန်းရွက်ကလေးနှင့် သူ့ကို ဖမ်းမိရန် သူမကြိုးစားနေတတ်သေးသည်။


ဆယ်ကျော်သက်အရွယ်ရောက်လာတော့ သူမ၏ သူ့အပေါ် တိမ်းမူးမှုက ကဗျာတွေ၊ စာတွေ၊ သီချင်းအတိုအစတွေ ဖြစ်လာတတ်သည်။ အေးစက်စက်အိပ်ရာပေါ်ကို ရောက်ရောက်လာတတ်သော သူ၏ အငွေ့အသက်များကို သူမ အငမ်းမရ ဖမ်းဆုပ်ယူတတ်သေးသည်။ သူမချစ်သူကိုလွမ်းသောညများ၊ ချစ်သူကွဲသောညများမှာလည်း သူ့ကို တိုင်တည်ငိုယိုတတ်သေးသည်။

တစ်ခါတစ်ရံတော့လည်း သူမခြံနောက်ဖက် မန်ကျည်းပင်အောက်မှာ မနက်တစ်နာရီထိုးခါနီးအထိ ဂီတာ၊တယောများနှင့် တိုးတိုးတိတ်တိတ် သီဖွဲ့နေကြကုန်သော သူမ၏ သူငယ်ချင်းမိန်းကလေးများထဲက တစ်ယောက်ယောက်၏ ပေါင်ကို ခေါင်းဦးကာ သူ့ကို ငေးကြည့်နေတတ်သေးသည်။

ဟိုးတုန်းက ဒဏာရီတွေထဲက ဘုရင့်သမီးတော်တွေဟာ ရဲတိုက်ခေါင်မိုးတွေပေါ် တက်တက်ပြီး သူ့အရောင်ကိုချိုးသတဲ့.... အသားအရည်လှချင်လို့ဆိုလား...။
အမှန်ပြောရရင်... ကိုယ်လည်း ရဲတိုက်ကြီးတစ်ခုပိုင်လောက်အောင် ချမ်းသာသူဆိုရင်.....
ဟု သူမတတွတ်တွတ် ရွတ်နေတတ်သေးသည်။


သူသည် သူမအတွက်... တိမ်းမူးဖွယ်ရာ၊ ဆွတ်ပျံ့ဖွယ်ရာ။

သူ့ကိုထားပြီး နီယွန်မြို့ကြီးတစ်ခုကို ရောက်လာခဲ့စဉ်က သူမ လွမ်းနာကျခဲ့ဖူးသည်။

ဒီညတော့ နီယွန်မီးတွေနဲ့ ဝေးတဲ့နေရာလေးတစ်ခုမှ သူ့ကို သူမ ငုတ်တုပ်ထိုင်ငေးနေခဲ့သည်။
ဖိနပ်မပါဘဲ မြက်ပင်တွေကြားမှ သူ့ပုံရိပ်တွေကို အမိအရဖမ်းယူရန် သူမကြိုးစားနေသည်။ နှင်းရည်တွေစွတ်စွတ်စိုလို့ သူမခြေထောက်တွေ ကျင်တက်လာနေတော့မှ အိမ်ပေါ်ပြန်တက်ကာ ပြူတင်းမှာ ရပ်ငေးနေလိုက်သည်။

ကဆုန်လ၏ ညလေက တသွင်သွင်တိုက်ခတ်လာတော့ သူမ၏ ကန့်လန့်ကာဖြူဖြူတွေ ဖြည်းဖြည်းလေး လွန့်လူးသွားသည်။

ကိုယ် ဒီကမ္ဘာကြီးထဲ မရောက်လာခင်ကလည်း မင်းရှိခဲ့တယ်နော်...
ကိုယ်.. ဒီကမ္ဘာကြီးကို နှုတ်ဆက်ထွက်ခွာသွားခဲ့ပြီးချိန်တွေမှာလည်း မင်းရှိနေခဲ့ဦးမှာပဲ...။
ကိုယ်အသက်ရှင်နေသ၍တော့.. မင်းကို တိမ်းမူးနေမိမယ်..
မင်းအလှကို ဂါဝရပြုနေမိဦးမယ်။
အေးစက်နေတာတောင် ပြူတင်းကိုဖွင့်ပြီး မင်းကိုငေးလိုက်ဦးမယ်...
မင်းနဲ့ကြုံရတဲ့ညတွေဆိုတာ ရည်တွက်လို့ ရလောက်အောင် ကိုယ့်သက်တမ်းက တိုလွန်းလို့ကွယ်......။

သူမ တတွတ်တွတ် ရွတ်ဆိုနေလေတော့သည်။









4 comments:

Phyo Evergreen said...

မိုးကောင်းကင်ပေါ်က လအကြောင်းလားအစ်မ...။

အိမ့်ချမ်းမြေ့ said...

ဟုတ်တယ်ကိုဖြိုး...

ဘိုင်သဝေး
ပုံတွေက မပေါ်ဘူးထင်တယ်.. မလေးဆီမှာ.. မပေါ်ဘူးအခု

~ဏီလင်းညို~ said...

မလေးရေ......
ကျွန်တော်ကတော့ မလေးထက်ကံကောင်းတယ်လို့ဆိုရမယ်ဗျ......း))
ညဆိုင်းအလုပ်ဆင်းရတဲ့ရက်တွေဆို......... ညပိုင်း....၁၂နာရီ...........နောက်.......၃နာရီလောက်ဆို ကင်န်တင်း ဆင်းတိုင်း (ဆေးလိပ်သောက်တာလေ....း)) လမင်းကြီးကို ငေးကြည့်လို့ရတယ်လေဗျ..........။
လသာတဲ့ ညတွေဆိုရင်ပေါ့ဗျာ.....။
ခံစားမိတယ်.......စာလေးကို......။
(ဟိုးနေ့ကတည်းက လာဖတ်သေးတယ်......။ ပုံတွေမမြင်ရလို့ ခုမှ တစ်ခေါက်လာပြန်ဖတ်တာ....။ အဲ့ဒါလည်း....... မမြင်ရပေါင်ဗျာ...............း))
ဘာပုံလေးတွေလည်း..ဟင်.............??

ခင်မင်တဲ့
ဏီလင်းညို

အိမ့်ချမ်းမြေ့ said...

လပုံလေးတွေပါ ကိုဏီ..
ဟိုဘက်ဆိုက်က ပုံပါပဲ..
အခု ပြန်တင်ရန်ကြိုးစားနေတယ်..

LinkWithin

Related Posts Plugin for WordPress, Blogger...