မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Wednesday, April 21, 2010

ကြွေကျနေတဲ့ ဖြူစင်ခြင်းများ

ဒီကဗျာလေးကို ငယ်ငယ်ထဲက ချစ်လို့ပါ...

ဘ၀ကြီးက ဘာမှ မသိတတ်ခင်တုန်းက သိပ်လှခဲ့တယ်...
လမင်းကြီးတွေ၊ ညလေပြေတွေ၊ ပင်လယ်ပြင်တွေနဲ့ စိတ်ကူးယဉ်ကမ္ဘာကြီးပေါ့...
ဘာကိုမှ သိပ်မသိတာဟာ ပိုကောင်းသလား...
အသက်ကြီးလာလေလေ.... ဖြည်းဖြည်းချင်းပိုသိလာလေလေ....
ကိုယ့်ရဲ့ innocence တွေကို တဖြည်းဖြည်ချင်း ခြွေချလိုက်ရလေလေ...

ငယ်ငယ်တုန်းက ညစာစားပွဲတစ်ခုမှာ... RCMP (Royal Canadian Mounted Police) အစ်မကြီးတစ်ယောက်နဲ့ တွေ့ခဲ့တယ်။
သူ့ရဲ့ရွှေရောင်ဆံပင်က လေးထောင့်ကျကျ သတ္တိရှိတဲ့ မျက်နှာကို လှပစွာ အနားကွပ်ထားတယ်။
သူရဲ့ ထောင်ထောင်မောင်းမောင်း အရပ်ကိုကြည့်ပြီး ငါနွားနို့များများထပ်သောက်သင့်တယ်လို့ ပြောတော့ သူရယ်တယ်။
သူ့ကိုကြည့်ပြီး ရဲတပ်ဖွဲ့ထဲဝင်ဖို့ နည်းလမ်းလေးတွေ နည်းနည်းပါးပါးမေးစမ်းကြည့်လိုက်တယ်..
သူက ကိုယ့်မျက်နှာကို ငေးပြီး.. တစ်ခွန်းချင်းစီပြောလိုက်တယ်...

မင်းရဲ့ ဖြူစင်မှုတွေကို ဘာဖြစ်လို့ အစတေးခံချင်တာလည်း..
ညမှောင်မှောင် နောက်ဖေးလမ်းကြားတွေထဲက ဘ၀တွေကို မသိချင်ပါနဲ့ဦး...
မင်းသိပ်ငယ်သေးတယ်...
ဖြစ်နိုင်ရင် အခြား အသက်မွေးဝမ်းကျောင်းမှုကို ရှာပါလား...
ငါ့မှာလေ..
innocence တွေဘာမှ မကျန်တော့ဘူး..မိန်းကလေး.....တဲ့။

အခုတော့ ကိုယ့်မှာလည်း တဖြည်းဖြည်နဲ့ innocence တွေကို အချိန်နဲ့အသက်က ခြွေချလာလိုက်တာ..
ဘာမှ မကျန်တော့သလောက်ပါပဲလားကွယ်...

လွမ်းတယ်
လသာညကို
လေပြေညှင်းကို
နူးညံ့တဲ့ ကဗျာဟောင်းလေးတွေကို...

3 comments:

~ဏီလင်းညို~ said...

မလေးရေ....
အဟုတ်ဗျာ....။
အရင်တုန်းကလောက်... ဖြူစင်မှုတွေ မရှိနိုင်တော့တာ သေချာခဲ့ပြီ....။
(စာရေးရင်တော့.... လွပ်လွပ်
လတ်လတ် ရေးပါနော်...။ ဒါမှ
စာကောင်းလေးတွေဖတ်ရမှာကိုး.........း))
ခင်မင်တဲ့
ဏီလင်းညို

အပြုံးပန်း said...

ဟုတ်တယ် မလေး၊
ကြီးလာလေ ဖြူစင်ခြင်းတွေ လျော့ပါးလေမို့ ကိုယ့်ကိုယ်ကို အားမရ ဖြစ်ရတာလည်း အခါခါပဲ၊
ငယ်ငယ်တုန်းက မောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ ၀တ္ထုတွေ ဖတ်ပြီး ကြည်နူးရ၊ ဇာတ်ကောင်တွေရဲ့ ဖြူစင်လွန်းတဲ့ အချစ်တွေကို အားကျရနဲ့၊
အဲဒီအချိန်တွေကို တကယ် ပြန်တမ်းတမိတယ်၊
စာတွေ ရေးမိတော့ ဖတ်ခဲ့မိသမျှတွေက လာထင်ဟပ်တယ်၊

(အပျိုမကို ဖတ်ရတာ တဂိုးရဲ့ စာ ဖတ်ရသလိုပဲ ဆိုလို့ ပျော်လိုက်ရတာ၊ ရေးတုန်းကတော့ စိတ်ထဲက လာတဲ့အတိုင်း ရေးလိုက်တာပါပဲ၊ အားပေးလို့ ကျေးဇူးတင်ပါတယ် မလေး၊ နောင်လည်း ဝေဖန် အကြံပြုပါအုံးနော်)

မောင်မျိုး said...

အယ်...ကျနော်လည်း တူတူပဲ ရိုးသားမှုဆိုတာ တကယ်ကော ရှိရဲ့ လားလို့ ကိုယ့်ကိုယ်ကို ပြန်မေးနေရတယ် ။

LinkWithin

Related Posts Plugin for WordPress, Blogger...