မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, February 26, 2010

အဘွားသို့..

အိပ်မရလို့ အိပ်ရာထဲမှာ တလူးလူးတလိမ့်လိမ့်မို့ ရေခဲသေတ္တာထဲက နွားနို့အေးတစ်ခွက်ထသောက်တာတောင် မြိုမကျဘူး။ နေ့လည်က ရန်ကုန်က ပို့လိုက်တဲ့အီးမေလ်းမှာ ဘွားဘွားလေဖြတ်လို့ ရှင်ပါဂူမှာ တင်ထားရတယ်ဆိုကတည်းက ဘာမှ အဆင်မပြေတော့ဘူးလေ။ ညနေစာလည်း မစားနိုင်ဘူး။ အခု အိပ်လို့လည်း မရဘူး ဘွားဘွား။

ဘွားဘွား ဘယ်လိုနေလည်း၊ သတိမလည်တာကောင်းတယ်ပဲပြောရမှာလားဟင်။ သတိလည်ရင် နာကျင်တာ ခံစားရမှာစိုးတယ်။ ဆရာဝန်တွေက အခြေအနေ မကောင်းဘူးလို့ပြောကြတယ်ဆို...။

အခုလေ.. နိုင်ငံခြားမှာနေတဲ့ အကျိုးတွေကို သမီးခံစားနေရပါတယ်။
ချက်ချင်းကောက်ထလာရအောင်လည်း မဖြစ်နိုင်ဘူးဘွားဘွားရယ်။ သမီးဘာလုပ်ရမလည်းဟင်။


ဘေးမှာဘယ်သူတွေရှိရှိ အေးစက်စက်ဆေးရုံကုတင်ပေါ်မှာ ဘွားဘွားတစ်ယောက်တည်းပဲဖြစ်နေမယ်ထင်တယ်။ ဘွားဘွားမှာ သွေးရင်းတွေ ဘယ်သူမှ မရှိတော့ဘူး။ ရှိတဲ့ သား၊သမီးတွေတောင် ရှေ့က အကုန်သွားကြပြီ။ နောက်ပြီး ဘွားဘွားမှာ မြေးမလေးနှစ်ယောက်တည်းရှိတာလည်း နှစ်ယောက်လုံးက နိုင်ငံရပ်ခြားမှာ။

သမီးတို့ညီအစ်မ ကျေသင့်တာလောက် တာဝန်မကျေဘူးထင်ပါရဲ့ဘွားဘွားရယ်......။ အဝေးက ငွေပို့ပေးရုံ၊ ဆေးဝါးစားစရာလေးပို့ပေးရုံနဲ့ သမီးတို့ ဘာများတာဝန်ကျေနိုင်ခဲ့လို့လည်းဟင်... ကိုယ်ရွေးတဲ့လမ်းတွေပဲလား။ နိုင်ငံခြားမှာ နေချင်တဲ့ ပေးဆပ်ရမှုတွေလားဟင်။

မှတ်မိသေးတယ်။ သမီးရှစ်တန်းတုန်းက... "ငါ့မြေးမက ရှစ်ဘာသာ ဂုဏ်ထူးရှင်ဟဲ့" ဆိုပြီး လိုက်ပြောနေလို့ "ရှစ်ဘာသာမရှိဘူး၊ ခြောက်ဘာသာပဲရှိတာအဘွားရဲ့" လို့ လူတွေက ဘွားဘွားကို စ ကြတာလေ။ ဘွားဘွား သမီးတို့ကို ဂုဏ်ယူခဲ့တာတွေ..။
ဘွားဘွားမှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေနဲ့ တိုက်ကို သမီးတို့ ညီအစ်မ မရရကောင်းလားလို့ အချို့တွေက ဂရုဏာနဲ့ပြောကြတယ်ဘွားဘွား။

သမီးတို့ကိုယ်တိုင်က ဘွားဘွားကိုကြည့်ရှုတဲ့ သူတွေကို လိုလိုလားလားပေးခိုင်းခဲ့တာ အဘွားကိုကြည့်ပေးတဲ့တွက် ကျေးဇူးဆပ်ခဲ့တာပါ။ သမီးတို့ ဒါတွေလည်း မလိုချင်ဘူးဘွားဘွား...။ တစ်ကယ်ဆို အဘွားကို သမီးတို့ ဒီထက်ကြည့်သင့်ခဲ့တာပါ။

အခု.... သမီးအိပ်မရဘူး။
သမီးကိုယ်တိုင် ဝေးနာကို ခံစားနေရသလိုပဲ။
သမီးလေ.. ဘွားဘွားလို အသက် ၁၀၁ အထိတော့ မနေချင်ဘူး ဘွားဘွားရယ်..။ အထူးသဖြင့် ဒီတိုင်းပြည်မှာ၊ ကျန်းမာရေးစနစ်တွေကလည်းကောင်းတော့ အသက်ရှည်မှာ သိပ်ကြောက်တာပဲ။ သမီးတော့ အသက်ခြောက်ဆယ်လောက်ဆိုရင်ကို သွားချင်ပြီ။ ဘွားဘွား ခံစားမနေရပါစေနဲ့။

သမီးတော့ ဘယ်လိုမှ အိပ်မပျော်ဘူး ဘွားဘွားရယ်....။
တစ်ယောက်ပြီးတစ်ယောက်ဆုံးပါးကြတာကို အဝေးကနေ ခဏခဏကြားရဖန်များလာတော့ သိပ်ကြောက်နေမိပြီ။

အိပ်မရဘူး ဘွားဘွား......။
ဘွားဘွား မျောနေတယ်ဆို.... သမီးတမ်းတနေတာကို မြင်နေကြားနေမှာပါ...။
ဘွားဘွား နေသာပါစေနော်....။

9 comments:

Phyo Evergreen said...

အစ်မရေ အစ်မရဲ့ဘွားဘွား အမြန်ဆုံးကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်..။

မောင်မောင် said...

မအိမ့်ချမ်းမြေ့ ရဲ့ အဘွား ဆေးရုံတက်ရတယ် ဆိုတာ ဖတ်ရတော့ တကယ်ပဲထပ်တူထပ်မျှ စိတ်မကောင်းဖြစ်
မိပါတယ်။
အမြန်ဆုံးသက်သာပါစေ။သတိရပါစေ လို့ လဲ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

~ဏီလင်းညို~ said...

မလေးရေ...
ကျွန်တော့်မှာတော့ နှစ်ဖက်စလုံးက အဖိုးတွေ၊ အဖွားတွေ မရှိတော့ဘူးဗျ....း((
အဖွားနှစ်ယောက်စလုံးက ကျွန်တော်...ဒီရောက်ပြီး...နှစ်နှစ်လောက်ကြာတော့ ရှေ့ဆင့်နောက်ဆင့် ဆိုသလို ဆုံးသွားကြတယ်လေ...။
မလေးရဲ့ ဖွားဖွား...နေကောင်းပါစေဗျာ...။
ဆုတောင်းပေးပါတယ်....။
ခင်မင်တဲ့
ဏီလင်းညို

ryan said...

:(

အိမ့်ချမ်းမြေ့ said...

စာနာတတ်သော အကိုမောင်များကို ကျေးဇူးတင်ပါတယ်ရှင်..။ စိတ်တော့ တော်တော်လေး ညစ်နေပါတယ်။

မေဓာဝီ said...

မလေးရေ စိတ်မညစ်နဲ့နော်။ အိုခြင်း၊ နာခြင်း တရားသဘောပဲ အောက်မေ့ပါ။
မလေးဘွားဘွားက ကုသိုလ်ကံကောင်းလို့ အသက်အရှည်ကြီး နေရတာလေ .. နော်။ မမေတို့အဘွားတွေ (၂ ဘက်စလုံး)အသက်မရှည်ကြဘူး။ တယောက်က ငါးဆယ်ကျော် မမေ မမွေးခင် ဆုံးသွားတာ။ တယောက်တော့ ၇၀ ကျော်မှာ ဆုံးတယ်။ တတ်နိုင်သလောက် ပြုစုလိုက်ရပါတယ်။
မလေးက အဝေးမှာ ဘာမှလုပ်မပေးနိုင်လို့ စိတ်မကောင်း မဖြစ်နဲ့။ စိတ်ထဲကနေ မှန်းပြီး မေတ္တာပို့ပေးလို့ရတယ်။
ဘွားဘွားဓာတ်ပုံရှိရင် ဓာတ်ပုံကိုကြည့်ပြီးပို့၊ မရှိရင် စိတ်ထဲကနေ မြင်ယောင်အောင် ကြည့်ပြီး မေတ္တာပို့ပါ။
မေတ္တာဓာတ်က ဘယ်လောက်ပဲ ယူဇနာတွေ ကွာဝေးလဲ ထိရောက်တယ် အစွမ်းထက်တယ် ... ။ မလေး စမ်းကြည့်နော်။

အိမ့်ချမ်းမြေ့ said...

မမေလာတာအားရှိတယ်...
ကျေးဇူးပါ မမေရေ..

မလေးအဖွားတော့ ဆုံးသွားရှာပြီ
မခံစားလိုက်ရဘူးပေါ့နော်။
အသက် ၁၀၁ နေသွားရပေမယ့်
ဒါပေမယ့် ၀မ်းနည်းတာကတော့ ၀မ်းနည်းတာပါပဲလေ

မေဓာဝီ said...

မလေးရေ စိတ်မကောင်းလိုက်တာ ...
မမေလဲ မနေ့ညကမှ မလေးရေးတာ ဖတ်ရလို့ ကွန်မန့်ရေးခဲ့လိုက်တာ။
မလေးဝမ်းနည်းနေမယ်ဆိုတာ မမေ ကိုယ်ချင်းစာပါတယ်။
၁၀၁ နှစ်ထိ နေသွားတာရယ် မခံစားလိုက်ရတာရယ် အဘွားအတွက် ဖြေသာတယ်လို့ သဘောထားနော်။ မလေးဘွားဘွား ကောင်းရာဘ၀ ရောက်မှာပါ။

Phyo Evergreen said...

အစ်မရေ

စိတ်မကောင်းဘူး..။ မလေးက အဝေးမှာဆိုတော့ ပိုခံစားရမှာပေါ့..။ အသက် ၁၀၁ ဆိုတော့ ဖွားဖွားက တော်တော်အသက်ရှည်ရှည် နေသွားရတာပဲ..။ ငြိမ်းချမ်းတဲ့နေရာရောက်သွားပြီဘဲ..။ ကိုယ်ချင်းစာတယ်အစ်မရေ.. ကျွန်တော်လည်း အဖွား နှစ်ယောက်စလုံး ဆုံးတုန်းက အနားမှာမရှိဘူး..။ အဖိုးတွေဆို မြင်တောင်မမြင်ဖူးလိုက်ဘူး..။ အစ်မလည်းအားတင်းထားပါ..။

LinkWithin

Related Posts Plugin for WordPress, Blogger...