မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, February 16, 2010

♥●••အဝေးဆုံး••●♥

မိုးတွေက ထုံးစံအတိုင်း အတားအဆီးမဲ့စွာ။ ကားလမ်းတဖက်မှာ ကားကို ရပ်ထားခဲ့ပြီး တိတ်ခွေအရောင်းဆိုင်သို့ မိုးရွာထဲကားလမ်းကူးပြီး ဖြတ်လျှောက်လာခဲ့သည်။ မိုးစက်တွေက ဆံပင်တွေထဲ ကြမ်းရှလွန်းစွာ တိုးဝင်သွားသည်။ တိတ်ခွေဆိုင်ထဲဝင်ပြီး တိတ်ခွေတန်းတွေရှေ့ ဂျာကင်ထဲလက်နှိုက်လို့ လူးလာခေါက်တုံ့ အတွေးနယ်ချဲ့နေမိသည်။

"celion dion... ဟင့်အင်း over rated။ Mariah Carey .. လူနဲ့ပြစားတာလို့ပဲ ပြောပစ်လိုက်တော့မယ်..ဘယ်သူမှလည်းကြားရတာမဟုတ်ဘူး.. ကဲ.. မမြင်မှ မမြင်ရဲတာ၊ ကြောက်တယ်။ Britney Spears.. သူဟာလည်း ယောင်္ကျားတွေအတွက်ပဲလား.. အို.. ငါဟာလေ.."

"အဟမ်း.."

တစ်ယောက်တည်း စိတ်ကူးပေါက်ရာလျှောက်ပြောနေစဉ် ချောင်းဟန့်သံကြောင့် ဘေးကိုကြည့်လိုက်တော့ မိုးရေတွေ တုတ်တုတ်ရွှဲနေသူတစ်ယောက်က ပြုံးစိစိကြည့်နေသည်။ မိုးရေတွေကြောင့် နဂိုထဲက ကောက်တွန့်လေးတွေ ပါဟန်ရှိသော သူ့ဆံပင်တို့က ပိုပြီးတွန့်လိမ်နေသည်။ အ၀တ်အစားသေသပ်ဟန်ရှိသော်လည်း မျက်နှာမှာလည်း နှုတ်ခမ်းမွှေး၊ ပါးသိုင်းမွှေးများနှင့်။

"casablanca သီချင်းပါတဲ့ အယ်လ်ဘမ်နာမယ် ပါးစပ်ဖျားလေးတင် မေ့နေလို့"

တစ်ယောက်တည်းပြောသလိုလိုနှင့် မျက်နှာကိုကြည့်လာသည်။

မျက်နှာကို တည်ထားလိုက်ပြီး ထိုအခွေနိုင်လောက်သည့်အတန်းကို လည်ညိုးထိုးပြလိုက်သည်။ ဒါတမင်သက်သက် လုပ်တာဖြစ်မည်။

"အဟား.. ကျေးဇူးပဲ။"

ထွက်သွားသော ထိုသူ၏ကျောပြင်ကို ကြည့်ပြီး မျက်မှောင်တစ်ချက်ရှုံလိုက်မိသည်။ ကြိုဆိုပါတယ်တွေ ဘာတွေ ပြန်ပြောရန် မကြိုးစားလိုက်တော့။

**********

ဒီစတေ့ရှိုးကို မလာချင်သော်လည်း သူငယ်ချင်းဖြစ်သူ လိဒ်ဂစ်တာသမားလေး၏ အတင်းဆွဲခေါ်လာမှုကြောင့် ကန့်လန့်ကြီးပါလာရသည်။ မျက်နှာသုန်မှုန်စွာ ဟိုးအခန်းထောင့်က စားပွဲတစ်လုံးမှာ အအေးခွက်တစ်ခွက်နှင့်အဖော်ပြုနေစဉ် လမ်းမှာ သူငယ်ချင်းနှင့် ငြင်းခုံပြောသည့် စကားများကို ပြန်ကြားယောင်နေမိသည်။

"နင့်ဝတ်ပုံလည်းကြည့်ဦးဟာ၊ အဖွားကြီးလေး ကျနေတာပဲ"

"ဟဲ့.. ဒီထက်ဖော်ရရင် .. ငါမပြောလိုက်ချင်ဘူး။ ငါဒီလိုတောင် ဘယ်တုန်းက၀တ်သလည်း"


"နင်ကလည်း ငါ့ပွဲလာတာ နည်းနည်းပါးပါး ဟော့ဟော့လေး ၀တ်ခဲ့တာမဟုတ်ဘူး။ ကြည့်ဦး ထိုင်နေပုံကကို အဖွားကြီးပေါက်စလိုပဲ"

"ငါက ဘယ်လိုထိုင်ရမှာလည်း.. ၀တ်ထားတာလည်း ငါ့အတွက်က လွန်လှပြီ။ ချမ်းတယ်ဟာ နင့်ကားနောက်ခုံပေါ်က ဂျက်ကတ်ငှားဝတ်မယ်"

"မရဘူး.. ဒီတိုင်းနေ.. ဒီတိုင်းလေးပဲလှတယ်"

"ကျွတ်.. လိုက်လာမိတာ မှားတာပဲ"

"ဘာ... အိုကေ ဖိုင်း။ ပြန်ပို့ပေးမယ်"

"တော်စမ်းပါဟာ.. အပိုတွေ"

သူငယ်ချင်းနှစ်ယောက် ငြင်းခုန်ရင်း စတေ့ရှိုးရုံရှေ့ရောက်တော့ ရောက်နှင့်နေပြီးသော သူငယ်ချင်း၏ အနီရောင်ဆံနွယ်ပိုင်ရှင်မိန်းကလေးက အပြေးလာကာ သူငယ်ချင်းကိုပြေးခွတက်လိုက်သည်။ သူငယ်ချင်း၏ ရွှေရောင်နုနုဆံပင်တွေထဲ လက်များကိုထိုးထည့်ကာ အနမ်းဖလှယ်နေကြသည်။ လိုအပ်သည်ထက် ပိုကြာနေသဖြင့် မျက်လုံးတွေကို ကျောက်ပြားတွေပေါ်အကြည့်ပို့ထားပြီး တောင့်တောင့်ကြီး ရပ်နေသော်လည်း ပါးပြင်တွေက တရှိန်းရှိန်းဖြစ်နေသည်ကို ခံစားနေရသည်။ ပြီးတော့ သူငယ်ချင်း၏ မိန်းကလေးက သူငယ်ချင်းလက်ကို မလွှတ်တော့ဘဲ ရှေ့မှထွက်သွားကြသည်။

"ငါတို့နဲ့ ပွဲရုံနောက်ထိလိုက်ခဲ့ပါလား"

"နေပါစေဟာ.. သွားမှာသာသွားပါ ငါ့ဟာငါ နေတတ်ပါတယ်"

အအေးခွက်တစ်ခွက်နှင့် ရှေ့ပြေးအဖွဲ့၏ ဆူညံကွဲရှနေသော သီချင်းသံကို နားထောင်နေလိုက်သည်။ ရောင်စုံမီးရောင်တွေအောက်မှာ နှစ်ဆယ်စွန်းစအရွယ်တွေရဲ့ မူးယစ်ပူလောင်မှုကို ခံစားနေရသည်။ မအူမလည်ကိုယ့်ကို စိတ်မချလို့ ပြန်ထွက်လာဟန်ရှိသော သူငယ်ချင်းဘေးမှာ လူတစ်ယောက်ပါလာသည်။

"နင်.. အဆင်ပြေရဲ့လား"

"ပြေပါတယ်.. မပူနဲ့"

"မိတ်ဆက်ပေးမလို့ ဒါ.. ငါ့သူငယ်ချင်း"

မော့ကြည့်လိုက်တော့ ဟိုနေ့က တိတ်ခွေဆိုင်ထဲမှာ တွေ့ဖူးသူ။

အပြန်အလှန် ဟိုင်းကြပြီး အပြန်အလှန် တွေ့ရတာဝမ်းသာလိုက်ပေမယ့် ကိုယ်တော့ တစ်ချက်မှ မပြုံးဖြစ်ခဲ့။ အဲဒီနေ့က ထိုသူက ဂီတတွေအကြောင်း၊ ရုပ်ရှင်တွေအကြောင်း တတွတ်တွတ်ဘေးမှာ ပြောနေသည်ကို စိတ်မပါ၍ ကြားတစ်ချက် မကြားတစ်ချက်။

"casablancaထဲက I love you more and more each day as time goes by ဆိုတဲ့စာသားလေးက သမီးရည်းစားဖုန်းချခါနီးပြောလို့ကောင်းတယ်ဗျ"

အဲဒီစကားတစ်ခွန်းတော့ တစ်စွန်းတစ်စကြားမိလို့ အအေးခွက်ကို နှုတ်ခမ်းမှာထိထားရင် မထီတရီ တစ်ချက်ပြုံးဖြစ်လိုက်သည်။

**************

ညဂျူတီအပြီးကိုယ်နေတဲ့ အိမ်ခန်းကျယ်ထဲကို သော့ဖွင့်ပြီးဝင်လာခဲ့သည်။ အိမ်ရှေ့ခန်းထောင့်မှာ ကင်းဗတ်တွေ၊ စုတ်တံတွေ၊ ရောင်စုံဆေးတွေ ကျဲပြန့်နေသည်။ နံနက်ခင်းနေရောင်က ခန်းစီးစဖြူဖြူကို ထိုးဖောက်လာနေသည်။ အိမ်ရှေ့ခန်းမှ အိမ်ခန်းထဲကို တိုးယိုပေါက် လှမ်းမြင်နေရသည်။ ကုတင်ပေါ်မှာ သူငယ်ချင်းနှင့် ဟိုလူ တုံးလုံးပက်လက် အိပ်ပျော်နေကြသည်။ ညက သူတို့စင်တင်ပွဲနောက်ကျပုံရသည်။ အိမ်မပြန်ကြတော့ပဲ ကိုယ့်တိုက်ခန်းမှာ လာစုနေကြတာဖြစ်မည်။ အိမ်ရှေ့ ဆိုဖာပေါ်မှာလည်း တယောထိုးသည့်သူငယ်ချင်းမနှစ်ဦး စောင်ကိုယ်စီခြုံပြီး အိပ်မက်ကမ္ဘာထဲ ရောက်နေကြသည်။

အိပ်ခန်းထဲသို့ ၀င်သွားပြီး သူငယ်ချင်း၏ဒူးကို ဖြည်းဖြည်းကိုင်လှုပ်နှိုးလိုက်သည်။

"ထ...ထ၊ နင်တို့ ငါ့အိပ်ရာပေါ် တက်အိပ်နေတယ်"

"အာ...အိပ်နေတာကိုဟာ..."

"ငါ့အိပ်ရာပေါ် တက်အိပ်နေကြတယ်"

"အေးလေ. ဘာဖြစ်လည်း"

"ဆင်း၊ အိပ်ချင်ရင် ဆိုဖာပေါ်သွားအိပ်"

"ကျွတ်... ဘယ်လိုဟာလေးလည်း မသိဘူး"

"ဘယ်လိုဟာလေးမှ မဟုတ်ဘူး။ ငါ့အိပ်ရာပေါ် ယောင်္ကျားလေးတွေ တက်အိပ်တာ လုံးဝမကြိုက်ဘူး ငါပြောထားတယ်၊ ငါ့အိမ်ခန်းထဲမှာ အနေအထိုင် ဆင်ခြင်ဖို့ ငါပြောထားတယ်။"

"ဟာာာာာာ... နင်ခုထိရှေးရိုးကြီးလုပ်နေတယ်။ နောက်.. နင်မရှိတုန်းအိပ်တာလေ"

"အို.. မသိဘူး။ ဆင်းကြ"

အသံတွေကြောင့် သူငယ်ချင်းတွေ အကုန်လုံးနိုးသွားကြသည်။ ရေအိမ်ထဲဝင်သူဝင်၊ မီးဖိုထဲကော်ဖီဖျော်သူဖျော်၊ ညက စတေ့ရှိုးအကြောင်းပြောသူပြောနှင့် အိမ်ခန်းလေးက သာယာစိုပြေသွားသည်။


**************

ကင်းဘတ်ပေါ်က အရောင်တွေကို မနှစ်သက်စွာ ငေးနေမိသည်။ စုတ်တံကို ဆေးထဲနှစ်ပြီး ဇက်ကိုလက်တစ်ဖက်နှင့် နှိပ်နေမိသည်။
ဂုတ်မှာ ထွက်သက်လေ နွေးနွေးလေးကို ခံစားရတော့ မျက်စိမှိတ်ပြီး ပြုံးလိုက်မိသည်။

"နားဦးလေ"

"ဟင့်အင်း.."

ပခုံးသားတွေပေါ်မှာ သူ့ရဲ့ကြမ်းရှရှလက်တွေ၏ အထိအတွေ့ကို ခံစားမိတော့ ရှက်ပြီး တွန်းဖယ်လိုက်သည်။

"နေပစေ... မောင်"

သူက ပခုံးကိုဆွဲပြီး ရင်ခွင်ထဲကိုမှီတွယ်စေသည်။ ဆံပင်များကိုသတ်ပေးရင်း နဖူးစပ်ကို အသာနမ်းလိုက်သည်။ သူ့မျက်လုံးတွေထဲမှာ ပျော်ဝင်သွားခဲ့သည်။ သူက ကိုယ့်ကိုအသာတွန်းလှဲလိုက်သည်။ ဆေးခွက်တွေကို တိုက်မိသွားသံက အခန်းထဲမှာ ကျယ်လောင်သွားသည်။

"နိုး..မောင်"

အသာအယာရုန်းထွက်ပြီး မတ်တပ်ရပ်လိုက်တော့ ကြမ်းပြင်ပေါ်မှာ ဒူးတစ်ဖက်ထောင်ရင်းမော့ကြည့်ကာ ကိုယ့်လက်ကို ဆွဲထားသည်။ မျက်လုံးတွေက အရည်တွေလဲ့နေသည်မှာ လှလိုက်တာ မပြောပါနှင့်တော့..။ ထိုမျက်လုံးများကို ခွန်အားမဲ့စွာ ကျောခိုင်းပြီး လက်ကိုရုန်းထွက်လိုက်သည်။ မီးဖိုချောင်ဘက်ကို လှမ်းနေသောခြေလှမ်းတွေက အားမရှိချင်။

"အိုင်လဗ်ယူ"

နောက်မှ တိုးတိုးကပ်လိုက်လာသော အသံက ညင်သာလွန်းနေသည်။

"အိုင်လဗ်ယူတူး..မောင်"

သက်ပြင်းအရှည်ကြီးချကာ မီးဖိုထဲဆက်ထွက်လာခဲ့သည်။


**************

လရောင်က အိပ်ရာခင်းဖြူဖြူကုတင်ပေါ်မှာ ဖြာကျနေသည်။ ခေါင်းရင်းနာရီက နံနက်လေးနာရီကို ညွှန်ပြနေသည်။ အိပ်မပျော်သည့် ညပေါင်းများစွာကို ခက်ခဲစွာဖြတ်သန်းနေရသည်။ ခေါင်းဦးပေါ်မှာ လွတ်လပ်ပေါ့ပါးစွာ နားနေအိပ်စက်ဖူးသော သူငယ်ချင်း မိန်းကလေး၊ ယောင်္ကျားလေးများ၏ ခေါင်းလျှော်ရည်နံ့များအပြင်.. သူ၏အနံ့ကိုပါ ရနေသလိုလို။
လက်ကိုင်ဖုန်းကို ကောက်လှည့်လိုက်သည်။

"ဟလို..."

"နင် အိပ်မရဘူး မဟုတ်လား"

"ငါလာခဲ့မယ်..."

ပြူတင်းမှ အလင်းရောင်မှုန်ပြပြအောက်မှာ အိမ်ရှေ့ခန်းတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေသည်။ နာရီသံကိုကျယ်လောင်စွာ ကြားနေရသည်။ ကြမ်းပြင်ပေါ်မှာ သူငယ်ချင်းနှစ်ယောက် တင်ပလင်ခွေထိုင်ရင်း စကားတစ်ခွန်းမှ မပြောဖြစ်ကြ။

"ယောင်္ကျားတွေက အနည်းနဲ့အများဒီလိုပဲ.. ငါလည်းယောင်္ကျားတစ်ယောက်။ သူ့ဘက်ကလည်းစဉ်းစားလေ.. နင်ကသိပ်ရှေးရိုးဆန်တော့"

နှုတ်ခမ်းကိုဖိကပ်ထားသော လက်တွေ တဆတ်ဆတ်တုန်နေသည်။

"ရင်ထဲကရှိတာတွေ ထုတ်ချလိုက်လေဟာ.. နင်ဒီလိုမနေနဲ့.."

စကားအဆုံးမှာ သူငယ်ချင်းက ပခုံးကိုဆွဲယူလိုက်သည်။ သူငယ်ချင်း၏ ရင်ခွင်ထဲမှာ မျက်နှာအပ်ကာ တစ်ကိုယ်လုံးတုန်ယင်နေမိသည်။ သူငယ်ချင်း၏ အကျီ င်္မှာ မျက်ရည်စတို့ စွန်းပေသွားသည်။

"ငါနင့်ကို ဘယ်လိုဖြေသိမ့်ရမလည်း..."

"မလိုပါဘူး.. ရပါတယ်"
လူချင်းခွာလိုက်ပြီး မတ်တပ်ရပ်ကာ ခုံပေါ်က အနွေးတစ်ထည်ကိုကောက်ယူဝတ်လိုက်သည်။

"နင်ဘယ်သွားမလို့လည်း"

"ခေါင်းရှင်းအောင် ကားမောင်းထွက်မလို့"

"မသွားရဘူး"

"ခဏပါ.. နင်.. ဟိုဗီဒိုထဲက သူ့အနွေးထည်အချို့ယူသွားပြီး ပြန်ပေးလိုက်တော့၊ သူ့ခွေးလည်း ငါ မကြည့်ပေးနိုင်တော့ဘူး။ ယူသွားပေးလိုက်တော့၊ သူပေးထားတဲ့ casablanca အခွေဟိုပေါ်မှာ အဲဒါပါ မကျန်ခဲ့စေနဲ့။
အမှတ်တယတွေ၊ အလွမ်းတွေ အကုန်လုံး ယူပြီး ဘယ်တော့မှ ပြန်မလာပါနဲ့တော့လို့.. တစ်ခုမှ ငါ့အတွက် မလိုအပ်တော့ဘူး။
သြော်.. ရော့ ဒီမှာ.. နားကပ်.. အဲဒါ ငါ့ ပန်းချီကင်းဗတ်နဲ့စုတ်တံတွေနားမှာ ကျကျန်နေခဲ့တာ.. ငါ့ဟာတော့ မဟုတ်ဘူး။ အဟွန်း.. နင်သိတဲ့အတိုင်းပဲ။ ငါဒါမျိုးနားကပ်တွေ မ၀တ်တာ၊ ငါ့သူငယ်ချင်းမတွေလည်း တစ်ယောက်မှ နားပေါက်မရှိဘူး"

ကြမ်းပြင်ပေါ်မှာ သူငယ်ချင်းက ထောင်ထားသောဒူးနှစ်ဖက်ကို လက်နှင့်ပိုက်ထိုင်ရင်း ခေါင်းငိုက်စိုက်ချကာ ကျန်ရစ်ခဲ့သည်။

အိမ်တံခါးကို ဖွင့်ထွက်လိုက်သည်။ အေးရှသောလေက မျက်နှာကို ဖြတ်တိုက်သွားတော့ ခေါင်းမော့ကာ အသက်ကို တ၀ကြီးရှုပစ်လိုက်ပါတော့သည်။
........
........
ရင်ထဲမှာတော့....

2 comments:

~ဏီလင်းညို~ said...

မလေးရေ...
ဝတ္တုလေးဖတ်ရတာ အရမ်းကောင်းတယ်ဗျ...။
ရှေးရိုးဆန်တာ အပြစ်မဟုတ်ဘူး...၊ အဲ့ဒါကို နားလည် မပေးနိုင်တာသာအပြစ်ပါဗျာ...နော်...။
ဒါမျိုးလေးတွေ မဖတ်ရတာ ကြာနေလို့လားမသိဘူး...။
ကောင်းတယ်...။
နှစ်ခေါက်လာဖတ်ပြီးမှ ကော်မန့်ရေးဖြစ်တာလေ...။
ခင်မင်တဲ့
ဏီလင်းညို

Phyo Evergreen said...

အစ်မ ဒါမျိုးလေးတွေမဖတ်ရတာကြာပြီ..။
ရှေးရိုးဆန်တာဘဲဖြစ်ဖြစ် ခေတ်ဆန်တာဘဲဖြစ်ဖြစ် အရှိကိုအရှိအတိုင်းနဲ့ကိုယ် ဘဲကောင်းပါတယ်..။
တစ်ခါတစ်လေတော့ လိုက်လျောညီတွေနေပေးလို့ရနိုင်ပေမယ့် ပြောင်းလဲပေးဖို့ကျတော့ မဖြစ်နိုင်ဘူးလေ..။

ဖိုင်နယ် စာမေးပွဲမို့ လူလည်းပျောက်ခြင်း မလှတပတနဲ့ ပျောက်နေတာပါ.. :D wish me luck!

LinkWithin

Related Posts Plugin for WordPress, Blogger...