မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, February 06, 2010

ကြယ်စုံတဲ့ည

လေတွေက ထုံးစံအတိုင်း ကြွပ်ဆတ်အေးခဲနေတယ်။
ပင်လယ်လေက ကြမ်းရှနေတယ်။
ဆံပင်တွေကလည်း အထိန်းကွပ်မဲ့စွာ...
ကောင်းကင်မှာ ကြယ်စုံနေတယ်။ သိပ်လှတဲ့ညပဲ။
ဗင်ဂိုးရဲ့ ကြယ်စုံတဲ့ည ပန်းချီကားထက်တောင် လှနေလိုက်သေးတာ ညက။
တစ်ကယ်...
ထူးအိမ်သင်ရဲ့ ကြယ်စုံတဲ့ည သီချင်းကိုတောင် လွမ်းသွားတယ်။

လက်ဖျားတွေ အေးစက်နေတယ်။ ပါးပြင်တွေ ကြင်တက်နေတယ်။
လှိုင်းသံတွေက တဝေါဝေါနဲ့။ ကြယ်ရောင်အောင်မှာ လှိုင်းခေါင်းဖြူတွေ...။

နောက်ဘက်ကလမ်းပေါ်မှာ ကားတွေ တိတ်ဆိတ်နေတယ်။ သောင်္ကြာည စည်ကားနေကျ ဆိုက်ပရပ်စ်လမ်းမက ဒီနေ့ ထူးထူးခြားခြား တိတ်ဆိတ်လို့ပါလား။ ညက ကိုးနာရီခွဲပဲ ရှိသေးတယ်။ လူတွေဘယ်ရောက်နေလဲ။ လေပြင်းပြင်းအောက်မှာ ဆိုက်ပရပ်စ်လမ်းဆိုတဲ့ ဆိုင်းပုဒ်ကလည်း ဘယ်ညာယိမ်းထိုးနေလေရဲ့။

မီးမှိန်မှိန်ဆိုင်လေးတစ်ဆိုင်ရှေ့မှာ လူသုံးယောက် ရပ်စကားပြောနေကြတယ်။ လေက ရှင်းသန့်လွန်းနေတယ်။ စားသောက်ဆိုင်တန်းတွေလည်း တိတ်ဆိတ်လွန်းနေတယ်။ ညနေစာ လက်ကျန်အနံ့တစ်ခုခုတောင် မရှိလောက်အောင် လေက ရှင်းသန့်နေတယ်။

အရင်တုန်းက ဒီပင်လယ်ကမ်းစပ်မှာ လာထိုင်တိုင်း အနည်းဆုံးတော့ ကဗျာတစ်ပုဒ်လောက် ထွက်ကျတတ်တယ်။
အခုတော့ ............

ဘာမှ ထွက်မကျလာတော့အောင်.. ခံစားတတ်တဲ့နှလုံးသားတွေ ထုံသွားတာလား။
ခံစားလွန်မှု တစ်ခုခုပဲ ဖြစ်နေတာလား။

စာရေးတယ်ဆိုတာ ဖြစ်ညှစ်ရေးလို့ကို မရတာ။ အတင်းညှစ်လေ.. မထွက်လေ။ သေချာတာဟာ စာရေးခြင်းဆိုတာ သွားတိုက်ဆေးညှစ်ခြင်း မဟုတ်ဘူးဆိုတာပဲ။ အခုဟာက ခြောက်ကပ်နေတဲ့ သွားတိုက်ဆေးကို အတင်းညှစ်ထုတ်နေရသလိုဖြစ်နေတယ်။ အရင်တုန်းက နှစ်ပေါင်းများစွာ ခေါင်းထဲမှာ အကြောင်းတွေများစွာ ပြွတ်သိပ်ကျပ်ညှပ်နေခဲ့တယ်။ ရေးလို့ကို မကုန်ခဲ့ဘူး။ အခုတော့ ဘာဆိုဘာမှ ကို မရှိတော့ဘူး။ ဘာကိုမှလည်း မဝေမျှချင်တော့ဘူး။ ဘာကိုမှလည်း မသိချင်တော့ဘူး။

ဒီဘလောဂ်လေးလည်း update မလုပ်ဖြစ်တာကြာပြီ။ မလုပ်ဖြစ်ဆို ကိုယ်တိုင်တောင် မ၀င်ဖြစ်တော့ဘူး။ ဒီနေ့ဝင်မိတော့

Update your templates

Your templates include links to files hosted on Google Page Creator, a service that is soon migrating to Google Sites. Do you want Blogger to update those links now? Learn more

Update and review Dismiss


အဲဒါကြီးပေါ်နေတယ်...
ဘာလုပ်ရမှန်းလည်းမသိဘူး။

ကိုယ်ဘာဖြစ်နေတာလည်း...

ကိုယ်..
ဘာ..
ဖြစ်..
နေ..
တာ...
လည်း....။

အဲဒီတော့.....
ဘလောဂ်လည်း update မလုပ်ဘူး။
ဘာစာမှ မရေးတော့ဘူး။
ဘလောဂ်ပဲရေးတော့မယ်။
ဟုတ်တယ်..
နောက်ဆုံးတော့ ဘလောဂ်ရေးခြင်း အနုပညာဘက်ကိုပဲ ဦးတည်တော့မယ်။

နောက်တစ်ခုသေချာတာက ကြယ်စုံတဲ့ည လို့ ထင်ထားတဲ့ ကိုငှက်ရဲ့ သီချင်းကလည်း အမှားကြီးဖြစ်နေတယ်။
ကိုယ်သိတဲ့သီချင်းဟာ ကြယ်စုံတဲ့ည မဟုတ်ဘူး။
"ကြယ်တွေစုံနေသလား... ဆိုက်ပရပ်စ်လမ်းဟာ အိပ်မက်လို.." ဆိုတာကလွဲပြီး စာသားလည်းမရ၊ အယ်လ်ဘမ်အမည်လည်းမသိနဲ့.. တစ်ယောက်တည်းလမ်းပျောက်ဦးမယ်လေ...။

လေတွေက ထုံးစံအတိုင်း ကြွပ်ဆတ်အေးခဲနေတယ်။
ပင်လယ်လေက ကြမ်းရှနေတယ်။
ဆံပင်တွေကလည်း အထိန်းကွပ်မဲ့စွာ...
ကောင်းကင်မှာ ကြယ်စုံနေတယ်။
သိပ်လှတဲ့ညပဲ။
သိပ်ကိုလှတဲ့ ည...။
သိပ်ကိုလှတဲ့ ည...။

6 comments:

Phyo Evergreen said...

အတိတ်တွေလည်းဆွေးမြေ့လို့....
ခံစားမှုတွေလည်း ဆိတ်သုဉ်းလို့...
အိပ်မက်တွေလည်း တွယ်ရာမဲ့လို့...
အတွေးတွေလည်း မွန်းကျပ်လို့...
ခရီးလမ်းကျဉ်းမှာလည်း မြူတွေအုံ့မှိုင်းလို့ရယ်.........

ကြယ်တွေစုံပြီးသိပ်လှနေတဲ့ညမှာတောင်....
ကိုယ့်မျက်ဝန်းထောင့်ကနေ..
ကြယ်ကြွေတစ်ပွင့်လက်သွားတယ်ဆိုရင်...
မင်းဘာပြောမလဲ.........။

( ခံစားမှုတစ်ခုရသွားပြီ.. ကျေးဇူးအစ်မ.. မတင်တာကြာတဲ့ဘလော့မှာ အပြေးအလွှားသွားတင်
လိုက်အုန်းမယ်..)

မောင်မောင် said...

မအိမ့်ချမ်းမြေ့  ရဲ့ စာရေးတဲ့ Style ကို သဘောကျမိတယ်ဗျ။ အဲတာကြောင့် အမြဲလာဖြစ်ပါတယ်။
အားပေးနေပါတယ်။

မောင်မောင်

~ဏီလင်းညို~ said...

မလေးရေ...
ခံစားချက်တွေထုံသွားတာမျိုးများလား...?
တွေ့တယ်မှတ်လား... ဘလော့လေးတောင်မှ မလေးကို အပ်ဒိတ်ဒ် လုပ်ခိုင်းနေပြီဗျ...။
ရေးပါဦးနော့...။
(လာလာပြီးတိုက်တွန်းရေးခိုင်းနေတာ... အားပေးရာမကျပဲ... ဖိအားပေးရာကျနေပြီလားတောင်မသိတော့ဘူး...း))
စကားမစပ်... ကျွန်တော်တို့ မောင်နှမတွေ ရာသီဖွားခြင်းတူလို့ ကဗျာလေးတစ်ပုဒ် အားလုံးအတွက် အမှတ်တရ တင်ထားတယ်...။ လာဖတ်ကြည့်ဦးနော့်....း))
သြော်..မေ့တော့မလို့... မလေးရေးထားတဲ့ သီချင်းက ကိုငှက်ရဲ့ “ဗင်း(န်)ဆင့် ဗန်းဂိုး... တမ်းချင်း”..ဆိုလားမသိဘူး...ခေါင်းစဉ်ကလေ...
အယ်လ်ဘမ်တော့ မှတ်မိတော့ဘူး... ဥာဏ်ထိုင်းလို့...း((
ခင်မင်တဲ့
ဏီလင်းညို

မောင်မောင် said...

ကြယ်တွေ စုံတဲ့  ညကိုလာရောက်ခံစားသွားပါတယ်။ :)

စံလင်းထွန်း said...

ကလောင်ကို လွှတ်ရေးထားတဲ့ စာတွေဟာလည်း အသက်ဝင်နေပါလားနော်...။ စာတွေလာဖတ်သွားပါတယ်။

အိမ့်ချမ်းမြေ့ said...

ကိုဖြိုး.. အရမ်းပျောက်နေပါလား

ကိုမောင်မောင်နဲ့ကိုစံလင်းထွန်း ... ဒီဘက်မှာ ပြန်ကူးထားလိုက်တယ်။ လာရောက်ဖတ်ရူတာ ကျေးဇူးတင်ပါတယ်ရှင်။

ဏီလင်းညို..
မလေး အဲ့သီချင်းကို ရှာနေတာကြာပြီ။ ကျေးဇူး။ အမ်ပီသရီးတော့ ခုထိရှာတုန်း..

LinkWithin

Related Posts Plugin for WordPress, Blogger...