မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, December 28, 2010

စိတ်နှင့်အချစ်

အပြင်မှာ လေပြင်းမုန်တိုင်းတို့ တိုက်ခတ်နေကြသည်၊
ခေါင်းလောင်းသံတို့က ဆူညံလွန်းသဖြင့် ညငှက်တို့ပင် ဆိတ်ဆိတ်နေကြကုန်သည်၊
ကောင်းကင်သည် အနီရောင်ရဲရဲ မီးခိုးများကို ပန်းပွင့်အသွင်ဖော်ကျူးလျှက်၊
မြေပြင်ပေါ်တွင်လည်း နှင်းခဲတို့သည် ဖွေးဖွေးဖြူလျှက် ရှိကြကုန်သည်။

မီလင်းဖိုထဲမှ ထင်းခဲများ မီးလောင်ကျွမ်းသံ တို့သည်
ကျွန်ုပ်ရင်ထဲက လောင်ကျွမ်းပြာကျသံတို့ကို မမှီနိုင်၊
သခင့်မွေးနေ့တော်အမှီ နှုတ်ခွန်းဆက်သလာသော ချစ်သူ့သ၀ဏ်လွှာက
ကျွန်ုပ်ရင်ကို လွမ်းဆွတ်မှုများဖြင့် အဖန်ဖန်သုတ်လိမ်းလျှက် ရှိကြကုန်သည်။

စိတ်ဆိုသည်မှာ အသွားအပြန် ရှိကောင်းရှိသော်ငြားလည်း
အချစ်ဆိုသည်မှာ အသွားအပြန် ရှိချင်မှ ရှိလိမ့်မည်ဖြစ်သည်။
အချစ်သည် အသွားအပြန်ရှိခံ့မည်ဆိုပါက ...
ကျွန်ုပ်ကို ချစ်ခင်စုံမက်သူတိုင်းကို ပြန်လည်စုံမက်ရပေတော့မည်။
ယခုတော့.. သူတို့ကို မောင်ရင်းနှမစိတ်ထက် မပိုခဲ့။
ထို့ထက်ပို၍.. ကျွန်ုပ်နှလုံးသားတစ်စုံက ....
တစ်ယောက်သောသူထံမှ.. ဘယ်တော့မှ မရ နိုင်မည့်
အကြင်နာများအား မျှော်လင့်တောင့်တ နေခဲ့ပြီ။

အချစ်၏ အကြွင်းအကျန်ဖြစ်ကုန်သော သံယောဇဉ် တစ်ပိုင်းတစ်စဖြစ်သည့်
ချစ်သူ၏... သနားခြင်းသက်သက်သာဖြစ်သည့် အကြင်နာများသည်..
အကျွန်ုပ်အား နာကျင်ခြင်းဝေဒနာကို ပိုမိုခံစားစေပါသည်။
ကျွန်ုပ်အား.. မချစ်နိုင်၍ သနားကြင်နာခြင်းထက်စာလျှင်....
ချစ်သူ၏ မုန်းတီးခြင်း သို့မဟုတ်... မေ့ပျောက်သွားခြင်းကို ပိုမိုတောင့်တ မိလေသည်။

အပြင်မှာ လေပြင်းမုန်တိုင်းတို့ ဆိတ်ငြိမ်သွားခဲ့ပြီ၊
ခေါင်းလောင်းသံတို့လည်း တိတ်ဆိတ်သွားခဲ့ပြီ၊
ကောင်းကင်သည်လည်း နံနက်ခင်းကို ခရီးဦးပြုရန် ပန်းနုအရောင်များကို ကြဲချထားလိုက်ပြီ
ငှက်ငယ်ကလေးများကလည်း တေးသီချင်း သီဆိုစပြုလေပြီ၊
ပြူတင်းပေါက်မှ အလင်းရောင်မှိန်ဖျော့ဖျော့က ကျွန်ုပ်အိပ်ရာပေါ်သို့ ထိုးဆင်းလာပြီ။
ယနေ့သည် မနေ့က အတိုင်းကဲ့သို့ပင်...။

ကျွန်ုပ်သည်ကား ချစ်သူ ပြန်မလာမည့်လမ်းကို မျှော်ငေးရင်း
မျက်လုံးတို့ ရီဝေစိုမွတ်လျှက် ရှိပါတော့သည် တကား။

Friday, December 24, 2010

ဘိုဟီးမီးယန်းများနှင့် ငွေငန်းဖြူများ

ညနေခင်း ကောင်းကင်မှာ ပုဇွန်ဆီသွေး ခပ်ရေးရေး ထင်လာပြီ။ ရေဘဲလေးတွေ ကျက်စားတတ်တဲ့၊ ကန်ပတ်လည်မှာ ကုက္ကိုပင်တွေ စီတန်းပေါက်နေတဲ့၊ ကုက္ကိုသီးထုတဲ့ ကလေးတစ်သိုက် ဆော့ကစား နေတတ်တဲ့ ကန်ကြီးနောက်နားက အိမ်တစ်လုံးရဲ့ ၀ရံတာပေါ်မှာ လူနှစ်ယောက်။ ထိုလူနှစ်ယောက်၏ ရှေ့ စားပွဲပေါ်မှာ ပုလင်းတစ်လုံး၊ ရေခဲဗူးတစ်ဗူး၊ ဖန်ခွက်နှစ်ခွက်နှင့် မြေပဲလှော် ပန်းကန်တစ်လုံး။

တစ်ယောက်က အသားဖြူဖြူ ဆံပင်ပါးပါး၊ နောက်တစ်ယောက်ကတော့ အရပ်ရှည်ရှည် မျက်မှန်တပ်ထားသူ။ ဒီနေ့ကတော့ ဖြစ်ရိုးဖြစ်စဉ် အတိုင်း တိုက်ခတ်မြဲ လေပြင်းရဲ့စည်းချက်တွေနဲ့ ဟန်ချက်ညီ ယိမ်းနွဲ့ ကခုန်နေတဲ့ ကန်အထက်ဘက်က ၀ါးရုံတောနဲ့ မြက်ရှည်ပင်တွေရဲ့ ဖျော်ဖြေမှုကို သူတို့နှစ်ဦး ငေးမော ခံစား နေကြရင်းက………………

“ဟိုတုန်းကတော့ အဲဒီ မြက်ရှည်ပင်တွေနားမှာ ငန်းဖြူကြီးတွေ ရှိနေတတ်တယ်ဗျ” အသားဖြူဖြူ ဆံပင်ခပ်ပါးပါးလူက မြေပဲလှော် အနည်းငယ် လှမ်းယူရင်း ပြောလိုက်သည်။

“မမှတ်မိစရာလားဗျာ… ။ ငန်းဖြူကြီးတွေရယ်၊ ခပ်ချောချော ကောင်မလေး တစ်ယောက်ရယ်၊ ကောင်လေး တစ်ယောက်ရယ်လေ…”

မျက်မှန်နှင့်လူက ခပ်ပြုံးပြုံး ပြောလိုက်သည်။ ဆံပင်ပါးပါးနှင့်လူ၏ မျက်လုံးများက ရုတ်ချည်း ရီဝေသွားသည်။ မျက်မှန်နှင့်လူက အလိုက်မသိစွာ ဆက်ပြောလိုက်သည်..

“အဲဒီတုန်းက ကျွန်တော်တို့က လူပျိုပေါက်ပေါ့ဗျာ။ ကုက္ကိုသီးထုတဲ့ အုပ်ထဲလည်းပါ လိုက်တာပဲ။ ကန်စပ်က မြေပျော့ပျော့ကို တုတ်နဲ့ထိုးပြီး ရေပိုးကောင်လေးတွေကို ကလော်ထုတ်နေတတ်တဲ့ အုပ်စုထဲလည်း ပါလိုက်တာပဲ။ ကန်ဘောင်ပေါ်မှာ ခြေတစ်လှမ်း ကုဋေတစ်သန်းပုံစံနဲ့ လှုပ်လီလှုပ်လဲ့ လမ်းသလားနေတဲ့ အပျိုတစ်သိုက်ကို ငေးမောတဲ့အဖွဲ့ထဲလည်း ပါလိုက်တာပဲဗျ။ ခင်ဗျားတို့ကတော့ ရေကန်အထက် ၀ါးရုံတောနားက မြက်ခင်းစိမ်းပေါ်မှာ ရှိနေတတ်တယ်။ ခင်ဗျား ချစ်သူက တော်တော်လှတာပဲဗျ။ သူ့ရဲ့ဆံပင်တွေက နေရောင်အောင်မှာ အရောင်တောက် နေသလိုပဲ။ သူ့ရဲ့ ငန်းကြီးတွေကလည်း သိပ်လှတယ်။ ရွှေအိုရောင် နေရောင်ခြည်အောက်မှာ နှုတ်သီးကိုမော့၊ အတောင်ပံတွေကို ဖြန့်ပြီး တဖျတ်ဖျတ် ခါလိုက်လိုက်ရင်တော့ဖြင့် အို…တိမ်တောက်တဲ့ ညနေခင်းဟာလေ ရှိတာထက် ပိုပြီး ၀င်းလက်သွားသလို ခံစားရတယ်”။

“အင်းပေါ့ဗျာ… ဒါနဲ့ ခင်ဗျားရဲ့ ဘိုဟီးမီးယန်းတွေ အကြောင်း ပြောပြပါဦးဗျ၊ ခင်ဗျား ဟိုမှာ ကျောင်းတက်တုန်းက အပိုဝင်ငွေရအောင် အလုပ်သွားလုပ်တုန်းက ဘိုဟီးမီးယန်းတွေရဲ့ ကလပ်ကြီး အကြောင်းလေ”

ဆံပင်ပါးပါးနှင့်လူက သူစမိသည့် စကားလမ်းကြောင်းကို သိသိသာသာလွှဲပစ်လိုက်သည်။

“အေးဗျာ… အဓိက ကတော့ ကမ္ဘာ့ထိပ်ထိပ်ကြဲ ခေါင်းဆောင်တွေ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ တောကြီး တစ်ခုထဲမှာ အဆောက်အဦး ကောင်းကောင်းတွေ ဆောက်ပြီး မိန်းမတွေနဲ့ ဝေးရာနေရာကို ခေတ္တရှောင်ပုန်းတဲ့ နေရာလို့လဲ ဆိုလို့ရတယ်။ ၁၉၆၀ပြည့်နှစ်တွေရဲ့ ဟိုဖက်မှာတော့ ကလပ်အသင်းဝင်သူတွေက လူဖြူတွေချည်းပဲလေ။ ကျုပ်အလုပ်လုပ်နေစဉ် ကာလတုန်းက အင်္ဂလန်နဲ့ ကနေဒါက အသင်းဝင် ငါးယောက်စီ ရှိတယ်၊ ကျန်တာတွေက မကောင်းတတ်လို့ ထည့်ထားတဲ့ ဖိလစ်ပိုင်၊ ဘာမြူဒါ၊ အိန္ဒိယ၊ ဟောင်ကောင်၊ ဘဟားမား၊ ဂျပန်စတဲ့ လူဖြူ မဟုတ်တာတွေ တစ်ယောက်စီ ထည့်ထားပေးလိုက်တယ်ဗျာ၊ အာဖရိကန် ခေါင်းဆောင်သုံးယောက် ထည့်ထားပေးတယ်ဗျာ၊ ကျန်တာတွေက သူတို့တွေချည်းပါပဲ။ ဒီအနောက်နိုင်ငံသားတွေ မိန်းမတွေကို သိပ်ဦးစားပေးတယ်လို့ ပုံဖမ်းထားပေမယ့်လည်း မိန်းမတွေတစ်ယောက်မှ ၀င်ခွင့်မရတဲ့ နေရာလို့လဲ ဆိုလို့ ရတာပေါ့ဗျာ။ လူပြိန်းတစ်ယောက်အနေနဲ့ပဲ စဉ်းစားကြည့်ဗျာ.. မိန်းမတွေကို သိပ်ဦးစားပေးတယ်ဆိုပြီး အဲဒီတိုင်းပြည်က မိန်းမတွေဟာ ၁၉၆၀ ဒီဘက်ပိုင်းမှ မဲပေးခွင့် ရှိလာတယ်၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်ရှိတယ်။ ဘယ့်နှယ်ဗျာ.. မိန်းမတစ်ယောက်ကို ချိန်းဆိုပြီးရောက်လာလို့ ကားတံခါးလေးကိုဖွင့်ပေးရုံနဲ့၊ ခြုံလွှာလေးရုံပေးရုံနဲ့ အဲဒီ လူဖြူတစ်ယောက်ဟာ လူကြီးလူကောင်း ဖြစ်ရိုးလား၊ မိန်းမတွေကို ဦးစားပေးတယ် ဖြစ်ရိုးလား”

“ခင်ဗျား ခရုသင်းတောင် စွဲပစ်လိုက်ချင်သေးလား.. ဟုတ်လား”

“ဟားဟား… အေးဗျာ၊ ကျုပ်တွေ့လိုက်တဲ့ မိန်းမတိုင်းကလဲ လူဖြူမှလူဖြူ၊ လူဖြူမဟုတ်ရင် ယောက်ျား မဟုတ်တော့တဲ့ အတိုင်းပဲ။ အဲ…. လူဖြူမှ လူထင်တတ်တဲ့မိန်းမတွေရဲ့ အထင်ကြီးခံရဖို့အတွက်တော့ ခရုသင်းတော့ မစွဲလိုက် ပါရစေနဲ့ဗျာ”

သူ့ချစ်သူက သူ့ကိုပစ်ပြီး လူဖြူတစ်ယောက်နောက် လိုက်သွားလို့ ယခုချိန်ထိ မခံမရပ်ဖြစ်နေသော၊ ခြောက်ကပ်ကပ် ရယ်သံဖြင့် တမင်လုပ်ရယ်နေသော မျက်မှန်နှင့်လူကို ဆံပင်ပါးပါးနှင့်လူက သဘောကျပြီး ကြည့်နေသည်။

မျက်မှန်နှင့်လူက စကားကို ပြန်ဆက်လိုက်သည်။

“မိန်းမတွေကို သိပ်ဦးစားပေးတယ်ဆိုတဲ့ တိုင်းပြည်တွေမှာတောင် မိန်းမခေါင်းဆောင်တွေ ပေါ်ထွက်လာတာ သိပ်မရှိဘူးဆိုတာ ခင်ဗျားသိတဲ့ အတိုင်းပဲလေ။ မိန်းမတွေကို ဦးစားပေးလှပါချည်ရဲ့လို့ အော်ဟစ်မနေတဲ့ အရှေ့တိုင်းပြည်အချို့မှာပဲ မိန်းမ ခေါင်းဆောင်တွေ ပေါ်ပေါ်လာကြတာ မဟုတ်လား။ အနောက်နိုင်ငံတွေရဲ့ အချို့ဂေါက်ကလပ်တွေမှာ ဆိုရင်လည်း အခုချိန်ထိ မိန်းမအသင်းဝင်တွေကို လက်မခံဘူး။ ဒီလိုမျိုး ယောက်ျားများသာ ဆိုတဲ့ ကလပ်တွေ အမေရိကန်မှာ တည်ရှိနေတာ နှစ်ပေါင်း ၂၅၀ ကျော် ရှိနေပြီ။ ကျုပ် အလုပ်လုပ်ခဲ့တဲ့ ဘိုဟီးမီးယန်း ကလပ်ထဲလဲ မိန်းမတစ်ယောက်မှ ခြေချခွင့်မရှိဘူး”

“သူတို့လည်း မိန်းမတွေနဲ့ ဝေးတဲ့နေရာမှာ နားအေးပါးအေး ခဏသွားနေချင်တယ်နဲ့ တူတယ်”

“ဟားဟား.. ဒါပေမယ့် ကျုပ်တို့ ယောက်ျားတွေစကားများရင် မိန်းမတွေ လိုက်မမီဘူး ထင်တယ်ဗျ။ ဒါနဲ့… သူတို့ရဲ့ လွတ်မြောက်ခြင်း လေးရပ်(four freedoms) က ဘာလဲသိလား”

“ပြောပါဦး”

ဆံပင်ပါးပါးနှင့်လူက ဖန်ခွက်ကို အသံမြည်အောင် လှုပ်ခတ်ပြီး မေးလိုက်သည်။

o “ဒီမိုကရေစီဆိုတဲ့ အသုံးအနှုန်းနဲ့ သဘောသဘာဝကို လွတ်လပ်စွာ ဆန့်ကျင်နိုင်မှုနဲ့ ကလန်ကဆန်လုပ်ပြီး ပြောဆိုနိုင်တဲ့ လွတ်လပ်မှုတစ်ခု၊
o အရစ်တိုကရေစီကို လွတ်လပ်စွာ ကိုးကွယ်နိုင်မှု၊
o စားပွဲထိုးတွေကို လွတ်လပ်စွာ တစ်ပ်ပိုက်ဆံ မပေးရမှုနဲ့
o မိန်းမတွေကို ကြောက်ရခြင်း အဖြစ်တွေကနေ လွတ်မြောက်နိုင်မှုတွေပဲ”ဗျ

“ကြံကြံဖန်ဖန်ဗျာ။ ဒါနဲ့ ခင်ဗျားကိုကျတော့ လူဖြူမဟုတ်ဘဲ အဲဒီကလပ်ထဲ အလုပ်ခန့်ထားတာပဲလား”

“ခိုင်းဖတ်လေဗျာ။ အဲဒီမှာဂျပန်တွေကိုလည်းခိုင်းထားတယ်ဗျာ၊ ရွှေရောင်ကြက်ဆံကျစ်တွေနဲ့ တန်ဆာဆင်ထားတဲ့ အဖြူရောင်အကျီင်္ဝတ်တွေနဲ့ ဂျပန်ထမင်းချက်တွေက လူ ၇၀၀ ဆန့်တဲ့ ထမင်းစားခန်းကြီးရဲ့ ပတ်ပတ်လည်မှာ ရေပူရေအေးကပ်ဖို့ အဆင်သင့် စောင့်နေရတာဗျ။ နောက်ပြီးဖိလစ်ပိုင်တွေရှိတယ်ဗျာ၊ ခိုင်းထားခံရသူတွေလေ။ ၉၉% လောက်သော အသင်းဝင်တွေကသာ လူဖြူတွေပေမယ့် အလုပ်သမား တ၀က်ကျော်ကျော်လောက်က လူဖြူ မဟုတ်သူတွေလေ။ ခင်ဗျားသိလားဗျ.. ဒီကလပ်ထဲကို သူတို့ လူဖြူရေပေါ်ဆီ အထက်တန်းလွှာတွေ ၀င်နိုင်ဖို့ကို ၁၅နှစ် စောင့်ရတယ်။ ကျုပ်အလုပ်လုပ်စဉ်အချိန်တုန်းက ၀င်ကြေးက ဒေါ်လာတစ်သောင်းနဲ့ လစဉ်ကြေးက ဒေါ်လာတစ်ရာ့နှစ်ဆယ်တဲ့”

“သူတို့တတ်နိုင်မှာပါ ဂုတ်သွေးစုပ်တွေပဲလေ။ အခွန်ထမ်းလူတန်းစားတွေဆီက အခွန်တွေယူလာပြီး ငြိမ့်နေတာလည်း ဖြစ်မှာပေါ့၊ ဒါနဲ့ အသင်းဝင်တွေက ဘယ်လိုလူမျိုးတွေလဲ”

“အမေရိကန်နိုင်ငံရဲ့ ထိပ်ထိပ်ကြဲစီးပွားရေးခေါင်းဆောင်တွေ၊ ဘဏ်လုပ်ငန်းရှင်တွေ၊ ဆေးပညာလောကကလူတွေ၊ ထိပ်တန်းစာရေးဆရာတွေ၊ စစ်ခေါင်းဆောင်တွေ၊ ပညာရေးလောကက ထိပ်တန်းခေါင်းဆောင်တွေ စသဖြင့်ဗျ။ အသင်းဝင်တိုင်း တစ်ယောက်နဲ့တစ်ယောက် အကုန်တော့ ဘယ်သိမလဲဗျာ။ ဒီကလပ်ထဲမှာ နွေရာသီအချိန်တွေ တစ်ပတ်တန်သည် နှစ်ပတ်တန်သည် တောထဲကစခန်းတွေမှာ လာအပန်းဖြေကြချိန်မှာ ဟောပြောပွဲတွေ၊ ကဗျာရွတ်ပွဲတွေ၊ ဇာတ်တွေလဲ ကကြသေးတယ်။ အဲလိုအချိန်တွေမှာ စီးပွားရေးနဲ့သက်ဆိုင်တာတွေ အချင်းချင်း မဆွေးနွေးကြရဘူး၊ စီးပွားရေးအခွင့်အလမ်းအတွက် လမ်းမဖောက်ရဘူးဆိုတဲ့ စည်းကမ်းတွေတော့ ချမှတ်ထားတယ်။ သူတို့ ပြောပြောနေတာကတော့… ဘာတဲ့… အင်းမှတ်မိပြီ၊ “Weaving Spiders come not here” ဆိုတာပဲဗျ။ အသင်းဝင်အချင်းချင်း တွေ့တဲ့အခါမှာ ဘိစနက်ကဒ်တွေ မလဲလှယ်ရဘူးဆိုတဲ့ စည်းကမ်းရှိပေမယ့် ဘယ်လောက် လိုက်နာနိုင်ကြမလဲ။ ဒီအသင်းထဲဝင်ပြီဆိုမှတော့ နိုင်ငံရေးနဲ့ဆိုင်တဲ့ အဆက်အသွယ် တစ်ခုခုအတွက် ဒါမှမဟုတ် ဘိုဟီးမီးယန်းတစ်ယောက် ဆိုတဲ့ ဂုဏ်ပုဒ် တစ်ခုအတွက် ၀င်ကြတာပဲလေ”

မျက်မှန်နှင့်လူက ရေခဲညှပ်ဖြင့် ရေခဲတစ်တုံးကို ဖန်ခွက်ထဲ ပစ်ထည့်လိုက်ကာ စကားဆက်ပြောသည်။

“ကလပ်အဆောက်အဦးကြီးကလည်း ခမ်းနား ကြီးကျယ်လိုက်လေခြင်း။ ဇီးကွက်ရုပ်က သူတို့ရဲ့ သင်္ကေတပေါ့ဗျာ၊ ၀င်းအ၀င်ဝမှာ ထုလုပ်ထားတယ်။ အထဲမှာလည်း လူ ၇၅၀ လောက်ဆန့်တဲ့ ရုပ်ရှင်သီရေတာကြီးတွေ၊ ပြတိုက်တွေ၊ အနုပညာပြခန်းတွေ၊ အနှစ်နှစ်အလလက စုထားတဲ့ ရှေးဟောင်းတန်ဖိုးကြီး အ၀တ်အစားတွေထားတဲ့ အခန်းကြီးတွေ၊ စုံလို့ပဲဗျ။ ကျုပ်အကြိုက်ဆုံးကတော့ နှစ်ပေါင်း ၂၅၀၀ သက်တမ်းရှိတဲ့ လေဒီအိုင်းရစ် ဆိုတဲ့ မာမီရုပ်ကြီးပဲ။ ၁၉၁၄ ခုနှစ်လောက်တုန်းက အီဂျစ် သုတေသနပညာရှင် ဂျယ်ရမိုင်းရာလင့်ခ်ျ ဆိုတဲ့လူက ကလပ်ကို မျက်နှာလို မျက်နှာရ လှူထားတာလေ။”

မျက်မှန်နှင့်လူက မောသွားသဖြင့် သက်ပြင်းရှိုက်ပြီး ဖန်ခွက်ကို မော့ချလိုက်သည်။ ထို့နောက် မြေပဲလှော်တစ်ဆုပ် ကောက်ယူကာ အသံမြည်အောင် ၀ါးနေလိုက်သည်။ ဆံပင်ပါးပါးနှင့်လူကတော့ မျက်မှန်နှင့်လူ ပြောသော ရောက်တတ်ရာရာ အကြောင်းများကို၊ ငြီးငွေ့ခြင်းကင်းစွာ နားထောင်နေရင်း တစ်ခွက်ပြီး တစ်ခွက် မော့ချနေတတ်သည်။

ညနေစောင်းကတည်းက ၀ရံတာပေါ်မှာ ငုတ်တုပ်ထိုင်ပြီး စကားတပြောပြောနှင့် ရှိနေတတ်သော ထိုသူနှစ်ဦးကို လှပသော နွေညများ၊ မိုးရိပ်ကင်းစင်သော မိုးညများ၊ နှင်းငွေ့ဝေသော ဆောင်းညတိုင်းလိုလိုမှာ တွေ့ရတတ်သည်။

thanlwin ဒီစကားဝိုင်းမှာ မျက်မှန်နဲ့လူက အမြဲတစေ စကားများများ ပြောဆိုဦးဆောင်ပြီး၊ ဆံပင်ပါးပါးနဲ့လူက ထာဝစဉ်လိုလို ငြိမ်သက်စွာ နားထောင်လေ့ ရှိသည်။ အချိန်တွေ ကြာလာသည်နှင့်အမျှ စကားဝိုင်း ပိုင်ရှင်တို့၏ မျက်နှာပြင်ပေါ်က အရေးအကြောင်းတွေက ပိုမိုပြီး ထင်ရှားလာသည်။ သူတို့၏ သွားများကလည်း ပိုပြီး ၀ါထိန်လာသည်။ အထူးသဖြင့် ဆံပင်ပါးပါးနှင့်လူ၏ မျက်နှာသွင်ပြင်က တဖြည်းဖြည်း ဖောသွပ်လာသည်။ မျက်လုံးများက အရင်ကထက်ပိုပြီး အရောင်ကင်းမဲ့လာသည်။ ထိုသူက ၀ရံတာပေါ်မှ ရေကန်ကြီးဘက်ကို မျက်နှာမူပြီး အမြဲလိုလို ထိုင်တတ်သည်။ ဒီနေတော့ အရင်နေ့တွေထက် ပိုပြီး ရေကန်ကြီးဘက်ကို မကြာခဏ သူ ငေးကြည့်နေသည်။ ထို့နောက် သက်ပြင်းကို လေးတွဲ့စွာချကာ အိပ်မက်မက်နေသူပမာ စကားကို တစ်ခွန်းချင်းစီ ပြောလိုက်သည်။

“သူ.....သေဆုံးသွားတဲ့ နောက်ပိုင်း သူ့ရဲ့ ငန်းဖြူကြီးတွေကို တူတွေ၊ တူမတွေက ဆက်လက် ထိန်းကျောင်းခဲ့တယ်။ အရင်တုန်းကတော့ သူ ဒီကန်ကြီးပေါ်မှာ ငန်းလာကျောင်းတဲ့ ညနေတွေဟာ ကျုပ်တို့ အတွက်တော့ ရွှေရောင်ညနေခင်းတွေပေါ့ဗျာ။ ကျုပ်တို့ တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ခဲ့ကြတယ်လေ။ သူ.....မရှိတော့တဲ့ နောက်ပိုင်းမှာတော့ သူ့ရဲ့ တူ၊ တူမတွေ လက်ထဲမှာ ငန်းဖြူကြီးတွေဟာ တစ်ကောင်ပြီး တစ်ကောင် သေဆုံးသွားကြတယ်။ သေဆုံးသွားတဲ့ ငန်းဖြူကြီးတွေနဲ့အတူ ကျုပ်ရဲ့ ဘ၀တစ်ခုလုံးလည်း တဖြည်းဖြည်း ပဲ့ကြွေလာရာကနေ သေဆုံးနေခဲ့တာပေါ့ဗျာ..။”

“အေးဗျာ… တစ်ရပ်ကွက်ထဲသားတွေဆိုတော့ သူ့ရဲ့ နောက်ဆုံးခရီးကို ကျုပ်လိုက်ပို့ လိုက်သေးတယ်။ ဒါပေမယ့် ခင်ဗျား လိုက်မပို့ဘူး မဟုတ်လား။ ခင်ဗျားချစ်သူက နောက်ဆုံးအချိန်မှာတောင် လှတုန်းပဲ…။ သူ့ကို တစ်ကိုယ်လုံး အဖြူရောင် ဆင်မြန်းပေးထားကြတယ်။ သူ့ကိုယ်ပေါ်မှာလည်း နှင်းဆီဖြူတွေနဲ့လေ”

“ဘယ်လို စိတ်ခွန်အားမျိုးနဲ့ ကျုပ်ချစ်သူရဲ့ နောက်ဆုံးခရီးကို လိုက်နိုင်မလဲဗျာ။ အဲဒီနေ့က ကျုပ်လူမှန်း မသိလိုက်ဘူး။ ဒါပေမယ့် လူသူတွေ တိတ်ဆိတ်တဲ့အခါမှာတော့ သူလဲလျောင်းရာ နေရာလေးမှာ နေ့စဉ်လိုလို သွားပြီး ကျုပ်မျက်ရည်တွေကို ကျုပ်အပြည့်အ၀ စားသုံးခဲ့တယ်”

“လူဆိုတာ သေမျိုးချည်းပဲလို့ ခင်ဗျားကို ဖြေသိမ့်ရမလား၊ ကျုပ်မဖြေသိမ့်တတ်ဘူးဗျာ၊ ကျုပ်ကိုယ်တိုင်လည်း တစ်ကိုယ်လုံး နာကျင်မှုတွေ အထပ်ထပ်နဲ့လေ။ ဒီလိုနဲ့ ခင်ဗျားလည်း နာကျင်မှုတွေကို ကုစားရင်း ကျုပ်လို အရက်စွဲလာတယ်ပေါ့… ဟုတ်လား”

အလိုက် မသိတတ်လွန်းစွာ ပြောနေသော မျက်မှန်နှင့်လူကို ဆံပင်ပါးပါးနှင့်လူက ဗွေမယူနိုင်တော့။ တစ်ကယ်တော့ သူချစ်ဖူးခဲ့သူ ငွေငန်းပိုင်ရှင် မိန်းကလေးနှင့် ပတ်သက်ပြီး ခံစားရသမျှကို နားထောင်ပေးမည့်သူက မျက်မှန်နှင့်လူ တစ်ဦးထဲသာရှိသလို၊ မျက်မှန်နှင့်လူ၏ ကျောင်းသွားတက်စဉ်တုန်းက ကြုံတွေ့လာရသော ဘိုဟီးမီးယန်းများ အကြောင်းကို စိတ်ရှည်လက်ရှည် နားထောင်ပေးမည့် သူကလည်း ဆံပင်ပါးပါးနှင့်လူ တစ်ဦးတည်းသာ ရှိလေသည်။

“အင်း.. ကျုပ်ဘ၀ထဲက သူမထွက်ခွာသွားတဲ့အတွက် အလွမ်းဒဏ်ကို ကုစားတဲ့အနေနဲ့ သောက်တယ်ပေါ့ဗျာ၊ အရက်စွဲခြင်း အဆင့်သုံးဆင့်ရှိတဲ့ အထဲမှာ ပထမအဆင့်ရဲ့ ထုံစံအတိုင်း အရက်ဟာ ကျုပ်ရဲ့ဘ၀မှာ အသုံးသိပ်မ၀င်ဘူး၊ ကျုပ်ရဲ့အသုံးချခံနေမှုကို ခံနေရခြင်း သက်သက်ပဲ။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ကိုယ်ခန္ဓာက အဲလောက်နဲ့ မရတော့ဘူး။ မတိုးတော့ဘူးဗျ၊ ဒါနဲ့ ဒုတိယအဆင့်ကို ရောက်လာတယ်။ အရက်ဟာ ကျုပ်ဘ၀မှာ ပိုပြီး အရေးပါအရာရောက်လာတယ်။ အရက်ဟာ ကျုပ်ကို အသုံးချလာတယ်။ အရက်စွဲနေပြီဆိုတာကို တိုးတိုးတိတ်တိတ် ၀န်ခံနေတဲ့ ကျုပ်စိတ်ကို ငြင်းချက်တွေ ပြန်ထုတ်ရင်း ပိုပိုပြီး သောက်လာမိတယ်၊ ပထမအဆင့်မှာ ကျုပ်ကို စိတ်သက်သာရာရစေတဲ့ အရက်ဟာ၊ ဒုတိယအဆင့် ရောက်လာချိန်မှာတော့ ကျုပ်ရဲ့ ကိုယ်ခန္ဓာကို စပြီး အပိုင်စီး လာတယ်။ အဆိပ်တွေ ပျံနှံ့နေပြီဖြစ်တဲ့ ကျုပ်ကိုယ်ကြီးဟာ မကြာခဏ မူးလည်း လာတယ်၊ ခေါင်းတွေ ကိုက်တတ်လာတယ်၊ ဗိုက်အောင့်တတ်လာတယ်၊ အလင်း သိပ်ကြိုက်တဲ့ကောင် အလင်းရောင်ကို ကြောက်လာတယ်။ ခင်ဗျား ထင်လားဟင်၊ မူးနေလို့ ကျုပ်သူ့ကို မေ့နေတယ်လို့။ တကယ်တော့ သူ့ကို ဘယ်လိုမှ မမေ့နိုင်ဘူး”

“အင်း အခုတော့ အရက်စွဲခြင်း သုံးဆင့်မှာ ခင်ဗျား နောက်ဆုံးအဆင့်ကို ရောက်နေပြီပေါ့၊ အရက်က လွဲပြီးဘာမှ အရသာ မရှိတော့ဘူးမဟုတ်လား။ ခုချိန်မှာ ခင်ဗျားရဲ့ အသည်းသာမက အစာခြေလမ်းကြောင်း တစ်ခုလုံးကလည်း ပျက်စီးနေပြီလေ။ အစာခြေတဲ့ စနစ်တစ်ခုလုံး ပျက်စီးပြီဆိုမှတော့ ခန္ဓာကိုယ် တစ်ခုလုံး ပျက်စီးဖို့ပဲ ကျန်တော့တယ်။ ခင်ဗျားကို အရက်ဖြတ်ဖို့ ကျုပ်မတိုက်တွန်းလိုဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျုပ်လည်း အရက်ကြိုက်တယ်။ ဒါပေမယ့် ခင်ဗျားသိလားဗျ၊ ဒီဘိုဟီးမီးယန်းတွေရဲ့ ကလပ်တွေမှာ အရက်ကတော့ ၂၄နာရီရတယ်။ လူဆယ်ယောက်စာ ၀ိုင်တန်ဖိုးကတင် ဒေါ်လာလေးရာလောက် တန်တဲ့ အကောင်းစား ၀ိုင်တွေ၊ ဒါပေမယ့် ဂုဏ်သရေရှိ လူကြီးလူကောင်းတွေဆိုတော့ မူးလဲတာတွေ ဘာတွေ ဘယ်ရှိမလဲ။ အရက်ချက် စက်ရုံရှယ်ရာဝင် စီးပွားရေးသမား ဘိုဟီးမီးယန်းကြီးတွေဟာ ဘယ်တော့မှ အရက်မစွဲဘူးလေ။ ကျုပ်တို့သာ ကျုပ်တိုရဲ့ ဘ၀တွေကို ဖျက်ဆီးလို့ သူတို့ ကောင်းစားရေးကို အလုပ်အကျွေး ပြုနေရတာ”

“အေးဗျာ… သူတို့အကြောင်း ဆက်ပြောဗျာ….”

ပြောအပြီး ဆံပင်ပါးပါးနှင့်လူက ခွက်ကိုနှုတ်ခမ်းမှာ တေ့ပြီး မော့ချလိုက်သည်။

“တောနက်ထဲမှာဆောက်ထားတဲ့ ဒီကလပ်အလယ်က ရေကန်ကြီးကလည်း စိတ်ဝင်စားဖို့ ကောင်းတယ်ဗျ၊ အကျယ်က ပေ ၁၀၀ လောက်ရှိတယ်၊ အရှည်က ပေ ၄၀၀ လောက်ရှိတယ်။ ၁၉၂၀ခုနှစ်လောက်က ဆောက်ထားတယ် ပြောကြတယ်။ လူလုပ် ရေတံခွန်တွေ၊ ရောင်စုံကြာပန်းတွေ၊ ပြီးတော့ လေတိုက်လို့ ရေမျက်နှာပြင်မှာ လှိုင်းတွန့်လေးတွေ ဘာဝလှုပ်ခတ်နေပုံမျိုး ဖြစ်အောင်လည်း ရေကန်အောက်က စက်တွေနဲ့ ဖန်တီးထားလိုက်သေးတယ်။ အဲဒီ ရေကန်ကြီးနားက စားပွဲဝိုင်းကြီးတွေမှာ စုဝိုင်းထိုင်၊ ရေကန်ကြီးနားက စင်မြင့်ကြီးပေါ်မှာ ဟောပြောပွဲတွေ၊ ကဇာတ်တွေ ကပြဖျော်ဖြေကြနဲ့ သူတို့ရဲ့ နွေရာသီစခန်းတွေက အံ့မခန်းပါပဲ။ thanlwinညညဆို တတောလုံးမှာ ဂီတသံတွေ လွင့်ပျံ့နေအောင်လည်း ဖန်တီးထားလိုက်သေးတယ်။ သစ်ပင်တွေကလဲ ရောင်စုံ မီးမှိန်မှိန်လေးတွေနဲ့ နတ်နန်းကြီး တစ်ခုထဲ ရောက်နေသလိုပဲ ခံစားရတယ်ဗျာ။ နွေရာသီ စခန်းတွေ စပြီဆိုရင် ဒီရေပေါ်ဆီ ဘီုဟီးမီးယန်းတွေအတွက် မီးသတ်ဌာနကြီး တစ်ခုလုံးက အရံသင့် စောင့်နေရတယ်။ အဲဒီအထဲမှာ ဆရာဝန်နှစ်ယောက်နဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေပါ ပါတယ်လေ။ သူတို့ကို အလုပ်အကျွေးပြုဖို့ကို လူအယောက် ၅၀၀ ကလည်း အဆင်သင့် ရှိနေတယ်။ ကမ္ဘာအနှံ့က ထိပ်ထိပ်ကြဲ ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေကို ရောက်ခဲ့ကြတဲ့အတွက် အဲဒီရေကန်ကြီးနားက စင်မြင့်ပေါ်မှာ အတွေ့အကြုံတွေ ဖလှယ်ကြတဲ့အခါမျိုးကို ခင်ဗျားကို မြင်ဖူးစေချင် စမ်းတယ်။ သတင်းမှန်သမျှ သူတို့ လက်ထဲမှာရှိတယ်ပေါ့ဗျာ၊ စင်နောက်နားကနေ လှမ်းကြည့်လိုက်ရင် အဖြူရောင် ပင်လယ်ပြင်ကြီးလိုပဲ။ လူဖြူတွေချည်းပဲ၊ မကောင်းတတ်လို့ အာရှ ခေါင်းဆောင် တစ်ယောက်လောက်၊ အာဖရိက ခေါင်းဆောင် တစ်ယောက်လောက် ဟိုနားဒီနား တွေ့ရတတ်တယ်”

“သူတို့ ညအိပ် ညနေတည်းခိုတဲ့ စခန်းတွေဆိုတာ စန္ဒယားခုံတွေ၊ မဟော်ဂနီစားပွဲတွေ၊ မဟော်ဂနီ လေသာဆောင်တွေနဲ့ အပျံစားလုပ်ထားတာ။ မိန်းမတွေကိုသာ ပိတ်ပင်ထားပေမယ့် နံရံတွေပေါ်မှာတော့ မိန်းမပုံ ပန်းချီတွေ ရှိသဗျ။ အနုပညာမျက်စိနဲ့ ကြည့်မယ်ဆိုရင်တော့ သိပ်ဆိုးဆိုးဝါးဝါးတော့ မဟုတ်ပါဘူး။ ကျုပ် မခံနိုင်တာ တစ်ခုကတော့ စခန်းတွေကို အမည်မှည့်ထားတဲ့ အထဲမှာ မန္တလေးစခန်းဆိုတဲ့ဟာကိုပဲ။ ဘယ်နှယ့်ဗျာ.. အင်္ဂလိပ်က ကျုပ်တို့ တိုင်းပြည်ကို ကျွန်ပြုသွားတာ ပြီးပါစေတော့လား၊ ဒီမြောက်အမေရိက တစ်ခုလုံး ဘယ်နေရာမှာမဆို မန္တလေးဆိုတဲ့ အမည်တပ်ထားတဲ့ အဆောက်အဦးတွေ မြင်တိုင်း ကျုပ်တော့ ရှက်တယ်။ သူတို့ ကျွန်ပြုခဲ့တာကို စမြုံ့ပြန်ထားတယ်လို့ပဲ မြင်တယ်။”

“ခင်ဗျားဟာ လူ့ဂွစာပဲ”

“ဒီကိစ္စမှာတော့ ကျုပ်ဂွကျ လှတယ်လို့ ကျုပ်ကိုယ်ကျုပ် လုံးဝမထင်ဘူး။

“ခင်ဗျားရဲ့ ဘိုဟီးမီးယန်းတွေရဲ့အကြောင်းက ကျုပ်အတွက်တော့ ဒဏ္ဏာရီတစ်ခုလိုပါပဲဗျာ”

ဆံပင်ပါးပါးနှင့်လူက မျက်မှန်နှင့်လူ၏ စကားအဆုံးမှာ ခပ်တိုးတိုး ပြောလိုက်သည်။

ညလေက တဖြူးဖြူး တိုက်ခတ်လာသည်။ ကြည်လင်သော ကောင်းကင်ပေါ်မှ လမင်းက သူတို့နှစ်ဦးကို တိတ်ဆိတ်စွာ ငုံ့ကြည့်လာချိန်မှာ လူစုခွဲရန် ဆုံးဖြတ်လိုက်ကြသည်။ နောက်နေ့တွေ နောက်နေ့တွေမှာလည်း သူတို့ဆက်လက်ပြီး တွေ့ဆုံကြသည်။ မြေပဲခွံတွေ ပေပွနေသော စားပွဲနှင့် မွဲညစ်ညစ် ၀ရံတာကြမ်းပြင်တွေဟာလည်း ဖန်တရာတေ စကားလုံးတွေကြားမှာ တဖြည်းဖြည်း အိုဟောင်းလို့ လာနေသည်။ ကုက္ကိုပင်တွေ ထူထပ်စွာ ပေါက်ရောက်နေသော ကန်ရိုး၊ ၀ါးရုံတောနှင့် မြက်ရှည်ပင်များကတော့ သိပ်ပြီး ပြောင်းလဲမှုမရှိ။

တစ်နေ့သော ညနေစောင်းတခုတွင် အချိန်မှန် ရောက်လာနေကျ ဆံပင်ပါးပါးနှင့်လူ ရောက်မလာ၍ မျက်မှန်နှင့်လူက ၀ရံတာ လက်ရမ်းကို မှီကာ ရေကန်ကြီးဘက်ကို မျှော်ငေးရင်း စောင့်နေခဲ့သည်။ ညက တဖြည်းဖြည်း မှောင်လာခဲ့သည်။ မျက်မှန်နှင့်လူက ဆံပင်ပါးပါးနှင့်လူကို မစောင့်နိုင်တော့သဖြင့် တစ်ယောက်တည်း တစ်ခွက်ပြီး တစ်ခွက်မော့ချကာ အချိန်များကို ကုန်လွန်စေခဲ့သည်။ နောက်ဆုံး မိုးစုန်းစုန်းချုပ်သွားသည့် အခါမှာတော့ စားပွဲမှ ထကာ အိမ်ထဲသို့ မ၀င်ခင် ရေကန်ကြီးဘက်ကို မူးရစ်ရီဝေစွာနှင့် အကြောင်းမဲ့ မျှော်ငေးကြည့်လိုက်သည်။ လရောင်အောက်မှာ ရေကန်ကြီးက ငြိမ်သက်စွာ အိပ်မောကျနေသည်။ ကုက္ကိုကိုင်းဖျားတွေက လှေအဝှေ့မှာ ခပ်ဖြည်းဖြည်း လှုပ်ခတ်နေသည်။ မြက်ရှည်ပင်တွေဘက်ကို ကြည့်နေသော မျက်မှန်နှင့်လူ၏ မျက်နှာမှာ အံ့သြရိပ်၊ ဝေခွဲမရသည့် အရိပ်တို့နှင့်အတူ ၀မ်းနည်းရိပ်တို့ တဖြည်းဖြည်း ထင်ဟပ်လာသည်။ သေချာအောင် လက်နှင့် မျက်လုံးများကို ပွတ်ပြီး မျက်မှောင်ကြုံ့ကာ ၀ါးရုံတောဘက်ကို စူးစိုက် ကြည့်နေလိုက်သည်။ လရောင်မှိန်မှိန်အောက်မှာ ၀ါးရုံတောနားက မြက်ရှည်ပင်တွေကြားတွင် လူတစ်ဦး လဲကျနေသည်ကို ခပ်ရေးရေး မြင်နေရသည်။ ထိုသူ၏ ဘေးတွင်တော့ လှပသော ငန်းဖြူကြီး နှစ်ကောင် လည်ချင်းယှက်လျက် နေသည်ကိုလည်း မြင်လိုက်ရပါတော့သည်။

 သိမ်းထားချင်လို့ပါ..

Thursday, December 23, 2010

Pathetic!



သီချင်းက လွမ်းစရာလေးလိုလိုပေမယ့်...
တကယ်က စိတ်တိုစရာ..ဟိ
ဒီလောက်ကြီး ငိုစရာအကြောင်း မရှိပါဘူး။
ကြည့်ရင်း ဒီပရက်စ်စ်စ် တောင်ဖြစ်လာဒယ်....။

Monday, December 13, 2010

ညလေးတစ်ည၀ယ်..

ထုံးစံအတိုင်းပေါ့...
ဒီလိုပွဲမျိုးကို ငယ်ငယ်ကလေးထဲက သိပ်ပြီးရင်မခုန်တတ်ခဲ့...
ကိုယ့်ကိုကိုယ်လည်း မေးမိပါတယ်...
မင်းဟာ အန်တီဆိုရှယ် လား........လို့
(အင်္ဂလိပ်လို မရေးရဲတာ ကာယကံရှင် မမတွေ လာဖတ်မယ် ဆိုလို့ပါ...)
မင်းတို့ နားမလည်တဲ့ မြန်မာစာနဲ့ ရေးမှာလို့ ဆိုတော့လည်း
ဘယ်လိုရေးရေး လာဖတ်မယ်ဆိုလို့…။


ကုမဏီကလည်း ဒီပွဲကို နှစ်စဉ်ကျင်းပတယ်..။ ကိုယ်….နှစ်စဉ်တော့ မရောက်ပေမယ့် အဲဒီနေ့ကတော့ သွားဖို့ဆုံးဖြတ်လိုက်တယ်။ ပွဲမစခင် သုံးပတ်လောက်ကတည်းက... မမတွေက အခန်းဝမှာ ပြူတစ်ပြူတစ်..

"အဲ့ဒီည ဘာဝတ်မှာလည်း"
"လက်သည်းအလှက မြို့ထဲက ဟိုဆိုင်မှာ ၁၅၀ကနေ ၈၀ဒေါ်လာကို ဈေးချထားတယ်တဲ့၊ တူတူသွားမလား"
"ဆံပင်ပြင်တာလိုက်ဦးမလား"
"လီမိုဇင်းဌားပြီး တူတူသွားကြမလား"
"ဘယ်အိမ်မှာ စုမှာလည်း"

အဲလိုမေးခွန်းတွေကို ………..
"မသိပါဘူးကွယ်.."
"မလိုက်တော့ပါဘူးကွယ်.."
"ကိုယ့်ဟာကိုယ်ပဲ မောင်းသွားပါ့မယ်ကွယ်.. ကြာကြာမနေဘူး"
"နေပါစေတော့..."

အဲသလိုလေးတွေ ပြုံးပြုံးကလေးဖြေတယ်။

အဲဒီနေ့မနက်မှာလည်း အိမ်ရှေ့မှာ ရောက်လာကြတယ်။ သူတို့ရဲ့ လှပတဲ့ ဂါဝန်လေးတွေ ယူလာပေးတယ်..။
“ကြိုက်ရင်ဝတ်နော်..”.တဲ့

သူတို့ရဲ့ အကျီင်္တွေနဲ့က ဘယ်လိုမှ မတန်ဘူးလေ... သူတို့က ဖွံ့ဖြိုးတယ်။
ဒါပေမယ့် အိမ်တိုင်ရာရောက် လာပို့ပေးတာကို ကျေးဇူးတင်တဲ့ အနေနဲ့ ကော်ဖီကို သေသေချာချာ ဘရူးလုပ်ပြီး သောက်ကြ.. လို့။

အဲ့ချိန်မှာကတည်းက သူတို့က ဆံပင်တွေပြင်ပြီးနေပြီ.. လက်သည်း.. ခြေသည်းလေးတွေကလည်း လှလို့...
ကိုယ်ကတော့ ဆံထုံးနဲ့ ငုတ်တုပ်ထိုင်တုန်း...

ညနေစောင်းတော့ ရေမိုးချိုး အကျီင်္ပန်းနုရောင်တစ်ပတ်နွမ်းကလေး ကောက်ဝတ်ပြီး အပေါ်က ပန်းနုရောင်ပုဝါခြုံလို့ ထွက်လာခဲ့တယ်။
ဝန်ခံရရင်တော့ လက်သည်းလေးတွေကိုတော့ အလှပြင်သွားလိုက်တယ်..
လက်သည်းကို အလှလုပ်ထားတော့ ဘာမှအခြားဟာ လုပ်မရဘူး။ လက်သည်းပျက်မှာစိုးနေတာနဲ့ ဘာမှကို လုပ်မရ၊ တံခါးဖွင့်မရ၊ ပုဝါဆွဲချ မရနဲ့။ အဲ့ဒီမှာ စိတ်က စရှုပ်လာပါပြီ။

ဟိုတယ်ကိုရောက်တော့ ကြိုဆိုရေးမိန်းကလေးတွေက အရမ်းကို လှနေတာ.. မှတ်တောင် မမှတ်မိဘူး။ နေ့စဉ်မြင်နေကျတွေကို မမှတ်မိလောက်အောင်ကို လှနေကြတာပေါ့....

အဲဒီချိန်ီမှာ မမတွေက အနားကပ်လာပြီး... ထုံးစံအတိုင်း

“အိုး........ လှလိုက်တာ..”

“အပေါ်က ပုဝါကို ဖယ်လိုက်လေ”

“ဟင့်အင်း”

“ဖယ်လိုက်ပါ”

“မဖယ်ချင်ပါဘူး”

“ဘာလို့လည်း”

“ကျောကုန်းကြီးဟိုက်နေတယ်”

ကိုယ်.... ဘယ်လိုလုပ်ပြီး...


ဒါက အောရီဂျင်နယ်ဗာရှင် ပါ.. ဆွေးဆွေးကလေး....



ဒါကတော့... remix..... ခံစားချက်ဆိုတာ လှောင်စရာလိုဖြစ်သလိုလိုပဲ ဒါကိုနားထောင်မိရင်လေ..

သို့ပေမယ့်..
ဗာရှင် နှစ်ခုလုံးကြိုက်တယ်ရှင်..။

သူမရဲ့ တောင်ပိုင်းလေသံကိုလည်း ကြိုက်တယ်..

Friday, November 19, 2010

♫♥●••·˙ထိုအရာ˙·••●♥♫



နေရောင်ခြည်တွေ ထိုးကျ မနေပါပဲ...
ပါးပြင်တွေက နေရင်းထိုင်ရင်းနဲ့
တရှိန်းရှိန်းပေါ့ နွေးနွေးကလေးဖြစ်လာနေတတ်တယ်။

သစ်ရွက်တွေပေါ်တင်နေတဲ့
အေးခဲစိုစွတ် မုန်းစရာကောင်းလွန်းတဲ့ ရေခဲမိုးတွေဟာလည်း..
စိန်ပွင့်လေးအဖြစ် ပုံပြောင်းသွားတတ်တယ်။

တင်းတင်းစေ့လို့ ပြုံးဖို့ မေ့နေတတ်တဲ့ နှုတ်ခမ်းနှစ်လွှာဟာ..
လူမသိ သူမသိ တိုးတိုးကလေးပေါ့ ခိုးခိုးပြုံးနေတတ်တယ်...

လေတိုက်လို့ သစ်ရွက်တွေ ကြွေနေတာဟာလည်း
ညင်သာလွန့်လူးတဲ့ ပန်းချီတစ်ချပ်လို ဖြစ်နေတတ်တယ်..

ငုတ်တုပ်ထိုင်လို့ ငေးငိုင်နေတာတောင်မှ
အဝေးကြီးက မာရသွန်ပြေးလာရသလို
အသက်ရှုက မ၀၊ ပန်းလျှလို့ ဖြစ်နေတတ်တယ်...။

အရောင်မဲ့ နံရံကြီးကို ငေးကြည့်နေတာတောင်မှ
အလှပဆုံး ပန်းချီကို ကြည့်ရသလို
ရင်တွေဟာ ဗြောင်းဆန်လို့
မျက်ဝန်းတွေဟာလည်း တောက်လဲ့ နေတတ်တယ်။

တိတ်ဆိတ်တဲ့ ညတွေမှာ
ခေါင်းဦးကလေးကို ပွေ့ဖက်လို့
မတော်တဆ လွတ်ကျလာတဲ့ တိတ်တခိုးရယ်သံဟာ
ကိုယ့်ကိုကိုယ်ပဲ.. ပြန်ခြောက်လှန့်နေတတ်တယ်။

တန်ခိုးကြီးလှတဲ့ အဲ့ဒီအရာဟာ..
ကိုယ်ငေးနေတာကို မသိ..
ကြွားကြွားဝင့်ဝင့်နဲ့ တင့်တယ်နေလိုက်တာကွယ်..

ဒီလိုနဲ့..
မထိရက် မကိုင်ရက်
ပျောက်ပျက်မှာ စိုးလွန်းလို့
အချစ်ဆိုသော.."ထိုအရာ"..ကိုလေ...

ကိုယ်... ဒီအတိုင်းလေး ထားလိုက်ပါတော့မယ်ကွယ်။

Tuesday, November 16, 2010

♫♥●••·˙အချိန်မတန်သေးလို့လား ˙·••●♥♫

ကလေးရေ...
ဖြစ်ဖူးတယ်.. ဒီလိုအဖြစ်မျိုး..
ဒီနေ့မှ ဖြစ်တာ မဟုတ်ပါဘူးကွယ်...
ဒါပေမယ့်... ဒီနေ့ကတော့..... 


ဒီကနေ့.. မိုးသည်းထန်စွာ ရွာသွန်းနေတဲ့နေ့..
ထမင်းစားချိန်ပေမယ့် တိတ်ဆိတ်နေတဲ့ လက်ဘက်ရည်ဆိုင်ထဲမှာ ခပ်လှမ်းလှမ်းစားပွဲက ကော်ပြန့်လိပ်ကြော်ကို စိမ်ပြေနပြေစားနေတဲ့ အဖြူမ တစ်ယောက်ရယ်.. မှန်ပြင်ကို အရှိန်ပြင်းပြင်း ထိခတ်နေတဲ့ မိုးစက်တွေကို ငေးနေတဲ့ ကိုယ်ရယ်.. နှစ်ယောက်တည်း။

လာနေကျမို့ ဘာစားမလည်းသိနေတဲ့ ဟောင်ကောင်စားပွဲထိုး မလေးက စားပွဲပေါ်ကို.. ချိုပေါ့ကျဟောင်ကောင်လက်ဘက်ရည်တစ်ခွက်၊ ပေါက်ဆီတစ်လုံး၊ ရေနွေးကြမ်းဖန်ခွက်တစ်ခွက်၊ ငရုတ်ဆီတစ်ပုလင်း နဲ့ လက်သုတ်ပုဝါလေးတွေ လာချပေးပြီး ထွက်သွားတယ်။

ပေါက်ဆီတစ်လုံးကိုတောင် မနည်းနိုင်အောင် စားသောက်အပြီး နာရီကိုကြည့်လိုက်တော့ နေ့လည် ၂နာရီမှာလာမယ်ပြောထားတဲ့အတွက်.. ရုံးချိန်က ကပ်နေပြီ။ ဒါနဲ့ စားပွဲပေါ်မှာ ပိုက်ဆံကိုထားပြီး ထွက်လာခဲ့တယ်။ ခုံက အထမှာ ကော်ပြန့်လိပ်ကို တလွှာချင်းခွာလို့ ဇိမ်ယူစားနေတဲ့ အဖြူမက လှမ်းပြုံးပြတော့ ကိုယ်လည်း ပြန်ပြုံးပြလိုက်တယ်။

"အပြင်မှာ ရာသီဥတုက သိပ်ကိုအရုပ်ဆိုးအကျည်းတန်တာပဲနော်"
သူမက ကော်ပြန့်လိပ်ကို ခွာနေရင်း ပြောလိုက်တယ်...

"ဟုတ်ပါရဲ့.. ဒါပေမယ့် ဘဲကလေးတွေအတွက်ကတော့ အလွန်လှတဲ့ ရာသီဖြစ်နေမှာ"
ကိုယ်ပြန်ပြောလိုက်တော့ သူမ အသံထွက်အောင် ရယ်လိုက်တယ်။

Friday, November 12, 2010

♫♥●••·˙ရှိပါစေတော့ကွယ် ˙·••●♥♫

မင်းကို ရှာဖွေတွေ့လိုက်ရတဲ့ နေ့ကို ဘုရားသခင်က ကောင်းချီးပေးပါစေ...

အဲ့ဒီနေ့က စပြီးတော့ မင်းအနားလေးမှာပဲ တရစ်ဝဲ၀ဲနဲ့ နေချင်နေတဲ့ငါ့ကို..
ဒီအတိုင်းလေးပဲ ထားလိုက်ပါတော့လို့..
ငါ... မင်းကို တောင်းပန်ပါရစေကွယ်...။

နတ်ဘုံနန်းကို ရောက်နေသလို ခံစားနေရတဲ့ အဖြစ်ကလေးကို..
ငါ့ဆီက နေ ယူဆောင်မသွားပါနဲ့...
တစ်ကယ်လို့.. တစ်စုံတစ်ယောက်ဖြစ်တဲ့ သူတစ်ယောက်ကိုလေ..
အခုချိန်ကစပြီး တစ်သက်လုံး...
တွယ်ကပ်နေနေမိတယ် ဆိုရင်လည်း...
ငါ့ကို ဒီတိုင်းလေးပဲ ထားလိုက်ပါနော်...

အချစ်ဆိုတဲ့ အရာနဲ့ ဆုံတွေ့လိုက်ရတဲ့ ငါဟာ...
အလုံးစုံ ပြည့်စုံတဲ့ အချစ်တစ်ခုလားလို့.. တွေးနေမိပါတယ်။
မင်းရဲ့ ချိုမြိန်တဲ့ အချစ်တစ်ခု မရှိတဲ့ ငါ့ဘ၀ကို..
ငါ... မတွေးရဲတော့ဘူး ကွယ်...

ငါ့ကို ပြစ်မသွားပါနဲ့နော်..
ငါ့တစ်ယောက်ထဲကိုပဲ တစ်သက်လုံး ချစ်မှာပါလို့.. (လိမ်)ပြောပြီး..
ငါ့ကို ဒီတိုင်းလေးပဲ ထားလိုက်ပါနော်...

(အသက်ကတော့ လုံးဝ စကားပြောနေဘီထင်ပါတယ်..
ဒီသီချင်းကို ကြိုက်တတ်နေတော့လေ.. အဟွန်း)

Wednesday, October 27, 2010

မချစ်ဘဲ မနေနိုင်လို့ပါ

သီချင်းခေါင်းစဉ်ပါ..
စိတ်တွေမွှန်းကြပ်လို့ နားထောင်နေမိတာလေးတွေပါ..
ဘေးက သီချင်းက အော်တိုပလေး မလုပ်တတ်လို့ နားငြီးခဲ့မယ်ဆိုရင် ပိတ်လိုက်ကြပါလို့...





ဒီဗီဒီယိုထဲက အဆိုရှင်ဟာ ရုပ်ဆိုးတဲ့အထဲမှာ ပါပါတယ်။ အကျီင်္ကလည်းဖြစ်သလို၊ ဆံပင်ကလည်း ကတုံးဆံပင်ပေါက်၊ ပါးစပ်ကပြဲ၊ အသက်ကကြီးဘိုးကြီး၊ လှုပ်နေတဲ့ ပုံကလည်း ကြည့်ဦး၊ သူငယ်တန်းတုန်းက အတန်းထဲက ကောင်လေးတွေကို ဆရာမက စာရွတ်ခိုင်းရင် လှုပ်တတ်ကြတဲ့ ပုံအတိုင်း။ ဘယ်လိုမှန်းမသိ။ ဒါပေမယ့်ကြည့်ရင်းကြည့်ရင်း အရမ်းဟော့ လာနေတယ်။ သူ့ကြည့်ရတာ အရမ်းပေါ့ပါးလွတ်လပ်ပြီး ပျော်နေလိုက်တာ.....

Thursday, October 21, 2010

နိုင်ငံတော်အလံသစ်

ဒါက၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၁ ရက် မွန်းလွဲ ၃ နာရီ အချိန်မှ စတင်ပြောင်းလည်း လိုက်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံအလံပါ...

Friday, October 15, 2010

"ကို"

ညလေက ကန့်လန့်ကာဖြူဖြူကို တွန်းတိုက်လို့ အခန်းထဲကို သုန်သုန်ကလေး ၀င်ရောက်လာသည်။ စာကြည့်မီးနားမှာ ၀ဲနေတဲ့ ညပိုးကောင်းကလေးကို ငေးရင်း ညလေပြေကို ရှုရှိုက်နေရင်း ရင်တုန်းက အဖြူထည် ဘ၀တစ်ခုကို သူမ ပြန်လိုချင်နေမိတယ်။

အရာရာကို သိပ်မသိခင်တုန်းက ဘ၀ တစ်ခုဟာ ပိုမိုပြီး အချိုးညီတတ်သလား...
အရာရာကို တဖြည်းဖြည်းသိလာနေတဲ့အခါမှာတော့.. ဘ၀ တစ်ခုဟာ အချိုးမဲ့ ကစင့်ကလျားနဲ့ စတင်လွင့်ပါးလို့.....။
စားပွဲပေါ်က အဖြူရောင်စာရွက်ပေါ်မှာ အဓိပ္ပာယ်မဲ့စွာ ရေးခြစ်ထားတာတွေကို သူမ ငေးကြည့်နေခဲ့သည်။ စိတ်တွေက ပိုမိုပြီး မွန်းကျပ်လို့ လာနေသည်။

စားပွဲပေါ်က အနက်ရောင်လက်ကိုင်ဖုန်းလေးကို ယူလိုက်ပြီး နံပါတ်တစ်ခုကို နှိပ်ချလိုက်သည်။

"ဟလို"

တစ်ဖက်က ထူးသံကို ကြားလိုက်ရသည်။

"ကို"

ထုံးစံအတိုင်း သူမ သူ့ကို သံပြတ်နှင့် ခေါ်လိုက်သည်။

"ဗျာ"

ကျမ အခု လာခဲ့မလို့၊ ပြောစရာတွေရှိနေတယ်

"လာလေ၊ ကို စောင့်နေမယ်"


ဆိုင်အပြင်က အမိုးဖျင်အောက်မှာ ငုတ်တုပ်ထိုင်ရင်း သူမ မျက်နှာကို ကို ကြည့်နေသည်။ စားပွဲပေါ်မှာ မီးရောင်နီနီကလေးတွေက အုပ်ဆောင်းအောက်မှာ ဟိုယိမ်းသည်နွဲ့။ လမ်းမပေါ်မှာ ကားသံတွေကို ကြားနေရသည်။ ဆိုင်ပြင် အမိုးဖျင်အောက်က အခြားစားပွဲတွေမှာလည်း လူတွေ တိတ်တိတ်ဆိတ်ဆိတ်။

"ပြော.. ဘာဖြစ်နေတာလည်း.. ကို ဘာလုပ်ပေးရမလည်း၊ ဟိုလူ့ဆီ ဖုန်းဆက်ပေးရမှာလား
မင်း သူ့ကို ခေါင်းထဲက ထုတ်လိုက်လို့ မရဘူးလား၊ မင်း ခံစားနေရတာ ကို မကြည့်ရက်တော့ဘူး၊ ဒါပေမယ့် သူ့ဆီဖုန်းဆက်ပေးဆို အခု ကို ဆက်ပေးမယ်၊ ပြောစေချင်တာတွေလည်း အကုန်ပြောပေးမယ်"

Wednesday, October 06, 2010

ဖျားနေလို့ပါ..

ခေါင်းတွေမူးတယ်...
ပရုတ်ဆီဗူးလေးတောင် ဘယ်ပျောက်နေသလည်းကွယ်..
စားပွဲပေါ်မှာလည်း မရှိ၊ ကုတင်အောက်မှာလည်း မရှိ။

နှာခေါင်းတွေပိတ်တယ်..
ရှုဆေးဗူးလေး.. ဘယ်ချောင်ရောက်သွားလည်းကွယ်..
မှန်တင်ခုံပေါ်မှာလည်း မရှိ၊ ခေါင်းဦးအောက်မှာလည်း မရှိ..။

စိမ့်စိမ့်ပြီး ချမ်းတက်လာနေတယ်..
ရေနွေးခွက်လေး.. ဘယ်ထားမိသလည်းကွယ်..
ကွန်ပြူတာခုံပေါ်မှာလည်း မရှိ၊ ခေါင်းရင်းစားပွဲ မှာလည်း မရှိ။

တစ်ကိုယ်လုံး ကိုက်ခဲနေတယ်...
အကိုက်ခဲပျောက်ဆေး ဘယ်နားရှာရမလည်းကွယ်..
ပုလင်းထဲမှာလည်း မရှိ၊ ဆေးဗူးပြာထဲလည်း မရှိ။

မောင်ရေ...
ကျမ ဖျားနေတယ်လေ...

"ကလေးလို လုပ် မနေနဲ့လေ..." တဲ့...
ဟုတ်သလား..မောင်..
ဖျားနာမှုတွေထဲက တမ်းတစွာနဲ့ မောင့်အနားမှာနေချင်လို့ပါ...
မောင့် အနားလေးမှာ နေချင်ရုံ သက်သက်ပါကွယ်..


မောင် ..... ကျင်လည်နေတဲ့ ပတ်ဝန်းကျင်မှာ..
မောင် ....... တွေးတောနေတဲ့ စိတ်ကူးတွေထဲမှာ..
မောင့်ရဲ့...... စိတ်ဝင်စားမှုတွေထဲမှာ..
မောင့်ရဲ့ .... တည်ဆောက်နေတဲ့ အရာတွေထဲမှာ..
မောင့်ရဲ့.........  အောင်မြင်ခြင်းတွေထဲမှာ...
မောင့်ရဲ့ ..... ရပ်တည်မှုတွေထဲမှာ..
မောင့်ရဲ့.... ဖြောင့်မတ်ခြင်းတွေထဲမှာ..
မောင့်ရဲ့ ..... အီးဂိုး တွေ အထဲမှာ.... 


ကျမလည်း မရှိ....
အိမ့်ချမ်းမြေ့လည်း မရှိ။

Tuesday, September 21, 2010

ညည်းချင်း၂

နွေအကုန်ဆောင်းအကူးကာလတွေဟာ အလွန်လွမ်းစရာကောင်းလှပါသည်။
မိုးလေးတွေ တစိမ့်စိမ့်ရွာလို့၊ နံနက်ခင်းဆို မြူကျလို့၊ သစ်ရွက်တွေကလည်း ကြွေကျတော့မှာမို့ အညိုရောင်တွေသန်းလို့... လေခပ်ပြင်းပြင်းတိုက်လိုက်ရင် တဖြုတ်ဖြုတ်ကြွေဖို့ အားယူနေကြပြီ။

ငှက်တွေကလည်း ကနေဒါကို စွန့်ခွာ၊ မက္ကဆီကိုဘက်ကို အစုလိုက်အပြုံလိုက် ပျံသန်းနေကြတာကို ဖရောဇာမြစ်ပြင်ရဲ့ ညနေခင်းတွေမှာ လွမ်းစရာ တွေ့ရတတ်သေးသည်။

ဒီလိုအချိန်ဆို ဆော်လမွန်ငါးတွေကလည်း ကနေဒါရဲ့မြစ်ချောင်းအင်းအိုင်တွေကတဆင့် မွေးရပ်မြေကို မြစ်ညာဘက်ကို ပြန်လာနေကြပြီ။


ခြံထဲက ပန်းသီးတွေ၊ သစ်တော်သီးတွေကတော့ လေရူးအောက်မှာကြွေကျ၊ မြေခ လို့။ ကောက်မယ်ကောက်မယ်နဲ့ မကောက်ဖြစ်တာ.. သစ်သီးတွေ ပုပ်လာတော့မယ်ထင်သည်။ ဘယ်လိုမှ မနှစ်သက်တဲ့ ရွေဒင်္ဂါး၊ ငွေဒင်္ဂါးပန်းကလေးတွေကို မနှုတ်ရက်လို့ ကြည့်နေတာတော့ကြာပြီ။ ဆွေးမြေ့လာနေတဲ့ သစ်တုံးကို အစားထိုးဖို့လုပ်နေတာလည်း ၂ပတ်ရှိပြီ။ ခုထိ တန်းလန်း။



Friday, September 17, 2010

မျက်လုံးအလှ

ညက ပင်ပန်းတယ်ဆို.. အိပ်မယ်ဆိုပြီး မအိပ်ဖြစ်ဘဲ နာမယ်ကြီးလှတဲ့ လေဒီဂါဂါကို ဘာလို့ လူတွေဒီလောက်ပြောသလည်း ယူကျူ့မှာ လိုက်ရှာနားထောင်တယ်။
လေဒီဂါဂါကိုကြည့်ရင်း လေဒီဂါဂါနဲ့ ပတ်သက်တဲ့အခြားယူကျူ့တွေလည်း လိုက်ကြည့်မိတယ်။ အဲဒီမှာ လေဒီဂါဂါရဲ့ ဂူးဂူးအိုင်းမျက်လုံးမျိုးရအောင်လုပ်မလည်းးဆိုတာကို ထိုင်ကြည့်လိုက်တာ သန်းခေါင်ထိုးသွားပါတယ်။

တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ အထူးသဖြင့် အလှအပ၊ မျက်လုံးမိတ်ကပ်ဝါသနာပါသူ မိန်းကလေးတွေတွက်ပါ...
လေဒီဂါဂါရဲ့ အဲသလိုမျက်လုံးပြူးမျက်ဖြူလန်တဲ့ မျက်လုံးမျိုးရအောင် မျက်တောင်တု ငါးစုံထပ်ပြီးတပ်ထားရတဲ့အပြင်၊ shade ပေါင်း ၂0မျိုးလောက် သုံးရပါတယ်။ အဲဒီဂူးဂူးအိုင်း လင့်ခ်ကပျောက်သွားလို့ ဘယ်နားရှာရမယ် မသိတော့ပါ။

နည်းလမ်းကိုပြတာကတော့ Michelle Phan ဆိုတာ ဗီယက်နမ်မလေးထင်ပါတယ်။ တော်တော်ငယ်သေးတယ်။ အလှအပလည်း ၀ါသနာတော်တော်ပါပြီး၊ ဟိုကလိဒီကလိလည်း ၀ါသနာပါပုံရတယ်။ မိန်းကလေးက မျက်လုံးကလည်း လှတယ်။ မိဘတွေက အလှပြင်ဆိုင်ဖွင့်ထားတယ်ထင်တယ်။ မိတ်ကပ်ပေါင်းမျိုးစုံ ပိုင်ဆိုင်ပြီး၊ ဆေးခြယ်သပုံကလည်း ပန်းချီဆရာတွေတောင် ရှုံးလောက်တယ်။ အနုပညာမျက်စိနဲ့ကြည့်မယ်ဆိုရင်ပေါ့နော်...။

နောက်အခြားစိတ်ဝင်စားစရာကောင်းတဲ့ မျက်လုံးအလှပြင်နည်းမျိုးစုံကိုလည်း တင်ထားပါတယ်။ အရုပ်မျက်လုံး၊ ကဗျာဆန်ဆန်မျက်လုံး၊ smoky eyes၊ အမျိုးစုံလုပ်နည်းတွေ ပြထားပါတယ်။ သူမရဲ့ ဗီဒီယိုတွေက ဟစ်သန်းချီရတယ်။

အချို့ဟာတွေကိုတော့ ငယ်ငယ်က ကလိခဲ့ဖူးပေမယ့် အခု သူ့ကြည့်ပြီး ဒီကလေးမတော့ မျက်စိထိတော့မှာဘဲ ဆိုပြီး အသည်းတယားယားဖြစ်ခဲ့ပါတယ်။ ငယ်ငယ်က မျက်လုံးကို မိတ်ကပ်လိမ်းရင်... မျက်လုံးကန်းသွားချင်သလား ဆိုပြီး ဖေဖေဘာကြောင့် အသံကျယ်ကြီးနဲ့အော်ခဲ့သလည်း ခုတော့ နားလည်ပါပြီ။

တစ်ခါတစ်လေ တစ်နေရာရာသွားရန်ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့စုတဲ့ခါဖြစ်ဖြစ် အပျော်လုပ်ရင်တော့ မဆိုးပါဘူး။ အမြဲတမ်းကျတော့ ကယ်မီကယ်ပေါင်းမျိုးစုံကို မျက်နှာနဲ့ မျက်ခွံတွေ၊ မျက်တောင်တွေပေါ်တင်ရင် ကြာရင် အရေပြားကင်ဆာဖြစ်နိုင်မယ်ထင်မိပါတယ်။

လက်လှမ်းမှီရာလေးတွေ တင်ထားပေးပါတယ်။ အပြင်မှာသူ့တိုင်း စိမ်ပြေနပြေဆိုရင်တော့ ကျောင်းတွေ၊ အလုပ်တွေ၊ အစည်းဝေးတွေ အကုန်နောက်ကျမှာပါပဲမို့... သင့်တော်သလို ပြင်ဆင်ကြပါစေလို့...

(မိန်းမများအလှပြင်တာဟာ တစ်ကယ်တော့ မိန်းမအချင်းချင်းတွက်ဖြစ်ပါတယ်၊ ဒါကို မိန်းမတွေပဲ သိပါတယ်။ မြွေမြွေချင်းခြေမြင်တယ်ဆိုသလို... သူဘယ်လိုဝတ်ထားပါလိမ့်၊ ဘယ်နှုတ်ခမ်းနီဆိုးပါလိမ့်၊ ဘယ်လိုဆံပင်ပါလိမ့်ဆိုတာမျိုးလေးတွေ.. အချင်းချင်း admire လုပ်ချင်သောကြောင့် အလှပြင်ခြင်းဖြစ်ကြောင်းးး မိန်းမထုကြီးတစ်ခုလုံးကိုယ်စား အိမ့်ချမ်းမြေ့ ပြောပါ၏ :P)





Wednesday, August 25, 2010

လရောင်ချစ်သူ

ကောင်းကင်ပြာမှိုင်းမှိုင်းပေါ်မှာ
သိဟ်ရာသီ လ ရယ်က....
ခပ်တိုးတိုး သာ...နေတယ်..။


ခတ္တာပန်းငုံကလေး က
တသုန်သုန်မြူးတဲ့
ညလေရူးအောက်မှာ..
ဖြောက်ကနဲ.. ကြွေ... သွားတယ်...။


ခြင်္သေ့ရာသီရုပ်ပုံက
တိတ်တခိုးလွမ်းတတ်သူကို
ခတ္တာပန်းတွေဖူးတဲ့ နေရာလေးကို...
သယ်ဆောင်လို့ ခေါ်...သွားတယ်။

သရ၀ဏ်... လ.. ရယ်..
လွမ်းတယ်..။







အောက်ဆုံးကပုံကို အကြိုက်ဆုံးပါပဲ...
 ထင်းရူးပင်ထိပ်ဖျားတွေရယ်.. နဂါးငွေ့တန်းတွေ၇ယ်နဲ့... စိတ္တဇ ဆန်တယ်..
(တစ်ကယ်ကတော့ ကင်မရာ မချိန်တတ်သေးတာပါ... )

အိမ်ခန်းထဲက လရောင်ကို လိုသလိုရအောင် ရိုက်ရတာ တော်တော်လေးကို ခက်တာ ဒီည သိလိုက်ရပါတယ်။

................

တစ်ကယ်လို့ အသက် ၈၀ ထိနေကြတယ်ဆိုရင်တောင်...
လပြည့်ည.. ရက်တစ်ထောင် မပြည့်ပါဘူး။
လပြည့်ညတွေ.. အဓွန့်ရှည်ပါစေ....လို့။

Sunday, August 22, 2010

French Door တစ်ဖက်မှ အသံများ

ပြောင်လက်တောက်ပနေသော ထမင်းစားပွဲအလယ်က ပန်းအိုးကလေးထဲမှာ နှင်းဆီပန်းနုရောင်ကလေးက ငြိမ်သက်နေသည်။ ထိုနှင်းဆီပန်းကလေး ထည့်ထားသော ပန်းအိုးရှည်ရှည်သွယ်သွယ်လေးထဲက ရေထဲမှာ အလွန်သေးငယ်သော ပိုးကောင်လေးတစ်ကောင်က ပန်းအိုးနှုတ်ခမ်းပေါ်ကို ကြိုးစားပန်းစား တွယ်တက်နေသည်။ နှင်းဆီပန်းကလေးက မျက်နှာငယ်ကလေးနှင့် ပိုးကောင်ကလေးကို ငုံ့ကြည့်နေသည်။ နှင်းဆီပန်းကလေးနှင့် အလွန်ဝေးကွာလှသော မျက်နှာကြက်ပေါ်မှာကတော့ တညိမ့်ညိမ့် လည်ပတ်နေသော ဖုံမဲ့ ပန်ကာ...။

ထမင်းစားပွဲပေါ်မှာတော့ အစားအစာတွေက အမျိုးစုံလှသည်။ မြန်မာစာ၊ အနောက်တိုင်းစာ၊ ထိုင်းစာ၊ ကုလားစာများအပြင် ဟိုမရောက်သည်မရောက် ကပြားစာများက လျှံကျနေသည်။ ထမင်းစားပွဲပတ်လည်က လူတွေက ထမင်းဟင်းကို ဇွန်း၊ခက်ရင်းသံ မကြားအောင် စားနေကြသည်။ ဇွန်းခက်ရင်းသံများ တိတ်ဆိတ်လွန်းလှသော်လည်း ထမင်းစားပွဲတစ်ခုလုံးမှာကတော့ ပဋိသန္ဓာရစကားတွေ လျှံကျနေသည်။ သည်ထမင်းစားပွဲဝိုင်းမှာ အသက်၅၅နှင့် အသက် ၇၀ကြား အင်ဂျင်နီယာများ၊ ဆရာဝန်ဟောင်းများ၊ ရှေ့နေများ၊ စသည့် မြန်မာပြည်မှ ပညာရည်နို့ဝလာသော၊ အသက်ကြီးပုဂိုလ်များက မြန်မာပြည်နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အကြောင်းများကို မြိန်ရည်ရှက်ရည် ပြောဆိုနေကြသည်။ ထိုသူတို့၏ အာဘောင်အာရင်းသံသံ ပြောဆိုနေသံများကို လူငယ်တစ်အုပ်စုက ထမင်းဟင်းများကို တို့ကနန်းဆိတ်ကနန်းစားသောက်ရင်း ငြိမ်သက်စွာ နားထောင်နေကြသည်။ အာဘောင်အာရင်းသံစွာ မြန်မာပြည်အကြောင်း မြိန်ရည်ရှက်ရည် ဝေဖန်ဆွေးနွေးနေသူတို့၏ စကားဝိုင်းထဲမှာ ထိုလူငယ်အုပ်စုက မြန်မာ့ယဉ်ကျေးမှုဟူသော ခြုံလွှာများနှင့် အသက်ကြီးသူကို ရိုသေခြင်းဟူသော ပုဝါများကို အထပ်ထပ် စည်းကြပ်ရင်း ငုတ်တုပ်ထိုင်နေကြသည်ကို ပန်းကလေးက ပြုံးတုံ့တုံ့ဖြင့် ငေးကြည့်နေသည်။ ထိုအသက်ကြီးပုဂိုလ်များရဲ့ လက်ရှိအလုပ်များကတော့ စကားလုံးတွေကြားမှာ အရောင်တိမ်မှိုင်းမှုံနေသည်ကို ပန်းကလေး မသိဟန်ဆောင်နေသည်။

"တိုင်းပြည်က ပျက်တာကြာပါပြီကွာ...."

"........."

"........"

"တို့ခေတ်မှာတော့ မပျက်ဘူးဟေ့... မင်းတို့ လူငယ်တွေခေတ်မှာ တိုင်းပြည်ကပျက်တာကွ"


"............"

"မြန်မာပြည် ပညာရေးဆိုတာ သုံးစားလို့ မရတာကြာပြီ၊ ခုကြည့်လေ.. မင်းတို့ဘာများတတ်လို့လည်း"

"........."

"........"

"မပြောနဲ့ မပြောနဲ့ ဒီဘွဲ့တွေနဲ့ပဲ လုပ်စားနေတယ်လို့၊ မင်းတို့ ကံကောင်းလွန်းလို့ မြန်မာပြည်ကဒီဘွဲ့တွေနဲ့ အလုပ်ကိုင် ကောင်းကောင်းရနေတယ် လို့ ဆိုရမယ်"

"........."

"........"


Tuesday, August 17, 2010

လူစီ

ခွေးကလေးက ချစ်စရာကောင်းလွန်းပါတယ်..


ခွေးကလေးက ၉ပတ်သားလေးပဲရှိပါသေးတယ်...

ဒီအနောက်နိုင်ငံကလူတွေက... ကလေးတွေအရွယ်ရောက်လို့ အိမ်ကထွက်သွားကြတဲ့အခါ သူတို့ရဲ့ empty-nest syndrome ကို ဒီလိုနည်းတွေနဲ့ ကုသတတ်ကြတယ်...။
အချို့ကလည်း ခွေးချစ်တတ်လွန်းလို့ ခွေးကိုပဲ အမွေတွေပေးသွားတတ်သေးတယ်...။
တစ်ခါတစ်ခါလည်း လူတွေထက် ခွေးတွေကို သူတို့ တန်ဘိုးထားတတ်ကြသေးတယ်..။ 
ခွေးတွေကို ချစ်ပါတယ်..
ဒါပေမယ့် ခွေးမွှေးနဲ့ မတည့်သူတစ်ယောက်မို့ ဒီခွေးကလေးကို နားရွက်ကလေးကိုပဲ တို့ကြည့်လိုက်တယ်။
သူ့မျက်လုံးတွေနဲ့ ဆုံသွားတယ်...။

အကြာကြီးပဲ...
လူတွေက ခွေးလေးကို ပွတ်သပ်ချီပိုးဖို့လောက်ပဲ အာရုံရနေကြတယ်..
ခွေးလေးရဲ့ ရင်ထဲကခံစားချက်ကို သိကြရဲ့လား..
ခွေးလေး ၀မ်းနည်းနေတယ်..
မိသားစုနဲ့ခွဲလာရလို့..

လူစီ... နေရာသစ်မှာ မင်းပျော်ပါစေကွယ်...




Sunday, August 01, 2010

ethics များကို ချိုးဖောက်ခြင်း

ရေကန်လေးတစ်ကန်ရှိသည်။ ထိုရေကန်လေးထဲတွင် ကျောက်တုံးလေးများ၊ ကြာပန်းများ၊ ရေဘဲကလေးများ၊ လိပ်ကလေးများနှင့် သာသာယာယာရှိလှသည်။ လေကလေး တသုန်သုန်နှင့် စိတ်ကြည်နူးစရာကောင်းလှသည်။ ထိုရေကန်ကလေးရဲ့ ဘေးတွင် ခန့်ညားထည်ဝါသော ရုံးကြီးတစ်ရုံး ရှိလေသည်။

♫ ♥●••·˙ ˙·••●♥♫

မော်လီကျူးကွင်း
သူမကတော့ အသက်သုံးဆယ်စွန်းစ molecular diagnostic ဌာနမှ အရပ်မြင့်မြင့် ပိန်ပိန်ပါးပါး၊ ရွှေရောင်ဆံပင်နှင့် မိန်းမအချင်းချင်းတောင် ငေးရသူဖြစ်သည်။ ကလေးတစ်ယောက်အမေ (single-mother) ဟု မယုံနိုင်အောင် ဆွဲဆောင်မှုရှိသူဖြစ်သည်။ သူမဖြတ်သွားလျှင် ပုရိဿတို့ လည်ပြန်ငေးကြည့်ကြရသည်။ အကျီ င်္က မလိုအပ်ပဲ ပါးနေတတ်သဖြင့် မျက်နှာချင်းဆိုင်တွေ့ပြီး အလုပ်ကိစ္စများပြောကြသည့်အခါများတွင် မိန်းမများသည် မျက်စိကို မိုးပေါ်သို့မဟုတ် ကြမ်းပြင်တစ်နေရာရာကို လွှဲနေရသည်ကကို သူတို့အတွက် ဒုက္ခတစ်ခုလိုခံစားနေရသည်။ ဓာတ်ခွဲခန်းကုတ်အကျီ င်္အဖြူတလွှားလွှားနှင့် ဖိုင်တွဲတစ်တွဲတွဲကို ကိုင်ကာ အမြဲတမ်းအလုပ်များနေတတ်သည်။ ဓာတ်ခွဲခန်းတွေထဲမှာ ခြေချောင်းတွေပေါ်သော ဖိနပ်စီးခွင့်မရှိသော်လည်း၊ ရေမွှေးဆွတ်ခွင့်မရှိသော်လည်း၊ သူမ တစ်ဦးတည်း၏ ခွာသံပြင်းပြင်းကို အပေါ်ထပ်ရုံးခန်းများကပင် ကြားရတတ်ပြီး သူမဘေးကဖြတ်သွားတိုင်း ရေမွှေးနံ့သင်းပျံ့ပျံ့ကို ရတတ်သည်။ သူမက အခြားသူတွေနှင့်မတူ အခွင့်အရေးထူးခြားစွာရနေခြင်းကို လူတွေက လစ်လျှူရှုထားတတ်ကြသည်။

♫ ♥●••·˙ ˙·••●♥♫

Ergonomics ကွင်း
ကျောင်းပြီးကာစ အသက်အစိတ်ခန့် ဆံပင်ကောက်ကွေးကွေးကလေးများနှင့် ဆန့်ကျင်ဘက်လိင်တို့ စိတ်ဝင်စားစရာကောင်းသူဖြစ်သည်။ လှပသော ရုပ်ရည်လေးနှင့်မတန် စစ်သမီးတစ်ဦးလို တောင့်တောင့်ကြီးနှင့် ဒေါက်မြင့်ခွာကို အစွန်းကုန်ဆောင့်ပြီးလမ်းလျှောက်သဖြင့် ကော်ရစ်ဒါတစ်လျှောက် ခြေသံဆူညံနေတတ်သည်။ ဤသို့လျှောက်လွန်းသောကြောင့်ထင်သည်၊ သူမခြေသလုံးက အနည်းငယ်ကြီးနေသည်ကို စာရေးသူသည် သတိထားဖြစ်မိအောင် ထားမိလိုက်သေးသည်။

♫ ♥●••·˙ ˙·••●♥♫

ဟစ်တလာ..
ထိုလူက ဟစ်တလာနှင့်ဆင်သည်။ အသက်က ငါးဆယ်ခန့်၊ အရပ်ပုပု၊ ဆံပင်ကို အရမ်းတိုတိုညှပ်ထား၍ ကတုံးလိုဖြစ်နေသည်။ မျက်နှာက ပြုံးမယောင်ယောင်နှင့် တည်တန့်သည်။ လမ်းလျှောက်လျှင် ပတ်ဝန်းကျင်ကို မျက်လုံးကစားပြီး စူးစမ်းသလိုကြည့်တတ်သည်။ လုပ်ဖော်ကိုင်ဘက်မိန်းမများနှင့် တည်တည်ကြည်ကြည်ဆက်ဆံတတ်သဖြင့် စာရေးသူအပါအ၀င် လုပ်ဖော်ကိုင်ဘက်မိန်းမများက ယုံကြည်လေးစားတတ်ကြသည်။ ရုပ်ရည်အားဖြင့် ဟစ်တလာနှင့်တူသဖြင့် စာရေးသူသည်ဤသို့တင်စားသော်လည်း ထိုသူသည် တရားမျှတသူဟု နာမယ်ကြော်ကြားသူဖြစ်သည်။ ထိုတရားမျှတလွန်းသော ဟစ်တလာသည် အခြားသောမိန်းမအများနှင့် အလွန်အိနြေ္ဒရသော်လည်း Ergonomics ကွင်း နှင့်ဆိုလျှင် ပျားရည်ချောင်းစီးနေတတ်သည်ကို စာရေးသူသည် မျက်လွှာချလျှက် ငှက်ပျောသီးပေါင်မုန့်ကို အတင်းမြို့ချနေသည့်တိုင် မြင်နေလိုက်သေးသည်။

♫ ♥●••·˙ ˙·••●♥♫

Thursday, July 15, 2010

ရိုးရိုးလေး..

ပွင့်ပွင့်လင်းလင်း
လွတ်လပ်ခြင်းတွေ..
မပွင့်မလင်း
မလွတ်လပ်ခြင်းတွေ...
တုန်ယင်ဝိုးဝါး
မြိုသိပ်ထားမှုတွေ..
အမှားတွေ..
အမှန်တွေ...
ပုန်ကန်မှု..
သတ်မှတ်ချက်များ
ကစားပွဲတွေကြားမှာ..
ရင်ခုန်သံတေးသွားတစ်ပုဒ်နဲ့
လှုပ်ခတ်သံခပ်တိုးတိုး

မောင်.....

ရိုးရိုးလေးပဲ ချစ်တယ်။

(ရေးတာတခြား ထွက်လာတာတခြား.. မောင် ကဗျာများကို အတင်းကာရော.. အသက်ပြန်သွင်းနေသော.. အိပ်မရသောညများသို့..)

Saturday, July 10, 2010

ခု ညတော့ အိပ်နိုင်မယ် မထင်ဘူး

ခိုင်ထူး သီချင်းပါ..
တစ်ကယ်လည်း အိပ်မရဘူး။

ဘာလို့ဆို မနက်ဖြန် ဂျာမဏီ နဲ့ ယူရိုဂွိုင် (ဥရုဂွေး) တို့ တတိယနေရာကို လုမှာလည်းပါတယ်။
နွေရာသီရောက်လာပြီဆိုတော့ အလိုလို အူမြူးနေတာလည်း ပါပါတယ်။ ဒီမြို့လေးဟာ နွေရာသီဆို အလွန့်ကို သာယာလှပ နေချင့်စဖွယ်ပါ။ ဖြစ်နိုင်ရင် နွေရာသီကော ကမ္ဘာ့ဖလားကြီးကိုကော ပြီးဆုံးမသွားစေချင်ပါဘူး။ (အတ္တ.. အတ္တ)

အားကစားတွေကိုကြိုက်ပေမယ့် ဘောလုံးကတော့ တကမ္ဘာလုံးပါဝင်ပတ်သက်ဆင်နွှဲကြတော့ ပျော်ပွဲရွှင်ပွဲကြီးပါပဲ။ မြန်မာပြည်သာ ပါလို့ကတော့ ပျော်လိုက်မည့်ဖြစ်ခြင်း။ မြောက်ကိုရီးယားကစားသမား သူတို့ နိုင်ငံတော်သီချင်းဆိုရင်း ငိုချင်းချတာလောက်တော့ မလေးး အတွက် အပျော့ဖြစ်တော့မပေါ့။ အခုတော့ သက်ဆိုင်သော မြန်မာပြည်ကော ကနေဒါပါ ဘောလုံး မကောင်းသော တိုင်းပြည်တွေ ဖြစ်နေတော့တာပါပဲ..။ အရင်ဘ၀က ဆုမှားတောင်းခဲ့မိလားမသိပါဘူး။ ကိုယ်..ရောက်လေရာတိုင်းပြည်သည် ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်သော တိုင်းပြည်ဖြစ်ရပါလို၏......လို့။ ဟင်း..

ဒီည အိပ်မရတဲ့ တူတူ ဘလောဂ်တွေလည်း မရောက်တာကြာတော့ ဟိုသွားဒီသွားသွားရင် မောင်တွေဆီရောက်သွားပါတယ်။

ကိုဖြိုး (အဲဗာဂရင်းဖြိုး) ဆီရောက်တော့ တော်တော်လေး လွမ်းထားတာတွေ့တယ်။ သီချင်းလေးတောင် ပါလိုက်သေး..။ နောက် ကိုဏီ(ဏီလင်းညို) ဆီရောက်တော့လည်း ပိုလို့တောင် လွမ်းထားသေးတယ်။ သူတို့ ကဗျာတွေက အရမ်းကို လန်းနေတယ်။ ကဗျာတွေဖတ်နေချိန် တိုက်တိုက်ဆိုင်ဆိုင် နွေလေပူတွေကလည်း အပြင်မှာ တိုက်နေတော့ ငိုတောင်ငိုချင်သွားတယ်။ သွားတာကတော့ သူတို့ကို သွား စ မလို့ပါပဲ။ ဒါပေမယ့် သူတို့က အရမ်းတွေကြွေနေကြတော့ မစနောက် တော့ပဲ ခပ်တည်တည်နဲ့ ပြန်ခဲ့ရတာပါပဲ။ နောက်တော့ ဘ၀ဇတ်ခုံ (မောင်မျိုး)ဆီရောက်သွားတယ်။ မောင်လေးမျိုးဘလောဂ်ဖတ်ပြီးတော့ ဘုရားတ ပြီး ပြန်ထွက်လာခဲ့ရတယ်။ ဘုရား..ဘုရား..။ သွားဖတ်ကြည့်ကြပါ။ ရယ်လည်းရယ်ရတယ်။ သူများကို ကိုယ်ချင်းမစာတာ မဟုတ်ပါဘူး။ မောင်မျိုးလေး ရေးပုံဟာ ဟာသဓာတ် ပါလို့လည်းပါပါတယ်။

နောက် မိန်းကလေး ဘလောဂါတွေဆီရောက်တော့ အကုန်နီးပါးက အသွင်မတူတာတွေ..တူတာတွေနဲ့ အရမ်းကို ကြည်နူးစရာတွေ ရေးနေကြပါရော..။ ကိုယ့်ကိုလည်း အစ်မသီတာက တက်ဂ်ထားတော့ သူတို့ဘာတွေရေးလည်း လိုက်လေ့လာတာလည်း ပါပါတယ်။

အစ်မသီတာနဲ့ အစ်မတန်ခူးအကြောင်း အနည်းငယ်ပြောချင်ပါတယ်။
အဲ့အကြောင်းမပြောခင် အရင်.. အဒေါ်၂ယောက်အကြောင်းပြောပါမယ်။

အဒေါ်၂ယောက်ရှိတယ်။ ၂ယောက်လုံး ဒီကပါ။ တယောက်ကို အန်တီနီ လို့ခေါ်ပြီး တစ်ယောက်က ပိုငယ်လို့ မမဆွေ လို့ခေါ်တယ်။ တစ်သက်လုံး အဲသလိုပဲ ခေါ်လာတာ။ တစ်နေ့ အမျိုးတွေစုတော့ ကန်တော့ကြမယ်ဆိုတော့ အိမ်အောက်ဆင်းသွားတယ်။ အဲဒီမှာ အန်တီနီက မမဆွေကို ထိုင်ဦးချနေတာတွေ့တော့တာပါပဲ။
ထုံးစံအတိုင်း ငါတော့လုပ်ချလိုက်ပြန်ပြီ ဆိုပြီး ကိုယ့်ကိုကိုယ် တိတ်တိတ်လေးပြောပြီး သူတို့ကို ပါးစပ်လေးအဟောင်းသားနဲ့ ကြည့်နေတာပေါ့။

နောက်ဆုံး မနေနိုင်တဲ့အဆုံး.. ဘာလို့ မမဆွေကို အန်တီနီ က ဦးချ နေတာလည်း လို့ မေးလိုက်တယ်။
သူတို့က ခပ်တည်တည်ပဲလေ။ မမဆွေက အန်တီနီထက် ပိုကြီးလို့ပေါ့တဲ့..ကဲ။
အဲဒါကို ဘာလို့ မပြောလည်း၊ တစ်သက်လုံးပြောင်းပြန်ကြီးခေါ်နေခဲ့တာကို ဒီတိုင်းထားထားတယ်.. ဆိုတော့...
အကုန်လုံးသိတာကို..၊ တစ်ဦးတည်းက ထွင်ခေါ်နေတာထင်လို့တဲ့...။
ဟွန်း...

အခု အမ တန်ခူးတို့ဆီပြန်သွားပါမယ်။

ပြောချင်တာက အစ်မသီတာကို ငယ်ငယ်လေး(၂၀လောက်) ထင်ပြီး မသီတာ.. မသီတာ.. နဲ့ သူ့ပိုစ်တွေမှာ ကွန့်မင့်တွေ သွားသွားရေးတယ်။ အစ်မတန်ခူးကို မ...ဆိုပြီး ကဗျာဆန်ဆန်လေး ခေါ်တယ်။ တစ်နေ့ကျတော့ အစ်မသီတာရဲ့ မွေးနေ့ပိုစ်ကိုလည်းဖတ်လိုက်ရတယ်။ ပိုစ်အောက်မှာလည်း "မ" လို့ ခေါ်တဲ့ အစ်မတန်ခူးက "မသီတာ" လို့ ခေါ်တဲ့ အစ်မသီတာကို အစ်မ ဆိုပြီး ခေါ်ထားတာလည်းတွေ့ရော.. အားနာလိုက်တာဆိုတာ မပြောပါနဲ့တော့။

ဒါနဲ့ အစ်မသီတာကို.. "မသိလို့ မသီတာမသီတာနဲ့ ခေါ်ခဲ့မိတာ ခွင့်လွှတ်ပါ၊ မရိုမသေလုပ်တာ မဟုတ်ပါ.. မ" ဆို..တောင်းပန်ခဲ့ရတယ်။ အခု သူတက်ဂ်ထားသော ပိုစ်ကို ကမ္ဘာ့ဖလားကြီး ပြီးမှ ရေးပေးမယ်လို့ ပြေားထားရတယ်။
ခုချိန်မှာ ဒီဖလားကြီးကလွဲပြီး ဘာကိုမှ စိတ်မ၀င်စားဘူးဖြစ်နေလို့ပါ။

ဒီကြားထဲမှာ ဂျာမဏီမှရေဘ၀ဲလေးနဲ့ စင်္ကာပူမှ မိနီဆိုသော ကြက်တူရွေးတို့ရဲ့ နှိပ်စက်ခြင်းကိုလည်း ခံနေရပါသေးတယ်။့ မြန်မာပြည်မှ ရေမြင်းကြီးဆိုတာလည်း ရှိလိုက်သေးတယ်။

မလောင်းစဖူး တစ်ခါပဲလောင်းတာ ရှုံးလို့ ယူအက်စ်မှ သူငယ်ချင်းတစ်ဦးကို အိုင်ဖုန်းအကြွေးတင်နေသေးတယ်။ နောင်လေးနှစ်စောင့်ဦးဆိုတော့ ဘာတဲ့.. သံသရာဝဍ္ဍ်မကြောက်ဖူးလားတဲ့ (စာလုံးပေါင်းမှားမှန်းသိသော်လည်း.. ငိုက်နေပါသည် :P).. အဲသလိုချိန်းခြောက်ပါတယ်။ တစ်ကယ်ဆို နောင်လေးနှစ် ဒီထက်ကောင်းတဲ့ဟာတွေရမှာ သူမသိဘူး။
စင်္ကာပူက သူငယ်ချင်းတစ်ဦးကလည်း ၁၀၀၀ကြီးများတောင် နိုင်တာကို မသိဟန်ဆောင်နေပြီး တစ်ကယ်က ရှုံးနေကြောင်းနဲ့ ရေခဲကိုပြုတ်တစ်မျိုး၊ ကြော်တစ်ဖုံ စားနေကြောင်း သနားအောင် ပြောနေပါသေးတယ်။

နောက်ဆုံးတော့ ကိုအောင်(ပျုနိုင်ငံ)ဆီရောက်သွားတော့ သူ့ဆီဗုံးမှာ မနက်ဖြန် ကစားပွဲမှာ..ယူရိုဂွိုင်မှာ အလွန်ကောင်းတဲ့ တိုက်စစ်မှူးတွေပါလာမယ်ဖြစ်ကြောင်း ဆွေးနွေးထားတာတွေ ဖတ်ရတော့ ဂျာမဏီတွက် ပူပန်စိတ်တွေနဲ့ ပိုလို့ အိပ်မရတော့ပါဘူး..

ဂျာမဏီနိုင်ပါစေ..လို့ ဆုတောင် မတောင်းရဲတော့ဘူး...

အားပေးသမျှ အသင်းရှုံးချည်းနေလို့ပါကွယ်..။







Wednesday, July 07, 2010

ထင်းရူးနံ့သင်းသော ဧရာဝတီ


irr1.pngirr2.png
irr3.png
နှင်းရိပ်ရီဝေေ၀ကြားမှာ ငွေလက ခပ်တိုးတိုးသာနေသည်။ ထင်းရူးပင်ဖျားတွေက လရိပ်အောက်မှာ ငိုက်မြည်းနေသည်။ မီးဖိုချောင်ကြမ်းပြင်ပေါ်မှာ လရိပ်က အရည်ပျော်ငြိမ်သက်လို့..။ သူ.. သောက်လက်စရေခွက်ကို အိပ်ချင်မူးတူးဖြင့် ပန်းကန်ဆေးကြွေခွက်ထဲ ထည့်လိုက်စဉ် မီးဖိုတံခါးက ဖြည်းဖြည်းဖွင့်လာသည်။
"မအိပ်သေးဘူးလား..မောင်တောင် တရေးနိုးလာပြီ၊ ဆံပင်တွေလည်း နှင်းရည်တွေစိုလို့ပါလား"

"လသာလွန်းလို့ ထွက်ရိုက်တာ"

"အိပ်သင့်ပြီနော်၊ မနက်ကျ မထနိုင်ဘူးဖြစ်နေဦးမယ်"

"လူ့ဘ၀က တိုတိုလေး၊ လသာညတွေကလည်း ရေတွက်လို့တောင် ရလို့ပါ"

"ဆံပင်တွေအခြောက်ခံဦး၊ အိပ်ရေးတွေပျက်လို့လည်း မျက်တွင်းတွေ မည်းလာနေပြီ"

"ဟင်.. ဟုတ်လို့လား"

"ဟုတ်တယ်.. အနည်းဆုံး ခုနစ်နာရီတော့ အိပ်သင့်တယ်"
"တစ်နေ့ကို လူတစ်ယောက်က ခြောက်နာရီထက် ပိုအိပ်ရင်ဖြစ်ဖြစ် လျော့ပြီးအိပ်ရင်ဖြစ်ဖြစ် အသက်တိုတတ်တယ်တဲ့။ မောင်လည်း သတိထားဦး၊ တစ်ချိန်လုံး အိပ်ချည်းပဲ နေနေတာပဲ၊ အသက်တိုနေဦးမယ်နော်.. ဟွန်း"
ပြောပြောဆိုဆိုနှင့် သူမ.. အခန်းထဲ ၀င်သွားပြီး တံခါးကို ပိတ်သွားတော့ သူလည်း သူ့အခန်းထဲ ၀င်သွားတော့သည်။
%%%%%%%
နံနက်ခင်း နေရောင်ခြည်က တောက်လက်နေသည်။ စားပွဲပေါ်မှာ နံနက်စာပူပူနွေးနွေးက စားပွဲပေါ်မှာ အဆင်သင့်။ သူ... ကော်ဖီကိုငှဲ့အပြီး အိမ်ရှေ့တခါးက ညင်ညင်သာသာပွင့်လာသည်။ အားကစားဝတ်စုံနှင့် သူမ၏ ကောက်ကြောင်းတို့ နေရောင်ခြည်ကြားက တစ်ချက်လှမ်းကြည့်လိုက်သည်။ မီးဖိုချောင်ကောင်တာပေါ်က သူမအတွက်အဆင်သင့်ကော်ဖီခွက်ကို ယူပြီး သကြားဗူးနားကို သူမ ကပ်သွားသည်။ တစ်ဇွန်း၊ နှစ်ဇွန်း၊ သုံးဇွန်း...။
"တော်လောက်ပြီထင်တယ်။ ဒီလောက် သကြားတွေသောက်နေတာ၊ နည်းတဲ့သကြားတွေမဟုတ်ဘူးစားတာ၊ ဒီကြားထဲ ဟင်းသီးဟင်းရွက်ကလည်း စားတာသိပ်နည်းတယ်.. antioxidant များများစားရတော့မယ်လို့ ပြောနေတယ်"
သူမ ဘာတစ်ခွန်းမှ ပြန်မပြောဘဲ ငုတ်တုပ်ထိုင်ပြီး ကော်ဖီကို ငုံ့သောက်နေသည်။

"ရော့.. ဒီမှာ မုန်လာဥနီစား"

"......................"

"ဘယ်တွေရောက်ခဲ့လည်း၊ ပန်းခြံဘက်သွားတာလား၊ ပင်လယ်ဘက်ကိုသွားတာလား"

သူမ ခေါင်းခါသည်။ စကားပြန်မလာ။

"ညက ကားဆီဖြည့်ထားပေးတယ်နော်.. အဆင်ပြေတယ်မဟုတ်လား"

"အင်း"

စကားသံ ပလုံးပထွေးထွက်လာသည်

"ထမင်းကြော်စားလေ.."

"ဟင့်အင်း"

သူမ မျက်ဝန်းတွေကို အမိအရ လိုက်ဖမ်းတော့ မျက်ရည်က ၀ဲနေပြီ။

"ဘာဖြစ်နေရတာလည်း"
"သကြားစားတာ ဘာဖြစ်လည်း၊ တစ်နေ့ကို ၂ဇွန်းလောက်ပဲစားတာကို..၊ မုန်လာဥနီနဲ့ မတည့်ပါဘူး၊ လည်ပင်းထဲက သွေးတွေထွက်လာပါတယ်ပြောတာလည်း ဒီမုန်လာဥနီကိုပဲ စားခိုင်းနေတာ..။ နောက်ပြီး လူကို ကောင်းကောင်းပြောပါဆိုလည်း မပြောဘူး။ ဒီလို အသံကျယ်ကြီးနဲ့ အော်တာလည်း မကြိုက်ပါဘူးလို့ ပြောထားတယ်။ မောင်.. ကျမ နေ့သစ်ကို ဖျက်ဆီးလိုက်ပြီ"
"အာ........ဘယ်မှာများမင့်နေ့သစ် ဖျက်ဆီးမိလိုက်ရပြန်ပြီလည်း... ဘာမှကို မပြောရသေးပါလားကွာ၊ စိတ်ကလည်း နုလိုက်တာ၊ ဒီလောက်လေးမှ ပြောလို့ မရရင် မဟုတ်သေးဘူးထင်တယ်နော်"
"မောင်ကျတော့ကော ဘာလေ့ကျင့်ခန်းမှ မလုပ်ဘူး။ လာ.. လာခဲ့ အခုလာလုပ်"

"မလုပ်ပါရစေနဲ့ဦးကွာ... ကော်ဖီလေးတော့ သောက်ပါရစေဦး"

"မရဘူး။ လာခဲ့ ဒီလိုလုပ်ကြည့် ဘယ်လောက်ပျော့လည်းကြည့်မယ်၊ အခုလို ခြေဖျားကိုထိလား လာလုပ်"

"................"
"ဟင်း.. ဒူးခေါင်းတောင် ကျော်အောင် မလုပ်နိုင်ဘူး။ သူကျတော့ ဘာလေ့ကျင့်ခန်းမှ မလုပ်ဘူး။ အကြောတောင် ကောင်းကောင်းမလျော့တတ်ပဲနဲ့"
"ဟေ့ဟေ့.. မောင် လေ့ကျင့်ခန်း မလုပ်ပေမယ့် ကျန်းမာရေးနဲ့ ညီညွှတ်တာတွေ စားတယ်နော်၊ မင်းသာ.. သကြားတွေစွတ်စားနေတာ"
သူ သတင်းစာကို ငုံ့ဖတ်ရင်း ကော်ဖီသောက်နေစဉ် သူမ ထမင်းစားပွဲမှ ပျောက်သွားပါတော့သည်။ ဒီအချိန်ဆိုရင် အခန်းထဲမှာအောင်းပြီး မျက်ရည်ဝဲနေလောက်ပြီကို သိတော့ သူ သက်ပြင်းအသာချမိသည်။
သူမအိပ်ခန်းတံခါးကို အသာတွန်းဖွင့်ဝင်လိုက်တော့ မွှေးပျံ့နေသော သူမအခန်းလေးက ဆီးကြိုနေသည်။ သူမကို စာအုပ်တွေနှင့်သတင်းစာတွေကြားမှ ငုတ်တုပ် တွေ့ရသည်။
"ရုပ်ရှင်သွားကြည့်မလား..."

"နိုး"

ဂျစ်ကန်ကန်နှင့် သူမကို သူ စိတ်တိုချင်လာသည်။

"လာပါကွာ.. သွားမယ်။ အပြင်မှာ အရမ်းသာယာတယ်..."

သူမ ပြူတင်းပေါက်အပြင်ကို တစ်ချက်လှမ်းကြည့်ပြီး မျက်နှာလေးက ချက်ချင်းပြုံးသွားသည်။

"သွားလေ.. မောင်သာပြီးအောင် အရင်လုပ်၊ အချိန်အရမ်းမဆွဲနဲ့နော်.... ကျမက အခုကို ကောက်ထသွားလို့ရတယ်"
ရုပ်ရှင်ရုံထဲမှာ လူသံတွေဆူညံနေသည်။ နံရံပေါ်က အရုပ်ကားချပ်တွေကိုကြည့်ရင်း ဘယ်ရုပ်ရှင်ကြည့်ရင် ကောင်းမလည်းဟု ဆုံးဖြတ်ရခက်နေကြသည်။
"မောင်ကြိုက်တဲ့ ဒရာမာဖြစ်မယ်ဒီကားက.. ဒါပဲကြည့်လိုက်ကြမယ်လေ..နော်"
"မင်းမကြိုက်ဘူး မဟုတ်လား၊ မင်းကြိုက်တဲ့ ဒီ alien ကားတွေပဲ ကြည့်ပါကွာ..၊ မောင်က အဲသလို သဘာဝကိုလွန်တဲ့ ယုတ္တိမတန်တဲ့ ကားတွေကို မကြိုက်ဘူး"
"ကျမကတော့ ယုတ္တိသိပ်ဆန်လွန်းပြီး တစ်လလောက် ရင်ထဲစွဲနစ်ခံစားနေရမယ့် ကားမျိုးတွေကို မကြည့်ချင်ဘူး။ ပြီးရင် အကြာကြီး စိတ်ကကောင်းမှာ မဟုတ်ဘူး၊ alien ကားတွေကလည်း ယုတ္တိမကျဘူးလို့ ဘယ်လောက်များငြင်းချက်ထုတ်နိုင်မှာလည်း။ သူ့အတိုင်းအတာနဲ့သူ ယုတ္တိရှိတတ်ပါတယ်။ တစ်ခါတစ်ခါမှာ လူ့သဘာဝတွေကို ပိုတောင်မြင်ရတတ်သေးတယ်။"
"မင်းကြိုက်တဲ့ ဒီalien ကားပဲကြည့်တော့..."

"ဟင့်အင်း.. ဒရာမာပဲကြည့်တော့...."

"မောင်.. သိပ်စိတ်မပါဘူး"

"ကျမလည်း စိတ်မပါဘူး"

"ကမ်းစပ်သွားထိုင်မလား..."

"အင်း.. သွားမယ်"
ပင်လယ်ကမ်းစပ်မှာ လှိုင်းရိုက်ခတ်သံတွေကို ကြားနေရသည်။ အတိတ်ထဲမှာ စိတ်တူကိုယ်တူ နစ်မျောနေတတ်ကြသော လူနှစ်ယောက် အေးမြသော ပင်လယ်လေကို ရှုရှိုက်နေကြသည်။ အတိတ်ထဲမှာ ကျင်လည်တတ်ကြသော၊ အတိတ်ကို လွမ်းဆွတ်တတ်ကြသော သူနှင့်သူမ၏ စကားဝိုင်းများ၊ ငြင်းခုံဆွေးနွေးပွဲများသည် ပစ္စုပ္ပန်များ၊ အနာဂတ်များနှင့်ရောယှက်ကာ အရောင်တလက်လက် တောက်ပနေတတ်သေးသည်။
အကြောင်းအရာတစ်ခုကို နှုတ်အားဖြင့် ချက်ကျလက်ကျရှင်းပြရန် အလွန်ကြာတတ်သော၊ လိုရင်းမရောက်နိုင်သော သူမနှင့် ရေလည်အောင် ရှင်းပြပြောဆိုတတ်သော သူ။ မျက်နှာခေါင်းငုံ့နေလျှက်က ပတ်ဝန်းကျင်မှာ အပ်ကျသည်ကို သိသော သူမနှင့် မျက်လုံးပြူးကြည့်နေတာတောင် ဆင်တစ်ကောင်ဖြတ်သွားတာ မသိလိုက်တတ်သော သူ။ (စိတ်တိုချိန်များမှလွဲပြီး) အလွန် နှုတ်အေးသော သူမ နှင့် နှုတ်သွက်သောသူ။ မြိုသိပ်ခံစားတတ်လွန်းသော သူမနှင့် ပွင့်လင်းသော သူ တို့.. ပင်လယ်ကမ်းစပ်မှာ ထိုင်ပြီး ရောက်တတ်ရာရာတွေကို နာရီပေါင်းများစွာ မပျင်းမရိပြောဆိုတတ်ကြသေးသည်။ နှစ်ဦးစလုံးကတော့ သာမန်လူများထက်စာလျှင် အေးသည်ဟု ဆိုကြသော်လည်း သူတို့နှစ်ဦး စိတ်ဆိုးချိန်များတွင်တော့ ပြူတင်းပေါက်မှ ခုန်ပျံထွက်လာတတ်သော စာအုပ်များ၊ သတင်းစာများ၊ ဖိုင်တွဲများ၊ ယုတ်စွအဆုံး လက်ကိုင်ဖုန်းများနှင့် လက်ပ်တော့ပ်များကိုပါ အိမ်နောက်ဖက် မြက်ခင်းပြင်ပေါ်မှာ တွေ့ရတတ်ပေသည်။
"ပြောပါဦး..."

"ဟင်.. ဘာပြောရမှာလည်း၊ ဒီလောက်ပြောပြီးပြီ..."

"ရုံးမှာ အခုဘာတွေဖြစ်နေလည်း .."
"ဖြစ်ဘူး.. ပြောနိုင်တော့ဘူး.. မောတယ်။ မောင်ဟာ အရမ်းပြောနိုင်တာပဲနော်.. အဘိုးကြီးဖြစ်ရင် ဘယ်လိုနေမလည်းမသိဘူး။ ကျမ အဲ့လောက်စကားတွေ မပြောနိုင်ဘူး"
"ခုနကပြောတဲ့ ရုံးကိစ္စပြန်ပြောပါဦး... အဲ့ဒါအရေးကြီးတယ်"

"ပြောပြီးပြီလေ.."

"မရှင်းဘူး မင်းပြောတာ... လိုရင်းမရောက်ဘူး"

"ဖိုင်း... စာရေးပြီးပဲပြောမယ်"

"ကောင်းတယ်.. မင်းက စာရေးရင် သိပ်တော်... အဲ....မဆိုးပါဘူး..."

"ဟုတ်ကဲ့၊ မဆိုးဘူး...အဆင့်"

"ဒီလိုပေါ့ကွာ.. ကိုယ့်လူဆိုတော့ နှိမ်ထားတာ.... ဟဲဟဲ"

"ဟင်းဟင်းး... "

သူမ ခပ်တိုးတိုးရယ်လိုက်ပြီး အသက်ကို ခက်ခက်ခဲခဲ ရှိုက်ရှုလိုက်သည်

"နေကောင်းရဲ့လား.. ပြန်မလား"

စိုးရိမ်မှုတွေလျှံထွက်သွားသော မျက်လုံးများနှင့် သူကကြည့်ရင်း မေးလာသည်။

"မပြန်ဘူး... ရတယ်.. နေချင်သေးတယ်.."

သူမအသံတွေက တိုးတိုးဝင်လာသည်။ ပင်လယ်ဘက်မှ လေပြင်းများက တ၀ုန်းဒိုင်းဒိုင်းနှင့်။
%%%%%%%
တိတ်ဆိတ်သော အခန်းကျဉ်းကလေးထဲက ကုတင်တစ်လုံးပေါ်မှာ သူမ လှဲလျောင်းနေသည်။ သူမ ဆံပင်တွေက နဖူးစပ်မှာ ငွေရောင်သန်းနေသည်။ အပြင်မှာ မြူတွေဝေ့၀ဲနေသည်။ ညနေခင်းနေရောင်ဖျော့ဖျော့က အခန်းထဲကို ထိုးကျနေသည်။ သူက ကုတင်ဘေးမှာ ထိုင်ပြီး သူမလက်ကလေးကို ဆုပ်ကိုင်ထားသည်။ သူမ ကုတင်ဘေးမှာ သမီးနှင့်သားနှစ်ယောက်က မတ်တပ်ရပ်ပြီး စိုးရိမ်သည့် မျက်လုံးများနှင့်ကြည့်နေသည်။ သမီးက သူမလိုပဲ အရပ်ရှည်သည်။ ဆံပင်တွေကတော့ သူမလောက် မသန်စွမ်းပေမယ့် ပျော့ပျော့လေးတွေနှင့် ကြည့်ကောင်းသည်။ မျက်ဝန်းတွေကတော့ ရွဲလုံးကြီးတွေအလား လှပလွန်းသည်။ နှုတ်ခမ်းတွေက နီရဲစိုမွတ်နေသည်။ သူမ အပျိုတုန်းကတော့ ထက်မြက်သော၊ မိန်းမပီသသော၊ ထမင်းဟင်းချက်တော်သော၊ ရုပ်ရည်အဆင့်အတန်းထက် စိတ်ဓာတ်အဆင့်အတန်းမြင့်မားသော၊ အရပ်ရှည်ရှည် အသားညိုညို ဆံပင်ရှည်ရှည် သမီးခုနှစ်ယောက် လိုချင်ခဲ့ဖူးသည်။ တစ်ကယ်တမ်း သားနှစ်ယောက်နှင့်သမီးတစ်ယောက်ရလာတော့လည်း သူမ ကျေနပ်မိသည်ပါပဲ။ သမီးကလေးကချစ်စရာကောင်းသလောက် သားတွေကလည်း အချိုးကျနစွာ၊ ယောင်္ကျားပီသစွာ ချောသည်။ သားတွေကော သမီးကော သူမ နှင့် ပိုပြီးတူသည်ကို သူမ ဂုဏ်ယူနေမိသည်။
"သမီးနဲ့သားတို့ အပြင်ခဏသွားနေနော်.. မေမေ ဖေဖေ့ကို မှာစရာရှိလို့"
သားသမီးများက အခန်းအပြင်ဘက်ကို လေးတွဲ့စွာ ထွက်ခွာသွားသည်။ သူမကုတင်ပေါ်မှာ ခေါင်းဦးနှင့် မှီပြီးထိုင်နိုင်ရန် သူက ကူညီပေးသည်။ သူမ သူ့လက်ကို ဆုပ်ကိုင်ထားသည်။
"မောင်... ကျမသေရင်လေ... ၀မ်းနည်းတဲ့ပွဲထက်.. ပျော်ပွဲရွှင်ပွဲလုပ်ပေးနိုင်မလားဟင်..."

"တော်ပါတော့ကွာ..."

"မဟုတ်ဘူး... ကျမပွဲကို ပျော်ပွဲရွှင်ပွဲလုပ်ပေးပါနော်... နောက်ပြီး Casablanca သီချင်းလည်း ဖွင့်ပေးပါ.."

".............."
"နောက်ပြီး...... နောက်မိန်းမယူမယ်ဆိုရင်.. နောက်မိန်းမ ပြောစကားထက် ကလေးတွေစကားကို အလေးအနက်ထားပါ။ ကလေးတွေကို ပိုယုံပါနော်..."
"မဟုတ်တာတွေ မပြောစမ်းပါနဲ့ကွာ..."

"အဟင်း... ယူချင်နေတယ် မဟုတ်လား..."

သူမ သူ့ကို အပြောင်အပျက်ပြောတော့ မျက်ရည်စိုသော မျက်ဝန်းတွေနဲ့ မချိပြုံး သူပြုံးသည်။

"ပြောပါ.. ကတိပေးပါ။ နောက်မိန်းမစကားထက် ကလေးတွေစကားကို ယုံမယ်လို့...."

"ဟာကွာ......... ကျွတ်..."

"မောင်...ပြောပါ ပလီစ်း"

"အေးကွာ...ယုံပါ့မယ်ကွာ.."

"နောက်ပြီး... ကျမပိုင်ဆိုင်တဲ့ ပိုင်ဆိုင်ခြင်းနည်းနည်းကလေးကို နောက်မိန်းမ လက်ထဲ မပါစေနဲ့နော်.. အထူးသဖြင့် သမီးကို ပေးပါ။ "

"..........."

"နောက်.. ဖြစ်နိုင်ရင်လေ... ကျဉ်းမြောင်းတာတော့ မဟုတ်ဘူး။ မြန်မာတွေနဲ့ပဲ လက်ဆက်စေချင်တယ်..နော်...မောင်"

"..........."

"မောင်.....ပြောလေ"

"အင်းပါကွာ.... စိတ်ချပါ"
"ကျမ ဟိုမှာ ခေါင်းမချနိုင်တော့တာ ကျမသိပါတယ်။ နေရာဆိုတာ ပညတ်ချက်တွေပါလို့ပဲ ကိုယ့်ကိုကိုယ်ဖြေသိမ့်ရတော့မှာပေါ့မောင်....။ ကျမ အရိုးပြာကို တစ်ဝက်ကို ဒီမှာမြုပ်နှံပြီး တစ်ဝက်ကို ဧရာဝတီမြစ်ပေါ်မှာ ကြဲချပေးပါနော်....မောင်"
"........................."

"မောလိုက်တာ မောင်ရယ်... ကျမ ခဏအိပ်ဦးမယ်နော်...."
%%%%%%%

ထိုနေရာမှာ... ရေစီးညင်သာနေသည်။ ကမ်းပါးမှ သဲဖြူဖြူတို့ မြစ်ထဲကို ပြိုပြိုကျသွားသည်။ ၀ါးဖောင်တွေ နားမှာ ဇင်ယော်ငှက်တွေပျံဝဲနေသည်။ တောင်တန်းတွေပေါ်က ထုံးဖြူဖြူစေတီတွေဆီက ဆည်းလည်းသံတွေကို ကြားနေရသည်.....။

ထိုနေရာမှာ ရှဉ့်ကလေးတွေ၊ ရော်ဘင်ငှက်ကလေးတွေ ခုံဆွခုံဆွ သွားနေသည်။ မြေကွက်လပ်လေးတစ်ခုပေါ်မှာ ပန်းဖြူဖြူကလေးတွေ ဝေနေပြီး ထင်းရူးပင်ပေါ်မှာ ဆည်းလည်းလေးတွေ လှုပ်ခတ်နေသည်။ ခပ်လှမ်းလှမ်းတောအုပ်ထဲက စမ်းရေကျသံကို ကြားနေရသည်။ ညနေခင်း လေပြေထဲမှာ အဝေးက ဘုရားကျောင်းခေါင်းလောင်းသံက သာယာစွာ စီးမျောလာနေပါတော့သည်။
%%%%%%%
အစ်မသီတာတက်ဂ်သော "အသွင်တူ၏ မတူ၏..." ကို ရေးဖွဲ့ပါသည်။





Monday, July 05, 2010

ချစ်တဲ့ ခရေ...

ခရေပင်လမ်းလေး

လွမ်းတယ်....
အလွမ်းနဲ့ အတ္တညတွေထဲက.. 
ဆုံးရှုံးမှုတွေနဲ့ အောင်မြင်ခြင်း ညတွေထဲက...
ပြန်မရနိုင်တော့တဲ့ ခရေ.....


လွမ်းတယ်....
ရင့်ကျက်လာမှုနဲ့ ကလေးဆန်ဆဲနေ့တွေထဲက..
ကွယ်ဝှက်မှုတွေနဲ့ ဖွင့်ဟမှုတွေကြားက..
အဝေးကြီးဝေးခဲ့တဲ့.. ခရေ....

လွမ်းတယ်...
ဖြူစင်မှုနဲ့ ညစ်နွမ်းမှုတွေထဲက...

ချစ်သူကြောင့်....
ရင်နာမှုနဲ့ ကြည်နူးခြင်း နေ့တွေကြားက
ဥပေက္ခာပြုခဲ့တဲ့... ခရေ....

  
                                                                                       သေဆုံးချိန်တိုင်အောင်....
                                                                                       သတိရသွားတော့မယ်.....ခရေ....



























Mimusops elengi

Saturday, July 03, 2010

အိမ့်ချမ်းမြေ့၏ အဖိုးတန်ရှေးဟောင်းပစ္စည်းများ

လာလည်တဲ့ လူနည်းစု မောင်နှမတွေကို ချစ်ခင်လွန်းအားကြီးလို့ ဘယ်သူတွေနဲ့မှ မဝေမျှသောအရာတွေကို ဝေမျှတာပါ..
အခု... မလေး အိမ်ပြောင်းနေတယ်..
ကမ္ဘာ့ဖလားကြီးကိုလည်း သမိုင်းပေးတာဝန်အရ ကြည့်ရသေးတယ်..
ဆိုတော့....
လူလည်း လူရုပ်တောင် မပေါ်တော့ပါဘူး..
အခု အိမ်အောက်ဆင်းတယ်.. အိမ်အောက်မှာ မလေးစုစောင်းထားသော ရှေးဟောင်းပစ္စည်းအမွေအနှစ်တွေ ထွက်လာတယ်...
နည်းတာမဟုတ်ဘူး...



ဟုတ်ကဲ့... တစ်အိမ်လုံး စာအုပ်ချည်းပါပဲ... အဲဒါအကုန်လားဆိုတော့ မဟုတ်ပါဘူး.. ကားဂိုဒေါင်ထဲမှာ နောက်ထပ် ၁၅ဗုံးရှိပါသေးတယ်.. သတင်းစာအဟောင်းကအစ၊ မဂဇင်းအဟောင်းအဆုံး.. အကုန်ရှိပါတယ်။
 စိန်ရွှေကိုကြိုက်သူဟာ စိန်ရွှေစုတဲ့တွက်.. စိန်ရွှေရမယ်တဲ့... မလေးရဲ့.. မေမေပြောတာပါ....
မလေးကလား.........စာအုပ်တွေကြိုက်ပါတယ်.. အရမ်းကိုကြိုက်ပါတယ်.. ဒီတော့.. အရမ်းချမ်းသာပါတယ် (စာအုပ်တွေ)


ဒါတွေကတော့ တိုလီမုတ်စ.. ခဲတံ၊ ခဲဖျက်၊ ဘောပင်၊ ရောင်စုံဘောပင်.. ပန်းချီစုတ်တံ.. ၀တ္ထုကုန်ကြမ်း.. အဆုံးစွန်ပြောရမယ်ဆိုရင်တော့ ရည်းစားဟောင်းများပေးထားသော ကဒ်ပြားတွေကအစ (မြန်မာပန်းချီလေးတွေလှလို့.. ဖိနပ်ဗုံးထဲမှာ (ခွင့်လွှတ်ကြပါ..)

အောက်မှာဆက်လက်ကြည့်ရှုပါ...

Wednesday, June 23, 2010

ဤမှန်သော သစ္စာကြောင့်

သခင်…
ညနေခင်း ပုဇွန်ဆီသွေး
လေပြေနွေးထဲ လွင့်တက်နေတဲ့
သခင့်ရဲ့ ဆံနွယ်ထက်က
ရေစက်လေး တစ်စက် ဖြစ်ချင်ခဲ့သူပါ..

သခင်…
သိပ်ချစ်တယ်… လို့
အခါခါ ပြောခဲ့ဖူးတဲ့
နူးညံ့တဲ့ သခင့်နှုတ်ခမ်းပါးအစုံထက်က
ဝတ်မှုန်လေး ဖြစ်ချင်ခဲ့သူပါ…

သခင်….
သခင့်လက်ကို ဆုပ်ကိုင်လို့
ဘ၀ကြမ်းအမော..
တမ်းတနွမ်းရှိုက်
ပန်းမခိုက်တဲ့လမ်းလဲ
လှမ်းလိုက်ဖို့ အဆင်သင့်ဖြစ်ခဲ့ဖူးသူပါ…

သခင်ရယ်…
သခင့်နှုတ်က "ချစ်တယ်" ဆိုတဲ့စကား
အကျွန့်တစ်ယောက်တည်း အတွက်ရယ်လားလို့....
ယုံစားမိတဲ့အမှားကြောင့်
အကျွန့်မျက်ရည်တို့
တိတ်တခိုးနဲ့ မရပ်မနားစီးတဲ့ စမ်းရေလို
ပြိုခဲ့ရတဲ့ သူပါ...

ဤမှန်သော သစ္စာကြောင့်
ဘ၀အဆက်ဆက်..
သခင်နဲ့ ဘယ်သောခါမှ……
မဆုံရ၊ မကြုံရ
သခင့်ဖြစ်တည်မှုကိုလေ
မသိရ၊ မကြားရသောသူ
ဖြစ်ရပါလိုပါ၏ သခင်....။

၂၀၀၉ 

Tuesday, June 15, 2010

နေပြည်တော်နန်းတော်..တဲ့


ဟိုတစ်လောက ဖောဝါဒ်မေးလ်ထဲမှာ နေပြည်တော်နန်းတော်ရဲ့ပုံတွေဆိုပြီး ရတယ်..
ပုံတွေကိုကြည့်ပြီး ပတ်ဝန်းကျင်ကလူတွေကတော့ မကျေနပ်သူနဲ့.. ဒေါသတွေထွက်သူနဲ့. စုံနေတာပါပဲ။
ဒါပေမယ့် ပုံတွေကို စမြင်ကတည်းက စိတ်ထဲမှာ skeptical...ဖြစ်နေမိတယ်။
ဒါဟာ နိုင်ငံခြားမင်းသမီး သို့မဟုတ်.. မင်းသားတစ်ယောက်ယောက်ရဲ့ မီလျှံဒေါ်လာ အိမ်ပဲလို့ စိတ်ကကိုသိနေသလို...။

နောက်တစ်ခုက ပုံတွေထဲက နံရံတွေပေါ်က ပန်းချီကားတွေဟာ သံသယကိုပိုကြီးထွားစေတယ်..
နေပြည်တော်/မြန်မာ့ယဉ်ကျေးမှု စတာတွေနဲ့ ပတ်သက်မှုလုံးဝမရှိဘူး။

ဒါနဲ့ .. ဟိုနှိပ်ဒီနှိပ်တွေလုပ်ရင်း ထွက်လာတော့တာပါပဲ...။
အင်းဒီးယန်းရုပ်ရှင်မင်းသား Shah Rukh Khan ရဲ့ အိမ်ကို နေပြည်တော်နန်းတော်ဆိုပြီး တင်ထားတာပါပဲ..။
Original link ကတော့

http://getinterestingfacts.blogspot.com/search/label/Shah%20Rukh%20Khan%20house%20pics
http://blog.pkp.in/2009/06/shahrukh-khans-residence-mannat.html

Shah Rukh Khan ရဲ့ အိမ် ဆိုတာတောင် ယုံရခက်ပါတယ်...
မောင်မျိုး...သို့မဟုတ်.. ကိုဖြိုးအိမ်တောင်ဖြစ်နိုင်တယ်.. :D







Sunday, June 13, 2010

NoScript

ဒီဆိုက်လေးမှာ စာလေးတွေတင်ဖို့ Posting, New Post ကိုလာတိုင်း waiting for google-analytics ဆိုတာကြီးပေါ်ပြီး စာမျက်နှာက ဘယ်မှကိုဆက်မသွားတော့တာ တစ်ပတ်လောက်ကိုရှိနေပြီ။ လူသူအရောက်အပေါက်နည်းတဲ့ ဒီနေရာလေးမှာ ပေ့ခ်ျတွေအလုပ်မလုပ်ပါဘူးဆိုမှ.. တင်ချင်တဲ့ပိုစ်တွေဆိုတာလည်း စုံနေတာပဲ.. ။ စိတ်ကူးလေးတွေဆိုတာလည်း စီရီလို့...။ ကမ္ဘာ့ဖလားအကြောင်းလေးတွေ မှတ်စုအနေနဲ့တင်ရန်လည်း အတွေးတွေစုံလို့...။ ဒါပေမယ့် လော့အင်ဝင်ပြီး စာမျက်နှာတစ်ခုကိုနှိပ်တိုင်း waiting for google-analytics ကြီးက စိတ်ကိုတော်တော်လေး ဒုက္ခပေးနေတယ်..။

ပန်းချီဆွဲရန်၊ စာဖတ်ရန်နဲ့ စာရေးရန်.. မက်ပီကစားရန် ကလွဲလို့ ကွန်ပြူတာဆိုတာကို အလွန်ကိုကျွမ်းကျင်သော အိမ်ချမ်းမြေ့မဟုတ်ပါလား.. ဒါနဲ့ ဂူဂဲလ်မှာ


Why does "waiting for google analytics" show on bottom of browser ...

How do I get google anylitics to stop making my slow connection

အဲလိုတွေရှာပြီး ထိုင်ဖတ်.. Adblock extension တွေတပ်.. သူတို့ပြောသလိုလုပ်.. တစ်ခုမှ အဆင်ကမပြေသော်လည်း google anylitics နဲ့ပတ်သက်ပြီး တသီကြီးသိလိုက်ရတယ်။ တသီကြီးသာသိလိုက်တာ.. waiting for google analytics ဆိုတာပျောက်မသွားပါဘူး။ ဘလောဂ်မှာလည်း ဘာမှကိုတင်လို့မရပါဘူး။ ဘာလို့ဆို..google analytics ရဲ့ကန့်လန့်ကာနောက်ကွယ်က အကြောင်း တွေကို သိသာသိလိုက်တာပါ..  ဘာတွေမှန်းတိတိကျကျကို တစ်လုံးမှ နားမလည်ဘူးလေ..။ အဟွန်း....

နောက်ဆုံးတော့ http://noscript.net/ ကို ဒေါင်းလုပ်ချလိုက်တာ ရုတ်တရက်အကုန်လုံးကို အဆင်ပြေသွားရုံမက ကွန်ပြူတာလည်း အရမ်းမြန်သွားတော့တာပါပဲ။

အချို့တွေကတော့ noscript က ကွန်ပြူတာကိုနှေးစေတယ်လို့ဆိုကြတယ်။ ဒါပေမယ့် ကျမတော့ သူနဲ့လောလောဆယ် အရမ်းအဆင်ပြေနေပါတယ်။


ဒီဘလောဂ်လေးလည်း ပြန်ဝင်လို့ရပြီ.. 
အဲ.....

ပြန်ဝင်လို့ရပြန်တော့လည်း ဘာမှကိုရေးချင်စိတ်မရှိတော့ပြန်ပါဘူး။
အဲဒီတော့  NoScript အကြောင်း ကိုယ့်ဟာကိုယ်ပဲ မှတ်စုလေးရေးလိုက်ပါတော့တယ်.. 

Thursday, May 27, 2010

ကိုယ့်ကို မေ့မသွားပါနဲ့

ပုံပြင်(၁)

တစ်ခါက ပန်းဥယာဉ်ကြီးတစ်ခုထဲမှာ ပန်းတွေကို ဖန်ဆင်းရှင်သန်ကြီးထွားစေတဲ့ ဥယာဉ်မှူးဟာ သူ့ပန်းပင်ကလေးတွေကို တစ်ပင်ချင်းစီ အမည်နာမ သတ်မှတ်ပေးတယ်တဲ့။ ပန်းပင်၊ သစ်ပင်တွေကို အမည်နာမပေးပြီးသွားလို့ ဥယာဉ်ကြီးထဲမှာ ထိုင်နေတုန်း.. ခပ်လှမ်းလှမ်းထောင့်တစ်နေရာက သေးငယ်တဲ့ အပြာရောင်ပန်းကလေးက ဥယာဉ်မှူးကို တိုးတိုးလေး လှမ်းပြောလိုက်တယ်တဲ့…
"ငါ့ကို မေ့မသွားပါနဲ့….."


ပုံပြင်(၂)
ဟိုးတစ်ခါတုန်းက ဘုရင့်တပ်ကစစ်သားလေးတစ်ဦးနဲ့ သူ့ရဲ့လေဒီတို့ဟာ မြစ်ကမ်းနဖူးမှာ လမ်းလျှောက်ထွက်လာကြတယ်။
မြစ်ကမ်းနဖူးပေါ်မှာတော့ အပြာရောင်ပန်းသေးသေးလေးတွေဟာ အစီအရီပေါက်နေကြတာပေါ့။ စစ်သားလေးဟာ သူ့မိန်းကလေးကိုပေးချင်လို့ ကမ်းစပ်က ပန်းတွေကို လှမ်းခူးယူလိုက်တယ်။ အဲဒီမှာ.. ရင်ဘတ်ကသံချပ်ကာရဲ့ အလေးချိန်ကြောင့် သူဟာ ပန်းတွေတပွေ့တပိုက်နဲ့ မြစ်ရေထဲကို ကျသွားတယ်တဲ့ကွယ်..။ ဒါတောင်မှ လက်ထဲက ပန်းတွေကို သူ့မိန်းကလေးဆီရောက်အောင် လှမ်းပစ်ပေးလိုက်ပြီး ရေစီးနဲ့အတူမျောပါသွားခဲ့တယ်။ စစ်သားလေးပျောက်ကွယ်မသွားခင်မှာ သူ့မိန်းကလေးကို သူအော်ပြောခဲ့တယ်…။
"ကိုယ့်ကို မေ့မသွားပါနဲ့…။"


ပုံပြင်(၃)
တစ်ခါတုန်းက သခင်ယေရှုကလေးဘ၀တုန်းက သူ့မိခင်မာသာမေရီရဲ့ ရင်ခွင်ထဲမှာခွေပြီး သူ့မိခင်မျက်လုံးတွေကို ငေးကြည့်နေတယ်။ အမေ့ရဲ့မျက်လုံးတွေကို နောင်လာနောက်သားတွေကို သားမြင်စေချင်လိုက်တာ အမေလို့ ပြောပြီး မာသာမေရီရဲ့မျက်လုံးတွေကို လက်ကလေးနဲ့ထိလိုက်တယ်။ ပြီးတော့ လက်ကလေးကို မြေပြင်ပေါ်ကို ဝှေ့ယမ်းလိုက်ချိန်မှာ အပြာရောင်ပန်းကလေးတွေဟာ မြေပြင်ပေါ်မှာ အစီအရီပေါ်လာတယ်တဲ့ကွယ်…။
ပုံပြင်(၄)


forgemenot2.gif

forgetmenot4.gif
ကိုယ့်ကိုမေ့ မသွားပါနဲ့ကွယ်..
ဘာရယ်မဟုတ်ပါဘူး... ခြံထဲမှာ နွေဦးဆိုရင် တိုးတိုးတိတ်တိတ်ပေါက်လာတဲ့ ချစ်စရာပန်းကလေးတွေကို ဝေမျှချင်လို့ပါ။

Sunday, May 09, 2010

မြက်ပန်းသက်သေ


တော်ဝင်ပန်းလို… သစ်အိုပင်ဖျား
မားမားမြင့်မြင့်… မပွင့်ရဲကွယ်.…။

နေရောင်ထဲလည်း… စွင့်စွင့်ကားကား..
ကြွားကြွားဝင့်ဝင့်.. မတင့်ရဲကွယ်…။

လေပြေလွန့်လူး ညွန့်နူးဟန်မလုပ်
မိုးစုပ်ချုပ်တောင်… အရောင်မလန်း
မြက်ပန်းဘ၀…
အဆန်းလည်း မဟုတ်တော့ပါဘူးကွယ်..။

ဒီလိုနဲ့…
လမ်းဘေးမှာပွင့်
လမ်းပေါ်ပဲတင့်
လမ်းကိုလွှမ်းခြုံ
လမ်းကိုရုံလို့
လမ်းပေါ်ဆိတ်ဆိတ်
သိုသိပ်သိပ်နဲ့...
တိတ်တိတ်ကလေးပဲ ပွင့်လိုက်တယ်…။

Wednesday, May 05, 2010

ယောင်္ကျားမာယာ

ဘဝကိုဒေါင်လိုက်လဲ မစိုက်ပျိုးခဲ့ဘူးပါဘူး ဆိုပြီး
ကဗျာနှုတ်ခမ်းနဲ့ လိမ်နမ်းခံခဲ့ရတာလည်း...
ကျမ..ပါပဲ..မောင်။

မနက်ဖြန် အတွက် ကိုယ့် စိတ်ကိုလဲ မသတ်ဖြတ်ခဲ့ဘူးဆိုပြီး...
နှလုံးသားကို အရှင်လတ်လတ် စတေးခံခဲ့ရတာလည်း...
ကျမ.. ပါပဲ..မောင်။

အချစ်ဆိုတာလဲ ဖမ်းလို့ ကောင်းတဲ့ တိမ်တိုက်သာဖြစ်ခဲ့ပါတယ်..ဆိုပြီး
အချစ်ပိုက်ကွန်မှာ အဖမ်းခံမိခဲ့တာလည်း..
ကျမ ပါပဲ..မောင်။

ကျမလည်းလေ...
ရမ္မက်သက်သက်အတွက် ဘယ်တုန်းကမှ မနမ်းခဲ့ပါဘူး
ဒီလိုမျိုးလည်း ဘယ်တော့မှ မချစ်ချင်တော့ပါဘူး...
နေ့တွေညတွေမှားလို့လည်းလေ.. ဘယ်တော့မှလည်း မကျွမ်းတော့ပါဘူး..

မောင်တို့ယောင်္ကျားတွေရဲ့
လှည့်ဖျားတတ်တဲ့ ...
လက်ဖျားခါလောက်တဲ့....
သဲကိုးဖျာ မကတဲ့
မာယာလှလှတွေကြားမှာ..
ကျမလေ...
ကျမ....
........
ဘဝ ကို ခပ်မျှင်းမျှင်း ကုန်လွန်စေချင်တာပဲ ရှိပါတယ်..

Friday, April 30, 2010

ကဆုန်လ

မနက် တစ်နာရီခွဲတစ်ရေးအနိုးမှာ ပြူတင်းအပြင်မှာ သာနေတဲ့ ကဆုန်လပြည့် လမင်းကြီးကို မရိုက်ရ မနေနိုင်လို့ ရိုက်ထားတာပါ။
ညဦးပိုင်းကတည်းက လကြီးကသာလွန်းလို့ ခြံထဲဆင်းပြီး ရိုက်ပါသေးတယ်။ ဖိနပ်မပါပဲ ခြေစွပ်နဲ့ဆင်းတာ မြက်ခင်းတွေက နှင်းရည်တွေနဲ့မို့ ခြေစွပ်တွေ အကုန်ရွှဲသွားပါတယ်။
ပုံကလည်းကောင်းကောင်း ထွက်မလာတာနဲ့ အိမ်ပေါ်ပြန်တက်လာခဲ့တယ်။


moon4.jpg
ဒါနဲ့ မနက်တစ်နာရီခွဲလောက် တစ်ရေးအနိုးမှာ လမင်းကြီးက ဓာတ်ခဲအသစ်သွင်းထားသလို ထိန်ထိန်လင်းနေလို့ ထပ်ရိုက်တာပါ။ ရိုက်နေတုန်း လေတိုက်တာနဲ့ ကန့်လန့်ကာက လွင့်ပြီး အပေါ်ကပုံ ထွက်လာတော့တာပါပဲ။
ဒါနဲ့ နောက်တစ်ပုံရိုက်တော့.. အောက်ကပုံထွက်လာတာပါပဲ။ ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်ကို ပြတော့ နင့်လက သေးလှချည်လားတဲ့။ အပြင်မှာ အဲသလောက်မသေးဘူးလို့။ ဘာပဲဖြစ်ဖြစ် နင်ဒီပုံကိုကြည့်ပြီး လေပြေလေညှင်းလေးတွေ ဆော်သွေးနေသလို မခံစားရဘူးလားဆိုတော့..။ သူငယ်ချင်းက ... ဟင့်အင်းတဲ့....။ နင်အဲ့ပုံကို သေချာစိတ်နဲ့ကြည့်... တိတ်ဆိတ်နေတဲ့ညရဲ့အသံတွေ.. ညပိုးကောင်လေးတွေ အော်မြည်နေသံတွေ.. လေပြေလေညှင်းလေးတွေ.. နူးညံ့တဲ့ ကန့်လန့်ကာရဲ့အထိအတွေ့တွေ.. သစ်ကိုင်းပွတ်သံတွေ.. မကြားဘူးလားဆိုတော့... ။

moon3.jpg
သိဘူးတဲ့.... ဘာမှမကြားရဘူးတဲ့.. ကဲ။

ဒါနဲ့ လ ကိုရိုက်နေလို့တော့ အိမ်ချမ်းမြေ့တစ်ယောက် အလုပ်မဖြစ်လောက်ဖူးဆိုပြီး နောက်တစ်နေ့ ခြံထဲက ပန်းတွေကို လက်တည့်စမ်းရတော့တာပါပဲ။

နွေဦးရဲ့ အပြာရောင် forget-me-not လေးတွေက ဟိုတရုန်းရုန်း ဒီတရုန်းရုန်းနဲ့ ...


forgetmenots3.jpg
နောက်ဆုံးတော့ အောက်က ပုံလေးတစ်ပုံပဲ စိတ်တိုင်းကျမိပါတော့တယ်ရှင်....
forgetmenots2.jpg
တစ်ခါတစ်လေကျတော့ ကိုယ်ဝေမျှချင်တာကတစ်ခြား၊ ရိုက်ပြချင်တာက တစ်ခြား၊ ကိုယ်ယူတဲ့ angle တွေ၊ zooming၊ အလင်းအမှောင်တွေနဲ့ ကိုယ့်လက်ထဲက အခြားtools တွေပေါ်မှာ မူတည်ပြီး ထွက်လာတဲ့အရာဟာ လုံးလုံးကွဲပြားသွားပါတော့တယ်။ ချပြတဲ့အခါမှာလည်း ယူဆသူနဲ့မျှဝေသူကြား ယူဆချက်တစ်ထပ်တည်း မကျတာတွေလည်းရှိတယ်..။
တစ်ခါတစ်လေလည်း စဉ်းစားမိပါတယ်...
စကားလုံးတွေနဲ့ယူဆချက်တွေကြားမှာ လှောင်ပိတ်နေခံနေရတဲ့ ကိုယ်တို့တွေမှာလေ...
တယ်လီပသီဆိုတာ တစ်ကယ်ရှိရင်ကောင်းမှာလို့ .......
အားလုံးပဲ စိတ်ချမ်းသာပျော်ရွှင်ကြပါစေ....

LinkWithin

Related Posts Plugin for WordPress, Blogger...