မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, November 20, 2009

ကနေဒါသို့ (အလုပ်လာလုပ်လိုသူများအတွက် - IT workers )

ကနေဒါနိုင်ငံကို တစ်နှစ်ကို လူကိုးသောင်းကျော်ဟာ ယာယီအလုပ်ပြည်ဝင်ခွင့်နဲ့ အလုပ်လာလုပ်တယ်လို့ ဆိုပါတယ်။ ဘယ်လိုလူမျိုးတွေလည်းဆိုတော့ ကနေဒါနိုင်ငံမှာ ရှိပြီးသားလူတွေမှာ မရှိတဲ့ လုပ်ငန်းကျွမ်းကျင်မှုရှိတဲ့ သူတွေပါပဲ။ ကိုယ့်ကို အလုပ်ခန့်မယ့် အလုပ်ရှင်အဆင်သင့်ရှိနေပြီဆိုရင် အဲဒီကျွမ်းကျင်အလုပ်သမားဟာ ဗီဇာရရန်အလွန်လွယ်ကူပါတယ်။

ကနေဒါမှာရှိနေတဲ့ အလုပ်ရှင်တွေဟာ Human Resources and Social Development Canada (HRSDC) ရဲ့ ဆုံးဖြတ်ချက်ကို အရင်ရယူရပါတယ်။ HRSDC က ဒီလိုလုပ်ငန်းကို ကျွမ်းကျင်မှုရှိသူကို ဒီအလုပ်ရှင်က ခန့်လို့ရတယ်လို့ဆုံးဖြတ်မှ ထိုအလုပ်ရှင်က ခေါ်ယူခွင့်ရှိပါတယ်။ အဲဒါကို labour market opinion ရယူတယ်လို့ခေါ်ပါတယ်။

ဥပမာ.. ကနေဒါမှာ ထရပ်ကားမောင်းသူတွေ လိုအပ်နေတယ်။ မြန်မာတွေကို ကနေဒါကို ထရပ်ကားမောင်းသူတွေ အနေနဲ့ပို့ပေးမယ်၊ ဒေါ်လာငါးထောင်ပေးရင် ရောက်အောင်ပို့ပေးမယ်.. ဆိုတာတွေ ဟိုတုန်းက ကြားခဲ့ဖူးပါတယ်။ ခုခေတ်တော့ ရှိတော့မယ် မထင်ပါဘူး။ အဲဒါမျိုးတွေက မှန်ဖို့ရာခိုင်နှုန်း အလွန်နည်းပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကနေဒါမှာ ထရပ်ကားမောင်းတတ်သူတွေ အများကြီးရှိနေလို့ပါပဲ။ HRSDC ကလည်း ချပေးမှာ မဟုတ်ပါဘူး။

တစ်ကယ်လို့ ကနေဒါမှာနေနေတဲ့ လူတစ်ယောက်က မြန်မာစကားတတ်တဲ့ မြန်မာထမင်းဟင်းကိုမှ ချက်တတ်တဲ့ အလုပ်သမားမျိုး၊ ကလေးတွေကိုလည်း မြန်မာစာသင်ပေးနိုင်တဲ့ အလုပ်သမားမျိုးကို လိုချင်လို့ခန့်ချင်တယ်ဆိုရင် ဒါမျိုးက ယုတ္တိရှိပါတယ်။ ဥပမာ.. မြန်မာထမင်းဆိုင်ဖွင့်လို့ မြန်မာထမင်းချက်ကိုလိုချင်လို့ မြန်မာပြည်မှ ကျွမ်းကျင်သူကို လှမ်းရှာတယ်၊ ခြင်းလုံးစက်ရုံထောင်လို့ မြန်မာ့ခြင်းလုံးယက်လုပ်နိုင်တဲ့ ကျွမ်းကျင်အလုပ်သမားတွေကိုလှမ်းရှာတယ်၊ HRSDC ကလည်း အဲသလို မြန်မာအလုပ်ရှင်ကို eligible ဖြစ်တယ်လို့ ဆုံးဖြတ်တယ်ဆိုတာမျိုးကမှ မှန်နိုင်ချေရှိပါတယ်။

ကျွမ်းကျင်အလုပ်သမားများဟာ ယာယီနေခွင့်ဗီဇာကော အလုပ်ပါမစ်ပါ နှစ်ခုလုံးလိုအပ်ပါတယ်။

ကနေဒါပြင်ပမှာ ယာယီအလုပ်ဗီဇာလျှောက်လိုသူ ကျွမ်းကျင်လုပ်သားများ အနေနဲ့က

+ကနေဒီယန်အလုပ်ရှင်မှ အလုပ်ခန့်စာ

+အလုပ်ဖောင်အပြည့်အစုံ

+HRSDC မှ ဒီအလုပ်ရှင်ဟာ အလုပ်သမားငှားခွင့်ရှိပါတယ်ဆိုတဲ့ positive labour market opinion စာ

အဲဒါတွေအကုန်လုံး တင်သွင်းရမှာဖြစ်ပါတယ်။

ဒီ့အပြင် လူဝင်မှုကြီးကြပ်ရေးကလည်း ယာယီအလုပ်ဗီဇာရှောက်ထားသူဟာ သက်တမ်းကုန်တာနဲ့ ကိုယ့်တိုင်းပြည်ကို ပြန်မှာဆိုတာကိုလည်း ယုံကြည်မှုရှိရပါဦးမယ်။ ကနေဒါမှာနေစဉ် မိမိကိုယ်ကိုထောက်ပံ့နိုင်ရန် ငွေကြေးအလုံအလောက်ရှိကြောင်းလည်း ပြရပါမယ်။ မိမိနေနေတဲ့ တိုင်းပြည်ရဲ့ တရားဥပဒေကို လိုက်နာကျင့်သုံးသူဖြစ်ကြောင်း၊ ကျန်းမာရေးကောင်းမွန်သူဖြစ်ကြောင်းအပြင်၊ ကနေဒါနိုင်ငံရဲ့ လုံခြုံရေးကို ထိပါးလာမယ့်သူ မဟုတ်သူဖြစ်ကြောင်းကိုလည်း သက်သေပြနိုင်ရပါမယ်။

Co-op students များ၊ အချို့သော academics များနှင့်ကျောင်းသားများ၊ ကုမဏီတစ်ခုမှ တစ်ခုပြောင်းလာသူတွေကတော့ Work permit လိုပြီး labour market opinion မလိုတတ်ကြပါဘူး။

ယာယီအလုပ်သမားအဖြစ်နဲ့ ကနေဒါကို ရောက်လာသူတွေအနေနဲ့လည်း သက်တမ်းကုန်ရင် ထပ်လျှောက်လို့ရပါတယ်။ ဒီ့အပြင် permanent residence လဲ ဆက်လျှောက်လို့ ရကြပါတယ်။

Working temporarily in Canada: Special categories—Information technology workers

ဒါကိုတော့ မြန်မာလူငယ်တွေ တော်တော်များများ စိတ်ဝင်စားကြမယ်ထင်ပါတယ်။ ကနေဒါကို မလာရင်တောင်မှ ဘယ်လို အိုင်တီလုပ်ငန်းများ အသုံးဝင်သလည်း အနည်းဆုံး ဗဟုသုတဖြစ်စေနိုင်ပါတယ်။

ကနေဒါမှာ အောက်ဖော်ပြပါ ကျွမ်းကျင်သူတွေ တော်တော်လေး လိုအပ်နေတယ်လို့ သိရပါတယ်။ အလုပ်ရှင်နဲ့ချိတ်ဆက်မိသည့်အခါများမှာ ကိုယ့်ကိုလည်း အလုပ်ခန့်ပေးမည့်သူ အဆင်သင့်ရှိတယ်ဆိုရင်တော့ အဲသလိုကျွမ်းကျင်သူများကို ၀င်ခွင့်ဗီဇာ အမြန်ထုတ်ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။

1.Senior Animation Effects Editor (NOC 9990.1)
Duties: Compositing and editing animation and digital effects (FX) for film and television.
Minimum Requirements
1. Education: Bachelor’s degree or equivalent technical school certification in film editing or computer graphics, or equivalent work experience. (Experience must be in animation, film or digital effects — see item number 3 and skills/technologies list)
2. Language: Working proficiency in English or French (written and oral)
3. Experience:
o Two years of experience with nonlinear composing and effects background with traditional on/off line an asset.
o Knowledge required and to be demonstrated in work experience as a senior editor in production.
o At least two years of experience required with any or a combination of platforms and software and hardware in the following chart.

Applicant’s experience in this field must be verified using the following table. The applicant must possess either training in, or experience working with, at least one product or technology listed under each of the two headings.


Please the rest here.

(ကနေဒါမှာ အခွန်ငွေ ၄၀% အထိပေးဆောင်ရကြောင်းကို သတိပြုစေလိုပါတယ်ရှင်)

အပေါ်က သတင်းအချက်လက်များကို http://www.cic.gc.ca/english/work/itw-jobs.asp#jobs1 မှ တိုက်ရိုက်ကူးယူဝေမျှ ထားပေးတာဖြစ်ပါတယ်။
• Live–in caregivers • Business people များအနေနဲ့ ဗီဇာလျှောက်နိုင်သည့် အချက်များကို အလျှင်းသင့်သလို ဆက်ပေးပါမယ်။

♥●••.. ….••●♥ ♥●••.. ….••●♥ ♥●••.. ….••●♥ ♥●••.. ….••●♥

ကနေဒါသို့ (အလည်လာလိုသူများနှင့် ကျောင်းတက်လိုသူများအတွက်)

Comments from ainchannmyay.com

1.
=( တစ်ခုမှ ဝင်လုပ်လို့မရပါလား..
Comment by ဘာညာ — November 20, 2009 @ 9:56 pm

2.
ဟူးးးးးး လိုအပ်နေတဲ့အလုပ်တွေတဲ့ ဝေးပြီကွယ်…း)
Comment by ချစ်ငယ် — November 20, 2009 @ 10:30 pm

3.
ဗဟုသုတအနေနဲ့ဖတ်သွားပါတယ်…
Comment by rose of sharon — November 21, 2009 @ 2:09 am

4.
မလေးရေ…
ကျွန်တော်ကတော့ လာပဲ..လည်ချင်တာဗျ…။ ဟိုတစ်ခါ…မလေး ရိုက်ထားတဲ့ ဓါတ်ပုံထဲက သစ်ပင်တွေမှာ…ရေတွေအချောင်းလိုက်ခဲနေတတ်တာမျိုးတွေကို…တစ်ကယ်မြင်ဖူးချင်မိတာ….။
ဒါပေမယ့်..ပိုက်ပိုက်မချိဘူးဗျိုးးးးးးးးးး
ခင်မင်လေးစာတဲ့
ဏီလင်းညို
Comment by ဏီလင်းညို — November 22, 2009 @ 1:39 am

5.
အစ်မရေ့ ကျနော် အဲ့မှာ ရေခဲချောင်းလာရောင်းလို့ရလား လုပ်တတ်တာက အဲ့တာပဲရှိတယ် :P
Comment by မောင်မျိုး — November 30, 2009 @ 8:26 pm

6.
ဘာညာ… ပျောက်နေတယ်နော်ညီမ။ ဘာညာ့ကို မလေးတက်ဂ်ထားတာ ကြာလှပြီ။ ဘယ်ပိုစ်မှန်းတောင် မသိတော့ဘူး ဟင်းးး
ချစ်ငယ်.. မရိုစ် .. ကော့မန့်ရေးပေးသွားတာကျေးဇူး။
ဏီလင်းညို.. ရေတွေအချောင်းလိုက်ခဲနေတတ်တာမျိုးတွေက လာတော့မယ် မကြာခင်။
မောင်မျိုး.. အစ်မ မေးကြည့်ပေးမယ် :D သတိရတယ် မောင်လေးရေ.. အစ်မလည်း ခုတစ်လော စာမရေးနိုင်လောက်အောင် ဖြစ်နေလို့
Comment by မလေး — December 1, 2009 @ 6:35 pm

7.
အ မ canada ကို တ ခြား က နေ PR direct apply လို့ ရ တယ် လို့ ကြား ဘူး လို့ပါ အဲ ဒါ လေး များ နဲနဲပြော ပြ လို့ ရ မ လား
Comment by sandi — January 12, 2010 @ 7:38 am

8.
sandi.. http://www.ainchannmyay.com/?p=729 မှာရှိသေးတယ်ညီမ။ ဒီပိုစ်တွေကိုလည်း ကျမ ဆက်ရေးရဦးမယ် ညီမ.. အချိန်မရသေးတာလည်း ပါပါတယ်။
Comment by မလေး — January 12, 2010 @ 5:56 pm

Tuesday, November 17, 2009

ကနေဒါသို့ (အလည်လာလိုသူများနှင့် ကျောင်းတက်လိုသူများအတွက်)

ကျွန်မကို စာဖတ်သူတော်တော်များများက ကနေဒါနိုင်ငံကို ဘယ်လိုလာလို့ရသလဲ၊ ဘာတွေပြင်ဆင်ဖို့လိုသလဲ စတဲ့ အကြောင်းအချက်တွေနဲ့ ပတ်သက်ပြီး ရေးခိုင်းနေကြတာ ကြာပါပြီ။ ကျွန်မအနေနဲ့ အချိန်၊ ခွန်အား စသဖြင့် မရှိတာရယ်… ဒီလိုအကြောင်းကိုရေးတဲ့အခါမှာ သတင်းအချက်အလက်စုံစုံလင်လင်နဲ့ ဝေမျှနိုင်ဖို့အတွက် သေသေချာချာ ဖတ်ရှုလေ့လာမှာရယ် စတဲ့ အကြောင်းတွေကြောင့် အချိန်လင့်ခဲ့ပါတယ်။ အခုတော့ တတ်နိုင်တဲ့ ဘက်က ရေးပေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ကနေဒါအစိုးရရဲ့ ၀က်ဘ်ဆိုက် (www.cic.gc.ca) ပေါ်က အချက်အလက်တွေအပြင်၊ ကိုယ်တွေ့အဖြစ်များကိုပါ ထည့်သွင်းရေးထားပါတယ်လို့ ပြောလိုပါတယ်ရှင်။

ပထမဆုံးအနေနဲ့ ကနေဒါနိုင်ငံထဲကို ဘယ်လိုနည်းတွေနဲ့ လူတွေဝင်လာကြသလဲဆိုရင်တော့ အလည်အပတ်အနေနဲ့၊ စာလာသင်တဲ့အနေနဲ့၊ အလုပ်လာလုပ်တဲ့အနေနဲ့ (temporary worker)၊ ပြောင်းရွှေ့နေထိုင်လာသူတွေအနေနဲ့၊ ခိုလှုံလာသူတွေ(ဒုက္ခသည်တွေ) အနေနဲ့၊ စသဖြင့် ၀င်လာကြပါတယ်။

အလည်အပတ်အနေနဲ့လာမယ်ဆိုရင်တော့ ….

ပါစ်ပို့ သို့မဟုတ် travel document တစ်ခုခုရှိရပါမယ်
ကျန်းမာရေးကောင်းရပါမယ်

ကနေဒါမှာ နေရန်ရည်ရွယ်ချက်မရှိဘူးဆိုတာကို သက်သေပြနိုင်ရပါမယ်။ ဥပမာ.. မြန်မာပြည်မှာ အိုး၊အိမ်၊အလုပ်အကိုင်၊ မိသားစုဝင်တွေ ကျန်ခဲ့တယ်၊ မြန်မာပြည်ကိုပဲ ပြန်မယ်၊ ကနေဒါမှာ တစ်သက်လုံးအခြေချဖို့ စိတ်ကူးမရှိဘူးဆိုတာတွေကို ကနေဒါလူဝင်မှုကြီးကြပ်ရေးက ယုံကြည်မှုရှိအောင် သက်သေပြနိုင်ရပါမယ်။
ကနေဒါနိုင်ငံမှာ လာရောက်လည်ပတ်နေစဉ်မှာ သုံးစွဲရန် ငွေကြေးပြည့်စုံတာကိုလည်း ပြရမှာဖြစ်ပါတယ်။ ကနေဒါကနေ မိတ်ဆွေ၊ဆွေမျိုးတစ်ဦးဦးက letter of invitation ပေးရင်တော့ အဲဒီစာဟာ အထောက်အကူဖြစ်စေပါတယ်။

(ဒီနေရာမှာ ကိုယ်တွေ့အဖြစ်အပျက်တွေအရ ကနေဒါမှာ သားသမီးရှိနေတာတောင်၊ မောင်နှမအရင်းရှိနေတာတောင် အလည်လာရန်ဗီဇာမရတဲ့ သူတွေရှိဖူးပါတယ်။ ဘာကြောင့် မရသလဲဆိုရင် မြန်မာပြည်မှာ အိုးပိုင်၊အိမ်ပိုင်၊ အလုပ်အကိုင်တွေရှိတာကို သက်သေပြနိုင်ပေမယ့်လည်း မိမိရဲ့ဆွေမျိုးသားချင်းတွေက အကုန်နီးပါး ကနေဒါရောက်နေခြင်းကြောင့်ဖြစ်ပါတယ်။ မြန်မာပြည်မှာ ပိုင်ဆိုင်မှုတွေ ဘယ်လောက်ရှိနေနေ family ties မကျန်ရစ်တော့တဲ့အတွက် ကနေဒါမှာပဲ အခြေချနေသွားနိုင်တဲ့ အခြေအနေရှိတယ်လို့ ကနေဒါလူဝင်မှုကြီးကြပ်ရေးက ယူဆပြီး ထိုသို့သော လူတွေကို ဗီဇာ မထုတ်ပေးတဲ့ အဖြစ်မျိုးတွေကို သတိပြုစေလိုပါတယ်။ အချို့တွေကျတော့လည်း အလည်လာပြီး ဒီကိုရောက်တော့မှ နိုင်ငံရေးခိုလှုံလိုခွင့် လျှောက်ကြတာကိုလည်း မြင်ဖူးပါတယ်။ refugee status ရသွားသူတွေရှိသလို၊ မရလို့ ပြန်သွားရသူတွေလည်း ရှိပါတယ်။ ကြုံဖူးသမျှထဲမှာတော့ အသက်ကြီးသူတွေကတော့ ပြန်သွားကြတာ များပါတယ်)

Single-entry visa and Multiple-entry visa

Single-entry visa ကတော့ အားလုံးသိတဲ့အတိုင်း တစ်ခါသာ ၀င်ခွင့်ပေးတဲ့ ဗီဇာဖြစ်ပါတယ်။ ကနေဒါကိုခြေချတာနဲ့ လူဝင်မှုကြီးကြပ်ရေးအရာရှိက ကိုယ့်စာအုပ်ပေါ်မှာ ပြန်ရန်ရက်စွဲရိုက်နှိပ်ပေးလိုက်ပါတယ်။ ဘာရက်စွဲမှာ မရိုက်နှိပ်လိုက်ဖူးဆိုရင်တော့ ရောက်ပြီး ခြောက်လပြည့်တဲ့နေ့မှာ ပြန်ရမှာဖြစ်ပါတယ်။

Multiple-entry visa ကတော့ ငါးနှစ်အထိ သက်တမ်းရှိပါတယ်။ ဒီငါးနှစ်အတွင်း အကြိမ်ပေါင်းများစွာ ၀င်နိုင်ထွက်နိုင်ပါတယ်။

ကျောင်းတက်လိုသူများ

ကနေဒါနိုင်ငံကို တစ်နှစ်လျှင် အင်္ဂလိပ်စာနဲ့ ပြင်သစ်စာ လာသင်သူတွေ ၁၃၀, ၀၀၀ ခန့်ရှိပါတယ်။ စာလာသင်လိုသူများကတော့ a study permit သို့မဟုတ် a temporary resident visa လိုအပ်ပါတယ်။ study permit မလျှောက်ခင်မှာတော့ သက်ဆိုင်ရာကျောင်း (ကောလိပ်၊ ယူနီဗာစတီ) က ၀င်ခွင့်ရရှိပြီးသား ဖြစ်ရပါမယ်။ colleges, universities and technical schools တွေကတော့ သူနဲ့သက်ဆိုင်တဲ့ ၀င်ခွင့်စည်းကမ်းများ သူ့ဟာသူရှိကြပါတယ်။ ဒါကတော့ လူဝင်မှုကြီးကြပ်ရေးနဲ့ မဆိုင်တော့ပါဘူး။

တက္ကသိုလ်၊ ကောလိပ်ကျောင်းများကို တက်ရောက်လိုသူများကတော့ အောက်ပါဆိုက်များမှ သတင်းအချက်အလက်များ ရယူနိုင်ပါတယ်ရှင်။
Association of Universities and Colleges of Canada
Association of Canadian Community Colleges
Canadian Information Centre for International Credentials

ပုဂ္ဂလိက ကျောင်းများနှင့်ပတ်သက်ပြီး သိလိုပါက ဒီဆိုက်ဒ် ကို သွားပါ။

အဲသလို… ကိုယ်တက်ချင်တဲ့ကျောင်း၊ တက်လိုတဲ့ ဘာသာရပ်ကို ရွေးချယ်ပြီးပြီဆိုရင်တော့ အဲဒီကျောင်းက ၀င်ခွင့်ရအောင် အရင်လျှောက်ရပါမယ်။ University and college တွေကို လျှောက်မယ်ဆိုရင်တော့ တစ်နှစ်ကြိုတင်ကျောင်းလျှောက်ရန် အကြံပေးကြပါတယ်။ ကုန်ကျစရိတ်၊ နေစရိတ်၊ စားစရိတ်များနဲ့ ပတ်သက်သမျှ အချက်အလက်တွေကို ကျောင်းများမှ ရရှိနိုင်ပါတယ်။

ကျောင်းမှ ၀င်ခွင့်ကျပြီဆိုလျှင်…

ကိုယ့်မှာ ငွေအလုံအလောက်ရှိကြောင်း၊ ကိုယ်နဲ့လိုက်လာမယ့် မိသားစုဝင်တွေကိုလည်း နေနေသမျှမှာ ထောက်ပံ့နိုင်ကြောင်း၊ အပြန်လမ်းခရီးစရိတ်ပါပါကြောင်း စသည်တို့ကို ကနေဒါနိုင်ငံ လူဝင်မှုကြီးကြပ်ရေးကို ပြရမှာဖြစ်ပါတယ်။ ကျန်းမာရေးကောင်းသူဖြစ်ကြောင်း၊ criminal record မရှိကြောင်း အဲသလို လုပ်ရိုးလုပ်စဉ် အထောက်အထားတွေကိုလည်း ပြရမှာဖြစ်ပါတယ်။ အဓိကကတော့ ကျောင်းပြီးတာနဲ့ ကနေဒါကနေ ပြန်မှာဖြစ်ကြောင်း ကနေဒါလူဝင်မှုကြီးကြပ်ရေး အရာရှိ ယုံကြည်စေရပါမယ်။

study permit မလိုအပ်သူများ

သူတို့ကတော့ ခြောက်လနဲ့အောက်သင်တန်းလာတက်သူများ၊ Foreign representatives များ နဲ့ Visiting Forces Act အောက်က foreign armed forces များကတော့ ပါမစ် မလိုကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ခြောက်လနဲ့အောက် သင်တန်းလာတက်သူများကို လိုလိုမယ်မယ် ပါမစ်လျှောက်ရန်တော့ အကြံပေးလေ့ရှိပါတယ်။

ကနေဒါကို ကျောင်းသားတစ်ယောက်အနေနဲ့ ရောက်လာပြီဆိုရင် စာသင်နေရင်းနဲ့လည်း ၀င်ငွေရအောင် အလုပ်လုပ်ရန် (on campus/ off campus) ပါမစ်လျှောက်နိုင်ပါတယ်။

အလုပ်လုပ်ရန်ပါမစ်လျှောက်ထားလိုသူတွေကတော့ study permit ရထားတဲ့ အချိန်ပြည့်ကျောင်းသားများဖြစ်ရပါမယ်။ အဲဒီကျောင်းသားတွေဟာ
ပြည်နယ်ကောလိပ်၊ ယူနီဗာစတီတွေမှ ကျောင်းသားများဖြစ်ရပါမယ်။

ပုဂ္ဂလိကကျောင်းများမှာ ပညာသင်ကြားနေသူတွေဆိုရင်လည်း အဲဒီ ပုဂ္ဂလိကကျောင်းတွေဟာ public institution တွေလိုပဲ စည်းမျဉ်းစည်းကမ်းနဲ့ လည်ပတ်ထားတဲ့ ကျောင်းများအပြင် ကနေဒါအစိုးရထံမှာ ၅၀%ထောက်ပံ့ကြေး ရရှိထားတဲ့ ကျောင်းများဖြစ်ရပါမယ်။

public institution တွေမဟုတ်ရင်လည်း ပြည်နယ်အစိုးရတွေမှ ဒီဂရီပေးရန်ခွင့်ပြုထားတဲ့ private institution များဖြစ်ရပါမယ်။

အလုပ်ပါမစ်များကတော့ များသောအားဖြင့် တစ်ပတ်ကို နာရီ၂၀ထက်ပိုပြီး လုပ်ခွင့်ပေးလေ့ မရှိပါဘူး။ နွေရာသီ၊ ဆောင်းရာသီ ကျောင်းပိတ်ရက်တွေမှာတော့ အချိန်ပြည့်အလုပ်လုပ်ခွင့်ရှိပါတယ်။

Co-op and internship programs

အဲဒါတွေကတော့ အလုပ်တစ်ဘက် ကျောင်းတစ်ဘက်နဲ့ ကိုယ်လိုချင်တဲ့ ဘွဲ့ကို ရယူသွားကြတဲ့ ပရိုဂရမ်တွေပါ။ ကျောင်းတက်ရင်း အလုပ်လုပ်ရမယ့် ပရိုဂရမ်က ကိုယ့်ရဲ့ academic program ထဲမှာ ပါပြီးသားဖြစ်ရပါမယ်။ ဥပမာ ကျောင်းစာက အမှတ် ၇၀%၊ Co-op ပရိုဂရမ်မှ အမှတ် ၃၀% အဲသလိုမျိုးပါ။ ဒီလို ပရိုဂရမ်တွေကတော့ ဘွဲ့ရရန် အချိန်အနည်းငယ် ပိုပေးရတတ်ပါတယ်။ ဒါပေမယ့်လည်း ကျောင်းပြီးတာနဲ့ ဒီအလုပ်ထဲမှာ တစ်ခါတည်း တန်းပြီး အလုပ်ရကြတာတွေ လည်း ရှိပါတယ်။

ကျောင်းပြီးလို့ ကနေဒါမှာ အလုပ်ဆက်လုပ်လိုသူများ

ထိုသူများအနေနဲ့လည်း အလုပ်ပါမစ်ကို ဆက်လျှောက်နိုင်ပါတယ်။ ပါမစ်သက်တမ်းကတော့ ကိုယ်တက်ခဲ့တဲ့ နှစ်ထက် နည်းပါတယ်။ ဥပမာ.. လေးနှစ်တက်ထားသူတွေဟာ သုံးနှစ်ဆက်လုပ်ခွင့်ရှိပါတယ်။ ရှစ်လသင်တန်းတက်ထားသူတွေဟာ ရှစ်လထက်ပိုပြီး အလုပ်ပါမစ်နဲ့ ဆက်နေခွင့် မရှိပါဘူး။ အနည်းဆုံးတော့ ရှစ်လသက်တမ်းရှိတဲ့ သင်တန်းကို လာတက်သူဖြစ်ရပါမယ်။ ကျောင်းမှ ထောက်ခံစာလည်းလိုပါတယ်.. ကျောင်းပြီးရန် အဆင်သင့်ဖြစ်နေပါပြီဆိုတဲ့ ထောက်ခံချက်မျိုး (Transcript or an official letter ndicating that you have met the requirements for completing your academic program) ဖြစ်ရပါမယ်။ ဒီလိုပါမစ်မျိုးကတော့ သက်တမ်းသုံးနှစ်အထိပဲ ပေးလေ့ရှိပါတယ်။ Canada-China Scholars Exchanges Program တွေနဲ့ အခြားစကောလားရှစ် ရပြီးကျောင်းလာတက်သူများအနေနဲ့တော့ ဒီလိုပါမစ်မျိုး ရလေ့ မရှိပါဘူး။

ကျောင်းလာတက်သူများရဲ့ အိမ်ထောင်ဘက်များ အလုပ်ပါမစ်

ထိုသူများကတော့ မိမိရဲ့အိမ်ထောင်ဘက် သို့မဟုတ် ပါတနာဖြစ်တဲ့ ကျောင်းတက်နေသူဟာ အချိန်ပြည့်ကျောင်းတက်နေသူဖြစ်ရပါမယ်။ ထိုကျောင်းတက်နေသူမှာလဲ အလုပ်ပါမစ်ရှိရပါမယ်။ ကျောင်းလာတက်သူများရဲ့ အိမ်ထောက်ဘက်တွေအလုပ်လုပ်နိုင်တဲ့ သက်တမ်းကလည်း အပေါ်ကဖော်ပြထားတဲ့ သက်တမ်းအတိုင်းပဲ ဖြစ်ပါတယ်။

(ဒီနေရာမှာ ကျွန်မကိုယ်တွေ့အရ.. ကျောင်းတက်နေရင်းတန်းလန်း အလုပ်ကောင်းကောင်း ရသွားသူတွေဟာ ကျောင်းဆက်မတက်ဖြစ်တော့ဘဲ အလုပ်ထဲမှာ နစ်မြုပ်သွားကြတာတွေကို မြင်ရပါတယ်။ အသက်လေး ၂၀-၂၂ လောက်မှာ တစ်နာရီကို ဒေါ်လာ ၂၀လောက်ရပြီး ကားတွေ၊ တိုက်ခန်းတွေ ၀ယ်ပြီး အကြွေးဆပ်ရင်း အဲဒီအလုပ်ထဲမှာ နစ်ပြီး ပညာတစ်ပိုင်းတစ်စတွေ ဖြစ်သွားကြတာတွေ ရှိပါတယ်။ ကျောင်းပြီးလဲ ဒီလောက်လခပဲ၊ ဒီထက်တောင်နည်းနိုင်တယ်.. ဒီလိုအလုပ်ကောင်းကောင်းမျိုးမရဘဲ တန်ရုံအလုပ်လောက်မှာ လုပ်နေရတဲ့ ဘွဲ့ရတွေကို ကြည့်ပြီး ကျောင်းဆက် မတက်သူတွေလည်း အများကြီးပါပဲ.. ဒီကြားထဲ အိမ်ထောင်ရက်သားကျသွားရင် ကျောင်းနဲ့က ပိုပြီးဝေးသွားကြတာတွေလည်းရှိပါတယ်။ အချို့ကျတော့လည်း ကျောင်းလာတက်တာဟာ ဟန်ပြသက်သက်သာဖြစ်ပြီး နီးစပ်ရာ ကနေဒီယန်တွေနဲ့ လက်ဆက်လိုက်ပြီး ဒီမှာပဲ နေသွားကြတာတွေလည်း ရှိပါတယ်။ အချို့ကျတော့လည်း အမေရိကားဘက်ကို ဗီဇာလျှောက်ပြီးတရားဝင်ဖြစ်စေ၊ တရားမ၀င်ဖြစ်စေ ကူးသွားတာတွေရှိပါတယ်။

အချို့ကျတော့လည်း အင်္ဂလိပ်စာလာသင်ရင်း မြန်မာနိုင်ငံမှာ သူတို့ကို ညှင်းပန်းနှိပ်စက်လို့ နိုင်ငံရေးအရ ခိုလှုံလိုကြောင်း လိမ်လည်လျှောက်ထားသူတွေလည်း ရှိပါတယ်။ ဆန္ဒပြပွဲတွေမှာ လက်သီးလက်မောင်းတန်းပြီး ဓာတ်ပုံအရိုက်ခံပြီး ခိုလှုံခွင့်လျှောက်ထားရန် တရားရုံးတက်ကြတာတွေလည်း မြင်ဖူးပါတယ်။ refugee status ရသွားသူတွေရှိသလို၊ မရဘဲ ပြန်သွားရသူတွေလည်း ရှိပါတယ်။ ဗုဒ္ဒဘာသာဝင်တွေအဖြစ်မှ ရုတ်တရက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော်ဖြစ်သွားပြီး၊ မြန်မာခရစ်ယာန်ဘုန်းတော်ကြီးများထံမှ ထောက်ခံချက်များရယူပြီး ကနေဒါမှာ နေလို့ရအောင် ကြိုးစားကြသူတွေကိုလည်း မြင်တွေ့ရပါတယ်။ ဒီလိုတိုင်းပြည်တစ်ခုမှာနေရရန် မိမိရဲ့ယုံကြည်မှု၊ ခံယူချက်တွေကိုတောင် အခက်အခဲအမျိုးမျိုးကြောင့် စတေးဖို့ဝန်မလေးကြသူတွေကို ကြိုးစားပြီး စာနာနားလည်ပေးနိုင်ပေမယ့်လည်း ဒီလိုလုပ်ရပ်မျိုးကိုတော့ လူငယ်တွေအနေနဲ့ တတ်နိုင်သလောက် ရှောင်ကြပါလို့ စေတနာနဲ့ ပြောလိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်ရတဲ့ အရာဟာ ပေးဆပ်လိုက်ရတဲ့ ကိုယ့်ခံယူချက်၊ ယုံကြည်ချက်တွေနဲ့ လဲရလောက်အောင် မတန်လို့ပါပဲ။ အခုမသိသာလည်း နောင်တစ်ချိန်မှာ သိသာလာပါလိမ့်မယ်.. ကိုယ့်စိတ်ဓာတ်၊ ကိုယ့်မိသားစု၊ သားသမီး၊ နောက်ဆုံးကိုယ် မွေးဖွားကြီးပျင်းခဲ့တဲ့ တိုင်းပြည် အကုန်မီးခိုးကြွက်လျှောက် မတန်လို့ပါဘဲ။ ဒါဟာမှန်ကန်တယ်လို့ ကိုယ့်ကိုကိုယ် မလိမ်ဘဲ ယုံတယ်ဆိုရင်တော့ လုပ်ပါ၊ ဖြစ်သင့်တယ်။

ကနေဒါမှာ ကျောင်းလာတက်ပြီး နိုင်ငံရေးလည်းတစ်ကယ်ဘယ်တုန်းကမှ မလုပ်ခဲ့ဘဲနဲ့ နိုင်ငံရေးခိုလှုံခွင့်ရသွားတဲ့ သူတွေဟာ၊ နှစ်အနည်းငယ်ကြာတဲ့အခါမှာတော့ ကနေဒီယန်ပါစ်ပို့မှာ မြန်မာပြည်တရားဝင် ၀င်ခွင့်ဗီဇာနှိပ်ပြီး ရန်ကုန်လေဆိပ်မှ တဆင့် ပြည်တွင်းထဲကို ဘေးမသီရန်မခ ကူးချည်သန်းချည်သွားလာနေကြတာတွေ၊ ပြည်တွင်းမှာ စီးပွားရေးလုပ်ငန်းများကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြတာကိုလည်း မြင်တွေ့ရပါတယ်။
ဆိုးတာကတော့ မိဘက ရှိစုမဲ့စုငွေနဲ့ နိုင်ငံခြားမှာ ကျောင်းတက်ရန်လွှတ်လိုက်တာ.. မိဘသဘောမတူနိုင်လောက်တဲ့သူနဲ့ အတူတူနေပြီး ကလေးရသွားလို့ လက်ထပ်လိုက်ရပြီး ကျောင်းတ၀က်တပျက်ဖြစ်သွားတာတွေလည်း ရှိပါတယ်။ မင်္ဂလာပွဲမှာ မိဘတွေဟာ ဟန်မဆောင်နိုင်ကြတော့ပဲ မျက်ရည်ဖြိုင်ဖြိုင်ကျနေတာတွေကိုလည်း မြင်ဖူးပါတယ်။ နောက်ဆုံး မရ ရအောင် သမီးနဲ့ ကလေးကို သူတို့တိုင်းပြည်ကို ပြန်ခေါ်သွားတာတွေလည်း ကြုံဖူးပါတယ်။

အဆိုးဆုံးကတော့ ကိုယ်နဲ့လူမျိုးတူတယ်ဆိုပြီး အားကိုးပြီး တစ်ခန်းထဲအိမ်အတူတူငှားနေကာမှ လူမျိုးတူယောင်္ကျားလေးတွေရဲ့ စော်ကားခြင်းခံရပြီး အသက်ပါဆုံးရှုံးရတာတွေ၊ ပန်းခြံထဲမှာ အားကစားသွားလေ့ကျင့်တာ မတော်မတရားပြုကျင့်ခံရလို့ တစ်သက်လုံး ဒုက္ခိတဖြစ်သွားရတဲ့ ဂျပန်၊ ဟောင်ကောင်၊ တရုပ်အမျိုးသမီးလေးတွေရဲ့ ဘ၀တွေကိုလည်း မြင်တွေ့ခဲ့ရ၊ ကြားခဲ့ရဖူးတဲ့အတွက်.. သားသမီးတွေကို နိုင်ငံခြားပညာရပ်ကိုလေ့လာဆည်းပူးစေလိုတဲ့ မိဘများအနေနဲ့ ဒီအချက်တွေကိုပါ ထည့်သွင်းစဉ်းစားစေလိုပါတယ်)

ပြောင်းရွှေ့နေထိုင်လာသူများနဲ့ ခိုလှုံလိုသူများ ဘယ်လိုနည်းနဲ့လာကြသလည်းဆိုတာကို ဖြည်းဖြည်းချင်း ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။

ကနေဒါသို့ (အလုပ်လာလုပ်လိုသူများအတွက်)

**ဒီဆောင်းပါးကို အီးမေးလ်နဲ့ပဲဖြစ်ဖြစ်၊ ဖိုရမ်တွေမှာပဲဖြစ်ဖြစ် ဆက်လက်ဝေမျှကြမယ်ဆိုရင် ကျွန်မ အိမ့်ချမ်းမြေ့ရေးသားထားတာဆိုတာလေးတော့ ဖော်ပြပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်… **

Comments from ainchannmyay.com
1.

ဗဟုသုတ အဖြစ် လာဖတ်သွားပါတယ်အမရေ.. သူများနိုင်ငံမှာ သွားနေရတာလဲ မလွယ်ပါလားနော်..

Comment by စန္ဒကူး — November 17, 2009 @ 5:15 pm |Edit This
2.

အခုလို အသေးစိတ်လေးတွေ ရှင်းပြပြီး ရေးသားပေးသွားလို့ ကျေးဇူးတင်ပါတယ်။ မလွယ်ဘူးနော် သူများနိုင်ငံမှာ နေဖို့ဆိုတာ တကယ့်ကို မလွယ်ပါလား မလေးရယ်…

ခင်မင်လေးစားလျှက်

Comment by ဒဏ္ဍာရီ — November 17, 2009 @ 6:19 pm |Edit This
3.

လာလည်ဖတ်ရှုသွားပါတယ်ရှင် ။

Comment by ချစ်ငယ် — November 17, 2009 @ 6:20 pm |Edit This
4.

မမအိမ့်ရေ…
ဗဟုသုတတွေ အများကြီးရသလို တွေးစရာလေးတွေ အံ့သြစရာလေးတွေပါ ရလိုက်တယ် …ကျေးဇူးအများကြီးတင်ပါတယ် …. မမ အားရင် တရားလာနာဖို့ဖိတ်ပါတယ် … ပျော်ရွှင်ချမ်းမြေ့ပါစေ….။
ညီမလေး နှင်း

Comment by နှင်းဟေမာ — November 17, 2009 @ 6:47 pm |Edit This
5.

ကနေဒါနိုင်ငံ သွားဖို့သူတွေ အတွက် အသုံးဝင် အကျိုးရှိတဲ့ ပို့စ်လေးတစ်ခုပါ အခုလို အချိန်ပေးပြီး ရေးသားပေးတာ ကျေးဇူးတင်ပါတယ်

Comment by Waing — November 17, 2009 @ 8:19 pm |Edit This
6.

Ma, thanks for sharing.

Comment by Nan Thandar — November 17, 2009 @ 9:18 pm |Edit This
7.

အရမ်းကို ဗဟုသုတရပါတယ်ရှင်…
အခုလို တင်ပြပေးတာ ကျေးဇူးပါ…

Comment by အိမ်မက်ချို — November 18, 2009 @ 2:03 am |Edit This
8.

သြဇီကို သွားချင်ရင် ဘာတွေ ဘယ်လိုရှိတယ်ဆိုတာလေး လည်းသိချင်ပါတယ်ခင်ဗျာ ။ စောင့်မျှော်နေပါ့မယ် ။

Comment by ကိုရင်တာတေ — November 18, 2009 @ 3:50 am |Edit This
9.

ရည်ရွယ်ချက်ကောင်းတဲ့ ပို့ စ်လေးအတွက် ကျေးဇူးပါအိမ့်ရေ… သတင်းဖြန့် ဝေရုံသက်သက် မဟုတ်ပဲ စေတနာလေးတွေနဲ့ ရေးထားတဲ့ အနီရောင်စာလုံးလေးတွေအတွက် ပိုပြီးကျေးဇူးပါ.. အမနဲ့ အရမ်းရင်းနှီးတဲ့ အမကြီးတယောက်လဲ သွားလိမ့်မယ့်… အိမ့်နဲ့ တမြို့ ထဲများဖြစ်နေမလား… သေချာမေးပြီး သူသွားခါနီးမှ အီးမေးလ်ပို့ လိုက်မယ်… အိမ့်အတွက် အမှတ်တရတခုခုထည့်ပေးချင်လို့ ပါ…

Comment by တန်ခူး — November 18, 2009 @ 9:56 pm |Edit This
10.

ကြောက်လိုက်တာ အမရာ။ နိုင်ငံခြားသွား ပြီးပညာသင်ချင်တယ်ဆို ဒါတွေ ထည့်စဉ်းစားရမှာ ကျေးဇူးပါ။

Comment by zwesoelwin — November 27, 2009 @ 11:21 pm |Edit This


Monday, November 16, 2009

သံလွင်အိပ်မက် အတွဲ(၃)၊ အမှတ်(၄)

မျှော်လိုက်ရတဲ့ သံလွင်အိပ်မက် ထွက်ပါပြီ….း))
အရင်လိုပဲ.. ရသ၊သုတ စုံစုံလင်လင်နဲ့ စိတ်ဝင်စားဖွယ်ပါပဲ…

ဝတ္ထုများ၊ ကဗျာများအပြင်… အက်ဆေးများနှင့် အထူးသဖြင့် ဆောင်းပါးများကို ဖတ်ကြည့်ရန် တိုက်တွန်းလိုပါတယ်ရှင်…။

“အရင်တုန်းကတော့ သူ ဒီကန်ကြီးပေါ်မှာ ငန်းလာကျောင်းတဲ့ ညနေတွေဟာ ကျုပ်တို့ အတွက်တော့ ရွှေရောင်ညနေခင်းတွေပေါ့ဗျာ။ ကျုပ်တို့ တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ခဲ့ကြတယ်လေ…”

……..

“တောနက်ထဲမှာဆောက်ထားတဲ့ ဒီကလပ်အလယ်က ရေကန်ကြီးကလည်း စိတ်ဝင်စားဖို့ ကောင်းတယ်ဗျ၊ အကျယ်က ပေ ၁၀၀ လောက်ရှိတယ်၊ အရှည်က ပေ ၄၀၀ လောက်ရှိတယ်။ ၁၉၂၀ခုနှစ်လောက်က ဆောက်ထားတယ် ပြောကြတယ်။ လူလုပ် ရေတံခွန်တွေ၊ ရောင်စုံကြာပန်းတွေ၊ ပြီးတော့ လေတိုက်လို့ ရေမျက်နှာပြင်မှာ လှိုင်းတွန့်လေးတွေ ဘာဝလှုပ်ခတ်နေပုံမျိုး….”

…….

ဒီမိုကရေစီဆိုတဲ့ အသုံးအနှုန်းနဲ့ သဘောသဘာဝကို လွတ်လပ်စွာ ဆန့်ကျင်နိုင်မှုနဲ့ ကလန်ကဆန်လုပ်ပြီး ပြောဆိုနိုင်တဲ့ လွတ်လပ်မှုတစ်ခု၊
o အရစ်တိုကရေစီကို လွတ်လပ်စွာ ကိုးကွယ်နိုင်မှု၊
o စားပွဲထိုးတွေကို လွတ်လပ်စွာ တစ်ပ်ပိုက်ဆံ မပေးရမှုနဲ့
o မိန်းမတွေကို ကြောက်ရခြင်း အဖြစ်တွေကနေ လွတ်မြောက်နိုင်မှုတွေ..

အဲသလိုအဲသလို.. ရေးထားတဲ့ ဘိုဟီးမီးယန်းများနှင့် ငွေငန်းဖြူများ ဆိုတဲ့ ကျွန်မရဲ့ ၀တ္ထုတိုလေး တစ်ပုဒ်လည်းပါပါတယ်…

ဖတ်ရှုဝေဖန်ပေးကြပါဦးလို့…
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။




မလေး ရဲ့ စတိုင် အတိုင်း ပါပဲ။ သပ်ရပ်တယ်။ ဆန်းသစ်တယ်။ စွဲဆောင်တယ်။ ကျစ်လစ်တယ်။ အသိ နဲ့ အတွေး ပေးတယ်။
Comment by K — November 16, 2009 @ 7:10 pm


မလေးရေ ….. သံလွင်အိမ်မက်မှာ သွားဖတ်ခဲ့တယ်နော်။ မလေးရဲ့ အရေးအသားနဲ့ တင်ပြထားတာလေးတွေက အရမ်းကောင်းတယ်နော်။ မသိနိုင်သေးတဲ့ နိုင်ငံတွေက ထူးခြားတဲ့ အကြောင်းအရာလေးတွေနဲ့ ဗဟုသုတလေးတွေကိုလည်း သေချာဖတ်သွားခဲ့ပါတယ်။ လူဖြူတွေကိုမှ အထင်ကြီးတတ်တဲ့ လူတန်းစားတွေကိုလည်း ဒီမှာတွေ့နေရတယ်… ကိုယ့်လူမျိုးတွေက အစ မြင်တွေ့နေရတာ ရင်နာတယ် မလေးရယ်။ ဒီလို အရေးအသားလေးတွေနဲ့ မလေးရဲ့ စာပေတွေကို အမြဲတမ်း အားပေးနေဆဲပါ…။
ဒီဝထ္ထုလေး ဖတ်ပြီး စိတ်ထဲမှာလည်း တမျိုးလေး ခံစားလိုက်ရတယ်…။
ခင်မင်လေးစားလျှက်
Comment by ဒဏ္ဍာရီ — November 16, 2009 @ 9:24 pm


မလေးရေ…
သွားဖတ်ပြီးသွားပြီဗျာ….။
ဗဟုသုတအများကြီးပေးထားတာ…ကျေးဇူးပါဗျာ…။
စာတွေဒီထက့်များများ ရေးနိုင်ပါစေဗျ…။
Comment by ဏီလင်းညို — November 17, 2009 @ 8:45 am |

Friday, November 13, 2009

ရာသီဖွဲ့ကဗျာတစ်ပုဒ်

tb_fiji_sunset.jpg
နတ်တော်ဆန်း၍
လျှံထွန်းရောင်ဝါ
သူရိယာလျှင်
အ၀ါမမူ
အဖြူအနီ
စုံစီခြယ်လွင်
ပြင်ထပ်တွင်နှိုက်
နေ၀င်မြင်သည်
ဝရွှေပြည်ကား
ဆီးရည်ပတ်ချုပ်
မှိုင်းအုပ်ပျပျ
ပုညတောင်ဆီ
ရီလျှက်မလင်း
မ၀င်းအုံ့မှိုင်း
စစ်ကိုင်းတဘက်
သန်လျှက်ပေါ်ထွန်း
ကျွန်းများတံခွန်
နန်းဗိမာန်မှာ
လေသွန်ပြည့်လှည့်လိမ့်တကား.....

+ ရှင်ထွေးနာသိန် +


နတ်တော်လ ရောက်ရန် ရက်အနည်းငယ်လိုသေးသော်လည်း.. ကိုယ်ရေးတဲ့ ပိုစ်တွေကို ကိုယ်မကြိုက်လို့ (ပူလောင်လာသလိုဖြစ်နေလို့).. အရင်လို ကဗျာတွေ၊ စာတွေ၊ မောင်.. တွေ :P ရေးပါဦးလို့ ပြောပြောနေကြတဲ့ မောင်နှမများအတွက် (အရင်လို နူးညံ့သောစာတွေလည်း မဖွဲ့နိုင်သေးလို့) ရှင်ထွေးနာသိန်ရဲ့ ရာသီဖွဲ့လေးတင်ပေးလိုက်ပါတယ်...



1.

ကဗျာလေးလာဖတ်တယ်ဗျ…။
ဟုတ်တယ်..ခရေရှင်တို့လို… အကြောင်းလေးတွေဖတ်ချင်တယ်ဗျ…။
များများရေးနော်..မလေး…။

Comment by ဏီလင်းညို — November 13, 2009 @ 5:28 pm |Edit This
2.

ကဗျာလေးကြားဖူးသလိုဘဲ… ။ ကျွန်တော်လည်းအစ်မရေးပေးသွားတဲ့စာကြောင်းလေးအဓိပ္ပာယ်ကိုသေချာစဉ်းစားမိတယ်။
ကျွန်တော်ရေးထားတဲ့စာကြောင်းက တစ်နေရာရာကဖတ်မိတဲ့စာသားလေး..ကြိုက်လွန်းလို့ စိတ်ထဲအမြဲစွဲနေတာ..။

Comment by Evergreen Phyo — November 13, 2009 @ 9:16 pm |Edit This
3.

အော်.. ပြောရင်းနဲ့မှသတိရပြီ.. Natasha Bedingfield ရဲ့ Soulmate သီချင်းထဲကစာသားလေး.. သူ့သီချင်းတော်တော်များများကြိုက်တယ်..။

Comment by Evergreen Phyo — November 13, 2009 @ 9:19 pm |Edit This
4.

ရာသီဖွဲ့ကို လာနွှေးသွားတယ်…

ခင်မင်စွာဖြင့်
လင်းဦး(စိတ်ပညာ)

Comment by လင်းဦး(စိတ်ပညာ) — November 14, 2009 @ 11:04 am |Edit This
5.

စာလာဖတ်သွား၏…………..

Comment by minthant2009 — November 14, 2009 @ 2:22 pm |Edit This
6.

ရာသီဖွဲ့ ကဗျာလေး ပြန်ဖတ်ရတာ ကောင်းလိုက်တာ..

Comment by သိင်္ဂါကျော် — November 15, 2009 @ 1:28 am |Edit This
7.

ကဗျာတော့မသိဘူး ဓာတ်ပုံလေးကိုတွေ့ပြီး ဟက်စ်ထိသွားတယ် ကျနော်ရေးဖူးတဲ့ နေညိုချိန်ပို့စ်လေးနဲ့ ရာဇ၀င်ထဲမှာ ကျန်ခဲ့တဲ့ ချစ်သူကို လွမ်းမိလို့ :(

Comment by မောင်မျိုး — November 15, 2009 @ 7:29 am |Edit This
8.

မလေးရေ … အဲဒီကဗျာလေး ဖတ်လိုက်ရတာ ပြည်တော်ကို လွမ်းသွားတယ်။ စစ်ကိုင်းတောင်နဲ့ ပုညရှင်ကိုလည်း သတိရသွားတယ်။

ခင်မင်လေးစားလျှက်

Comment by ဒဏ္ဍာရီ — November 15, 2009 @ 8:21 pm |Edit This
9.

စစ်ကိုင်းပုညတောင်ကို အရမ်းလွမ်းသွားပြီအိမ့်ရေ… ဒီမှာလဲ မှိုင်းအုံပျပျ… ဒါပေမယ့် တစက်ကလေးမှ မလှ… လွမ်းလို့ လဲမရတဲ့ နတ်တော်မပီတဲ့လပါ…

Comment by တန်ခူး — November 16, 2009 @ 5:52 am |Edit This
10.

အခုတစ်လော မလေး အပျင်းထူနေပါသဖြင့် ခွင့်လွှတ်ကြပါလို့…. :)

Comment by မလေး — November 17, 2009 @ 12:45 am |Edit This

Wednesday, November 11, 2009

ပန်းစိုက်သူ

မိုးကဖွဲဖွဲကလေးရွာလာပြီ။ အဆောက်အဦးအ၀င်ဝက ပန်းခြုံတွေကြားမှာ မြေတူးနေရာမှ လုပ်လက်စအလုပ်ကို အမြန်အပြီးသတ်လိုက်သည်။ ဦးထုပ်ကို ခေါင်းရှေ့ကို ပိုငိုက်အောင် ဆွဲချလိုက်ပြီး ပန်းခြုံကြားမှ မတ်တပ်ရပ်လိုက်ပြီး ခါးကိုဆန့်လိုက်သည်။ ဆောင်းဦးဝင်ပြီမို့ မိုးက ကျွတ်ဆတ်အေးခဲလာနေပြီ။ မြေပြင်မှာ ရောင်စုံသစ်ရွက်တွေ ပျံ့ကြဲနေသည်မို့ မကြာခင် သစ်ရွက်တွေကို ကြုံးရဦးမည်။ ခပ်လှမ်းလှမ်းက လူလုပ်ရေကန်စိမ်းထဲက ရေညှိတွေက စိမ်းညိုရောင်သန်းနေသည်။ ရေကန်ဘေး နွံထဲမှာတော့ လိပ်ကလေးတွေ ငြိမ်သက်နေကြသည်။


အဆောက်အဦးအ၀င်ပေါက်ဝမှာ ဗော်လဗိုကားတစ်စင်းက အသံမမြည်ပဲထိုးဆိုက်လာသည်။ ပြောင်လက်တောက်ပနေသည့် ရှုးဖိနပ်ဝတ် လူတစ်ယောက်က ကားတံခါးဖွင့်ဆင်းလာသည်။ passernger seat မှ မိန်းကလေးကလည်း ကားအပြင်သို့ထွက်လာသည်။ ကားနားမှာ အနမ်းတစ်ခုကို အမြန်ဖလှယ်လိုက်ကြပြီး ရှုးဖိနပ်ဝတ်က ရုံးထဲသို့ တက်ကြွသောခြေလှမ်းများနှင့် ၀င်သွားသည်။ မိန်းကလေးက ကားကိုကျင်လည်စွာ မောင်းပြီးထွက်သွားသည်။ သည်လိုမြင်ကွင်းတွေက နံနက်ခင်းတိုင်းရဲ့ ရိုးအီနေတဲ့ မြင်ကွင်းတွေ…။


သည်နေရာမှာ နောက်ဆုံးပေါ်နည်းပညာတွေနဲ့ digital photography နဲ့ digital printing ကို ဦးစားပေးတဲ့ Kodak၊ ဘီစီပြည်နယ်တစ်ခုလုံးရဲ့ ကျန်းမာရေးအာမခံလုပ်ငန်းဆိုင်ရာ တစ်ခုလုံးကို ကိုင်တွယ်တဲ့ Blue Cross၊ နောက်ဆုံးပေါ် ဗွီဒီယိုဂိမ်းတွေထုတ်တဲ့ Electronic Arts၊ metabolism disorder တွေကို ရောဂါရှာဖွေဖော်ထုတ်ပြီး ကုသရေးပစ္စည်းတွေထုတ်တဲ့ Xenon Canada၊ စတဲ့လုပ်ငန်းတွေရှိသည်။


သူကတော့ နောက်ဆုံးပေါ် နည်းပညာတွေသုံးတဲ့ ရောဂါရှာဖွေရေးလုပ်ငန်း နဲ့ medical isotope တွေထုတ်တဲ့ MDSကုမဏီဝင်းအတွင်းမှ ပန်းခြံအလုပ်သမားတစ်ယောက်။ မြေကြီးတွေ ပေပွနေသော၊ အမှိုက်သရိုက်တွေတွယ်ကပ်နေတတ်သော မိုးကာဖျင်အညိုရောင်ကြီးတဖားဖားဝတ်ပြီး သည် business park ၀င်းထဲမှာ လျှောက်သွားနေတတ်သော သူ့ကို မည်သူကမျှ သိပ်သတိထားမိကြမည်မထင်။ သည်ဝင်းထဲလျှောက်သွားရင်း သည်တံခါးဝနားတစ်ဝိုက်က ပန်းခြုံတွေမှာ အလုပ်လုပ်ရင်း ဖြတ်သွားဖြတ်လာခြေသံတွေကို သူလေ့လာနေခဲ့သည်မှာ ကြာခဲ့ပြီ။ မ၀ံ့မရဲခြေလှမ်းတွေ၊ မအောင်မြင်လို့ စိတ်ဓာတ်ကျပြီးထွက်လာတဲ့ ခြေသံတွေ၊ လုပ်ငန်းခွင်အင်တာဗြူးအောင်သွားလို့ ပျော်ပြီးပြန်ထွက်လာတဲ့ ခြေသံတွေ၊ ကျောင်းပြီးကာစ တက်ကြွနေတဲ့ ခြေသံအသစ်တွေ၊ မာနတွေကို သယ်ဆောင်ထားတဲ့ ခြေသံတွေ၊ ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်တဲ့ အရည်အချင်းရှိတယ်ဆိုပြီး ကျောင်းကသင်ပေးလိုက်လို့ အားလုံးကို ပြောင်းပြန်မှောက်ခုံလုပ်ပစ်လိုက်မယ်ဆိုတဲ့ အဟုန်တွေကို သယ်ဆောင်လာတဲ့ ခြေသံတွေကို သူလေ့လာနေတတ်ခဲ့သည်။


Saturday, November 07, 2009

ကမ္ဘာမပျက်ခင် တစ်လ အလို….

တောသားလေးက တက်ဂ် လို့ပါ…။

၁) ဘယ်သူတွေနဲ့ရှိနေချင်လဲ...
ပထမ ၂ပတ်မှာ သိပ်တွေ့ချင်တဲ့သူတွေကို အမြန်သွားတွေ့မယ်။ သိမ်းထားတဲ့စကားတွေကို ပြောမယ်။
ကျန်တဲ့ ၂ပတ်မှာတော့ သာယာလှပတဲ့ ပင်လယ်ကမ်းစပ်လေးတစ်ခုမှာ မိသားစုနဲ့ တဲထိုးပြီးနေမယ်။ နောက်ဆို မမြင်ရတော့မှာဖြစ်တဲ့ ကောင်းကင်ပြာနဲ့ တိမ်ဖြူတွေကို ငေးမယ်။ သဲပြင်ပေါ်မှာ ပက်လက်လှန်အိပ်ပြီး ကြယ်တွေကို မော့ကြည့်မယ်။ လေပြေရဲ့အထိအတွေ့ကို နောက်ဆုံးအနေနဲ့ ခံစားမယ်။ လှိုင်းပုတ်သံတွေကို နောက်ဆုံးအနေနဲ့ နားထောင်မယ်။ ငှက်တွေပျံသန်းနေတာကို နောက်ဆုံးအနေနဲ့ ငေးမောမယ်။ သိပ်လှတဲ့ ကမ္ဘာကြီးကို နောက်ဆုံးအနေနဲ့ ဂါဝရပြု နှုတ်ဆက်မယ်။


(၂) ဘာတွေခံစားနေရလဲ...
ဒီလောက်လှပတဲ့ သဘာဝအလှတရားတစ်ခု အငွေ့ပျံပျက်စီးသွားမှာတော့ နှမြောမိမယ်။ ဒါပေမယ့် လူသားတွေ အသုံးချနိုင်သလောက် အသုံးချပြီးခြင်းခံခဲ့ရတဲ့ ဒီကမ္ဘာက၊ ပျက်စီးဖို့ အချိန်တန်တာ ကြာပါပြီ။ ဒီကမ္ဘာဟာ အစကတည်းက ထာဝရတည်နေမယ့် အရာတစ်ခု မဟုတ်ခဲ့လို့ သိပ်တော့ ပူဆွေးမနေပါဘူး။

(၃) ဘာတွေပြင်ဆင်ထားမလဲ...
ဘာမှ ပြင်ဆင်စရာကို မလိုတော့ပါဘူး။ ဘ၀မှာ လိုချင်တာ သိပ်များများ မရှိခဲ့ပါဘူး။ အဲဒီလိုချင်တာ နည်းနည်းလေးတွေထဲက အကုန်နီးပါးလည်း ရခဲ့ပြီးပြီ။ လှူသင့်တာတွေလှူပြီးပြီ။ ပေးသင့်တာတွေ ပေးပြီးပြီ။ ကျေးဇူးဆပ်သင့်တာတွေ ဆပ်ပြီးပြီ။ ပေးဆပ်သင့်တာတွေ ပေးဆပ်ပြီးပြီ။ လူသားတစ်ယောက်အနေနဲ့ ခံစားလို့ရသမျှ လူပီသစွာ ခံစားနေထိုင်ပြီးပြီ။ ပြီးပြည့်စုံနေတဲ့ လူသားတစ်ယောက် မဟုတ်ပေမယ့်လည်း၊ တတ်နိုင်သမျှ အကောင်းဆုံးလုပ်ခဲ့ပြီးတဲ့အတွက်.. သေဆုံးဖို့ အဆင်သင့်ဖြစ်နေတာ ကြာပါပြီ။

Tuesday, November 03, 2009

အနက်ရောင် သတို့သမီး

အဲဒီနေ့က မနက်စောစောကတည်းက ဖရုံသီးလေးတွေလို၊ ပန်းပွင့်လေးတွေလို၊ နတ်သမီးလေးတွေလို၊ ကျားပေါက်၊ ဆင်ပေါက်စတဲ့ အကောင်ပေါက်လေးတွေလို ၀တ်ဆင်ထားကြတဲ့ ကလေးလေးတွေ လမ်းတွေပေါ်မှာ၊ ဈေးတွေထဲမှာ ဥဒဟို သွားလာနေကြတာကို မြင်တွေ့နေရတယ်။ အချို့အိမ်တွေ တော်တော်များများကလည်း အိမ်ရှေ့အ၀င်ဝမှာ ပင့်ကူမဲမဲကြီးတွေ တွဲလွဲခိုနေတဲ့ ပင့်ကူအိမ်အတုတွေ၊ အရိုးစု အရုပ်တွေ၊ အစွယ်ငေါငေါထွက်နေတဲ့ ပုံစံရအောင်ထွင်းထားတဲ့ ဖရုံသီးရုပ်တွေနဲ့ အိမ်တွေကို တန်ဆာဆင်ထားကြတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့က အားလုံးသိကြတဲ့အတိုင်း တစ္ဆေကြီးပွဲ။ ဟိုးရှေးခေတ်တွေတုန်းက နွေရာသီကောက်ရိတ်သိမ်းပြီးကြရင် သူတို့ရဲ့ ကောက်ပဲသီးနှံတွေကို ၀ိညာဉ်တွေလာစားမှာစိုးလို့ ကြောက်စရာအ၀တ်အစားတွေဝတ်ပြီး ခြောက်လှန့်ကြတဲ့ celtic ဓလေ့ကနေ စတယ်လို့လဲ ဆိုကြတဲ့ ဒီတစ္ဆေကြီးပွဲက အခုခေတ်မှာတော့ ကလေးလေးတွေ တစ်အိမ်တက်ဆင်း သကြားလုံးလိုက်တောင်းတဲ့ ပွဲတစ်ခုလည်း ဖြစ်နေပါပြီ။


နေ၀င်သွားလို့ လ ထွက်လာတာနဲ့ ရောင်စုံသစ်ရွက်တွေကြွေနေတဲ့ လမ်းတွေပေါ်ကို ၀တ်စုံပြည့်အ၀တ်တွေနဲ့ ကလေးလေးတွေထွက်လာပြီး အိမ်တံခါးကို လာခေါက်ရင်၊ သူတို့ကိုပေးဖို့သကြားလုံးတွေ ချော့ကလက်ပြားလေးတွေ ဈေးက သွားဝယ်အပြီး၊ သေဆုံးသွားပြီးတဲ့လူတွေ မြှုပ်နှံထားတဲ့ ပန်းခြံကြီးရှေ့က လမ်းမကြီးအတိုင်း အဲဒီနေ့က ဖြတ်ပြန်လာခဲ့တယ်။


လူသေတွေမြုပ်နှံထားတဲ့ ပန်းခြံကြီးက ဆောင်းရာသီအ၀င် အရောင်စုံပြောင်းနေတဲ့သစ်ပင်ကြီးတွေအောက်မှာ တိတ်ဆိတ်စွာ ငြိမ်သက်နေတယ်။


LinkWithin

Related Posts Plugin for WordPress, Blogger...