မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Thursday, August 27, 2009

သတိပြုနိုင်ရန်

lp.jpg

မနေ့က ကျမတို့မြို့မှာ လူတစ်ယောက် laptop မီးလောင်လို့ မီးသတ်ဖို့ကြိုးစားရင်း သူပါအသက်ဆုံးရှုံးသွားတယ်ဆိုတဲ့ သတင်းဖတ်လိုက်ရပါတယ်။ ထိုသူက laptop ကို couch ပေါ်တင်ပြီး အားသွင်းထားတာ ခုံကပျော့တော့ လေ၀င်လေထွက်ပေါက်ကို ပိတ်ထားသလိုကလဲဖြစ်၊ ဘက်ထရီကလဲ ယိုယွင်းနေတဲ့ ဘက်ထရီကလဲဖြစ်တော့၊ မီးထလောင်တာလို့ ဆိုပါတယ်။ Hwelett-Packard က မေလတုန်းက notebook ဘက်ထရီပေါင်း ရသောင်းကို ပြန်ခေါ်ထားပါတယ်။ ကနေဒါမှ လူများကတော့ ဒီဆိုက်ဒ် မှာ ကိုယ့် notebook ဘက်ထရီ ပြန်ခေါ်စာရင်းထဲပါလား စစ်နိုင်ပါတယ်။


ဒီလိုဆန်ဆန်အဖြစ်မျိုးတွေ ဖြစ်တဲ့အခါမှာ ဒဏ်ရာအနာတရ ရတာမျိုးလောက်ပဲ အရင်က ဖြစ်ကြပေမယ့် တစ်ခါတုန်းကတော့ အိမ်ပါ မီးလောင်သွားတယ်လို့ ဆိုပါတယ်။ Notebook တွေကို မာတဲ့ မျက်နှာပြင်တွေပေါ်မှာ သုံးရန်၊ ပျော့တဲ့မျက်နှာပြင်တွေပေါ်မှာသုံးလျှင် အပူစုတ်ပြားခံပြီးသုံးရန်၊ အိတ်ထဲထည့်ပြီးသယ်သွားချိန်တွေမှာ စက်ကိုပိတ်ပြီးမှ သယ်သွားရန်၊ စက်ရဲ့လေ၀င်လေထွက်ပေါက်ကို ဖုန်တွေမပိတ်အောင် သန့်ရှင်းရေးလုပ်ပေးရန်၊ စက်ရဲ့အပူချိန်တွေ လျော့ကျစေတဲ့ သင့်တော်ရာ စားပွဲ၊ မျက်နှာပြင်တို့ကို အသုံးပြုကြရန် စသဖြင့်အကြံပေးကြပါတယ်။


Notebook တွေကို ကုတင်ပေါ်တင်၊ ဆိုဖာပေါ်တင်ပြီး စာဖတ်တာတို့၊ စာဖတ်ရင်း၊ သီချင်းနားထောင်ရင်း အိပ်ပျော်သွားတာတို့ ကျမ ကိုယ်တိုင်လဲ ဖြစ်ဖူးပါတယ်။ ဆိုဖာပျော့ပေါ်မှာ၊ အိပ်ရာထဲမှာ၊ ကျောင်းစာဖတ်ရင်း၊ ပရိုဂျက်လုပ်ရင်း Notebook ပွင့်ပြီး အိပ်ပျော်သွားလိုက်တာ မိုးလင်းသွားတတ်တာမျိုးတွေက အလွန်အန္တရာယ်ကြီးပါတယ်။ လေ၀င်လေထွက်ပေါက်ကို မပိတ်ရဘူး၊ မာတဲ့ မျက်နှာပြင်ပေါ်မှာ တင်ထားရတယ်ဆိုတာ လူတိုင်းသိပေမယ့်၊ တစ်ခါတစ်ခါ သတိမမူ ဂူမမြင်၊ ပညာရှိ သတိဖြစ်ခဲ ဖြစ်တတ်ကြလို့ ဒီပိုစ်လေးကို ရေးရခြင်းဖြစ်ပါတယ်။


 


Source: The Vancouver Sun

Picture: gettyimages.com

1.

မမရေ.. ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်မလဲ အိပ်ရာပေါ်မှာ ဂိမ်းဆော့ရင်း အိပ်အိပ်ပျော်သွားလို့
ကွန်ပြုတာက ပူကျစ်နေတာ..အောက်ခံအပြားလဲမခံထားမိဘူး..
ညတိုင်းနီးပါးပဲ..လောင်မှာတော့ကြောက်တယ်..တစ်ခါတစ်ခါ မီးထလောင်တယ်အိပ်မက်ပါမက်သေးတယ်…
သတိထပ်ပေးတာကျေးဇူးပါပဲ။ ကြာခဲ့ပီတစ်ခေါက်ကြားဖူးပေမယ့် နောက်ပိုင်းပေါ့ပေါ့လေးနေမိတာ
အခုသေချာသတိထားရမယ်..း)

Comment by စန္ဒကူး — August 27, 2009 @ 5:40 pm |Edit This
2.

လပ်တော့အောက်ဘက်ကို တင်ထားတဲ့မျက်နှာပြင်နဲ့မထိစေဘဲ လေထွက်ပေါက်ရှိအောင်အနည်းငယ်လွှတ်ထားပေးတာကောင်းပါတယ်..။ အောက်မှာခံထောက်ပေးတဲ့အလုံးလေးတွေလဲ ဒီမှာရောင်းသားပဲ..။ ပန်ကာနဲ့ဆိုရင်တော့အကောင်းဆုံးပေါ့..။

Comment by Evergreen Phyo — August 27, 2009 @ 8:48 pm |Edit This
3.

အမရေအခုလိုသတိပေးတာကျေးဇူးပဲမဂျီးရေ..ကျွန်တော်လဲအရင်ကဆိုအိပ်ယာပေါ်တင်ပြီး
အိပ်ပျော်သွားတာခဏခဏပဲ..
ကျွန်တော်လဲမအားလို့အွန်လိုင်းသိပ်မရောက်ဖြစ်ဘူးဒီလ19ရက်နေ့ကကျွန်တော်အဖေဆုံးသွားလို့လေ……
မဂျီးတို့ရွှင်လန်းချမ်းမြေ့ပါစေ

Comment by ဒေါင်းမင်း — August 27, 2009 @ 10:09 pm |Edit This
4.

မမအိမ့်ရေ…………. ရည်မွန်လဲ လာတယ်…. နေကောင်းတယ်ဟုတ်…

Comment by ရည်မွန် — August 27, 2009 @ 11:29 pm |Edit This
5.

မလေးရေ… သူငယ်ချင်းတွေဆီ ဒိပို့စ် နဲ့ လင့် ပို့ပေးချင်လို့.. ၊

Comment by sin dan lar — August 28, 2009 @ 2:14 am |Edit This
6.

အစ်မရေ ကျေးဇူးနော် ကျွန်တော်ကတော့ ဗိုက်ပေါ်တင်ပြီး ကြည့်လေ့ ရှိတယ် သတိထားမှဘဲ အဆီမကျပဲ ဗိုက်မီးလောင် မှာစိုးလို့ 

Comment by amk — August 28, 2009 @ 4:58 am |Edit This
7.

စန္ဒကူး … အိပ်မက်တောင်ပေးနေပြီနော်.. ညီမလေး သတိထားဦး။
Evergreen Phyo … မသုံးရင် စက်ပိတ်ထားတာ အကောင်းဆုံးဖြစ်မယ် ဖြိုး၊
ဒေါင်းမင်း… မောင်လေးအဖေ ကောင်းရာသုဂတိလားပါစေ.. အဖေဆုံးရှုံးရတဲ့ခံစားချက်ကို အစ်မနားလည်ပါတယ်ကွယ်။
ရည်မွန်… ဖျားနေတယ်း(
sin dan lar … ဟုတ်၊ လက်လှမ်းမှီသလောက်ပေါ့စန်ဒါရယ်..
amk … ဒီဗိုက်အဆီကျနည်းက အသစ် ပါလားနော်…

Comment by မလေး — August 28, 2009 @ 8:15 am |Edit This
8.

မီးဘေးရှောင်လို့မလောင်ခင်တားကြပါ…

Comment by ဒီဝိုင်း — August 28, 2009 @ 9:36 am |Edit This
9.

ဟိုက် ..
မမေလဲ လက်ပ်တော့ပ်ကို ဆိုဖာခုံပုလေးနဲ့ တင်ပြီး အိပ်ရာဘေးထားအိပ်တာ။ တညလုံး မပိတ်ဘူး။
တခါတလေ စက္ကူဂျပ်ဘူးပေါ်လဲ တင်တတ်သေးတယ်။ စားပွဲပေါ် တခါမှမတင်ဘူး။ အိပ်ရာထဲမှာပဲ အသုံးများလို့လေ။
ဒီစာဖတ်ပြီးမှ လန့်ဖြန့်ပြီးခေါင်းကြီးသွားတယ်။ မမေလုပ်နေတာတွေက မီးလောင်မယ့်အပေါက်ပဲ။
ဒီနေ့ကစပြီး ကွန်ပျူတာပိတ် အိပ်တော့မယ်။ သတိပေးတာ ကျေးဇူး မလေးရေ ..။

Comment by မေဓာဝီ — August 28, 2009 @ 2:48 pm |Edit This
10.

အိမ့်ရေ… အမ အကျင့်က ခုလို ရုံးပိတ်ရက်ဆို အိမ်ကလူနဲ့ သားမနိုးခင် မနက်စောစော NoteBookလေး ဗိုက်ပေါ်တင်(အင်း…အဆီတော့ မကျပါဘူး)… အိပ်ယာပေါ်လှဲရင်း ဘလော့လည်တာကို သိပ်သဘောကျတာ…. ခုတောင် ဒီcommentလေးကို မွှေ့ ယာပေါ်တင်ရေးနေမိတာ… အိမ့်သတိပေးမှ အဲလောက်အန္တရာယ်များမှန်းသိတော့တယ်… နောက်မလုပ်တော့ဘူးနော်… ကျေးဇူးပါညီမရေ…

Comment by တန်ခူး — August 28, 2009 @ 5:15 pm |Edit This
11.

အစ်မရေ taylor swift ရဲ့ teardrops on my guitar နားထောင်ပြီးသွားပြီလား။ကျနော်တော့ အရမ်းခိုက်သွးတာ။ သူတို့ များတော်လိုက်ကြတာ။ ကျနော်ဖြင့်သီချင်း တစ်ပုဒ်မှ key မှန်အောင်မဆိုနိုင်ဘူး။
ဒီတစ်ခါကျောင်းပိတ်ရင်တော့ ဂီတာတီး သင်မလားလို့ ပဲ။ အစ်မ ဦးဝင်းငြိမ်းရဲ့ ရွှေအမြုတေ ထဲကshort story လေးတွေပေါင်းထုတ်ထားတာဖတ်ပြီးပြီလား။ အရမ်းကောင်းတယ်။ကျနော်တော့အားကျလိုက်တာ။

Comment by zwesoelwin — August 28, 2009 @ 8:22 pm |Edit This
12.

ညီမက Notebook ကို အောက်ခံအပျော့တွေပေါ် တင်သုံးရတာ သဘောမကျလို့ မတင်ဖြစ်ပေမယ့် အဲလိုတင်တာ လေဝင်လေထွက်ပေါက်ပိတ်ပြီး အန္တရာယ်ကြီးမှန်း အစ်မရေးမှ သိရပါတယ်။ နောက်ဆို အဲလိုလုပ်တတ်တဲ့ သူငယ်ချင်းတွေကို သတိပေးဦးမှ။ ကျေးဇူးတင်ပါတယ် မမအိမ့်…း)

Comment by ရွှေပြည်သူ — August 28, 2009 @ 10:19 pm |Edit This
13.

ကြည့်၇တာ မီးလောင်တဲ့ notebook fan ရဲ့ ventilation အပေါက်က notebook ရဲ့ အောက် ကိုထွက်တာဖြစ်မယ် တချို့ laptop တွေ e.g Fujitsu laptop ရဲ့ ventilation က ဘေးကို ထွက်တယ် heat တက်ပြီး မီးလောင်ဖို့  ကနည်းပါတယ် သတိဆိုတာ ပိုတယ်တော့မရှိပါဘူး

Comment by amk — August 29, 2009 @ 5:50 am |Edit This
14.

ကျွန်တော်က စားပွဲပေါ်တင်သုံးတာများပါတယ်၊ တစ်ခါတစ်လေမကတဲ့ညများစွာမှာ လက်ပ်တော့ပေါ် ပါးအပ်ပြီး အိပ်ပျော်သွားတတ်တယ်၊ ဘာကြောင့်များ ……………..
ကြောက်တတ်လာတယ်၊ စေတနာရှေ့ထားသတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ
ဆင်ခြင်စရာတိုးလာတာပေါ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ

Comment by ဒေါင်းသေချောင်းမှာ ပျော်သည့်ကျား — August 29, 2009 @ 12:19 pm |Edit This
15.

အစ်မရေ Now Magazine အုပ်တစ်ရာပြည့်မှာကျနော်ရေးတဲ့ fiction တစ်ပုဒ်ပါ လာတယ်။ အလွမ်းကော်ဖီတဲ့။ ကလောင်က Zoe ပါ။ ကျနော်အရမ်းပျော်နေတာ။ နေ့ လည်ကအောင်စာရင်းထွက်တာလည်း အမှတ်ကောင်းလို့ လေ။ ကျနော်က ကိုယ့်ကိုယ်ကိုယ် အရည်အချင်းမရှိတော့ ဘူးလို့ တောင် ထင်နေပြီ။ ၀မ်းသာလိုက်တာဗျာ။

Comment by zwesoelwin — August 31, 2009 @ 6:11 am |Edit This
16.

ကောင်းလွန်းလို့ အသစ်တင်တိုင်းမေးလ် ပို. ပေးပါနော်

Comment by shwebo — August 31, 2009 @ 6:51 am |Edit This
17.

‘မလေး’ရေ…
မြန်မာလို စမ်းပြီးcomment ကြည့်တာပါ…။

Comment by ဏီလင်းညို — August 31, 2009 @ 3:43 pm |Edit This
18.

မမအိမ့်ရေ….
မင်္ဂလာပါ … လာလည်တယ်နော်
နှင်း

Comment by နှင်းဟေမာ — September 1, 2009 @ 1:21 am |Edit This
19.

သတိထားဆင်ခြင်စရာဘဲ… ဝေငှပေးတာကျေးဇူး

Comment by rose of sharon — September 1, 2009 @ 2:07 am |Edit This
20.

မင်္ဂလာပါ…….အစ်မအိမ့်
သတိမပြု မိတဲ့အရာတွေအတွက်…ကျေးဇူးပါ

Comment by naingmoemoe — September 1, 2009 @ 6:14 am |Edit This
21.

မှတ်စရာတိုးသွားတယ် မလေးရေ။ မေလေးက laptop မရှိသေးပေမယ့် ဝယ်မယ်လို့ စိတ်ကူးထားတော့ ဒီလို သိရတာ ရှောင်ရန်တွေ သိရတော့ ကျေးဇူးပါ မမ။ မမနဲ့သားလေး တို့ မိသားစု ကျန်းမာပျော်ရွှင်ပါစေ

Comment by maylay — September 2, 2009 @ 12:25 am |Edit This
22.

zwesoelwin… Congratulations!! အစ်မ ဖတ်ချင်တယ်၊ ဘယ်နားသွားဖတ်ရမလဲ။
ဏီလင်းညို … ရသွားပြီလား၊ အေးအေးမောင်လေး။
အားလုံး.. မလေး ဟိုတစ်လောက ဖျားနေတာ ခုထိ သိပ်နေမကောင်းသေးလို့ လာလည်ကြသူများအားလုံး မင်္ဂလာပါရှင်။ ဖျားတယ်လို့ သိပ်မပြောရဲဘူး၊ တော်ကြာဒလက်တောရွာကလူတွေ ကြားသွားရင် ကြော်ငြာချက်ထုတ်ဖို့ “ခဏခဏဖျားသူများအဖွဲ့” ထဲ ဆွဲသွင်းနေမှာစိုးလို့ပါ… :D

Comment by မလေး — September 2, 2009 @ 12:02 pm |Edit This
23.

ရောက်တယ် မလေးအိမ့်.. ခြေရာမချန်ဖြစ်တာ ကြာပြီ..
လူက အလုပ်တွေ အရှုပ်တွေနဲ့ ၀ိုင်းကြီးပတ်လည် ကနေတာ =)
ညီမတို့ဆီမှာတော့ သိပ်ပူလို့ စားပွဲပေါ်တင်ရင်တောင် usb နဲ့ တပ်တဲ့ ပန်ကာပါးပါးလေးတွေ ဝယ်တပ်ထားရတယ်..

Comment by ShwunMi — September 3, 2009 @ 11:58 am |Edit This
24.

မလေ…
သတိရနေတာ။ အွန်လိုင်းတောင်မလာတာကြာပြီ။ နေကောင်းအောင်နေနော်.. အစ်မ

Comment by ချစ်စု — September 4, 2009 @ 12:38 am |Edit This
25.

It is valuable item for us.
thank for your effort.

Comment by moe thein — September 4, 2009 @ 1:40 am |Edit This
26.

ကျေးဇူးပါပဲ အလင်းစေတမန် ၀ိုင်းတော်သားများအားလုံး ….

ထာဝရ ပျော်ရွှင်နေပီး…ထာဝရ အဆင်ပြေပါစေလား….ထာဝရ တည်တန့်နေနိုင်ပါစေလား…

ကျွန်တော် ဆုမွန်ချွေပါတယ်…..အားလုံးသော အလင်းစေတမန် ၀ိုင်းတော်သားများကို.

Comment by zayyathu.150 — September 7, 2009 @ 2:16 am |Edit This
27.

မေးလ်တွေ ပို့ပေးတာ အရမ်း အရမ်း ပျော်မိပီးတော့ အရမ်း အရမ်း စိတ်ဝင်စားမိသူ တစ်ယောက်မို့ပါ…
ကျွန်တော်လင်းစေ…အလင်းစေတမန် ၀ိုင်းတော်သားများကို အထူးပဲ ကျေးဇူးတင်ပါရစေလား…
လက်ဖက်ရည် ကောင်းကောင်း တစ်ခွက်တော့ မန်းလေးရောက် တိုက်ချင်ပါသေးတယ်….

အားလုံးသော အလင်းစေတမန် ၀ိုင်းတော်သားများ ထာဝရ ပျော်ရွှင်နေပီး ထာဝရ အဆင်ပြေ…ထာဝရ တည်တန့်…ထာဝရ ………………..

လင်းစေ..

Comment by zayyathu.150 — September 7, 2009 @ 2:19 am |Edit This

Sunday, August 23, 2009

♫ ♥●••·˙သား ˙·••●♥♫

နွေရာသီနဲ့အတူ....
ပန်းငုံလေးတွေ ဖူးပွင့်လာတယ်..
ယုန်ပေါက်လေးတွေ ခြံထဲမှာ ပြေးလွှားဆော့ကစားတယ်..
အ၀ါရောင် မြက်ပန်းလေးတွေ လေအဝှေ့မှာ ယိမ်းနွဲ့လာတယ်...
ကမ္ဘာကြီးထဲကို မင်းကလေးရောက်လာတယ်...

ပိန်းပိတ်အောင်မှောင်တဲ့
စင်္ကြာဝလာကြီးထဲ
နဂါးငွေ့တန်းတွေကြားက
တောက်ပတဲ့ကြယ်လေးတွေအလား
ရွှန်းလဲ့လဲ့ မျက်ဝန်းတွေနဲ့
ညအမှောင်ယံထဲက
ငေးကြည့်နေတတ်တယ်......

တိတ်ဆိတ်တဲ့ ညတွေမှာ
ဂီတာ၊ တယော အရှုံးပေးလောက်တဲ့
တီးတိုးချွဲနွဲ့သံလေးတွေနဲ့
မေမေ့ကို...
အိပ်ရေးပျက်စေတယ်.....

အိပ်ပါတော့ ကလေးရယ်..
ငှက်ကလေးတွေ အိပ်တန်းထလို့
ပြူတင်းပေါက်အပြင်က မေပယ်လ်ပင်ပေါ်မှာ
ဆိုတေးဖွဲသီလို့
ဟိုးအဝေးမှာလဲ...
ရောင်နီလာနေပြီပေါ့ကွယ်....

Thursday, August 20, 2009

သံလမ်း

cpr.jpg


မနေ့က ရုပ်ရှင်တစ်ကားကြည့်ဖြစ်တယ်။

ရုပ်ရှင်ထဲမှာ ပစိဖိတ်သမုဒ္ဒရာကြီးပတ်ပတ်လယ် ၀န်းရံထားတဲ့၊ စိမ်းမြညိုမှောင်တဲ့ တောင်တွေအထပ်ထပ်ကြားက ကနေဒါအနောက်ဘက်ကမ်းခြေတလျှောက်။ နောက်ပြီး…. မြင့်မားမတ်စောက်တဲ့ တောင်နံရံတွေမှာတွယ်ကပ်လို့၊ တောင်တွေကြားကခေါင်းလျှိုကာ၊ တောင်အောက်လှိုင်ခေါင်းတွေကြားကို ငုံ့လျှိုးလို့ ကွေ့ကောက်တိုးဝင်သွားတဲ့ ရထားလမ်းတွေ…။ အဲဒီရထားလမ်းတွေဟာ၊ ကနေဒါအရှေ့ဘက်က မွန်ထရီရယ်မြို့ဘက်အထိရယ်…အမေရိကန်နိုင်ငံဘက်က နယူးယောက်နဲ့ ချီကာဂို မြို့တွေ အထိ ခရီးပေါက်တဲ့ ရထားလမ်းတွေ…။


ကနေဒါ အနောက်ဘက်ကမ်းခြေက ရထားလမ်းတွေဖောက်ရန်၊ အလုပ်ရှာထွက်သွားတဲ့ ဖခင်တစ်ယောက် ပျောက်ချင်းမလှ ပျောက်သွားလို့၊ ဖခင်ပျောက်အရှာထွက်လာတဲ့ “ကျားလေး” ဆိုတဲ့ တရုတ်လေးတစ်ယောက်ရဲ့ ဘ၀ဖြစ်စဉ်ကို ဒီရုပ်ရှင်က တင်ပြထားတယ်။ သူ့ဖခင်ကို အလုပ်သမားတွေထဲက တစ်ယောက်ယောက်က၊ ကြံစည်သတ်ဖြတ်လိုက်တယ်လို့ ယူဆထားတဲ့ “ကျားလေး”ဟာ တောင်နံရံတွေမှာ သက်စွန့်ဆံဖျား ကြိုးနဲ့တွယ်ဆင်းပြီး၊ မှိုင်းထောင်တဲ့ အလုပ်ကိုလုပ်တယ်။ အင်္ဂလိပ်စကားသိပ်မတတ်လို့ တစ်ခွန်းစနှစ်ခွန်းစပဲပြောတယ်။ ဒါပေမယ့် “ကျားလေး” ပြောသမျှစကားတိုင်းဟာ လေးနက်ပြတ်သားတယ်။ ဒီလိုနဲ့ နုနယ်ငယ်ရွယ်တဲ့ ကျားလေးနဲ့ ရထားလမ်းတွေဖောက်တဲ့ ကုမဏီပိုင်ရှင်ရဲ့သား James တို့ ခင်မင်ရင်းနှီးလာကြတယ်။ သာယာလှပတဲ့ ညလေးတစ်ညမှာ ကျားလေးနဲ့ James James တို့ ထိုင်ပြီးစကားပြောနေကြစဉ်မှာ ကျားလေးက James လက်ကို ညင်ညင်သာသာလေးကိုင်ပြီး “မင်းအကြောင်းတွေ အမြဲတမ်း ကိုယ်တွေးနေမိတယ်” လို့ ဆွေးဆွေးလေးပြောလိုက်တယ်။ အဲဒီမှာ James က လန့်ပြီး ထ ခုန်တာပေါ့။ အဲဒီမှာ ကျားလေးက ဘာဆက်ပြောသလဲဆိုတော့ ….. ။


Friday, August 14, 2009

(အခုတလော…)…

တွေးနေမိတာ….
ဘ၀တိုတိုလေးထဲမှာ အတ္တတွေ၊ မောဟတွေ၊ ဒေါသတွေ၊ မာန်မာနတွေကို လူတွေအလျှံပယ်ဝါးမြိုနေကြတာ ဘာကြောင့်ပါလိမ့်။

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက…
နေချင်လှပါချည်ရဲ့ဆိုပြီး ရှိသမျှစည်းစိမ်ပုံအောလို့ပေးကြရင်တောင် ဒီလောကထဲကနေ တစ်နေ့မှာ အားလုံး ထွက်ခွာသွားကြရမှာပါ။

ကျန်းမာရေး
အိပ်ရေးတွေပျက်နေတယ်

ဖတ်ဖြစ်တဲ့ စာအုပ်တွေက…

books.jpg
အဲဒါတွေ တစ်ပြိုင်နက်ဖတ်နေတာ နှစ်လလောက်ရှိပြီလေ.... တစ်အုပ်မှ အဆုံးမသတ်နိုင်သေးပါ။

ရောက်ဖြစ်နေတာက…
ဒီသစ်ပင်လေးတွေအောက်…

Thursday, August 06, 2009

ဝမ်းသာဝမ်းနည်းခံစားချက်တစ်ခု

brochure.jpgလွန်ခဲ့တဲ့ တစ်ပတ်လောက်က ဒီbrochure လေးကို Community Nursing Center တစ်ခုမှာ ကျမ တွေ့လိုက်တယ်။ English Language Services for Adults စာရွက်လေးပါ။ စာရွက်လေးရဲ့ ကျောဖုံးကို ကြည့်လိုက်တော့ အခြားဘာသာစကားတွေနဲ့လည်း ဒီစာရွက်လေးကို ဖြန့်ဝေတယ်လို့ဆိုထားတာကိုလဲတွေ့လိုက်တယ်။ အဲဒီအခြားဘာသာစကားတွေထဲမှာ ကရင် စာပါ တွေ့လိုက်တယ်။ ဒါကိုတွေ့တော့ ကျမ ၀မ်းသာသွားမိတယ်။ ဘာရယ်မဟုတ်ပါဘူး၊ ကိုယ့်တိုင်းပြည်ထဲက လူမျိုးစုတစ်စုရဲ့စာကို မြင်ရတာ ပီတိဖြစ်သွားတာပါ။ ဒါပေမယ့် ဗမာစာကို မတွေ့တော့ ၀မ်းနည်းသွားမိတယ်။


ဒီမြို့ရဲ့ ပြောင်းရွေ့လာသူများကို နေရာချပေးရေး အဖွဲ့အစည်းကြီးတွေထဲက အဖွဲ့အစည်းတစ်ခုကို စထောင်တဲ့လူတွေအထဲမှာ ခိုလှုံလာသူ မဟုတ်တဲ့ ပြောင်းရွှေ့နေထိုင်လာသူ စေတနာရှင်ဗမာအမျိုးသမီးကြီးတစ်ဦးပါခဲ့တယ်။ အဲဒီတုန်းကတော့ ဒီမြို့မှာ မြန်မာ(မြန်မာပြည်တွင်းမှာ ရှိသော လူမျိုးစုအားလုံး)ဆိုတာ မူးလို့ရှုစရာ မရှိသလောက် ရှားပါးခဲ့ပါတယ်။ အခုနောက်ပိုင်းတော့ မြန်မာတွေ များလာတာတစ်ကြောင်းကြောင့် အဲဒီအဖွဲ့အစည်းရဲ့ငှာနချုပ်နဲ့ ရုံးခွဲတွေမှာ ဗမာ၊ကရင်၊ချင်း စတဲ့ မြန်မာလူမျိုးပေါင်းစုံဟာ အင်္ဂလိပ်စာနဲ့ အခြားသင်တန်းတွေ တက်နေကြရုံမက၊ အဲဒီရုံးတွေမှာ အလုပ်လုပ်နေကြပါပြီ။ ဗမာတွေထဲမှာလည်း ကရင်တွေ၊ ချင်းတွေ လိုပဲ အင်္ဂလိပ်စာ မကျွမ်းကျင်တဲ့ ခိုလှုံလာသူတွေ ရှိနေကြပါတယ်။ ဒီစာရွက်ကို ထုတ်တဲ့ရုံးငှာနတွေဟာ ဘယ်နည်းနဲ့မဆို ခုနက အလုပ်လုပ်နေတဲ့ ဗမာတွေနဲ့ ဆက်ဆံနေကြရမှာပါပဲ။ ဘာသာပြန်ပေးနိုင်တဲ့သူတွေ အများကြီးရှိကြမှာပါပဲ။ ဒါတောင်မှ ဗမာစာနဲ့ စာရွက်ထုတ်ဖို့ ဗမာတွေထဲက မည်သူကမှ မပြောကြတော့ဘူးလားလို့ စဉ်းစားမိတယ်။


Tuesday, August 04, 2009

ဒီလိုပါပဲ

ဒီလိုပဲ...
အစကတည်းက ကဗျာမစပ်တတ်တဲ့ မိန်းမ
မလှပတဲ့ ကဗျာတွေ ထွက်ကျလာဦးမယ်။

နှုတ်ဆက်ချင်တယ် ကလေး
ဒါပေမယ့်လေ..
ဝေးဝေးသွားချင်နေတဲ့သူကို
လှမ်းယူလို့ ဆွဲမထားတော့ဘူး
တစ်ယောက်တည်း ရူးပါစေတော့ကွယ်။

လွမ်းတယ် ကလေး
ခပ်ဖြေးဖြေး ခြေလှမ်းတွေနဲ့
ဆန့်ကျင်ဘက် ဟိုအဝေးမှာ
တိတ်တခိုးငေးရင်း
မင်း ကဗျာတွေကိုပွေ့ဖက်
ရင်ကွဲပက်လက် အိပ်ပါရစေတော့ကွယ်။

ခွင့်လွှတ်ပါ.. ကလေး...
နားလည်ပေးပါ.. ကလေး...
အချစ်သစ်နဲ့ ပျော်နေပါစေ ကလေး..
ကိုယ့်ကို မေ့နိုင်ပါစေ ကလေး
အကောင်းဆုံးဖြစ်ပါစေ ကလေးရယ်....။

Sunday, August 02, 2009

နွေရောဂါ

ကမ္ဘာကြီး၏ အနောက်မြောက်ဘက်စွန်းတွင်ရှိသော ကနေဒါနိုင်ငံတွင် နေထိုင်ကြသူများကို ရေခဲအိမ်အစ်ဂလူးများထဲတွင် နေထိုင်ကြသူများဟု အချို့လူများက ထင်တတ်ကြပေသည်။ ကနေဒါအနောက်ဘက်ကမ်းခြေရှိ ဗင်ကူးဗားမြို့လေးတွင် နေထိုင်ကုန်ကြသော လူများကတော့ ယခုအချိန်တွင် ကိုယ်ပေါ်မှာ အ၀တ်အစားတောင် မကပ်နိုင်ကြတော့။ အပူချိန် ၂၅မှ ၃၈ ဒီဂရီစင်တီဂရိတ်ထိ ပြေးနေသော သည်ရက်သတ္တပတ် နှစ်ပတ်သည် သည်မြို့ရှိလူများအတွက် ပေါက်ကွဲတော့မည့် မီးတောင်နားမှာ၊ ဂွမ်းကပ်စောင်ကြီးများကိုခြုံ၊ မီးများကိုဖိုပြီး အစုလိုက်အပြုံလိုက် စခန်းချနားနေရသကဲ့သို့ ဖြစ်နေကြပေသည်။


ခြောက်ကပ်ပြီးအ၀ါရောင်သန်းလာနေသော အိမ်ရှေ့ရှိ မိမိပိုင်မြက်ခင်းပြင်များကို ရေလောင်းရန်လည်း မည်သူမျှ စိတ်ဝင်စားမှု မရှိကြတော့။၊ အပူချိန်ပြင်းထန်၍ ကြွေကျလာနေသော အများပြည်သူလမ်းပေါ်ရှိ သစ်ရွက်ခြောက်များကိုလည်း တက်ညီလက်ညီ ရှင်းလင်းကြရန်လည်း အရင်လို ဂရုမထားနိုင်ကြတော့။ အရိပ်ရရန် အစိုးရက စိုက်ထားပေးသော လမ်းဘေးရှိ ပြည်သူပိုင်သစ်ပင်များကို မိမိ အသိစိတ်ဓာတ်ဖြင့် အိမ်တိုင်းမှ ရေထွက်လောင်းရန် သတင်းစာများမှ လှုံဆော်သော်လည်း နေပူထဲမထွက်လို၍၊ ရေမီတာတက်မှာစိုးရိမ်၍၊ မိုးများသော သည်မြို့မှာ မကြာခင်မိုးရွာမှာပဲ.. ထားလိုက်ပါ ဟူသော အကြောင်းပြချက် အမျိုးမျိုးဖြင့် မည်သူကမှလည်း သစ်ပင်များကို အရေးတယူ ရေမလောင်းကြတော့။ ကနေဒီယန်ဒေါ်လာ နှစ်ရာခန့်ပေးလျှင်ပင် လေအေးစက် ကောင်းကောင်းတစ်လုံးကို ပိုင်ဆိုင်နိုင်သော်လည်း၊ အအေးပိုင်းနိုင်ငံဖြစ်သဖြင့် သာမန်နွေရာသီများတွင် အပူချိန် ၂၀ဒီဂရီထက် ကျော်သည်မှာ ရှားပါးသဖြင့် တော်ရုံအိမ်များမှာ လေအေးစက်များ တပ်ဆင်ထားခြင်းမရှိ။ ထိုသို့သော လေအေးစက်မရှိသော အိမ်များတွင် ကျွန်ုပ်၏အိမ် ပါဝင်ရလေကား ကျွန်ုပ်အဖို့ နေ့နေ့ညည အပူဒဏ်ကို လှိမ့်လို့ခံနေရလေသည်။


LinkWithin

Related Posts Plugin for WordPress, Blogger...