မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, June 30, 2009

အိတ်ကလေး

bag2.jpg


တနင်းလာနေ့ဆိုရင်.. မင်းနဲ့ကိုယ် ခွဲရပြီ အိတ်ကလေး.....။


ဒီအိတ်လေးကို ရုံးကစားပွဲပေါ်မှာ တင်ထားမိတဲ့နေ့ကစပြီး လုပ်ဖော်ကိုင်ဘက် မိန်းကလေးတွေရဲ့ မျက်စိကျမှုကို ခံရပါတယ်။ မြန်မာပြည်က အပြန်မှာ သူတို့တွေအတွက် လက်မှုအနုပညာလေးတွေ၊ အခြောက်အခြမ်းစားစရာလေးတွေ၊ အခြားလက်နဲ့လုပ်ထားတဲ့ အိတ်လေးတွေ၊ အလှပစ္စည်းလေးတွေ လက်ဆောင်အနေနဲ့ပေးပြီးပါပြီ။ ဒါပေမယ့် မမများက မကျေနပ်နိုင်သေးပဲ ဒီအိတ်လေးကိုပဲ မျက်စိကျနေကြတယ်။


ဒီအိတ်လေးနဲ့ ကျမ စတွေ့ပုံကတော့....


မြက်ခြောက်ခြောက်ကွင်းပြင်ထဲမှာ ရောင်စုံမီးတွေ ထိန်လင်းနေတဲ့ ညနေခင်းတစ်ခု။ ဈေးဆိုင်တန်းတွေရဲ့ထိပ်စည်းတွေမှာ ရွာမလူငယ်များရဲ့ မုန့်ဟင်းခါး၊ မုန့်တီ၊ နန်းကြီးသုတ်၊ ကြည့်မြင်တိုင်နှစ်ခြင်းအသင်းတော်ရဲ့ ဒန်ပေါက်၊ ကန်ဘဲ့လူငယ်များရဲ့ အအေးစုံ၊ အခြားအခြားသော လူငယ်အသင်းများရဲ့ ပလာတာ၊ ထမင်းပေါင်း၊ ၀က်သားတုတ်တိုး စသဖြင့် စားစရာတွေ အစုံအလင်ရောင်းချနေတဲ့ M.I.C.T (Myanmar Institute of Christian Theology) ရန်ပုံငွေ ဈေးရောင်းပွဲတော်ရဲ့ ညနေခင်းတစ်ခု။ လူတွေကြိတ်ကြိတ်တိုးကြားမှာ ဟိုငေးဒီငေးနဲ့ ဘာစားရမလဲ စဉ်းစားရင်း၊ လမ်းပေါ်မှာ ဥဒဟိုသွားလာနေတဲ့ အနှစ်နှစ်အလလ ဝေးကွာနေတဲ့ သူငယ်ချင်းတွေ၊ ဆွေတော်မျိုးတော်တွေကို ဟိုပြုံးပြ၊ သည်ပြုံးပြ၊ ခေါင်းညိတ်ခေါင်းခါလုပ်နေတုန်း အစ်မတစ်ယောက်က သူ့ဆိုင်ထဲက အိတ်ကလေးဆွဲလာပြီး အနားမှာလာရပ်လိုက်တယ်။


"ညီမလေး.. ဒီအိတ်လေးအားပေးသွား၊ ကျန်တဲ့ ဒီဇိုင်းလှလှတွေ အကုန်ပါသွားပြီ။ ဒီတစ်လုံးထဲကျန်နေလို့"


"ဟုတ်ကဲ့၊ ဘယ်လောက်ပေးရမလဲ မမနီ"


"နှစ်ထောင်"



အိတ်ထဲက နှစ်ထောင်ကျပ်တန်လေးကို သူ့ကိုလှမ်းပေးပြီး ဘယ်သူမှ မလိုချင်လို့ကျန်နေတဲ့ ဒီအိတ်လေးကို လက်ကကိုင်ရင်း သူငယ်ချင်းတစ်ယောက်နဲ့ ပြောလက်စ စကားဆက်ပြောနေချိန်မှာ အစ်မနီကတော့ သူ့ဆိုင်ဘက်ကို ပြန်ထွက်လို့သွားပါတယ်။ ဒီလိုနဲ့ ဒီအိတ်လေးက ရန်ကုန်မြို့ကနေပြီး မိုင်ပေါင်းသောင်းချီဝေးတဲ့ ကမ္ဘာကြီးရဲ့ဒီဘက်အစွန်က ဗင်ကူးဗားမြို့လေးကို ပါလာပါတော့တယ်။


ပထမတော့ ထုံးစံအတိုင်း ကလော့ဆက်ထဲမှာ ရှိနှင့်ပြီးသာ ကြိမ်အိတ်လေးတွေ၊ ကြိမ်ခြင်းလုံး စသောစသော အမှတ်တရပစ္စည်းများကြားမှာ ထားဦးမလို့ နောက်တော့ ရုံးမှာ အဆာပြေစားဖို့ ငှက်ပျောသီး၊ ကီဝီသီး၊ ဒိန်ချဉ်ဗူး၊ နောက်ပြီး ရုံးမှာဖတ်ဖို့ မြန်မာပြည်က ၀ယ်လာတဲ့ အောက်ကလို ဆိုက်အသေးစာအုပ်လေးတွေ ထည့်ထည့်ပြီး သွားပါတယ်။


zawaka.jpg


 


mmlay.jpg



 


 


 






 


 


 


 


 


 



dimensions.jpg


 


ဈေးပွဲတော်မှာ သူများမကြိုက်လို့ နောက်ဆုံးကျန်နေတဲ့ သည်အိတ်ကလေးဟာ ကျမရုံးက မမတွေတွေ့တဲ့အခါမှာတော့ ပျိုတိုင်းကြိုက်တဲ့ အိတ်ကလေးဖြစ်သွားပါတယ်။ သူတို့မှာ ဒေါ်လာရာချီတဲ့ ဂူချီတို့ ပရာဒါတို့ ရှိနေရဲ့သားနဲ့ ကျမရဲ့ မြန်မာပြည်ဖြစ်ကလေးကို တဖွဖွ ဖြစ်နေတော့တာပါပဲ။ ကျမကလည်း သူတို့က တစ်ခါလှတယ်ပြောတိုင်း "ကျေးဇူးတင်ပါတယ်"နဲ့ မပြီးဘူး။ "ချစ်စရာကောင်းရုံတင်မကဘူး၊ ဘယ်လောက်ပေးရလဲသိလား၊ တစ်ဒေါ်လာကျော်ကျော်ပဲ ပေးရတာ" လို့ ပြုံးပြုံးလေးနဲ့ ခေတ်လူငယ်စကားနဲ့ပြောရရင် သူတို့ကို"ထဲ့"လိုက်ပါသေးတယ်။ အဲသလို ထဲ့ တာများလို့လား မသိပါဘူးရှင်၊ အခုတော့ ကျမ အိတ်ကလေးကို ဂျူလီ ဆိုတဲ့ ရွှေရောင်ဆံပင်ပိုင်ရှင် မမ က ပြောင်ပြောင်တင်းတင်းကို တောင်းပါတော့တယ်။ "နင်.... ခြောက်လလောက်ကိုင်ပြီးမှ ငါတောင်းတာ၊ ငါ့ကိုအဲဒီအိတ်ပေးတော့"လို့ကို တောင်းပါတော့တယ်။ "အင်းပါ.. သေသေချာချာသန့်ပြီး နောက်တနင်္လာနေ့မှာ ပေးမယ်နော်"လို့ ပြောလိုက်ရပါတယ်။ အဲဒီသိတင်းက ပျံ့သွားပြီး အခြား သူငယ်ချင်းမတွေက သူတို့ကျ ဒါမျိုးအိတ်မရဘူးဆိုပြီး မကျေမနပ်ဖြစ်ကြပါတယ်။ တစ်ခါတစ်ခါ ကလေးတွေလိုပဲ သူတို့ဖြစ်ပုံကို ကျမ ရယ်လဲရယ်ချင်မိတယ်။ တစ်ချိန်ထဲမှာပဲ ငွေကြေးနဲ့တိုင်းတာရင် တန်ဘိုးအလွန်နည်းပေမယ့် သည်အိတ်လေးကို ပေးလိုက်ရမှာကို နှမြောနေမိပါတယ်။


တနင်းလာနေ့ဆိုရင်.. မင်းနဲ့ကိုယ် ခွဲရပြီ အိတ်ကလေး.....။


ဘာပဲဖြစ်ဖြစ် အိတ်ကလေးရေ... မိုင်တွေသောင်းချီပြီး လာခဲ့ပြီး၊ ရေစိမ်းမြေစိမ်းမှာ နေနေရမှတော့ အခြားသော ရွှေအိုရောင်ဆံပင်ပိုင်ရှင် မျက်နှာစိမ်းမလေးတစ်ယောက်ရဲ့ ရင်ခွင်မှာလဲ ပျော်တတ်အောင် ကြိုးစားပါတော့နော်...


hut1.png



Comments from ainchannmyay.com


သံယောဇဉ်ဆိုတာ တစ်ခါတစ်ခါ မကြေငြာလည်း သေချာစွာ အဘိုးဖြတ်မရတဲ့ အရင်းအနှီးတစ်ခုပါ။
Comment by ရှေးစာဆို — June 30, 2009 @ 3:32 pm

ပန်းသီးပင်လေးမှာ အိတ်လေးကို ချိတ်ပြီး ရိုက်ထားတာ ကဗျာဆန်လိုက်တာ။
လောကကြီးက ဒီလိုပါပဲ။
အရာတခုကို တချို့သော သူတွေက တန်ဖိုးမရှိဘူးလို့ ထင်ထားပေမယ့် အဲ့ဒီ တန်ဖိုးမရှိတဲ့ အရာတခုကို တန်ဖိုးထားတတ်တဲ့ သူတွေဆီ ရောက်သွားရင် အမြတ်နိုးခံရ ကြင်နာယုယစွာ အသုံးပြုကြတာပဲလေ။
အိတ်ကလေး ဂျူလီ ပေးရကျိုးနပ်မှာပါ။
SMNTL
Comment by Soe Mya Nandar Thet Lwin — June 30, 2009 @ 4:06 pm

အင်း..ကိုင်တာကြာတော့လည်း တ္ဂယ်တာမိတာပေါ့ အိတ်ကလေးကို….
လက်ဆောင်ကို ယူမယ့်လူကလည်း အမြတ်တနိုးသုံးမှာပါ…
ပျော်ပါစေခင်ဗျာ…
Comment by လင်းကြယ်ဖြူ — June 30, 2009 @ 4:36 pm

မလေးက သဘောကောင်းလို့။ ပုံရိပ်ဆိုရင် မပေးပါရစေနဲ့လို့ ပြောဖြစ်မလားပဲ ဟီး။
Comment by ပုံရိပ် — June 30, 2009 @ 6:18 pm

ဟွန့် အမသာဆိုရင်တော့ ပေးပါဘူး..။
မယူပါနဲ့ ငါကိုင်ပြီးသားကြီးလို့ ပြောလိုက်မှာ (တကယ်တော့ မပေးချင်လို့ :D)
Comment by မေငြိမ်း — June 30, 2009 @ 7:19 pm

ရှေးစာဆို၊ SMNTL၊ လင်းကြယ်ဖြူ၊ ပုံရိပ်၊ အမမေငြိမ်း
သိပ်မပြောကြပါနဲ့… မပေးချင်တော့ဘူး… ဟီးဟီးဟီး(ငိုတာပါ).. တစ်ကယ်မပေးချင်တော့ဘူး။ စကားလဲလွန်နေပြီ။ ဘယ်လိုလုပ်ရမလဲမသိ။
Comment by မလေး — June 30, 2009 @ 7:43 pm

သူလဲတစ်ကယ်လိုချင်လို့ နေမှာပါ….။ သူ့အတွက်အစ်မရဲ့ အကောင်းဆုံးလက်ဆောင်ပေါ့..။
Comment by Phyo Evergreen — June 30, 2009 @ 10:50 pm

အဲသလို ပြောပြီးပေးလိုက်ပါ..
Comment by Phyo Evergreen — June 30, 2009 @ 10:50 pm

အိုး.. စကားလည်းလွန်နေပြီ.. နှမြောလည်းနှမြောစရာကြီး ..
ဘာပဲဖြစ်ဖြစ် ခြောက်လတောင် လွယ်ပြီးပြီပဲဟာ ..
အဲ့ဒီအိတ်ကို သူလွယ်ရင် မလေးအိမ့်လွယ်သလောက် လှမှာမဟုတ်ဘူးထင်တယ်.. သေချာသိသွားအောင် ပေးပစ်လိုက် :P Comment by ရွှန်းမီ — July 1, 2009 @ 9:04 am

ကြည့်မြင်တိုင် ဖန်ဒ်ဖဲတော့ မရောက်ဖူးဘူး။ အင်းစိန် အမ်အိုင်စီတီဝင်းထဲက ဖန်ဒ်ဖဲကိုတော့ ရန်ကုန်မှာနေတုန်းက နှစ်တိုင်းရောက်တယ်။ :)။
Comment by pN — July 1, 2009 @ 12:53 pm

မပေးလို့ မရဘူးလား မမအိမ့်ရယ်… မဆီမဆိုင် ကြားက အရမ်းနှမြောနေမိတယ်…း))
Comment by ရွှေပြည်သူ — July 2, 2009 @ 7:20 am

Phyo Evergreen ရွှန်းမီ ရွှေပြည်သူ… အစ်မ ပေးလိုက်တော့မယ်ကွယ်..း(( ပြောရင်းမျက်လုံးက ရှေ့တည့်တည့်က အိတ်လေးဆီရောက်သွားတယ် အဟွန်း
ပန်းနွယ်.. ဒါဆို မလေးသိတဲ့လူတစ်ဝက်လောက်ကို ပန်းနွယ် သိနေနိုင်တယ် :D
Comment by မလေး — July 2, 2009 @ 2:45 pm

MICT fund fair ကိုလွမ်းသွားတယ်…အသင်းတော်ပေါင်းစုံကသူငယ်ချင်းတွေနှစ်တိုင်းဆုံဖြစ်တဲ့ပွဲလေးပေါ့…ကျမသာဆိုမပေးပါရစေနဲ့လို့တောင်းပန်ပြီးတခြားဟာအစားထိုးပေးမိမယ်ထင်တယ်… :(
Comment by rose of sharon — July 3, 2009 @ 3:20 am

စကားတွေ အများကြီးပြောတတ်တဲ့ အိတ်ကလေး ဖြစ်ရင်တော့ မလေး နှမြောသလို သူလည်း ပိုင်ရှင်အရင်းခေါက်ခေါက်ကို နှမြောနေမယ်နဲ့ တူတယ်နော် :)
Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — July 3, 2009 @ 9:20 am

ပေးလိုက်ပါ.. မလေးရယ်…။ မလေးကို လေးမ ထောက်ခံပါတယ်…။ လိုလိုချင်ချင်တောင်းနေတုန်းပေးရတာ နှစ်ဦးနှစ်ဘက်စိတ်ချမ်းသာရတာပေါ့..။ မလေးရဲ့ ရေးချက်တွေတင်မက… ရိုက်ချက်တွေ လည်း ကြိုက်တယ်..မလေးရယ်..။
Comment by လေးမ — July 4, 2009 @ 7:41 am

မအိမ့်ချမ်းမြေ့ရေ
အိတ်လေးအကြောင်းလာဖတ်သွားပါတယ်
စာအုပ်လေးတွေကိုလည်းစိတ်ဝင်စားသွားတယ် ဘုံဘ၀တွေ မဖတ်ဖူးဘူး
ခင်မင်စွာဖြင့်
သီဟသစ်
Comment by ThihaThit — July 5, 2009 @ 5:51 am

နောက်ကျသွားတယ်။
အိတ်လေးကို ပေးဖြစ်သွားလားဟင်။
ပေးလိုက်ပါကောင်းပါတယ်။
သူအရမ်းလိုချင်နေတာကို သူရသွားလို့ပျော်သွားရင် အဲဒီပီတိလေးနဲ့ ပျော်လိုက်ပေါ့။
Comment by အပြုံးပန်း — July 5, 2009 @ 6:26 am

ရေမြင့်တော့… ကြာတင့် ဆိုသလို (ဆိုင် သလားတော့မသိ) …
အစ်မလေးကိုင်တော့ ဒီအိတ်ကလေးလည်းဂုဏ်တင့်သွားတာနေမှာပေါ့ ။
(ဘာလို့ပြောနိုင်တာလဲ ဆိုရင် ကျွန်တော့်ရဲ့အဖြစ်တွေနဲ့ဆန့်ကျင်ဘက်တွေးကြည့်မိလိုက်လို့ပါ :D)။
ခင်မင်စွာဖြင့်…
Comment by NLA — July 5, 2009 @ 10:21 pm

မမအိမ့်ချမ်းမြေ့ ရေ…..အိပ်ကလေးအကြောင်းဖတ်လိုက်ရတာ …. တစ်မျိုးလေးပဲ ရင်ထဲမှာ ကျန်ခဲ့တယ်…..အမြဲပဲအားပေးနေလျှက်ပါ….။လေးစားစွာဖြင့်
Comment by နှင်းဟေမာ — July 6, 2009 @ 4:26 am

အိတ်လေးအကြောင်းလာဖတ်သွားတယ်မမ။ နောက်ကျနေပြီ .ပေးဖြစ်တယ်မို့လား။
Comment by maylay — July 8, 2009 @ 7:21 am

ပေးလိုက်ပြီလားလို့ လာကြည့်တာ..။
Comment by sin dan lar — July 9, 2009 @ 12:32 am

ကွန့်မင့်ရေးသည်ဖြစ်စေ.. မရေးသည်ဖြစ်စေ အိတ်ကလေးအကြောင်းကို စိတ်ဝင်စားသူများအားလုံးအားလုံး ဒီညသို့မဟုတ် မနက်ဖြန်မှာ အိတ်ကလေးအကြောင်း အကြောင်းပြန်ပါမယ်…း))
အားလုံးကို ခင်မင်လေးစားလျှက်..
မလေး
Comment by မလေး — July 9, 2009 @ 10:54 am

ရောက်တယ်မကြီးရေနေကောင်းလား
အမဆီအလည်မရောက်တာကြာပြီ..အင်တာနက်မသုံးဖြစ်လို့..
အိတ်ကလေးကိုကြိုက်တယ်အမကွန်နက်ရှင်မကောင်းတဲ့ကြားကနေရအောင်အကုန်ဖတ်သွားတယ်မကြီးရေ
Comment by ဒေါင်းမင်း — July 10, 2009 @ 2:17 am

Friday, June 26, 2009

နွားသီအိုရီ


ဒီဝတ္ထုက ဧပြီလထုတ် ငွေတာရီမဂ္ဂဇင်းမှာဖော်ပြထားတာဖြစ်ပြီး တွင်းကြီးသားတင်ဝင်းဦး ရဲ့ ၀တ္ထုတို ဖြစ်ပါတယ်ရှင်......


စာဖတ်သူများနဲ့ ဝေမျှချင်လို့ တင်ထားပေးပါတယ်


ကျမ တော့ စိတ်မကောင်းလို့ အကုန်အစင် မဖတ်ပါဘူး......


အစရယ်၊ ___ အလယ်ကို ______ ဟိုကျော်၊ ဒီကျော် နဲ့ .. ..


အဆုံးသတ် ကို ပင့်သက်ရှိုက်ပြီး ဖတ်ခဲ့ရပါတယ်....


အသည်းငယ်သူတွေလည်း ကျမလို ကြိုးစားပြီးဖတ်ကြပါလို့...........................


(ငွေတာရီ ကိုတော့ မေးလ် ပို့ပြီး ကျမ ဆိုက်မှာ ဝေမျှ ထားကြောင်း အသိပေးထားပြီး ဖြစ်ပါတယ်)





Comments from Ainchannmyay.com

speechless
Comment by westcoast22 — June 26, 2009 @ 1:57 pm

ထပ်ဆင့်တင်ပြသူမှ တစ်ဆင့် ငွေတာရီနှင့် စာရေးသူ သို့…
ကျွန်တော် အစအဆုံးဖတ်ပါတယ်ခင်ဗျာ……
အမဲသားလို့ သတ်မှတ်ထားတဲ့ နွားနဲ့ ကျွဲပေါ့လေ ဒီအသားကို ငယ်စဉ်တောင်ကျေး ကလေးဘ၀ ထဲက မစားခဲ့ပါဘူး၊
ဒါပေမဲ့ ကာလ၊ဒေသ၊ပယောဂ လိုက်ပြီး အခြေအနေအရပ်ရပ်ကြောင့် ကျွဲကို ကိုယ်တိုင် ပစ်ပြီး စားခဲ့ဖူးပါတယ်၊
မီးမွှေးမရ လို့ရော၊ တစ်ခြားအကြောင်းတွေရောကြောင့် အခြောက်လှမ်းပြီး ဒီအတိုင်းလည်းစားခဲ့ဖူးတယ်။ ( မနှစ်သက်ခဲ့ပါ )
နွားကိုတော့ သူတို့ မျက်နှာကြည့်ရင်း အလိုလို တစ်စုံတစ်ရာကို မြင်ယောင်မိသလို ခံစားမိဖူးတဲ့အတွက် လုံးဝ မစားခဲ့ပါဘူး
အခုတော့ အားလုံး ကို ရှောင်နိုင်ပါပြီ။
ဘာသာရေးကြောင့်မဟုတ်ပေမဲ့ စာနာစိတ် ဆိုရမလား၊ သူတို့ အကြောင်းကို သိတယ်ဆိုရမလား
ဘယ်လိုဖြစ်ဖြစ် ကိုယ့် ရဲဘော်၊ရဲဘက်တစ်ယောက်ရဲ့ ( နွားနဲ့ဖက် လယ်ထွန်ခြင်း ) အဓိက စားစရာ ဆန်ဖြစ်ပေါ်လာရေး လူသားထုနဲ့ ( တောင်သူလယ်သမားတွေနဲ့) တန်းတူ ရုန်းကန်လှုပ်ရှားဖော်လို့ သတ်မှတ်ထားမိတဲ့အတွက် ရှောင်ကြဉ်ကြစေချင်ပါတယ်၊
အခြားခံစားချက်တစ်ခု –> –> —> နွားတစ်ကောင်နေရာမှာ တစ်စုံတစ်ခုသော အားနည်းချက်ကြောင့် အစွန့်ပစ်ခံ ရတဲ့ လက်တွဲဖြုတ်ခံခဲ့ရတဲ့ လုပ်ဖော် ကိုင်ဖက်အနေနဲ့မြင်ကြည့်တော့ ….. . . .
သိပ်အထီးကျန်ဆန်ပြီး သိပ်ကိုယူကျုံးမရ၊ အားမလိုအားမရဖြစ်တဲ့ခံစားချက်မျိုး ဖြစ်ပေါ်လာမှာပါလားလို့ မြင်ယောင်မိပါတယ်၊
Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — June 26, 2009 @ 3:16 pm

မမ ကျေးဇူးတင်ပါတယ်…ငယ်ငယ်ထဲက သူတို့ကို သနားတယ်…နေမကောင်းဖြစ်ပြီးခါ စ..အားနည်းနေတဲ့ အချိန်တွေမှာ အမေ ကအမဲသားကို ချော့လိုက်ခြောက်လိုက် ကျွေးလဲ မစားခဲ့ပါဘူး…ခုတော့ ပိုဆိုးသွားပြီ..။ .. စိတ်မကောင်းဘူး…မမလို ပဲ..ကျော်လိုက် ပြန်ဖတ်လိုက်ပါနဲ့ ဖတ်သွားတယ်….အရမ်းသနားတာပဲ.။ :(
Comment by မေဇင် — June 26, 2009 @ 6:53 pm

Thursday, June 25, 2009

မိုက်ကယ်ဂျက်ဆင်ကို နောက်ဆုံးနှုတ်ဆက်ခြင်း

အသက်ငါးဆယ်မှာ တကယ်ကို သူ သေဆုံးသွားပါပြီ။ သေဆုံးပုံက ရိုးရိုးလေးပါပဲ။ ခုန်နေတဲ့နှလုံးသား ရပ်တန့်သွားတာပါပဲ။ သူ့ရဲ့ ပရိတ်သတ်တစ်ယောက်မဟုတ်လို့ သူ့ရဲ့သီချင်းတွေနဲ့ သိပ်မရင်းနှီးပါဘူး။ ဒီကရေဒီယိုတွေကလည်း သူ့သီချင်းကို သိပ်ပြီးမလွှင့်ကြပါဘူး။ Beat It နဲ့ Billie Jean ကိုတော့ကြိုက်နှစ်သက်ပါတယ်။ Lionel Richie နဲ့အတူ သူစပ်ဆိုခဲ့တဲ့ အာဖရိကမှ မွတ်သိပ်ခေါင်းပါးနေသူတွေအတွက် ဒေါ်လာသန်းခြောက်ဆယ် ရစေတဲ့


We Are the World

ကိုလဲကြိုက်နှစ်သက်ပါတယ်။

အသားဖြူအောင် ချွတ်ဆေးတွေနဲ့အရောင်ချွတ်ထားတဲ့သူ့ကို လူမည်းတွေရဲ့သိက္ခာကို ထိပါးစေသူအနေနဲ့ လူမည်းအချို့က မကြိုက်ကြပါဘူး။ လူမမယ် ယောင်္ကျားလေးတွေနဲ့ လိုအပ်တာထက် ပိုရင်းရင်းနှီးနှီးနေတဲ့သူ ဆိုပြီးတော့လည်း တရားခွင်တက်ရတဲ့ သူလည်းဖြစ်ပါတယ်။


သိပ်ပြီးချမ်းသာတဲ့၊ နာမည်ကြီးတဲ့ လူတစ်ယောက်နားမှာ ၀ိုင်းရံနေသူတွေဟာ ဘယ်လောက်စစ်မှန်လဲ မစစ်မှန်လဲ သူပဲ အသိဆုံးဖြစ်ပါလိမ့်မယ်။


ခြောက်နှစ်သားလောက်ကတည်းက အောင်မြင်မှုတွေ၊ ငွေတွေကြားထဲမှာ ကြီးပျင်းလာရတဲ့သူဟာ ကလေးဘ၀ကို ဆုံးရှုံးခဲ့သူတစ်ဦးလို့ ကျမ ကောက်ချက်ချမိပါတယ်။ ဖြူစင်တဲ့ကလေးဘ၀ကို ငွေတွေ၊ နာမည်ကြီးမှုတွေနဲ့ လဲလှယ်လိုက်ရတဲ့ လူတစ်ယောက်ဟာ ဆုံးရှုံးလိုက်ရတဲ့ ကလေးဘ၀ကို ပြန်လိုချင်မိမှာပဲ။ ကလေးဘ၀ကိုလဲ အကြိမ်ပေါင်းများစွာ ပြန်ပြီးအသက်ရှင်ကြည့်မိမှာပါပဲ။ ဒီတော့ သူ့ခြံကြီးထဲမှာ ကလေးတွေအတွက် ဆောက်ထားတဲ့ ကစားကွင်းမှာ၊ ကလေးတွေကိုခေါ်ပြီး ကလေးတွေနဲ့အတူ ဆုံးရှုံးခဲ့ရတဲ့ကလေးဘ၀ကို ပြန်အသက်သွင်းမိတဲ့အခါလဲ ရှိပါလိမ့်မယ်။


လောကထဲမှာ လူတွေနဲ့သိပ်မထိတွေ့ဖူးသူတွေဟာ လူတွေအကြောင်းကို သိပ်မသိတတ်ကြပါဘူး။ အိမ်ရယ်၊ စင်မြင့်ရယ်၊အနားမှာဝိုင်းဝိုင်းလည်နေတဲ့ သူ့အောင်မြင်မှုကို ကိုးကွယ်သူတွေလောက်နဲ့ပဲ ကျင်လည်ရတဲ့သူဟာ လောကကြီးရဲ့ လှည့်စားမှုတွေကို ရင်ဆိုင်ရမှာပါပဲ။ သူ့ရဲ့ငွေတွေကိုလျော်ကြေးအနေနဲ့လိုချင်တဲ့ လူအချို့ကြောင့် ကလေးတွေနဲ့ အရင်းနှီးလွန်စွာနေထိုင်တတယ်ဆိုတဲ့ ပြစ်မှုကို သူမကျူးလွန်ပဲနဲ့ မတရားစွပ်စွဲခံရပြီး တရားခွင်တက်ရတယ်ဆိုရင်တော့ သူ့ဘ၀ဟာ တော်တော်လေး ရင်နာစရာကောင်းမှာပါပဲ။ သူတစ်ကယ်ကျူးလွန်တယ်ဆိုရင်တော့လဲ မလုပ်သင့်တာကို ကျုးလွန်သူတစ်ယောက်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် လူဟာ မိမိကိုယ်ကိုမိမိ အသိဆုံးဖြစ်ပါတယ်။


သူသေဆုံးသွားပါပြီ။ သူဘယ်လိုပုံစံပဲဖြစ်ဖြစ် သူ့ကို ချစ်ခင်လေးစားပြီး သူ့သီချင်းတွေကို မြတ်နိုးသူတွေကတော့ ကမ္ဘာအနှံ့ရှိနေဦးမှာပါပဲ။


...စာကြွင်း...

အသက် ၆၂နှစ်ရှိပြီဖြစ်တဲ့ Charlie's Angel မင်းသမီး Farrah Fawcett လဲ ဒီကနေ့မနက်ပိုင်းကပဲ ကင်ဆာရောဂါနဲ့ သေဆုံးသွားခဲ့ပါတယ်။ ကောင်းရာသုဂတိလားကြပါစေ။





သူ့ရဲ့ အနုပညာကို သိပ်မခံစားတတ်ပေမဲ့… သူ့ဘ၀က ထူးထူးခြားခြား စိတ်ဝင်စားစရာပါ။
မိုက်ကယ်ဂျက်ဆင် ကောင်းရာ သုဂတိလားပါစေ။
Comment by S-C — June 25, 2009 @ 7:40 pm

ငယ်ငယ်ကတော့ သူ့ရဲ့သီချင်း Heal the World တို့ဘာတို့တော့ကြိုက်တယ်..။ ဟုတ်တယ် ကိုယ့်ကို ကိုယ်တော့အသိဆုံးဘဲ မှန်တာလုပ်ခဲ့ရင် လိပ်ပြာသန့်မှာပါ..။
ဘန်နာကို ကျွန်တော်လဲသဘောကျတယ်.. အရင်တစ်ခုကမှောင်နေလားလို့ လင်းတာလေးသဘောကျနဲ့..ပြီးတော့စာတိုလေးလည်းထည့်လို့ရတယ်..။ မိုက်ကယ်ဂျက်ဆင်ပို့စ်နဲ့တော့ မကျေနပ်ဘူး..နောက်တစ်ပို့စ်…။
Comment by Phyo Evergreen — June 25, 2009 @ 8:44 pm

အမလဲ သူအသားဖြူအောင်လုပ်ထားတာ နှာတံချွန်အောင်လုပ်ထားတာ မကြိုက်ပေမယ့်
ကလေးတွေအတွက် ဆိုတဲ့ we are the world ကိုတော့ ကြိုက်တယ်။
ဖာရာဖော်ဆက်ကိုလဲ ကြိုက်တယ်။ ခပ်ငယ်ငယ်တွေနဲ့ သေကြရတယ်နော်။
တကယ်က ၅၀ တို့ ၆၂ တို့ဆိုတာ သူတို့နိုင်ငံတွေမှာ သန်တုန်းမြန်တုန်း ငယ်တုန်း ဘ၀တွေမဟုတ်လား။
Comment by ခင်မင်းဇော် — June 25, 2009 @ 8:54 pm

မလေးရေ …
ဘယ်အဆိုတော်မှ ခရေဇီ မဖြစ်ပေမယ့် ကမ္ဘာကျော်အောင် ပေါက်မြောက်တဲ့ ကလေးသီချင်း အဆိုရှင်တစ်ယောက် ဆုံးရှုံးတာ ၀မ်းနည်းမိတယ်… ကောင်းရာသုဂတိ လားပါစေ ပဲ ဆုတောင်းပေးရတာပေါ့နော်
Comment by ခွန်မြလှိုင် — June 25, 2009 @ 10:28 pm

မိုက်ကယ် ဂျက်ဆင်ကို သိပ်မသိဘူး။ သူ့သီချင်းကို နားမလည်လို့ပါ။ ဒါပေမယ့် နာမည်ကြီးတာ၊တရားခွင်တက်ရတာ သိတယ်။ ငယ်ကြသေးတယ်နော်။ သူတို့ဆီမှာက ဘ၀က ၄၀ မှစတယ်ဆို။ ဒီမှာတော့ သူ့အသက်က ဖေဖေ့ထက် ၄ နှစ်ပဲငယ်တယ်။သူနဲ့မင်းသမီးသေတာ လူသိပေမယ့် ပါကစ္စတန်က ဗုံးထိလို့ လူ ၇၀ ကျော်သေကြရတာကိုတော့ သိပ်မသိကြဘူးနော်။
Comment by maylay — June 26, 2009 @ 1:40 am

မမအိမ့် ပို့စ်က အလွမ်းလည်းပြေဘူး။ နောက်ထပ်ပို့စ်တင်အုံးနော်။
Comment by maylay — June 26, 2009 @ 1:41 am

အရမ်းကြိုက်ပါတယ် သေတာ စောတာလည်းကောင်းပါတယ် အကျပိုင်းကို ရောက်လာပြီလေ you are not alone ကို ကြိုက်တယ် အသံနေအသံထားကော စာသားကောပေါ့
Comment by ဇော်မိုးဟန် — June 26, 2009 @ 2:28 am

ကြွေရက် စောတယ်လို့ မဆိုသာပေမဲ့ ကမ္ဘာကို တစ်နည်းတစ်ဖုံ အကျိုးပြုသွားသူတစ်ဦး၊ ဆန်းသစ်တီထွင်မှု အချို့ကို လုပ်ဆောင်သွားသူတစ်ဦး အတွက် နှမြောတသမှုနဲ့အတူ သူ ဒီထက်သာလွန်ကောင်းမွန်တဲ့ ဘ၀ တစ်ခု ပိုင်ဆိုင်စေဖို့ ဆုမွန်တောင်းရင်းကျွန်တော်လည်း ပါဝင်နှုတ်ဆက်ပါရစေ။
Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — June 26, 2009 @ 8:09 am

Hey, have you seen this news article?
New details about Michael Jackson’s Death Emerge
I was wondering if you were going to blog about this…
Comment by Michael — June 26, 2009 @ 9:50 am

S-C:.. မလေးလဲ သိပ်မခံစားတတ်ဘူး။ ဒါပေမယ့် သေဆုံးသွားတော့လဲ စိတ်မကောင်း
Phyo Evergreen.. အမ နောက်ပိုစ်တစ်ခုတင်လိုက်ပါပြီ.. အမပိုစ်တော့မဟုတ်
ခင်မင်းဇော်.. အမရေ.. ဒီမှာတော့ ငါးဆယ်ကျော်က ငယ်သေးတယ်အရမ်း..
ခွန်မြလှိုင်.. လှိုင်… မလေးအဆိုတော်လုပ်ရင်ကော ခရေဇီဖြစ်မှာလား :D
မေလေး.. မေလေးဆိုလိုတာ မလေးနားလည်ခံစားမိပါတယ်။ သူကတော့ pop legend ဖြစ်နေတာကိုး မေလေးရယ်..
ဇော်မိုးဟန် … အဲဒီသီချင်း ကျမ နားမထောင်ကြည့်မိသေးဘူး။
ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား … သူမသေပါဘူးဆိုပြီး conspiracy theory တွေလာဦးမှာ မလေးတော့ မြင်ယောင်သေးတယ်..
Michael … I do not see the link though.
Comment by မလေး — June 26, 2009 @ 1:52 pm

Friday, June 12, 2009

မိုးသည်းနေ့တစ်နေ့

ကျောင်းဘေးက နံရံတွေနားမှာ ကပ်ပေါက်နေတဲ့ စွယ်တော်ရွက်တွေက လေပြင်းပြင်း မိုးပြင်းပြင်းအောက်မှာ ယိမ်းထိုးနေကြသည်။ ကျောင်းနံရံနှင့်ကပ်နေသော ရေမြောင်းထဲမှာ မိုးရေတွေက တရဟော စီးဆင်းနေသည်။ ခပ်ဝေးဝေးက ရေပြင်ပေါ်မှာ သစ်ရွက်တွေ၊ သစ်ကိုင်းတွေ နှင့် မိုးပေါက်တွေ ကျဆင်းနေသည်။ မိုးလွတ်သည့်နေရာမှာ နံရံနှင့်ကျောကပ်နေအောင်ထိုင်ပြီး မိုးစက်တွေကို ခေါင်းမော့ကြည့်နေမိသည်။ မိုးကောင်းကင်ပေါ်မှာ အရှိန်ပြင်းပြင်းသက်ဆင်းလာနေသော မိုးစက်ပွင့်များကို အကြာကြီး မမှိတ်မသုန်ကြည့်နေပါက၊ မိမိကိုယ်ခနာက ဟိုင်းဝေးလမ်းမကြီးပေါ်မှာ အရှိန်ပြင်းစွာ အလျားလိုက်ရှပ်တိုက်ပြေးပြီးပျံသန်းနေသလို ခံစားလာရတတ်သည်။ မျက်နှာပေါ်မှာ ဆံပင်တွေကြားထဲမှာ လက်မောင်းတွေပေါ်မှာ မိုးစက်ပေါက်များတွေ၏ အေးမြသောအတွေ့အထိကို ခံစားနေရသည်။ မိုးလွတ်သော ရေမြောင်းဘောင်သည်ဘက်မှာ ပုဆိုးတိုတိုဝတ်ထားသော သဲကြိုးဖိနပ်တစ်စုံက ငြင်သာစွာလာရပ်သည်။ ပွင့်လင်းလွတ်လပ်စွာ ရယ်မောတတ်လေသော သူငယ်ချင်းယောင်္ကျားလေးတစ်ဦး။

“တစ်ယောက်ထဲ ဘာထိုင်လုပ်နေတာလဲ”

“ဘာမှမလုပ်ပါဘူး”

“ညနေ ငါတို့နဲ့ လှည်းတန်းဘက် ခဏလိုက်ခဲ့မလား”

“ဘာအတွက်လဲ”

“လိုက်ခဲ့စမ်းပါဟာ နင်ကလဲ”

“အင်းအင်း”

ပုဆိုးတိုတိုဝတ်ထားသော မန္တလေးသဲကြိုးဖိနပ်က ထွက်ခွာသွားသည်။

ညနေစောင်းထိ ရန်ကုန်မိုးက သဲသဲမဲမဲ။ ကျောင်းဂိတ်မှာ လူတွေ၊ ထီးတွေ၊ ရွံ့ဗွက်တွေ၊ လေပြင်းပြင်းနဲ့သစ်ရွက်ကြွေတွေ။ ဘတ်စ်ကားတွေက အရမ်းကြပ်နေသည်။ ဆိုက်လာသော ဘတ်စ်ကားတစ်စင်းပေါ်သို့ မည်သို့မည်ပုံရောက်သွားသလဲ မမှတ်မိတော့။ ရှေ့ခုံမှာ ကိုပွင့်လင်းနှင့် နောက်ထပ်သူငယ်ချင်းယောင်္ကျားလေးတစ်ဦး။ နှစ်ယောက်လုံးက အဖြူရောင်လည်ကတုံးကိုယ်စီနှင့်။ ကိုယ်ကတော့ နောက်ခုံမှာ။ သူငယ်ချင်းယောင်္ကျားလေးတွေနှင့် ရင်းရင်းနှီးနှီး ရယ်မောရိုက်ပုတ်ကာ၊ စနောက်ပြီး မနေတတ်သည့်အတွက်၊ စကားလဲမပြောဘဲ ဘတ်စ်ကားမှန်မှတဆင့် စီးကျနေသော မိုးရေတွဲများကို ငေးကြည့်နေမိသည်။ လှည်းတန်းကို ဘာအတွက်လိုက်လာရမှန်းလဲ မမေးမိ။ ဘေးနားမှာ ကပ်ထိုင်နေသော ဆံပင်ရှည်ရှည်ကျောင်းသူတစ်ဦး၏ ဆံပင်ထဲကို အမှတ်တမဲ့ကြည့်လိုက်မိသည်။ သူမ၏ဆံပင်ထဲမှာ သန်းဥများကို မြင်နေရသည်။ ယောင်ယမ်းခေါင်းငုံ့ပြီး သူမအပေါ်မှာ ဂရုဏာသက်မိသည့်တစ်ချိန်ထဲ ကိုယ်ကို ပြူတင်းပေါက်ဘက်ကို ကပ်လိုက်မိသည်။ ပြီးတော့ ဘာသာလုပ်ရပ်ကို မကျေမနပ်ခံစားနေရသည်။

ရှေ့ခုံတန်းမှာ ထိုင်နေသော အဖြူရောင်လည်ကတုံးနှစ်ယောက်ထဲက မျက်ခုံးမွှေးကောင်းကောင်း၊ မျက်ဖန်နက်နက်ကိုယ်တော်က ကိုယ့်ကို တစ်ချိန်လုံး လှည့်ကြည့်နေသည်။ “ဟဲ့.. နင်ငါ့ကို ဘာလို့ တစ်ချိန်လုံးလှည့်ကြည့်နေတာလဲ” ဟု မမေးမိ။ စိတ်ထဲမှာလဲ ဘာမှမရှိ။ မိုးစက်များကိုသာ ထုံပေပေ စိုက်ကြည့်နေသည်။ နောက်ဆုံးမနေနိုင်တော့သည့်သူက စကားကို ဘောက်ဆတ်ဆတ်ပြောလာသည်။

“ဟဲ့…. **** ”

“ဟင်”

မိုးစက်များကို ငေးနေရာမှ သူ့မျက်နှာကို လှမ်းကြည့်လိုက်သည်။

“ဒီနေ့ငါ့မွေးနေ့၊ အဲဒါနင်သိလား”

“အိုး.. ဒီနေ့နင့်မွေးနေ့လား၊ အင်းအင်း”

“အဲဒါ…နင့်ကို လှည်းတန်းမှာ မုန့်လိုက်ဝယ်ကျွေးမလို့”

“အင်း ကောင်းတယ်၊ စားမယ်”

အေးတိအေးစက်ပြန်ဖြေသည်ကို မကျေမချမ်းဖြစ်ပြီး ပြန်လှည့်သွားသည်။ ဘာကို မကျေမချမ်းဖြစ်သည်ကိုလဲ နားမလည်၊ ခေါင်းထဲလဲ မထည့်မိ။ တစ်ခုခုလွဲချော်နေသလိုတော့ ခံစားနေရသည်။

ကားပေါ်ကဆင်းပြီး ရှုပ်ရှက်ခတ်နေသော ထီးများ၊ ဖိနပ်ရေစိုများ ကြားမှာ လမ်းလျှောက်လာကြသည်။ ပြီးတော့ လှည်းတန်းက နာမယ်ကြီးလက်ဘက်ရည်ဆိုင်တစ်ဆိုင်ထဲ ၀င်လိုက်ကြသည်။ ကော်ဖီနံ့၊ လက်ဘက်ရည်နံ့၊ မုန့်မျိုးစုံနံ့က မိုးငွေ့တွေကြားထဲမှာ မွှေးပျံ့စွာ။ စားပွဲတစ်လုံးမှာ ထိုင်လိုက်ကြသည်။ ထုံးစံအတိုင်း နှစ်သက်သော ချိုပေါ့ကျ တစ်ခွက်နှင့် ကြက်သားပေါက်ဆီတစ်လုံးကို မှာလိုက်သည်။ သူငယ်ချင်းယောင်္ကျားလေးနှစ်ယောက် ဘာမှာလဲ ကိုယ်သတိမထားမိ။ ယောင်္ကျားလေးသူငယ်ချင်းများနှင့်တောင် လက်ဘက်ရည်ဆိုင် ကောင်းကောင်းမထိုင်ဖူး၍ အနေရခက်နေသည်။ သည်ကြားထဲ မျက်ဖန်နက်နက်ကိုယ်တော်က လူကို မကျေမချမ်း ဆက်လက်စိုက်ကြည့်နေဆဲ။

”နင်တို့တွေ လည်ကတုံးတွေနဲ့”

“အင်းလေ မနက်တည်းက ဒီကောင်နဲ့ ဘုရားရောက်ပြီးပြီ”

”အေး.. ကောင်းတယ် “

“နောက်ပြီး မနက်က မီးမီးတို့တွေရော၊ အောင်ထွေးတို့ကော၊ ကျော်မိုးတို့နဲ့ကော တစ်အုပ်ကြီးပဲ လာစားပြီးပြီ”

ကိုပွင့်လင်းလွတ်လပ်က အသံအကျယ်ကြီးနှင့်ပြောသည်

“အင်း.. ကောင်းတာပေါ့ ပျော်စရာကြီး”

“အဆောင်က ကောင်မလေးတွေလဲ အများကြီးပဲ”

“အေးအေး”

ပေါက်ဆီကို စိမ်ပြေနပြေ အခွံခွာပြီး “အင်း” ချနေလိုက်သည်။ မျက်ဖန်နက်နက်ကိုယ်တော်၏ လက်ဘက်ရည်ပန်းကန်ကတော့ ခုထိ အတို့အထိမခံရသေး။ စကားလဲ တစ်ခွန်းမှ မပြောသေး။ မျက်လုံးတွေကတော့ ကိုယ့်ကို မကျေမချမ်းစိုက်ကြည့်နေဆဲ။

ကိုယ်ပါသော လက်ဘက်ရည်ဝိုင်းက ထုံးစံအတိုင်း အေးတိအေးစက်။ ဘာအကြောင်းတွေ ပြောခဲ့ကြမှန်းတောင် မမှတ်မိတော့။

လက်ဘက်ရည်ဆိုင်ထဲကထွက်ပြီး အိမ်ရှိရာဘက်ကို ဘတ်စ်ကားစီးပြီး ပြန်လာခဲ့ကြသည်။ ကိုပွင့်လင်းက လမ်းခုလတ်မှာ ဆင်းကျန်ခဲ့သည်။ မျက်ဖန်နက်က အိမ်အထိ လိုက်ပို့ပေးသည်။ မိုးရေတွေစိုရွှဲနေသော ပလက်ဖောင်းပေါ်မှာ ထီးတစ်လက်အောက်မှာ တစ်ယောက်နှင့်တစ်ယောက် မထိအောင် အဝေးကြီးလျှောက်ရင်း စကားသံတွေ တိတ်ဆိတ်နေသည်။

အိမ်ရှေ့ရောက်တော့ မျက်ဖန်နက်က ထီးကိုလှမ်းပေးပြီး မိုးရွာထဲမှာပင် လမ်းလျှောက်အိမ်ပြန်ရင် ပြင်သည့်အထိ “အိမ်ကတစ်ယောက်ယောက်ကို ပြန်ပို့ခိုင်းရမလား” ဟုတောင် မမေးမိခဲ့။ ခြံဝင်းထဲက လှည့်မထွက်ခင် တစ်ချက်စိုက်ကြည့်ပြီး ကိုယ့်ကိုပြောလိုက်သည့်စကားက ရင်ကိုအနည်းငယ်ထိခိုက်သွားစေခဲ့သည်။

“နင်… ငါ့မွေးနေ့ကိုတောင် မေ့နေခဲ့တယ်နော်”

အနေရခက်စွာနှင့် လွယ်အိတ်ကြိုးကိုဆုပ်ကိုင်ထားရင်း အောက်နှုတ်ခမ်းကိုကိုက်ပြီး ခေါင်းငုံနေခဲ့မိသည်။ မိုးရွာထဲမှာ သည်အတိုင်းပြန်သွားသော ကျောပြင်တစ်ခုကို သစ်ပင်တွေကြားမှ ငေးကြည့်နေလိုက်သည်။

*******

ညငှက်တွေ အိပ်တန်းပြန်အပြီး ကိုပွင့်လင်းက အချိန်မှန်ဆက်နေကျအတိုင်း ဖုန်းဆက်လာသည်။ ရောက်တတ်ရာရာတွေ စကားပြောရင်း၊ ထိန်းချုပ်နေသည့်ကြားမှ စကားတစ်ခွန်းကို မေးလိုက်မိသည်။

“မနက်က နင်တို့တွေ အဆောင်က ကောင်မလေးတွေအများကြီးနဲ့ တစ်ကယ်ပဲ သူ့မွေးနေ့မှာ စားကြသောက်ကြတာလား”

ဟိုဘက်က ရယ်သံတိုးတိုးနှင့် အသံတိတ်သွားသည်။

“ဟဲ့.. ငါမေးနေတယ်လေ”

“စားမလားဟ…. —- ရဲ့။ နင့်ကို ငါအမြင်ကတ်လို့ပြောတာ။ ဟိုကောင်က နင်မပါပဲ ဘယ်သူနဲ့သွားစားမှာလဲ”

“အင်.. ဘာဆိုင်လို့လဲ…”

ကိုပွင့်လင်းက ရယ်သံကျဲကျဲနှင့် “ငါအိပ်တော့မယ်” ဟု ပြောပြီး ရုတ်တရက်ဖုန်းချသွားသည်။

ထိုညက မွှေးပျံ့နေသော ခေါင်းဦးကို အရင်နေ့တွေကထက် တင်းကျပ်စွာဖက်ထားပြီး ခေါင်းဦးထဲ မျက်နှာအပ်ကာ တစ်ယောက်တည်းခိုးပြီး ပြုံးနေခဲ့ပါသည်။
ပြီးတော့ ခေါင်းဦးလေးကို တိုးတိုးလေး ပြောလိုက်ပါသည်။

“ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ သူငယ်ချင်းချစ်သူရယ်…”

Comments from ainchannmyay.com

သူငယ်ချင်းချစ်သူတဲ့လား အစ်မ..။ ဂယ်လား…? =D
Comment by Phyo Evergreen — June 12, 2009 @ 4:13 am

မလေး ဖတ်ပြီးစိတ်ကူးလေးတွေ ပြန်နုသွားသလိုပဲ
မလေးစာလေးတွေလာဖတ်တိုင်း ဒီအငွေ့တွေကြားကနေ ရန်ကုနမိုးတွေထဲ ပြန်ရောက်ရောက်သွားတယ်
ပြုံးမိတယ် လွမ်းမိတယ်
Comment by မွန် — June 12, 2009 @ 5:23 am

အိမ့်ရေ… ဒါမျိုးလေးတွေ မဖတ်ရတာကြာပြီနော်… ရင်ထဲမှာ တမျိုးလေးကျန်ခဲ့တယ်… သူငယ်ချင်းချစ်သူတဲ့လား… သူငယ်ချင်းဘ၀က သံယောဇဉ်တွေနဲ့  စည်းပါးပါးလေး ကျန်နေသေးတဲ့ အဲဒီအချိန်လေးက ချစ်သူဘ၀ထက် ပိုရင်ခုန်စရာကောင်းတာ အမှန်ပါပဲ အေးစက်စက်ကောင်မလေးရယ်….
Comment by တန်ခူး — June 12, 2009 @ 6:25 am |

So Romantic! တယောက်တည်းခိုးပြုံးနေတာလေးကို မြင်ယောင်မိတယ်။
စာရေးပုံလေး အတုခိုးသွားပါတယ်။
Comment by အပြုံးပန်း — June 12, 2009 @ 6:58 am

မလေးရေ… အိမ်လေးပြန်ဖွင့်ထားကြောင်းလာပြောရင်။ အလည်တစ်ခေါက်ရောက်လာပါတယ်။ ပျော်ရွှင်ပါစေနော်။
မလေးရဲ့ စာလေးတွေလည်း မဖတ်ရတာကြာပြီလေ။ ဒီလိုစာမျိုးလေးတွေ ဖတ်ပြီးရင် ရင်ထဲမှာ အမြဲတမ်း တခုခု ကျန်နေခဲ့တယ်လေ။
ခင်မင်လေးစားလျှက်
Comment by မေတ္တာရောင်ပြန် — June 13, 2009 @ 1:10 am

i like the post…! this can make my heart warm…! but actually i like these sentence most as i can feel the self-sarcastic, the parallel emotion of a human, and the response!
“ယောင်ယမ်းခေါင်းငုံ့ပြီး သူမအပေါ်မှာ ဂရုဏာသက်မိသည့်တစ်ချိန်ထဲ ကိုယ်ကို ပြူတင်းပေါက်ဘက်ကို ကပ်လိုက်မိသည်။ ပြီးတော့ ဘာသာလုပ်ရပ်ကို မကျေမနပ်ခံစားနေရသည်။”
p.s- i am sorry! i have font error in my computer this morning! that’s why i commented in english! not bcoz so, i am Kyee Kyal! :P
Comment by Black Dream — June 13, 2009 @ 1:51 am

မလေးလို ရေးတတ်ချင်လိုက်တာ။ မလေးက တကယ် ရှနေအောင်ရေးတတ်တယ်နော်။ နည်းယူရမယ်။ ရင်ထဲမှာ မြှေးကျန်ခဲ့တယ်။ အဲလိုရေးပါအုံးနော်။ မေလေးလာဖတ်အုံးမယ်။
Comment by maylay — June 13, 2009 @ 6:24 am

သူငယ်ချင်း ချစ်သူဆိုတာ ဂယ်ပဲလား မမရေ . . . .
ခင်မင်စွာဖြင့် ဗညားရှိန်
Comment by ဗညားရှိန် — June 13, 2009 @ 8:13 am

မလေး လုပ်လိုက်ပြန်ပြီ၊ ကျွန်တော် သိပ်နားမလည်ဘူး ဟီး ဖတ်တာ ငါးကြိမ်ရှိပြီ မနေနိုင်လို့၊ ငတုန်းတွေ နားလည်လွယ်တဲ့ စာတွေ ရေးပေးအုန်းဗျ
ဘယ်လိုပြောပြော ဒီစာစုလေးကို ဖတ်လိုက်ရတဲ့အချိန်မှာ ကျွန်တော် ပြန်မရနိုင်တဲ့တာတစ်ခုကို လွမ်းပါတယ်။
“ကျွန်တော် ၁၉၉၉ နှစ်လယ် လောက်အထိ မိုးရွာထဲမှာ ပါလာတဲ့ထီးကိုပိတ်ပြီး စီးနေတဲ့ မိုးရေထဲမှာ လမ်းလျှောက်ရတာကို အရမ်းနှစ်သက်ခဲ့ဖူးတယ်၊ အရမ်းပျော်ခဲ့ဖူးတယ်”
အခုတော့……………………………………..
Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — June 13, 2009 @ 8:21 am

လာရောက်ဖတ်ရှုအားပေးကြတဲ့ စာရေးဖော် စာဖတ်ဖော် မောင်နှမများအားလုံး မင်္ဂလာပါ။
Comment by မလေး — June 15, 2009 @ 1:05 am

ma soe par buu
Comment by si thu — June 16, 2009 @ 5:55 am

အခုမှလာဖတ်သွားပါတယ် တကယ် ကောင်းပါတယ် .စာမူပိုင်ရှင် ကိုလေးစားလျက်
နောက်လာမဲ့ နှလုံးသားအနုအရွ ရသလေးတွေကို ဖတ်ချင်ပါသေးတယ် .
Comment byူbarnay — June 19, 2009 @ 6:10 am

မလေးရေ.. တချိန်က ရန်ကုန်မိုးရက်တွေကိုသတိရသွားပါတယ်..
Comment by Phu Mon — June 20, 2009 @ 11:02 am

အခုမှ ပထမဆုံးအကြိမ်ဖတ်ဖူးပေမဲ့ တစ်ကယ်ကောင်းပါတယ် နောက်လဲ အမြဲတမ်းစောင့်ကြည့်နေပါ့မယ်။
Comment by myolay — June 23, 2009 @ 5:46 am

အစ်မပျောက်နေတယ်.။
Comment by Phyo Evergreen — June 23, 2009 @ 9:31 am

လူတွေကို ကိုပွင့်လင်းတို့ မျက်ဖန်နက်တို့ ဆိုတာတွေနဲ့ ပုံဖော်သွားတာကို တအားသဘောကျတာပဲ။ ဖတ်ပြီးတော့ ရင်ထဲမှာ အုံ့မှိုင်းမှိုင်းလေး ကျေနပ်ပြီး ကျန်ခဲ့တယ် အစ်မရယ်…
Comment by ရွှေပြည်သူ — July 14, 2009 @ 5:47 am

Sunday, June 07, 2009

အနှစ်နှစ်ဆယ်ကျော် ကြာသောခါဝယ်...

ချောမွတ်ပြီး ကွေ့ကောက်သော၊ အရိပ်ကောင်းသော ကားလမ်းမတစ်ခုပေါ်မှာ ကားလေးက တရိပ်ရိပ်ပြေးလွှားနေသည်။ ကားလမ်းဘေးက ကျယ်ပြန့်သော ရေပြင်ကျယ်ကြီးနှင့် လမ်းတစ်ဘက်တစ်ချက်က ကြီးမားစိမ်းစိုသော သစ်ပင်များကို ကျမ ငေးကြည့်နေမိသည်။ ကားလေးက ဂိတ်ဝတစ်ခုကိုကျော်ဖြတ်ပြီး တက္ကသိုလ်ကျောင်းဝင်းကြီးတစ်ခုထဲသို့ ရောက်လာသည်။ ပထမဦးစွာမြင်လိုက်ရသည်က ကြီးမားပြီးခမ်းနားသော အဆောက်အဦးကြီးတစ်ခု။ သစ်လွင်သောဆေးများသုတ်ထား၍ ပိုပြီးထည်ဝါနေသည်။ အဆောက်အဦးကြီးရှေ့မှာတော့ နှင်းဆီနီ၊ ၀ါ၊ ဖြူ၊ ပန်းရောင်၊ လိမ္မော်ရောင် စသဖြင့် ရောင်စုံနှင်းဆီဥယျာဉ်ကြီး။ ဥယျာဉ်ကြီး၏အလယ်မှာတော့ ကျောက်ဖြူဖြင့် ထုဆစ်ထားသော၊ ပွင့်နေသောစာအုပ်ကြီးတစ်အုပ်။ ထိုစာအုပ်ထဲမှ ရေပန်းများက လှပစွာဖျာထွက်နေသည်။ ဥယျာဉ်ကြီးတစ်ဝိုက်မြက်ခင်းပြင်ပေါ်မှာ ကျောင်းသူ၊ ကျောင်းသားများ စာဖတ်သူဖတ်၊ အုပ်စုလိုက်ထိုင်ပြီး ငြိမ်သက်စွာ စကားပြောသူပြောဖြင့် စည်ကားနေသည်။ အဆောက်အဦးကြီးဘေးမှဖြတ်ပြီး သစ်ပင်စိမ်းများ စနစ်တကျတန်းစီစိုက်ထားသော လမ်းမအတိုင်း ကားကို ဖြေးညှင်းစွားမောင်းလာကြသည်။ ကျောင်းလမ်းမကြီး၏ တစ်ဖက်တစ်ချက်တွင် ကမ္ဘာပေါ်တွင်ကျော်ကြားလှသော ဤတက္ကသိုလ်ကြီး၏ စာကြည့်တိုက်များ၊ ပြတိုက်များက၊ သုတေသနအဆောက်အဦးများက ခန့်ထည်စွာ တည်ရှိနေကြသည်။


"Wow!"

ကားနောက်ခန်းမှာ တစ်လမ်းလုံး ငြိမ်သက်စွာပါလာသော အငယ်ဆုံးသားဆီမှ အသံတစ်ချက်ထွက်လာသည်။


"သား.. ဒီတက္ကသိုလ်ကြီးကို သဘောကျနေပြီမဟုတ်လား"

သားထံမှာ ရယ်သံ ခပ်တိုးတိုး ထွက်လာသည်။

"သား... ဒီကျောင်းကို မင်းအကိုနဲ့အစ်မလို ၀င်နိုင်အောင်ကြိုးစားပါသားရယ်။ ဒီတက္ကသိုလ်က ကမ္ဘာပေါ်မှာအကောင်းဆုံးနံပါတ်ချိတ်ထားတာ သုံးနှစ်ဆက်တိုက်ရှိနေပြီ။ နောက်ပြီး နှစ်ပေါင်းများစွာ အစဉ်အလာရှိတဲ့တက္ကသိုလ်။ ဒီကျောင်းကဘွဲ့ရသွားတဲ့သူတွေဆိုရင် ကမ္ဘာပေါ်မှာဘယ်နိုင်ငံသွားသွား လက်မထောင်နိုင်ပြီသားရဲ့၊ ပညာရေးပိုင်း၊ အတွေးအခေါ်ပိုင်း၊ လှုမှုဆက်ဆံရေးအပိုင်း၊ ကျမ်းမာရေး၊ တီထွင်ကြံဆနိုင်မှု ဘယ်ထောင့်ကကြည့်ကြည့် ဒီကျောင်းထွက်တွေဆို လူသားတွေကိုအကျိုးပြုနိုင်ကြတာချည်းပဲ။ နိုင်ငံအနှံ့က တော်ပေ့၊ တတ်ပေ့ ကျောင်းသားကျောင်းသူတွေ ဒီကျောင်းဝင်ဖို့ကို နှစ်ရှည်လများ ကြိုးစားနေကြတာ။ သားလဲကြိုးစားပါသားရယ်"


"It's quite competitive to get accepted by this university, Mom."


"၀င်ခွင့်ရဖို့တော့ခက်တယ်သား၊ ဒါပေမယ့် ကြိုးစားရင်ဖြစ်ပါတယ်သားရယ်၊ မင်း အကိုနဲ့အမတောင် ၀င်သေးတာပဲ၊ ဒီတိုင်းပြည်က ကျောင်းတွေတော်တော်များများက ကမ္ဘာ့အကောင်းဆုံးတွေထဲမှာ ပါနေတာပဲ။ နောက်ပြီး မင်းကို အမေပြောရတာလဲမောပြီ။ အင်္ဂလိပ်စကားချည်းပဲ ပြောမနေပါနဲ့ဆိုတာ၊ ဗမာလိုလေးလဲပြောပါဦး"



"ကဲ.. အမေ... ဘယ်မှာချိန်းထားတာလဲ"
ကားမောင်းနေသော သူ က သားနှင့် ကျမကို သဘောကျပြီး ပြုံးနေရာက မေးလိုက်သည်။

"တဲနစ်ကွင်း နံပါတ်၁၅ နားက အပန်းဖြေတဲ့နေရာတဲ့၊ ခဏနော်... မြေပုံထုတ်ကြည့်လိုက်ဦးမယ်၊ သူတို့ကျောင်းကြီးက အကြီးကြီး"


သည်လိုနှင့် တဲနစ်ကွင်းနားကအပန်းဖြေဆောင်ရှိရာကို ရောက်လာကြသည်။ ကားလေးကို အရိပ်ကောင်းသောသစ်ပင်တစ်ပင်အောက်တွင် ရပ်လိုက်ပြီး အပန်းဖြေဆောင်အ၀င်ဝဘက်သို့ လျှောက်လာခဲ့ကြသည်။


အပန်းဖြေဆောင်တွင်းသို့ဝင်လိုက်သည်နှင့် ပြောင်လက်တောက်ပသော ကျောက်ပြားများခင်းထားသော ခမ်းမကြီးကိုမြင်လိုက်ရသည်။ ခမ်းမကြီး၏ဧည့်ခန်းလိုနေရာတွင် အရောင်တင်ထား၍ပြောင်လက်တောက်ပနေသော ကြိမ်များဖြင့်ပြုလုပ်ထားသော ခုံများကို မြင်လိုက်ရသည်။ ထိုခုံများပေါ်တွင် ထိုင်ပြီးစကားပြောနေကြသော သားကြီးနှင့်သမီးငယ်က ၀င်လာသောကျမတို့အား မတ်တပ်ရပ်ပြီး ကြိုလိုက်သည်။


"သားတို့ စောင့်ရတာကြာသွားလား"
သူက သားနှင့်သမီးကို မေးလိုက်သည်။

"မကြာသေးပါဘူး ဖေဖေနဲ့မေမေ"

သားကြီးနှင့်သမီးကဖြေပြီး သူတို့ ညီအငယ်ဆုံးကို အရင်ဆုံးဖက်ပြီးနှုတ်ဆက်သည်။ ပြီးတော့ ကျမတို့ကိုဖက်ပြီးနှုတ်ဆက်သည်။ သမီးငယ်က ကျမလက်ကလေးကို ကိုင်ထားသည်။ မျက်ဆံကြီးကြီးမှာ မျက်တောင်ရှည်များဝိုင်းရံထားသော သမီးငယ်၏လှပသောမျက်ဝန်းများကို ကျမ ကြည့်နေမိသည်။


"မေမေ... ဒီအပန်းဖြေဆောင်အောက်ထပ်က ထမင်းဆိုင်မှာ ညစာစားကြမယ်။ ပြီးတော့မှ ကျောင်းကြီးကိုလိုက်ပြမယ်နော်"


"အေးအေး.. သမီးတို့ အဆင်ပြေသလိုလုပ်ပါကွယ်"

သူ၊ သားကြီးနှင့် သားငယ်က ရှေ့မှဦးဆောင်ကာ အပန်းဖြေဆောင်အောက်ထပ်သို့၊ ပြောင်လက်နေသော ကျွန်းများဖြင့်ဆောက်ထားသော လှေကားကျယ်ကြီးအတိုင်း ဆင်းသွားကြသည်။


သမီးနှင့်ကျမက လက်ချင်းတွဲပြီး သူတို့နောက်မှလိုက်ပါသွားသည်။ အောက်ထပ်ရောက်တော့ ကျယ်ဝန်းသောစင်္ကြတလျှောက်မှာ၊ လှပပြီးလင်းထိန်သောမီးပုံးများကို ချိတ်ဆွဲထားသည်ကို မြင်လိုက်ရသည်။ စင်္ကြတစ်ဖက်တစ်ချက်တွင်လည်း စာအုပ်ဆိုင်များ၊ အကျီ င်္ရောင်းဆိုင်များ၊ အားကစားပစ္စည်းရောင်းဆိုင်များ၊ အစားအသောက်ရောင်းဆိုင်များကို တွေ့ရသည်။


"မေမေ.. ဒီမြေအောက်စင်္ကြက ၂၄နာရီ စည်ကားနေတာမေမေရဲ့။ ဒီစင်္ကြတွေကတဆင့် ဟိုးဘက်တွေက ကောလိပ်တွေအထိ ပေါက်တယ်။ Escalator တွေပေါ်တက်သွားလို့ရသလို၊ ကျောင်းသားတွေတွက်သီးသန့်လုပ်ပေးထားတဲ့ မြေအောက်ရထားတွေကနေ ဟိုးဘက်ကောလိပ်တွေကို သွားလိုက်ရုံပဲ"


စကားတပြောပြောနှင့် စားသောက်ဆိုင်တစ်ခုထဲသို့ ၀င်လိုက်ကြသည်။

စားသောက်ဆိုင်ထဲမှာ မိသားစုဝိုင်းထိုင်ရင်း၊ စားစရာများကိုမှာစားရင်း ရောက်တတ်ရာရာများကို ပြောနေကြသည်။


"နွေကျောင်းပိတ်ရက်တော့ ခဏတော့ ပြန်လာကြဦး၊ အမေ မင်းတို့ကို လွမ်းတယ်"

"လာမှာပါ မေမေ၊ ခုလဲ မေမေနဲ့ဖေဖေတို့ ကနေဒါနဲ့ဒီကို သွားလိုက်ပြန်လိုက်လုပ်နေကြတာပဲမဟုတ်လား"
သားကြီးက ပဲသီးကို ခက်ရင်းနှင့်ထိုးလိုက်ပြီး ပြောလိုက်သည်။

"အဖေကော အမေကော သားကြီးနဲ့ သမီးတွက် ဂုဏ်ယူတယ်။ အဖေတို့ ကနေဒါမှာ ပင်ပင်ပန်းပန်းအလုပ်လုပ်ရကြိုးနပ်တယ်ကွာ၊ ဒါနဲ့ စကားမစပ် အငယ်ဆုံးကို မြန်မာလိုလေးဘာလေးလဲ သင်ဖို့ပြောကြဦး"
ကလေးတွေ အဖေက ရေနွေးကြမ်း တကျိုက်မော့ပြီး ပြောလိုက်သည်။

"သား.. မြန်မာလို ကောင်းကောင်းတတ်ပါတယ်"

သားငယ်က အသံဝဲ၀ဲလေးနှင့် ၀င်ပြောသည်


"ပြောတတ်ရုံနဲ့မဖြစ်ဘူး။ စာမရေးတတ်လို့ မရဘူး"
ကျမ သားငယ်ကို ပြောလိုက်သည်။

"You wanna join us here, baby brother?"

သမီးငယ်က သူ့မောင်လေးကို လှမ်းစလိုက်သည်။ သားငယ်က ပခုံးတွန့်ပြလိုက်သည်။ သားကြီးက သူ့ညီလေးကို ချစ်စနိုးနှင့် ပြုံးကြည့်နေသည်။


ထမင်းစားသောက်ပြီး သားကြီးနှင့်သမီးက သူတို့၏ကျောင်းကြီးအနှံ့လိုက်ပြသည်။ တက္ကသိုလ်ဝင်းတစ်လျောက်လည်း ကမ္ဘာလှည့်ခရီးသည်များနှင့် ပြည့်နေလေသည်။ နေ၀င်ရီတရော ဆည်းဆာရောင်အောက်မှာ မြက်ခင်းစိမ်းများ၊ လှပသော သစ်ပင်၊ ပန်းပင်များ၊ ကြီးမားခန့်ထည်သော ခေတ်မှီအဆောက်အဦးများအပြင်၊ သည်တိုင်းပြည်မှ အထင်ကလျဗိသုကာပညာရှင်များဖြင့် ရိုးရာမပျက်အောင် ပြန်လည်ပြုပြင်ပြီး တည်ဆောက်ထားသော အဆောက်အဦးဆန်းများက ရင်သပ်ရှုမောဖွယ်။


သားကြီးနှင့်သမီးကို သူတို့အဆောင်တွေသို့ ပြန်ပို့ပေးအပြီး ကျမတို့ ကျောင်းဝင်းထဲမှပြန်လည်ထွက်ခွာလာကြသည်။ အပြန်လမ်းမှာတော့ သားငယ်က သူ့အဖေဘေးရှေ့ခန်းမှာ ထိုင်ပြီးလိုက်ပါလာသည်။ ကျမက ကားနောက်ခန်းမှာ တစ်ယောက်တည်း အတွေးနယ်ချဲ့ပြီး လိုက်ပါလာခဲ့သည်။ သားကြီးနှင့်သမီးငယ်ကို သည်လိုထိပ်ထိပ်ကြဲကျောင်းမှာထားနိုင်သည်ကို ဂုဏ်ယူလို့မဆုံးတော့။ အပြန်လမ်းမှာ ကျောင်းဂိတ်ဝပေါင်းများစွာထဲမှာမှ၊ သည်ပင်မ ဂိတ်ဝကို သူက အမှတ်တယအနေဖြင့် ဖြတ်ပြီးထွက်ဟန်တူသည်။ ကမ္ဘာမှာကျော်ကြားသည့် သည်ကျောင်းကြီး၏အမည်ကို ဂိတ်ပေါ်မှာ ငွေရောင်စာလုံးများဖြင့်ထွင်းထားသည်။ ထိုစာလုံးများကိုလည်း ကျောင်းဂိတ်ဝအောက်ဘက် ပန်းခြံထဲမှရောင်စုံမီးများဖြင့် ပင့်ပြီးထိုးထားသည်။ ကျောင်းကြီး၏အမည်က ရောင်စုံအလင်းတန်းတွေကြားမှာ ထင်ရှားစွာတောက်လက်နေသည်။ ကျမ ကားနောက်ခန်းမှတဆင့် ကျောင်းဂိတ်ပေါက်ဝကို သမင်လည်ပြန်တစ်ချက်လှည့်ကြည့်ပြီး ပီတိလေးများ ပလုံစီထလို့ ပြုံးလိုက်မိသည်။ ကျောင်းဂိတ်ပေါ်က ကျောင်းကြီး၏ အမည်ကတော့....


"ရန်ကုန်တက္ကသိုလ်" ဟူသတည်း။

အမ တန်ခူးတက်ဂ်ထားတာကို ရေးထားခြင်းပါ.... (ညက အိပ်ချင်မူးတူးနဲ့ ထည့်ဖို့ကျန်ခဲ့လို့)

နောက်ပြီး ဒီပိုစ်ကို အတက်ဂ်မခံရသေးသော၊ လာမည့် အနှစ်၂၀ကို ရေးချင်စိတ်ရှိသော.. စာရေးသူ မောင်၊နှမ များအားလုံး ရေးပေးကြပါ… လို့.. အကုန်လုံးကို ဒီတစ်ခါ တက်ဂ်ပါ၏…

hut1.png



Comments from AinChannMyay.com


မလေးးးး
ကောင်းလိုက်တာ အဲလိုဖြစ်ချင်တယ် တကယ့်ကို ဖြစ်ချင်တယ်။
Comment by ခင်မင်းဇော် — June 7, 2009 @ 2:45 am

ဖတ်ပြီးဘာလို့မသိ မျက်ရည်ဝဲမိတယ် တကယ်ဆို ဖတ်ပြီးရယ်မိရမှာ ဘာငိုစရာရှိသလဲ
Comment by မွန် — June 7, 2009 @ 3:02 am

အစ်မရေ ဖတ်ရင်းနဲ့ မြက်ခင်းပေါ်မှာထိုင်နေတဲ့ကျောင်းသားတွေ၊ ခုံတန်းရှည်တွေပေါ်မှာစာကျက်နေကြတဲ့ကျောင်းသူတွေ ကြီးကျယ်ခမ်းနားတဲ့ကျောင်းဆောင်တွေ မျက်စိထဲမြင်လာတယ်..။ အစ်မစာထဲကအတိုင်းတကယ်ဖြစ်စေချင်ပါတယ်..။ အစ်မကသားသမီးတွေကို တော်တော်ပျိုးထောင်ပေးထားတာဘဲ တက္ကသိုလ်တွေတောင် ရောက်ကုန်ပြီ.. =D စတာ..။
Comment by Phyo Evergreen — June 7, 2009 @ 4:27 am

ကောင်းလိုက်တဲ့စိတ်ကူးအစ်မရေ…။ ဖတ်ရင်းမြောသွားတယ်…။ ဘယ် Uni ပါလဲလို့….။ မြေအောက်ရထားကလွဲရင် ကျန်တာတွေက ကျွန်တော်တို့တွေ တစ်ကယ်ဖြစ်ချင်တဲ့စိတ်နဲ့ ကြိုးစားကြရင် ဖြစ်နိုင်ပါတယ်..။ မြေအောက်ရထားကတော့ ရန်ကုန်မြေသားအနေအထားနဲ့ မြို့ဖွဲ့စည်းပုံအရ မဖြစ်နိုင်တော့ဘူး..။ :)
Comment by Black Dream — June 7, 2009 @ 5:33 am

မလေးရေ
မနက်စာ စားတာ ထမင်းကြော်စားတယ်နဲ့တူတယ်၊ ထမင်းလုံး ပါးမှာကပ်နေတယ် ခွာပါအုန်းဆို ခွာမှ မခွာတာ၊ ဒါကြောင့် ထမင်းလုံးတစ္ဆေခြောက်တာနေမယ်ဗျ၊ သိလား၊
လေးစား……..လျက်…
Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — June 7, 2009 @ 7:06 am

သူငယ်ချင်း…ဘာပြောရမှန်းတောင်မသိတော့ဘူး။ကျောင်းနဲ့ပတ်သက်ရင်ခံစားချက်ပြင်းတယ်။
Comment by Angel Eyes — June 7, 2009 @ 9:19 am

မလေးရေ..
နောင်အနှစ်ဆယ်မှာ သားကြီးရော သမီးရောတောင် တက္ကသိုလ်တက်နေပြီဆိုရင်တော့ အဲဒီ ဇာတ်လိုက်က ခုကတည်းက မွေးထားမှ ရတော့မယ်..ဇာတ်လိုက်က ဘသူလဲတော့ မသိ :D
Comment by မေငြိမ်း — June 7, 2009 @ 9:44 am

မလေးရေ အဲသလို ဖြစ်လာမယ့်နေ့ကို မျှော်လင့်မိပါတယ်။
Comment by ပုံရိပ် — June 7, 2009 @ 1:49 pm

ရန်ကုန်တက္ကသိုလ်ဆိုတဲ့နဲ့ ပြောစရာစကားတွေ ဆွံ့အသွားစေခဲ့ပါတယ်။
Comment by ရွာသားလေးဝိုင်တီယူ — June 7, 2009 @ 6:06 pm

ရန်ကုန်တက္ကသိုလ်ဆိုတာနဲ့ ပြောစရာစကားတွေ ဆွံ့အသွားစေခဲ့ပါတယ်။ အကျွမ်းမှ မ၀င်ပဲလေ
Comment by ရွာသားလေးဝိုင်တီယူ — June 7, 2009 @ 6:08 pm

တကယ်ကို တမ်းတလွမ်းမောသွားပါတယ် အိမ့်ရေ…
အိမ့်ပုံဖော်ထားတာ ကောင်းလွန်းလို့  တကယ်အတိုင်းပဲ… မျက်စိထဲတောင်မြင်ယောင်လာမိတယ်…
မမြင်နိုင်တဲ့ မနက်ဖြန်မှာ အခြေအနေတွေက ပိုဆိုးလာနိုင်သလို ပိုလဲကောင်းလာနိုင်တာပဲလေ…
အတိတ်ကောင်း နိမိတ်ကောင်း ပို့ စ်လေးမို့  အဲဒီအတိုင်းသာ ဖြစ်လိုက်ပါတော့လို့  ဆုတောင်းမိတယ်…
သဌေးဝါဒ သီချင်းလေးကို သတိရမိတယ်…
ပို့ စ်ကောင်းကောင်းလေးအတွက် ကျေးဇူးပါညီမရေ…
Comment by တန်ခူး — June 7, 2009 @ 6:18 pm

ခင်မင်းဇော်… အစ်မရေ.. မလေးလဲ တစ်ကယ်ကို မျှော်လင့်ပါတယ်။
မွန် .. မလေးလဲ မွန့်ကော့မန့်ဖတ်ပြီးတော့ တွေးရင်းတစိမ့်စိမ့်ဝမ်းနည်းလာတယ်။ ဒါပေမယ့်လည်း ဒီဘွဲ့တွေနဲ့ အဆင်ပြေနေသူတွေလဲ လောလောဆယ်အများကြီးဆိုပြီး မလေး အားတင်းထားပါတယ်။
Phyo Evergreen … ဒါတောင် အစ်မ အိမ်မှာ ကလေးသုံးယောက်ထားခဲ့တာရေးဖို့ ကျန်သွားလို့ :P
Black Dream …. ဒါဆိုလဲ မိုးပျံရထားပေါ့ မောင်လေးရေ… နှစ်၂၀ ဆိုတာ ဂျန်နရေးရှင်းတစ်ခုပဲရှိသေးတယ်နော်။ ဒီဂျန်နရေးရှင်းတစ်ခုအတွင်းမှာ ကျန်တာထားတော့ အတွေးအခေါ်တွေ ဒီလောက်ပြောင်းသွားဖို့ကော ဖြစ်နိုင်မယ်ထင်လား။
ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား .. သင့်ခ်ယူပါ :D
Angel Eyes … တူတူပဲ သူငယ်ချင်းရေ..။ သူငယ်ချင်းတော့ မသိဘူး။ တို့တော့ ကျောင်းတက်ရတာ မြန်မာပြည်မှာပိုပျော်တယ်။ ခြေချဖူးရုံတက်ခဲ့ရတော့ တစိမ့်စိမ့် ပိုစွဲလန်းနေမိလားမသိပါဘူးကွယ်..။
မေငြိမ်း … ဇာတ်လိုက်က စံပယ်ပန်းကိုင်ထားတဲ့ လက်ပိုင်ရှင်ပါ အစ်မ။
ပုံရိပ် … မလေးလဲ မျှော်လင့်တယ် ပုံရိပ်ရေ..။ ဖြစ်ခဲ့ဖူးတာပဲ.. ဖြစ်လာမှာပါ။
ရွာသားလေးဝိုင်တီယူ.… မလေးကလည်း ရန်ကုန်တက္ကသိုလ်ပဲ ရောက်ဖူးတော့ ဥပမာလေးတစ်ခုအနေနဲ့ပဲ ရေးသွားတာပါ။ ကိုယ့်တိုင်းပြည်က ဘယ်ကျောင်းဖြစ်ဖြစ် ထိပ်တန်း၁၀၀ထဲဝင်ရင် တော်ပါပြီ။
တန်ခူး…မလေးကို တက်ဂ်သောကြောင့်လည်း ကျေးဇူးပါ မ.. ရေ
Comment by မလေး — June 7, 2009 @ 11:29 pm

ကွန်မကောင်းလို့မြန်မာပြည်ကွန်နက်ရှင်ကတကယ်လေတယ်အဟုတ်ပဲ
Comment by ဒေါင်းမင်း — June 8, 2009 @ 12:38 am

မမရေ ဒုတိယအကြိမ်လာဖတ်ပါတယ်။ ပျော်ရွှင်ပါစေရှင်။
Comment by thumalay — June 8, 2009 @ 3:45 am

မရောက်ဖူးဘူး မ ။ငယ်ငယ်ကတော့ ရန်ကုန်တက္ကသိုလ်ကို မလေးလိုမျိုးပုံဖော်ပြီး ရောက်ချင်ခဲ့တယ်။ခုတော့ လမ်းခုလတ်တင် အဝေးမှာပဲ။။။။။တကယ်ဖြစ်စေချင်လိုက်တာ မလေးရေ။
Comment by maylay — June 8, 2009 @ 8:20 am

အစ်မရေ့ မုန့်ဖိုးနည်း၂ပဲ ပါခဲ့တော့ မြန်၂လေးပဲဖတ်သွားရတော့တယ် :P နေကောင်းတယ်ဟုတ် သတိရတယ် ။
Comment by မောင်မျိုး — June 9, 2009 @ 7:24 am

Tuesday, June 02, 2009

မှိုင်းကုန်နေတဲ့ မီးပုံးပျံ

မျက်မှန်နောက်က စူးရှရှ မျက်ဝန်းတွေ၊ မရယ်မပြုံး နှုတ်ခမ်းတွေနဲ့ လက်ပိုက်လို့မတ်တပ်ရပ်နေတဲ့ ရှဉ့်တစ်ကောင်ကို ပန်းတစ်ပွင့်က သူ့လက်ဖမိုးပေါ် ယုယုယယတင်ပြီး အကြာကြီး ငေးနေတယ်။ "ချစ်လိုက်တာ.. မထိရက်၊ မတို့ရက်၊ ချစ်တယ်"


နွေရာသီအလှတရားရဲ့ ရိုက်ခတ်မှုက ဖန်သားပြင်နဲ့ အဝေးကြီးကို တွန်းပို့နေတယ်။ ဗလာနတ္ထိဦးနှောက်က ခံစားချက်တွေပြည့်နေတဲ့ရင်ကို လှောင်ပြုံးပြုံးပြတယ်။


"စာပေရေးသူတွေ ရေးစရာမရှိတဲ့ တစ်နေ့မှာ မှိုင်းကုန်သွားတဲ့ မီးပုံးပျံလို ထိုးဆင်းသွားမှာ သေချာတယ်…"
ဆရာမကြီး စောမုံညင်းက အနားမှာ ခပ်တိုးတိုးလာပြောတယ်။

"ရေးစရာမရှိတာထက် ရေးချင်စိတ်မရှိတာပါ ဆရာမကြီး"

နောက်ဘက်ခြံထဲက ပန်းသီးပင်အောက်မှာ အဖြူရောင်စာရွက်တစ်ရွက် တိတ်တဆိတ်ထိုင်နေတယ်။ အဲဒီချိန်မှာ ရင်ထဲက ခံစားချက်တွေက စာရွက်ပေါ်ကို ခုန်ဆင်းသွားတယ်။ ငှက်ကလေးက လေပြေကိုချစ်တယ်၊ လေပြေက နှင်းဆီကို နမ်းတယ်၊ နှင်းဆီက ပိတုန်းလေးကို မျှော်တယ်။ ပိတုန်းလေးက ချယ်ရီပွင့်ကို ကျီစယ်နေတယ်။ ချယ်ရီပွင့်ပေါ်မှာ နားရင်း နှင်းဆီဘက်ကို မျက်စောင်းထိုးနေတဲ့ ပိတုန်းတစ်ကောင်ကို ဘယ်သူများ နားလည်ပေးမလဲ၊ ကဲ့ရဲ့ရှုံချကြမှာ။ စာရွက်ဖြူက တစ်ယောက်ထဲ ဖုန်းကြီးစာရွတ်သလို လေပြေ၊ နှင်းဆီ၊ ပိတုန်းနဲ့ ချယ်ရီတွေအကြောင်း တတွတ်တွတ်ရွတ်နေတယ်။


"ကိုယ့်ကို နားလည်ပေးပါကလေးရယ်…. "
ငိုက်မြည်းနေတဲ့ ဖန်သားပြင်ထဲက ဟောင်းနွမ်းဆွေးမြေ့နေတဲ့ သီချင်းတစ်ပုဒ်က တရေးနိုးထဆိုတယ်။

"သွားစမ်းပါ…."

သက်ပြင်းကိုတစ်ချက်ရှိုက်ပြီး ဖန်သားပြင်က နားပိတ်လို့ ပြန်လည်ငိုက်မြည်းနေလိုက်တယ်။ နားပိတ်ပြီး ငိုက်မြည်းနေပေမယ့် လတ်ဆတ်နေတဲ့ ရင်ခုန်သံကို ဘာသာပြန်ကြားနေရတယ်။


"I'll be your dream I'll be your wish I'll be your fantasy…."

ကနွဲ့ကလျနဲ့ လမ်းလျှောက်လာတဲ့ ဒီသီချင်းရဲ့အဆိုတော်၊ ကျားကျားယားယားမဟုတ်တာကို ချယ်ရီရွက်ကလေးက နှုတ်ခမ်းစေ့လို့ကြည့်နေတယ်။


မျက်မှန်နောက်က စူးရှရှ မျက်ဝန်းတွေ၊ မရယ်မပြုံး နှုတ်ခမ်းတွေနဲ့ လက်ပိုက်လို့မတ်တပ်ရပ်နေတဲ့ ရှဉ့်တစ်ကောင်ကို ပန်းတစ်ပွင့်က သူ့လက်ဖမိုးပေါ် ယုယုယယတင်ပြီး အကြာကြီး ငေးနေတယ်။ "ချစ်လိုက်တာ.. မထိရက်၊ မတို့ရက်၊ ချစ်တယ်" ပန်းပွင့်ရဲ့စကားအဆုံးမှာ မျက်မှန်နဲ့ ရှဉ့်လေးက ခွက်ထိုးခွက်လန် ရယ်မောပြီး ပျက်ရယ်ပြုလိုက်တယ်။ "စိတ်ကူးမယဉ်စမ်းပါနဲ့…" "မဟုတ်..မဟုတ်ဘူးလေ၊ မင်းနဲ့ငါ.. အရင်ဘ၀က.. ကြင်သူတွေများ ဖြစ်ခဲ့သလားလို့ပါ" ပန်းလေးက ခေါင်းငုံ့ပြီး မ၀ံ့မရဲပြောရင်း မျက်ရည်တွေကို သူ့ရိုးတံနဲ့ ခိုးသုတ်လိုက်တယ်။ "ငါ..မင်းကိုဘယ်တော့မှ စကားပြန်ပြောလိမ့်မယ်မထင်နဲ့" ခပ်ဆတ်ဆတ်ပြောရင်း ရှဉ့်ကလေးက တောအုပ်ထဲ ပြေးဝင်သွားတယ်။ "ဖြစ်သင့်တာကို လုပ်ပါအချစ်ရယ်…" ပန်းပွင့်က ခပ်တိုးတိုးပြောရင်း၊ သူ့ပွင့်လွှာတွေကို တစ်ချပ်စီချွေချလိုက်တယ်။


ခပ်လှမ်းလှမ်းက ပန်းခြံထောင့်ကျောက်တုံးပေါ်မှာ ဦးဆန်းထွန်းနဲ့ ဒဂုန်ဦးစန်းငွေတို့ ထိုင်နေကြတယ်။

"အိပ်တော့… ညနာရီပြန် ၂ချက်လောက်ထိ စာတွေထိုင်ထိုင်ရေးနေလို့ ကျုပ်တို့အသေစောခဲ့တာ၊ အပျော်စာရေးသူ မင်းအနေနဲ့ဆိုရင် ဒီထက်စောအိပ်သင့်တယ်။"


"လူ့ပြည်မှာတော့ နေ့လည် ၂ချက်ပဲရှိပါသေးတယ်"
စောဒကတက်သံကြောင့် ဆရာမကြီး စိတ်တိုသွားတယ်။

"ကြောင်အိုရင် ကြွက်မလေးစားတာလား၊ ချောင်ထိုးချင်ကြတာများလား၊ တို့တောင် သက်ကြီးပူဇော်ပွဲတွေမှာ သောင်းချီရနေတာကို တချို့က တကယ်ရှစ်ဆယ်ကျော်ပါရဲ့လား၊ ပူဇော်ခံချင်လို့များ လိမ်ပြောသလားတဲ့ ဖြစ်ရပုံတွေ"

"လူတွေက အဲသလိုပဲပြောသလား ဆရာမကြီးရယ်၊ သက်ကြီးပူဇော်ပွဲတွေ မရောက်တာတောင် နစ်ပေါင်းကြာလှပေါ့။ ခုလဲ စောဒကတက်တာ မလေးစားတာမဟုတ်ရပါ၊ ခုဟာက နေ့လည် ၂ချက်ပဲရှိသေးတာကိုပြောတာပါ…"

ပွင့်ဖတ်တွေ တစ်စစီကြွေနေတဲ့ ပန်းရိုးတံက ရှိသမျှခွန်အားနဲ့ လူးလဲထရင်း ဆရာမကြီး ရင်ခွင်ထဲမှာ ငိုချလိုက်တယ်။ ချုံပုတ်ထဲက ရှဉ့်လေးကတော့ ခပ်ဝေးဝေးကိုထွက်ခွာသွားခဲ့ပြီ။ ချုံပုတ်စပ်မှာတော့ အနက်ရောင် မျက်မှန်လေးတစ်လက် တိတ်ဆိတ်စွာ လှဲလျှောင်းကျန်ရစ်ခဲ့တယ်…။



Comments from AinChannMyay.com


မလေး နွေရာသီမှာ လွမ်းမောစရာတွေရှိနေတာကို လှစ်ခနဲမြင်သွားတယ် ပန်းပွင့်လေးရဲ့ ရိုးတံလေးနဲ့ မျက်ရည်ခိုးသုတ်တဲ့နေရာမှာ ရင်ထဲနင့်သွားတယ်
Comment by မွန် — June 2, 2009 @ 12:49 am

ကောင်းတယ်ဗျာ။ နာရီပြန် ၂ချက်ဆိုတာ ကိုစဉ်းစားနေတာ ညဖက် ၂နာရီကတော့ သဘောပေါက်လို့ရတယ်။ တစ်ဖက်ကို ပြန်သွားတဲ့ နေ့လည် နာရီပြန် ၂ချက်ထိုးက ၂ - ၂ ချင်းတူချင်တာနဲ့ သုံးလိုက်တာလား။ အသုဘချချိန်ဆိုရင်တော့….လွဲနေလားလို့ နေ့လည် ၁နာရီဖြစ်နိုင်တယ်ထင်ပါတယ်။
Comment by ရှေးစာဆို — June 2, 2009 @ 4:15 am

ဒုံးဝေးပါသည်၊ နားမလည်ပါ
Comment by ကျား — June 2, 2009 @ 10:08 am

Ma Lay,
You are right about where I live. I live near San Diego area. Let me know if you are in the area. I am so depressed that don’t feel like doing anything. I lost my true sense of me…I lost my goal, my ambition …everything.
This is for someone who I trusted with my life…
If you only cared a little bit more than you did,
Things might have turned out differently but now.. all gone … Gone with the wind.
Sorry to bother you Ma Lay.
Ain Shin Ma
Comment by lynda — June 2, 2009 @ 11:41 am

ဘာပြောရမှန်းမသိဘူး..တကယ်။
Comment by Phyo Evergreen — June 3, 2009 @ 1:00 am

မွန်၊ ရှေးစာဆို၊ ကျား၊ ဖြိုး..
ဘယ်သူမှ နားမလည်အောင်ရေးရတာ ဘယ်လောက်ခက်တယ်ထင်လဲ.. ကိုယ့်ဟာကိုယ်တောင် နားမလည်ဘူး :D
Linda..
Linda you okay? မလေးကို ရင်ဖွင့်ချင်လား။ မလေးကလဲ အရေးထဲအီးမေလ်ဖျက်ထားတယ်။ အသစ်လုပ်ပြီးတင်မယ်တင်မယ်နဲ့ မလုပ်ဖြစ်သေးဘူး။ လင်ဒါ့အီးမေလ်း ချန်ရင်ချန်ခဲ့လေနော်။ I lost my goal, my ambition ဆိုတာတွေ မလေးလဲ ဖြစ်ခဲ့ဘူးတယ်။ Immigrant တွေ ဖြစ်တဲ့ ခံစားချက်တွေပါ။ ဆိုင်မဆိုင်တော့ မသိဘူး။ အဆင်ပြေပါစေလင်ဒါရယ်..
Comment by မလေး — June 4, 2009 @ 11:51 am

မလေးက ရေးအားကောင်းသလို တွေးအားလည်း ကောင်းပါတယ်။
ပန်းပွင့်က သူ့ပွင့်လွှာလေးတွေ တစ်ဖတ်ချင်း ခြွေရင်း စကားဆိုတာ…
တစ်စစီကြွေနေတဲ့ ပန်းရိုးတံက ရှိသမျှခွန်အားနဲ့ လူးလဲထရင်း ဆရာမကြီး ရင်ခွင်ထဲမှာ ငိုချလိုက်တယ်ဆိုတာ…
ဆရာမကြီးက မှီခိုသမျှ ပွင့်လွှာ အနူးအညံ့မရွေး၊ ရနံ့ ဆိုး ကောင်း မရွေး အားလုံးကို သူ့မျက်စိအောက်မှာ မြင်နေရရင် ပျော်နေမှာပါ။
ခပ်ဝေးဝေးထွက်ခွာသွားပြီဖြစ်တဲ့ ရှဥ့်ကလေးကိုလည်း ပြုံးပြီး ကြည့်နေမှာပါ။
တိတ်ဆိတ်စွာ လဲလျောင်းကျန်ရစ်တဲ့ အနက်ရောင် မျက်မှန်လေးတစ်လက်ကတော့ စစ်မှန်တဲ့ ပိုင်ရှင်လက်ထဲ ပြန်ရောက်မယ်ထင်ပါတယ်… တစ်နေ့နေ့……
(ရေးသူရဲ့ အတွေးနဲ့ မအပ်စပ်ဘူးဆိုရင်လည်း ခွင့်လွှတ်နော်)
Comment by အေးချမ်းသူ — June 6, 2009 @ 5:04 am

အေးချမ်းသူ ..
သိုးလေးးးးး.. ဘယ်ပျောက်နေတာလဲ။ ဘလောဂ်မရေးတော့ဘူးလား။ ဘာတွေလုပ်နေလဲ၊ ဘယ်တွေရောက်နေလဲ သိချင်၏ :D
မလေးလား.. ရေးအားမကောင်းဘူးထင်တယ်။ တွေးအားလဲလျော့နေတယ်။ ခွင့်မလွှတ်စရာဘာမှမရှိ၊ ပျောက်နေလို့ သတိရနေတယ်
Comment by မလေး — June 7, 2009 @ 2:17 am

အပိုင်းအစလေးတွေက တစ်စုံတစ်ခုကို ပေါင်းစပ်သွားစေသလို ခံစားရပြီး တစ်စုံတစ်ခုကလည်း အပိုင်းအစလေးတွေအဖြစ် ကွဲပြားလွင့်စင်သွားသလို မြင်ယောင်လာမိတယ်.
ဘာလို့မှန်းတော့မသိဘူး. ဖတ်ပြီး ၀မ်းနည်းသွားသလိုပဲ.
ကျွန်တော်ကိုကပဲ အခုတလော အလွမ်းဓာတ်တွေကဲနေလို့လားမသိပါဘူး မလေးရာ…း)
ရေးထားတာလေးက သိမ်မွေ့ပါတယ်. ကျွန်တော်လည်း အဲလို သိမ်မွေ့ချင်တယ်. ဒါပေမယ့် ကျွန်တော့်စာတွေက ရွဲ့တာတွေ၊ သရော်တာတွေ၊ ဟာသလုပ်တာတွေ များနေတယ် မလေးရေ…
Have a nice evening ပါ မလေး..
ခင်တဲ့.
Y.
Comment by Yan — June 8, 2009 @ 5:56 pm

Monday, June 01, 2009

ကြည်လင်တဲ့နေ့

windchime2.jpg


အပူချိန်က ၂၈ ဒီဂရီ....
ငှက်ကလေးတွေက တေးဆိုနေတယ်။
ထင်းရူးပွင့်လေးတွေ လေထဲမှာ လွင့်မျောသွားတယ်။
ကောင်းကင်ကြီးက ပြာလွင်တောက်ပနေတယ်။
သစ်ရွက်တွေ လေအဝှေ့မှာ တဖျတ်ဖျတ်နဲ့ အရောင်လက်နေတယ်။
ကန့်လန့်ကာတွေက အတားအဆီးမဲ့ လူးလွန့်နေတယ်။
အိမ်တွေနောက်က ကြိုးတန်းတွေပေါ်မှာ နေလှန်းထားတဲ့ အ၀တ်တွေ လေထဲမှာ လွင့်နေတယ်။
ရေခဲချောင်းရောင်းတဲ့ ကားတွေဆီက သီချင်းသံတွေ ပတ်ဝန်းကျင်မှာ ကြားနေရတယ်။
ကလေးလေးတွေက ရေခဲချောင်းကားနားမှာ ရစ်သီရစ်သီလုပ်နေကြတယ်။
ပတ်ဝန်းကျင်က မြက်ခင်းတွေပေါ်မှာ ယောင်္ကျားတွေက မြက်ရိတ်စက်တွေနဲ့ အလုပ်ရှုပ်နေချိန်....
မိန်းမတွေက ကတ်ကြေးတွေကိုယ်စီနဲ့ ပန်းခြုံတွေနားမှာ အလုပ်ရှုပ်နေတယ်။
အချို့ကလေးလေးတွေက မြက်ပန်းလေးတွေကို လေနဲ့မှုတ်ပြီး ၀တ်မှုန်လေးတွေကို လိုက်ဖမ်းနေတယ်။

37278venus.jpg

ခြံတွေထဲက အလှပြ ရောင်စုံပန်ကာလေးတွေ၊ ဆည်းလည်းလေးတွေဆီက သာယာနာပျော်ဘွယ် အသံတွေက လွင့်ပျံ့နေတယ်။
ဟိုဘက်အိမ်တွေက မဆလာနဲ့ ချက်တဲ့ ဟင်းနံ့တွေ၊ မုန်လာဥနီနဲ့ချက်ထားတဲ့ ဟင်းတွေ၊ ဘယ်ရီဘိန်းမုန့်နံ့တွေကလဲ မွှေးပျံ့နေတယ်။

black-solar-garden-lightsl-550×360.jpg

ညတွေမှာ ခြံတွေထဲက အလှမီးလေးတွေက တဖျတ်ဖျတ်လင်းလာကြတယ်။

LinkWithin

Related Posts Plugin for WordPress, Blogger...