မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Monday, April 27, 2009

ဗိုင်းရပ်စ်များ

swine_fever.gif


တိတ်ဆိတ်နေကျ နေရာလေးတစ်ခုက ရုတ်တရက် စကားသံတွေ၊ ဖုန်းမြည်သံတွေ၊ ငြင်းခုံသံတွေနဲ့ ဆူညံသွားသည်။ ဖိနပ်သံတွေ တရှပ်ရှပ်နဲ့အတူ စကတ်တို၊ စကတ်ရှည်၊ ဘောင်းဘီရှည်တွေ ၀င်လိုက်ထွက်လိုက်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးက ပျားအုံကို တုတ်နှင့်ထိုးလိုက်သလို ဖြစ်နေသည်။ အမြဲတမ်း ရှင်းရှင်းလင်းလင်းထားတတ်တဲ့ စားပွဲတစ်ခုပေါ်မှာလဲ သတင်းစာတွေ၊ ရုံးထုတ်စာရွက်တွေ အပုံလိုက် ရောက်လာသည်။


"သိပ်လဲ စိတ်မပူကြပါနဲ့ ငါတို့ရဲ့ အဆုပ်တွေက မက္ကဆီကိုက အဆုပ်တွေထက် ပိုအားကောင်းပါတယ်"

"အင်း လေပိုသန့်တော့ ငါတို့အဆုပ်တွေ ပိုအားကောင်းတယ် ထင်ရပေမယ့် Nova Scotia မှာ case လေးခု BC မှာ case၂ခု၊ စုစုပေါင်း ကေစ်ခြောက်ခု ဖြစ်နေပြီ။ နောက်ဘယ်လောက် ထပ်တိုးလာမယ်မသိဘူး"

"ကနေဒါမှာ လူပေါင်း သန်းသုံးဆယ့်သုံးသန်းမှာမှ ကေစ်ခြောက်ခုထဲက မဆိုးပါဘူး"

"ဒါပေမယ့် အရမ်းမြန်မြန်ဆန်ဆန် ပျံ့နေတယ်"

"အမြဲတမ်း ပျားပန်းခတ်နေတဲ့ မက္ကဆီကိုမြို့က လမ်းမတွေလဲ တစ္ဆေခြောက်ထားသလို တိတ်ဆိတ်ခြောက်ကပ်နေတယ်တဲ့"

"ဘယ်သူပြောတာလဲ"

"မက္ကဆီကိုရောက်နေတဲ့ သူငယ်ချင်းတစ်ယောက် ဒီမနက်ပဲ ဖုန်းဆက်လာတာ"

"မက္ကဆီကိုလဲ စိတ်မကောင်းစရာပဲ၊ ဟိုတစ်လောကပဲ ဂိုဏ်းကိစ္စတွေနဲ့ လူသုံးထောင်သေတယ်၊ ခု ၀က်တုပ်ကွေးနဲ့ လူတွေထပ်သေပြန်ပြီ"

"သူတို့ရဲ့လေတွေက မသန့်တော့ အဆုပ်တွေကလဲ အားမကောင်းတော့ဘူးထင်တယ်"

"အခုလဲ သတင်းငှာနတွေကလဲ ဖုန်းတွေ တဂွမ်ဂွမ်ဆက်နေပြီ"

"အဲဒါတွေတော့ သတင်းငှာနတွေရဲ့ မေးခွန်းတွေကို ကိုင်တဲ့ ငှာန တာဝန်ယူပစေတော့"

"အဲဒါထားလိုက်ပါဦး၊ အခု ဆရာဝန်တွေကဘယ် sample ကို ဘယ်လိုယူရမလဲ မသိဘူးဖြစ်နေတယ်၊ nose culture လား throat culture လား"

"Pathologists တွေ အရေးပေါ် အစည်းဝေးက ထုတ်လိုက်တဲ့ လောလောဆယ်ဆုံးဖြတ်ချက်တွေကော…"

"Swine virus က Influenza A Virus နဲ့ တူတူပဲမဟုတ်ဘူးလား"

"strain အသစ်လို့ဆိုနေကြတယ်၊ Influenza A/H1N1 ရဲ့အခွဲဆို"

Sunday, April 26, 2009

နွေဦးရောဂါ

gazebo.jpg


ခုတလောတစ်ကယ်ကို ရောဂါထပြီး နွေဦးနဲ့ပတ်သက်တာတွေချည်းပဲရေးနေမိတာ ဒီနှစ်ဆောင်းက အရင်နှစ်တွေထက် ပိုပြီးကြမ်းတမ်းနေခဲ့လို့ပါပဲ။ အခု တင်မယ့်ပုံတွေကို ဆောင်းရာသီကြမ်းကြမ်းကို ကျော်ဖြတ်ပြီးတဲ့ သူများကတော့ နားလည်ပါလိမ့်မယ်။ ကယ်လီဖိုးနီးယားလို၊ စင်္ကာပူလို၊ မလေးရှားလို၊ မြန်မာပြည်လို လှပတဲ့ နေရောင်ခြည်နဲ့ နီးစပ်သူတွေကတော့ ဒီပုံတွေ အိမ့်ချမ်းမြေ့ ဘာကြောင့်တင်လဲကို နားလည်မယ်တော့ မထင်ဘူး သာမန်နေသာတဲ့ ထူးမခြားနား နေ့တစ်နေ့ပဲလေလို့ ကောက်ချက်ချမိမယ်ထင်ပါတယ်။


ရှားရှားပါးပါးနေရောင်နွေးနွေးက အပြင်မှာတောက်လက်နေတဲ့ နေ့လည်ခင်းတစ်ခုမှာ၊ ရုံးထဲက သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် ဒေါက်မြင့်တွေချွတ် လမ်းလျှောက်ဖိနပ်တွေပြောင်းစီးပြီး ပျောက်ပျောက်သွားကြတယ်။ ကျမလဲ အလုပ်လုပ်ရင်း ကျန်နေတဲ့ သူငယ်ချင်းတစ်ယောက်ကို "ဗီတာမင် ဒီ" သွားထုတ်လိုက်ဦးမယ်လို့ ပြောပြီး ကင်မရာကိုကိုင်လို့ လမ်းလျှောက်ထွက်လာခဲ့တယ်။ ဒီနှစ်ဆောင်းက အရင်နှစ်တွေကထက် တော်တော်လေး ကြမ်းတယ်။ ခြံထဲက ကျမရဲ့ အုန်းပင်ပု နှစ်ပင်လုံးသေသွားပြီး ကျန်တဲ့အပင်တွေလဲ တော်တော်ပျက်စီးသွားတယ်။ လူတွေလဲ အရမ်းဖျားနာတာပြီး တရှောင်ရှောင် ဖြစ်နေကြတော့ အကုန်လုံးက ဒီဆောင်းကို တော်တော်လေး စိတ်ပျက်နေကြပြီ။ ခုလိုနေရောင်ထွက်လာတော့ ဆောင်းရာသီမှာ အိပ်မောကျပြီး နိုးထလာတဲ့ ဂရစ်ဇလီဝက်ဝံ grizzly black bear တွေလို အလျှိုအလျှို နေရောင်အောက်ကို ထွက်လာကြတယ်။


ဒီကိုရောက်ခါစကတုန်းက နေရောင်တောက်လက်တဲ့နေ့တွေဆိုရင် ဒီမှာရောက်နှင့်ပြီး မြန်မာတွေအပါအ၀င် အကုန်လုံးက "Oh... what a beautiful day!" တို့ "သိပ်ကိုသာယာတဲ့နေ့ပဲနော်.". တို့ပြောရင် သူတို့ဘာကိုဆိုလိုနေမှန်း မသိခဲ့ဘူး။ အထူးသဖြင့် မြန်မာတွေပြောရင် စိတ်ထဲကနေ.. "ဟွန်း ..သိပ်ပိုပြီး သိပ်ကို ဗိုလ်ဆန်ချင်ကြတာပါပဲလား" ဆိုပြီး တွေးခဲ့မိတယ်။ အခုတော့ ကောင်းကင်ပြာကြီးရဲ့တန်ဖိုး၊ ကောင်းကင်ပြာကြီးမှာ တိမ်ဖြူတွေအဆုပ်လိုက်ရွေ့နေတဲ့ တန်ဘိုး၊ နေရောင်က ကိုယ့်အသားပေါ်ထိနေတဲ့တန်ဖိုး၊ လေပြေနွေးနွေးလေးတွေ ဆံပင်ထဲတိုးဝင်သွားတဲ့တန်ဘိုး၊ ကော်ဖီဆိုင်အပြင်ဘက်ကခုံမှာ နေရောင်ခံရင်း မိုကာပူပူလေးသောက်ရတဲ့တန်ဘိုးတွေကို နားလည်လာခဲ့ပြီ။ ဒါတောင် ဗင်ကူးဗားမြို့ဟာ ကနေဒါမှာ ရာသီဥတုအကောင်းဆုံး (စနိုးကျတာအနည်းဆုံး၊ အအေးအပေါ့ဆုံး) လို့ ဆိုလို့ရတဲ့ မြို့ပါပဲ။ ကျန်တဲ့မြို့တွေဆို စဉ်းစားသာကြည့်ကြပါတော့။ ကနေဒါအရှေ့ပိုင်းမြို့အချို့ကတော့ အပူအအေးပြင်းထန်တယ်၊ နွေဆိုလဲ ဗင်ကူးဗားထက် ပိုပူတယ်လို့ သိရပါတယ်။


ဒီလိုနေ့တွေဆို လူတွေက နေ့လည်စာကို စိမ်ပြေနပြေမစားတော့ဘဲ မြန်မြန်ဆန်ဆန်စားပြီး လမ်းထွက်လျှောက်ဖို့ကို ပိုအားသန်ကြတယ်။ ကျမ မြို့ပြကို သိပ်မနှစ်သက်တော့ ရုံးတွေကြားမှာ ဖောက်ထားတဲ့ တောလမ်းလေးအတိုင်း လမ်းလျှောက်ထွက်ဖို့ ရုံးဘေးပေါက်ကနေ အောက်ဆင်းလာပြီး နွေဦးမှတ်တမ်း လိုက်တင်မိတော့တာပါပဲ။


အပေါ်ကပုံကတော့ ရုံးမှာဆေးလိပ်သောက်တတ်သူတွေအတွက် ရုံးဘေးမှာဆောက်ထားပေးတဲ့ တဲလေးပါ။ အဲဒီနားကဖြတ်သွားရင် ဆေးလိပ်နံ့တွေ လှိုင်ထနေတာပါပဲ။ တဲလေးဘေးမှာတော့ ခရိုးကပ်စ်နဲ့ ဒက်ဖိုဒေး ပန်းလေးတွေ ပွင့်နေပြီ။ Japanese Maple ကတော့ အဖုးနီနီလေးတွေ စထွက်နေပါပြီ။ တဲလေးပတ်ပတ်လည်က ထင်းရှုးပင်တွေကတော့ တစ်နှစ်ပတ်လုံး အခုလိုပဲအမြဲစိမ်းစိုနေတာပါပဲ။ မြင်နေရတဲ့ကားကတော့ တရားမ၀င်ရပ်ထားတာ.. အဲဒီနားတစ်ဝိုက်မှာက ရုံးကားတွေပဲရပ်ရတာကို တစ်ယောက်ယောက် လူလည်ကျပြီး ခိုးရပ်ထားတာပဲဖြစ်မယ်။ အဲဒီတဲလေးထဲမှာ နေ့လည်ဆို ရုံးထဲက အဘိုးကြီးတစ်ယောက်လဲ တစ်ခါတစ်ခါ တယောတီးရင်း ထိုင်နေတတ်တယ်။



lane1.jpg


ဒါကတော့ ရုံးတွေကြားထဲမှာ ကွေ့ဝိုက်ပြီး ဖောက်ထားတဲ့ တောလမ်းလေးရဲ့ တစ်နေရာပါ။ အဲဒီလမ်းလေးဘေးမှာ Mac Donald's Restaurant ငှာနချုပ်ရှိပါတယ်။ စကားမစပ် အဲဒီမှာ အလုပ်လုပ်တဲ့ စာရင်းကိုင် အသိတစ်ယောက်ပြောတာ Mac Donald's Restaurant ရဲ့ အဓိက ၀င်ငွေဟာ အသားညှပ်ပေါင်မုန့်တွေအပေါ်မှာ မူတည်နေတာမဟုတ်ဘဲ ကလေးအရုပ်တွေအပေါ်မှာ မူတည်နေတယ်၊ အဓိက revenue က အဲဒီက၊ သူတို့ရဲ့ Marketing Strategy တွေထဲကတစ်ခုလို့ (သူငယ်ချင်းအချင်းချင်းပြောပြတဲ့သဘောပါ၊ တရားဝင်စာရင်းမဟုတ်ပါဘူး) သူကဆိုပါတယ်။



lane.jpg


ဒီလိုနဲ့ တောလမ်းလေးအတိုင်း လမ်းလျှောက်လာခဲ့တယ်။ လေတွေက ကျွတ်ဆတ်နေတယ်။ ငှက်ကလေးတွေကတေးသီနေတယ်။ ကဗျာဆရာတွေဆို ကဗျာတွေ ထွက်ကျလာမှာ သေချာပါတယ်း))



ducks.gif


အပေါ်ကပုံကတော့ တောလမ်းလေးဘေးက သဘာဝစမ်းချောင်းလေးပါ။ စမ်းချောင်းထဲမှာ ဘဲထီးနဲ့ဘဲမ ရေကူးနေကြတယ်။ ဒီ Industrial Park မှာ အဆောက်အဦးသစ်တွေဟာ နှစ်စဉ်တိုးတိုးလာပေမယ့် ဒီသဘာဝ စမ်းချောင်းလေးနဲ့တောလမ်းလေးကို သဘာဝအတိုင်း မထိဘဲ ထားကြပါတယ်။



leaves-copy.jpg


ဒါကတော့ ရေကူးနေတဲ့ ဘဲနှစ်ကောင်ကို နောက်ခံထားပြီး ပုရစ်ဖူးလေးတွေကို ရိုက်တားတာပါ။


ducks2.jpg


ဒါကတော့ ခုနဘဲလေး ကမ်းပေါ်တက်တာကို စောင့်ပြီး နေစာလှုံနေတာကို လိုက်ရိုက်ထားတာပါ။


cherry.jpg


အပေါ်ကတော့ နေရောင်အောက်က ပန်းရောင်ချယ်ရီတွေပါပဲ။ ဒီမြို့မှာ ပန်းပွင့်ရင် လှသလောက် ဟတ်ချိုးချေရတာ သိပ်တော့မလွယ်ပါဘူး။ ပန်းတွေက ပွင့်မယ့်ပွင့်ရင် အကုန်တစ်ပြိုင်နက်နီးပါးပွင့်တော့ ၀တ်မှုန်တွေက လေထဲမှာ အစုအပြုံလိုက်လွင့်လာတယ်။ မျက်စိနဲ့တောင်မြင်ရတယ်။ ပြောရင်းကြက်သီးတောင် ထလာမိတယ်။ ထူးဆန်းတာက ၀တ်မှုန်တွေ မလွင့်ခင် နှစ်ရက်လောက်ကတည်းက ခန္ဒာကိုယ်က စပြီး ဖောက်နေပါပြီ၊ နှာခေါင်းယား၊ လည်ချောင်းတွေကယား၊ မျက်လုံးတွေကစပ်။ ငလျှင်မလှုပ်ခင်ကတည်းက ကင်းမလက်မဲတွေက သိနေသလို၊ ကိုယ်က သိနေပြီ။ အဲလို ယားဒုက္ခခံရပြီး တစ်ရက်နှစ်ရက်ဆိုတာနဲ့ မြင်ရပါပြီ။ ၀တ်မှုန်တွေ လွင့်လာတာ။ အဲလိုအချိန်ဆို ကိုမွန်းအောင်ရဲ့ ၀တ်မှုန်သီချင်း တစ်ယောက်ယောက်က ထဖွင့်လို့ကတော့ ....


cherry2.jpg


cherry3.jpg


ရောက်ခါစမှာ ကျမတို့လို မြန်မာနိုင်ငံကနေ ရောက်လာသူတွေတွေရဲ့ ကိုယ်ခံစွမ်းအားဟာ တော်တော်လေးမြင့်ပါတယ်။ ဖုန်တောထဲ ဆော့ခဲ့တာပဲ ဖုန်ကို အလာဂျီဖြစ်တာတို့ ပန်းဝတ်မှုန်ကို အလာဂျီဖြစ်တာတို့ တစ်ခါမှ မဖြစ်ခဲ့ဖူးပါဘူး။ dust mite တို့ဘာတို့ဆို ကြားတောင်မကြားဖူးပါဘူး။ ဒါပေမယ့် သုံးလေးငါးနှစ်ကြာလာပြီဆိုရင် ကိုယ်ခံစွမ်းအင်က ကျကျလာပါတယ်။ ဒါပေမယ့် ထူးဆန်းတာ တစ်ခုကတော့ ပုဇွန်တွေဈေးပေါတဲ့ မြန်မာပြည်တုန်းကတော့ ပုဇွန်ကိုစားမိရင် ကျမတို့ ညီအစ်မတွေအားလုံး plunking ပါပဲ။ ဘယ်လိုမှ စားလို့မရဘူး။ ဖြစ်ချင်တော့ ပုဇွန်ကို အလာဂျီဖြစ်တဲ့ အဲဒီညီအစ်မအုပ်စု တစ်စုလုံး တိုက်တိုက်ဆိုင်ဆိုင် တစ်ယောက်ပြီးတစ်ယောက် ဒီကို ရောက်လာခဲ့တယ်။ အဲသလို seafood ဈေးကြီးတဲ့ တိုင်းပြည်ရောက်လာကြသော ကျမတို့ညီအစ်မတွေဟာ ဒီနိုင်ငံကိုခြေထောက်ချပြီးကတည်းက ပုဇွန်တွေကို ဘယ်လောက်စားစား အလာဂျီ မဖြစ်တော့ပါဘူးရှင်။ ပန်းအကြောင်းပြောရင်း ပုဇွန်အကြောင်းရောက်ဘယ်လိုရောက်သွားလဲမသိ။


အဲ.. အဲလို.. ပန်းတွေကလဲ ပွင့်ပြီဆိုရင် တစ်မြို့လုံးတစ်ပြိုက်နက်ပွင့်တာ ၀တ်မှုန်အလာဂျီဆေးတွေ အလွန်ရောင်းကောင်းပါတယ်။ မသောက်လို့လဲ မရဘူးလေ... ကြည့်တော့သာ ၀တ်မှုန်လေးတွေ၊ နူးနူးညံ့ညံ့၊ လှလှပပလေးတွေ။ ဘယ်လိုနှုးညံ့တာ၊ မွှေးတာလို့ ဘယ်သူတွေ တင်စားတင်စား၊ အိမ့်ချမ်းမြေ့ ၀တ်မှုန်ကို မမုန်းပေမယ့် မချစ်တာတော့ အမှန်ပဲ.. အောက်ကပုံကိုသာကြည့်ကြပါ.. ဘယ်လိုမှလဲ ချစ်နိုင်စရာမရှိပါဘူး။


pollen.jpg

pollen2.jpg


ဟုတ်ကဲ့။ အဲဒါ သိကြတဲ့အတိုင်း ၀တ်မှုန်ပါပဲ။ ကြည့်ရင်းနဲ့တောင် ဟတ်ချိုးချေချင်လာပါတယ်။ အဲဒီပုံတွေကတော့ ဂူဂဲလ်က ယူပြတာပါ။ အဲဒီတော့ အောက်ကဆေးကို ကျမ သောက်ရပါတယ်။


claritin_10718_4_big_.jpg


တချို့တွေဆို ဒီလိုသာယာတဲ့ ရာသီကို မခံစားနိုင်လောက်အောင်ကို severe allergic reaction တွေရပါတယ်။ နှာခေါင်းထဲကို ဆေးထဲ့ရတယ်။ အချို့ဆို ဆေးတောင်ထိုးရပါတယ်။ အခုလို သာယာလှပတဲ့ နွေဦးရောက်ပြီဆိုရင် ဒီမြို့ကလူတွေဟာ နေရောင်ကိုချစ်တဲ့ရောဂါ၊ ပန်းတွေကိုချစ်တဲ့ရောဂါအပြင် အဲသလို နှာခေါင်းရောဂါများကို ခံစားရင်း နွေရာသီကို ပျော်ပျော်ကြီး ဆက်လက်ကြိုဆိုလေ့ရှိကြတာပါပဲရှင်...။


အားလုံးကို ခင်မင်လျှက်...

hut1.png



Comments from AinChannMyay.com


မအိမ့်ချမ်းမြေ့ရေ
ကနေဒါရဲ့နွေဦးရာသီ အကြောင်းလာဖတ်ပြီး ဓါတ်ပုံလေးတွေကို ခံစားကြည့်ရှုသွားပါတယ်ခင်ဗျာ..
Good Luck..
Comment by ThihaThit — April 26, 2009 @ 2:05 am

မမအိမ့်ရေ… ဒီက စင်္ကာပူမှာကျတော့ နေရောင်မရှားပေမယ့် မမအိမ့်ဓာတ်ပုံထဲကလို တောလမ်းလေးတွေ စမ်းချောင်းလေးတွေလို တကယ့် သဘာဝအလှလေးတွေ တွေ့နိုင်မယ့်နေရာကျတော့ ရှားပြန်ရော။ ဓာတ်ပုံထဲမှာ မြို့လေးက တကယ်ကို နေချင်စဖွယ်လေးပါပဲ။ နေရောင်ခြည်ကို တောင့်တမိတဲ့ ခံစားချက်ကိုတော့ နေရောင်သိပ်မရှိတဲ့ နိုင်ငံတစ်ခုမှာနေဖူးတုန်းက ခံစားဖူးလို့ ကိုယ်ချင်းစာမိပါတယ်။ Allergy ကတော့ ဆေးကြိုသောက်ထားတော့ အခုမဆိုးဘူး မဟုတ်လား။ Take care ပါနော် အစ်မ။
Comment by ရွှေပြည်သူ — April 26, 2009 @ 2:14 am

အစ်မရေ ကြည့်လိုက်တိုင်းလှနေတာချည်းဘဲ…။ နွေရောက်ပြီပေါ့…..။ တစ်နေ့တော့ ဗင်ကူဗားကိုလာလည်ပါအုံးမယ်…… ။ ကျောင်းမှာတောင် ဟိုတစ်ရက်က အဲဒီက အကြောင်း.. ကျောင်းဆက်တက်နိုင်တဲ့အကြောင်းတွေ လာပြောသွားသေးတယ်။
Comment by Phyo Evergreen — April 26, 2009 @ 2:35 am

ဗင်ကူဗားရဲ့ နွေဦးကို ခံစားသွားပါတယ်ဗျာ
Comment by နေညိုရင့် — April 26, 2009 @ 5:08 am

စိတ်ဝင်စားစရာနွေဦးပဲနော်၊
ပန်းဝတ်မူန်တွေက အဲဒီလို ဆိုးစေတာလား၊ ဆေးတောင်သောက်ရတယ်နော်။
သာယာတော့ အတော်သာယာသားနော်၊
Comment by အပြုံးပန်း — April 26, 2009 @ 6:44 am

မလေးရေ…… ချယ်ရီတွေကို ချစ်ခဲ့သလို စိန်ပန်းပြာတွေကိုကိုချစ်တဲ့ ကျားတစ်ကောင်တောင် ဒေါင်းသေချောင်းရဲ့ ရိုးအီနေတဲ့ရှုခင်းတွေကနေ ကနေဒါမြင်ကွင်း၊ရှုခင်းတွေကို မြင်ဖူးချင်လာတယ် …
Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — April 26, 2009 @ 12:09 pm

မင်္ဂလာနံနက်ခင်းပါမမ၊ စမ်းချောင်းလေးဘေးမှာလမ်းလိုက်လျှောက်ချင်တယ်။ ခေါ်ပါ…:)
Comment by thumalay — April 26, 2009 @ 7:51 pm

မလေးရေ .. မအားလို့မရောက်တာ ကြာသွားပြီ။ တစ်နေရာနဲ့ တစ်နေရာ၊ မတူညီတဲ့ သဘာဝကပေးတဲ့ တန်ဘိုးရှိတဲ့ အရာတွေဆိုတာ ဒါမျိုးလေးတွေပေါ့နော်။ နွေဦးနဲ့ အတူပျော်ရွှင်နိုင်ပါစေ။
ခင်မင်လေးစားလျှက်
မေတ္တာရောင်ပြန်
Comment by မေတ္တာရောင်ပြန် — April 26, 2009 @ 8:02 pm

ရာသီဥတုကြမ်းတဲ့နေရာမှာမို့ မလေးပြောတာ သဘောပေါက်တယ်။
နေသာနေတာ..ပန်းလေးတွေပွင့်နေတာ..တန်ဖိုးရှိတယ်နော်။
Comment by mm — April 26, 2009 @ 8:03 pm

ရာသီဥတုကဒီလောက်သာယာတာ အပြင်မထွက်ပဲတော့မနေနိုင်ပါဘူး။
နှာခေါင်းလေးကို mask လေးနဲ့ အုပ်ပြီးသွားမယ်ဆိုရင်ကော။ ဟိ။
ပျော်ရွင်ပါစေ။
Comment by ကြည် — April 26, 2009 @ 8:29 pm

ညီမလေးရေ… သင်္ကြန်ပုံတွေက လားရှိုးက ပုံတွေလေ… ဘာတွေလုပ်နေလဲ သတိရနေပါတယ်။
Comment by ယမင်း — April 26, 2009 @ 8:31 pm

ThihaThit … ဝေမျှခံစားသွားလို့ ကျေးဇူးပါ..း)
ရွှေပြည်သူ.. မလေး အချို့နှစ်တွေဆို နှာခေါင်းထဲ ဆေးထည့်ရတဲ့ အဆင့်ရောက်နေပြီ ညီမလေးရေ့ .. :P
Phyo Evergreen … လာခဲ့မောင်လေး.. လိုက်ပို့ပေးမယ်.. ကျောင်းလာတက်တယ်ဆိုရင်တော့ ကိုဖြိုးတွက်အကောင်းဆုံးဖြစ်မှာပါပဲ..
နေညိုရင့် … ဟိုမှာတော့ အမြဲနေသာမယ်ထင်တယ်နော်..
အပြုံးပန်း .. ချယ်ရီတွေက လှသလောက်ကြည့်မိတိုင်း မလေးတော့ ကြက်သီးထမိတယ်..
ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား .. မလေး စိန်ပန်းပြာတော့ ခုထိ မမြင်ဖူးသေးဘူး
thumalay... ခေါ်တယ်ညီမ.. အဲဒီစမ်းချောင်းလေးတလျှောက် ခုံတန်းလေးတွေတောင်ရှိသေးတယ်း)
မေတ္တာရောင်ပြန် ..ဟုတ်တယ်ညီမရေ.. မလေးတော့ နေသာတဲ့ရက်တွေကို တန်ဘိုးထားတတ်နေပြီ
mm... ဒီနှစ်နွေတော့ တကယ်ကို ခံစားပစ်လိုက်တော့မယ်..း))
ကြည်.. ကြည့်အကြံမဆိုးဘူး။ လူတွေက မိုက်ကယ်ဂျက်ဆင်နဲ့ မှားနေမှာပဲ စိုးတာ .. အဟွန်း
ယမင်း .. အဲဒီပုံတွေ ဟောတ်တယ်နော မ..
Comment by မလေး — April 26, 2009 @ 10:59 pm

ဒီမှာတော့ အရမ်းကို ပူနေပြီး ဒါပေမယ့် မဲဆောက်လည်း တောင်တွေနဲ့ ကပ်လျှက် ပြီးတော့ မြစ်လေးလည်းရှိတော့ ရာသီဥတုက ထင်သလောက်မဆိုးပါဘူး နွေလမ်းကလေးတွေက ချစ်စရာ ။
Comment by မောင်မျိုး — April 27, 2009 @ 7:44 pm

ကနေဒါရဲ့ နွေဦးရာသီကို ခံစားသွားပါတယ်။ ဓာတ်ပုံလေးတွေ အရမ်းလှတယ်။း)
ပျော်ရွှင်ပါစေ..
မိုးနေ
Comment by မိုးနေ — April 28, 2009 @ 9:48 am

ပုံတွေ မိုက်တယ် မလေးရေ..
Comment by Pinkgold — May 2, 2009 @ 10:27 pm

flower i will ……..
Comment by mg phyo thet aung — May 6, 2009 @ 5:38 am

i want to type myanmar font.
but really i don’t know how to type….
Comment by mg phyo thet aung — May 6, 2009 @ 5:42 am

အမရေ..ပုံလေးတွေလှလွန်းလို့ နွေဦးလေးရဲ့ အလှကို ခံစားသွားပါတယ်…အမစာတွေ အချိန်ရပြီး အခွင့်သင့်တဲ့အခါအတိုင်းဖတ်ဖြစ်ပေမယ့် ကွန်းမန့် မပေးဖြစ်ပါ..စုဘူးမှာတော့ အမနဲ့ တခါဆုံဖူးပါတယ်…စုဘူးလဲ ဖွင့်လို့ခက်တာကြာပေါ့..
Comment by moepyar — May 27, 2009 @ 12:35 am

Wednesday, April 22, 2009

ကမ္ဘာမြေကြီးရဲ့မွေးနေ့

earthday2005.jpg
ဒီနေ့ ..၂၂ရက်နေ့
လေပြေတွေ သင်းပျံ့တဲ့နေ့
ချယ်ရီပွင့်တွေ မြေပြင်ပေါ်မှာ ပန်းရောင်သန်းနေတဲ့နေ့ …

နွေဦးရာသီမို့ ပရစ်ဖူးတွေထွက်စ သစ်ပင်ကြီးငယ်တွေပေါ်မှာ
ငှက်ကလေးတွေ တေးသီလာကြတယ်….
Coyote တွေ ခြုံကြားထဲက တိုးထွက်လာတယ်။
မြက်ခင်းတွေပေါ်မှာ Canadian geese တွေ …..
ရေကန်စပ် ကျောက်တုံးတွေပေါ်မှာ လိပ်ကလေးတွေ….
ကောက်ရိုးမျှင်တွေကြားမှာ အရောင်ရင့်ရင့် Beaver လေးတွေ…
နေစာကို အပြေးအလွှားလှုံလာကြတယ်။

ကမ္ဘာကြီးရဲ့ အလှကို ခံစားဖို့
မြင့်မြတ်တဲ့ တစ်စုံတစ်ယောက်ကို ကျေးဇူးတင်ဖို့
လတစ်လရဲ့ ၂၂ ရက်နေ့မှာ…
ငှက်ကလေးအချို့နဲ့အတူ
ဘဲငန်းလေးအချို့နဲ့အတူ
ကြက်ဝါလေးတစ်ကောင်နဲ့အတူ
ခရေစေ့လေးတစ်စေ့နဲ့အတူ
ကြာပန်းလေးတစ်ပွင့်နဲ့အတူ
ကိုယ်လဲ… မွေးဖွားလာခဲ့တယ်။

လေပြေဟာ ကမ္ဘာရဲ့ သည်ဘက်ခြမ်းမှာ ကျွတ်ဆတ်အေးခဲနေတယ်
ကမ္ဘာရဲ့ ဟိုးဘက်ခြမ်းမှာတော့ ပူနွေးစွတ်စိုနေတယ်။
အဆုတ်တွေက ကျွတ်ဆတ်အေးခဲ
ပူနွေးဆဲ လေတွေကို သယ်ဆောင်ထားကြတယ်။
ကြမ်းရှရှ မီးခိုးနံ့တွေ သင်းပျံ့တဲ့ လေ တွေလား
အဆိပ်ငွေ့တွေ ပြည့်နေတဲ့ လေ တွေလား
ဆီကြော်နံ့တွေ ဝေ့၀ဲနေတဲ့ လေ တွေလား
သယ်ဆောင်ထားတဲ့ အဆုတ်တွေသာ သိလိမ့်မှာမို့
တိတ်တဆိတ်ခေါင်းငုံ့လို့ .... လတ်ဆတ်တဲ့လေပြေကို တောင့်တ
အဆုတ်ပွတို့ ငိုငြီးသံကိုကြားလိုက်တယ်…

ခပ်ဝေးဝေးက လူတွေ ခြေမချဖူးတဲ့ ကမ်းစပ်လေးတစ်ခုကတော့ ကြည်လင်စွာပြုံးနေတယ်…
ဘယ်သူမှ ဖြတ်မလျှောက်ဖူးတဲ့ တောအုပ်လေးတစ်အုပ်က လွတ်လပ်စွာ စိမ်းစိုနေတယ်…
ကွန်ကရစ်မိုးမျှော်တိုက်တွေနဲ့ ဝေးတဲ့ မြေကွက်လပ်တွေမှာတော့...
အီကိုစနစ်ထဲက မမြင်နိုင်တဲ့ သေးငယ်တဲ့အကောင်လေးတွေ ကလေးတသိုက်နဲ့ အိမ်ရာထူထောင်နေတယ်…


ကမ္ဘာကြီးကတော့ သူ့ရဲ့ မွေးနေ့မှာ….
ကြားဖူးနားဝ လူနီခါရီးလူမျိုးစုတစ်စုရဲ့ သီချင်းတစ်ပုဒ်ကို ခပ်တိုးတိုးညည်းနေတယ်…
“နောက်ဆုံးသစ်တစ်ပင် သေဆုံးသွားတဲ့နေ့
နောက်ဆုံးကျန်ရစ်တဲ့ မြစ်တစ်စင်း အဆိပ်ခတ်ခံရတဲ့နေ့
နောက်ဆုံးကျန်တဲ့ တစ်ကောင်တည်းသောငါး ဖမ်းဆီးခံရတဲ့နေ့မှာ
ငွေချပ်တွေဟာ စားလို့ရတဲ့ အရာတွေ မဟုတ်ကြောင်း …
လူသားတွေ နောက်ကျလွန်းစွာ သိသွားကြလိမ့်မယ်…”

hut1.png


ပုံကို ဂူဂဲလ်မှ ရရှိပါသည်။

Comments from ainchannmyay.com


အစ်မရေ အသိနောက်မကျချင်ဘူး….
Comment by Phyo Evergreen — April 22, 2009 @ 9:04 pm


မလေးရေ. အလည်ရောက်ပါတယ်နော်။ အဓိပ္ပါယ် နက်နဲ့တဲ့ ဒီကဗျာလေးကို ဘယ်လိုပြောရမှန်တောင်မသိပါဘူ။ ကမ္ဘာကြီးအတွက် ကျေးဇူးတင်ပါတယ်။
ရောင်ပြန့် ကဗျာလေးတွေကိုလည်း အချိန်ပေးပြီး လာရောက်ခံစားပေးလို့ ကျေးဇူးတင်ပါတယ်နော်။
ခင်မင်လေးစားလျှက်
မေတ္တာရောင်ပြန်
Comment by မေတ္တာရောင်ပြတ် — April 22, 2009 @ 9:40 pm

မြေကမ္ဘာနေ့မှာပေးတဲ့ .သင်ခန်းစာတစ်ခုလေလား ?????
Comment by ဒေါင်းသေချောင်းမှာပျော်သည့် ကျား — April 22, 2009 @ 11:52 pm

သိသလိုလိုဖြစ်နေတာတော့ကြာပြီး သိပေမယ့် မသိဟန်ဆောင်ရတဲ့ အရာတွေထဲ ငွေချပ်တွေက ထိပ်ဆုံးကပေါ့ ။
Comment by မောင်မျိုး — April 23, 2009 @ 12:46 am

ခုချိန်မှာတော့ ငွေချပ်တွေဟာ စားလို့မရတဲ့ အရာဆိုတာသိပေမဲ့ အဲဒီငွေချပ်ကိုရဖို့ ပင်ပန်းစွာရှာဖွေနေတုန်းပါပဲ မလေးရေ။
Comment by ကြည် — April 23, 2009 @ 6:37 am

“နောက်ဆုံးသစ်တစ်ပင် သေဆုံးသွားတဲ့နေ့
နောက်ဆုံးကျန်ရစ်တဲ့ မြစ်တစ်စင်း အဆိပ်ခတ်ခံရတဲ့နေ့
နောက်ဆုံးကျန်တဲ့ တစ်ကောင်တည်းသောငါး ဖမ်းဆီးခံရတဲ့နေ့မှာ
ငွေချပ်တွေဟာ စားလို့ရတဲ့ အရာတွေ မဟုတ်ကြောင်း …
လူသားတွေ နောက်ကျလွန်းစွာ သိသွားကြလိမ့်မယ်…”
ဒီစကားလေးလက်ဆင့်ကမ်းတာ အ၇မ်းကို ကျေးဇူးတင်ပါတယ် မလေး
Comment by ပန်ဒိုရာ — April 23, 2009 @ 9:00 am

Actually, we should not leave it just like “let it be”. We should do some measure as soon as possible. As Al Gore said in “An Inconvenient Truth”, his son recover because of the immediate treatment, we should give the treatment to our precious world immediately. To do so, all the humankind have the duty to do. Duty to save our mother world. So, let start it from me and you.
Thank You.
Comment by am.re — April 24, 2009 @ 5:02 am

ဒီနေ့ ၂၆ ရက်နေ့  (အတိအကျ april 2009)
လေတွေလုံးဝ မတိုက်လို့ ပူအိုက်နေတဲ့နေ့ 
Air-Con ပျက်နေ့ တဲ့နေ့ 
အိပ်လို့ မရတဲ့နေ့ 
ကြမ်းပြင်ပေါ်မှာ အ၀ါရောင် Cigarette အဆီခံတွေ ရှုပ်ပွနေတဲ့နေ့ ….တောက်…
ဗိုက်ဆာလာပြီ။
ဒီနေ့ ကမ္ကာပေါ်က လူတချို့ ရဲ့မွေးနေ့ …ငါ့မွေးနေ့ တော့ ဟုတ်ဘူး။
ကမ္ကာကြီးပေါ်ကလူတွေ သေတဲ့သူသေ၊ လူတွေအိပ်တဲ့သူအိပ်၊ နိုးတဲ့သူနိုးနေတဲ့နေ့ 
ပုံမှန်နေ့ တစ်နေ့ ပါပဲ။ ဒီနေ့ ၂၆ april 2009.

ဝါး…boring poem.zzz
နေ့ တစ်နေ့ ကို အဓိပ္ပါယ်ဖွင့်ပုံမတူတာ စိတ်မဆိုးပါနဲ့ 
Comment by boyz — April 25, 2009 @ 4:03 pm

Phyo Evergreen .. ကိုဖြိုးရေ.. ဆီဗုံးဘယ်ရောက်သွားလဲမောင်လေး
မေတ္တာရောင်ပြတ် … တစ်ကယ်ကို မေတ္တာရောင်ပြတ် ပြီလားညီမရယ်.. :P
ဒေါင်းသေချောင်းမှာပျော်သည့် ကျား … ဘယ်သူ့ကိုမှ သင်ခန်းစာမပေးရပါဘူး :D ကိုယ့်ဟာကိုယ် ပြန်သတိပေးပြီး အမှတ်တယကဗျာဖွဲ့ဆိုထားတာ အဲဒီတနင်္ဂနွေကတောင် ကမ္ဘာကြီးနေ့ဈေးရောင်းပွဲ၊ သစ်ပင်ရောင်းပွဲရောက်သေးတယ်။ ဒီမြို့မှာတော့ ကြီးကြီးကျယ်ကျယ်ဆင်နွှဲပါတယ်။
မောင်မျိုး .. ခုချိန်မှာတော့ ငွေချပ်တွေ အရမ်းကိုဟောတ်နေတယ်မောင်လေးရေ
ကြည်.. မလေးလဲ တူတူပါပဲကြည်ရယ်..
ပန်ဒိုရာ… ဟုတ် မပန်..
am.re … ဆင်းရဲတဲ့ တိုင်းပြည်တွေကလာတဲ့ ကျမလို လူမျိုးတွေကတော့ သူ့အလိုလို ထိန်းထိန်းသိမ်းသိမ်းဖြစ်တယ်လိမ့်လို့မျှော်လင့်ပါတယ်..
boyz .. နေ့တစ်နေ့ကို ကဗျာတစ်ပုဒ်အနေနဲ့ ကဗျာစပ်သူတစ်ယောက်က သူ့ခံစားချက်နဲ့သူ ဖွဲ့နွဲ့တာကို စိတ်ဆိုးစရာအကြောင်းများရှိသေးလို့လားရှင်း) boyz ရဲ့ကဗျာအချို့က ပေါက်ကွဲမှုပြင်းထန်တယ်.. အထူးသဖြင့် “ချစ်ဇာတ်လမ်း” ဆိုတဲ့ကဗျာကို ခံစားသွားပါတယ်
Comment by မလေး — April 25, 2009 @ 6:47 pm

အစ်မရေ လည်လည်ရောက်တယ်…ကဗျာလေးခံစားသွားတယ်…နောက်ကျမှ သိမှာစိုးလို့  သတိပေးထား သလိုပါပဲ…ကျေးဇူးပါချင်ဗျာ…။ အခုလို တန်ဖိုးရှိတဲ့ ကဗျာလေးတွေ ဖတ်ခွင့်ရတာ တကယ်ကို ၀မ်းသာမိပါတယ်..။ အားပေးနေတယ် အမ..။
Comment by ဆည်းဆာသံစဉ် — April 26, 2009 @ 8:04 am

ဆီဘုံးလား.. အစ်မကိုအားကျလို့လေ…….. ;)
Comment by Phyo Evergreen — April 28, 2009 @ 7:50 am

ရင်ခုန်သံ တစ်ချက်ချင်းမှာ အိပ်မက်နေခဲ့ရတော့ ကမ္ဘာကြီးရဲ့မွေးနေ့ (အရာအားလုံးရဲ့ လှုပ်ရှားပြောင်းလဲမှုတွေ) ကိုတောင် မသိလိုက်ဘူး မလေးရေ…
Comment by အေးချမ်းသူ — May 8, 2009 @ 5:10 am


Wednesday, April 15, 2009

ဒီကိုလာလည်တတ်တဲ့ လူနည်းစုလေးအတွက်..

ကျမဆိုက်ဒ်လေးကို လာလည်ကြသူများကို ကျေးဇူးတင်ကြောင်း ပိုစ်နဲ့ အမှတ်တယ မှတ်တမ်းတင်ပြီး ဒီဘက်က ကျမ ကိုယ်တိုင် တစ်ခါတစ်ရံ မေ့လျော့နေတဲ့ ဒီဆိုက်ဒ်လေးကို ဖွင့်ကြည့်မိတယ်။
ဒီဘက်မှာတော့ direct visit တွေနဲ့ပဲ လာလည်ကြတာပါ... ဘယ်သူမှလဲ ဒီဆိုက်ဒ်လေးကို လင်ခ့်မလုပ်ကြတော့ဘူး (အမတန်ခူးတော့ လုပ်ထားတယ်ထင်တယ်) ကျမရဲ့ www.ainchannmyay.blogspot.com လေး အကြောင်းကြောင်းကြောင့် ကျမ လက်ထဲမှာ မရှိတော့တဲ့ နေ့ကစပြီး ဒီ lyricswithoutmelody blog လေးကိုလဲ လူတွေ သိပ်မသိကြတော့ပါဘူး။ ကျမလဲ မသိစေချင်တော့ဘူး။ ရင်တွင်းခံစားချက်တွေရေးမယ်ဆိုပြီးတော့...

လာလည်ကြသူတွေကလဲ အဟောင်းလေးတွေ မွှေနှောက်ဖတ်ပြီး တိုးတိုးတိတ်တိတ်ပဲ ပြန်သွားကြတယ်။ အထူးသဖြင့် ဒီမိုကရေစီအကြောင်းနဲ့ ရမ်ဘိုရုပ်ရှင်ကို ခံစားပြီးရေးထားတာလေးတွေကို ဖတ်ပြီး ပြန်သွားတတ်ကြတယ်။ ဘယ်သူတွေလဲ တိတိကျကျ ကျမ မသိပေမယ့် (မသိလိုပေမယ့်)၊ ဘယ်လိုပိုစ်ကို ရွေးပြီးဖတ်သွားလဲဆိုတာကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံရေးကိုစိတ်ဝင်စားသူများလို့ အကြမ်းဖျင်း ကျမ ယူဆပါတယ်။ ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။

ဒေါ့ကွန်းနဲ့ မတူစွာ.. ဒီဘလော့ဂ်လေးကို တစ်ခါတစ်လေ တစ်နေ့လုံးနေမှ လူ ငါးယောက်၊ ဆယ်ယောက်လောက်ပဲ လာတယ်။ အချို့နေ့တွေတော့ လူ၂၀လောက်လာတတ်တယ်။ ဟိုဘက်မှာတော့ လူပိုစည်ပါတယ်။

web log လို့ ဆိုပေမယ့် ကျမ ပါစင်နယ်တွေ သိပ်မရေးချင်ဘူး။ အနုပညာကို ဦးစားပေးချင်တယ်။ ဒါကြောင့် ဒေါ့ကွန်းလေး သူငယ်ချင်းအကူအညီနဲ့ လုပ်ထားပြီး ၀တ္ထု၊ ဆောင်းပါး၊ ကဗျာလေးတွေ တင်ဖြစ်တယ်။ ဒါတွေကလဲ ပါစင်နယ်အရိပ်တွေ ပါတတ်တာပါပဲ။

တစ်ခါတစ်လေတော့လည်း ကလောင်ကို ထိန်းမထားချင်ဘူး။ ကလောင်ကို ဖွင့်ပြီးရေးလိုက်ချင်တယ်။ ဒါပေမယ့် အချို့အရာတွေက မသင့်လို့၊ ကိုယ့်ထက်လူတွေပိုသိပြီးဖြစ်နိုင်လို့၊ မထိခိုက်စေချင်လို့၊ စတဲ့စတဲ့ ခံစားချက်တွေနဲ့....ကလောင်ကို ချုပ်ထားရင်းရေးလာခဲ့တာ ဘလောဂ်ရေးတဲ့ သက်တမ်း သုံးနှစ်ပြည့်တော့မယ်။


ကျမတို့ ဘလော့ဂ်လောကကြီးဟာ ဒီမှာလာလာဖတ်တဲ့ လူနည်းစု အကို၊အမ၊ ညီ၊ ညီမ တွေသိတဲ့အတိုင်း ဒီဖန်သားပြင်ပေါ်လောက်မှာပဲ သက်ဝင်လှုပ်ရှားနေတာပါ။ ဆောင်းပါးတွေ၊ ကဗျာတွေ၊ ရဲရဲတောက်ခံစားချက်တွေနဲ့ ဒီဘလောဂ်လောက၊ ဒီဖန်သားပြင်တွေမှာသာ သက်ဝင်လှုပ်ရှား ရှင်သန်တက်ကြွနေတာဆိုတာကို ဒီတစ်ခေါက် မြန်မာပြည်ပြန်အရောက်မှာ သိလိုက်ရတယ် (ဟုတ်ကဲ့.. ခုမှသိတာပါ)။ (တစ်ခါတစ်လေတော့လည်း ခံစားချက်တွေကို သိပ်ပြီးရှေ့တန်းမတင်တဲ့ ဘယ်ဘက်ကိုမှ မလိုက်ဘဲ နှစ်ဘက်လုံး ဒါမှမဟုတ် ဘက်ပေါင်းများစွာရဲ့ အမှားတွေနဲ့ အမှန်တွေကို တိတိကျကျ သမ္မာသမတ်ကျကျ ထောက်ပြနိုင်တဲ့၊ ဘယ်နိုင်ငံရေး လောင်းရိပ်မှ မမိတဲ့၊ ဘယ်အတွေးအခေါ်၊ ဘယ်စနစ်ရဲ့ လောင်းရိပ်မှ မမိတဲ့၊ အုပ်စုတစ်စုစုရဲ့ တံဆိပ်တစ်ခုခုတပ်တာကို မကြောက်တဲ့၊ အုပ်စုတစ်စုစုရဲ့ ကျဉ်လိုက်တာကို မကြောက်တဲ့ ၊ ငါနဲ့အတွေးမတူငါ့ရန်သူ ဆိုတဲ့ စိတ်ဓာတ်မရှိတဲ့၊ မနာလိုမှုတွေနဲ့အတူ ကိုယ့်လူမျိုးကိုယ် ပြန်မုန်းတဲ့ self-haters တွေမပါတဲ့၊ အတိတ်တွေထဲမှာပဲ အိပ်မောကျမနေတဲ့၊ ရင့်ကျက်တဲ့၊တစ်ကယ့်whistle blowers တွေနဲ့ တည်ထောင်ထားတဲ့ ဆိုက်ဒ်တစ်ခုခုကို အာသာပြင်းပြစွာ ဖတ်ချင်မိပါတယ်၊ ဒါဟာ အခုလာလာဖတ်နေတဲ့ မြန်မာနိုင်ငံရေးကို စိတ်ဝင်စားတဲ့ သူများကို ကျမရဲ့ ရိုးသားစွာ တောင်းဆိုမှုလဲ ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခုထိတော့ ကျမဟာ ကိုယ်တိုင်ဒါတွေကိုမလုပ်နိုင်တဲ့၊ အိမ်သာတွင်းတစ်တွင်းလို ဖြစ်နေတဲ့ ဒီနယ်ပယ်ကို မ၀င်လိုသေးတဲ့ လူတစ်ယောက်ဖြစ်နေလို့ပါပဲဟုတ်ကဲ့ အိမ်သာတွင်းထဲမှာလဲ ပတ္တမြားတွေရှိနိုင်ပါတယ်) မြန်မာပြည်နဲ့ နီးစပ်သူတွေကတော့ ကောင်းကောင်းသိပါလိမ့်မယ်၊ ဖန်သားပြင်တွေပေါ်က သတင်းတွေဟာ ဖန်သားပြင်တွေမှာပဲဆိုတာကို၊ ကျမလို သုံးလေးငါးနှစ်မှ တစ်ခါပြန်ရောက်သူတွေ၊ ဆယ်နှစ်၊ ဆယ့်ငါးနှစ် ပြန်မရောက်သူတွေဆို အွန်လိုင်းပေါ်က သတင်းတွေ၊ ဘလော့ဂ်တွေဖတ်ပြီး ဟုတ်ပြီထင်တာ ပြန်လဲရောက်ကော အိပ်မက်ကမ္ဘာထဲ ပြန်ရောက်နေသလိုပါပဲ။ မမှီနိုင်အောင် အလှမ်းဝေးသွားပါပြီ။ တစ်နှစ်ပြန်မရောက်ရင်ကို အလှမ်းဝေးနေပါပြီ။ မြန်မာပြည်ပြန်ရောက်တုန်းက ဘလော့ဂ်ဆိုတာ၊ ဘလော့ဂါတွေဆိုတာကို လူတွေ သိတောင် မသိပါဘူး။ ဒီဖန်သားပြင်တွေပေါ်မှာ နာမည်ရ စာရေးသူတွေ၊ ဆောင်းပါးရှင်တွေ၊ ကုန်ကုန်ပြောရရင်... သိကြပြီးဖြစ်တဲ့အတိုင်း အပြင်ကိုထွက်လာကြတဲ့ စာရေးဆရာဟောင်းတွေ၊ နိုင်ငံရေးသမားဟောင်းတွေကို ပြည်တွင်းကလူများစုက အထူးသဖြင့် နောက်ပိုင်းဂျနရေးရှင်းတွေက ကြားတောင် မကြားဖူးကြတော့ပါဘူး။ ဂရုလဲမစိုက်တော့ပါဘူး။ ဘ၀တွေက ကွာဟနေပြီ။ ကိုယ်လဲကိုယ့်ဘ၀ကိုယ်လျှောက်.. သူတို့လဲသူတို့ဘ၀သူတို့လျှောက်ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ ပါပဲ။ သူတို့စိတ်ထဲမှာလည်း သူတို့အတွက် အဲဒီနိုင်ငံရေးသမားတွေဟာ တစ်စုံတစ်ရာ အကျိုးအမြတ်ရအောင် လုပ်ပေးနိုင်လိမ့်မယ်လို့လဲ မယူဆကြပါဘူး။ အပြင်ရောက်နေတဲ့ နိုင်ငံရေးသမားတွေဟာ နိုင်ငံရေးကိုဟန်ပြ၊ အသံကောင်းဟစ်ပြီး နိုင်ငံကြီးတစ်နိုင်ငံငံမှာ နေထိုင်နိုင်ဖို့ အိမ်တစ်ဆောင်မီးတစ်ပြောင်နေနိုင်ဖို့၊ သားသမီးတွေရှေ့ရေးအတွက်လောက်သာလုပ်နေတယ်၊ ပြည်တွင်းက ပြည်ချစ်တယ်ဆိုတဲ့ စစ်သားတွေဟာလည်း အာဏာနဲ့ရာထူး၊ မိမိနှင့် မိမိဆွေမျိုးကောင်းစားရေးသာ ရှေ့တန်းတင်နေတယ်လို့ပဲ သူတို့ယူဆကြပါတယ်။ စာအုပ်ဆိုင်တစ်ဆိုင်မှာ နာမယ်ကြီးဘလော့ဂါတစ်ဖြစ်လဲ စာရေးဆရာဟောင်းတစ်ဦးရဲ့ စာအုပ်တစ်အုပ်လောက် ဖတ်ကြည့်ချင်လို့ မေးတာ ကောင်တာက မိန်းကလေး၊ ယောင်္ကျားလေးတွေက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး "အဲဒီစာရေးဆရာ မကြားဖူးဘူးအစ်မ" တဲ့လေ။ ဒီအကြောင်းတွေအားလုံးကြောင့် တစ်ခါက Venn Diagram နဲ့ တင်စားပြီး ဆက်စပ်မှုမဲ့ခြင်းများ ဆိုတဲ့ ကဗျာလေးကို ရေးခဲ့ဖူးပါတယ်။

အစားအသောက်၊ လူနေမှုစနစ်၊ စတဲ့ နေ့စဉ် ဘ၀တွေကတောင် လုံးဝခြားနေပါပြီ။ ကျမ ပြန်ရောက်တော့ blogaral shock ရတယ်။ (ကျမ ထွင်လိုက်တာပါ) blog-culture shock ရတယ်။ နိုင်ငံရပ်ခြား မြန်မာတွေ အစားအသောက်တွေ ချက်တာပြုတ်တာ ဘလောဂ်မှာတင်တယ်။ ကိုယ်သုံးတဲ့ ပစ္စည်းလေးတွေ ဥပမာ၊ ဖိနပ်၊ နာရီ၊ အ၀တ် စသဖြင့် ဓာတ်ပုံတွေ တင်တယ်၊ ရဲရဲတောက် ဆောင်းပါးတွေ၊ အတွေးအခေါ်တွေ၊ သတင်းတွေတင်တယ်။ ယုတ်စွအဆုံး ကိုယ်ရေးတဲ့ ပိုစ်ကအစ ကိုယ့်ကိုပြန်ပြီး blog-culture shock ရစေတယ်။

ဆက်စပ်မှုတွေလုံးဝ ကင်းမဲ့နေတာကို မြင်ရလို့ပါပဲ။

ဒီသုံးသပ်ချက်ဟာ လုံးဝမှားနေရင် မှားနေမယ်၊ ဒါပေမယ့် ကျမတော့ အဲသလိုပဲ ခံစားမိပါတယ်...
ဒါပေမယ့် ဘယ်လောက်ပဲ အလှမ်းတွေ ကွာဟနေပါစေ.. လေလှိုင်းတွေ၊ ဖန်သားပြင်တွေပေါ်မှာပဲ သက်ဝင်လှုပ်ရှားနေပါစေ.. ကျမတို့ ဘလောဂါတွေဟာ ခံစားချက်တွေကို တစ်နည်းတစ်ဖုံနဲ့တော့ ဆက်လက်ဖွင့်ချသွားနေမယ်လို့ ကျမ ထင်ပါတယ်...

ကျမရဲ့ ဒီစာစုလေးကို အချိန်ပေးဖတ်တာကော...
အခုလို ကျမရဲ့ တိတ်တိတ်ဆိတ်ဆိတ် ဘလော့ဂ်လေးကို တိတ်တိတ်ဆိတ်ဆိတ်လေး လာလည်တဲ့အတွက်လဲ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

မင်္ဂလာနှစ်သစ်ဖြစ်ကြပါစေရှင်...

Monday, April 13, 2009

ပင်ဂွင်း နဲ့ ဆော်လမွန်တို့ အိမ်အပြန်...

penguins1.jpgMarch of the Penguins ဆိုတဲ့ documentary ကို တော်တော်များများကြည့်ဖူးပြီး ဖြစ်ပါလိမ့်မယ်။ အချစ်ဇာတ်လမ်း လို့ သူတို့တင်စားထားတဲ့ ဒီဖလင်ဟာ ၂၀၀၅ တုန်းက အကောင်းဆုံး documentary ဆုကိုရထားတဲ့ ဖလင်ဖြစ်ပါတယ်။ နောက်ခံစကားပြောတဲ့ သူတွေ အမျိုးမျိုးရှိပေမယ့် ကျမကြည့်တုန်းက နောက်ခံစကားပြောသူကတော့ Morgan Freeman ပါ။ Morgan Freeman က ကျမ အထင်မှာ စကားပြောမကောင်းဘူးလို့ ဆိုရပါမယ်။ ပြတ်တောင်းတောင်းနဲ့ စကားပြော ဆွဲဆောင်မှု မရှိတာတောင်မှ ဖလင်ရဲ့ သဘောသဘာဝကြောင့် နှလုံးသားကို ထိခတ်တဲ့ ဖလင်လေးဖြစ်ပါတယ်။


ကမ္ဘာပေါ်မှာ အဆိုးဆုံးရာသီဥတုကျရောက်တဲ့ အန္တာတိကမှာ ကျင်လည်ကျက်စားတဲ့ ပင်ဂွင်းငှက်ကလေးတွေဟာ ပင်လယ်တွေမှာ လေးငါးနှစ်ကြာအောင် ကျင်လည်ကျက်စားပြီး အချိန်တန်လာတဲ့ တစ်နေ့မှာ သူတို့ မွေးဖွားခဲ့တဲ့ ရေခဲပြင်တွေရှိရာကို အုပ်စုလိုက် တန်းစီပြီး ချီတက်လာကြတယ်။ အဲဒီနေရာကို ဘယ်လိုပြန်ရောက်အောင် သွားသလဲဆိုတာတော့ သိပ္ပံပညာရှင်တွေက ခုထိတော့ တိတိကျကျမသိကျသေးပါဘူး။ နေရောင်၊ ဒါမှမဟုတ် ကြယ်တွေကိုကြည့်ပြီး ရောက်အောင်ပြန်သွားကြတယ်လို့ ယူဆကြတယ်။


အဲဒီနေရာမှာ ဆော်လမွန်-salmon ( sām'ən လို့ အသံထွက်ပါတယ်၊ အယ်လ် သံ မပါပါဘူး) ငါးတွေအကြောင်းသွားသတိရလိုက်ပါတယ်။ သူတို့လေးတွေဟာလည်း မွေးကတည်းက တစ်ခါမှ ပြန်မရောက်ဖူးတဲ့ မွေးရပ်မြေကို ပင်လယ်တွေ၊ သမုဒ္ဒရာတွေကိုဖြတ်ပြီး မြစ်လက်တက်တွေရာပေါင်းများစွာကို မှန်အောင်ပြန်ရွေးပြီး မွေးရပ်မြေကို ကြယ်တွေကိုကြည့်ပြီး ရောက်အောင် ပြန်လာတယ်လို့ သိပ္ပံပညာရှင်တွေက ယူဆကြတယ်။



ပင်ဂွင်းငှက်လေးတွေဟာ ရေခဲပြင်ကိုပြန်ရောက်တော့ ဆိုင်ရာချစ်သူရှာပြီး တစ်စုံတွဲကို ဥတစ်ဥပဲ ဥပါတယ်။ ပင်လယ်ထဲကနေ ရေခဲပြင်ကိုရောက်၊ ဥလေးဥပြီးတဲ့အထိ ပင်ဂွင်းငှက်မဟာ အစာမစားရတာ လနဲ့ချီကြာခဲ့ပါပြီ။ အသားတွေကွဲထွက်မတတ်အောင် တိုက်ခတ်နေတဲ့ အန္တာတိကဆောင်းလေရဲ့ ဒဏ်ကနေ ဥလေးကိုကာကွယ်ထားပါတယ်။ သူမရဲ့ ခြေထောက်ပေါ်တင်ပြီး အမွှေးတွေနဲ့ ဖုံးထားတယ်။ တစ်နေ့တော့ ပင်ဂွင်းငှက်မတွေဟာ ပင်လယ်ဘက်မှာ အစာသွားစားဖို့ အချိန်တန်လာတော့ ဥလေးကို ဖခင်ပင်ဂွင်းငှက်ရဲ့ ခြေထောက်ပေါ်ကို ပြောင်းတင်ပေးလိုက်ပါတယ်။ ဒီနေရာမှာ ဖခင်ပင်ဂွင်းရဲ့ ကျွမ်းကျင်မှုဟာ သိပ်အရေးကြီးပါတယ်။ ငှက်မချပေးလိုက်တဲ့ ဥလေးကို သူ့ခြေပေါ်ကို ရောက်အောင် အချိန်တိုတွင်းမှာ တင်ရမှာဖြစ်ပါတယ်။ များသောအားဖြင့် အတွေ့အကြုံမရှိသေးတဲ့ စုံတွဲတွေဟာ လက်ပြောင်းလက်လွှဲမှာ ဥလေးဟာ ရေခဲပြင်ပေါ်ကျပြီး ဆောင်းလေအေးထိတဲ့ဒဏ်ကြောင့် ကွဲအက်သွားပါတော့တယ်။ ဒါကိုကြေကွဲစွာ သူတို့ငုံ့ကြည့်နေကြပါတယ်။ ပြီးတော့ ဖခင်နဲ့မိခင်ပင်ဂွင်းတွေဟာလဲ အတူတူဆက်နေစရာ အကြောင်းမရှိကြတော့လို့ ကိုယ့်လမ်းကိုယ် ဆက်လျှောက်ကြပါတော့တယ်။


လက်ပြောင်းလက်လွှဲအောင်မြင်သွားတဲ့ စုံတွေတွေမှာတော့ ငှက်မတွေဟာ တန်းစီပြီး ပင်လယ်ဘက်ကို အစာရှာထွက်သွားကြပါတော့တယ်။ ဖခင်ပင်ဂွင်းတွေဟာ ဥလေးတွေကို ခြေထောက်ပေါ်မှာတင်ပြီး လပေါင်းများစွာ ငှက်မတွေပြန်အလာကို ဆောင်းမုန်တိုင်းတွေကြားက စောင့်နေရပါတယ်။ သူတို့ကိုယ်တိုင်လဲ ဘာအစာမှ မစားရသေးပါဘူး။ ဒီကြားထဲမှာ ဆောင်းမုန်တိုင်းဒဏ်ကို စည်းလုံးညီညွှတ်စာ ကျောပေးပြီး အန်တုတာတွေ၊ တစ်လှည့်စီကင်းစောင့်တာတွေ စတဲ့ တိရစ္ဆာန်ဆန်တဲ့ စိတ်ဓာတ်တွေကို တွေ့ရပါတယ်။


ဒီကြားထဲမှာ ပင်ဂွင်းငှက်မတွေဟာ ပင်လယ်ထဲမှာ အသက်စွန့်ပြီး ကိုယ်တိုင်အတွက်ကော မမွေးဖွားသေးတဲ့ သူမရဲ့ သားငယ်၊သမီးငယ်တွေအတွက်ကော အစားကို ပြည့်အောင်စားပြီး ပင်လယ်ဖျံတွေ လက်အောက်မှာ ကျဆုံးသွားကြတာတွေလည်းရှိပါတယ်။ ပင်ဂွင်းငှက်မ သေသွားပြီဆိုရင် သူမရဲ့ မမွေးဖွားသေးတဲ့ ရင်သွေးပါ အလိုလိုသေဆုံးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥကပေါက်နေပြီဖြစ်တဲ့ ရင်သွေးဟာ သူမအပြန်လမ်းကိုစောင့်ရင်း သူမ အန်ဖတ်တွေနဲ့ အသက်ဆက်ရမှာဖြစ်လို့ပါပဲ။ ဒီကြားထဲမှာ ရေခဲပြင်ပေါ်မှာ စောင့်နေတဲ့ ငှက်ဖိုခြေထောက်ပေါ်က မတော်တဆ ဥလေးတွေ ကျကွဲသွားတာကြောင့် ဆုံးရှုံးသွားရတာတွေလဲ အများကြီးပါပဲ။ ငှက်မကတော့ မျှော်လင့်တကြီးပြန်လာချိန်မှာပေါ့။


ငှက်မတွေ တန်းစီလမ်းလျှောက်ပြီး အဝေးကနေ အသံပေးလိုက်တဲ့ ချိန်မှာ ငှက်ဖိုတွေရဲ့ ခေါင်းတွေဟာ မျှော်လင့်ခြင်းတွေနဲ့ ထောင်တက်သွားတာပါပဲ။ ဒီလောက် ရာထောင်ချီနေတဲ့ အုပ်ထဲမှာ ကိုယ့်ခင်ပွန်းကို ပြန်ရှာတွေ့နိုင်တဲ့ အရည်အချင်းကတော့ အံ့မခန်းပါပဲ။ တစ်ဦးနဲ့တစ်ဦး အသံပေးပြီး ပြန်ရှာကြတယ်။ အဲဒီချိန်မှာ ငှက်ကလေးတွေဟာ ဖခင်ခြေအောက်ကနေ အမေတွေကို မော့ကြည့်ပြီး အဲဒီတော့မှ မိတ်ဆက်ကြတယ်။ ပြီးတော့ ထုံးစံအတိုင်းလက်ပြောင်းလက်လွှဲပြန်လုပ်၊ အမေက အစားတွေကို ငှက်ကလေးတွေကို အန်ကျွေး၊ အဖေတွေက ငှက်ကလေးတွေရဲ့ အသံကို မှတ်မိအောင် ကျက်မှတ်ပြီး ပင်လယ်ဘက်ကို အစာရှာ ပြန်ထွက်သွားကြတယ်။ ဒီတစ်ခါ ဖခင်တွေ အစာစားဖို့ အလှည့်ြ့ဖစ်ပါတယ်။ အဖေပင်ဂွင်းတွေဟာ လေးငါးလ အစားမစားရသေးလို့ ကိုယ်အလေးချိန် တစ်ဝက်ကျသွားပါပြီ။ လေးတွဲ့တွဲ့နဲ့ အဖေငှက်ဖိုတွေဟာ ပင်လယ်ဘက်ကို တန်းစီပြီး ထွက်သွားကြပါတယ်။ အားပြတ်ပြီး ပင်လယ်ဘက် မရောက်လိုက်သူတွေလည်း အများကြီးပါပဲ။




salmon.jpg


ဒီနေရာမှာ ဆော်လမွန် ငါးတွေဟာလည်းပဲ မျိုးဆက်သစ်တွက် ပင်လယ်ဝကစပြီး အစာမစားပဲ မြစ်ဖျားအထိ ရက်ပေါင်းများစွာ ရေဆန်ကိုကျော်ပြီး ပြန်လာတဲ့အခါမှာ ကိုယ်ထဲမှာ အစာမရှိတော့လို့ သူတို့ကိုယ်ခန္ဒာဟာ အရှင်လတ်လတ်ပုတ်သိုးလာနေပါပြီ။ အကျည်းခွံတွေဟာ တစ်ဖြည်းဖြည်းကြွေကျပြီး အသားဆိုင်တွေဟာလည်း တဖြည်းဖြည်းကြွေကျနေပါပြီ။ ရှိသမျှခွန်အားနဲ့ ရေကိုဆန်ပြီး တက်နေတဲ့ ဒီငါးတွေကို ကမ်းပါးမှာ ကျမထိုင်ထိုင်ကြည့်ပြီး ကိုယ်တိုင်သွားချီပြီး လိုရာမြစ်ဖျားကို ပို့ပေးလိုက်ချင်တဲ့ စိတ်တွေဖြစ်ရပါတယ်။



ပင်ဂွင်းငှက်ကလေးတွေဟာလည်း သူတို့ သားသမီးတွေ မိမိဘာသာရပ်တည်နိုင်တဲ့အထိ တစ်လှည့်စီ ကြည့်ပေးကြပါတယ်။ အဖေအစာသွားစားတုန်း၊ အမေကကြည့်။ အမေအစာသွားစားတုန်း အဖေကကြည့်ကြပါတယ်။ ဒီလို မိုင် ခုနှစ်ဆယ်ခန့်ဝေးတဲ့ ပင်လယ်နဲ့ရေခဲပြင်ကြား အခါပေါင်းများစွာ ကူးချည်သန်းချည် ပြုကြတဲ့အခါမှာ ကျဆုံးသွားတာတွေ အများကြီးပါပဲ။ ငှက်ကလေးတွေဟာလည်းပဲ စွန်ရဲတို့ ပင်လယ်ဇင်ယော်တို့ရဲ့ လက်မှာ ကျဆုံးသွားတာတွေ၊ ပြင်းထန်တဲ့ဆောင်းရာသီဒဏ်ကို မကျော်လွှားနိုင်တာတွေလည်း အများကြီးပါ။




ဒီလိုပဲ ဆော်လမွန်ငါးလေးတွေဟာလည်း မြစ်ဖျားရောက်တော့ ပုတ်သိုးနေတဲ့ သူတို့ရဲ့ ကိုယ်ကို သယ်ပိုးထားရင်း ရှိသမျှခွန်အားလေးနဲ့ သားပေါက်လေးတွေအတွက် ကျင်းတူးကြရပါသေးတယ်။ သားပေါက်စလေးတွေဟာလည်း ထင်းရှုးပင်ထိပ်က စွန်ရဲတို့၊ ကနေဒါတောနက်ကြီးတွေထဲက ၀က်ဝံဖြူ၊ ၀က်ဝံညိုတို့ရဲ့ လက်အောက်မှာလည်း ကျဆုံးသွားကြပါသေးတယ်။



ပင်ဂွင်းငှက်လေးတွေဟာ နောက်ဆုံးတော့ သူတို့သားမွှေးတွေဟာ ဆောင်းဒဏ်ခံနိုင်လောက်အောင် ထူထပ်လာပါပြီ။ မိခင်ဗိုက်အောက်ဝင်ပြီး ခြေထောက်ပေါ်က မဆင်းပဲ နေခဲ့ရာက၊ ရေခဲပြင်ပေါ်မှာ ပုပု၊ကားကားလေးတွေနဲ့ လမ်းလျှောက်တတ်ကြပါပြီ။ အဲဒီအချိန်မှာ မိခင်၊ဖခင်တွေဟာ သူတို့ကို ရေမခဲတခဲ၊ ပင်လယ်ဘက်ကိုခေါ်သွားပါတယ်။ ပြီးတော့ မိခင်ဖခင်တွေဟာ ပင်လယ်ထဲကို ခုန်ဆင်းပြီး တာဝန်တစ်ခုပြီးသွားလို့ ပေါ့ပါးသွားသလို၊ ကျေနပ်သွားသလို ရေထဲမှာ မြူးတူးဆော့ကစား၊ အစာလည်းစားရင်း လိုရာအရပ်ကိုထွက်ခွာသွားကြပါတော့တယ်။ ပင်ဂွင်းလေးတွေဟာ ဒီတိုင်းလေး ရပ်ကြည့်ပြီး ကျန်ခဲ့ကြပါတော့တယ်။ သူတို့ မိခင်ဖခင်တွေရဲ့ အသံကို မှတ်မိတဲ့ ငှက်ကလေးတွေဟာ သူတို့မိခင်ဖခင်ကို ဒါနောက်ဆုံးအကြိမ်တွေ့တာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်၊ ဘယ်တော့မှ ပြန်တွေ့ချင်မှလည်း တွေ့ကြပါတော့မယ်။




ဒီလိုပဲ ဆော်လမွန်ငါးမတွေဟာလည်း ကျင်းတူး၊ ဥဥပြီးတာနဲ့ အားပြတ်တဲ့ဒဏ်နဲ့ သေဆုံးသွားကြပါတယ်။ ပင်ဂွင်းလေးတွေကမှ မိဘနဲ့ အနည်းငယ်နေကြရပါသေးတယ်။ ငါးပေါက်လေးတွေကတော့ မိဘကို ဘယ်တော့မှ မမြင်ဖူးလိုက်ပါဘူး။



ပင်ဂွင်းလေးတွေကော၊ ဆော်လမွန်ငါးလေးတွေပါ သူတို့မွေးရာမြေကိုစွန့်ပြီး ပင်လယ်ထဲမှာ ကျက်စားကြပါတယ်။ ပင်ဂွင်းတွေကတော့ အန္တာတိကသမုဒ္ဒရာပြင်မှာ လေးငါးနှစ်ကြာအောင်နေပါတယ်။ ဆော်လမွန်ငါးတွေကတော့ ကမ္ဘာအနှံ့လျှောက်သွားကြတယ်။ တစ်နေ့တော့ သူတို့ ပြန်လာကြပါတယ်။ တစ်ခါပဲရောက်ဖူးတဲ့ မွေးရပ်မြေကို ကြယ်တွေကိုကြည့်လို့ ငါးလေးတွေကော ပင်ဂွင်းလေးတွေကပါ ပြန်ရောက်လာကြပါတယ်။


မေတ္တာတရားလို့ပြောမလား၊ တွန်းအားတွေလို့ပဲပြောမလား၊ ရုန်းကန်မှုတွေလို့ပဲပြောမလား၊ နောက်ဆုံး circle of life လို့ပဲဆိုဆို၊ ဒီလိုမျိုး ဖလင်တွေကြည့်မိတိုင်း ပီတိတစ်ခုကိုခံစားရခြင်းနဲ့အတူ အသက်ရှင်မှုတစ်ခုကို ကြောက်မိတယ်။ ပင်ဂွင်းတွေ အုပ်စုလိုက် တန်းစီချီတက်နေတာကိုကြည့်ပြီး ဒုက္ခသည်တွေလို့မြင်လာတယ်။ ဆော်လမွန်တွေ ရေကိုဆန်ပြီး ပျံတက်နေတာကို ခွန်အားလို့မြင်မိသလို ရုန်းကန်မှုတစ်ခုလို့မြင်တယ်။ လူသားတွေလည်း ဘာမှ မထူးပါလားလို့လဲ မြင်လာတယ်။ ဒုက္ခတရားတွေနဲ့ပြည့်နေတဲ့ ဒီလောကကြီးထဲကို မျိုးဆက်သစ်တွေကို ဘာကြောင့်ခေါ်ခေါ်လာနေကြတာလည်းဆိုတဲ့ existentialism ဆန်တဲ့အတွေးမျိုးတွေ တွေးမိသလို….


ဒီလိုရုန်းကန်မှုတွေကိုကြောက်လို့ life form တွေ ဒီလောက်လှတဲ့ ကမ္ဘာကြီးမှာ မရှိရတော့ဘူးလား၊ ဥပမာ.. အန္တာတိကဟာ ပင်ဂွင်းတွေ၊ ၀က်ဝံတွေ၊ ငါးတွေ၊ ရေဖျံတွေနဲ့ ကင်းမဲ့ပြီး ဘာ life form မှ မရှိဘဲ ခြောက်ကပ်တိတ်ဆိတ်နေရမှာလား….. လို့လဲတွေးမိတယ်။


ဘယ်လိုပဲဖြစ်ဖြစ်… ဘုရားသခင်ဖန်ဆင်းတယ်ပဲဆိုဆို၊ ဗြဟ္မာကြီးတွေကြောင့်ဖြစ်လာတယ်လို့ပဲ ဆိုဆို… အားလုံးဟာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ရပ်တည်နေထိုင်ကြရင်း၊ အချစ်၊ အလွမ်း၊ ကြေကွဲခြင်း၊ ၀မ်းမြောက်ခြင်းတွေနဲ့ အတူ၊ လူသားတွေလဲ လူသားဆန်စွာနဲ့ တိရစ္ဆာန်တွေဟာလဲ တစ်ခါတစ်ရံမှာ လူသားတွေထက် လူသားဆန်စွာနဲ့၊ နေတတ်ရင်ပျော်စရာကောင်းတဲ့၊ လောဘနဲ့ အတ္တတွေ သိပ်မများရင် သိပ်မဆိုးလှတဲ့ ဒီကမ္ဘာကြီးမှာ အချိန်အတိုင်းတာတစ်ခုထိတော အားလုံးဆက်လက်ရှင်သန်နေကြဦးမှာပါပဲ…။


hut1.png


ဓာတ်ပုံများကို webshots မှရရှိပါတယ်

Comments from www.ainchannmyay.com


ဒီပို့စ်လေးဖတ်ပြီး မလေးတွေးသလိုပဲ လိုက်တွေးမိတယ်.
စိတ်မကောင်းစရာခံစားချက်တွေနဲ့အတူ သံသရာ ၀ဋ်ဆင်းရဲတစ်ခုကိုလည်း မြင်လိုက်မိတယ်.

နေရပ်ကိုပြန်ရင်း အရှင်လတ်လတ် ပုပ်သိုးနေကြတဲ့ ဆော်လမွန်ငါးတွေ ဆိုတဲ့ စာသားလေးတွေနေရာမှာ
အရှင်လတ်လတ် ရင့်ရော်အိုမင်းလာနေရင်း ဘ၀နိဂုံးကို ချီတက်သွားလာနေကြတဲ့ ကျွန်တော်တို့ လူသားတွေကို မြင်ယောင်လာမိတယ်.

အရှိကို အရှိအတိုင်း မြင်နိုင်ဖို့ ကြိုးစားကြည့်လေလေ မြင်နိုင်စွမ်းအားတွေ ပိုမြင့်လာပြီး ဘယ်အရာမှ ရှိမနေဘူးဆိုတာ ခံစားနားလည်လာလေလေ ဖြစ်ရတယ်.
မလေးရဲ့ ပို့စ်လေးက အမြဲတမ်းနောက်ပြောင်တတ်တဲ့ ကျွန်တော့်ကို ဒီတစ်ခါ တော်တော်လေး တွေးစရာလေးတွေ ပေးသွားတယ်.

ဖူးးးးးးး
ရင်မောတယ်ဗျာ.

ကျွန်တော်ဘုန်းကြီးဝတ်သွားဖြစ်ရင် မလေးကြောင့်…….
မလေးအိမ်ကိုကြွပြီး ပန်းသီးငါးပိချက်ကို တစ်ဝကြီး ဘုဉ်းပေးပစ်ဦးမယ်.
အဟတ်ဟတ်.

(ပြောရင်းနဲ့ ဖောက်သွားပြီ. ဆောရီး..)
:)

ကောင်းသောညလေးဖြစ်ပါစေ မလေး..

Y.
Comment by Yan — April 13, 2009 @ 5:51 pm

အစ်မရေ ဒီပို့စ်လေးတစ်ကယ်ဖတ်လို့ကောင်းတယ်..ဗဟုသုတလည်းရတယ်..။ အသက်တစ်ချောင်းဖြစ်လာဖို့ဆိုတာ တကယ်တော့မလွယ်လှဘူးနော်… ဖြစ်လာရင်တောင် ဆက်လက်ရှင်သန်ဖို့က အများကြီးရုန်းကန်ရမှာ။ ပြောရင်းနဲ့တောင် ရုန်းကန်ဆိုတဲ့စကားပါလာပြီ.. သိပ်အများကြီးမတွေးပါနဲ့ ကျွန်တော်ဆိုတစ်ခါတစ်လေတွေးဖြစ်ရင် ဘ၀ကိုတောင်စိတ်ကုန်လာတယ်..။
Comment by Phyo Evergreen — April 13, 2009 @ 6:00 pm


အဲဒီရုပ်ရှင်လေး ကြည့်ဖူးတယ်။ မလေးရေးထားတာ ဖတ်ရင်း ပြန်ကြည့်ချင်လာပြီ။ ဖြစ်တည်မှုဆိုတာ ဒုက္ခလို့ ဆိုကြတယ် မဟုတ်လား။
Comment by ပုံရိပ် — April 13, 2009 @ 6:15 pm

မလေးရေ ……… ရုံးမသွားခင် ရေလောင်းမယ်ဆိုပြီး မလေးဆ်ီင်လာတာ။ ဒီပိုစ့်လေးကိုဖတ်ပြီး စိတ်မကောင်းဖြစ်သွားတယ်။ လူ့ဘ၀မှ မဟုတ်ဘူးနော် ဘ၀တိုင်း ဘ၀တိုင်းမှာ ဒီလိုပဲ ရုန်းကန်နေရတာပဲ။ ဗဟုသုတလေးတွေ မျှဝေပေးလို့ ကျေးဇူးတင်ပါတယ်နော်။
ရောက်လာမှတော့ ရေလောင်းပြီးမှပြန်မယ်နော်။ ရုံးနောက်ကျရင်ကျပစေ။ ဟီး
ရေလာပက်ပြီနော်….. ဗွမ်းးးးး ဗွမ်းးးးး ဗွမ်းးးးး ဗွမ်းးးးး ဗွမ်းးးးး ဗွမ်းးးးး ဗွမ်းးးးး ဗွမ်းးးးး
ခင်မင်လေးစားလျှက်
မေတ္တာရောင်ပြန်
Comment by မေတ္တာရောင်ပြန် — April 13, 2009 @ 7:19 pm

မင်္ဂလာနှစ်သစ်ပါ မလေးရေ… ပျော်ရွှင်ပါစေနော်…
ရေလောင်းသွားပါတယ်… ဗွမ်းးးးးးးးးး အိုးမဲလဲ သုတ်သွားတယ်…
ခင်မင်လျက်
ညလေး
Comment by ညလေး — April 14, 2009 @ 5:14 am

တင်ပြတဲ့ အကြောင်းအရာကောင်းလိုက်တာ။ ဒီပိုစ့်လေးလို ဒီလိုအတွေးမျိုးတွေကို
အခု ဖြစ်နေကြတဲ့ စစ်ပွဲတွေ တိုက်ပွဲတွေက လူတွေ၊ အာဏာရယူလိုသူတွေ အားလုံး သတိမူကြရင် ကောင်းမှာပဲနော်။
အများခေါ်သလို မလေးပေါ့နော်၊ မလေးရေ။
သတ္တ၀ါရယ်လို့ဖြစ်လာမှတော့ ဒုက္ခဆိုတာ သိသိကြီးနဲ့ပေါ့။
ဖြစ်လာပြီးမှတော့ သံသရာစက်ဝိုင်းထဲ ကျင်လည်နေရပြီပဲ၊ ဘ၀တခုမှာ တန်ဖိုးရှိသွားအောင်
ကိုယ်ကိုယ်တိုင်ကစ ကောင်းအောင်နေကြရတော့မှာပေါ့။
Comment by အပြုံးပန်း — April 14, 2009 @ 6:25 am

မလေး…
မလေးပို့စ်ကို ဖတ်ပြီး ငိုင်သွားတယ်။
စိတ်ညစ်ရင် ချစ်စုအရမ်းညည်းတယ်။
စိတ်ညစ်တယ်။ သေချင်တယ်လို့။
ဒါပေမဲ့ ဒီပို့စ်လေးဖတ်ပြီးသွားတဲ့အချိန်မှာတော့
တိရိစ္ဆာန်လေးတွေတောင် ရုံးကန်လှုပ်ရှားနိုင်ရင်
ငါလည်း ဘာလို့မလုပ်နိုင်ရမှာလဲ ဆိုတဲ့ အားတခုရလိုက်တယ်အစ်မေ၇..။
ရေပက်လိုက်တယ်။ ဗွမ်း …. ဗွမ်း….
Comment by ချစ်စု — April 14, 2009 @ 8:08 am

သာမန် တွေးရိုးတွေးစဉ် အတွေးမျိုးထက် ပိုပြီးလေးလေးနက်နက် တွေးထားပါလား စာရေးသူရယ်….. ပုံမှန်ကြည့်ရင် နားထောင်ရင် သြော် ပင်ဂွင်း အစုအဝေးကြီး ရေကြည်ရာမြက်နုရာရှာတာပါလားလို့ တွေးကြမဲ့ အစီအစဉ်လေးကို စာရေးသူကလူတွေနဲ့ ယှဉ်ပြီး ချပြထားတဲ့ အတွေးအခေါ်လေးက တစ်အားကို လှတယ်၊
ကျွန်တော့်အတွက်တော့ တစ်ခုလေးဘဲ ပြောင်းရေးစေချင်တာပါ…..
*****ဒီကြားထဲမှာ ဆောင်းမုန်တိုင်းဒဏ်ကို စည်းလုံးညီညွှတ်စာ ကျောပေးပြီး အန်တုတာတွေ၊ တစ်လှည့်စီကင်းစောင့်တာတွေ စတဲ့ တိရစ္ဆာန်ဆန်တဲ့ စိတ်ဓာတ်တွေကို တွေ့ရပါတယ်။*****……..
နည်းနည်းတော့ ပြောင်းပြန်ဖြစ်နေသလားလို့ပါ ဆရာမကြီးရယ်… နော်
လူသားလေးများ ဆန်သွားလိုက်ပါလား
Comment by ဒေါင်းသေချောင်းမှာပျော်သည့် ကျား — April 14, 2009 @ 1:56 pm

မနက်စောစော ရေခဲရေအေးအေးနဲ့ရေလောင်းပြီဝေးးးးးး ဗွမ်းးးးးး ဗွမ်းးးးးး ဗွမ်းးးးးး ဗွမ်းးးးးး ဗွမ်းးးးးး ဗွမ်းးးးးး ဗွမ်းးးးးး ဗွမ်းးးးးး ဗွမ်းးးးးး ဗွမ်းးးးးး ဗွမ်းးးးးး ဗွမ်းးးးးး ဗွမ်းးးးးး ဗွမ်းးးးးး
Comment by မေတ္တာရောင်ပြန် — April 14, 2009 @ 8:34 pm

အမရေ.. ဒီပိုစ့်လေးက တွေးစရာအတော်လေးကို ပေးပါတယ်.. တိုက်တိုက်ဆိုင်ဆိုင် ဒီနေ ဥပုသ်စောင့်ထားလို နေ့လည်ကလည်း ဘုရားစာအုပ်တွေ ဖတ်နေတာ ခုဒါလေးပါ ဖတ်ရတော့ တောထွက်ချင်စိတ်ပေါက်သွားတယ်… vacation ပါ :D
Comment by Pinkgold — April 15, 2009 @ 6:55 am

Friday, April 10, 2009

ကျေးဇူးတင်ရှိခြင်း …

ကျမရဲ့ ဒီဆိုက်လေး (www.ainchannmyay.com)ကို လူတွေဘယ်လိုရောက်လာလဲဆိုပြီး ဟိုနေ့က စိတ်ကူးပေါက်လို့ ကောင်တာလေးကိုဖွင့်ကြည့်မိတော့ ….

Direct Visit/ Bookmark နဲ့ လာသူများက ၄၄%
အိမ်ချမ်းမြေ့၊ ပန်းခရေ၊ မောင်၊ သီချင်း၊ ကဗျာ စတဲ့ စာလုံးတွေကိုရှာပြီး ရောက်လာသူတွေက ၆%
ကိုဝီရှီမီ မိသားစု မှ ရောက်ရှိလာသူတွေက ၅%
ကိုစေးထူး ဆီမှ ရောက်ရှိလာသူတွေက ၃%
မပန် ဆီမှ ရောက်ရှိလာသူတွေက ၃%
မခင်ဦးမေဆီမှ ရောက်လာသူတွေက ၂%
မောင်မျိုး ဆီမှ တဆင့်ရောက်လာသူတွေက ၂%

လာလည်ကြတဲ့ တိုင်းပြည်တွေက
စင်္ကာပူ မှ ၃၃%
ယူအက်စ် မှ ၂၀%
ကနေဒါမှ ၁၂%
မြန်မာမှ ၁၂%
ထိုင်း မှ ၅%
ယူကေ မှ ၄%
မလေးရှား မှ ၂%
ကျန်တဲ့ သြဇီတို့ ဟောင်ကောင်၊ ထိုင်ဝမ် စသည်တို့က ၁% လို့ သိရပါတယ်..

အားလုံးကို ကျေးဇူးတင်ကြောင်း ……
ပျော်ရွှင်သော သင်္ကြန်ဖြစ်ကြပါစေရှင်…



ဝမ်းသာပါတယ် မလေးရယ်
ပျော်ရွှင်စရာ သင်္ကြန် ဖြစ်ပါစေ
Comment by ပန်ဒိုရာ — April 10, 2009 @ 4:43 pm

ဟားဟား ကျေးဇူးတင်ခံရတဲ့ထဲမှာ မွန်တို့လဲပါတာပေါ့နော်
တကယ်တော့ မလေးရဲ့ ရင်ထဲက ရသတွေကို မွန်တို့စားသုံးဖို့ ကာယအား ဥာဏအား စိုက်ထုတ်ပြီး နှစ်ရှည်လများ ရေးသားခဲ့တဲ့ မလေးကိုသာ မွန်တို့တွေက ကျေးဇူးတင်ရမှာပါမလေးရယ်
မလေး နှစ်သစ်မှသည် သက်ရှည်ကျန်းမာ ပျော်ရွှင်အောင်မြင်စွာ စာကောင်းပေမွန်များ ဆထက်တပိုး ရေးသားနိုင်ပါစေ
Comment by မွန် — April 10, 2009 @ 5:06 pm

Here is one of the visitors from the 33%, wishing you Happy Thingyan… နှစ်သစ်မှာ ပျော်ရွင်နိုင်ပါစေ :)
Comment by Alvin — April 10, 2009 @ 5:20 pm

ပျော်ရွှင်တဲ့သင်္ကြန်ဖြစ်ပါစေအစ်မ.. ဒီပို့စ်နဲ့တော့မဆိုင် ကျွန်တော်က Sarah McLachlan သီချင်းတွေကြိုက်တယ်..စန္ဒရားသံအေးအေးလေးနဲ့ ခံစားလို့ကောင်းတယ်။
Comment by Phyo Evergreen — April 10, 2009 @ 11:17 pm

မဂျီးရေမြန်မာနှစ်ကူးအတွင်းမှာဒီလိုကျေးဇူးတင်ရှီကြောင်းလေးဖတ်ရတာကောင်းမှကောင်း
မြန်မာပြည်ရောက်နေလို့ဝက်ဆိုဒ်ဘလော့တွေသိပ်မလည်ဖြစ်ဘူး..
မြန်မာနှစ်ကူးမှာကျွန်တော်မဂျီးပျော်ရွင်ပါစေ..ဟီးကျွန်တော်ကတော့သကြန်မကစားပဲ.ဥပုဒ်သွားစောင့်မလို့
Comment by ဒေါင်းမင်း — April 11, 2009 @ 3:43 am

thank you too
from your neighbour
Comment by 182 — April 11, 2009 @ 7:49 am

Here is one of the visitors from 20% Ma Lay.
Happy Easter!
Ain Shin Ma
Comment by lynda — April 11, 2009 @ 8:08 pm

hi
how are u?happy new yar(;’
Comment by michaelaungkyi — April 11, 2009 @ 10:54 pm

ဒီနေ့ သင်္ကြန်အကျ နေ့နော် … မနက်စောစော ရေလာလောင်းတယ်။ ဗွမ်းးးးးး ဗွမ်းးးးးးး ဗွမ်းးးးးး
Comment by မေတ္တာရောင်ပြန် — April 12, 2009 @ 7:02 pm

အားလုံးပဲ မင်္ဂလာနှစ်သစ်.. မင်္ဂလာသင်္ကြန်ဖြစ်ကြပါစေရှင်….
လင်ဒါ.. Happy Easter! လင်ဒါ..း)
Comment by မလေး — April 13, 2009 @ 3:46 pm

Wednesday, April 08, 2009

ပုလင်းတစ်လုံးနှင့် ဘီယာနှစ်ဗူး

စာသင်ခန်းတစ်ခုရဲ့ရှေ့မှာ ပရော်ဖက်ဆာတစ်ယောက်က ဖန်ပုလင်းအလွတ်ကြီးတစ်လုံးနဲ့ရပ်နေတယ်။ ပြီးတော့ အဲဒီဖန်ပုလင်းကြီးထဲကို စားပွဲပေါ်က ဂေါက်သီးလုံးတွေတစ်လုံးပြီးတစ်လုံးနဲ့ ပြည့်အောင်ဖြည့်လိုက်တယ်။ ပြီးတော့ ကျောင်းသားတွေကို ဖန်ပုလင်းက ပြည့်သွားပြီလားလို့မေးတယ်။ ကျောင်းသားတွေက ပြည့်သွားပြီလို့ ဖြေကြတယ်။


ပရော်ဖက်ဆာက ကျောက်စရစ်ခဲဗူးလေးတစ်ဗူးကို ကောက်ယူလိုက်ပြီး ခုနကဂေါက်သီးတွေနဲ့ပြည့်နေတဲ့ ဖန်ပုလင်းထဲကို ကျောက်စရစ်ခဲလေးတွေ လောင်းချလိုက်တယ်။ ကျောက်စရစ်ခဲတွေက လွတ်နေတဲ့ နေရာတွေမှာ နေရာယူသွားကြတယ်။ ပရော်ဖက်ဆာက ကျောင်းသားတွေကို ဖန်ပုလင်းကပြည့်သွားပြီလားလို့ ထပ်မေးတယ်။ ကျောင်းသားတွေကလည်း ပြည့်သွားပြီလို့ ထပ်ဖြေကြတယ်။


ပရော်ဖက်ဆာက သူ့ခုံပေါ်ကသဲဗူးလေးကို ကောက်ယူလိုက်ပြီး ဂေါက်သီးတွေရယ်၊ ကျောက်စရစ်ခဲတွေရယ်နဲ့ပြည့်နေတဲ့ ပုလင်းထဲကို သဲတွေလောင်းထည့်လိုက်ပြန်တယ်။ သဲတွေက နေရာလွတ်တွေရှိသမျှမှာ တိုးဝင်သွားကြတယ်။ ပရော်ဖက်ဆာက ကျောင်းသားတွေကို ဖန်ပုလင်းက ပြည့်သွားပြီလားလို့ ထပ်မေးတယ်။ ကျောင်းသားတွေကလည်း ပြည့်သွားပြီလို့ ထပ်ဖြေကြတယ်။



ပရော်ဖက်ဆာက ထပ်ပြီး သူ့စားပွဲအောက်က ဘီယာဗူးနှစ်ဗူးကို ထုတ်ယူလိုက်တယ်။ ပြီးတော့ ဖန်ပုလင်းထဲကို လောင်းချလိုက်တယ်။ ဒီတစ်ခါတော့ ကျောင်းသားတွေက ဘာမှမပြောတော့ဘဲ ရယ်မောလိုက်ကြတယ်။


အဲဒီမှာ ပရော်ဖက်ဆာက စကားအရှည်ကြီးစပြောတယ်။

မင်းတို့ရဲ့ ဘ၀ရဲ့ အရေးကြီးတဲ့ အရာတွေကို ဂေါက်သီးလုံးတွေက ကိုယ်စားပြုတယ်။ ဥပမာ... မိမိရဲ့မိသားစု၊ မိမိရဲ့သားသမီး၊ ကျန်းမာရေး၊ သူငယ်ချင်းတွေနဲ့ ကိုယ်ဖြစ်ချင်တဲ့လုပ်ချင်တဲ့အရာ (PASSION) တွေပေါ့။ ကျောက်စရစ်ခဲလေးတွေကတော့ ကိုယ့်ရဲ့အလုပ်အကိုင်နဲ့ ကိုယ်ပိုင်တဲ့ပစ္စည်းတွေဖြစ်နိုင်တဲ့ အိမ်တို့ကားတို့။ သဲတွေကတော့ တခြားသိပ်ပြီးအရေးမပါတဲ့အရာတွေ။


တစ်ကယ်လို့ အရေးမပါတဲ့ သေးငယ်တဲ့ သဲမှုန်တွေကို ဖန်ပုလင်းထဲကို ထည့်မယ်ဆိုရင် ဂေါက်သီးလုံးတွေနဲ့ ကျောက်စရစ်ခဲတွေအတွက် နေရာကျန်တော့မှာ မဟုတ်ဘူး။ အဲလိုပဲ ဘ၀ထဲကို အရေးမပါတဲ့ သေးငယ်တဲ့ အရာတွေကို ထည့်ထားမယ်ဆိုရင် မိမိဘ၀ရဲ့ အရေးကြီးတာတွေအတွက် နေရာကျန်တော့မှာ မဟုတ်ဘူး။


အရေးကြီးတဲ့ ဂေါက်သီးတွေကို အရင်ဂရုစိုက်ပါ။ ကိုယ့်ရဲ့ စိတ်ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုကို ဦးစားပေးပါ။ မိမိရဲ့ ကလေးလေးတွေနဲ့ အချိန်ဖြုန်းပါ။ ကိုယ့်မိဘတွေကို အချိန်ပေးပါ။ အဘိုးအဘွားတွေကို အချိန်ပေးပါ။ ကျန်းမာရေးကို ဂရုစိုက်ပါ။ ကိုယ့်အိမ်ထောင်ဖက်နဲ့ အချိန်ဖြုန်းပါ။ ဥပမာ..နှစ်ယောက်ထဲ ညစာထွက်စားတာတို့၊ နှစ်ယောက်ထဲ ရုပ်ရှင်သွားကြည့်တာတို့ လုပ်ပါ။ အိမ်ရှင်းဖို့ ခြံရှင်းဖို့နဲ့ တခြားအလုပ်တွေကို လုပ်ဖို့အချိန်တွေ ရလာဦးမှာပါ။ ဘ၀မှာအရေးကြီးတဲ့ အရာတွေကို အရင်ဂရုစိုက်ပါ။


အဲဒီအချိန်မှာ ကျောင်းသားတစ်ယောက်က လက်ထောင်ပြီး ဘီယာကကော ဘာကိုကိုယ်စားပြုပါသလဲလို့ ပရော်ဖက်ဆာကို မေးလိုက်တယ်။ ဘ၀မှာ ဘယ်လောက်ပဲ လုပ်စရာတွေပြည့်နှက်နေပြီး အချိန်လုနေရကြရပေမယ့်လည်း သူငယ်ချင်းတစ်ယောက်ယောက်နဲ့တော့ ဘီယာသောက်ဖို့အချိန်ရှိတာကိုဆိုလိုတာ.... လို့ ပရော်ဖက်ဆာက ပြန်ဖြေလိုက်တယ်။

သူငယ်ချင်းပို့ပေးသော အီးမေးကို အိမ့်ချမ်းမြေ့အတွက်... အိမ့်ချမ်းမြေ့မှ.. ဘာသာပြန်သည်။

hut1.png



Comments from Ainchannmyay.com


If i m not wrong, ma 99 also had translated this post, i think.
i’ve read it before.
Comment by Thida — April 8, 2009 @ 11:39 pm

သီတာ.. ဂူဂဲလ်မှာ search words တွေနဲ့ရှာကြည့်တာတော့ မလေးပြန်ထားတာကလွဲပြီး မတွေ့ပေမယ့်လည်း ဖြစ်နိုင်ပါတယ်.. မလေးကတော့ ရုံးက သူငယ်ချင်းတွေရဲ့ chain email တွေထဲကမနေ့ကမှရလို့ ရုံးမှာကောက်ပြီး ဘာသာပြန်လိုက်တာ.. ချိန်းအီးမေးလ်ကို ပထမဆုံးအနေနဲ့ ဘာသာပြန်ခြင်းမို့ ထောက်နေလားတောင်မသိ.. မနိုင်းနိုင်းလိုတော့ ဘာသာပြန် မကျွမ်းကျင်ဘူး :)
Comment by မလေး — April 8, 2009 @ 11:50 pm

May be i was wrong, so sorry ma lay…
:D …i cannot imagine where did i read this. sorry for saying without making sure first.
Comment by Thida — April 9, 2009 @ 12:12 am

ပို့လေးလည်းကောင်း.. ဘာသာပြန်သူကလည်းကောင်း.. ဘာသာပြန်ထားတာကလည်းကောင်း.. ဘာမကောင်းတာရှိအုံးမလဲ..။
Comment by Phyo Evergreen — April 9, 2009 @ 12:14 am

Thida … no worries Thida… I’m not that sensitive.. ဆောရီးပြောစရာမလိုပါဘူးသီတာရယ်.. may be you are right :D
အမြဲစိမ်းဖြိုး.. မကောင်းတာလား.. မလေး ဂေါက်သီးတွေကို သိပ်ဂရုမစိုက်ဖူးဖြစ်နေတာကို ကိုယ့်ကိုကိုယ် ပြန်သတိပေးနေရတာပါပဲမောင်လေးရေ့
သီတာရော.. ဖြိုးရော.. မလေးအိပ်ပြီ.. ဂွတ်နိုက်နော်…
Comment by မလေး — April 9, 2009 @ 12:19 am

Thanks Ma…Good night
Comment by Thida — April 9, 2009 @ 12:22 am

အမရေ.. ဘီယာ သောက်ဖို့  သတိရသွားပြီ။ :P
Comment by နေညိုရင့် — April 9, 2009 @ 12:28 am

ဒီနေ့အဖို့ တန်ဘိုးရှိတဲ့ အသိတစ်ခု ရလိုက်ပြီ။ ကျေးဇူး။
Comment byွှTTSweet — April 9, 2009 @ 8:55 am

If you read more… please visit to http://shwepyithu.blogspot.com ဆိုပြီး လေးမ ဆီကို Mayonnaisee ပုလင်းနဲ့  ကော်ဖီ ( ၂ ) ခွက် ဆိုပြီး မတ်လ ၁၀ ရက်နေ့ က သူငယ်ချင်းတစ်ယောက်ဆီက mail ရောက်လာပါတယ်..။ တစ်ယောက်ဘာသာပြန်ထားပြီးလို့  နောက်တစ်ယောက် ဘာသာမပြန်ရဘူးလို့  မရှိပါဘူး…။ လေးမကတော့ ကော်ဖီရော… ဘီယာရော နှစ်မျိုးလုံးသောက်လိုက်တာပဲ…။
Comment by layma — April 9, 2009 @ 10:09 am

ဒီဇာတ်လမ်းကို မြင်ဖူးနေတာ ကြာလှပါပြီ..
ဟိုးအရင် ဖတ်ဖူးတုန်းက ကော်ဖီ .. ဘီယာ မဟုတ်သေးဘူး =)
မြန်မာဘာသာပြန်ထားတာတော့ ခုမှဖတ်ဖူးတာ..
မလေးပြောတာ ဟုတ်တယ်. .ဂေါက်သီးက ပိုအရေးကြီးပါတယ်လေ..း-)
Comment by shwunmi — April 9, 2009 @ 10:32 am

Thida … Welcome Thida :)
နေညိုရင့် … ဂေါက်သီးအကြောင်းပြောနေတာ.. ဘီယာကို သတိရတယ်ပေါ့း))
ွှTTSweet … ဖတ်တာကျေးဇူးပါညီမရေ..
လေးမ .. တကယ်ဘီယာသောက်လား မလေးတော့ ခုထိခေတ်နောက်ကျတုန်း
ရွှန်းမီ နဲ့ လေးမ… မလေးတစ်ခုစဉ်းစားမိတယ်သိလား၊ ဂေါက်သီးနေရာမှာ သရက်သီး၊ ကျောက်စရစ်ခဲနေရာမှာ ဂေါ်လီလုံး၊ သဲ နေရာမှာ ဆားနဲ့ ဘီယာနေရာမှာ ငံပြာရည် ဆိုရင်ကော၊ ဘယ်သူနဲ့မှ တူတော့မှာမဟုတ်ဘူး… :D
Comment by မလေး — April 9, 2009 @ 2:08 pm

ကြိုက်သွားပြီ။ ဂေါက်သီးတွေနဲ့ချည်း ပြည့်နေတော့ရော ဘယ်လိုလုပ်ကြမလဲ။
Comment by ပုံရိပ် — April 9, 2009 @ 7:25 pm

မလေးမ ပြောမှ သတိရတယ်.. ဟုတ်ပ .. ဘာသာပြန်ရှိမှန်း ပြန်မေ့နေတာ..
မလေး ပြောသလို ဘာသာပြန်ရင် ဖတ်ရတာ ပိုအရသာရှိမယ် ထင်တယ်နော်..
သရက်သီးဆားစိမ်တောင် စားချင်လာပြီ . . . :-)
သရက်သီးရယ် ဇီးသီးရယ် ဆားရယ် နှင်းရည်ရယ် . . .
အဲ့လိုဆို ဂေါက်သီးပုလင်းထက် ပိုမိုက်မယ် ထင်တယ် .. :-P
Comment by shwunmi — April 9, 2009 @ 10:22 pm

လေးမ တကယ့် ဘီယာ မသောက်ပါဘူး.. မလေးရဲ့…။ ကော်ဖီ ရော.. ဘီယာပါ… ဘာဖြစ်ဖြစ် ဆိုလိုရင်း မပျက်လို့  လက်ခံတယ်လို့ ပြောတာပါ..။ ငံပြာရည်ဆိုရင်တော့ လေးမ မသောက်ဘူးနော်.. ဒါပဲ… ငံပြာရည်ဆိုရင် ဟင်းအိုးထဲ ထည့်လိုက်မယ်..။
Comment by layma — April 10, 2009 @ 8:21 am

ပုံရိပ်.. အဲဒါဆို နဲနဲတော့ ဦးနှောက်ခြောက်မယ်ထင်တယ်
ရွှန်းမီ… မလေးလဲ ရွှန်းမီပြောမှ အရမ်းစားချင်သွားပြီ။ မလေးက ငယ်ငယ်က သရက်သီးတွန်းလှည်းကို သွားသတိရတာ.. နောင်နောင်ဆိုကြေးစည်လေးထုပြီးလေ..
လေးမ … ငံပြာရည်က အနံ့ပြင်းသလောက်.. မလေး ဟင်းအိုးထဲက သူ့အရသာကိုကြိုက်တယ်..
Comment by မလေး — April 10, 2009 @ 10:34 am


Tuesday, April 07, 2009

နေရောင်ခြည်က နှင်းဖုံးတောင်တွေပေါ်ကတဆင့် တောင်ပေါ်မြို့လေးရဲ့ လမ်းတွေပေါ်မှာ ကစင့်ကလျားဖြာထွက်...
လမ်းတွေပေါ်မှာ ရေချိုးပြီးထွက်လာသလိုပဲ ကားတွေက မျက်စိကျိမ်းမတတ် အရောင်တွေကလက်...
ကားပြူတင်းပေါက်တွေ အကုန်ပွင့်နေလို့ ကားတွေထဲက သီချင်းမျိုးစုံက ခုံပေါက်ကွဲအက်နေတော့....
နွေဦးတောင် ရှက်သွားတော့မယ်ထင်ရဲ့။


တရုတ်လူမျိုးတစ်ယောက်ရဲ့ ကားထဲက လေးတွဲ့တွဲ့ တရုတ်သီချင်းက ငိုတော့မလိုလို...
ကုလားလူမျိုးတစ်ယောက်ရဲ့ ကားထဲက ဗုံသံကစုံပြီး "ပြာတယ်.. ပြာတယ်.." လို့ဆိုနေသလိုလို...
ဗီယက်နမ် လူမျိုးတစ်ယောက်ရဲ့ ကားထဲက သီချင်းတစ်ပုဒ်က ကြားရသူတောင် ငိုညည်းလိုက်ချင်သလိုလို...
အဖြူတစ်ယောက်ရဲ့ ကားထဲက Celine Dion ရဲ့ နှာခေါင်းသံက ဟိုးမိုးပေါ်က ပျံ့လွင့်လာသလိုလို....
ဗမာမ တစ်ယောက်ရဲ့ ကားထဲကတော့ ကော်ပီသီချင်းတစ်ပုဒ်က သံစဉ်ညီနေသလိုလိုနဲ့...
နွေဦးကို စိုပြည်စေကြမလို့တဲ့။


လမ်းမပေါ်က မြီးကောင်ပေါက်မလေးတွေကတော့...

ပေါင်ရင်းထိ တိုတက်နေတဲ့ ဘောင်းဘီတိုလေးတွေကိုဝတ်....
ကြိုးတစ်ချောင်းလေးတွေကိုဝတ်...
သားရေဖိနပ်ရှည်တွေကိုချွတ်...
ကြားညှပ်ဖိနပ်တွေကိုဝတ်...
ပြီးတော့ ...
ရောင်စုံဆံပင်တွေကိုခါ..
လက်ထဲမှာလည်း....
ရေခဲရိုက် Cappuccino ကတစ်ဘက်...
စတော်ဘယ်ရီရေခဲမုန့်တွေကတစ်ဘက်နဲ့...
နွေဦးဘက်ကို မျက်နှာလှည့်ထားကြပြီ။


ကျောင်းကစားကွင်းတွေထဲမှာ ကလေးလေးတွေက...
စနိုးဖိနပ်တွေကိုချွတ်...
ပူနွေးလာတဲ့ ညိုမြမြသဲတွေကို မိုးပေါ်ကိုပစ်လွှတ်...
ဆောင်းဦးထုပ် နဲ့ ကျောပိုးအိတ်တွေကို သစ်ပင်တွေအောက် စုပုံကာချွတ်လို့...
နွေဦးကို ဦးညွှတ်နေကြပြီ။


crocus.jpg

ပူနွေးလာတဲ့ မြေပြင်ပေါ်မှာ..
အရောင်စုံတဲ့ Crocus ပန်းကလေးတွေ...
ရွှေရောင်သန်းတဲ့ Daffodil ပန်းကလေးတွေ...
ဝေဟင်ထဲမှာလည်း...
အနီရောင်ပုရစ်ဖူးတွေ လွှမ်းခြုံလာတဲ့ မေပယ်လ်ပင်ပျိုတွေနဲ့
ပန်းရင့်ရောင်ပုရစ်ဖူးတွေ လွှမ်းခြုံလာတဲ့ ချယ်ရီပင်ညိုတွေက...
နွေဦးကို ကြိုနေကြပြီလေ..


Comments from www.ainchannmyay.com
နွေဦးအရိပ်တွေ ဖတ်သွားပါတယ်ဗျာ။
Comment by နေညိုရင့် — April 7, 2009 @ 9:37 am

အစ်မတော့ ပျော်နေလောက်ပြီထင်တယ်..နွေဦးရောက်လာလို့ အအေးသက်သာသွားပြီလား..။ အစ်မရဲ့နွေဦးလေးက လှလိုက်တာဗျာ..။ စ*တောင်*ဘယ်ရီဖြစ်နေတယ်..။
Comment by Phyo Evergreen — April 7, 2009 @ 9:49 am

နွေဦးရောက်ပြီ ဟုတ်တယ် ဒီကလဲနွေကိုမျှော်ကြတယ် ပျော်ကြတယ်နော်
မြန်မာလိုဆိုရင်တော့ နွေပန်းတွေနဲ့တွဲပြီး နွေကိုမျှော်တယ်
နွေဦးကံ့ကော်သီချင်းလေးကို သွားသတိရမိတယ်မလေး
Comment by မွန် — April 7, 2009 @ 10:16 am

နွေဦးပန်းချီကားလေးက လှလိုက်တာ။
နွေဦးကလူကို ကဗျာဆန်စေတဲ့ အစွမ်းရှိတယ်ထင်ရဲ့။
Comment by အပြုံးပန်း — April 7, 2009 @ 3:00 pm

နွေဦးက လူတဦးစီအတွက် တမျက်နှာစီ ရှိနေတယ် ထင်ရဲ့။
Comment by ပုံရိပ် — April 7, 2009 @ 6:44 pm

မလေးရေ ရောက်ပါတယ်နော်။ နွေဦး ဆိုတဲ့ အသံကိုကြားရင် ဘာကိုလွမ်းမှန်း မသိဘူး။ လွမ်းတော့လွမ်တယ် မလေးရေ။
အစဉ်အားပေးနေပါတယ်။
ခင်မင်လေးစားလျှက်
မေတ္တာရောင်ပြန်
Comment by မေတ္တာရောင်ပြန် — April 7, 2009 @ 7:20 pm

~~~~~~~~နွေအလှတွေရယ်…..ဖွဲ့ပြန်လဲပဲ စာဆိုတို့မှိုင်ငေးရပြန်~~~~~ဟိ
အီစကိုတို့က နွေမှာမွေးတာ….နွေကိုချစ်တယ် ဘယ်လောက်ပူပူ
ကံ့ကော်ပန်းလဲချစ်တယ်၊ ပိတောက်ပန်းလဲချစ်တယ်။
Comment by Thida — April 8, 2009 @ 7:27 am

သူငယ်ချင်းရေ… သတိရနေပါတယ်…မြန်မာနှစ်သစ်ကူးတော့မယ်နော်။
Comment by Angel Eyes — April 8, 2009 @ 8:49 am

မအိမ့်ချမ်းမြေ့ရေ… စိတ်မရှိလောက်ဘူးထင်လို့ စာဖတ်သူ အမြင်ကလေးပြောပါရစေ။ စာကြောင်း ၃၃ကြောင်းမှာ ၃၂ကြောင်းလုံးရဲ့အဓိပ္ပယ်လွဲမှားသွားနိုင်ပါတယ်လို့ထင်ပါတယ်။ ပထမဆုံးရေးလိုက်တဲ့တစ်ကြောင်းကို ကျောရိုးထားမယ်ဆိုရင်ပေါ့။ ဒါမှမဟုတ် ပထမစာကြောင်းရဲ့ (နှင်းဖုံးတောင်) ဆိုတာ တာမပါခဲ့ရင် ၃၃ကြောင်းလုံး လှပတဲ့ အဓိပ္ပယ်ကိုပေါ်လွင်နေပါလိမ့်မယ်လို့ မြင်မိပါတယ်။ နှင်းဖုံးတောင်သာဖြစ်နေသေးရင်အဲ့ဒီနယ်မြေဒေသ တောင်ပေါ်မြို့လေးမှာ ဒီလိုဥတုဖြစ်ဖို့ ခဲယဉ်းနေဦးမလားလို့ပါ။ ဖြစ်နိုင်တာက နှင်းဖုံးတောင်က တစ်မျှော်တစ်ခေါ်ကြီးမျိုးဆိုရင်တော့…
(နွေဦးဘက်ကို မျက်နှာလှည့်ထားကြပြီ)
Comment by ရှေးစာဆို — April 8, 2009 @ 11:40 am

နေညိုရင့်… Phyo Evergreen … မွန်.. အပြုံးပန်း.. ပုံရိပ်.. မေတ္တာရောင်ပြန်.. သီတာ..
နွေဦးကို မလေးနဲ့အတူခံစားပေးတဲ့တွက် ကျေးဇူးတင်တယ်လို့ မပြောတော့ဘူးနော်…း)
Angel Eyes .. သူငယ်ချင်း.. ကိုယ်လဲသတိရနေတယ်။ ဟိုမှာတော့ စည်မှာပေါ့နော်.. ကိုယ်တို့တော့ ဘယ်မှ သွားဖြစ်မယ်မထင်ဘူး။
ရှေးစာဆို … ခုလိုမျိုး သေသေချာချာဖတ်တာကို ကျေးဇူးတင်ရမှာပါ.. စာရေးသူတောင် ကိုယ့်စာကိုယ် ၃၃ကြောင်းရှိလားမသိပေမယ့် ဖတ်သွားသူက သေချာ အဲနယ်လိုက်ဇ် လုပ်သွားတာကို ၀မ်းသာရမှာ။ မလေးတို့ဆီမှာ တောင်တွေပေါ်မှာ တစ်နှစ်လုံးကို နှင်းဖုံးတယ်.. အနည်းဆုံး snow-capped mountain တွေ… ပစိဖိတ်ကမ်းစပ်မှာလူတွေက ရေးချိုးချိန်မှာ ရှေ့တည့်တည့်က တောင်ထိပ်တွေမှာ နှင်းတွေက တစ်နှစ်လုံး။ နောက် အအေးတိုင်းပြည်ဆိုတော့ နည်းနည်းလေးနွေးလာတာနဲ့ သူတို့က အ၀တ်မ၀တ်ချင်တော့ဘူး။ အဲဒီစာရေးတုန်းကဆို ၁၂ဒီဂရီပဲရှိတယ်။ မလေးက ဟတ်ချိုးချီနေတုန်းအချိန်မှာ လမ်းပေါ်ကအချို့ယောင်္ကျားလေးတွေဆို အကျီ င်္တောင်ချွတ်ပြီး လမ်းလျှောက်နေကြလေရဲ့။ ဒီမှာကြည့်ရင် နွေခေါင်ခေါင် ကမ်းစပ်မှာ လူတွေရေချိုးနေချိန် နောက်တည့်တည့်ကပ်နေတဲ့တောင်ပေါ်မှာ နှင်းတွေရှိတုန်းလေ.. ကိုရှေးစာဆိုထင်သလိုပါပဲ ကနေဒီယန်ရော့ကီး တမျှော်တခေါ်ကြီးမို့ပါ..
Comment by မလေး — April 8, 2009 @ 6:28 pm

Sunday, April 05, 2009

ခေတ်နောက်ပြန်ဆွဲသူမို့

ရှားအိမ်တစ်ယောက် သူငယ်ချင်း ၀ါရ ရဲ့ အိမ်ရှေ့ခန်းက ဆိုဖာပေါ်မှာ ကျောမှီပြီး တီဗွီမှန်သားပြင်ကို စိုက်ကြည့်နေသည်။ တီဗွီမှန်သားပြင်ပေါ်မှာ မိန်းမများကို ပြစားပြီး နာမည်ရလာသော “deal or no deal” အစီအစဉ်ထဲက အတိုများအဟိုက်များကို ကြည့်နေစဉ် အိမ်ရှေ့ခန်းက ဖုန်းက ဆယ်မိနစ်တစ်ခါလောက် မြည်နေသည်။


"၀ါရ.. ဖုန်းမကိုင်ဘူးလား"

"ငါ့ဖုန်းတွေ မဟုတ်ဘူး ရှားအိမ်၊ ငါ့အခန်းဖော် ၀ါသီရ ရဲ့ ဖုန်းတွေ"

"လာလှချည်လား"

"အင်း.. သူ့ကောင်မလေးတွေလေ"

"ကောင်မလေးတွေ…. "

"အင်း… အွန်လိုင်း၊ အွန်လိုင်း" ၀ါရက ရယ်ကျဲကျဲနှင့်ပြောသည်။

"သူ့သမီးက တက္ကသိုလ်တောင်ရောက်နေပြီမဟုတ်လား၊ မိန်းမကော"

"ကွဲနေတယ်လေကွာ… တရားဝင်ကွဲတာတော့မဟုတ်သေးပါဘူး။ မင်းလဲ လုပ်ကြည့်ပါလား၊ အွန်လိုင်းမှာ ပေါတယ်၊ ငါတောင် ဂျာမဏီမှာကျောင်းတက်နေတဲ့ ကောင်မလေးတစ်ယောက်နဲ့ အဆင်ပြေနေတယ်"



"စိတ်မ၀င်စားပါဘူးကွာ"

ဝါရ က ဆေးလိပ်ငွေ့များ တဖွားဖွားကို လက်နှင့်ယပ်ခတ်ပြီး ပြာခွက်ထဲသို့ ထိုးထည့်လိုက်သည်။


"မင်းအိမ်ရှင်က အိမ်ထဲမှာ ဆေးလိပ်သောက်ခွင့်ပေးလား" ရှားအိမ်မေးလိုက်သည်။


"ဒီလိုပေါ့ကွာ… ဒါနဲ့ မင်းတော့ ရန်ကုန်မှာ သင်္ကြန်ကျမယ်ဆိုတော့ အဆင်ပြေနေတာပေါ့"

"ပူတော့ တော်တော်ပူမယ်ထင်တယ်"

"မင်း စလုံးမှာ ဘယ်လောက်ကြာမလဲ"

"သုံးရက်လောက်ပါပဲ။ အမ နဲ့တွေ့ချင်တာလည်းပါတယ်"

အိမ်ရှေ့ခန်း တံခါးက ပွင့်လာသည်။ ၀ါရ သူငယ်ချင်း ၀ါသီရ ကျောပိုးအိတ်ကိုလွယ်ပြီး ၀င်လာသည်။

"ပြန်လာပြီလား"

"အေး.. ဒီနေ့ အလုပ်အိုဗာတိုင်မို့ နည်းနည်းနောက်ကျသွားတယ်"

"ဒါ.. ရှားအိမ်.. မင်း စလုံးကို လူကြုံပို့ချင်တယ်ဆို…"

"ဟုတ်ကဲ့ ကိုရှားအိမ် တွေ့ရတာဝမ်းသာပါတယ်။ ကျေးဇူးပဲဗျာ၊ ကျနော့ ညီမ၀မ်းကွဲကို လက်ဆောင်လေးပေးလိုက်ချင်လို့"


"ရပါတယ်ဗျာ"

ဝါသီရ အခန်းထဲကို ၀င်သွားသည်။ ဖုန်းမြည်သံက ပေါ်လာပြန်သည်။ ၀ါသီရ အခန်းပြင် ပြန်ထွက်လာပြီး ဖုန်းကို ကောက်ကိုင်လိုက်သည်။


"ဟလို.. အင်း.. ကို ဒီနေ့ နဲနဲနောက်ကျသွားလို့"

"......"

"ခုမှ အလုပ်က ပြန်လာတာ ချစ်ရဲ့"

ဖုန်းကို အသံအုပ်ပြောရင်း အခန်းထဲကို ၀ါသီရ ၀င်သွားသည်။ နာရီဝက်ခန့်ကြာတော့ အခန်းထဲက အထုပ်နှစ်ထုပ်နှင့်ထွက်လာသည်။


"ညီလေး ကျေးဇူးပဲ.. ဒါက စင်္ကာပူက “နုသီ” အတွက်၊ ဖုန်းနံပါတ် ဒီအထုပ် ပေါ်မှာရေးထားတယ်။ ဒါကတော့ ကမာရွတ်က “နုရီ”၊ ဖုန်းနံပါတ်တွေကို အထုပ်တွေပေါ်မှာ ရေးထားပေးတယ်"


"ရပါတယ်အကို.. အပန်းမကြီးပါဘူး"

ရှားအိမ် အထုပ်များကို လှမ်းယူလိုက်သည်။

***********


 


ဆိုင်လေးထဲမှာ လူရှင်းနေသည်။ အပြင်မှာ စင်္ကာပူမိုးက ဖွဲဖွဲလေးရွာနေသည်။ ရှားအိမ် ရှေ့စားပွဲပေါ်က ခေါက်ဆွဲပြုတ်ခွက်က အငွေ့တထောင်းထောင်းထနေသည်။ စားပွဲနားမှာ လူရိပ်ကြောင့် မော့ကြည့်လိုက်တော့ မိန်းကလေးနှစ်ယောက်ကို တွေ့လိုက်ရသည်။


"ကိုရှားအိမ်လားမသိ"

"ဟုတ်ကဲ့ပါ"

သူမတို့ ရှားအိမ်ဘေးက ခုံများမှာ ၀င်ထိုင်လိုက်သည်။
"တစ်ခုခုစားပါလား၊ ကျနော်ကျွေးပါ့မယ်... ဒါနဲ့ကိုဝါသီရ ရဲ့ ညီမက..."

မျက်လုံးပြူးပြူးကောင်မလေးကိုကြည့်ပြီး ရှားအိမ်ကပြောလိုက်သည်။

"ကျမမဟုတ်ဘူး။ သူ.. သူ.." မျက်လုံးပြူးမလေးက ရယ်ကျဲကျဲနှင့် ဆံတိုမလေးကို လက်ညှိုးထိုးပြသည်။

ကိုဝါသီရ ညီမက သူ့အစ်ကိုနဲ့ နည်းနည်းမှ မတူဟု ရှားအိမ်တစ်ယောက် စိတ်ထဲက ကောက်ချက်ချမိသည်။

"အော်.. တွေ့ရတာဝမ်းသာပါတယ်၊ နှစ်ယောက်လုံးကိုပေါ့"

"ကိုဝါသီရနဲ့ အကိုနဲ့က ခင်တာကြာပြီလားဟင်" ဆံတိုမလေးက ဆံပင်လေးကိုခါပြီး ရှားအိမ်ကိုမေးသည်။


"သူနဲ့တော့ သိပ်မသိဘူးခင်ဗျ၊ သူ့နဲ့တူတူနေတဲ့ ၀ါရ နဲ့ သူငယ်ချင်းပါ"

"ကိုဝါသီရက စလုံးကို လာမယ်ပြောသေးလား"

"အဲဒါတော့မသိဘူး၊ သူ.. ညီမဆီ မရောက်တာကြာပြီထင်တယ်"

"ရှင်.. အဲ.. ညီမဆီ တစ်ခေါက်မှကို မလာသေးတာ၊ ညီမက တွေ့ချင်နေပြီလေ၊ သူက အလုပ်ခွင့်မရသေးဘူးဆိုလို့"


"ဟိုတစ်ခါ သူ့မိဘတွေ လာလည်သေးတယ်ကြားတယ်၊ ညီမက ဘာလို့ လိုက်မလာတာလဲ"

"ရှင်... အကိုကလဲ ဟင်းဟင်း၊ ညီမတို့ နားမှ မဖောက်ရသေးတာ"

"ဗျာ.... အဲ... တောင်းပန်ပါတယ်.. ကျနော် သူ့ညီမနဲ့ မှားသွားလို့"

"ရပါတယ်"

***********


အပြင်မှာ ကျီးကန်းအော်သံများက ရှားအိမ်ရဲ့နားထဲမှာ သာယာနာပျော်ဖွယ်။ ခြေထောက်များအောက်က အေးမြသော ကျောက်သားပြင်ရဲ့ အထိအတွေ့ကို ခံစားရင်း “နုရီ” လူကြုံပစ္စည်းလာယူမည်ဆို၍ အိမ်ရှေ့ခန်းမှာ မကြားရတာကြာပြီဖြစ်သော တွံတေးသိန်းတန်၏ သီချင်းကို နားထောင်ရင်း စောင့်နေသည်။


လူခေါ်ခေါင်းလောင်းသံတစ်ချက်ကြားလိုက်သည်။ အိမ်ရှေ့တခါးကို ထဖွင့်တော့ အိမ်ပေါက်ဝမှာ မိန်းကလေးနှစ်ယောက်ရပ်နေသည်။


“မနုရီထင်တယ်.. ၀င်ပါခင်ဗျာ”

အအေးခွက်လေးထဲက ပိုက်ကလေးများ လှုပ်ခတ်နေသလို အိမ်ရှေ့ခန်းမှာ စကားသံများကလည်း ဝေ့၀ဲနေသည်။


နုရီက ၀ါသီရအကြောင်း၊ ကနေဒါအကြောင်း မေးမြန်းသည်ကို ရှားအိမ် စိတ်ရှည်လက်ရှည်ဖြေပေးနေသည်။ နုရီ၏ မေးခွန်းတွေက ရှားအိမ်၏ စိတ်ထဲမှာ အတွေးများစွာကို ဖြစ်ထွန်းစေသည်။ သို့ပေမယ့် နုရီကို ပြန်လည်မေးလိုသော မေးခွန်းများကို မမေးတော့ဟု ရှားအိမ် ဆုံးဖြတ်လိုက်သည်။ သေချာတာကတော့ နုရီ လည်း ၀ါသီရ နှင့် ရုပ်ရည်ချင်းမဆင်။


ဝါသီရ ပေးလိုက်သော အထုပ်လေးကို ပိုက်ပြီး နုရီတို့ ပြန်ဖို့ပြင်ကြသည်။ ရှားအိမ် တခါးဝထိ လိုက်ပို့ပေးအပြီး နုရီ သူငယ်ချင်း ရှေ့ကသွားနှင့်သည်ကို အခွင့်ကောင်းယူကာ ရှားအိမ်ကို မျက်နှာငယ်လေးနှင့် နုရီမော့ကြည့်လာသည်။


“အကို.. ကိုဝါသီရ က ဘာလို့မြန်မာပြည်ကို ပြန်မလာတာလဲ”

“အလုပ်ခွင့်မရလို့ထင်တယ်။ ကျနော်လဲ တိတိကျကျတော့ မသိဘူးဗျ”

“ကျမတို့ရင်းနှီးနေတာ ၂နှစ်လောက်တောင်ရှိတော့မယ်၊ တခါမှ မတွေ့ရသေးဘူး။ သူ ဒီတစ်ခါလာရင် ကျမကို သူ့မိဘတွေနဲ့ တွေ့ပေးမယ်လို့ ပြောတာပဲအကိုရယ်"

ရှားအိမ် ဆံပင်ကိုသပ်ကာ နှုတ်ဆိတ်နေလိုက်မိသည်။

ရှားအိမ်ဘာမှ ပြန်မပြောတော့ မရဲတရဲအပြုံးလေးပြုံးကာ ကျေးဇူးတင်ပါတယ်၊ သွားလိုက်ပါဦးမယ်ဟု နှုတ်ဆက်ကာ နုရီ ခြံထဲမှ ထွက်သွားလေတော့သည်။


အိမ်ရှေ့ဆိုဖာပေါ်မှာ အရုပ်ကြိုးပြတ်ထိုင်ချလိုက်ပြီး ကက်ဆက်ရီမုတ်ကိုယူကာ သီချင်းကို အကျယ်ကြီးဖွင့်လိုက်သည်။ ရှားအိမ် တစ်ယောက် သူ၏ဆံပင်များကို တဗြန်းဗြန်းမြည်အောင် ကုတ်လိုက်ရင်း တစ်ယောက်တည်း အကျယ်ကြီးအော်ပစ်လိုက်တော့သည်။


“ရှားအိမ်ရေ.. မင်း ခေတ်နောက်ကျနေပြီကွ၊ သိပ်ကို ခေတ်နောက်ကျနေပြီ… ဟူးးး”


hut1.png


ခေတ်ကိုခံစားနားလည်ရင်း.. တစ်ဘက်မှလည်းစေတနာများစွာဖြင့် ...

Comments from Ainchannmyay.com

ခေတ်နောက်ကျတာဘဲကောင်းတယ်ထင်ပါတယ်နော်……အစ်မ။ ကောမန့်ရပြီ..ပျော်ဒယ်။
Comment by Phyo Evergreen — April 3, 2009 @ 11:58 pm |

ရောက်တယ်မဂျီးရေ..မဖတ်၇သေးတာတွေဖတ်နေတာအငမ်းမရ..
အွန်လိုင်းမှာစာမဖတ်ရတာကြာလို့…
မြန်မာနှစ်သစ်ရောက်တော့မယ်မဂျီးရေ..ပျော်ရွှင်ပါစေ
Comment by ဒေါင်းမင်း — April 4, 2009 @ 12:04 am

ခေတ်နောက်ပြန်ပဲ ဆွဲကြပါစေလို့….။
Comment by sin dan lar — April 4, 2009 @ 1:12 am

အမရေ.. ခေတ်နောက်ကျတာပဲ ကောင်းမလား..။ တော်ကြာ ခေတ်ရှေ့ လွန်နေလို့  ဟထိုးလဲ ချော်သွားမှဖြင့် ၂ ဘက်စလုံး မကောင်းဘူးနော်။ တဘက်က အတည်ဆိုရင်ပေါ့လေ… ။
Comment by နေညိုရင့် — April 4, 2009 @ 2:49 am

အစ်မရေ… ဖတ်အပြီးမှာ ရှားအိမ်လိုပဲ ဘာပြောရမှန်းမသိတဲ့ ခံစားချက်မျိုး ဖြစ်သွားတယ်။ ညီမရဲ့ ရည်းစားများတဲ့ သူငယ်ချင်းကောင်လေးတစ်ယောက် သူ့ကောင်မလေးအတွက် ပေးလိုက်တဲ့ လက်ဆောင်ထုပ်လေး သယ်သွား ပေးဖူးတယ်။ ညီမက ကောင်လေးအကြောင်းကို သူမေးတာတွေ ပြောပြနေတုန်း နားထောင်ရင်းကြည့်နေတဲ့ ကောင်မလေးရဲ့မျက်လုံးလေးတွေကို ဘယ်လိုပြန်ရေးပြရမလဲ မသိဘူး။ ဘယ်တော့မှတော့ မမေ့တော့ဘူး…။ အစ်မ ၀တ္ထုကောင်းလေးအတွက် အရမ်းကို ကျေးဇူးတင်ပါတယ်…
Comment by ရွှေပြည်သူ — April 4, 2009 @ 3:00 am

သိပ်မှန်တာပဲမမရယ် ကိုယ်ကပဲ ခေတ်နောက်ကျတာလား သူတို့ကပဲ ခေတ်ရှေ့ပြေးတာလား
Comment by မွန် — April 4, 2009 @ 6:43 am

ခေတ်ရဲ့ နောက်မှာပဲ နေခဲ့တော့မယ်။ ခေါင်းရှုပ်တယ်လေ။ :D
Comment by ပုံရိပ် — April 4, 2009 @ 8:32 am

I really like this post~~ I heard alot of same stories in sg too~~ huuu huuu
Headache :(
Comment by mee mee may — April 4, 2009 @ 9:06 am

မလေးရေ …
အွန်လိုင်းမှာ အဲဒီလိုယောက်ျားတွေ ဘယ်လောက်များနေမလဲ မသိဘူးနော်။
အွန်လိုင်းဆိုတာ တကယ့်ဘ၀ အစစ်အမှန်မဟုတ်ဘူးဆိုပြီး အမျိုးမျိုး လိမ်ညာကြပေမဲ့ ကြာတော့လည်း ဇာတိတွေက ပေါ်တာပါပဲ။
အဖြစ်မှန်ဆိုတာ ကြာကြာဖုံးထားလို့ ရတာမှ မဟုတ်တာလေ။
“ခေတ်နောက်ကျတယ်” လို့ ရှားအိမ်က စိတ်ပေါက်ပေါက်နဲ့ ပြောလိုက်တာနေမှာ … တကယ်က သစ္စာမရှိတာပဲ … မဟုတ်လား။
Comment by မေဓာဝီ — April 4, 2009 @ 10:51 am

နောက်မှာဘဲကောင်းတယ် အဖွားရေ၊ ရှေ့ရောက်ရင် စိတ်မောလို့၊အော်လိုက်ချင်တာက ရှားအိမ်ရေ မင်းခေတ်နောက်ကျတာဘဲကောင်းတယ်…. ငါလည်း အဖော်ရတယ်… လို့ပေါ့ဗျာ
Comment by ဒေါင်းသျေောင်းမှာပျော်သည့်ကျား — April 4, 2009 @ 12:52 pm

အဖွား နာမည်မှားတာပြင်ပေးနော်
နောက်မှာဘဲကောင်းတယ် အဖွားရေ၊ ရှေ့ရောက်ရင် စိတ်မောလို့၊အော်လိုက်ချင်တာက ရှားအိမ်ရေ မင်းခေတ်နောက်ကျတာဘဲကောင်းတယ်…. ငါလည်း အဖော်ရတယ်… လို့ပေါ့ဗျာ
Comment by ဒေါင်းသေချောင်းမှာပျော်သည့်ကျား — April 4, 2009 @ 12:54 pm

အပြင်မှာ တကယ် ဒီလိုလူတွေရှိနေတာ အများကြီးပဲ၊ ရှားအိမ်ရေ.။
ဘ၀ဆိုတာကို အဲဒီလိုကျော်ဖြတ်ချင်ကြတဲ့ လူတွေနော်။
အချိန်နဲ့လူ့တန်ဖိုးဆိုတာကို သူတို့မေ့လျော့နေကြတာ ထင်တယ်။
Comment by အပြုံးပန်း — April 4, 2009 @ 7:40 pm

Phyo Evergreen… အမလဲ ကွန့်မင့်ရေးလို့ရသွားလို့ ပျော်တယ်း)
ဒေါင်းမင်း .. အခုဘယ်ရောက်နေလဲ၊ မောင်လေးလဲ နှစ်သစ်မှာပျော်ရွှင်ပါစေ
sin dan lar … ကျမလဲ အဲလိုပဲထင်ပါတယ် မစန္ဒာလင်းရယ်..
နေညိုရင့်… ယောင်္ကျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် အတည်ဘက်က နာတာပေါ့လေ..
ရွှေပြည်သူ … အမတော့ မနေနိုင်တော့လို့ ရေးမိတာပါ။ ခုနကပြောသလို နှစ်ဘက်လုံးက အပျော်ဆိုရင်တော့ ပြီးတာပါပဲ။ တဘက်က စီးရီးယစ်ဖြစ်နေရင်တော့…
မွန် … အမတို့ နောက်ကျနေတာပဲဖြစ်မှာပါမွန်ရယ်။
ပုံရိပ်… နေခဲ့တော့ပုံရိပ်ရေ… တူတူနေခဲ့မယ်
mee mee may … ကမ္ဘာအနှံ့ကိုဖြစ်နေတယ်နဲ့တူပါတယ် မီးမီးမေရယ်..
မေဓာဝီ .. မမေရေ.. စေ့စပ်ထားလို့ပဲဖြစ်ဖြစ် ယုတ်စွအဆုံးလက်ထပ်ထားတာတောင် တကယ်ချစ်မိကြတယ်ဆိုလဲ ပြတ်ပြတ်သားသားကွဲပြီးအတည်ယူကြ၊ အဲလိုမျိုး မိန်းမတွေရဲ့ နှလုံးသားကို အွန်လိုင်းပေါ်က အပျော်ကစားပြီးတော့ respect မရှိတာကို မလေး မနေနိုင်လို့ ရေးလိုက်မိတာပါပဲ မမေရယ်..။
ဒေါင်းသေချောင်းမှာပျော်သည့်ကျား … အရေးထဲအဖော်ညှိနေရသေးတယ်နော်။ ခေတ်ရှေ့ပြေးချင်သေးလို့လား.. တိတ်ကဲမြေးရေ.. ဒီရက်တွေ အဖွားမအားသေးလို့၊ တိုင်ပင်စရာရှိတယ်ဆို အီးမေးလ်သာပို့ထား။
အပြုံးပန်း … “အချိန်နဲ့လူ့တန်ဖိုး” ဆိုတာကို အရမ်းကြိုက်သွားတယ်။ မလေးလဲ ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ရမယ်။
Comment by မလေး — April 4, 2009 @ 7:47 pm

အဲ့…အနော်ဘာမှ ပြောတော့ဘူး :P ခေတ်ဆန်မိလို့ မှောက်ခုံလဲကျသွားတာ သွားကျိုးသွားတယ် ။
Comment by မောင်မျိုး — April 4, 2009 @ 10:18 pm

ဟား ဟား ခေတ်မီတဲ့ ပိုစ့်လေး တစ်ခုပါပဲ မမရေ..
အဲလိုတွေ အတော်များလာနေပြီ အခု… ယောင်္ကျားတွေများ ခက်တယ်
မိန်းမတွေက ပိုခက်တယ် မမရေ
Comment by Pinkgold — April 4, 2009 @ 11:18 pm

ဖတ်သွားတယ။် ညီမ.
Comment by kom — April 5, 2009 @ 1:45 am

ဟူးးးးးး
ဖတ်ပြီးရင်မောသွားတယ် မလေးရယ်…
အဲလိုသာဆိုရင် ကျွန်တော်တော့ ဘိုးတော်ဘုရားလက်ထက် ပြန်ရောက်နေပြီလားမသိ.
ဖတ်မိသူတွေလည်း ကိုယ်ချင်းစာပြီး တစ်ဦးပေါ်တစ်ဦး မလှည့်စားမိကြပါစေနဲ့လို့ ဆုတောင်းမိပါတယ်ဗျာ.
ခေတ်ကြီးက သိပ်ကိုတိုးတက်နေလွန်းတော့လည်း ရေခြားမြေခြားဆိုတာ မရှိတော့ဘဲ အရမ်းကို နီးစပ်နေစေခဲ့တာကိုက ပြဿနာတွေရဲ့ အရင်းအမြစ်လို ဖြစ်နေတယ်.
ခေတ်နောက်ကျစွာနဲ့ ဘာကိုမှမသိပြန်ရင်လည်း ဘုမသိဘမသိနဲ့ လှည့်စားခံရမယ်. ခေတ်နဲ့အညီပြေးလိုက်ပြန်ရင်လည်း ဒီပုတ်ထဲက ဒီပဲ ဖြစ်သွားမယ်.
အကောင်းဆုံးကတော့ ဘာတွေဖြစ်နေတယ်ဆိုတာကို အမှန်အတိုင်းနားလည်ပြီး အလိုဆန္ဒတွေကို ကောင်းစွာချုပ်တည်းထားနိုင်ခြင်းသာ မှန်ကန်သော နေထိုင်ခြင်းဖြစ်လိမ့်မယ်ထင်တယ် မလေးရေ…
ပြောနေရင်း ကျွန်တော်လည်း ဓမ္မဆရာတစ်ယောက်ဖြစ်နေပြီလားမသိ..း)
စကားမစပ်. ဘန်နာပေါ်က ပိတောက်ပန်းလေးတွေကိုကြိုက်တယ်.
ကျေနပ်ပျော်ရွှင်စွာဖြင့် ခေတ်နောက်ပြန်အပ်သော…
Y.
Comment by Yan — April 5, 2009 @ 7:45 pm

မောင်မျိုး.. တစ်ကယ်ကြီးလားမောင်လေးရယ်..
Pinkgold … ယောင်္ကျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် အတည်ခံစားရသူ နာတာပေါ့ ညီမရယ်..
kom .. ဟုတ်ကဲ့အမ.. လာလည်တာကျေးဇူးပါနော်
Yan … အဲလိုလုပ်သူတွေက တပြိုင်နက် တကယ်ကိုနှစ်ယောက်ချစ်မိတာပါ ဆိုရင် ဘယ်လိုလုပ်ကြမတုန်းနော်… ဘန်နာပေါ်က ပိတောက်မဟုတ်ဘူး။ မလေးက လူ့ဂွစာ.. ပိတောက်ကို မကြိုက်ဘူး။ သူများတွေ စကားထဲထည့်မပြောတဲ့ ငုဝါလေးတွေကိုကြိုက်လို့ ငုပန်းလေးတွေတင်ထားတာပါရှင်..
Comment by မလေး — April 5, 2009 @ 11:24 pm

ဆော်ဒီအာရဗျမှာဆိုရင်တော့ အိုကီတယ်. တပြိုင်တည်း လေးယောက်တောင် ချစ်လို့ရတယ်. အဲလိုဆိုရင်တော့ ဘာသာပြောင်းရင်ပြောင်း. မပြောင်းရင်တော့ တစ်ခွန်းပဲ ပြောစရာရှိတော့တယ်. မြွေမဖမ်းနဲ့လို့… :)
တစ်ပြိုင်တည်းနှစ်ယောက်ချစ်မိရင် မြွေဖမ်းတာနဲ့အတူတူပဲ. တစ်ချို့ကျတော့လည်း မြွေဖမ်းတာတော်တယ်ဗျ. ကျွန်တော့်အသိတစ်ယောက်ကို မေးဖူးတယ်.
သူက လောလောဆယ် ယူအန်(န်)မှာ လုပ်နေတဲ့ အရာရှိတစ်ယောက်နော်.. သူက ဘာပြောလဲသိလား.
(၁) စံတော်ချိန်မတူစေနဲ့တဲ့. ဥပမာ နိုင်ငံမတူတာမျိုးပေါ့.
(၂) သူမှသူ ဖြစ်နေတယ်လို့ ထင်နေပေ့စေတဲ့. အမြဲတမ်း Available ဖြစ်နေတယ်လို့ ထင်အောင်လုပ်တဲ့.
(၃) မသိတဲ့ဝှက်ဖဲလေးတွေထားပြီး လိုသလို ကစားတဲ့… ဥပမာ. အစ်မတို့၊ ညီမ၀မ်းကွဲတို့ စသည်ဖြင့်ပေါ့တဲ့.
ကျွန်တော်တော့ သူပြောတဲ့စကားတွေကိုကြည့်ပြီး တော်တော်လေး လန့်လည်းလန့်မိတယ်. ဖြုံလည်းဖြုံသွားတယ်.
အသေးစိတ်လည်း မပြောရဲဘူး. တော်ကြာ ကိုရန်က ဘာလို့အဲလောက်သိနေတာလဲဆိုပြီး မလေးက ပြန်မေးမှ ကွိုင်ပဲ… အဲဒိ့အခါကျရင် မြွေဖမ်းတာတင်မကဘူး. ငါးရှဉ့်ရော၊ ငါးမြွေထိုးရော၊ ငါးပြေမရော အကုန်ဖမ်းတာထက်ပိုဆိုးလိမ့်မယ်. ဟတ်ဟတ်ဟတ်. မျက်စိထဲတောင်မြင်ယောင်မိသေးတယ်. ရှလွတ်.. ရှလွတ်.. ရှလွတ်နဲ့ လက်ထဲက ပြေးထွက်နေမယ့် ငါးတွေငါးတွေ. :)
စကားမစပ်… ငုဝါပန်းနဲ့ ပိတောက်ပန်း တော်တော်တူတယ်နော်. ကျွန်တော်ခုမှ ပြန်ကြည့်မိတယ်. ဟုတ်သားဗျ.
အင်း. မလေးရဲ့ အနှိမ်ခံလေးတွေကိုမှ မေတ္တာထားတတ်တဲ့ စေတနာလေးကို ကျွန်တော် လေးစားမိပါတယ်ဗျာ. I mean it…
ကောင်းသောညလေးဖြစ်ပါစေ မလေးရေ. ဆီဘောက်စ်မရှိတော့ ကော်မန့်မှာပဲ လာပြီး ပွားနေရတော့တယ်. ခွင့်လွှတ်.
Y.
Comment by Yan — April 5, 2009 @ 11:40 pm

ဒီလိုလူမျိုးတွေကို ယုံစားမိတဲ့မိန်းကလေးတွေသနားပါတယ်။
Comment by မေ့သမီး — April 6, 2009 @ 1:46 am

(၂၁ရာစုမှာ.. အစစ်အမှန်ခံစားခွင့်ရသော အတုအယောင် ပရိုဂရမ် များစွာ. ကွန်ပျူတာ မှ ဂျနရိတ် ထပ် လုပ်ပေး လိုက်သော ချစ်ခြင်းမေတ္တာ..) အင်း… ခံစားရတဲ့သူက ပိုတန်မလားတောင် မသိဘူး.. ဘာမှ မခံစားရတဲ့သူက ဟန်ဆောင်နေရာတာနဲ့. အချိန်ကုန် လူပန်း ပေမဲ့.. တကယ် ခံစားရတဲ့သူကတော့ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ.. ချစ်ခြင်းမေတ္တာ နဲ့ ထိတွေ့ခွင့်ရ သွား တယ်လေ.. လွမ်းတယ် ဆိုတဲ့ အရသာကလည်း ခံစားလို့ အတော်ကောင်းဆိုပဲ.. :D .. ( ဂွ တွေးကြည့်တာပါ :P ) နေကောင်းရဲ့လား မအိမ့်.. မရောက်ဖြစ်တာတောင် ကြာပေါ့..
Comment by Tesla — April 6, 2009 @ 6:42 pm

Right ကိုတက်စ် မှန်တယ်.. ချစ်တယ်ဆိုတာနဲ့ ထိတွေ့ခွင့်ရသွားတယ်။
မလေးရေ ဒီပိုစ့်လေးကို သမီး မေလ်းပို့လိုက်တယ်။။ ဖတ်စေချင်သူတွေဆီကို။ ခွင့်ပြုနော် မလေး :P
Comment by Pinkgold — April 6, 2009 @ 8:48 pm

Yan... ကိုရန် ခုလိုပြောပြတာ မလေး ကျေးဇူးတင်ပါတယ်။ ဒီထက်အသေးစိတ်ပြောရင်လဲ ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ရိုးသားတဲ့မိန်းကလေး၊ယောင်္ကျားလေးတွေ နုနယ်သေးတဲ့ အွန်လိုင်းတက်ခါစ လူငယ်တွေ သတိထားမိရတာပေါ့။
မေ့သမီး… ဟုတ်တယ်မေ့သမီး
Tesla… ကိုတက်စ်ပြောမှ အကောင်းဘက်ကလှည့်တွေးရင် ဟုတ်သလိုလိုရှိသား၊ လွမ်းတယ်ဆိုတဲ့အရသာက ကောင်းတယ်ဆိုတာတော့ ခုမှပဲကြားဖူးတော့၏။ ဟုတ်.. မလေး နေကောင်းပါတယ်။ ကိုတက်စ်လာကော.. စလုံးမှာပဲလား။ ကိုတက်စ်ဘလော့ဂ်တောင် မရောက်တာကြာပြီ။ စာမရေးသေးဘူးထင်လို့။
Pinkgold… ရတယ်ညီမလေး။ မလေးလဲ လူငယ်တွေကို သိပြီးသားဖြစ်နိုင်ပေမယ့်လည်း သိစေချင်တဲ့ စေတနာပါ။

Friday, April 03, 2009

ဝါသနာ

ဝါသနာ….ဆိုတာ အားလပ်တဲ့အချိန်မှာလုပ်နိုင်တဲ့ ကိုယ့်ကိုကိုယ်လည်း စိတ်အပန်းပြေစေတဲ့ အလုပ်တစ်ခုတဲ့။

ကျမအတွက်တော့ ၀ါသနာဆိုတာ မွေးဖွားကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်ပေါ်မှာ မူတည်ပြီးတော့ ပြောင်းလဲသွားတယ်။



ကျမ ငယ်ငယ်က ကိုယ်လက်လှုပ်ရှား အားကစား သိပ်ဝါသနာပါတယ်။ ကြက်တောင်ရိုက်တာ၊ တောင်တက်တာ၊ ဘောလုံးကန်တာတွေကို သိပ်ဝါသနာပါခဲ့တယ်။ ကျမတို့ ခေတ်တုန်းက မိန်းကလေးတွေ ဘောလုံးကန်တာ၊ တောင်တက်တာတွေဟာ ဗိုင်းကောင်းကျောက်ဖိ ယဉ်ကျေးမှုတစ်ခုနဲ့ ဘယ်လိုမှ မသင့်တော်ခဲ့ဘူးလို့ ဆိုရမယ်ပေါ့နော်။ နောက်ပြီး အိုးပုတ်နဲ့ ကစားရတာ၊ စာအုပ်တစ်အုပ်အုပ်ယူပြီး သစ်ပင်ပေါ်တက် စာဖတ်နေရတာ၊ ဂစ်တာတီးရတာ သိပ်ဝါသနာပါခဲ့တယ်။ အဆိုးဆုံးကတော့ ကရာတေးကစားတဲ့ ၀ါသနာပါပဲ။ ၀ါသနာသာပါတာပါ၊ တစ်ခါမှ မကစားလိုက်ရပါဘူး။ ရှစ်တန်းလောက်တုန်းက အပေါင်းအသင်းတွေထဲမှာ ဂျုဒို၊ကရာတေး ခေတ်ထလိုက်သေးတယ်။ သိတဲ့အတိုင်းပဲ ဂျူဒို၊ကရာတေး တတ်တဲ့လူတွေဟာ သင်တန်းလေးစတက်ပြီဆိုတာနဲ့ လမ်းလျှောက်တာကိုက မြောက်ကြွမြောက်ကြွနဲ့ ကားပြီးလျှောက်တတ်ကြတယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ်၊ သူတို့တွေ ဘယ်လိုပဲကားနေကားနေ၊ ခါးပတ်နက်လောက်အထိ ကစားချင်တဲ့စိတ်တွေက ချိုးနှိမ်လို့မရဘူး။ အကိုတွေကတော့ပြောတယ် “မိန်းကလေးဖြစ်ပြီး ပခုံးကြီးကားပြီး အပေါ်ပိုင်းကြီး ကြီးချင်နေလား” တဲ့။ ကြီးချင်ကြီး၊ ကားချင်ကား ကိုယ်ကတော့ ကစားချင်တာပဲသိတယ်။ ဖြစ်ချင်တော့ အပေါင်းသင်းထဲက ခါးပတ်အညိုအဆင့် မိန်းကလေးတစ်ယောက်က လမ်းလျှောက်ရင် ယောင်္ကျားကြီးလို ကားပြီး မြောက်ကြွမြောက်ကြွဖြစ်နေရာကနေ၊ ရုတ်တရက် အရမ်းသိမ်မွေ့နူးညံ့ပြီး အရမ်းမိန်းကလေးဆန်သွားတယ်။ လမ်းလျှောက်ရင်လဲ ဆင်မယဉ်သာခြေလှမ်းကလေးနဲ့ လှုပ်လီလှုပ်လဲ့ဖြစ်နေတော့ ညီအစ်မတတွေ “ဟဲ့… သူ..ဘယ်လိုဖြစ်သွားရတာလဲ” လို့ တစ်ယောက်နဲ့တစ်ယောက် တိုးတိုးတိတ်တိတ်မေးနေရင်းကနေ သိလိုက်ရတာက …. သူ ရည်းစားရသွားလို့တဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျမကတော့ အိမ်နောက်ဘက်မြေကွက်လပ်မှာ ကရာတေး အတော်အသင့်တတ်တဲ့ သူငယ်ချင်းမိန်းကလေးတွေဆီကနေ ဖေဖေ မသိအောင် ခိုးပြီးသင်ခဲ့ဖူးတယ်။

ဝါသနာဟာ ဖိနှိပ်မှုအောက်မှာ မှေးမှိန်ပျက်သုန်းသွားတတ်ကြတယ်။

ခုနကပြောသလို ကရာတေးကစားတာ ၀ါသနာပါခဲ့တဲ့ကျမ၊ လိဒ်ဂစ်တာကို ပရိုဖက်ရှင်နယ်တစ်ယောက်လို ကျွမ်းကျင်စွာ တီးတတ်ချင်ခဲ့တဲ့ ကျမဟာ၊ အလွန်ပျင်းစရာကောင်းတဲ့ နွေနေ့လည်ခင်းတွေမှာ စန္ဒယားခုံပေါ်မှာ မှောက်ပြီးအိပ်ပျော်ခဲ့ဖူးတယ်။ ကောင်းစေချင်တဲ့ စေတနာနဲ့ အကောင်းဆုံးလုပ်ပေးခဲ့တဲ့ မိဘတွေကို နားလည်ပေမယ့် အခုချိန်ထိ piano notes မည်းမည်းကြီးတွေဟာ ကျမကို ခြောက်လှန့်နေဆဲပဲ။ ဒီလိုနဲ့ notes မဖတ်တတ်ဘဲနဲ့ နားနဲ့ပဲတီးတတ်လာတယ်။ တစ်ခါတစ်ရံတော့ နောင်တရမိပါတယ်။ မိဘတွေစကားနားထောင်ပြီး စန္ဒယားကို တတ်အောင်သင်ခဲ့ရင်… ဆိုပြီး။


ဝါသနာတစ်ခုဟာ ပတ်ဝန်းကျင်ရဲ့ လှုံဆော်မှုအောက်မှာ အရောင်တောက်လာတတ်တယ်။


သနပ်ခါးလိမ်းရမှာ အလွန်ပျင်းခဲ့တဲ့ ကျမ၊ လက်သည်းရှည်ထားပြီး ဆေးဆိုးရတာကို ရွံစရာလို့ထင်ခဲ့တဲ့ကျမ၊ ထမီအရှည်ကြီးကို ဘိုသီဘတ်သီဝတ်တတ်တဲ့ကျမ၊ ဂစ်တာတီးပြီး ကရာတေးကစားတဲ့ ဆံတိုဂုတ်ဝဲသူငယ်ချင်းမတွေနဲ့ ဝေးသွားတဲ့ ဆယ်တန်းအောင်ပြီးနှစ်တွေမှာတော့ အလှပြင်ရတာကို ၀ါသနာပါလာတယ်။ ဆံပင်အရှည်ကြီးကို ထိုင်ဖီးနေတာ တစ်နာရီလောက်ကြာချင်ကြာတတ်တယ်။ “သမီးရယ်.. ပြင်နေတာမပြီးနိုင်ဘူး၊ ထွက်လာတော့လဲ ဒီပုံပဲ….” လို့ မေမေကအမြင်ကတ်ကတ်နဲ့ပြောလည်း တစ်အိမ်လုံးမှာရှိသမျှမှန်တွေ တစ်ချပ်မကျန် ကြည့်ပြီးမှ ကျောင်းကိုထွက်သွားတော့တာပါပဲ။ စကားမစပ် လူတွေတော်တော်များများက ထင်တတ်ကြတာ မိန်းမတွေဟာ ယောင်္ကျားတွေအတွက် အလှပြင်တာလို့ ဆိုတတ်ကြတယ်။ လုံးဝမဟုတ်ပါဘူး…….လို့ မငြင်းပါဘူး။ ဟုတ်သင့်သလောက်ဟုတ်ပါတယ်။ ဒါပေမယ့်လည်း မိန်းမတွေဟာ မိန်းမတွေအတွက်လည်း အလှပြင်တတ်ကြပါတယ်။ ကျမတို့ မိန်းမတွေ ဈေးသွားတယ်ဆိုရင် မိန်းမအချင်းချင်းပဲကြည့်တယ်။ သူနှုတ်ခမ်းနီလေးကို ဘယ်လိုအရောင်လေးဆိုးထားလဲ၊ ဆံပင်လေးကို ဘယ်လိုပြင်ထားလဲ၊ သူ့အကျီ င်္အဆင်လေးကလှတယ် စသဖြင့် တစ်ဦးနဲ့တစ်ဦးလဲ ကြိတ်ပြီးအသိအမှတ်ပြုတဲ့သဘောပေါ့နော်။ နောက်ပြီး မိမိစိတ်ပေါ့ပါးရွှင်လန်းဖို့အတွက်လည်း အလှပြင်တတ်ကြပါတယ်။ ညစ်ပတ်နံစော်ပြီး ဘယ်သူမှ အိမ်ပြင်မထွက်ချင်ကြပါဘူး။ လှလှပပလေး အိမ်ပြင်ထွက်တာဟာ ဆန့်ကျင်ဘက်လိင်တွေအတွက်ချည်းပဲ အလှအပပြုပြင်ကြတာ မဟုတ်ပါဘူး။ (ငါ့နှယ်… ဆယ်တန်းအောင်တော့ ရည်းစားထားချင်လို့ အိမ့်ချမ်းမြေ့တစ်ယောက် အလှပြင်တာပါလို့ အထင်မခံနိုင်လို့ ဖြေရှင်းလိုက်ရတာနော်…..အဟွန်း).. တစ်ကယ်ပါ.. မိန်းမတွေအလှပြင်တာ မိန်းမအချင်းချင်းတွက်လည်းဖြစ်ပါတယ်။ ကျမအဆိုတင်သွင်းတာကို အမျိုးသမီးထုကြီးတစ်ခုလုံးက ထောက်ခံပါလိမ့်မယ်။ မယုံရင်စောင့်ကြည့်ကြပါ။

ဝါသနာဟာ အချိန်ကာလနဲ့ နေရာဒေသပေါ်မှာ မူတည်ပြီး ဖြစ်တည်လာတတ်တယ်

ကျမ မိုးရွာထဲမှာ လမ်းလျှောက်ရတာကို ၀ါသနာပါခဲ့ဖူးတယ်လို့ဆိုရမယ်။ အထူးသဖြင့် မိုးနွေးနွေးလေးတွေရွာတတ်တဲ့ ရန်ကုန်မိုးလို စင်္ကာပူမိုးလိုမှာ ထီးမပါဘဲ လမ်းလျှောက်ရတဲ့ နေ့တွေဟာ ကျမအတွက်တော့ အပန်းဖြေစရာလုပ်ရပ်တစ်ခု။ ဒီမှာတော့ ၀ါသနာပါလို့ရယ်၊ မိုးရွာထဲလမ်းလျှောက်ရတာ ကဗျာဆန်လို့ရယ် ဆိုပြီး လျှောက်လို့ကတော့ ပါးတစ်ခြမ်းရွဲ့ပြီး အိမ်ပြန်ရောက်လာမယ့်ကိန်းရှိတယ်။



နောက်တစ်ခုက အကြမ်းဖျင်းပြောရမယ်ဆိုရင်တော့ ကျမ ပန်းချီလေးတွေဆွဲရတာ ၀ါသနာပါတယ်။ စာရေး၊စာဖတ် ၀ါသနာပါတယ်။ ငယ်ငယ်လေးထဲက ၀ါသနာပါတယ်။ မွေးရာပါဗီဇလို့ဆိုလို့ရသလို၊ စာရေးကိရိယာတွေရယ်၊ စာစကားတွေရယ်နဲ့ လူတွေတစ်ဦးကိုတစ်ဦး ဆက်သွယ်တဲ့ ခေတ်မှာ ကျမ မွေးဖွားကြီးပြင်းလာလို့လဲ ဖြစ်နိုင်ပါတယ်။ စာရွက်၊ ခဲတံ၊ မှင်၊ ကွန်ပြူတာ စတဲ့ စာရေးကိရိယာတွေ မပေါ်ပေါက်သေးတဲ့၊ တစ်ဦးနဲ့တစ်ဦး စာနဲ့ဆက်သွယ်မှုမရှိသေးတဲ့ ကျောက်ခေတ်မှာ၊ စာဆိုတာ မပေါ်သေးတဲ့ခေတ်မှာ ကျမ မွေးဖွားကြီးပျင်းခဲ့မယ်ဆိုရင်တော့ စာရေး၊ စာဖတ်ကို ၀ါသနာပါတယ်လို့ ပြောလို့မရနိုင်ပါဘူး။
နောက်ပြီး ကျမငယ်ငယ်က လက်တွေမြေကြီးပေပြီး အလှပျက်မှာကြောက်ခဲ့ပေမယ့် အခုချိန်မှာတော့ ပန်းကလေးတွေကို ပြုစုပျိုးထောင်ရတာကို ၀ါသနာပါတယ်။ ကိုယ်နေတဲ့အိမ်ကလေးကို လှလှပပသန့်သန့်ရှင်းရှင်းလေး ဖြစ်နေတာ၊ ခြံထဲမှာ ပန်းကလေးတွေပွင့်ဖူးလှပနေတာကိုကြည့်ပြီး ကိုယ့်ရဲ့အတ္တတွေဟာ တဖြည်းဖြည်း ပါးပါးသွားသလိုခံစားရတယ် (ဒါဟာလည်း နောက်အတ္တတစ်မျိုးဖြစ်နိုင်ပါတယ်)

အသက်အရွယ်ပြောင်းလာတာနဲ့အမျှ၊ အချိန်ကာလတွေ။ နေရာဒေသတွေပြောင်းလာတာနဲ့အမျှ၊ ကျမရဲ့ ၀ါသနာတွေဟာ ပြောင်းလာတာကို သတိထားမိတယ်။ အိုးပုတ်တမ်းကနေ၊ ဗွီဒီယိုဂိမ်း၊ နောက် ဂီတ၊ အလှအပပြုပြင်မှု၊ အားကစား စသဖြင့် အချိန်တွေရွေ့လျောလာတာနဲ့အမျှ ၀ါသနာတွေဟာလဲ ပြောင်းပြောင်းသွားတယ်။ ကျမရဲ့ စာရေး၊စာဖတ် ၀ါသနာပါခြင်းကတော့ ဘယ်အချိန်အထိ ရှင်သန်နေမလဲဆိုတာ ကိုယ့်ဟာကိုယ်ပဲ စောင့်ကြည့်ရမယ်ထင်ပါတယ်။


မောင်မျိုးက ၀ါသနာလေးများရေးပေးပါဆိုလို့..

hut1.png



အိမ်ချမ်းမြေ့ဒေါ့ကွန်းမှ ကော့မန့်များ

အစ်မ ၀ါသနာတွေက ထူးထူးဆန်းဆန်းလေးတွေနဲ့ စုံလို့ပါလား ရေးပေးတာ ကျေးဇူးဗျ .။ နေကော ကောင်ပြီးလား နာလန်ထကို တက်စ်ပို့စ်နဲ့ နှိပ်စက်သလိုဖြစ်နေပြီး ။ မိန်းခလေးတွေ ယောက်ျားလေးတွေ ကြည့်စေချင်လို့ အလှပြင်တာမဟုတ်ဘူးပေါ့ ကြာလှပြီး အဲ့လိုထင်နေတာ ခုတော့မဟုတ်ဘူးဆိုတာ သိတော့တယ် :P ။ အသက်ရွယ်နဲ့ ၀ါသနာတွေက တိုက်ရိုက် အချိုးချတတ်ပါတယ် ဖြစ်ချင်တာမဖြစ် မဖြစ်ချင်တာဖြစ်တော့ ဖြစ်လာတာကိုပဲ ၀ါသနာလို့ ခံယူလိုက်တာ အကောင်းဆုံးဝါသနာပါပဲ ။
Comment by မောင်မျိုး — April 2, 2009 @ 12:08 am

မလေးရေ- မိန်းမတွေ အလှပြင် အလှကြိုက်ရတဲ့ အကြောင်းရင်း ကို ကျမလဲ ..သဘောတူပါတယ်။း)
ကိုယ့်ဖာသာကိုယ် အဆင်ပြေ သပ်ရပ်တာ ..ထင်နေ..မြင်နေရ ရင်..အလိုလို လုပ်ကိုင်ရည်မှာလည်း တက်လာတာပဲ။
နောက်- မိန်းမချင်း စိတ်ဝင်စားတယ်ဆိုတာ လည်း တကယ်ပါပဲ။ မိန်းကလေးတွေ ကိုယ်က.. အသွေးစုံ အရောင်စုံ ပိုပီး စွဲဆောင်မူ ကောင်းနေတာလဲ ဖြစ်မယ်။
ဝါသနာက..အခြေအနေကို လိုက်ပြီး ပြောင်းလဲနေတာလဲ သဘောတူတယ်။
နောက်တချက်- ၀ါသနာနဲ့ ၀မ်းရေး ကိုက်ညီ နီးစပ်ဖို့ ခက်ခဲ တတ်တာလဲ.. သတိရမိတယ်။
ခင်မင်တဲ့- မကေ
Comment by K — April 2, 2009 @ 1:01 am

ရေးတာ ကောင်းတယ် မလေးရေ.. ဟုတ်တယ် ၀ါသနာဟာ အသက်အရွယ်ကို လိုက်ပြီး ပြောင်းလဲတတ်တယ်။ စာဖတ်တာ ၀ါသနာပါတာတော့ မပြောင်းမလဲမို့ ထားပါတော့။ ငယ်ငယ်တုန်းကဆို အားနေရင် အပြင်သွားချင်နေတာ.. ၀ါသနာပေါ့။ ခုဆို အားနေရင် အိမ်မှာပဲ စာအုပ် တစ်အုပ်နဲ့ နေချင်ပြန်ရော။ ငယ်ငယ်တုန်းကဆို ထမင်း ဟင်းချက်ရမှာ အိမ်ရှင်းရမှာ အင်မတန် ပျင်းတာ။ ခုဆို ဒါလေး လုပ်နေရတာကို ကြည်နူးတတ်လာပြီ။ အရင်တုန်းကဆို စာရေးရမှာ ဘာအိုင်ဒီယာမှ မထွက်ဘူး။ ဘကုန်းရွာ ရောက်ပြီး သကာလမှာတော့ စာတွေရေးရတာ ၀ါသနာ ပါလာပြန်တယ်။
Comment by Pinkgold — April 2, 2009 @ 4:46 am

မသီတာ ထောက်ခံပါတယ်။
စိတ်မကြည်ချင်တဲ့နေ့ဆို ရေတောင်မချိုးဘူး။
ဒီလိုကိုထောက်ခံပစ်တာနော် မလေး။
မသီတာကို ညစ်ပတ်လိုက်တာလို့ ပြောချင် ပြောကြပါစေ။
Comment by S-C — April 2, 2009 @ 5:22 am

ကရာတေးမတတ်တာဘဲကောင်းပါတယ်.. အစ်မနဲ့ဆိုလိုက်မှာမဟုတ်ဘူးထင်တယ်။ စန္ဒယားတော့တီးတတ်ချင်တယ်ခု ငယ်ငယ်တုန်းကတော့ဘာမှမသိဘူး.. အိမ်မှာလာသင်ပေးတဲ့စန္ဒယားဆရာကြီးလာရင် မောင်နှမတွေချောင်ထဲမှာပုန်းနေကြတယ်..မသင်ချင်လို့..တတ်လည်းမတတ်ခဲ့ဘူး ။ အလှပြင်တဲ့အကြောင်းတော့ထောက်ခံတယ်.. ဘယ်လိုသိတာလဲဆိုတော့ သူငယ်ချင်းတွေနဲ့ မိန်းကလေးတွေအတင်းပြောနေတုန်းခိုးနားထောင်တာ…အဟား..။ အပင်စိုက်ရတာတော့ တော်တော်ဝါသနာပါပါတယ်..စိုက်ထားတဲ့အပင်တွေရှိရင်ပြပါအုံး..။
Comment by Phyo Evergreen — April 2, 2009 @ 7:20 am

မလေးရေ အလှပြင်တယ် ဆိုတာ ပြင်တတ်ရင် အနုပညာ တမျိုးပါပဲ။ အဲဒါကိုဆိုလိုချင်တာ များဖြစ်မလား မသိဘူး။ တချို့ ၀ါသနာတွေဟာ အားစိုက်ထုတ်မှု တခုလိုလာရင် ရေရှည်မခံတတ်ကြဘူး။ ၀ါသနာ အတိမ်အနက် ရှိတယ် ထင်ပါရဲ့။
Comment by ပုံရိပ် — April 2, 2009 @ 6:33 pm

Ma Lay,
It’s so fun to read this post. Yeah…we all want to look good for so many reasons. I am with you on that.Yay!!! Even though I did not leave the comment so often, I always visit to your blog (that is almost everyday).
Ps 103 1-5
Ain Shin Ma
Comment by lynda — April 3, 2009 @ 9:53 am

မောင်မျိုး .. ၀ါသနာနဲ့ဝမ်းရေးကိုက်ရင် အကောင်းဆုံးဖြစ်မယ်ထင်တယ်နော်… ဒါပေမယ့် အမကို လခမှန်မှန်ပေးမယ်.. ပိုစ်တစ်နေ့တစ်ပုဒ်ရေးဆိုရင်တော့ ရေးချင်ပါတော့မလားမသိဘူး။ အမ ဖလူုးမိနေတာ.. ဒီတခါ တော်၂ကြာတယ်း(
မကေ… မကေပြောတာမှန်တယ်.. မလေးတို့ မိန်းမတွေဟာ အရောင်စုံသလို အကွေ့အကောက်လေးတွေနဲ့ ဒုတ်ချောင်းတွေမဟုတ်ဘူးဆိုတော့ ဆွဲဆောင်မှုပိုတာမှန်ဘဲ.. :P
Pinkgold … ဘကုန်းရွာဆိုလို့ မလေး တော်တော်လေး စဉ်းစားလိုက်ရတယ်။ မလေးလဲ အရင်က ဈေးဝယ်ရတာ (အသားငါး၊ဟင်းရွက်) သိပ်စိတ်ညစ်တာ.. ခုတော့ အဲဒီပဲ သွားချင်နေတယ်
S-C … အမလေး.. ကိုဧရာရေ.. မသီတာကို စိတ်ကြည်စေပါနော်.. လေထုညစ်ညမ်းမှု များနေမယ် :D
Phyo Evergreen.. အမ အပင်တွေ ဒီမှာကြည့်မလားမောင်လေး.. ဒီနှစ်တော့ သိပ်ပြီး အားစိုက်နိုင်မယ်မထင်ဘူး။ ခုထိအေးတုန်း.. စိတ်အတော်ပျက်နေပြီ ကနေဒါကို
ပုံရိပ် .. တချို့ ၀ါသနာတွေဟာ အားစိုက်ထုတ်မှု တခုလိုလာရင် ရေရှည်မခံတတ်ကြဘူး… ဆိုတာ မှန်တယ်.. ခုနေမလေးကို စာရေးဖို့ပိုက်ဆံပေးမယ်၊ မှန်မှန်ရေးဆို ဘယ်လိုမှ ရေးချင်တော့မှာ မဟုတ်ဘူး.. သေချာတယ်..
Lynda .. မလေးဆီကို အမြဲလာတဲ့တွက်ကော.. ဆာလံကျမ်းချက်လေးတွက်ပါ ကျေးဇူးတင်ပါတယ်နော်.. ဟုတ်တယ် အဲဒါဆိုဖို့လိုနေတယ်.. အမြဲကွန့်မင့်မရေးနိုင်တာကိုလဲ မလေး နားလည်ပါတယ်.. မလေးလဲ တူတူပဲ.. ဘလောဂ်တွေရောက်ဖြစ်ပေမယ့် ကော့မန့်မှန်၂ မရေးနိုင်ဘူး
Comment by မလေး — April 3, 2009 @ 12:20 pm

မမအိမ့်ရဲ့ ၀ါသနာတွေကို စိတ်ဝင်တစား ဖတ်သွားပါတယ်း)“မိန်းမတွေအလှပြင်တာ မိန်းမအချင်းချင်းတွက်လည်းဖြစ်ပါတယ်။” ထောက်ခံပါတယ် ထောက်ခံပါတယ် အစ်မး)) ညီမဆိုလည်း စိတ်ဝင်တစားကြည့်မိတယ်။ အားလည်းကျ အတုလည်း ယူမိပါတယ်။ နောက် ကိုယ့်အတွက် ကိုယ်ပြင်တာလို့လည်း ထင်ပါတယ်။ ကိုယ့်ဘာသာ သန့်ရှင်းသပ်ရပ် ကြည့်ကောင်းနေတယ်လို့ ထင်မိရင် ယုံကြည်မှုလည်း ပိုလာတတ်လို့ပါ။ အစ်မရဲ့ စာရေးစာဖတ်ဝါသနာတော့ ထာဝရရှင်သန်နေပါစေလို့ ဆုတောင်းပါတယ် (ဒါမှ ညီမတို့ ဖတ်ရမှာလေး)
ချစ်ခင်လေးစားတဲ့
ရွှေပြည်သူ
Comment by ရွှေပြည်သူ — April 4, 2009 @ 3:06 am

ကျန်သေးတယ်ဗျ အဖွားဝါသနာ ……. ကျွန်တော်တော့မပြောတော့ပါဘူးဗျာ နော် အဖွားနော် ( အိမ်ရောက်ရင်တဲ့ ……………………… …………. …. …… …………………………………………………၊ နောက်တစ်ခါ မြန်မာပြည်ပြန်လာရင်တဲ့ ……………………………………………………….. …….. …………………………………………… မလွှတ်ဘူးတဲ့) ကျွန်တော်မပြောဘူးနော် ဘာမှ ……
Comment by ဒေါင်းသေချောင်းမှာပျော်သည့်ကျား — April 4, 2009 @ 12:57 pm

Hey ma lay Yay,
Ur everyletters ( meaned words)’ re real to me and nice.
Just cheer U up Naw. I wished to express , but I can not use Myanmar font.
PlS May I ask ur pardon Lay.
U’re great.
Comment by mgmoekhin — April 6, 2009 @ 7:47 pm

ရွှေပြည်သူ... ညီမလေးပေးတဲ့ဆုနဲ့ ပြည့်ပါစေ..း)
ဒေါင်းသေချောင်းမှာပျော်သည့်ကျား … ဘာမှမပြောသေးပေလို့ပဲနော်း)
မောင်မိုးခင် … မတွေ့တာကြာပြီ။ ကိုမောင်မိုးခင်ဘယ်ပျောက်နေလဲလို့၊ အဆင်ပြေပါစေး)
Comment by မလေး — April 7, 2009 @ 7:55 am

Thursday, April 02, 2009

မဲ့

အနီရဲရဲ လတစ်စင်းအောက်မှာ လောကတစ်ခုလုံးက ရဲရဲတောက်နေသည်။ ချောင်းရေသည် အနီရောင်လွှမ်းခြုံခြင်းခံနေရသည်။ ချောင်းစပ်ရှိ သစ်ပင်၊ ခြုံစပ်စပ်များ၊ ကျောက်တုံးများလဲ ရဲရဲတောက်နေသည်။ ချောင်းစပ်ရှိ အနီရောင်သဲသောင်ပြင်ပေါ်မှာ ဖိနပ်မပါသော အမျိုးသမီးတစ်ဦးက သစ်ရွက်တွေမှ အစိမ်းရောင်နှင်းစက် တရဟော ကျနေကြသည်ကို ငေးကြည့်နေသည်။ ခြုံပုတ်အောက်က နှင်းရည်ငတ်ပြတ်နေဟန်ရှိသော ညငှက်တစ်ကောင်က နှုတ်သီးကို အကျယ်ကြီးဟပြီး နှင်းစက်များကို မြိန်ရှက်စွာ သောက်သုံးနေသည်။ ပြီးတော့ အစိမ်းရောင်နှင်းရည်များကို လည်ဇလုပ်နှင့် သယ်ဆောင်ပြီး အသိုက်မြုံမှာ အစာကိုစောင့်နေသော ငှက်ကလေးငယ်များထံသို့ ပျံသန်းသွားသည်။


ဖိနပ်မပါသော အမျိုးသမီးက လည်ပင်းမှာပတ်ထားသော ရောင်စုံပုဝါကို ဖြုတ်လိုက်ပြီး လမင်းထံသို့ လက်ကမ်းလိုက်သည်။ သူမ၏ ဆံနွယ်တွေ ညလေထဲမှာ ကစင့်ကလျား လွင့်မျောနေကြသည်။ မိုးကောင်းကင်လမင်းထံမှ အနီရောင် အလင်းတန်းများက ရောင်စုံသက်တန့်များအဖြစ် ပြောင်းသွားပြီး သူမထံသို့ ရောင်စုံအလင်းများက လှပစွာ ခုန်ဆင်းလာကြသည်။ ထိုရောင်စုံအလင်းများထဲတွင် ချစ်ရည်လူးနေကြသည့် ငါးကလေးနှစ်ကောင်၊ အနီရဲရဲ ဒေါင်းရုပ်ပါသောခေါင်းစည်းတစ်ခုနှင့်၊ ရုပ်တုတစ်ခု။



ချစ်တယ်ပြောခဲ့တယ်.. ဒါပေမယ့်..

ထိုအရာများကို သူမ အငမ်းမရ ဖမ်းဆုတ်ဖို့ ကြိုးစားလိုက်သည်။ ရောင်စုံအလင်းတန်းက သူမထံမှာ ဝေးရာသို့ ရွေ့လျောသွားသည်။ သူမ ဖြေးညှင်းစွာ အလင်းတန်းရှိရာသို့ လိုက်သွားသည်။ အလင်းတန်းက တဖြည်းဖြည်းရွေ့လျောနေရာမှ၊ မြန်လာသည်။ နောက်တော့ သူမနှင့် ဝေးရာသို့ အရှိန်အဟုတ်ပြင်းစွာ စတင်ရွေ့လျောသွားနေသည်။ သူမ ထမီကို လက်နှင့် အသာစုမကာ သဲသောင်ပေါ်မှာ အလင်းတန်းပြေးရာသို့ အရှိန်အဟုန်ပြင်းစွာ ပြေးလိုက်နေမိသည်။ သူမ ခြေအောက်မှာ သဲမှုန်တွေ နှင့် အနီရောင်ရေစက်များ တဖွားဖွား ကျန်ခဲ့သည်။ သူမ၏ ဆံပင်တွေ လေထဲမှာ လွင့်မျောနေသည်။


"ငါးကလေး၊ ရုပ်တုနဲ့ ခေါင်းစီးကို မလိုချင်ဘူး၊ ကျမ ရဲ့ လည်စည်းသာ ပြန်ပေးပါ"
သူမ အလင်းတန်းကို အော်ဟစ်ပြီး တောင်းပန်မိသည်။
"ကျမ လည်စည်းကိုသာ ပြန်ပေးပါ"

သူမ ထပ်မံအော်ဟစ်ပြီး သောင်ပြင်ပေါ်မှာ ဒူးတုပ်ထိုင်ချလိုက်သည်။ လက်ဖ၀ါးနှစ်ခုထဲ မျက်နှာကို အပ်ကာ ရှိုက်နေမိသည်။ သူမ မျက်ရည်တွေက အစိမ်းရောင်တွေ။


"မိန်းကလေး အချိန်မတော် ဒီနေရာမှာ ညည ဘာ လာလာလုပ်နေတာလဲ"
ခြုံပုတ် တစ်ခုနားမှာ ကွယ်နေသော အရိပ်တစ်ခုထံမှာ အသံကြောင့် သူမ အငိုတိတ်သွားသည်။
အပြာရင့်ေ၇ာင် ကျောက်တုံး တစ်တုံးပေါ်မှာ ထိုင်ပြီး အတောင်ပါသော ငါးများကို မြှားနေသော အဖိုးအို တစ်ဦးကို အနီရောင်လရောင်အောက်မှာ တွေ့နေရသည်။
သူမ ငေးမောအံ့သြပြီး ပြန်မဖြေမိ။

"မင်း ချစ်သူကို လာလာရှာတာလား"
သူမ ခေါင်းငုံ့ချလိုက်သည်။ သူမ ခြေဖမိုးမှာ ခရမ်းရောင် ပန်းပွင့်များတွယ်ကပ်နေသည်။

"ငါ မေးနေတယ်လေ…"

"ကျမ တို့ သိပ်ချစ်ခဲ့ကြတယ်"

"မင်းပဲ အချစ်ဆိုတာကို မယုံဘူးဆို"

"မဟုတ်ဘူး၊ ချစ်ခဲ့ကြတယ်။ အိပ်မက်တွေလဲ အတူတူ မက်ခဲ့ကြတယ်။"

"အခု.. ဘာလို့ လာလာရှာနေတာလဲ"

"အဘ ဘာတွေပြောနေတာလဲဟင်၊ ဒါနဲ့ အဘက ဘာလို့ ညကြီး ငါးမြှားနေတာလဲ"

"အေး.. ငါးတွေက အတောင်ပါတော့ ထင်သလောက် မလွယ်ပါဘူးကွာ၊ နောက်နေ့တော့ ငါးမြှားချိတ်ထက် ပိုက်ကွန်တစ်ခုလောက်တော့ ယူလာခဲ့ဦးမှ၊ ဒါနဲ့ ငါမေးတာဖြေဦးလေ၊ မင်း ချစ်သူကို ဘာလို့လာလာရှာနေတာလဲ"

"သူနဲ့ ဒီချောင်းဘေးမှာ အနီရောင်လ သာတဲ့ညတွေမှာ ချိန်းထားလို့ပါ အဘရယ်.. ဒါပေမယ့် အနီရောင်ညတွေ သာပေါင်းလဲ များပါပြီ။ ကျမ သူ့ကို မတွေ့တော့တာလဲ ကြာပါပြီ"

"မင်း ပြန်ပါတော့ မိန်းကလေး၊ ဘယ်တော့မှလဲ လာမရှာပါနဲ့တော့"

"ရှင်…"

"ပြန်ပါတော့"

"ဘာ.. ဘာဖြစ်လို့လဲ။ နောက်သုံးရက်နေရင် အနီရောင်လတစ်စင်း ထပ်သာဦးမယ်လေ အဘ"

"မသာတော့ပါဘူးကွာ၊ မင်းလဲ လာစရာမလိုတော့ပါဘူး"

"ဘာ.. ဘာဖြစ်လို့လဲ အဘရယ်"

"မင်းရဲ့ချစ်သူဆိုတာ ဘယ်တုန်းက မှ တည်ရှိမနေခဲ့ပါဘူး"

"ဘာ"

"ဟုတ်တယ်၊ မင်းရဲ့ချစ်သူဆိုတာကော၊ မင်းတို့ရဲ့ အချစ်ဆိုတာကော၊ အိပ်မက်တွေဆိုတာကော၊ ကုန်ကုန်ပြောမယ်ကွာ၊ မင်းဆိုတဲ့ အရာဟာလဲ ဘယ်တုန်းကမှ တည်ရှိမနေခဲ့ဘူး"

".........."

"ဘယ်တုန်းကမှ ဖြစ်တည်မှု မရှိခဲ့တဲ့ ချစ်သူကို မင်း မေ့ပစ်လိုက်တာဟာ အားလုံးအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်"

ပြောပြောဆိုဆို ငါးမြှားနေသော အဘိုးအိုက သူ့ဘေးမှ ပန်းချီကားချပ်ကို ဆွဲယူလိုက်ပြီး ဖျက်ဆေးများနှင့် စတင် လောင်းချနေတော့သည်။


သူမ မျက်ရည်တွေ ကျဆင်းလာသည်။ သူမ ခြေဖမိုးမှ ခရမ်းရင့်ရောင်ပန်းပွင့်များ စတင်ပြီး မှုန်ဝါးလာနေသည်။ ထို့နောက် သူမရဲ့ ဖြူသွယ်သော ခြေချောင်း၊ ခြေဖမိုး၊ ခြေမျက်စိ၊ ခြေသလုံး စသည်တို့ သူမ မျက်စိအောက်တွင်ပင် တဖြည်းဖြည်း မှုန်ဝါးကွယ်ပျောက်လာနေပါတော့သည်။ သူမ အခြေအနေတွေကို စတင်နားလည်လာနေပြီ။


"အဘ.. အဘ… ကျမ ကွယ်ပျောက်မသွားခင် တစ်ခုလေး…"

"ပြော"

"ကျမတို့ တစ်ကယ်ချစ်ခဲ့ကြတာ မဟုတ်ဖူးလားဟင်"

အဘိုးအိုက ခေါင်းကို လေးတွဲ့စွာ ခါယမ်းရင်း ဖျက်ဆေးများကို ပန်းချီကားချပ်ပေါ်သို့ တဖြည်းဖြည်း သွန်းလောင်းနေပါတော့သည်။

"အဲဒါတော့ ငါမသိဘူးကွာ၊ မင်းရဲ့ချစ်သူ ဆိုတာတော့ ဘယ်တုန်းကမှ ဖြစ်တည်မှုတစ်ခု မဟုတ်ခဲ့တာပါပဲ မိန်းကလေး၊ ဘယ်တုန်းကမှ မရှိခဲ့ပါဘူးကွာ..."

"ဘယ်တုန်းကမှ မရှိခဲ့ပါဘူး"

"ဘယ်တုန်းကမှ မရှိခဲ့ပါဘူး"

"ဘယ်တုန်းကမှ မရှိခဲ့ပါဘူး"

hut1.png



Comments from ainchannmyay.com

အရောင်တွေအကြောင်းမသိပါဘူး။ အနီရောင်ပေါ်မှာ အစိမ်းရောင်တစ်ချို့တစ်ဝက်၊ ခရမ်းရင်.ရောင် တစ်ချို့။ ပေါ့ပါးမနေတာတော့သေချာနေပြီ။ ဒါဆိုပန်းချီကားမှာ အနီရောင်တွေကြားက မိန်းမရိုင်းပျိုတစ်ဦး ကောင်းကင်ကလမင်းကို မျှော်ပြီးရပ်နေတဲ့ပုံစံပေါ့ ပြီးတော့ လည်စည်းလေးကို လက်တစ်ဖက်က လမင်းဆီကို ကမ်းပေးတဲ့အနေအထားမျိုး။ စိတ်ကူးထဲမှာ မြင်တာကို ချရေးချင်းသက်သက်ပါဘဲ။
Comment by ရှေးစာဆို — March 24, 2009 @ 7:22 pm

အဲ့ဒီမိန်းခလေး က ပန်ချီကားလေးလားး
အဖိုးအိုပြောတဲ့ စကားလေးက မြန်မာအယူနဲ့ နီးလိုက်တာ ဘယ်အရာမှမတည်မြဲခြင်းကိုသူပြောသွားတာပဲ။
Comment by မောင်မျိုး — March 24, 2009 @ 7:31 pm

အစ်မရေ နစ်နစ်မျောမျောခံစားသွားတယ်..။ ပို့စ်လေးကိုဖတ်ပြီး မျက်စိထဲမှာပန်းချီကားတစ်ချပ် အသက်ဝင်လာတာကို.မြင်ယောင်လာတယ်.. ။
Comment by Phyo Evergreen — March 24, 2009 @ 7:59 pm

မနည်းကို နားလည်အောင် ကြိုးစားလိုက်ရတယ် မမရေ..
Comment by Pinkgold — March 25, 2009 @ 2:54 am

ရှေးစာဆို… အရောင်တွေနဲ့ psychology ကို ရေးသွားတာကို သဘောကျတယ်
မောင်မျိုး … ဟုတ်တယ်မောင်လေး.. မတည်မြဲခြင်းကို ဘာသာတရားတော်တော်များများက ပြောကြတယ်.. လူတွေကသာ မေ့တတ်ကြတာပါ
အမြဲစိမ်းဖြိုး … မလေးလဲ နစ်နစ်မျောမျောရေးလိုက်တယ်
Pinkgold … :P တမင်အဲလိုဖြစ်အောင် ရေးထားတာ.. နောက်ပြီး ဆရာကောက်နွယ်ကနောင်ပြောသလို “နားလည်ခြင်း၊ နားမလည်ခြင်းဟာ အနုပညာမဟုတ်ပါဘူး။ အနုပညာဆိုတာကို ဘောင် စည်းတွေနဲ့ တုပ်နှောင်ထားလို့ မရဘူး။ အနုပညာဟာ သူ့ဘာသူ လွတ်လပ်နေတယ်။ ရေးသူက သူခံစားသလိုတွေးပြီး ခံစားသင့်ရာ ခံစားနိုင်တယ်။ ရေးသူက ဒါဟာ လူပဲဆိုရင် သူ့အတွက်တော့လူပဲ။ ခံစားရတဲ့လူဟာလည်း ဒါကို ခွေးလို့ထင်ရင် သူ့အတွက်ခွေးပဲ။ အရေးကြီးတာ ခံစားတတ်ဖို့ပဲ။” ဆိုသလိုပါပဲ ညီမလေးရယ်.. သီချင်းလေးပါနားထောင်လေး))
Comment by မလေး — March 25, 2009 @ 12:09 pm

မလေးရေးတာ ကျွန်တော် နားမရှင်းဘူးဗျ
ကျွန်တော်ကိုက သိပ်ပြီး အဲဒီလို မတွေးတတ်တာလားတော့သိဘူး
ဘယ်တုန်းကမှမရှိခဲ့ပါဘူး ………. ဆိုတာ ဘာကိုဆိုလိုတာလည်းဟင်
ပြောပြနော် စာရေးဆရာမကြီး
Comment by ဒေါင်းသေချာင်းမှာပျော်သည့် ကျား — March 28, 2009 @ 12:52 pm |

“ဟုတ်တယ်၊ မင်းရဲ့ချစ်သူဆိုတာကော၊ မင်းတို့ရဲ့ အချစ်ဆိုတာကော၊ အိပ်မက်တွေဆိုတာကော၊ ကုန်ကုန်ပြောမယ်ကွာ၊ မင်းဆိုတဲ့ အရာဟာလဲ ဘယ်တုန်းကမှ တည်ရှိမနေခဲ့ဘူး”
သိပ်မှန်တာပဲ မမအိမ့်ရယ်။ အဲဒီမရှိခဲ့တဲ့ အရာတွေကိုပဲ ငြိတွယ်ဖမ်းဆုပ်နေမိကြတာနော်။ ဗုဒ္ဓဘာသာ အယူအဆနဲ့လည်း တထပ်ထဲပါပဲ။ အရမ်းလှတဲ့ ၀တ္ထုတစ်ပုဒ်ပါပဲ မရယ်။ စာကောင်းတစ်ပုဒ်ဖတ်ရတာ အာဟာရတစ်ခုကို မှီဝဲလိုက်ရသလိုပါပဲ… ကျေးဇူးတင်ပါတယ် အစ်မ…
Comment by ရွှေပြည်သူ — March 29, 2009 @ 7:32 am

အချစ်ဆိုတာ ဒြပ်ရုပ်မှ မဟုတ်ပဲ။
Comment by ဝေဠု — March 30, 2009 @ 1:06 pm

ဒေါင်းသေချောင်းမှာ ပျော်သည့်ကျား… ဒီထက်ရှည်တဲ့ နာမယ်ရွေးလို့မရတော့ဘူးလားမသိ၊ ရှင်းမပြတော့ပါဘူး ကျားသေချောင်းမှာ ပျော်သည့်ဒေါင်းရယ်.. စာ၊ကဗျာတစ်ပုဒ်ကိုရှင်းပြလိုက်ရင် ငုံနေတဲ့ပန်းဖူးလေးကို အတင်းလက်နဲ့ပွင့်ခိုင်းလိုက်သလိုဖြစ်သွားတတ်လို့ပြောကြတယ်ရှင့်
ရွှေပြည်သူ … ဒီလိုနဲ့ လူပီသစွာနဲ့ ငြိတွယ်ဖမ်းဆုပ်နေကြဦးမယ်ထင်ပါတယ် ညီမရယ်..
ဝေဠု .. ဒါပေမယ့်လည်း ဒြပ်ရုပ်မှာတွယ်ငြိနေတဲ့ အချစ်ဆိုတာတွေကို ကျမတော့ မြင်နေတာပါပဲရှင်။ ကျမ ကြားဖူးတာတော့ ယောင်္ကျားတွေရဲ့အချစ်က မျက်လုံး၊ မိန်းမတွေရဲ့အချစ်က နား တဲ့။
Comment by မလေး — March 31, 2009 @ 11:54 pm

မရျီးရေမတွေ့တာကြာပေါ့
ကျွန်တော်မဲဆောက်မြို့ခဏရောက်တုန်းလာလည်ပါတယ်စာတွေလဲမဖတ်ရတကြာပေါ့
Comment by ဒေါင်းမင်း — April 1, 2009 @ 2:22 am

ကျွန်တော်လည်း နာမည်ဘဲလေ နာမည်ကို ပြောင်းပြန်ကြီး ပြန်လုပ်တာ ယတြာချေတာလားဟင်၊ အဓိပ္ပါယ်မဖော်နဲ့၊ခွဲခြမ်းစိတ်ဖြာပြီး မတွေးနဲ့လေ၊ လေမမီတော့ဘူး အဖွားရဲ့၊ အချိန်တွေလွန်သလို ဒေါင်းတွေရတာတွေလည်း ခွဲခြမ်းစိတ်ဖြာမှုတွေနဲ့မတည်တာတွေကုန်ပြီလို့ကြားတယ်နော် — web ပေါ်မှာ အချင်းချင်းခွပ်နေကြတာနဲ့တင် တစ်ခုခုလုပ်ဖို့ မပြင်ဆင် နိုင်တာနဲ့ ဘဲ ရေမြောကုန်ပြီ….. ရေတွေထဲမှာမြောသွားတာ ရေ တွေလေ ရေတွေ .. :)
(တစ်ကယ်ကို ဒေါင်းတွေရေမြောတဲ့ နေရာမှာ ပျော်တာပါဗျာ၊ အဲဒီ ဒေါင်းသေချောင်းနားမှာ တာဝန်ကျတုန်းကပေါ့၊ပြန်တွေးရင်ပျော်တုန်း)
Comment by ဒေါင်းသေချောင်းမှာပျော်သည့်ကျား — April 4, 2009 @ 1:06 pm

Wednesday, April 01, 2009

ဗင်ကူးဗားမြို့မှ အိုလံပစ်ရွာ

vancouver2010_logo.jpg

ဆောင်းရာသီ အိုလံပစ်အားကစားပွဲတော်ကို ကျမလက်ရှိနေနေသောမြို့မှာ ကျင်းပဖို့ တစ်နှစ်တောင် မလိုတော့ပါဘူး။ ကနေဒါဝန်ကြီးချုပ် စတီဗင်ဟာပါက အရင်လ ဖေဖော်ဝါရီ ၁၂ရက်နေ့တုန်းက အိုလံပစ်အားကစားပွဲတော်ဖွင့်ရန် တစ်နှစ်တိတိပဲ လိုတော့တဲ့ အထိမ်းအမှတ်နဲ့ ပျော်ပွဲရွှင်ပွဲတွေ လုပ်ကြဖို့ တိုက်တွန်းပါတယ်။ အခြားမြို့နယ်တွေတော့ မသိဘူး၊ ကျမ နေတဲ့ မြို့နယ်ကတော့ ဂရုတောင် စိုက်ပုံမရှိပါဘူး။ တရုပ်ပြည်မှာဆိုရင် အိုလံပစ်ပွဲတော်မတိုင်ခင် တစ်နှစ်ပတ်လုံး ပျော်ပွဲရွှင်ပွဲတွေ ကျင်းပ ကြတယ်ပြောကြတယ်။ ဒီမြို့ကလူတွေကတော့ မတုန်မလှုပ် အေးအေးဆေးဆေးပါပဲ။ အိုလံပစ်ပွဲတော်ကစားပွဲမှာ လာကစားမယ့် အားကစားသမားပေါင်း ၂၈၀၀ တည်းဖို့ နေရာလိုပါနေပါတယ်။ ဒီတော့ အဲဒီအားကစားသမားပေါင်း ၂၈၀၀ တည်းခိုဖို့ အိုလံပစ်ရွာဆိုတဲ့ အဆောက်အဦးတစ်ခုကို နာမည်ကြီးစတင်လီပန်းခြံနားမှာ ဆောက်ဖို့ စဉ်းစားကြတယ်။ လိုအပ်တဲ့ ဘတ်ဂျက်ငွေဒေါ်လာသန်း၇၅၀ကို နယူးယောက်မြို့အခြေစိုက် Fortress Investment Group က ချေးငွေထုတ်ပေးမယ်၊ Millennium Development Corp. က နိုဝင်ဘာ ၂၀၀၉ မှာ အိုလံပစ်ရွာကို အပြီးဆောက်မယ်၊ ပွဲတော်ပြီးရင် မြို့နေလူတွေကို ပြန်ရောင်းမယ် စတဲ့ အကုန်လုံးအဆင်ပြေမယ့် အကြံနဲ့ ဒီရွာကြီးကို စပြီးဆောက်ကြပါတော့တယ်။




millenniumwater.jpg


ဒီရွာထဲမှာ ကျောင်းတွေ၊ ဈေးတွေ၊ ကစားကွင်းတွေ၊ ကလေးထိန်းတဲ့နေရာတွေအပြင်၊ အဆောက်အဦးမှာသုံးတဲ့ ပစ္စည်းတွေက ပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့ ပစ္စည်းတွေ (environmental friendly parts) တွေလို့ဆိုကြပါတယ်။ ဒီလိုမျိုး ဗင်ကူးဗားမြို့ရဲ့ အကောင်းဆုံးနေရာတွေထဲမှာပါတဲ့ အခုလိုအဆင့်မြင့်ကွန်ဒိုတွေကိုလဲ upper-middle အလွှာတွေလောက်ပဲ ၀ယ်နိုင်လိမ့်မယ်လို့ ကျမ ထင်ပါတယ်။




vancouver-2010-olympic-village.jpg


အပေါ်ယံရှပ်ကြည့်မယ်ဆိုရင်တော့ အိုလံပစ်ပြိုင်ပွဲကျင်းပရန် လက်ခံနိုင်တဲ့ မြို့ဆိုပြီး ဂုဏ်ယူစရာတွေ အများကြီးရှိပါတယ်။ သို့ပေမယ့်လည်း.....


အိုလံပစ်ပွဲတော်ကျင်းပကြတဲ့ အိမ်ရှင်နိုင်ငံတွေ၊ အိမ်ရှင်မြို့တွေမှာဖြစ်လေ့ရှိတဲ့ အခက်အခဲတွေဟာ တဖြည်းဖြည်းရုပ်လုံးစပေါ်လာတယ်။


ဒီရွာကိုဆောက်ဖို့ ကုန်ကျငွေက အရင်တုန်းက ဒေါ်လာသန်း၇၅၀ကုန်မယ်လို့ခန့်မှန်းထားပေမယ့် ဆောက်လုပ်မှုစရိတ်တွေတက်တာရယ်၊ ကမ္ဘာ့စီးပွားရေးကျနေတာတွေနဲ့တိုက်ဆိုင်ပြီး၊ ခန့်မှန်းထားတာထက် ၁၂၅သန်းပိုပြီးကုန်မယ်လို့ သတင်းတွေထွက်လာတယ်။ ဒီကြားထဲမှာ ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် Fortress Investment Group (FIG) ရဲ့ ရှယ်ရာတွေဟာ ၃၄ဒေါ်လာကနေ ၁ဒေါ်လာ၆၆ဆင့်ထိ ထိုးကျသွားခဲ့တယ်။ ဒီလိုနဲ့ FIG ထုတ်ချေးတဲ့ငွေဟာ စက်တင်ဘာ ၂၀၀၈ မှစပြီး မလာတော့လို့ ဗင်ကူးဗားမြို့မှ ဒီပရိုဂျက်အတွက် အရေးပေါ်ငွေ ဒေါ်လာ သန်း၄၅၈ဒေါ်လာကို ချေးဖို့စိုင်းပြင်းကြတယ်။ သာမန်အချိန်တွေမှာ ဒီလိုငွေလိုလာရင် ပြည်သူလူထုရဲ့ သဘောတူညီမှုကို မဲနဲ့ဆုံးဖြတ်ရပေမယ့် အခုဟာက မဲပေးဖို့အချိန်က လုံးဝမကျန်တော့ပါဘူး။


ဒီကြားထဲမှာ ကနေဒါနိုင်ငံဝန်ကြီးချုပ်က ဒီရွာအတွက် အပိုကုန်ကျစရိတ်ကို လုံးဝထုတ်ပေးမှာမဟုတ်ဘူးလို့ အတည့်အလင်း ကြေငြာလိုက်တယ်။ ကနေဒါနိုင်ငံအနေနဲ့ အိုလံပစ်ပွဲမှာ ကုန်ကျမယ့် လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေး စတဲ့ အခြားသော အရေးကြီးကိစ္စတွေမှာလဲ ငွေထုတ်ရဦးမှာဖြစ်လို့ပါပဲ။ နောက်ဆုံး ဗင်ကူးဗားမြို့တော်ဝန်က ဗင်ကူးဗားမြို့နေပြည်သူလူထုရဲ့ အိတ်ထဲက အခွန်ငွေကို ထုတ်ယူသုံးစွဲရမယ့် အခြေအနေရောက်လာတဲ့ သဘောမျိုးပြောနေလို့ မြို့နေလူထုက သိပ်မကျေနပ်ကြပါဘူး။



vancouver_aerial_2.jpg


ဗြိတိသျှကိုလံဘီယာအိုးအိမ်ဝန်ကြီးဖြစ်တဲ့ ရစ်ခ်ျကိုးလ်မန်း ကလဲ ငွေထုတ်ပေးဖို့ စိတ်ကူးမရှိပါဘူးတဲ့။ အိုလံပစ်ပွဲတော်ကျင်းပရေး ဆုံးဖြတ်ချက်တွေ၊ အစီအစဉ်ချမှတ်ရေးတွေထဲမှာလဲ သူတို့ဘယ်တုန်းကမှ မပါဝင်ခဲ့ရပါဘူးတဲ့။ ဘယ်သူကမှလဲ အကြံဥာဏ်ပေးဖို့ အိုးအိမ်ငှာနကိုလဲ မမေးမြန်းခဲ့ပါဘူးတဲ့။ သည့်အပြင် ဘီစီပြည်နယ်အစိုးရအနေနဲ့ အိုလံပစ်ဖြစ်မြောက်ရေးကော်မီတီကို ဒေါ်လာ ၁၅သန်း ပေးပြီးပြီဖြစ်ပါတယ်တဲ့။ ဒီလို အိုးအိမ်ကိစ္စတွေဟာ ဗင်ကူးဗားမြို့တစ်မြို့ထဲမှာပဲရှိတာမဟုတ်ပါဘူးတဲ့။ ပြည်နယ်ထဲက အခြားသောမြို့တွေမှာလဲ ဒီလို အခက်အခဲတွေကို ရင်ဆိုင်နေကြရတာမို့ အိုးအိမ်ဝန်ကြီးငှာနအနေနဲ့ တစ်ပြားမှ ထုတ်မပေးဘူးဆိုတဲ့ သဘောပြောသွားပါတယ်။


အိုလံပစ်ကို ကန့်ကွက်သူတွေအများကြီးရှိပါတယ်။ နှစ်ပတ်လောက်ပဲ သက်တမ်းကြာတဲ့ ဒီလို အိုလံပစ်အားကစားပွဲတွေပြီးရင် လက်ခံတဲ့နိုင်ငံတွေဟာ အကြွေးတွေနဲ့ ကျန်ခဲ့ကြတာများတယ်လို့ဆိုကြပါတယ်။ ကျမအနေနဲ့ တိုင်းပြည်ဂုဏ် အပေါ်ယံတက်တာလောက်ပဲရှိတယ်လို့ ထင်ပါတယ်။ ပျက်နေတဲ့ တံတားတွေ၊ အိုးအိမ်မဲ့တွေ၊ အလုပ်လက်မဲ့တွေ၊ ငတ်နေသူတွေ၊ မူးယစ်ထုံထိုင်းဆေးစွဲနေသူတွေ စသည့် ပြဿနာတွေကို အိုလံပစ်မှာသုံးပစ်လိုက်မယ့် ငွေတွေနဲ့ ဖြေရှင်းကောင်းဖြေရှင်းနိုင်လိမ့်မယ်လို့လဲ လူတွေက ထင်ကြပါတယ်။ သြစတေးလျှနိုင်ငံ ဆစ်ဒနီမြို့မှာဆိုရင် အိုလံပစ်ပွဲပြီးတော့ သန်းချီအကုန်ခံပြီးဆောက်ထားတဲ့ အားကစားရုံကြီးဟာ ဒီအတိုင်းပဲဖြစ်နေတာမျိုး၊ ဘာစီလိုးနားမှာ ဒေါ်လာသန်း ၁ဘီလီလျှံခွဲ ပြည်သူလူထုမှာ အကြွေးတင်ကျန်ခဲ့တာမျိုးတွေကို အမြဲကြားနေခဲ့ရပါတယ်။


ပြိုင်ပွဲတွေကို ဖေဖော်ဝါရီ၁၂ရက်၊ ၂၀၁၀မှ စတင်မှာဖြစ်ပြီး ပြိုင်ပွဲကျင်းပမယ့်နေရာဟာ ဗင်ကူးဗားမြို့တွင်းမှ အားကစားရုံများ၊ ဗြတိသျှကိုလံဘီယာ (University of British Columbia) ယူနီဗာစီတီဝင်းတွင်းမှ အားကစားရုံများအပြင်၊ ဗင်ကူးဗားမှ နှစ်နာရီကြာကားနှင့်သွားရတဲ့ ရေခဲတောင်တွေရှိတဲ့ Whistler မြို့တွေပဲဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေကတော့ ကြိတ်ကြိတ်တိုးလာကြမှာ ကျမ မြင်ယောင်မိပါသေးတယ်။ အိုလံပစ်ကစားပွဲတွေစဖို့ တစ်နှစ်တောင် မလိုတော့ပါဘူး။ ကျန်သူတွေတော့မသိပါ၊ အားကစားသမားတွေတည်းခိုဖို့ Olympic Village ဆိုတဲ့ အဆင့်မြင့်ရွာကြီး အချိန်မှီပြီးပါ့မလားဆိုတဲ့ ပူပန်တဲ့စိတ်နဲ့ ကျမ ဒီဆောင်းပါးလေးကို ဝေမျှလိုက်ပါတယ်ရှင်။



whistler.jpg


မှီငြမ်းချက်များ။


http://vancouver.ca/olympicvillage/about.htm

http://www.nytimes.com/specials/olympics...

http://www.straight.com

ကျမဖတ်သော သတင်းစာများ

hut1.png



အိမ်ချမ်းမြေ့ဒေါ့ကွန်းမှာ ကော့မန့်များ

အိုလံပစ်ပွဲတွေထပ် ပိုပြီိးစိတ်ဝင်စားက မြို့ရဲ့အလှပဲ ။ကျနော်တော့ vancouverကိုသာ အလည်ပတ်ရောက်ခွင့်ရရင် သေပျော်ပြီး ဟဟားး တစ်ယောက်တည်းတော့ဟုတ် သူနဲ့သာဆိုလျှင် :P။

Comment by မောင်မျိုး — March 11, 2009 @ 10:56 pm |

ဟီးဒါဆိုရင်အဲဒီနိုင်ငံချစ်တီးကျတာပဲ..အိုလံပစ်ပွဲတော်ကိုတခေါက်တခါတော့ရောက်ဖူးချင်တာတော့အမှန်ပဲ
ကျွန်တော်တို့အသက်တွေကြီးလို့မသေခင်တနေ့မှာမြန်မာပြည်မှာအိုလံပစ်ပွဲတော်ကြီးလက်ခံကျင်းပနိုင်ရင်သိကောင်းမှာပဲလို့
တွေးကြည့်တာပေါ့နော်ဟဲ
Comment by ဒေါင်းမင်း — March 12, 2009 @ 12:57 am

ဟုတ်တယ်အစ်မ အိုလံပစ်အတွက်သုံးမဲ့ငွေတွေတစ်ခြား တကယ်လိုအပ်တဲ့နေရာတွေမှာသုံးလိုက်တာကပိုလို့အကျိုးရှိမယ်လို့ထင်တယ်…။ ဒီနေ့ကျောင်း Library မှာအမိုးတွေပေါ်မှာအပင်စိုက်တဲ့အကြောင်းဖတ်ရင်းနဲ့ Vancouverက Robson Square အကြောင်းဖတ်လိုက်ရတယ်..။ တော်တော်လှတယ်..။
Comment by Phyo Evergreen — March 12, 2009 @ 1:12 am

how far is it from ur place? i like to watch the olympic. or may be 2012 london olympic ..never watch it before. did u? have a nice weekends
Comment by westcoast22 — March 13, 2009 @ 4:14 pm |

အစ်မပြောသလိုပဲ တိုင်းပြည်အတွက် အပေါ်ယံဂုဏ်တက်ပေမယ့် ရင်ဆိုင်ရတဲ့ ဒုက္ခတွေကလည်း မနည်းဘူးပဲနော်။ သရဖူတိုင်းမှာ သူ့အလေးချိန်နဲ့သူမို့ ဆောင်းရတိုင်းလည်း မကောင်းဘူးနော်… ကမ္ဘာစီးပွားပျက်ကပ်နဲ့ သွားကြုံတာလည်း သူတို့ကံဆိုးရှာတာပေါ့။ မြန်မာနိုင်ငံမှာလည်း ကျင်းပဖူးချင်ပေမယ့် ခုအခြေအနေနဲ့ကတော့ ဘယ်လိုမှ မဖြစ်သေးပါဘူးလေ။ ဘာပဲဖြစ်ဖြစ် ဗင်ကူးဗားမှာ အကုန်လုံးအချိန်မီပြီးစီးပြီး အောင်အောင်မြင်မြင် ကျင်းပနိုင်ပါစေလို့ပဲ ဆုတောင်းပေးပါတယ်။ ဗဟုသုတရလို့လည်း အစ်မကိုကျေးဇူးတင်ပါတယ်။
Comment by ရွှေပြည်သူ — March 14, 2009 @ 11:27 pm

တော်တော်လှတဲ့မြို့ပဲ။ ရေးထားတာတွေကလဲ အချက်အလက်တွေ စုံလင်ပါပေ့။ ဒါနဲ့…၊ အဲဒီမှာ အရမ်းအေးနေတုန်းပဲလား။
Comment by ကလိုစေးထူး — March 15, 2009 @ 4:29 pm

မင်္ဂလာပါ မအိမ့်ချမ်းမြေ့ရေ
မအိမ့်ချမ်းမြေ့ရဲ့ စာတွေကို ကျွန်တော် Reader က ဖတ်ဖြစ်တာကြာပါပြီ။
ခု ဘလော့ လုပ်ဖြစ်တော့ ခွင့်မတောင်းပဲ link လုပ်ထားတာ ခွင့်လွှတ်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးပါ။ စိတ်ရွှင်လန်းပြီး စာကောင်းတွေ အများကြီးရေးနိုင်ပါစေ
Comment by သီဟသစ် — March 16, 2009 @ 5:40 am

မောင်မျိုး.. သူနဲ့လာပြီး အမတို့မြို့က သူ့အလှကို မမှီပါဘူးပြောမှာလား
ဒေါင်းမင်း .. ငယ်ငယ်တုန်းကလို ရပ်ကွက်တွေမှာ ကိုယ့်ဟာကိုယ် ထုတ်စီးတိုးတာပဲကောင်းမယ်ထင်ပါတယ်ကွယ်
Phyo Evergreen .. Vancouverက Robson Square တောင် မလေး မရောက်တာကြာပြီ
westcoast22 … အိုလံပစ်ရွာကတော့ မိနစ်လေးဆယ်လောက်မောင်းရမယ်ထင်တယ်။ မလေးလဲ တခါမှ မကြည့်ဖူးဘူး။ အမှန်ပြောရရင် ကမ္ဘာ့ဖလားလောက်စိတ်မ၀င်စားဘူး။ အစွဲအလန်းတွေပဲလားတော့ မသိ။
ရွှေပြည်သူ... ဘီလီလျှံနဲ့ကုန်မှာဆိုတော့ ညီမလေးပြောသလိုပဲ မြန်မာပြည်မှာ မဖြစ်သေးပါဘူးလေ။
ကလိုစေးထူး … ဒီနှစ်အအေးသိပ်ပြင်းတယ်။ စိတ်တောင်ပျက်လာပြီ.. အေးလွန်းလို့
သီဟသစ် … လင့်ခ်ထားလို့ ကျေးဇူးတင်ပါတယ်ရှင်။ ပေးတဲ့ဆုနဲ့လည်းပြည့်ပါစေ
Comment by မလေး — March 16, 2009 @ 1:13 pm

Ma Lay,
Waiting for new post!
All the best,
Pinkgold
Comment by Pinkgold — March 19, 2009 @ 12:50 am |

အစ်မကို Tag ထားပါတယ်
Comment by မောင်မျိုး — March 20, 2009 @ 1:14 am

ဘာတွေလုပ်
Comment by thetpaingthu — March 20, 2009 @ 7:19 pm |

အစ်မ …နေမြန်မြန်ကောင်းပါစေ ။ ဂရုစိုက်အုံး ငပိရည်စပ်စပ်လေးနဲ့ နယ်စား ပဲသုတ်လေးနဲ့ဖြစ်ဖြစ်ပေါ့
Comment by မောင်မျိုး — March 22, 2009 @ 1:45 am

အိုလံပစ်ပြိုင်ပွဲတော့ ကြုံချင်သေးတယ်ဗျာ။
Comment by နေညိုရင့် — March 22, 2009 @ 2:04 pm

LinkWithin

Related Posts Plugin for WordPress, Blogger...