မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Saturday, February 28, 2009

စင်ယော်


birdpng3.png


ထိုနေ့က ပင်လယ်လေတွေက ငြိမ်သက်နေသည်။ပစိဖိတ်သမုဒ္ဒရာ ရေပြင်ကျယ်ပေါ်မှာ ရွက်လှေအချို့ ငြိမ်သက်စွာ ခရီးနှင်နေသည်။ အနောက်ဘက်ကောင်းကင်က နေ၀န်းဆီမှ ရောင်ခြည်တွေက ပင်လယ်ပြင်ပေါ်ကို တောက်လက်စွာ ဖြာသွန်းကျနေသည်။ အရှေ့ဘက် ပင်လယ်နှင့် မိုးကုပ်စက်ဝိုင်းထောင့်မှာ နှင်းဖုံးနေသော တောင်တန်းကြီးက မိုးမြင့်သို့ တိုးတိုက်ဝင်တော့မယောင်။


ရေတက်နေသဖြင့် ကမ်းစပ်မှာ ကလေးငယ်အချို့ ရေကစားနေကြသည်။ မြက်ရှည်ပင်တွေကြားက သစ်တုံးပြတ်တွေပေါ်မှာ စင်ယော်ငှက်များ အနားယူနေကြသည်။ ပင်လယ်ကိုပတ်ပြီး ဆောက်လုပ်ထားသော လူသွားလမ်းလေးပေါ်တွင် လမ်းလျောက်နေသူများ၊ စကိတ်စီးနေသူများ၊ အပြေးလေ့ကျင့်နေသူများနှင့် စည်ကားနေသည်။



လူသွားလမ်း၏တဖက် ကားတွေတန်းစီရပ်ထားသော ကားလမ်းတလျောက်မှ ဈေးဆိုင်လေးများ၊ စားသောက်ဆိုင်များမှာ လူစည်ကားနေသည်။ ကြိုးမဲ့မီးတိုင်များတွင် ချိတ်ဆွဲထားသော ပန်းဆိုင်းများထံမှ ပန်းရနံ့များက လတ်ဆတ်နေသော ပင်လယ်လေထဲမှာ လွန့်လူးကူးခတ်နေကြသည်။
ငါးကြော်နှင့် အားလူးကြော်အနံ့များ၊ စတော်ဘယ်ရီ၊ ဗနစ်လာနှင့်၊ ချော့ကလက် ရေခဲမုန့်ရနံ့များလည်း ပန်းရနံ့များနှင့် ရောယှက်ကာ လေထဲမှာ လွန့်လူးနေကြသည်။

တောင်ကုန်းပေါ်မှာ ကပ်ပြီး ဆောက်ထားသော အမိုးပြန့်ပြန့်အိမ်များ၏ လေသာဆောင်များပေါ်တွင် လှပသောပန်းအိုးများ၊ လှဲလျောင်းအနားယူနိုင်သော ကုလားထိုင်များ၊ စားပွဲများနှင့် လှပသော ရောင်စုံထီးလေးများကို တွေ့နေရသည်။


လူရှင်းသော ကုန်းလျောတစ်ခုပေါ်ရှိ မြက်ခင်းစိမ်းစိမ်းပေါ်တွင် စာအုပ်တစ်အုပ်ကိုဖတ်နေစဉ် မြင်ကွင်းထဲသို့ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး အမျိုးသမီးတစ်ဦးက ၀င်ရောက်လာသည်။ ကမ်းစပ်ရှိ ကျောက်တုံးများပေါ်တွင် လှဲလျောင်းနေသော သစ်လုံးများပေါ်ရှိ စင်ယော်ငှက်တစ်ကောင်ကို ငေးကြည့်နေသည်။ ထိုစင်ယောင်ငှက်၏ အသွေးအရောင်သည် မှုန်မှိုင်းနေပြီ။ ငှက်၏ နှုတ်သီးတို့သည် ချွန်မြစူးရှပြီး ပန်းရောင်သန်းမနေ၊ ထူထဲပြီး အညိုရင့်ရောင်ပြောင်းနေပြီ။ ထိုအမျိုးသမီးက ငှက်နားသို့ ကပ်မြည်ကြံတိုင်း ငှက်ကြီးက လေးပင်စွာနှင့် သစ်တုံးတစ်တုံးမှာ အခြားသစ်တုံးသို့ ကူးသွားသည်။ အမျိုးသမီးက ငှက်ကြီးကို အတန်ကြာကြည့်နေပြီး ကုတ်အင်္ကျီအိတ်တွင်းမှ ဖုန်းကိုထုတ်လိုက်ပြီး တစ်နေရာရာကို ဖုန်းခေါ်လိုက်သည်။ မကြာခင်မှာပင် ယူနီဖောင်းဝတ်လူအချို့ သူမ နားသို့ရောက်လာကြသည်။ အရပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်း ထိုသူများ၏ ယူနီဖောင်းကျောဘက်တွင် တိရိစ္ဆာန်ကယ်ဆယ်ရေး အဖွဲ့ဟု အဖြူရောင်များဖြင့်ရေးထားသည်။

သူတို့၏လက်ထဲတွင် ပိုက်ကွန်များ၊ ကြိုးများ ၇ှိနေသည်။ ငှက်ကြီးနားကို အားလုံးက ဖြေးဖြေးချင်းတိုးကပ်သွားသည်။ ငှက်ကြီးက အကပ်မခံ။ သစ်တုံးတစ်တုံးပေါ်ကို ကူးလိုက်ပြီး ပျံသန်းရန် ကြိုးစားကာ အတောင်ကို ဖြန့်လိုက်သည်။ အတောင်ကိုဖြန့်လိုက်သောအခါ ငှက်ကြီး၏ ညာဘက်အတောင်ပံက တွဲလောင်းကြလာသည်ကို တွေ့လိုက်ရသည်။ အိုမင်းရုံမက အတောင်ကျိုးနေသော ငှက်ကြီး ပျံသန်းလို့မရနိုင်။ ကယ်ဆယ်ရေးသမားများက ငှက်ကြီးနားကို ထပ်မံချည်းကပ်ရန် ကြိုးစားကြသည်။ သည်တစ်ခါတော့ ငှက်ကြီးက သူ၏ အတောင်ပံများကို ပြန်ခေါက်သိမ်းလိုက်သည်။ ဘယ်ဘယ်အတောင်ပံက အသေအချာ ကျကျနန ခေါက်သွားကာ ကိုယ်ဘေးမှာ ကပ်ဝင်သွားသည်။ ညာဘက်အတောင်ပံကတော့ တွဲလောင်းကျနေဆဲ။ အတောင်သိမ်းပြီးသော ငှက်ကြီးက သစ်တုံးပေါ်မှာဆင်းကာ ပင်လယ်ဘက်သို့ လေးပင်စွာလျှောက်သွားပြီး ပစိဖိတ်ရေပြင်ပေါ်မှာ ကိုယ်ဖော့ကာ လှိုင်းစီးရင်း ပိုက်ကွန်များနှင့် ဝေးရာသို့ အေးချမ်းစွာ ကူးခတ်သွားတော့သည်။


ကယ်ဆယ်ရေးသမားများက အမျိုးသမီးနှင့် ပြုံးရယ်စကားပြောပြီး ကားပေါ်တက်ကာ ထွက်ခွာသွားတော့သည်။ မြက်ခင်းစိမ်းစိုသော ကုန်းပေါ်မှာ ဆင်းကာ အမျိုးသမီးနားမှာ ဘေးချင်းယှဉ်သွားရပ်လိုက်သည်။ ရေထဲတွင် လှိုင်းစီးနေသော စင်ယော်ငှက်အိုကြီးကို နှစ်ယောက်သား အချိန်ကြာမြင့်စွာ ကြည့်နေမိကြသည်။ ငှက်ကြီးကတော့ မိုးကုပ်စက်ဝိုင်းဘက်ကို ငေးမောရင်း တစ်ချက်တစ်ချက် လွမ်းဆွတ်ဖွယ် အော်မြည်လိုက်သည်။


သိပ်အိုနေတော့ အတောင်ကောင်းအောင် တစ်ခုခုလုပ်ပေးနိုင်လည်း၊ လှောင်အိမ်ထဲမှာထက် ဒီရေပြင်ပေါ်မှာပဲ သူပျော်လိမ့်မယ် ထင်ပါတယ်။


အမျိုးသမီး၏ မျက်နှာကို ကြည့်ပြီး ပြောလိုက်သည်။


ဟုတ်တယ်၊ ဒီရေပြင်ဟာ သူ့ရဲ့ အိမ်ပဲ။ အတောင်ကျိုးဘ၀နဲ့ပဲ ဘ၀ကို ပျော်ရွှင်စွာ အဆုံးသတ်သွားတော့မယ်ထင်တယ်။


အမျိုးသမီးက ပြန်ပြောသည်။ အမျိုးသမီးက သူမ၏ စကားအဆုံးတွင် မျက်နှာကို သည်ဘက်သို့လှည့်လာသည်။


ထိုအမျိုးသမီး၏ နှာခေါင်း၊ နဖူး၊ မျက်လုံးနှင့် မျက်နှာတစ်ခုလုံးသည် စင်ယော်ငှက်ကြီးတစ်ကောင်နဲ့ ထူးဆန်းလွန်းစွာ တူနေပါတော့သည်။


hut1.png



Comments from www.ainchannmyay.com

မမရေ.. ဖတ်ပြီးတော့ အတွေးလေးတွေရသွားပါတယ်
Comment by thetpaingthu — February 28, 2009 @ 3:34 am

စင်ရော်တွေကို ဝေးဝေးကတော့ မြင်ဖူးတယ်။ တစ်ခါမှတော့ စေ့စေ့စပ်စပ် မကြည့်ဖူးဘူး။ ပုံပြင်တွေထဲကလို အဲဒီအမျိုးသမီးက စင်ရော်ကြီး ဘ၀ပြောင်းထားတာလို့ ကလေးအတွေးနဲ့ တွေးမိသေးတယ်။ မလေးရဲ့ အရေးအသားလက်ရာကြောင့် အပေါ်ပိုင်းမှာ ဖတ်လို့ကောင်းတယ်။
ကယ်ဆယ်ရေးသမားတွေက အဲဒီလို အိုမင်းနေတဲ့ သဘာဝငှက်တွေ (တိရစ္ဆာန်ရုံထဲကမဟုတ်တဲ့) ကိုတောင် လိုက်ပြီး ကာကွယ်ကုသပေးတာလား။
Comment by အေးချမ်းသူ — February 28, 2009 @ 5:28 am

အစ်မရေ စင်ယော်ငှက်နဲ့ဘယ်လိုတူတာလဲ…. မြင်ကြည့်လို့မရဘူး..။
Comment by Evergreen Phyo — February 28, 2009 @ 6:35 am

မလေး တကယ်များကြုံခဲ့တဲ့ အဖြစ်အပျက်လေးလား။
Comment by ပုံရိပ် — February 28, 2009 @ 3:27 pm

မဂျီးရေ..သီးချင်းထဲက..အတွေးများလဲချာချာလည်…ဖြစနေပြီ..မောင်လေးဥာဏ်မမှီတာပဲဖြစ်မယ်
ဇင်ယော်ဝင်စားတာလား..ဒါမှမဟုတ်သူရုပ်ကိုကဇင်ယော်နဲ့တူနေတာလား..
Comment by ဒေါင်းမင်း — February 28, 2009 @ 7:40 pm

သက်ပိုင်သူ … ဟုတ်ကဲ့မောင်လေး.. အမလဲ အဲ့နေ့က အိမ်ကို အတွေးတွေနဲ့ ပြန်လာတာ။
အေးချမ်းသူ … ဟုတ်တယ်ညီမလေး.. အတောင်ကျိုးနေတော့ ကောင်းကောင်းရှာမစားနိုင်တော့ အစာရေစာကျွေးပြီး အတောင်ကို တခုခုလုပ်ပေးနိုင်မလားဆိုပြီး အနည်းဆုံးတော့ ခေါ်သွားကြည့်မလို့ထင်တယ်။ http://www.spca.bc.ca က ဒီမြို့မှာ အတန်ကြီးမားတဲ့ အဖွဲ့အစည်းပဲ။ wildlife တွေကိုကာကွယ်တယ်။ လမ်းပေါ်က တိရိစ္ဆာန်တွေကအစ လိုက်ကယ်တယ်။ ငှက်ကလေး ကြွက်ကလေးက အစ၊ လှုလို့လဲရတယ်။ ကလေးတွေကိုလဲ တိရိစ္ဆာန်တွေကို ဘယ်လိုပြုစုရမလဲစတဲ့ သင်တန်းတွေလဲ ပေးပါတယ်။
ပုံရိပ် .. ဟုတ်တယ် ပုံရိပ်.. တကယ့်အဖြစ်ပါ။
အမြဲစိမ်းဖြိုး နဲ့ ဒေါင်းမင်း .. ကိုဖြိုးပြောမှ အမ ရယ်ချင်သွားတယ်။ ဒေါင်းမင်းနဲ့ကိုဖြိုးရေ.. အဲဒီမိန်းမက ငှက်နဲ့ကိုတူတာလေကွယ်။ ဥပမာ.. သမ္မတဟောင်းဘုရှ်ဆို မျောက်နဲ့တူတယ်။ စသဖြင့်လူတွေမှာ တိရိစ္ဆာန်ရုပ်ခံရှိတာ။ သူကတော့ ရုပ်ခံတူတာမဟုတ်တဲ့အပြင်၊ တကယ့် စင်ယော်ကြီးနဲ့တူတာ။ ပြန်တွေးရင် အမ ကြက်သီးထတယ် ဘာလို့လဲမသိဘူး။
Comment by မလေး — February 28, 2009 @ 7:57 pm

ဟီးဟုတ်လားဒါဆိုကျွန်တော်ကရောဘာနဲ့တူလဲမဂျီးဟီး
ပြောပြကြည့်..
Comment by ဒေါင်းမင်း — March 1, 2009 @ 6:11 am

မလေးရေ- စိတ်ကူးဆန်းလေး ကြောင့် ..အတွေးဆန်းဆန်းတခု ရသွားတယ်။
တခါတလေတော့ တွေးမိတာ….သဘာဝ မှာ အားလုံးပြည့်စုံ ပြီးသားပါ..နော်။
ခင်တဲ့-
Comment by K — March 2, 2009 @ 12:17 am

ဒေါင်းမင်း…. ပြောပြကြည့်ရမယ်ဆိုရင်…. အင်း.. ဒေါင်းမင်းဆိုမှတော့ မောင်လေးဟာ…. ဒေါင်းနဲ့ တူပြီပေါ့ကွယ်..
ကေ.… ဟုတ်တယ်ကေ..။ မလေးတော့ သဘာဝရဲ့ဘယ်ထောင့်ကိုကြည့်ကြည့် မပြည့်စုံမှုတွေရှိနေခဲ့တယ်ဆိုရင်တောင်မှ… သူ့ရဲ့ ချစ်ခြင်းမေတ္တာကို မြင်နေရပါတယ်..
Comment by Anonymous — March 2, 2009 @ 12:54 am

ကိုဖြိုး ပြောတာကို သဘောကျတယ် ။ ဒီိပို့စ်လေးဖတ်ပြီး ဟိုတစ်ခါ ၀က်ဝံလေးကို အစာကျွေးနေတယ်ဆိုတဲ့ သူတစ်ယောက် ပြန်မြင်ယောင်သွားတယ် အဲ့ပို့စ်လေးနဲ့ ခပ်ဆင်ဆင် ။
Comment by မောင်မျိုး — March 2, 2009 @ 1:29 am

အတွေးလေးက သဘောကျချင်စရာလေးပဲ…. မိုက်တယ်…
Comment by နေ့အိပ်မက် — March 2, 2009 @ 4:58 am

Friday, February 27, 2009

ကျိုက်ကလော့စေတီအလွမ်းပြေ

မြန်မာပြည်မှာ ကျမ အနှစ်သက်ဆုံး ကျိုက်ကလော့စေတီရဲ့ နေ၀င်ချိန်ဆည်းဆာကို၊ တမင်အချိန်ပေးသွားရောက်ပြီး ခံစားခဲ့တုန်းက ပုံလေးတွေကို ဝေမျှလိုက်ပါတယ်ရှင်။ ဒီရက်ပိုင်း ရသ ခံစားချက်တွေ ပျောက်နေလို့ ကိုယ်ရေးထားတဲ့ ကဗျာဟောင်းကိုပဲ ကိုယ်ပြန်ပြီးခံစားထားပါတယ်။

kkl.jpg


မောင်…
မောင့်ကို ချစ်ရတာလေ၊
ကျိုက်က္ကလော့ စေတီနားက
ကြွေကျလာတဲ့ ဆိတ်ဖလူးပန်း ဖြူဖြူလေးတွေကို
မွှေးကြူရသလိုပါပဲ…. မောင်။
ရင်ထဲလန်းဆန်း၊ ပန်းသမျှပြေ
ဝေတဲ့အလွမ်း၊ ခမ်းခြောက်သွားတယ်…မောင်။

1.jpg


2.jpg


မောင်….
မောင့်ကို ချစ်ရတာလေ၊
ဖရေဇာလှိုင်းပေါ်က လေဟုန်စီးငှက်လေးတွေလို
အသက်ရှုရကြပ်၊ မတ်တပ်ရပ်ငေး
တွေးရင်းရင်ခုန်…. မကြုံတဲ့မောင့်ပုံရိပ်ကိုငေး
အတွေးလေးနဲ့လေ..
အသက်ရှုဖို့တောင် မေ့သွားတယ်…မောင်။

3.jpg


4.jpg


မောင်…
မောင့်ကို ချစ်ရတာလေ၊
လေပြင်းတဲ့ သစ်ပင်အောက်၊ တစ်ယောက်ထဲရပ်တွေး
လက်ဖျားတွေအေးစက်၊ ကျွန်မ အနေရခက်တယ်ရှင်
ခင်တွယ်လာတဲ့ နှလုံးသားတွေ
လေပြင်းထဲ နွဲ့နွဲ့လေးရပ်နေကြလို့
သဲ့သဲ့လေးနဲ့ ယဲ့ယဲ့လေးပဲ ကျန်တော့တယ်…မောင်။

5.jpg


6.jpg



7.jpg


မောင်…......


8.jpg


မောင့်ကို ချစ်ရတာလေ……..။


hut1.png



comments from ainchannmyay.com


ပြုံရုံသာပြုံးနိုင်တော့သည် နေညိုညို ရှုခင်းတွေနဲ့ ပြီးတော့ “မောင်”
အောင့်ပါသည် ဘယ်ဘက်ရင်အုံနားက ဘာလို့လဲ အစ်မ သိရင်ပြောပြ ။
Comment by မောင်မျိုး — February 26, 2009 @ 1:02 am

ကျိုက်ကလော့စေတီလေးကိုအရင်ကခဏခဏရောက်တယ်။ဘုရားပွဲရှိရင်ပိုတောင်ပျော်ဖို့ကောင်းသေး။
ကျိုက်ကလော့၊ကျိုက်ကလို့စေတီ။မှာကျိုက်ကလော့စေတီကိုသွားရအရမ်းနှစ်သက်တယ်။နေ့ခင်းဆိုရေကန်ဘေးမှာထိုင်ရတာတကယ်ကောင်း
ဆောင်းတွင်းဆိုမနက်စောစောလမ်းထလျှောက်၇င်းကျိုက်ကလော့စေတီပေါ်တက်လိုက်ရင်မြူတွေကစိုင်းပြီအေးမြတယ်။
ညနေဆိုရင်ကျိုက်ကလော့စေတီဝင်းထဲကလက်ဖတ်ရည်ဆိုင်ဖြစ်ဖြစ်အသုတ်ဆိုင်ဖြစ်ဖြစ်အမြဲလိုလိုထိုင်ဖြစ်တယ်…
အဲဟိုဘက်ကိုနဲနဲထပ်လျှောက်လိုက်ရင်ဝါယာလတ်ဈေးရောက်ပြီ….
မဂျီးအခုလိုတင်ထားတော့သတိရတယ်။လွမ်းဆွပ်တယ်။အဟုတ်ပဲ
ပြန်ချင်လာပြီရန်ကုန်ကို။ဘယ်လိုလုပ်ရပါမလဲ။
Comment by ဒေါင်းမင်း — February 26, 2009 @ 1:39 am

ဟီးမဂျီးရေပုံတွေကူးသွားတယ်နော်ပြောဖို့မေ့သွားလို့…
Comment by ဒေါင်းမင်း — February 26, 2009 @ 1:42 am

အစ်မရေ နေ၀င်ဆည်းဆာပုံတွေ သဘောကျပါတယ်…။ ကဗျာလေးကလည်းနူးညံ့လို့နော်..။
Comment by Evergreen Phyo — February 26, 2009 @ 3:36 am

မောင်မျိုး …. အဆင်ပြေသွားမှာ မောင်လေးရယ်…
ဒေါင်းမင်း … အမ ဟိုပြန်ရောက်တော့ မျက်စိလည်နေတယ်။ ကျိုက်ကလို့နဲ့ ကျိုက်ကလော့က ဘယ်လောက်ဝေးလဲ။ ရတယ် ယူပါ။
Evergreen Phyo ….. ခုနောက်ပိုင်း အဲလို နူးညံ့တာတွေ သိပ်မထွက်ဖူး ဖြစ်နေတယ်။
Comment by မလေး — February 26, 2009 @ 8:40 am

လှ
Comment by kom — February 26, 2009 @ 9:59 am

ကျိုက်ကလို့နဲ့ကျိုက်ကလော့ကနီးနီးလေးကားမှတ်တိုင်နဲ့ဆိုတစ်မှတ်တိုင်ကျော်ကျော်ပဲဝေးတယ်
လမ်းလျှောက်သွားရင်နီးနီးလေးလေ။ကျိုက်ကလို့မှာရေကန်ရှိတယ်။ကျိုက်ကလော့ရေကန်မရှိဘူး။
ဟီးအရင်ကအဲဒီနေရာနှစ်နှစ်လောက်မွေးမြူရေးလုပ်ဘူးတော့သိနေတယ်။နောက်ပိုင်းကြက်ငှက်တုတ်ကွေးဖြစ်လာတာနဲ့
ကျွန်တော်တို့မွေးမြူရေးလုပ်ငန်းရပ်လိုက်ထဲကအဲဒီဘက်မရောက်ဖြစ်တော့ဘူး။ခရ်ီးတွေဘာတွေထွက်မှပဲ။ဘုရားဝင်ဖူးဖြစ်တော့တယ်
Comment by ဒေါင်းမင်း — February 26, 2009 @ 6:44 pm

ဒီရက်ပိုင်း ရသ ခံစားချက်တွေ ပျောက်နေလို့
အဲဒီစာလေးကိုပဲ ကော်ပီကူးပီး ထည့်လိုက်ပါတယ်မလေး မွန်လဲဘာလုပ်ရမှန်းမသိပါ မလေးရဲ့ကဗျာလေးကိုတော့ အကြိမ်ကြိမ်ပြန်ဖတ်လဲ မရိုးနိုင်အောင်ပါပဲ မောင့်ကိုချစ်ရတာလေ
အင်း အပေါ်က ကြောင်မျိုးရေးတာကိုဖတ်ပီး စိတ်မကောင်းဝူးးး မောင်ဆိုတဲ့စကားလုံးကြောင့် ရင်ဘတ်အောင့်တဲ့လူတွေ အတော်များပါလား ဟတ်ဟတ်
Comment by မွန် — February 27, 2009 @ 2:31 pm\

Monday, February 23, 2009

မတ်လထုတ် မြ၀တီမဂ္ဂဇင်း

မတ်လ ထွက်မယ့် မြ၀တီမဂ္ဂဇင်း ဖြစ်ပါတယ်ရှင်။ ကျမ ရဲ့ ၀တ္ထုဟောင်းတစ်ပုဒ် ပုံနှိပ်စာမျက်နှာပေါ်မှာ ပါလာလို့ စာပေမောင်နှမ များနဲ့ ဝေငှလိုက်ပါတယ်ရှင်။

cover.jpg




free1.jpg



free2.jpg



free3.jpg



free4.jpg



free5.jpg



freelast.jpg


index3.gif


hut1.png



comments from ainchannmyay.com

မဂျီးမြ၀တီမဂဇင်းကမြန်မာပြည်မှာထုတ်တဲ့စာအုပ်လား
ဝမ်းသာစရာပဲတို့မဂျီးဝတ္ထုပါလာတာ..မြန်မာပြည်မှာမရှီတော့အဲဒီမဂ္ဂဇင်းကိုမဖက်ရဘူးအခုမဂျီးတင်ထားတာပဲဖက်ရတယ်
အားပေးတယ်ကျွန်တော်မဂျီးရေ..
Comment by ဒေါင်းမင်း — February 23, 2009 @ 2:41 am

ဟဲ.. မနက်က လာတော့ စောလုံးသေးနေလို့ အောက်ဆုံးက ဖတ်လို့ ရတဲ့ မာတိကာပဲ ဖတ်ပြီး ပြန်သွားတာ….။
ခု ဖတ်လို့ ရပြီ…။
Comment by sin dan lar — February 23, 2009 @ 5:17 am

ကောင်းတယ်..။ ဖတ်ပြီးသွားပါပြီ…။
Comment by sin dan lar — February 23, 2009 @ 5:27 am

မမရေ.. ကောင်းတယ်ဗျို့
Comment by thetpaingthu — February 23, 2009 @ 6:49 am

ဒေါင်းမင်း .. ဟုတ်တယ် ဒေါင်းမင်း။ မြ၀တီတို့ ငွေတာရီတို့ classic magazine တွေပါ။ ကျေးဇူးတင်ပါတယ် မောင်လေး။
sin dan lar .. မစန်ဒါ.. ပုံမှာကလစ်ခေါက်ရင် တကယ်တော့ အကြီးကြီးမြင်ရတယ်လေ။ ကလစ် ၂ခါခေါက်ရတယ်ထင်တယ်။း)
thetpaingthu … ကျေးဇူးပါသက်ပိုင်သူရေ..
Comment by မလေး — February 23, 2009 @ 9:29 am

နိုး တကယ်ကံကောင်းပါတယ်..။
Comment by Evergreen Phyo — February 23, 2009 @ 11:24 am
congrulatons!
Comment by kom — February 24, 2009 @ 9:37 am

Evergreen Phyo … အဲ့ဝတ္ထုလေး သူတို့ရွေးတာကို စိတ်ဝင်စားတယ် အမတော့
kom… ကျေးဇူးတင်ပါတယ်နော်
Comment by မလေး — February 26, 2009 @ 8:48 am

မလေးရယ် မပြောရဲပေမယ့် အားကျလိုက်တာ အရမ်းလဲဖတ်လို့ကောင်းတာပဲ မလေးလောက်ရေးတတ်ရင် သေပျော်ပြီသိလား
Comment by မွန် — February 27, 2009 @ 2:38 pm

အစ်မရေ ….
ဝမ်းသာပါတယ်ဗျာ …. ခံစားသွားပါတယ် အဆင်ပြေပါစေ။။။
Comment by မျှားပြာ — February 27, 2009 @ 11:07 pm

မွန်.. မွန်က ဘာကိုမပြောရဲတာလဲ ညီမလေးရဲ့။ အဲ့လောက်လဲ မဟုတ်ပါဘူးမလေးက။ ကြိုးစားဆဲပါ။ ညီမကို သတိရနေတာ။
မျှားပြာ.. မောင်လေးမျှားပြာလဲ အဆင်ပြေပါစေ.. မတွေ့တာ အရမ်းကြာနေပြီ။ အမတို့ အွန်လိုင်းလောကကြီးကို မေ့နေပြီထင်ပး)
Comment by မလေး — February 28, 2009 @ 1:23 am

ဒီဝတ္တုကို ဖတ်ရတာ မိန်းကလေးတစ်ယောက်ရဲ့ခံစားချက်အမှန်တစ်ခုကိုမြင်လိုက်ရသလိုပါပဲ.. ဘယ်နှစ်ခါဖတ်ဖတ် နိုးလိုပဲကိုယ်ပါလွတ်လပ်သွားတယ်…ဖတ်လို့ကောင်းတယ်..အရေးအသားကောင်းတယ် ပဋိသန္ဓာရ ဘာညာမပြောတော့ပါဘူးဗျာ..
ဒီလို Masterpiece တွေ နောက်ထပ် ပုံနှိပ်စာလုံးလေးတွေနဲ့ အသစ်အသစ်ထပ်ဖတ်ချင်ပါတယ်..
လက်ခုပ်တီးလျှက်
မောင်ဒိုင်း
Comment by မောင်ဒိုင်း — March 1, 2009 @ 10:13 am

မောင်ဒိုင်း... ကျေးဇူးအထူးတင်ရှိပါတယ် ကိုမောင်ဒိုင်း..
Comment by မလေး — March 2, 2009 @ 1:05 am

ဖတ်ရတာ သမားရိုးကျ ကနေ အနည်းငယ်သွေဖီပြီး ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခု ကို မြင်ရသလိုပါဘဲ
ဒါပေမဲ့
စာရေးသူက စိတ်နာနာနဲ့ ဇာတ်ပို့ကို အတင်းဝခိုင်းတာ အငြှိုးကြီးနဲ့ဖြစ်မယ်နဲ့တူပါတယ်ဗျာ
မလုပ်ကောင်းပါဘူး
Comment by q: ) ကလေး ( :p — March 2, 2009 @ 4:58 am

မလေးဘလော့မှာ ဖတ်ခဲ့ဖူးကတည်းက ပညာပေးသဘောမျိုးလေးလည်း ပါတယ်လို့ တွေးမိတယ်။ မလေးအတွက် ဂုဏ်ယူပါတယ်။
Comment by အေးချမ်းသူ — March 3, 2009 @ 8:17 pm
q:) ကလေး (:p … အငြိုးကြီးနဲ့မဟုတ်ရပါဘူးရှင်..
အေးချမ်းသူ .. ကျေးဇူးပါညီမလေးရေ.. အီးမေးလ်ရတယ် ကျေးဇူး
Comment by မလေး — March 4, 2009 @ 12:26 am

ဖတ်လို့ပြီးသွားပြီ. . . ပေါ့ပေါ့ပါးပါးပဲ ရယ်လိုက်တယ် .. ကံကောင်းလို့ပေါ့ . .
မလေး စာရေးကောင်းတယ်.. .။
Comment by ShwunMi — March 4, 2009 @ 9:17 am


Sunday, February 22, 2009

မှီငြမ်းမှု၊ ကူးယူအသုံးပြုမှုတွေ ပြုကြရာဝယ်..

ဒီပိုစ်ကိုရေးရန်၊ မ ရေးရန်ကို စဉ်းစားခဲ့တာ လနဲ့ချီခဲ့ပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ လူဆိုတာ (ကျမ အပါအ၀င်) ဘယ်သူမှ အမှား မကင်းကြသူများမို့ ရိုးသားစွာ မှားယွင်းမိသော လူငယ်များ၊ Copy right law, plagiarism စသည်များကို တိတိကျကျမသိလို့ (ကျမ ကိုယ်တိုင်လဲ ဒီဥပဒေတွေဒေါင့်စေ့အောင် မသိပါဘူး) လုပ်မိတဲ့လူငယ်များကို ဖိပြီးပြောသလိုဖြစ်မှာစိုးလို့လဲ အချိန်ပေးပြီး စဉ်းစားပါတယ်။ နောက်ဆုံးတော့ ရေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒီပိုစ်ကို တင်ရတဲ့ ရည်ရွယ်ချက်က ကိုယ်တိုင်လေ့လာ သင်ယူချင်လို့လည်းဖြစ်ပါတယ်။ အားလုံးရဲ့ ပွင့်လင်းမျှတပြီး ရင့်ကျက်သော အမြင်များကိုလဲ မျှော်လင့်ပါတယ်။ ကျမ ပြောဖူးသလိုပဲ ဒီကိစ္စဟာ ပြန်လည်မျှဝေသူများရဲ့ intention ပေါ်မှာ အများကြီးမူတည်လို့ ဘယ်သူကိုမှ မထိခိုက်အောင် သတိထားရေးနေသည့်အခါ အမှားအယွင်းပါခဲ့ရင် နားလည်ပေးကြရန် ရှေးဦးစွာ ပြောလိုပါတယ်။


မွေးဖွားလာကတည်းက စကားတတ်ပြီး မွေးလာတာမဟုတ်တဲ့ ကျမတို့လူသားတွေ နေ့စဉ်ပြောတဲ့စကားတွေ၊ ရေးသမျှစာတွေဟာ မှီငြမ်းမှု၊ ကူးယူအသုံးပြုမှုတွေနဲ့ မလွဲပါဘူးတဲ့.....


ဒါပေမယ့် ခံစားချက်တွေ၊ ကဗျာတွေ၊ စာတွေ၊ သီချင်းသံစဉ်တွေ၊ စာသားတွေကတော့ တစ်ဦးနဲ့တစ်ဦး ထပ်တူကျနိုင်ဖို့က နဲပါတယ်။ စာပေအနုပညာကို တန်ဘိုးထားသူများဟာ မိမိရဲ့ ကဗျာတွေ၊ စာတွေကို အခြေအနေပေါ်မှာမူတည်ပြီး စိန်တွေ၊ရွှေတွေထက် တန်ဘိုးထားတတ်ကြပါတယ်။ ဘလောဂါအချို့ကဆိုရင် သူတို့ရဲ့ဖန်တီးမှုတွေကို သားသမီးနဲ့တောင် တင်စားပါတယ်။ ကိုယ်ရေးတဲ့စာတွေကို မယူဖို့၊ ယူပြီး ဝေမျှရင်လဲ အနည်းဆုံးတော့ မူရင်းဖန်တီးသူရဲ့ အမည်လေးကို ဖော်ပြပေးဖို့ ထပ်ခါတလဲလဲ ပြောနေကြတာ၊ မိမိရေးတဲ့ စာတွေက သိပ်ကောင်းနေတယ်ထင်လို့၊ မိမိကသိပ်ကြီးကျယ်မြင့်မြတ်နေတာဆိုပြီး အထင်ရောက်လို့တော့ မဟုတ်ပါဘူး။ ကိုယ့်ကဗျာတွေ၊ စာတွေဟာ သုံးမရအောင် ညံ့ဖျင်းနေရင်လဲပဲ အမြတ်တနိုးလေးနဲ့ ဖြစ်တတ်ကြတာ စာရေးသူ၊ ကဗျာရေးသူ အချင်းချင်းလဲ သိပါတယ်။ ဥပမာ.. ရွှေလက်ကောက်တစ်ကွင်း ပျောက်သွားရင် ဆိုင်မှာ ပုံတူပြန်လုပ်လို့ရပါတယ်။ အသစ်ဝယ်လို့ရပါတယ်။ ကဗျာတစ်ပုဒ်၊ စာတစ်ပုဒ်၊ သီချင်းစာသားတစ်ပုဒ်၊ ပန်းချီတစ်ချပ်ပျောက်သွားရင် အဲသလို ထပ်တူကျတဲ့ ကဗျာ၊ စာ၊ သီချင်း၊ ပန်းချီကားချပ်ကို ထပ်တူကျအောင် ထပ်ရေးဖို့ ထပ်ဆွဲနိုင်ဖို့က မလွယ်တော့ပါဘူး။ ဖန်တီးသူရဲ့ ခံစားချက်၊ အခြေအနေ၊ အချိန်က၊ ဖန်တီးမှုတစ်ခုကို လုံးဝ ပြောင်းလဲသွားစေပါပြီ။ ပုံတူတစ်ခု ဘယ်လိုမှ ထွက်မလာတော့ပါဘူး။


အနုပညာကို ဝေမျှခံစားသူတွေကလည်း ကဗျာတွေ၊ စာတွေ ကောင်းလို့ ဝေမျှချင်တယ်၊ ကိုယ့်ဘလော့ဂ်မှာ တင်ချင်ကြတယ်။ အချို့က ရိုးသားစွာ မူရင်းရေးသူကို မဖော်ပြဘဲ တင်မိတယ်။ အချို့ကတော့ သူများစာတွေကို ကိုယ်ရေးသလို လူတွေ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ပြီးတင်တတ်ကြတယ်။


mywinterdream.gif

အပေါ်က စကရင်ရှော့မှာဆိုရင် စာရေးသူဟာ ကျမရဲ့ ဆောင်းအိပ်မက်ထဲက စာသားတွေကို ဖြတ်တောက်ပြီး သူ့စာလေးထဲမှာ ဖြတ်ကပ်ညှပ်ထားပါတယ်။ ကျမ စိတ်ထဲမှာတော့ “သြော်.. သူ.. ငါရေးတဲ့ ဒီစာသားတွေကို တော်တော်လေးကြိုက်နှစ်သက်သွားတာပါလား” လို့ ဖြစ်သွားပါတယ်။ အမှန်ပြောရရင်တော့ ၀မ်းသာမိပါတယ်။ ကျမရဲ့ စာသားအချို့ဟာ စာဖတ်သူအချို့ကို “ထိ” သွားစေတာကို။ ဆက်ပြီး ဒီဆိုက်ဒ်အောက်က စာရေးသူရဲ့ အောက်က စာကို ဖတ်ရတော့ ဒီတစ်ခါ “ထိ” သွားသူကတော့ ကျမ ပါပဲ။ “အခွင့်ရှိစေချင်” ဆိုတာကို ကျမ ၀ိုင်းပြထားပါတယ်။ ဖတ်ကြည့်ကြပါ။



mywinterdream2.gif

ကျမ အဲဒီမှာ စိတ်မကောင်းတော်တော်လေး ဖြစ်သွားတယ်။ ကိုယ်ချင်းစာသွားတယ်။ သူတို့မှာ မြို့ပေါ်ကို တက်လာမှ အင်တာနက်ဆိုတာကို ဖွင့်ကြည့်ဖြစ်တယ်။ ကျမလဲ ရန်ကုန်မှာ အင်တာနက် ထိုင်ဖူးပါတယ်။ ကွန်နက်ရှင်က ကောင်းလိုက်၊ မကောင်းလိုက် ကြုံရဖူးပါတယ်။ ဒီလိုအခြေအနေ၊ အချိန်အခါမျိုးမှာ ကျမရဲ့ စာလေးတွေကို ပြန်လည်ခံစားပြီး ဖြတ်၊ကပ်၊ညှပ် လဲ ကျမ ဘာမှကို မပြောလိုတော့ပါဘူး။ ဒါဟာ ဆယ်ရှစ်နှစ် မပြည့်လောက်သေးတဲ့ ကလေး တစ်ယောက်ယောက်လဲ ဖြစ်နိုင်ပါတယ်။ ကော်ပီရိုက်တို့ ပလေဂျာရစ်ဇင်မ် တို့ကို ဘာမှ မသိသူတစ်ဦးဦးလဲ ဖြစ်နိုင်ပါတယ်။


အောက်မှာ ဖော်ပြထားတဲ့ စာကတော့ ကျမ၏ နှလုံးသည်းပွတ် ချစ်သူ့အိမ် ကလေးကို စာရေးသူ ဘလောဂါမလေးတစ်ဦးက ဖော်ပြပြီး အမည် မထည့်ထားပါဘူး။ သူလဲပဲ ဘာအခက်အခဲရှိလဲ မသိနိုင်ပါဘူး။ သူ့ကို ငဲ့ညှာတဲ့ အနေနဲ့ ကျမ သူ့အမည်၊ ဆိုက်ဒ် အမည်ကို ဖျက်ထားပါတယ်။


chitthuhouse1.gif

chitthuhouse2.gif

(မည်သို့ပင်ဖြစ်စေ… ဒီလိုလုပ်လိုက်တယ်ဆိုရင် ဆင့်ပွားကူးယူ တင်ပြသူဟာ မရည်ရွယ်ပေမယ့် စာဖတ်သူများကို မလေးမစားလုပ်မိသလို ဖြစ်သွားတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စာဖတ်သူများဟာ မူရင်းဖန်တီးသူကို သိခွင့်ရှိပါတယ်) အချို့ ဆင့်ပွားဝေမျှသူတွေကတော့ စကားလုံးတွေကို ပြင်ပြီးကို တင်ကြတယ်။ ဒီနေရာမှာ စကားလုံးတွေကို ပြင်လိုက်ပြီဆိုကတည်းက မူရင်းဖန်တီးသူရဲ့ ဆိုလိုရင်းအဓိပ္ပယ်ဟာ အနည်းနဲ့အများ ပြောင်းသွားပါပြီ။ ဒါကို မုရင်းရေးသူတွေအနေနဲ့ မည်သူကမှ နှစ်သက်လိမ့်မယ်လို့ မထင်ပါဘူး။



ကော်ပီရိုက်ဥပဒေဟာ မူရင်းဖန်တီးသူတွေရဲ့ ဖန်တီးမှုတွေကို ကာကွယ်ထားခြင်းဖြစ်ပါတယ်တဲ့…
ကျမ အင်္ဂလိပ်လိုပဲ တိုက်ရိုက်ရေးပြပါတော့မယ်။

According to Copyright.gov: Copyright is a form of protection provided (….) to the authors of “original works of authorship,” including literary, dramatic, musical, artistic, and certain other intellectual works. This protection is available to both published and unpublished works.


ဒီသတ်မှတ်ချက်ဟာ ထုတ်ဝေပြီးသားအရာတွေကော၊ ခုလို အွန်လိုင်းပေါ်က စာတွေပါ သက်ရောက်ပါတယ်။


အွန်လိုင်းပေါ်က စာတွေကို ဘာသာပြန်ကြ၊ ကူးယူဖော်ပြ ကြတဲ့အခါမှာ ဘယ်လိုတွေကိုင်တွယ်ရမလဲဆိုတာ ဒီဆိုက်ဒ်မှာ ဆွေးနွေးထားကြပါတယ်။ (ကျမ ထိုဆိုက်ဒ်ကို ခွင့်တောင်းပြီး အချို့အပိုဒ်တွေကို ပြန်ရေးပြထားပါတယ်)


ဘာဖြစ်လို့လဲဆိုတော့ ကျမ ဟာ ဘာသာပြန်ဖူးပါတယ်။ အော်ဝဲလ်ရဲ့ ဆင်ပစ်ခြင်း ကျမဆိုက်ဒ်မှာ တင်ဖူးပါတယ်။ ကျမ ဘာသာပြန်တိုင်းလဲ မူရင်းစာရေးသူများကို အမြဲဖော်ပြပါတယ်။ များများလဲ မပြန်ဖြစ်ပါဘူး။ မပြန်နိုင်တာကော၊ ကိုယ့်ခံစားချက်မဟုတ်တော့ မြန်မာစာ ထောက်နေတာကော၊ ကိုယ့်ဟာကိုယ်ရေးတာ ပိုအားသန်လို့ကော စတဲ့အချက်တွေကြောင့်ပါ၊ ဘာရယ်မဟုတ်ပါဘူး။ ပညာရှင်များရဲ့ အနှစ်နှစ်အလလက research လုပ်ထားတာတွေ၊ စာရေးဆရာ အော်ဝဲလ်ရဲ့ ခံစားချက်တွေကို ကျမ ရှာဖွေတွေ့ရှိတဲ့ပုံ၊ ခံစားရေးဖွဲ့ထားတဲ့ ပုံစံမျိုး မလုပ်ပါဘူး။ ဒါပေမယ့် စည်းမျဉ်းစည်းကမ်းတွေအရ ဒီလိုတောင် မလုပ်ရဘူးဆိုပါတယ်။ ဒါတွေဟာ unauthorized translation တွေဖြစ်ပါတယ်တဲ့။


ဒီနေရာမှာ fair use ဆိုတာ ပါလာပါပြီ။ အချို့ဘာသာပြန်သူတွေဟာ အမြတ်အစွန်းမရဘဲ ဝေမျှရုံတင်ကြပါတယ်။ ဒါပေမယ့်လည်း တစ်ချိန်ချိန်မှာ အမြတ်အစွန်းရလာတဲ့အခါမှာ (ငွေကြေးနဲ့ပဲ တိုင်းတာလို့ မရတဲ့ အမြတ်အစွန်း -- ဥပမာ၊ ကျော်ကြားမှု၊ လူအထင်ကြီးခံရမှု) ဖြစ်လာတဲ့အခါမှာ မူရင်းစာရေးသူတွေဟာ လိုင်စင်ခတောင်းခွင့်ရှိနိုင်ပါတယ်တဲ့။ ဒါမှမဟုတ် သူတို့ရဲ့ အမည်များကို မိမိဆိုက်ဒ်မှာ တင်ခိုင်းလာနိုင်ပါတယ်တဲ့။ တစ်ကယ်တော့ ဘာသာပြန်တဲ့ နေရာမှာ သုံးလေးပိုဒ်ကိုသာ ပြန်ခွင့်ရှိပြီး ကျန်တာတွေကို လင့်ခ်နဲ့ ဖော်ပြကြဖို့ အကြံပေးကြပါတယ်။ ကိုယ်နဲ့ မူရင်းစာရေးသူနဲ့ နှစ်ဦးသဘောတူချက်ရှိတယ်ဆိုရင်တော့ ဒါဟာ ချွင်းချက်တစ်ခု ဖြစ်ပါတယ်။


ဒီနေရာမှာ ကျမ တော်တော်လေးတွေးမိပါတယ်။ မြန်မာပြည်မှာ ဘာသာပြန်ဝတ္ထုတွေ၊ နောက် အမျိုးသားစာပေဆုရတာတွေ။ ကျမ လိုက်လို့မမှီတော့ပါဘူး။ ဘာသာပြန်ဆရာကြီး၊ ဆရာမကြီးများဟာ မူရင်းစာရေးသူတွေနဲ့ စကားပြောပြီး၊ ခွင့်ရပြီးမှ ဘာသာပြန်တာလား၊ အမြတ်အစွန်းတွေကိုခွဲဝေယူသလား ကျမ မသိပါ။ သူတို့ ဘာသာမပြန်ရင်လဲ ကျမ တို့လူမျိုးတွေ၊ အထူးသဖြင့် အင်္ဂလိပ်စာမတတ်သူတွေဟာ လေထန်ကုန်းလို စာတွေကို မဖတ်ကြရတော့ဘူးလား။ နိုင်ငံခြားစာပေတွေကို မသိရတော့ဘူးလား။ unauthorized translation တွေ မလုပ်ရလို့.. အင်္ဂလိပ်စာတတ်သူ၊ စာတတ်ပေတတ်၊ ပညာတတ်တွေပဲ ဒီလိုစာတွေကို ဖတ်ကြရတော့မှာလား၊ စသဖြင့် တွေးမိပါတယ်။ ဒီလိုမျိုး မိမိ လူမျိုး စာပေဗဟုသုတ ပြည့်ဝရေးဘက်ကတွေးရင်၊ ရှိသမျှ စာအုပ်ကောင်းတွေ (စာပေ၊ နည်းပညာ၊ ဆောင်းပါး) တွေကို တတ်နိုင်သမျှ အကုန်ဘာသာပြန်ပြီး အမြတ်အစွန်း၊ အမည် မယူဘဲ အကုန်ဝေမျှချင်စိတ်ပေါက်လာကြမှာပါပဲ။ ဒါပေမယ့် ငါ့တိုင်းပြည်၊ ငါ့လူမျိုး၊ ငါ.. ငါ.. ငါ.. မတွေးဘဲ မူရင်းစာရေးသူတွေ၊ အနှစ်နှစ်အလလ ရှာဖွေလေ့လာပြီးမှ စာအုပ်ထုတ်ထားသူတွေ ဘက်ကကော ဘယ်လိုခံစားရမလဲလို့ တွေးမိဖို့လဲ လိုပါတယ်။ (ဒီနေရာမှာ ကျွမ်းကျင်သူများရှိပါက ကျမကို မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းအကြောင်း အနည်းငယ် ဝေမျှပေးစေလိုပါတယ်ရှင်။)


ဒါဆို.. ကျမတို့ ဘာလုပ်ကြမလဲ…. ခုလောလောဆယ် အွန်လိုင်းတွေပေါ်မှာ၊ အထူးသဖြင့် အခြားဆိုက်ဒ်တွေကနေ ၀တ္ထုပဲဖြစ်ဖြစ်၊ ဆောင်းပါးပဲဖြစ်ဖြစ်၊ ကဗျာပဲဖြစ်ဖြစ်၊ နည်းပညာပဲဖြစ်ဖြစ်၊ ဘာသာပြန်ကူးယူဖော်ပြရင် ဘယ်လိုလုပ်ကြရမလဲ…


သူတို့က အကြံပေးပါတယ်။




ငွေကြေးအမြတ်အစွန်းလုံးဝ မယူရပါဘူးတဲ့။




စာတစ်ခုလုံးကို ဘာသာမပြန်ရပါဘူးတဲ့။ သူများစာတစ်ပိုဒ်ပေါ်မှာ criticism ပဲလုပ်လုပ်၊ review ပဲလုပ်လုပ်၊ ၀တ္ထုတစ်ခုလုံး၊ ဆောင်းပါးတစ်ခုလုံးကို မလုပ်ရပါဘူးတဲ့။ အွန်လိုင်းပေါ်မှာပဲ ဖြစ်ဖြစ်.. အကုန်လုံးကို လုံးဝ ဘာသာမပြန်ရပါဘူးတဲ့။ ပြန်ချင်ရင် ကော်ပီရိုက်ကို ကိုင်ဆောင်သူကို ဆက်သွယ်ရပါမယ်တဲ့ (အော်ဝဲလ်ရဲ့ မြေးကို ကျမ မရ၊ ရအောင် ဆက်သွယ်ရတော့မယ်ထင်ရဲ့)



မူရင်းစာရေးသူကို လူတွေ မြင်သာထင်ရှားတဲ့ နေရာမှာ ရှင်းလင်းစွာ ဖော်ပြရမယ်တဲ့။ ကိုယ်ရေးသလိုလိုနဲ့ မူရင်းစာရေးသူကို ဖော်ပြတယ်ဆိုရုံ ချောင်လေးထဲမှာ သေးသေးလေး ကပ်ထားတာမျိုး မလုပ်ရပါဘူးတဲ့။

ဒီလိုအချက်တွေ လိုက်နာတယ်ဆိုတာတောင်မှ ဘာသာပြန်သူဟာ မိမိကိုယ်ကို fair user လို့လဲ ယူဆလို့ မရသေးပါဘူးတဲ့။



ဒီလိုနဲ့ အထက်ဖော်ပြထားတဲ့ ဆိုက်ဒ်မှာ ဆွေးနွေးချက်တွေက စာမျက်နှာ နှစ်ဆယ်ခန့်ရှိလာပါတယ်။ ဆက်သာဖတ်ကြည့်ကြပါတော့ရှင်။
မည်သို့ပင်ဖြစ်စေ.. အွန်လိုင်းပေါ်မှာ စာရေးနေသူများ အားလုံးကို ကိုယ်စားပြုပြီး မပြောနိုင်ပေမယ့် ကျမ အနေနဲ့ကတော့ ကျမ စာများကို ကူးယူဖော်ပြမည်ဆိုပါက ဖြတ်တောက်ခြင်း၊ ဖြည့်စွက်ခြင်း မပြုလုပ်ရန် နဲ့ အိမ့်ချမ်းမြေ့ အမည်လေးကို မြင်သာတဲ့ နေရာမှာ ဖော်ပြပေးပါရန် တောင်းပန်အပ်ပါတယ်။ ခွင့်တောင်းစရာလဲ မလိုပါဘူး။ စာပို့စရာလဲမလိုပါဘူး။ ကျမ အမည်လေးထည့်ပေးရင် ကျေနပ်ပါပြီလို့ လေးစားစွာနဲ့ ပန်ကြားရင်း ဤရှည်လျားလှသော ပိုစ်ကို အဆုံးသတ်လိုက်ပါတယ်ရှင်။

hut1.png



Comments from Ainchannmyay.com


မလေးရေ ရေးသင့်တဲ့ ပို့စ်လေးပါ။ မူပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး အပြစ်တင်ဝေဖန်တာမဟုတ်ပဲ အပြုသဘောဆောင်တဲ့ သတင်းအချက်အလက်တွေ ကိုယ်သိသမျှ ဗဟုသုတ ဝေမျှဖို့ အတွက် ဆက်ပြီး အသေးစိတ် ဆောင်းပါးလေးတွေ ရေးချင်တဲ့ ဆန္ဒရှိပါတယ်။ တချို့တွေက နည်းနည်းလေး စတာနဲ့ အပြစ်တင်မလို့လား လို့ defensive ဖြစ်ပုံပေါ်တာနဲ့ ချိန်နေတာပါ။ fair use နဲ့ limitation & exception တွေအကြောင်းကို ပြောပြချင်ပါတယ်။
အဆင်ပြေရင် တပတ်တကြိမ် ဖြစ်ဖြစ် နှစ်ပတ်တကြိမ်ဖြစ်ဖြစ် ဘလော့ဂ်မှာ ဆက်ရေးဖို့ စဉ်းစားနေပါတယ်။
Comment by ပန်ဒိုရာ — February 22, 2009 @ 2:00 am

အဲ… မလေး… ညီမနဲ့သူငယ်ချင်းတယောက်ပေါင်းပြီိး ဘာသာပြန်နေတဲ့ Blog တစ်ခုရှိတယ်..။ မူရင်းကဂျပန်လိုပါ..။ အဲဒီစာအုပ်ကို English လိုပြန်ထားတဲ့ Blogတွေဖတ်ပြီး ညီမနဲ့သူငယ်ချင်းက ကြိုက်တာနဲ့ မြန်မာလိုပြန်ဖို့ဆုံးဖြတ်ပြီး ပြန်ကြပါတယ်..။ English လိုပြန်ထားတဲ့ blog ပိုင်ရှင်တွေဆီတော့ မပြန်ခင်ကMail ပို့ပြီးခွင့်တောင်းထားပါတယ်..။ မူရင်းဂျပန်ကောပီရိုက်ကိုင်ဆောင်သူကိုရဲ့ ခွင့်ပြုချက်မရှိတော့ Credit ပေးထားပေမယ့်လည်း ကော်ပီရိုက်ဥပဒေငြိနေပြီထင်တယ်..။ ဘယ်လိုဆက်လုပ်ရပါ့ “ညီမတို့ရဲ့ Blogကို မလေးအားရင်နည်းနည်းတောအကြံပေးပါဦးနော်… http://diary-with-tears.blogspot.com ပါရှင့်..
Comment by Phu Phu + နှင်း — February 22, 2009 @ 2:16 am

သူတို့တွေလည်း ငြင်းခုန်နေကြဆဲပါပဲ။ လောလောဆယ် ပြောနိုင်တာက တခုပါပဲ။ ဥပဒေဆိုတာ လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်အရ ပေါ်ပေါက်လာခဲ့ပါတယ်။ လက်ရှိ သတ်မှတ်မှုတွေဟာ လူ့အဖွဲ့အစည်းရဲ့ လိုအပ်မှုတွေနဲ့ မကိုက်ညီနိုင်တော့တဲ့အခါ လိုက်လျောညီထွေ ဖြစ်လာသင့်တာပါပဲ။ တိုးတက်နေတဲ့ နည်းပညာကိုလည်း ထည့်စဉ်းစားပြီး အကျိုးစီးပွားမတူကြတဲ့ အုပ်စုအသီးသီးအတွက် အဖြစ်နိုင်ဆုံးတွေကို ပြန်သတ်မှတ်ဖို့လိုတယ်။
လူသန်းပေါင်းများစွာဘ၀မှာ နေ့စဉ်နေ့တိုင်း နေရင်းထိုင်ရင်း မလွှဲမရှောင်သာ ချိုးဖောက်နေရပြီး အပြစ်ရှိနေရတာကတော့ သဘာဝမကျပါ။ ဗဟုသုတ နည်းပညာမရှိလို့ ဆင်းရဲရတယ်။ ဆင်းရဲပါတယ် ဆိုမှ ဆင်းရဲတွင်းကလွတ်ဖို့ ဗဟုသုတ နည်းပညာတွေကို မတန်တဆ ၀ယ်ယူရမယ် ဆိုတာကလည်း မဖြစ်နိုင်ပါ။
ကိုယ့်အခွင့်အရေးတွေကို ကိုယ်သိဖို့နဲ့ ပြောရေးဆိုခွင့်ရှိဖို့ ပြောတတ်ဖို့ တော့လိုမယ်။ နိုင်ငံအဆင့်ဆိုရင်တော့ အုပ်ချုပ်သူများက ကိုယ်စားပြုပြီး တာဝန်ပိုရှိသင့်ပါတယ်။ နိုင်ငံတကာ အဆင့်ကျတော့လည်း ဒီလိုပြဿနာတွေ ဖြေရှင်းဖို့ဖွဲ့ထားတဲ့ အဖွဲ့အစည်းတွေက ထိထိရောက်ရောက် လုပ်သင့်ကြတယ်။
Comment by ပန်ဒိုရာ — February 22, 2009 @ 2:18 am |

ရေးသင့်တဲ့ အကြောင်းမို့လို့ ရေးတာပဲဗျာ… ရေးခွင့်ရှိပါတယ်… လိုအပ်ရင်လည်း ဆက်ပြီးတော့ ရေးနေရဦးမှာပါပဲ…
Comment by အောင်သာငယ် — February 22, 2009 @ 3:26 am

အစ်မ..ပို့စ်ဖတ်ပြီး ချက်ချင်း သတိရသွားလို့ ကျနော့် စာတစ်ပိုဒ် ကူးထားတာလည်းတွေ့မယ်ထင်တယ်
လိပ်ပြာမသန့်လို့ ဒီမှာတော့ လာပြောတာ အစ်မပို့စ်မှာ ထပ်ပြည့်ချင်လည့်းဖြည့်လိုက်လေနော့် ။
http://www.maungmyo.co.cc/2008/10/blog-post_15.html ဒီပို့စ်က
ဒီနေရာမှာ…
အချစ် နဲ့. အမုန်း မရှိသလို…
သံယောဇဉ်နဲ့ တိမ်းမူမှုတွေ မရှိဘူး…။
မနာလိုမှုတွေ နဲ့ ငြူစူမှုတွေလဲ မရှိ သလို…
ရင်ခုန်သံတွေနဲ့ ကြည်နှုးမှုတွေလဲ မရှိဘူး…။
က အစ်မရေးထားတဲ့ ဒီနေရာမှာ ကဗျာက ကျနော် ယူသုံးလိုက်တာပါ ကျနော် ရေးထားတဲ့ ကဗျာနဲ့ တိုက်ဆိုင်နေတာကော နောက်တော့ အစ်မ ကဗျာကို ချက်ချင်း သတိရသွားလို့ ကူးယူလိုက်တယ် နာမည်ဖော်ဖို့ကျ ကျနော်ေ၇းထားတဲ့ အဲ့ပို့စ်က ရိုင်းတဲ့ ဘက်ကို ရောက်နေတဲ့ အတွက်ကြောင့်ပါ ။ အစ်မ ရဲ့ နောက်ဆုံးပို့စ်မှာပဲ ဖြစ်ဖြစ် ထပ်ဖြည့်ချင်လည်း ဖြည့်ပါ ဒါမှမဟုတ် ကျနော့် ဘလော့မှာပဲ တင်ပြီး ပြန်ရှင်းပြရမလား ပြောနော့် ။ ဒီတိုင်းကြီး ငြိမ်နေရတာ ခိုးထားပြီး မသိဟန်ဆောင်နေတယ် လို့ ခံစားရလို့ ။
အဲ့တုန်းကတော့ ဒီလောက်ထိ ကိုယ့်ကိုယ်ကို စာရေးသူရဲ့ ဦးနှောက်ဖောက်စားသလိုဖြစ်မိမယ်ဆိုတာ တကယ်ကိုမသိခဲ့တာတော့ အမှန်ပဲ ခုတော့ အပြစ်ကြီးကြီး တစ်ခု ကျုးလွန်မိပြီး ၀န်ခံဖြေရှင်းတောင်းပန်ဖို့ အသင့်ပါ ကြောင်ခေါင်းဖြတ်စက်နဲ့ ဖြတ်စေဆိုလည်း ခံပါ့မယ် ထပ်ဖြည့်လိုက်နော့် အစ်မ ကျေးဇူးပါ ဒီပို့စ်က ဗဟုသုတ တော်တော် ရစေပြီး အကျိုးရှိတာတော့ အမှန်ပါပဲ ။
Comment by မောင်မျိုး — February 22, 2009 @ 3:36 am

ပန်ဒိုရာ.. မပန်ရေးမယ်ဆိုတာ ကောင်းတယ်။ မလေးအပါအ၀င် စာရေးသူရော စာဖတ်သူ အားလုံးတွက် အကျိုးရှိပါတယ်။
Phu Phu + နှင်း .. မူရင်းဂျပန်ကောပီရိုက်ကိုင်ဆောင်သူကို ဆက်သွယ်နိုင်ရင်တော့ အကောင်းဆုံးဖြစ်မယ်ထင်တယ်ညီမလေးတို့။ မလေးလဲ မသိဘူး။ ခရက်ဒစ် ပေးထားတယ်ဆို လုံလောက်လောက်ပါပြီ (ထင်တယ်နော်.. ) မလေးတောင် တင်ထားဖူးတဲ့ ဂူဂဲလ်က ပုံအချို့တွေ အကုန်ထဖြုတ်ရမလိုဖြစ်နေတယ်။ တကယ်စည်းကမ်းလိုက်နာသူဆိုရင် လင့်ခ်ပေးရုံတောင် မရဘူးတဲ့ ပြောတာပဲ ညီမရေ..။ မပန်ဟာ သူရေးရင် နဲနဲဖတ်ကြည့်ပါလား၊ မလေး လဲစောင့်ဖတ်လိုက်ဦးမယ်။ ဟိုဆိုက်ဒ်မှာလဲ သူတို့အချင်းချင်းဆွေးနွေးထားတာတွေလဲရှိတယ်။ အရာအားလုံးက မှုန်ဝါးဝါးတွေပဲ။ အတတ်နိုင်ဆုံးက သူများဟာကို ကိုယ့်ဟာလို လုပ်ပြီး စာဖတ်သူတွေကို မလှည့်စားရင်ဘဲ အဆင်ပြေလောက်ပါပြီ။
အောင်သာငယ်.. ဒီလိုပဲ ကျမတို့ ကြိုးစားရမယ်ထင်ပါတယ်ရှင်။ မိမိတွက်ကော.. ကလေးတွေတွက်ကော.. နောင် စာပေလောကအတွက်ပါ။
မောင်မျိုး.. မောင်မျိုး ကို အမ ခွင့်ပေးပြီးသားလေ။ ဒီကိစ္စက မောင်လေးပိုစ်နဲ့လုံးဝ မဆိုင်ဘူး၊ ဘာအပြစ်မှရှိသလိုဖြစ်မနေနဲ့တော့။ မောင်မျိုးလဲ အမဆီက ခွင့်တောင်းသွားတာပဲ။ အမလဲ သဘောတူတာပဲ။ ကြောင်တော့ ခေါင်းမဖြတ်ရဲပါဘူးတော်..
Comment by မလေး — February 22, 2009 @ 4:05 am

အစ်မရေ ဒီပို့စ်လေးကတစ်ကယ်ကောင်းတယ်..။ အစ်မပြောသလိုဘဲ စာတွေကိုထပ်တူကျအောင်ပြန်ရေးဖို့ဆိုတာ တကယ်မလွယ်ဘူး..။ copyright အကြောင်းတော်တော်လေ့လာရဦးမယ်… ။ ကိုယ့်ရေးထားတဲ့စာကို တစ်ခြားလူကအမည်မဖော်ပြဘဲတင်ထားတာကို တွေ့တဲ့အခါခံစားရတာကို နားလည်ပါတယ်..။ ကျောင်းတုန်းကလည်းအဲသလိုမျိုးပေါ့.. စာစီစာကုံပြိုင်ပွဲလေ.. ကျွန်တော်က ဒုတိယရတယ်.. ပထမရတဲ့လူရဲ့ စာစီစာကုံးကိုမြို့နယ်ရုံးကိုပို့ရမယ်လေ..။ သူကလက်ရေးမလှတော့ ကျွန်တော့်လက်ရေးနဲ့ ပြန်ကူးရေးခိုင်းပြီး တင်ပေးလိုက်တယ်.. ။ အဲဒီတုန်းက တကယ့်ကို အောင့်သက်သက်နဲ့ကူးပေးလိုက်ရတယ်.. (ဆရာမတွေကိုလည်းကြောက်ရတယ်လေ)။
Comment by Evergreen Phyo — February 22, 2009 @ 5:51 pm

မလေး ရေးသင့်ပါတယ်။ မသိသေးလို့ မှားတဲ့လူတွေလည်း သိသွားတာပေါ့။ ပုံရိပ်လည်း ကိုယ့်စာလေးတွေကို ကောင်းသည် ဖြစ်စေ မကောင်းသည် ဖြစ်စေ တန်ဖိုးထားမှာပါ။ မလေးရဲ့ အပြုသဘော ဆောင်တဲ့ ဝေဖန်ချက်ကို လေးစားပါတယ်။ ဒါနဲ့ အီးမေးလ်လေး ရလားမသိဘူး။ အကြောင်းပြန်ပါဦး။
Comment by ပုံရိပ် — February 22, 2009 @ 7:33 pm

Evergreen Phyo... ကိုဖြိုးခံစားချက်ကို မလေး နားလည်တယ်။ ဆရာမတွေကလဲ အရှိကိုအရှိတိုင်းလက်ခံနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲနော်..
ပုံရိပ် .. မလေး အီးမေးလ် ပြန်ပို့ထားတယ်။ ကျေးဇူးပုံရိပ်ရေ..။
Comment by မလေး — February 23, 2009 @ 1:40 am

မလေးရေ… ညီမတို့လည်း Ayaနဲ့ တခြားEnglishလိုပြန်တဲ့သူတွေကို Credit ပေးထားရင်အဆင်ပြေတယ်ထင်ပါတယ်.. မအားတဲ့ကြားက ညီမတို့ blogကိုလာလည်သွားတာကျေးဇူးပါရှင်…
Comment by Phu Phu — February 23, 2009 @ 6:44 am



Saturday, February 21, 2009

အမည်လေးတော့ဖော်ပြစေချင်...

ကျမ ခုရက်တွေမှာ ပိုစ်တစ်ခုရေးနေပါတယ်။ အဲဒီပိုစ်ကို တတ်နိုင်သမျှ အားလုံးကို စိတ်ချမ်းသာစေချင်လို့ ဘယ်သူကိုမှ မထိခိုက်အောင်ရေးနေတယ်။ ရေးသာရေးနေတာ တင်ဖြစ်ချင်မှလဲ တင်ဖြစ်ပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စဟာ ထပ်ဆင့်မျှဝေသူရဲ့ Intention နဲ့ အများကြီးသက်ဆိုင်နေပါတယ်။ အချို့တွေက မရည်ရွယ်ဘဲ အမှားလုပ်မိတယ်။ အချို့ကတော့ ဦးနှောက်ဖောက်စားသွားတယ်ပေါ့နော်.. ဘယ်လိုပဲဖြစ်ဖြစ် သတိထားပြီးရေးနေတယ်.. ဒါပေမယ့် ရေးရင်းရေးရင်းနဲ့ ဒီဆိုဒ်ကို သွားတွေ့တော့ ကျမ ၀ါးလုံးကွဲ ရယ်မိပါတော့တယ်။ ဆိုက်ဒ် အမည်က “မောင့်ချစ်သဲ” တဲ့။ ဖန်တီးသူက စမ်းသပ်ထားတာ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျမ ကဗျာ ၂ပုဒ်ကို ယူပြီးစမ်းထားတယ်။ ကျမ အမည်တော့ မပါပါဘူး။ တစ်ပုဒ်ကလဲ သုံးလိုင်းပဲ ပါတယ်။ ကဗျာတွေကို စာလုံးတွေပြောင်းထားတာလဲမလုပ်ပါဘူး။ ဒီဆိုက်ဒ်ပိုင်ရှင်ကို ကျမ စိတ်ထဲမှာ ဘာမှမရှိဘူး။ ခံရတာများတော့ ထုံသွားတာလဲ မဟုတ်ပါဘူး။ ဆိုက်ဒ်ပိုင်ရှင်က ကြုံရာကဗျာဆွဲတင်ပြီး စမ်းတာမှာ၊ ကဗျာမှာ တော်သူ ဘလော့ဂါတွေ အများကြီးထဲကမှ ကျမ ကဗျာကို သုံးတာကို ၀မ်းသာတယ်လို့ပဲဆိုပါတော့ရှင်။

တစ်ကယ်လို့ ကဗျာရေးသူနေရာမှာ အိမ့်ချမ်းမြေ့အစား အခြားကလောင်နာမယ် သို့မဟုတ် ကဗျာမှာလည်း စာလုံးတွေ ပြင်ထားရင်တော့ ကျမ စိတ်တော့ ကောင်းမယ်မထင်ဘူး။ ခုတော့ ကျမ ရယ်ပဲရယ်ချင်တာပါ။ ဆိုက်ဒ်အောက်ကပုံကိုလဲ ကြည့်ပါဦး။ ကျမ မဟုတ်တာတော့ လူတိုင်းသိမှာပါ။ အဲသလောက်ချောနေရင်လဲ မင်းသမီးပဲ လုပ်စားတော့မယ်။

ကျမအပါအ၀င် ဘလော့ဂါ မိန်းကလေးတွေအမည်နဲ့ အဲလို နိုင်ငံခြားမင်းသမီးပုံတွေကို ရေကူးဝတ်စုံတွေနဲ့ တွဲတွဲတင်တာမျိုးလဲ ခဏခဏတွေ့ပါတယ်။ ။ အပေါ်က ဆိုက်ဒ်မျိုး မဟုတ်ဘူး။ ကြော်ငြာလိုမျိုးဆိုက်ဒ်တွေ။ အရေးမကြီးလို့ (ဘလော့ဂ်လောကမှ မဟုတ်သော ကျမ၏တစ်ယောက်သောသူကလွဲပြီး) ကျမ ဘယ်သူ့မှလဲ မပြောမိပါဘူး။ ကာယကံရှင် ဘလော့ဂါမလေးတွေလဲ ခုထိ မသိပါဘူး။ သူတို့သိစရာလဲ မလိုပါဘူး။ သိလောက်အောင်လဲ အရေးမကြီးဘူး။ အသေးအမွှားတွေကို အကျယ်မဖြစ်စေချင်လို့ ခေါင်းထဲက ထုတ်လိုက်ပါတယ်။ တစ်ကယ်တော့ ဒီကိစ္စ ဟာ ငိုအားထက် ရယ်အားသန်တဲ့ အဖြစ်ပါ။

ကျမ အမည်မဖော်ပြဘဲ စာတွေကို ကူးယူဖော်ပြတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျမခံစားချက်တွေကတော့ထုံနေပါပြီ။ ဟိုးလွန်ခဲ့တဲ့ ဘလော့ဂ်ဆိုတာကို စသိလိုက်တဲ့ အချိန်ကလို့ပဲ ဆိုပါရစေ... ပြန်မပြောတော့ပါဘူး။ ငယ်ငယ်က ကြားဖူးတဲ့ “ပြီးခဲ့တာ ကန့်လန့်ကာချလို့ ဘ၀သစ်လေးတည်ဆောက်မယ်ကွယ်” ဆိုတဲ့ သီချင်းတစ်ပုဒ်ထဲကလိုပါပဲ။

အပြင်လောကမှာ ရှဲဒိုး စာရေးဆရာတွေ၊ ရှဲဒိုးသီချင်းရေးဆရာတွေ ရှိနေတယ်။ အဖေကရေးပြီး သမီးနာမယ်နဲ့ စာအုပ်တွေထုတ်တယ်။ စာမူတွေတစ်ထပ်ကြီးပိုက်ပြီး သူငယ်ချင်းလက်ထဲထည့်လိုက်တာ သူငယ်ချင်းက သူ့နာမည်နဲ့ စာအုပ်တွေထုတ်ပြီး ဆုတွေရတယ်။ မူရင်းစာရေးသူတွေကိုတောင် မဖော်ပြဘဲ တိုက်ရိုက်ဘာသာပြန် တယ်… စတဲ့ အဖြစ်တွေ၊ စာပေသမိုင်းမှာ ရှိခဲ့ဖူးတော့ ၊ ခုလို အွန်လိုင်းလောကမှာ ကျမတို့ရဲ့ မတောက်တခေါက် စာတွေ အမည်ဖော်ပြမခံရဘဲ ၊ နေရာအနှံ့မှာ ဖော်ပြခံနေရတာ ဆန်းတော့ မဆန်းလှပါဘူး။

ဒီဆိုက်ဒ်မှာ ဆိုရင် ကျမ ကဗျာများသာမက အခြားသော ဘလော့ဂါများရဲ့ ကဗျာများ ကိုပါ အမည်မဖော်ပြဘဲ ကူးယူဖော်ပြထားတာ တွေ့ရပါတယ်။ ဒီမှာတော့ ကျမ အမည်ကို ဖော်ပြထားပါတယ်။ ဒါ လူငယ်လေး တစ်ယောက်ဖြစ်နိုင်ပါတယ်။ မသိလို့ လုပ်မိတာလဲ ဖြစ်နိုင်ပါတယ်။ ကဗျာတွေကို လိုသလို ပြောင်းမပစ်တာကိုဘဲ ကျေးဇူးတင်လှပါပြီ။ နောက်တစ်ခုက ခုနောက်ပိုင်းကူးယူသူ အချို့တွေက တော်ပါတယ်။ ဖြေရှင်းပြတယ်၊ အကျိုးအကြောင်းရှင်းပြတယ်။

ကျမ ဆိုဒ်မှာ ကျမဖန်တီးထားတာမဟုတ်သော ဓာတ်ပုံတွေကို တစ်ခါတစ်ရံ ယူပြီးသုံးပါတယ်။ လောလောလတ်လတ် ဥပမာပြရမယ်ဆိုရင် ဂုဏ်မက်သူ ၀တ္ထုမှာ အပျော်တမ်း ဓာတ်ပုံဆရာ ကိုရဲထွန်း ထံမှ ရန်ကုန်တက္ကသိုလ်ဝင်းထဲက ဓာတ်ပုံတွေကို ကြိုက်လွန်းလို့ ကျမ ယူသုံးထားပါတယ်။ ဒါပေမယ့် သူ့ပုံတွေကို လုံးဝ မထိပါဘူး၊ ပြောင်းလဲမပြောင်းပစ်ပါဘူး။ သူ့လင့်ခ်ကိုလဲ ဖော်ပြပေးထားပါတယ်။ ဒါပေမယ့် ဒီလောက်နဲ့မလုံလောက်ပါဘူးတဲ့။ တစ်ကယ်ဖြစ်သင့်တာက သူ့ထံမှာ ကျမသွားပြီး ခွင့်တောင်းပြီး သူခွင့်ပြုချက်ရမှ တင်ရမှာဖြစ်ပါတယ်တဲ့။ သူပြောတာ မဟုတ်ပါဘူး ပညာရှင်တွေက ပြောတာပါ။

ဒီအကြောင်းတွေကို (သိပြီးသားလူတွေတွက်မဟုတ်ဘဲ) ကျမ လို မသိသေးသူတွေတွက် ကလေးတွေအတွက် ဝေမျှချင်ပါတယ်... တစ်ချိန်ချိန်တော့ တင်ဖြစ်ပါလိမ့်မယ်။

ခုတော့ အားလုံးပဲ ပျော်ရွှင်သော စနေ၊ တနင်္ဂနွေလေးများဖြစ်ကြပါစေရှင်..။


abirdsmile.gif


anight.gif


guysnature.gif


flower.gif


performance-review.gif


forgotten.gif


mgchitthel.gif


hut1.png


comments from www.ainchannmyay.com


ဟုတ်တယ်နော်.. သတိထားစရာလေးပါ… ကျွန်တော်လည်း အခုမှ ဘလော့ခ်ရေးတာ ၂လတောင်မရှိသေးတော့.. အဲဒါတွေ အစက မသိခဲ့ဘူးဗျ
Comment by thetpaingthu — February 20, 2009 @ 8:07 pm

မောင့်ချစ်သည်း က ရယ်ရတယ်
တော်သေးတယ်လို့ပြောရမယ် အစ်မ စာတွေကို မပြင်ထားလို့ ကိုကောင်းကင်ကို ကဗျာတွေဆို ပြင်ခံထားရတော့ တစ်မျိုးပဲ ။ကာယကံရှင်တော့မသိ ဘေးကလူတောင် ခံစားရတယ် ။ မနေ့ကဆိုတာလည်းတကယ်တော့ အတိတ်မှာကျန်ခဲ့တာမို့ ““ပြီးခဲ့တာ ကန့်လန့်ကာချ”” အဲ့တာပဲကောင်းတယ်
Comment by မောင်မျိုး — February 20, 2009 @ 8:12 pm

ဟီးး…. မလေးလည်း ဘ၀တူပဲကိုး။
Comment by ပန်ဒိုရာ — February 20, 2009 @ 8:52 pm |

မလေးရေ..ကြားရ မြင်ရပြန်ပြီ.. ခက်တယ်နော်။
Comment by K — February 20, 2009 @ 9:41 pm

မလေးရေ… ဒီမှာ ဆိုရင် ဒီလိုမျိုးကူးပြီး သူတို့ရေးသလိုမျိုးတွေလုပ်နေတာတွေ့ ရပါတယ်..။ ညီမက ဘလော့တော်တော်များများဝင်ဖတ်ထားတော့ သူတို့ရေးတာဘယ်သူ့ ဆီက ကူးတယ်ဆိုတာသိနေတာပေါ့..။ ကောင်မလေးတယောက်ဆို မရွှေပြည်သူရဲ့ ၀တ္တုတစ်ခုကို အခန်းဆက်ရေးပြီး popular တော်တော်ဖြစ်နေတယ်..။ ညီမက မရွှေပြည်သူနာမည် ထည့်ပေးဖို့ ၀င်ကွန်းမင့်လိုက်တော့ သူညီမကို blockလိုက်တယ်.. … ။ အဲလိုတခြားလူတွေအများကြီး..။ ကိုယ်တိုင်လဲခံဖူးတယ်။ နောက်ပိုင်းတော့ ပြောမရလို့လွှတ်ထားလိုက်တယ်.. :P..။
Comment by Phu Phu — February 20, 2009 @ 10:20 pm

ဟိုက် ညီမရဲ့ ဒီမှာက code မှားသွားလို့ …မပေါ်ဘူးဖြစ်နေတယ်… ဆောရီး… ဒီမှာရှိတယ်…(အဲဒီမှာ အမှန်အကန်တွေလဲရှိပါတယ်..ဒါပေမယ့် ကူးတာပိုများနေတယ်)
Comment by Phu Phu — February 20, 2009 @ 10:26 pm

နာမည်ကြီးပြီး စာရေးတော်လို့ ယူသုံးကြတာလို့ ဂုဏ်ယူပစ်လိုက်ပါ တပြည်သူ။ အဟီး
Comment by ကလိုစေးထူး — February 20, 2009 @ 10:59 pm

“မောင့်ချစ်သည်း” ကိုသွားကြည့်၊ ပုံကြည့်ပြီးရယ်လိုက်ရတာ..
Comment by sin dan lar — February 20, 2009 @ 11:58 pm

မဂျီးရေမခုခေတ်ကသိတဲ့အတိုင်းကော်ပီခေတ်လေ..ဟီး
ဒါပေမယ့်လဲ..ရေးသူနာမည်ကိုတော့ဖော်ပြပေးစေချင်တာပေါ့
Comment by ဒေါင်းမင်း — February 21, 2009 @ 12:23 am |

thetpaingthu .. အမလဲ မသိတာတွေ အများကြီးပါ မောင်လေးရေ
မောင်မျိုး .. ဟိုတုန်းကတော့ ပြင်ခံထိဖူးပါတယ်။ မောင်လေးကော ကန့်လန့်ကာ ချမလို့လား။ ဟိုနေ့က ကဗျာကောင်းမှာကောင်း.. အဟမ်း
ပန်ဒိုရာ.. မပန်တို့က အများကြီးတော်ပါသေးတယ် မပန်ရယ်…
K … သိပ်ခက်ပါ၏ မကေ..
Phu Phu .. အဲဒီမှာ ရွှေပြည်သူဆိုပြီး အကောင့်ဖွင့်ပြီး အဲဒီပိုစ်ကို ရွှေပြည်သူ နာမယ်နဲ့ ပြန်ပြီးတင်သင့်တယ်။ ဟိုးတုန်းက ညီမ ရွှေပြည်သူတွက် အမုန်းခံပြီး ကော့မန့်ရေးသလိုပဲ မလေးအတွက် အမုန်းခံပေးသူ ရှိခဲ့ပါတယ်။ သူ့ကိုလဲ ၀ိုင်းဆော်ကြတာ.. မလေးကလဲ ရန်မဖြစ်တတ်တော့ နောက်ဆုံးဘာတွေဖြစ်ကုန်လဲမသိဘူး.. အဲဒီဖိုရမ် မလေး သွားတောင်မကြည့်တော့ဘူး။ အဲ့ကိစ္စဖြစ်တုန်းက။
ကလိုစေးထူး … အဲလိုကြီး ဂုဏ်ယူရမလိုဖြစ်နေပြီ။ တမျိုးပဲနော်.. (အင်း.. ဒါနဲ့ တလွဲဂုဏ် ဆိုပြီး ပိုစ်အသစ်တင်မှထင်ရဲ့ )
sin dan lar … အမယ်.. လူကိုလှောင်တယ်ပေါ့။ ဟွန်း.. မလေးက အပြင်မှာ ဒီထက်ဟောတ်သေးတယ် .. ခွီးခွီး
ဒေါင်းမင်း… စာပေကိုတစ်ကယ်ချစ်မြတ်နိုးတဲ့ နေ့ကျရင် သူတို့ဖော်ပြပေးလာလိမ့်မယ်။ ဒီကြားထဲမှာ မူရင်းရေးသားသူတွေကို အမည်ဖော်မပြဘဲ ကိုယ်ရေးသလိုလိုလုပ်ပြီး နာမယ်ယူယုံမက ရေးသူအစစ်ကို ကူးယူသူတွေက ၀ိုင်းမနွှာရင်ဘဲ ကံကောင်းလှပြီပေါ့ မောင်လေး။ (အမတောင် ဘန်းစကားအတော်ဟုတ်လာပြီ)
Comment by မလေး — February 21, 2009 @ 12:28 am

ဟုတ်တယ် မလေး၊ ညီမလေးလည်း အွန်လိုင်းပေါ်မှာ ဘလော့စလုပ်စက မသိတတ်ခဲ့တော့ သူများကဗျာလေး နှစ်ပုဒ်လားမသိဘူး ယူတင်မိတယ်။ ဘလော့ဂါမိတ်ဆွေတစ်ယောက်က ဘယ်သူ့ဟာလဲ ဆိုပြီး ကွန်မန့်မှာလာအော်မှ ဟာ… ဟုတ်တယ် ဆိုပြီး သူ့ကို ပြန်တောင်းပန်ရင်းနဲ့ အဲဒီကစလို့ ကိုယ်ပိုင်ကဗျာတွေ တော်တော်များများ ရေးဖြစ်သွားတာ။ ဟိုးအရင်က ရေးတော့ရေးပေမဲ့ သိပ်မရေးဖြစ်ခဲ့ဘူးလေ။ ခုလို မလေးဖြစ်ရတော့ ကိုယ်တိုင်တုန်းကနဲ့ ကိုယ်ချင်းစာပြီး အဲဒီတုန်းက မူရင်းပိုင်ရှင်လည်း မလေးလို ခံစားရမှာပဲလို့ တွေးမိတယ်။ ခုတော့ အသက်ကလည်း ရလာဆိုတော့ ရင့်ကျက်သွားပါပြီ။
ဘာပဲပြောပြော အဲလို ကူးယူခံရတာ ကဗျာရဲ့ ကောင်းခြင်းပေါ်လည်း မူတည်တယ်နော်။ မလေးကဗျာတွေ တော်တော်များများက နှစ်သက်ကြလို့ပေါ့။
Comment by အေးချမ်းသူ — February 21, 2009 @ 4:40 am |

အစ်မရေ စိတ်ထဲသိပ်မထားပါနဲ့..။ ကိုယ်လဲဘယ်လိုမှမတတ်နိုင်ဘူးလေ..။ တော်တော်ခက်တဲ့လူတွေပါလားဗျာ..။
Comment by Evergreen Phyo — February 21, 2009 @ 10:10 am

အေးချမ်းသူ .. ညီမလေး လူဆိုတာ အမှားနဲ့ မကင်းပါဘူး။ မလေးလဲ လူထဲကလူတယောက်ပါ။ အမှားတွေကြားက ရင့်ကျက်လာကြရတာပါပဲ။ မလေးလဲတူတူပါပဲ..
Evergreen Phyo .. မလေး နဂိုဗီဇကကို ဒေါသနဲပါတယ်မောင်လေး… ခုဟာက ကိုစေးထူးပြောသလို ကူးယူခံရတာကို ဂုဏ်ယူရမလိုဖြစ်နေတယ်
Comment by မလေး — February 21, 2009 @ 7:48 pm

အားပေးတယ်ဗျိုး … ကော်ပီကူးတာတွေကို ဆင်ခြင်နိင်ကြပါစေလို့…မေ့တတ်လျော့တတ်တာတွေပါ သတိပြုမိသွားတာပေါ့
Comment by nainai14 — February 23, 2009 @ 4:12 am


Friday, February 20, 2009

ပဲခူးမြို့ရှုခင်းများ

မြန်မာပြည်ကို ပြန်မရောက်တာကြာနေသူများအတွက် အလွမ်းပြေ ပဲခူးမြို့ပေါ်က ရှုခင်းအချို့ဖြစ်ပါတယ်ရှင်။

လမ်းသွားလမ်းလာများရဲ့ မျက်နှာများကို ၀ါးထားတာ သူတို့ရဲ့ privacy ကိုလေးစားတဲ့အနေနဲ့ ၀ါးထားခြင်းသာဖြစ်ပါတယ်။



pegu21.jpg

pegu31.jpg

အောက်ကပုံကတော့ ဘုရားရင်ပြင်တစ်ခုပေါ်မှာ လှပတဲ့ အဖြူရောင်ပန်းပွင့်လေးတွေ ကြွေကျနေကြတာပါ။

ဘုရားနံမည်ကို အရေးထဲ မလေး မေ့နေပါတယ်။ သတိရရင် ပြန်တင်ပေးပါမယ်။



white-flowers1.jpg

ဘုရားကို ပတ်ရင်းပတ်ရင်းနဲ့ တစ်နေရာအရောက်မှာ ပုဂံခေတ်က ဘုရားပုံစံမျိုး စေတီတစ်ဆူက ရုတ်တရက် မြင်ကွင်းထဲရောက်လာပါတယ်။ ရင်သပ်ရှုမောပါပဲ။ ပတ်ဝန်းကျင်မှာ ထန်းပင်တွေ၊ အုန်းပင်တွေက ပတ်ပတ်လည်ဝိုင်းပြီး ကျေးငှက်သာရကာနဲ့ အလွန်သာယာနာပျော်ဖွယ်ပါပဲ...


paganstyle1.jpg

ဒါကတော့ ခုနက ပုဂံဘုရားပုံစံ စေတီရဲ့ အတွင်းပိုင်းဖြစ်ပါတယ်။ တိတ်ဆိတ်ငြိမ်သက်ပြီး အလွန်အေးချမ်းပါတယ်။


inside2.jpg

ဒါကတော့ ဘုရားဖူးတွေအတွက် ဟိုးတုန်းထဲက ဆောက်ထားခဲ့ဟန်ရှိတဲ့ ဇရပ်လေးပါ။


ဇရပ်ရှေ့မှာ ဖရဲသီးရောင်းနေသူတွေ၊ အအေးရောင်းနေသူတွေ၊ မုန့်ဆိုင်လေးတွေကိုတွေ့ရပါလိမ့်မယ်။


zayut.jpg

ရွှေမော်ဓောပါ။ ကားပေါ်က ရိုက်နေတုန်း ကားက ခုန်လိုက်ချိန်နဲ့တိုးပြီး နည်းနည်စောင်းသွားတာပါ။ လမ်းစောင်းနေတာမဟုတ်.. :) ဒီပုံကို ကြည့်ပြီးချိန်မှာ မောင်နှစ်မများအားလုံး မလေး ပြောသလိုလုပ်နော်... ။ စပြီ...။ ခေါင်းကို ဘယ်ညာစောင်း၊ အောက်စိုက်၊ နောက်လှန်ပြီး နည်းနည်း လေ့ကျင်းခန်းလုပ်လိုက်ကြ။ အင်တာနက်ကြည့်တာများပြီး ဇက်ကြောတက်တာ ပြေအောင်.. ပြီးတော့ မျက်စိမှိတ်၊ အသက်ကို ဖြည်းဖြည်း ငါးကြိမ်လောက်ရှုလိုက်...။


အဲ.. အားလုံးအရှိန်တက်ပြီး မလေး ပြမယ့်ပုံတွေ ဆက်မကြည့်ဘဲ တရားသွားထိုင်သူထိုင်၊ yoga သွားထိုင်သူထိုင် ဖြစ်ကုန်ရင် နောက်ပြမယ့် ပုံလေး မကြည့်ဘဲ ဖြစ်သွားဦးမယ်... တစ်ပုံတည်းကျန်တာပါ။


shwemawdaw.jpg

ဒါက ရွှေမောဓော အ၀င်ကဆိုင်းပုဒ်ပါ။ မလေးတော့ ကြိုက်တယ်။ ဖြစ်သင့်တယ်။ ဟိုတစ်ခါ မလေးပြောသလို ကနေဒါက အမတ်တစ်ယောက်ရဲ့ ချစ်သူက လည်ဟိုက်နဲ့ အခမ်းအနားကြီးတစ်ခုကို သွားတက်တာ၊ အဲဒီအမတ် အလုပ်ပြုတ်တဲ့အထိ မီးခိုးကြွက်လျောက်ဖြစ်သွားပါတယ်။ (တခြားကိစ္စတွေလဲပါတာပေါ့လေ) ဒီဘုရားပေါ်မှာတော့ စကတ်ရှည်ရတယ်၊ ဘောင်းဘီရှည်ရတယ်။ မလေး အဲ့နေ့က ဘောင်းဘီရှည်နဲ့ သွားတာ၊ ဘာမှ မဖြစ်ပါဘူး။ သွားလည်မည့်သူများ၊ အနေဝေးသူများ သိထားရအောင်ပါ။ သြော်... ဘုရားပေါ်က ဆင်းလာတဲ့ လူတွေ နေလောင်လို့ မျက်နှာမဲနေတာ မဟုတ်ဘူးနော်။ တမင် ဖျက်ထားပေးတာပါ။ for privacy purposes...


shwemawdawentry.jpg

အနေဝေးသူများအားလုံး အလွမ်းပြေကြပါစေ...


hut1.png



comments from www.ainchannmyay.com

မလေးရေ… ပဲခူးမြို့ရှုခင်းတွေခံစားသွားပါတယ်….
မလေးကတော့ ဘုရားဖူးတဲ့သူတွေကို လေ့ကျင့်ခန်းပါအဆစ်လုပ်ခိုင်းလိုက်သေး
ပဲခူးကိုလူမှန်းမသိတတ်ခင်အရွယ်တုန်းကပဲရောက်ဖူးတာမို့ မှတ်တောင်မမှတ်မိတော့ပါဘူး… ဒီတစ်ခါတော့ရောက်အောင်သွားကြည့်ပါဦးမယ် Comment by Phu Phu — February 19, 2009 @ 1:02 am

ပဲခူးကပုံတွေမြင်မှမြန်မာပြည်ကိုပိုပြီူလွမ်းလာတယ်….
ပဲခူးကကွမ်ရင်မယ်တော်ဘုရားကျောင်းကောမရောက်ခဲ့ဘူးလားမဂျီးအဲဒီကိုဝင်ခဲ့ရမှာ
ဥယာဉ်ရှိတယ်
အရမ်းလှတယ် Comment by ဒေါင်းမင်း — February 19, 2009 @ 1:04 am

ရှူခင်းတွေလာကြည့်သွားတယ် ကားပေါ်ကပဲဖြတ်သွားဖူးတာ ပဲခူးမြို့ထဲမလည်ဖူးဘူး ကျေးဇူး အစ်မ ။
သည်စာမျက်နှာပေါ်တွင်ရှိသော ကျမ ကိုယ်တိုင်ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြမည်ဆိုပါက ကျမ၏ ဖန်တီးမှုများဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။
အဲ့တာကိုတွေ့တော့ ဘာမဆိုင် ညာမဆိုင် ပြုံးစိစိဖြစ်သွားတယ် ခုရက်ပိုင်း ဒီမုန်တိုင်းတိုက်နေတယ်နော့်
Comment by မောင်မျိုး — February 19, 2009 @ 1:21 am

Pagoda’s name may be Ma Har Saedi. Is it in suburb of Bago? I miss my home town so much. It is just 50 miles from Yangon but it is peaceful as a small town.
Comment by wai naing — February 19, 2009 @ 2:45 am

မမရေ.. ကျေးဇူးပါပဲ.. ပဲခူးကို မရောက်တာကြာပြီ… ပြန်တောင်သွားချင်စိတ်ပေါက်တယ်
Comment by thetpaingthu — February 19, 2009 @ 6:41 am

အစ်မရေ ဓာတ်ပုံတွေကြည့်သွားတယ်..။ လေ့ကျင့်ခန်းလေးတောင်လိုက်လုပ်လိုက်သေး..။ ခရေတွေကြွေနေတဲ့ပုံလေးကြိုက်တယ်..။ ကြွေနေပေမဲ့ မွှေးနေဆဲပါ..။
Comment by Evergreen Phyo — February 19, 2009 @ 9:47 am

Ma Lay,
I have a wish to go back and live in my beloved country when I get older but I am not sure it could be done because of my health problem. I am practicing Burmese typing but not a lot of improvement yet. Hope to type in Burmese soon.
Prov 3:6
Ain Shin Ma
Comment by lynda — February 19, 2009 @ 11:27 am

Phu Phu … ဘုရားဖူးရင်း ညောင်းညာမှာစိုးလို့း) ညီမလေးကြိုက်မယ်.. အေးချမ်းတယ်။
ဒေါင်းမင်း .. ကွမ်ရင်မယ်တော်ဘုရားကျောင်းတော့ မရောက်ခဲ့ဘူး မောင်လေးရေ…
မောင်မျိုး … ရိုးသားစွာမှားယွင်းမိသူတွေ မပါပါဘူး မောင်လေးရယ်.. မလေး တမင် ကိုယ့်စိတ်ကိုလွှဲတာကော၊ ဝေမျှချင်တာကော… ဒီပိုစ်ကိုတင်တာပါ။ မလေးကိုယ်တိုင်ခံခဲ့ရတာဆိုတော့ …….. ကိုယ်ပေးရမယ့် အချိန်နဲ့ စေတနာတွေဟာ ကိုယ်တင်မယ့် ပိုစ်တန်၊ မတန် စဉ်းစားနေတယ်။
ဝေနိုင်.. ဟုတ်တယ် မဟာစေတီထင်တယ်၊ ကျေးဇူးပါ။
သက်ပိုင်သူ .. သနပ်ပင်ရွာလေးတွေကလဲ လှတယ်။ ဒီတစ်ခါတော့ အမ မရောက်လိုက်ဘူး။
အမြဲစိမ်းဖြိုး .. ကွန်ပြူတာရှေ့မှာ ထိုင်တာများပြီး စာဖတ်သူ မောင်နှမများကို အညောင်းမိမှာစိုးလို့း) ခရေမဟုတ်ဘူးမောင်လေးရဲ့။ ဘာပန်းလဲမသိဘူး။ လှတာတော့ သိပ်လှတယ်။
အိမ်ရှင်မ .. မလေးလဲ လွန်ခဲ့တဲ့ ၂နှစ်ကျော်၂ကမှ ကောင်းကောင်းစရိုက်တတ်တာ။ လင်ဒါ ကျမ်းမာပါစေနော်.. မလေးဆုတောင်းပေးပါတယ်။ မလေး ခုတောင် ပြန်နေချင်တာ
Comment by မလေး — February 19, 2009 @ 2:51 pm

ကြည့်ပြီးလွမ်းသွားတယ် မလေးရေ။ မရောက်တာ ကြာလှပေါ့။ ပုဂံဘုရားပုံစံစေတီက အေးချမ်းလိုက်တာနော်။
Comment by ပုံရိပ် — February 19, 2009 @ 6:12 pm |

မလေးလက်ရာတွေ ခံစားရင်း စိတ်ကြည်နူးသွားပါတယ်။ သတိရနေတယ် မလေး။
Comment by အေးချမ်းသူ — February 20, 2009 @ 4:56 am

Monday, February 16, 2009

ဒီမိုကရေစီနှင့် တသီးပုဂ္ဂလ၀ါဒ

ဒီမိုကရေစီဆိုတာ လူအများစုရဲ့လက်ထဲမှာ ဆုံးဖြတ်ခွင့်တွေနဲ့ အချုပ်အချာအာဏာရှိတာကို ဆိုတယ်။

Collectivism ဆိုတာကတော့ အဖွဲ့အစည်း သို့မဟုတ် တိုင်းပြည်တစ်ခုဟာ စီးပွားရေး၊ ကုန်ထုတ်လုပ်ရေး တစ်ခုလုံးကို ချုပ်ကိုင်ထားခြင်းဖြစ်တယ်။ ဥပမာ.. နာဇီတွေနဲ့ ကွန်မြူနစ်တရုပ်တိုင်းပြည်တွေ။

Individualism ကတော့ တစ်ဦးတည်းရဲ့ မူပိုင် လုပ်ပိုင်ခွင့်တွေကို ပိုအားပေးတယ်။ လူအများစုရဲ့ ၀င်စွက်ဖက်မှုနဲ့ ပရောဂတွေ ကင်းတယ်။

အပေါ်က သုံးခုကိုယှဉ်ကြည့်ရင်………

ဒီမိုကရေစီ ဟာ Collectivism နဲ့ သွားနီးစပ်နေတယ်။ ကျမ တစ်ဦးထဲအမြင်မဟုတ်။ J.B. Wollstein ကလဲ ဒီလိုပဲမြင်ပါတယ်။

တိုင်းပြည်တွေ တော်တော်များများဟာ ဒီမိုကရေစီကိုလိုလားကြတယ်။ အထူးသဖြင့် အနောက်နိုင်ငံတွေမှာ ဒီမိုကရေစီကို ကျင့်သုံးမှ လွတ်မြောက်မယ်၊ ငြိမ်းချမ်းမယ်လို့ ဆိုလေ့ရှိတယ်။ ကိုယ်ကိုတိုင်ကလဲ ဒီလိုတိုင်းပြည်ကို ရောက်လာပြီး အနှစ်နှစ်ဆယ်နားကပ်လာတော့ သူတို့ရဲ့ (လှည့်ကွက်လို့ပြောမလား) ဟာကွက်တွေကို မြင်လာတယ်။ မသိခင်ကတော့ ကိုယ်ကိုတိုင် ဒီမိုကရေစီတိုင်းပြည်တွေကို အထင်ကြီးလို့ ကနေဒါကို ရောက်လာတာပါ။ ဒီမိုကရေစီ ကျင့်စဉ်က မကောင်းဘူးလို့ မပြောပါဘူး၊ ကောင်းပါတယ်။ လုံးဝမကျင့်သုံးတဲ့ တိုင်းပြည်တွေထက်တော့ သာပါတယ်။ ဒါပေမယ့် လိုအပ်ချက်တွေ၊ ဟာကွက်တွေ အများကြီးပါ။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဆိုးတာတွေအများကြီးပါပဲ။ ဆိုးတာတွေ များလို့ ဒီမိုကရေစီနည်းလမ်းကို မကျင့်ရတော့ဘူးလို့ ကျမ လုံးဝ မဆိုလိုပါဘူး။

J.B. Wollstein က ပြောပါတယ်။ ဒီမိုကရေစီကို ကျင့်သုံးတယ်ဆိုနေတဲ့ တိုင်းပြည်တွေဟာ ရွေးကောက်ပွဲတွေကို အလျှံပယ်လုပ်နေပေမယ့် ပြည်သူလူထုကို စနစ်တကျ ဖိနှိပ်နေပါတယ်တဲ့။ သူပြောတာ သွေးထွက်အောင် မှန်နေလို့ပါပဲ။ ဥပမာပြရမယ်ဆိုရင်.. ကနေဒါနိုင်ငံမှာ အထင်ကရမရှိတဲ့ အစိမ်းရောင်ပါတီလို ပါတီသေးလေးတွေဟာ မဲဆွယ်ပြိုင်ပွဲတွေတွက် ငွေရေးကြေးရေးကိစ္စတွေမှာ စနစ်တကျ ဥပဒေတွေနဲ့ကို တင်းကြပ်ခြင်းခံရပါတယ်။ သူက အရှေ့တိုင်းပြည်နှစ်ခုကိုလဲ ထောက်ပြထားပါတယ်၊ နာမယ်တွေတော့ မဖော်ပြတော့ပါဘူး။ အဲဒီတိုင်းပြည်တွေဟာ Democratic Republic လို့ သုံးထားပြီး ပါတီတစ်ခုကိုပဲ မဲပေးခွင့်ရတာ။ မဲ မပေးမနေရ အတင်းမဲပေးခိုင်းပြီး ဆန့်ကျင်ရင် ထိုသူတွေကို တနည်းနည်းနဲ့ အသက်ဆုံးရှုံးစေတာ၊ ခေတ်သစ်ကျွန်ဘ၀ ရောက်စေတာတွေကိုပါ ထည့်ပြောထားပါတယ်။ သူက အရှေ့တိုင်းပြည်တွေကိုသာမက၊ အနောက်တိုင်းပြည်တွေရဲ့ ဟာကွက်တွေကိုလဲ ထောက်ပြသွားပါတယ်။ အနောက်တိုင်းပြည်တွေမှာလဲ ပါတီပြိုင်အမတ်တွေကို လုပ်ကြံတာတွေ၊ အမေရိကန်နိုင်ငံမှာတောင် ရွေးကောက်ပွဲတွေမှာ မဲခိုးမှုတွေနဲ့ ပြည့်နေတာတွေကိုလဲ ထောက်ပြသွားပါတယ်။

ဒီမိုကရေစီဆိုတာ လွတ်လပ်ခြင်းတစ်ခုမဟုတ်သလို ငြိမ်းချမ်းခြင်းတစ်ခုလဲ လုံးဝ မဟုတ်ပါဘူး။
J.B. Wollstein ပြောသလိုပဲ ဒီမိုကရေစီဟာ ဘယ်သူ တက်အုပ်ချုပ်ပါလို့ ၀ိုင်းပြီး အများသဘောတူ ဆုံးဖြတ်ပေးတဲ့ သဘောပဲရှိပါတယ်။ ဒီတက်အုပ်ချုပ်သူရဲ့ သမာသမတ်ကျမှုကို တိုင်းတာမှုမရှိပါဘူး။

မြောက်နှင့် တောင်အမေရိကများမှာ ဒီမိုကရေစီကိုရှာဖွေတွေ့ရှိသူများဟာ ဒီမိုကရေစီရဲ့ ဆိုးဝါးမှုတွေ (သူကတော့ evils of pure democracy လို့သုံးထားပါတယ်) ကို ကြိုမြင်လို့ လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးကို ကာကွယ်တဲ့အနေနဲ့ သူတို့တိုင်းပြည်တွေကို constitutional republic အနေနဲ့ ဖွဲ့စည်းထားပါတယ်။ constitutional republic နဲ့ ဒီမိုကရေစီဟာ လစ်ဘာတီ နဲ့ ကျွန်စနစ်ကဲ့သို့ ကွာခြားတယ်လို့ကို ဆိုကြသူတွေရှိပါတယ်။ “လူအများသဘောတူရင် ဤ က ကျွဲ ဖြစ်တယ်” ဆိုသလို၊ အကုန်လုံးကြီးက မှားနေပြီး တစ်ယောက်ထဲက မှန်နေရင် မှန်နေတဲ့သူက အမှားဖြစ်မှာလား။ လူဖြူအများစုက မဲနိုင်ပြီး လူမဲတွေက မဲရှုံးရင် လူမဲတွေရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးရတော့မှာလား စသဖြင့် မေးခွန်းထုတ်စရာတွေရှိလို့ ယူအက်စ် ကွန်စတီကျူးရှင်းမှာကော declaration of Independence မှာပါ ဒီမိုကရေစီ ဆိုတဲ့ စကားလုံးကို သုံးမထားပါဘူး။

ဒီမိုကရေစီဟာ လွတ်မြောက်ခြင်း/လွတ်လပ်ခြင်းကို (freedom) အာမ မခံပါဘူး။ လို့လဲ ဒီမိုကရေစီ သဘောသဘာဝကို လေ့လာတဲ့ ပညာရှင်များက ဆိုပါတယ်။ ရွေးကောက်တင်မြှောက်ခွင့်၊ မဲပေးခွင့်ရှိရုံလောက်နဲ့ တင်မြောက်ခြင်းခံလိုက်ရတဲ့ အစိုးရဟာ မိမိရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေကို ဘယ်လောက် ကာကွယ်ပေးနိုင်မလဲ ဆိုတာလဲ မေးခွန်းထုတ်စရာရှိပါတယ်လို့ ဆိုပါတယ်။ မဲပေးနိုင်ခွင့်ရရုံ အခွင့်အရေး (electoral rights) နဲ့ ကိုယ်ပိုင်အခွင့်အရေး (substantive rights) တွေရဲ့ ကွာခြားမှုကိုလဲ သူတို့တွေက ဆွေးနွေးကြပါသေးတယ်။

ကိုယ်ပိုင်အခွင့်အရေးတွေဟာ ဘာတွေလဲဆိုရင်…

အသက်ရှင်ခွင့်၊ လွတ်မြောက်ခွင့်၊ ဥစ္စာပစ္စည်းပိုင်ဆိုင်ခွင့်
လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်
တရားမျှတသော ခုံရုံးများတွင် တရားရင်ဆိုင်နိုင်ခွင့်
လွတ်လပ်စွာ ခရီးသွားလာခွင့်
ဘာသာရေး လွတ်လပ်ခွင့်
မိမိ ကလေးများကို သူတို့နဲ့သင့်တော်တဲ့ ပညာရေးအတွက် မိဘတွေမှာ ဆုံးဖြတ်ပိုင်ခွင့်
မိမိကိုယ်ပိုင်စီးပွားရေးကို ဖန်တီးနိုင်ခွင့်
မိမိကိုယ်ကို ကာကွယ်နိုင်ခွင့်
အစိုးရက တစ်ချိန်လုံး မျက်စိဒေါက်ထောက်ကြည့်နေခြင်းကို ခံရခြင်းမှ ကင်းလွတ်ခွင့် တွေပဲလို့ ဆိုကြပါတယ်။



ဒီနေရာမှာ .. ကျမ တော်တော်လေး စဉ်းစားသွားမိတယ်။ တစ်ကယ်တော့ ဒီမိုကရေစီနိုင်ငံကြီးတွေမှာ တချို့နေရာတွေမှာ ပြောတာတွေကတခြား၊ ဖြစ်နေတာတွေက တခြားဖြစ်နေပါတယ်။ ဥပမာတစ်ခုပြရမယ်ဆိုရင်… ဟိုတစ်လောကပဲ ဘတ်စ်ကား ကုမဏီကြီးတစ်ခုမှာ အလုပ်လုပ်တဲ့ ဒရိုင်ဘာလေးက၊ သူ့ရဲ့ တစ်နေ့တာ ကားမောင်းရင်းရလာတဲ့ အတွေ့အကြုံတွေကို၊ ဘလောဂ်ရေးပြီး ဝေမျှတာ အလုပ်ပြုတ်သွားပါတယ်။ လွတ်လပ်စွာရေးသားဖော်ထုတ်ခွင့်……??



အစိုးရက တစ်ချိန်လုံး မျက်စီဒေါက်ထောက်ကြည့်နေခြင်းမှ ကင်းလွတ်ခွင့်ကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ သူတို့ ဒေါက်ထောက်ကြည့်ချင်တဲ့သူဆိုရင် ဒီတိုင်းပြည်တွေမှာ လှုပ်လို့မရအောင် ဒေါက်ထောက်ကြည့်တာပါပဲ။ ခရီးသွားရင် ရောက်ရာ မြို့ရွာမှာ သက်ဆိုင်ရာတွေဆီ သတင်းပို့၊ မပို့ရင်တော့ သတင်းစာတွေထဲ ပုံအကြီးကြီးထည့်ပြီး ရှာတော့တာပါပဲ။ ဒါကတော့ အခြေအနေပေါ်မှာ လုံးဝ မူတည်ပါတယ်။

ဒီတိုင်းပြည်တွေမှာ မလွတ်လပ်တာတွေက အများကြီးပါ။ အဲသလို ပြောလို့မရအောင် ဥာဏ်ရှိသူများပီပီ “စည်းကမ်း” ဆိုတဲ့ စကားနဲ့ ထိန်းချုပ်ထားကြပါတယ်။ အဖျင်းဆုံး ဥပမာတွေ ပြရမယ်ဆိုရင် ကျမ ခြံထဲမှာ အမှိုက်ကို မီးရှို့လို့မရဘူး။ ရေတွင်းထတူးလို့ မရဘူး။ အိမ်သာကျင်း ထတူးလို့မရဘူး။ သစ်ပင်တွေ ခုတ်ချင်တိုင်း ခုတ်လို့မရဘူး။ နယူးယားညတွေမှာ လမ်းပေါ်မှာ မူးပြီး လမ်းတွေလျှောက်နေလို့မရဘူး။ မူးပြီးကဲချင်ရင် သက်ဆိုင်ရာ ကလပ်ကိုသွားပဲ။ မူးပြီးလဲ ကားတွေမောင်းနေလို့မရဘူး။ မီးပန်းတွေ ဖောက်ချင်တိုင်း ဖောက်လို့မရဘူး။ ဒီမိုကရေစီရှိတဲ့ တိုင်းပြည်ဆိုပြီး ကမ်းစပ်မှာ ၀တ်လစ်စလစ်နဲ့ ရေကူးလို့မရဘူး။ သတ်မှတ်ထားတဲ့ သောင်ပြင်တွေမှာ ခွေးတောင်ခေါ်လို့မရဘူး။ ကလပ်တွေမှာလဲ ၀တ်ချင်တဲ့ အ၀တ် ၀တ်ပြီး သွားချင်သလိုသွားလို့မရဘူး။ အထူးသဖြင့် အဆင့်မြင့်ကလပ်တွေမှာ သေသေချာချာ ၀တ်စားပြီး သွားရပါတယ်။ ဘုရားကျောင်းတွေမှာလဲ ဒီမိုကရေစီတိုင်းပြည်ဆိုပြီး ၀တ်ချင်တာဝတ်ပြီးလာလို့ မရပါဘူး။ ကနေဒါမှာ အမတ်တစ်ဦး မော်တော်ဆိုင်ကယ်ဂိုဏ်းက မိန်းမတစ်ဦးနဲ့ ချစ်ပြီး အဲဒီမိန်းမက ရင်ဘတ်လည်ဟိုက်နဲ့ အခမ်းအနားတစ်ခုကို တက်တာ၊ နောက်တစ်နေ့ သတင်းစာတွေမှာ ၀က်ဝက်ကွဲ ဝေဖန်တာ ရစရာမရှိပါဘူး။ အဲဒီအမတ်လဲ မကြာပါဘူး၊ အလုပ်ပြုတ်သွားတယ်။ ဒီမိုကရေစီ တိုင်းပြည်တွေမှာ အိမ်တွေမှာ အခန်းပိုရှိတယ်ဆိုပြီး ဘယ်သက်ဆိုင်ရာကိုမှ အသိမပေးပဲ စီးပွားလုပ်ဖို့ ဆိုင်ခန်းထဖွင့်လို့ မရဘူး၊ ရတော့ရပါတယ်.. သူတို့ မသိမချင်း။ သာသနာနယ်မြေ မဟုတ်ဘဲနဲ့ လူနေရပ်ကွက်တွေမှာ ဘယ်ဘာသာမဆို လူတွေအများကြီးနဲ့ ဘာသာရေးအခမ်းအနားတွေ လုပ်လို့မရပါဘူး။ ဒီမိုကရေစီတိုင်းပြည်တွေမှာ လမ်းမမှာ အုပ်စုလိုက်ထိုင်ပြီး ဂစ်တာတွေ တီးနေလို့မရဘူး။ လူငယ်တွေ အိမ်တွေမှာ သောင်္ကြာည၊ စနေည တွေမှာ သူငယ်ချင်းတွေ စုပြီး ပါတီပေးတယ်ဆိုရင် သီချင်းတွေ အကျယ်ကြီးဖွင့်ပြီး မနက် နှစ်နာရီသုံးနာရီထိ နေလို့မရဘူး။ ည ၁၁း၅၉ မိနစ်တိတိ ဆိုတာနဲ့ သီချင်းသံ လုံးဝ မထွက်ရတော့ဘူး။ ထွက်တာနဲ့ အိမ်ရှေ့မှာ ရဲကားတွေက မီးတွေလင်းထိန်ပြီး ရောက်လာမှာပါပဲ။

Ivan Eland ပြောခဲ့တဲ့ စကားတစ်ခွန်းကို ဝေမျှချင်ပါတယ်။ ဒီမိုကရေစီဟာ လွတ်မြောက်ခြင်းကို အာမ မခံသလို၊ ငြိမ်းချမ်းခြင်းကိုလဲ အာမ မခံပါဘူး။ ဒီမိုကရေစီကို မကျင့်သုံးတဲ့ အခြားသော တိုင်းပြည်တွေနဲ့ ယှဉ်ရင်တော့ ယေဘူယျအားဖြင့် ကျင့်သုံးတဲ့ တိုင်းပြည်တွေဟာ တစ်ပြည်နဲ့တစ်ပြည် စစ်တွေတော့ ဖြစ်မနေပါဘူး။ ဒါပေမယ့်လည်း democratically elected regimes တွေဟာ… ဒီမိုကရေစီကို မကျင့်သုံးတဲ့ အားနည်းတဲ့ တိုင်းပြည်တွေကို မကြာခဏ တိုက်ခိုက်ပါတယ်။ နှစ်ဆယ်ရာစုနှစ်မှာ ကမ္ဘာပေါ်က တိုင်းပြည်တွေကို လိုက်ပြီး attack လုပ်လေ့ရှိတဲ့ တိုင်းပြည်တွေထဲမှာ အမေရိကန်ဟာ ထိပ်ဆုံးက ပါပါတယ်။ အဲဒီနိုင်ငံ တိုက်ခိုက်ခံရတဲ့ တိုင်းပြည်အချို့ကတော့ ကိုရီးယား၊ ဗီယက်နမ်၊ ပနားမား၊ ဂရီနာဒါ၊ ကိုလံဘီယာ၊ ဟေတီ၊ အီရတ်၊ အာဖကန်နစ်စတန်၊ ဆားဘီးယား၊ ဘော့စနီးယားတို့ ပါပါတယ်။ သူက ဘာပြောသေးလဲဆိုရင် အမှန်တိုင်းပြောရရင်တဲ့ ဒီတိုင်းပြည်လေးတွေကို ယူအက်စ်က ကြောက်ဖို့နေနေသာသာ ဂရုတောင် စိုက်စရာမလိုတဲ့ တိုင်းပြည်လေးတွေ၊ ဒီလိုတိုင်းပြည်တွေကို မလိုအပ်ဘဲ လိုက်ပြီး attack လုပ်တာကိုကြည့်ခြင်းဖြင့် ဒီမိုကရေစီတိုင်းပြည်တွေမှာ ငြိမ်းချမ်းခြင်းဆိုတာကို ဘယ်မှာသွားရှာရမှာလဲ လို့ ဆိုပါတယ်။

အဲဒီစကားစုမှာ democratically elected regimes ဆိုတာ ကျမ နားမှာ အခါပေါင်းများစွာ ပဲ့တင်ထပ်နေပါတယ်။ ကျမ သမ္မတ ဂျော့ဘွတ်ရှ် မျက်နှာကိုပဲ မြင်နေမိပါတယ်။ သူ့ကို လူအများစုက စည်းလုံးညီညွှတ်စွာနဲ့ သမ္မတ အဖြစ် မဲပေးတင်မြှောက်လို့ democratically elected regimes တစ်ခုကို ပေါ်ပေါက်စေခဲ့လေသလားလို့ တွေးနေမိတယ်။

ရွှေးချယ်တင်မြှောက်ခြင်းတွေ၊ legislatures တွေ မရှိဘဲ လူတစ်ဦးချင်းစီရဲ့ မူပိုင်လုပ်ပိုင်ခွင့် (rights) တွေကို အကာအကွယ်ပေးထားတဲ့ တိုင်းပြည်တွေ ကတော့ အန်ဒိုရာနဲ့ မိုနာကို တိုင်းပြည်တွေပဲ ဖြစ်တယ်လို့ ဆိုကြတယ်။။ အဲဒီတိုင်းပြည်တွေဟာ အခြားသော ဒီမိုကရေစီကျင့်သုံးတယ်ဆိုတဲ့ တိုင်းပြည်တွင်းက လူအချို့တွေလို “ဒီမိုကရေစီ” “လွတ်မြောက်ခြင်း” လို့ နှုတ်က တတွတ်တွတ် ရွတ်ဆိုပြီး မိမိ ကိုယ်ကျိုးအတွက်ပဲ ကြည့်တဲ့ သူတွေထက်တော့ ငြိမ်းချမ်းခြင်းကို ရယူနိုင်လိမ့်မယ်လို့ ဆိုကြပါတယ်။ နောက်တစ်ခုက ဒီလိုနိုင်ငံကြီးတွေမှာ နေနေတဲ့ မြန်မာအချို့ဟာ မြန်မာပြည်ကို “ဒီမိုကရေစီမရှိပါဘူး… အလကားပါ” လို့ လွယ်လွယ်လေး ပေါ့ပေါ့လေး ပြောလိုက်တာကို ကြားရရင် ကျမ ရင်နာတယ်။ ဘယ်သူမှ ဒီမိုကရေစီရှိပါတယ်လို့ ငြင်းနေတာမဟုတ်တဲ့အပြင် အားလုံးက အခက်အခဲတွေ (conflict) ကြားက ကြိုးစားနေကြတယ်။ ဒီလို ဒီမိုကရေစီရှိပါတယ်ဆိုတဲ့ တိုင်းပြည်တွေမှာ နေနေပြီး အဲသလိုပေါ့ပေါ့လေး အထက်စီးကနေပြီး ကိုယ်ကြီးပြင်းလာခဲ့တဲ့၊ ကိုယ့်မိဘဘိုးဘွားတွေ မွေးဖွားကြီးပြင်းလာခဲ့တဲ့ မြေကို စေတနာနဲ့ထောက်ပြတာထက်၊ တို့တွေကတော့ ဒီလိုတိုင်းပြည်ကြီးတွေမှာ နေနေတာဆိုတဲ့ ပုံစံမျိုးပြောနေသူတွေဟာ ကိုယ်လက်ရှိနေနေတဲ့ နိုင်ငံကြီးတွေရဲ့ လှည့်စားမှုကို ခံနေရတာကို မသိသူများ ဒါမှမဟုတ် မသိချင်ဟန်ဆောင်သူများလားလို့ တွေးမိတယ်။ ဒီလိုနိုင်ငံကြီးတွေကိုယ်တိုင် ဒီမိုကရေစီ အစစ်အမှန်ရဖို့ ခုထိ လမ်းဆက်လျှောက်နေကြဆဲဆိုတာကို သိရဲ့သားနဲ့ မသိချင်ဟန်ဆောင်နေတာများလားလို့ တွေးမိပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီ အစိုးရ တစ်ခုဟာ အောက်ပါအချက်များကို ကျင့်သုံးသင့်ပါတယ်တဲ့။

အာဏာကုန် ယူ မထားတဲ့ ဒီမိုကရက်တစ် အစိုးရဖြစ်သင့်တယ်။

လူသူမသိအောင် ဖမ်းဆီးခေါ်ဆောင်သွားတာတွေ၊ ခုံရုံးမတင်ဘဲ ထောင်ချတာတွေ၊ ထောင်သားတွေကို နှိပ်စက်တာကို ရပ်တန့်စေတဲ့ အစိုးရဖြစ်သင့်တယ်။

လူတစ်ဦးချင်းရဲ့ အခွင့်အရေးတွေကို လေးစားရမယ်။

တိုင်းပြည်တစ်ပြည်ကို စစ်ဝင်တိုက်ပြီး ဒီမိုကရေစီဝါဒကို အတင်းလိုက်ဖြန့်တဲ့ အကျင့်တွေကို ဖျောက်ရမယ်။

စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို လိုချင်ရင် ဒီမိုကရေစီကျင့်စဉ်ကို ရှေ့တန်းတင်တာထက်ကို လူတစ်ဦးချင်းစီရဲ့ အခွင့်အရေး (individual liberty) နဲ့ လွတ်မြောက်ခြင်း (freedom) ကို ရှေ့တန်းတင်ရမယ်… လို့ သူတို့ တိုင်းပြည်ကို သူတို့ ပြည်လည်ပြီး အကြံဥာဏ်တွေ ပေးကြပါတယ်။

ဒီမိုကရေစီကို မကျင့်သေးတဲ့ တိုင်းပြည်တစ်ခုဟာ ဒီမိုကရေစီဝါဒကို ကျင့်သုံးတော့မယ်ဆိုရင် ရှေ့က သွားနှင့်တဲ့ တိုင်းပြည်တွေကို ကြည့်ပြီး အဲဒီတိုင်းပြည်တွေရဲ့ ဟာကွက်တွေ၊ လိုအပ်ချက်တွေကို မြင်ပြီး၊ လိုသလိုဖြည့်လို့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတစ်ခု ဖန်တီးနိုင်မယ်ဆိုရင်တော့ ကောင်းနိုင်ပါလိမ့်မည်ဆိုတဲ့ စေတနာနဲ့ သိသလောက်လေး ဝေမျှပါတယ်ရှင်…။

Achieving democracy is not a destination but a journey.

comments from ainchannmyay.com



မြန်မာပြည်တော့ဒီမိုကရေစီနဲ့မတန်သေးဘူးထင်တာပဲ…စည်းကမ်းမရှိသေးဘူးနောက်ပြီးမြန်မာဓလေ့နဲ့ညီတဲ့
ဒီမိုကရေစီကိုဖော်ဆောင်ဖို့တော်တော်ခက်တယ်….
Comment by ဒေါင်းမင်း — February 14, 2009 @ 12:02 am
အခုမှမဂျီးရေးတာသေချာဖတ်မိတယ်..ဒီမိုကရေစီနိုင်ငံတွေကကျွန်တော့်တို့မြန်မာနိုင်ငံလောက်တောင်မလွတ်လပ်ပါလားနော်…
မြန်မာပြည်ကအစိုးရသာပြောင်းလိုက်ရင်ကျန်တာအားလုံးပြည်စုံပါပြီ..အနောက်တိုင်းဒီမိုကရေစီနဲ့တော့မြန်မာပြည်ကမထိုက်တန်တာအမှန်ပဲ…
အမျိုးပျောက်၊ဘာသာပျောက်ဖြစ်ဖို့အခြေအနေအများကြီးရှိနေတယ်..အခုတောင်တော်တော်များများဖြစ်ပျက်နေကြသေးတာပဲ..ဘယ်လိုတွေးရပါ့မလဲ..
လိုချင်တာကတော့မြန်မာ့ယဉ်ကျေးမှုနဲ့ကိုက်ညီမယ့်ဒီမိုကရေစီမျိုးကိုတော့လိုချင်တယ်…..
Comment by ဒေါင်းမင်း — February 14, 2009 @ 6:02 am


ဒီမိုကရေစီနိုင်ငံကြီးတွေရဲ့ဟာကွက်ကို မြင်မိသွားပါတယ်…
“A democracy is nothing more than mob rule, where fifty-one percent of the people may take away the rights of the other forty-nine.”(Thomas Jefferson) ဆိုသလိုပေါ့
ဒါပေမယ့် အာဏာရှင်ထက်တော့သာတာပေါ့နော် (အီး မီးပါဘူးရှင့်… သူများပြောတာကြားဖူးတာ)
ကိုဒေါင်းမင်းပြောသလို ဒီမိုကရေစီနဲ့မတန်ဘူးဆိုတာတော့မရှိဘူးထင်ပါတယ်… ပြည်သူနဲ့ ခေါင်းဆောင်ကောင်းတွေ လက်တွဲပြီးအသေအချာကြိုးစားရင် စည်းကမ်းမရှိဘူးဆိုတဲ့ ပြောပြောနေတဲ့ဟာတွေပျောက်သွားမှာပါ… (မြန်မာတချို့ ကိုယ့်နိုင်ငံမှာသာ စည်းကမ်းသေချာမချမှတ်လို့နေချင်သလိုနေတာ… နိုင်ငံခြားရောက်ရင် လိုက်နာလိုက်တာမှလွန်ရော fine ပေးရမှာစိုးလို့ :P) singapore တို့ ဂျပန်တို့ ကိုရီးယားတို့လိုဘာမှမဟုတ်တဲ့ကျွန်းလေးတွေတောင် တိုးတက်သင့်သလောက် တိုးတက်သေးတာပဲ…မြန်မာနိုင်ငံကောဘာလို့မဖြစ်နိုင်ရမှာလဲ
Comment by Phu Phu — February 14, 2009 @ 7:38 am

မတန်သေးဘူးဆိုတာတော့ မဟုတ်ပါဘူး။ စည်းကမ်းရှိဖို့ဆိုတာ စနစ်လိုတာပေါ့ကွယ်..
နိုင်ငံသားအားလုံးရဲ့ ရပိုင်ခွင့်ကို အာမခံနိုင်တဲ့စနစ်တခု ရှိလာခဲ့ရင် …
ဥပမာ… အလုပ်မရှိရင် အလုပ်လက်မဲ့ကြေး အဖြစ် လူတယောက် စားသောက်နေထိုင်နိုင်မယ့် စရိတ်ကို အစိုးရက ထောက်ပံ့နိုင်ရင်…
နာမကျန်းဖြစ်တဲ့အခါ အခမဲ့ ဆေးဝါးကုသနိုင်ရင်.. ပင်စင်ယူတဲ့နောက်ပိုင်း ဘ၀ရဲ့ဆည်းဆာကို တွေးပူစရာမလိုတဲ့ စနစ်မျိုး ရှိခဲ့ရင် လူတွေဟာ တဦးနဲ့ တဦး ခိုးဆိုးလုယက်နေတဲ့အဖြစ်ကနေ လွတ်မြောက်သွားမှာပါ..
ဒါက ဥပမာ နည်းနည်းလေး ပေးတာပါ။ ရေးပြရရင် အရှည်ကြီး ဖြစ်မှာမို့ ကိုယ့်ဘလော့မှာ ပို့စ်တင်တဲ့အခါ လာရောက် ဖတ်ရှုနိုင်ပါတယ်။
Comment by ခင်မင်းဇော် — February 14, 2009 @ 8:49 am

ဒီမိုကရေစီနဲ့ ပတ်သက်လို့ ဖော်ပြထားတာ အထောက်အကူ အများကြီး အသုံးဝင်ပါတယ်။ အချိန်ရမယ်ဆိုရင် နောက်ထပ် ဒီမိုကရေစီ အမျိုးအစားတွေ ဖြစ်တဲ့ Liberal Democracy, Quasi/ guided Democracy အစရှိသဖြင့် ဒီမိုကရေစီ အမျိုးအစားများ သိရှိပါရန်လည်း တင်ပြပေးစေလိုပါတယ်။ ကျေးဇူးတင်ပါတယ်။
Comment by ဖိုးတရုတ် — February 14, 2009 @ 9:11 am


အစ်မပြောလို့ ဒီမိုကရေစီနိုင်ငံတွေအကြောင်း တော်တော်လေးသိသွားတယ်..။ နှံ့နှံ့စပ်စပ်ရေးထားတာတွေကို သေချာဖတ်သွားတယ်..။
Comment by Evergreen Phyo — February 14, 2009 @ 10:22 am


http://sheysarso.blogspot.com/
Comment by ရှေးစာဆို — February 14, 2009 @ 5:18 pm

ဒေါင်းမင်း၊ Phu Phu၊ အမခင်မင်းဇော်၊ ကိုဖိုးတရုတ်၊ အမြဲစိမ်းဖြိုး၊
အကောင်းဆုံးကို ချစ်သောပြည်တွက် အမြဲတမ်းမျှော်လင့်ပါတယ်။
ရှေးစာဆို.. အမ သွားလည်ပြီးပါပြီ။ နောင်လဲ သွားပါမယ်။
Comment by မလေး — February 15, 2009 @ 1:37 am

မလေးရေ- သေချာဖတ်သွားပါတယ်။ စိတ်ဝင်စားစရာလည်းကောင်းတယ်။ ထင်ရှားတဲ့ ခေါင်းဆောင်တိုင်းလိုလို ကတော့ ပြောကြတယ်။ ဒီမိုကရေစီ စနစ်သည် ပြည့်စုံလှသည်လို့ မည်သူမှ အာမခံနိုင်သေးသော်လည်း..လက်ရှိ လူသားအသိုက်အ၀န်းမှာ ကျင့်သုံးခဲ့ဖူးသမျှ ထဲမှာတော့..အကောင်းဆုံးစနစ် အဖြစ် ဆက်လက် တည်ရှိနေသေးသည်..လို့ မှတ်သားဘူးတယ်။
ချစ်ခင်တဲ့- မကေ
Comment by K — February 15, 2009 @ 7:40 am

အစ်မက တော်တော်လေးကို အလေးအနက်ထားပြီးတော့ ရေးထားတာပဲ…။ ကျွန်တော်လဲ ဥာဏ်မှီသလောက်လေးတော့ သေသေချာချလေးဖတ်သွားပါတယ်…။ တစ်ချို့နေရာတွေမှာ လင်းကနဲ လက်ကနဲ ဖြစ်သွားတယ်…၊ တစ်ချို့နေရာတွေမှာ နဲနဲတွေဝေသွားမိတယ်…၊ တစ်ချို့နေရာတွေတော့ ပြုံးမိတယ်….။ သေချာတာတစ်ခုကတော့ ကျွန်တော်တို့တွေ အများကြီး ကြိုးစားကြရဦး မယ်ဆိုတာပါပဲ…။ ဒီဆောင်းပါးလေးအတွက်လဲ ကျေးဇူးအထူးတင်ပါတယ် အစ်မရေ…။
လေးစားစွာဖြင့်
BLACK DREAM
Comment by BLACK DREAM — February 15, 2009 @ 3:39 pm

ချစ်သောကေ နဲ့ BLACK DREAM
ကေ ပြောသလိုပဲ အခုလက်ရှိ time & space အရ ဒီစနစ်က ချို့ယွင်းချက်တွေအများကြီးပေမယ့် ဒီလူ့အသိုင်းအ၀ိုင်းနဲ့က လောလောဆယ်အသင့်တော်ဆုံးမို့ မြန်မာပြည်အနေနဲ့ ကျင့်သုံးမယ်ဆိုရင် ပညာရှင်တွေထောက်ပြတဲ့ ဟာကွက်၊ လိုအပ်ချက်တွေကို ဖြည့်ပြီး မလေးတို့ တိုင်းပြည်တွက် လုပ်နိုင်ကြမယ်ဆိုရင်..
ဒီလို PERFECT မဖြစ်တဲ့ ဒီမိုကရေစီတိုင်းပြည်တွေမှာ နေနေသူတွေအနေနဲ့လည်း ဒီနိုင်ငံကြီးတွေရဲ့ ဟာကွက်တွေ၊ လိုအပ်ချက်တွေကို ဖုံးမထားဘဲ လိုအပ်ချက်တွေကို ဖော်ထုတ်ပြောပြပြီး၊ မြန်မာပြည်ကို ဖေးဖေးမမနဲ့ ဒီမိုကရေစီပန်းတိုင်ကို အတူတကွချီတက်ကြဖို့ မလေး မျှော်လင့်ပြီး ဒီပိုစ်ကို ရေးပါတယ်။
အချိန်ပေးပြီး လာဖတ်ကြတဲ့အတွက်လဲ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။
Comment by မလေး — February 16, 2009 @ 12:03 pm

ဟာကွက်တွေကတော့ ရှိမှာပဲလေ။ perfect ဖြစ်အောင်တော့ လုပ်လို့ မရနိုင်ဘူး။ အကုန်လုံးလွှတ်ပေးလိုက်ရင် စည်းကမ်းမဲ့တဲ့လူတွေက abuse လုပ်သွားကြမှာပဲ။ အဲတော့ အထိန်းအကွတ်တော့ ရှိရမှာပဲ။ ဒီအထိန်းအကွတ် ကိုပဲ စည်းကမ်း လို့ခေါ်တာပဲလေ။ စည်းကမ်း ရှိမှပဲ လူတိုင်းစိတ်ချမ်းသာမှာပေါ့။ ကိုယ့်လွတ်လပ်မှုက သူတပါးရဲ့ လွတ်လပ်မှုကို မထိခိုက်သင့်ဘူးပေါ့။ (လွတ်လပ်တယ်ဆိုပြီး အိမ်နီးချင်း နားမခံသာအောင် ကတ်ဆက်အကျယ်ကြီး ဖွင့်တာမျိုး) မြန်မာပြည်မှာ ဒီလိုလွတ်လပ်မှုမျိုးတော့ ရှိပါ့ဗျား။

နောက်တခုက “တိုင်းပြည်တစ်ပြည်ကို စစ်ဝင်တိုက်ပြီး ဒီမိုကရေစီဝါဒကို အတင်းလိုက်ဖြန့်တဲ့ အကျင့်တွေကို ဖျောက်ရမယ်။” ဆိုတာကို လက်မခံဘူး။ အစိုးရတစ်ခုက သူ့ပြည်သူကို နှိပ်စက်နေရင် Responsibility to Protect ဆိုတာရှိရတယ်။ http://en.wikipedia.org/wiki/Responsibility_to_protect
Comment by myo — February 16, 2009 @ 8:36 pm

myo … ကျမဟာ ဒီ R2P နဲ့ ပတ်သက်ပြီး support လုပ်တဲ့စာတမ်း ကိုယ်တိုင်ရေးပြီးတင်ခဲ့ဖူးသူပါ။ နာဂစ်တုန်းက ကျမတို့နိုင်ငံကို R2P ကြီးလက်ကိုင်ထားပြီး သူတို့ထိုင်ကြည့်နေခဲ့စဉ်ကလဲ ရင်နာခဲ့ရပါတယ်။ အဲဒီ R2P ရဲ့ တစ်ခုလုံးကိုတော့ ကျမအခုတော့ သဘောမတူတော့ဘူး။ ၀င်ပြီးကူညီတာက တဂဏ၊ ၀ါဒတစ်ခုက ဖြန့်ဖို့ ၀င်တာက တဂဏလို့ မြင်မိပါတယ်။ တစ်စုံတစ်ရာ ပြန်လည်မျှော်မှန်းတာမရှိတဲ့ အဖြူရောင် ကူညီမှုသက်သက်ထက် နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး အမြတ်ထုတ်မှုတွေ နောက်က ကပ်ပါလာတဲ့ ကူညီမှုမျိုးကိုတော့ ကျမ မလိုလားပါဘူး။ စစ်တိုက်ပြီး ၀ါဒတစ်ခုဖြန့်တာဆိုရင်တော့ ပိုဆိုးပါပကောလား.. ခုလိုအချိန်ပေးဖတ်တာကော၊ ၀င်ရောက်ဆွေးနွေးတာတွက်ပါ ကျေးဇူးတင်ပါတယ်ရှင်။
Comment by မလေး — February 16, 2009 @ 8:53 pm

• Friend…A million thanks for going extra mile in explaining details about different systems as well as their strengths and weaknesses. Certainly, it‘s a long journey and it takes years of effort to achieve a true democracy. For our country, under given circumstances, I would think current government’s real engagement to people is the key to solve all the problems. The government must sincerely cooperate and honestly work together with the people. We all know that every country protects their own interest and it would not be right to rely on others to realize our dreams…Definitely, it helps having good friends but we have to mind our own business…To me, it is clear that we have to stand up, ask for it, and work for it if we want our rights…whether we get it or not… should be another issue…all the best, my dear, take care of your health and look forward to read more from you. Love you.
Comment by Angel Eyes — February 17, 2009 @ 9:32 am |

Angel Eyes .. သူငယ်ချင်းရေ.. ကိုယ်တော့ အကောင်းဆုံးကို မျှော်လင့်တာပါပဲ.. အားလုံးပြေပြေလည်လည်နဲ့ လိုချင်တဲ့ ပန်းတိုင်ရောက်ကြပါစေလို့
Comment by မလေး — February 17, 2009 @ 6:52 pm

မမရေ.. မမရဲ့ အရေးအသားတွေက ဗဟုသုတရလွန်းလို့ လင့်ခ်ပါရစေနော်
Comment by thetpaingthu — February 17, 2009 @ 11:55 pm

ဒီမိုကရေစီနဲ့ Collectivism ဟာ သွားနီးစပ်နေတယ်ဆိုပေမဲ့ Collectivism က “နိုင်ငံတော်” ဆိုတဲ့ ဝေါဟာရမှိုင်းကြီးအောက်မှာ လူတစ်ဦးချင်းစီရဲ့ တန်ဖိုးကို သေးသိမ်စေပါတယ်။ “စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို လိုချင်ရင် ဒီမိုကရေစီကျင့်စဉ်ကို ရှေ့တန်းတင်တာထက်ကို လူတစ်ဦးချင်းစီရဲ့ အခွင့်အရေး (individual liberty) နဲ့ လွတ်မြောက်ခြင်း (freedom) ကို ရှေ့တန်းတင်ရမယ်…” ဆိုတာကို သဘောကျပါတယ်။ အချို့တွေက “ဒီမိုကရေစီ” ဆိုတဲ့ စကားလုံးပ်ါမှာပဲ ကျက်စားပြီး ထောက်ခံဖို့ (သို့) ဆန့်ကျင်ဖို့ အားထုတ်ရင်း လူသားတစ်ဦးချင်းစီရဲ့ တန်ဖိုးကို ကာကွယ်မြှင့်တင်ပေးမဲ့ “တရားမျှတမှု, ငြိမ်းချမ်းမှု”တွေကို မေ့လျော့သွား တတ်ကြတယ်။
Comment by sonata-cantata — February 18, 2009 @ 8:20 am

သက်ပိုင်သူ…. လင်ခ်လို့ရပါတယ်ရှင်..
sonata-cantata … ကော့မန့်အတွက်ကျေးဇူးပါရှင် .. မသီတာရဲ့ ဘလောဂ်က ဗဟုသုတလဲ ပြည့်စုံပါတယ်…
Comment by မလေး — February 18, 2009 @ 2:25 pm

ခရီး

ကျမ အခုလက်ရှိနေနေတဲ့ ကနေဒါနိုင်ငံမှာ အားလုံးသိကြတဲ့အတိုင်း ရုံးသုံးဘာသာစကား နှစ်မျိုးရှိတယ်၊ အင်္ဂလိပ်နဲ့ပြင်သစ်။ နိုင်ငံမှာ ပါတီပေါင်း ကိုးဆယ်ခန့်ရှိတယ်။ တိတိကျကျပြောရရင်တော့ ၈၉ ပါတီ။ ကနေဒါဟာ ကျမချစ်သောမြန်မာပြည်လိုပဲ ကိုလိုနီလက်အောက်ခံနိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ဖူးတယ်။ သို့ပေမယ့် လွတ်လပ်ရေးကို အေးချမ်းစွာရခဲ့တဲ့ ပထမဆုံးသော ကိုလိုနီတိုင်းပြည်ဖြစ်တယ်လို့ ဆိုကြပါတယ်။ ကနေဒါကို အတုယူပြီး သြစတေးလျနဲ့ အခြားသော Commonwealth Dominions တွေက လွတ်လပ်ရေးကို အေးချမ်းစွာယူခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လဲ ကနေဒါနဲ့ သြဇီရဲ့ ခေါင်ထိပ်က အီလက်စဘက်နံပါတ်နှစ်ဘုရင်မကြီး ဖြစ်နေရတာလားမသိ။ ခေါင်ထိပ်ဆိုပေမယ့် တိုင်းပြည်ရေးရာတွေကို ၀င်စွက်လို့မရဘူးပေါ့နော်။ နှစ်နိုင်ငံလုံးကလဲ ဘာမှဝင်ရောက်စွက်ခွင့်မရှိတဲ့ ဘုရင်မကြီးကို ပ ထုတ်ချင်နေကြတာကြာပါပြီ။ ဘယ်သူမှ ရွေးချယ်မတင်မြှောက်ဘဲနဲ့ head of the state အနေနဲ့ အရုပ်ကြီးဖြစ်နေရတဲ့ ဘုရင်မကြီးကို ဂါဝရပြုနေကြတဲ့ ကနေဒါနဲ့ သြဇီ ရယ်၊ နောက်ပြီးအချို့သောထိုင်ခုံတွေမှာ ထိုင်နေသူတွေဟာ မဲနဲ့ရွေးထားခြင်းမဟုတ်ဘဲနဲ့ သမ္မတက လက်ညိုးညွှန်နေရာပေးတတ်တဲ့ ယူအက်စ် (administration; e.g., Bush Administration) ရယ်ကို၊ ဒီလိုအကြောင်းတွေကြောင့် (အခြားသော အကြောင်းတွေအပေါ်မှာလဲ ငြင်းခုံကြပါသေးတယ်) စစ်မှန်တဲ့ ဒီမိုကရေစီတိုင်းပြည်တွေ မဟုတ်ဘူးလို့ သူတို့အချင်းချင်းပဲ ပြန်လည်ငြင်းခုံတတ်ကြပါတယ်။

ဒီကြားထဲမှာ ကနေဒါ၊ Quebec ပြည်နယ်က ပြင်သစ်တွေက ခွဲထွက်ချင်တဲ့ ကိစ္စတွေကလဲရှိသေးတယ်။ မဲက ကပ်ကပ်ပြီးရှုံးလို့၊ မဲနိုင်ရင်တော့ အဲဒီပြည်နယ်ခွဲထွက်သွားရင် ကနေဒါတစ်ခုလုံး အစိတ်စိတ်အမွှာမွှာဖြစ်နိုင်တယ်လို့ ခန့်မှန်းသူတွေရှိသလို ဘယ်လိုအကြောင်းနဲ့မှခွဲလို့မရပါဘူးလို့ ခန့်မှန်းသူတွေလဲရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုနိုင်ငံကြီးတွေတောင် နိုင်ငံတော်စည်းလုံးညီညွှတ်မှုအတွက်၊ စစ်မှန်တဲ့ ဒီမိုကရေစီရဖို့အတွက် လမ်းဆက်လျှောက်နေကြရတုန်းပါပဲ။

ဒီလိုပါပဲ….

ရှုပ်ထွေးပွေလီလှတဲ့ လောကကြီးထဲမှာ အသက်ရှင်နေထိုင်းရင်း ….

ဆောင်းနှင်းငွေ့တွေ ဝေ့၀ဲတဲ့ နံနက်ခင်းတစ်ခုမှာ အဖြူအစိမ်း စကတ်လေးဝတ်ပြီး လယ်ကွင်းတွေရှေ့က သရက်ပင်တန်းတွေအောက်မှာ ငွေဖလားထဲက တလူလူလွင့်လာတဲ့ အလံတစ်ခုကို လက်ထဲက အလံလေးတွေနဲ့ ဝှေ့ယမ်းပြီးကြိုဆိုခဲ့ရတဲ့ နေ့လေးတစ်နေ့ကိုတော့ အဝေးတစ်နေရာမှ ပြန်ပြောင်း သတိရလိုက်ပါတယ်။

တစ်ကယ်တော့ ….
ဒီမိုကရေစီဆိုတာ ပန်းတုံးတိုင်တစ်ခုထက်…
လမ်းလျှောက်ရမယ့် ခရီးတစ်ခု (Journey) ဖြစ်နေတယ်နဲ့ တူပါတယ်…။

(ပြည်ထောင်စုနေ့ အမှတ်တယ)

hut1.png



comments from ainchannmyay.com

မသိတာတွေ ဖတ်သွားပါတယ်..။
Comment by sin dan lar — February 12, 2009 @ 3:43 am

သူငယ်ချင်းရေ…ငယ်ငယ်တုန်းကရှမ်းပြည်မှာ ပြည်ထောင်စုအလံကြိုရတဲ.ခံစားမူကိုသတိရတယ်…
နိုင်ငံကြီးတွေမှာတောင်ဒီမိုကရေစီဆိုတာမပြီးသေးတဲ့ ခရီးတစ်ခုပါပဲ…ကိုယ့်နိုင်ငံလည်း ပထမအဆင့်အနေနဲ့မြန်မာပြည်သူပြည်သားတွေအခြေခံအခွင့်အရေးတွေတောင်းဆိုနိုင်တဲ့ခွန်အားရှိရင်ကောင်းမှာပဲတွေးမိတယ်…
Comment by Angel Eyes — February 12, 2009 @ 4:29 am

sin dan lar .. မြိုသိပ်မှုများစွာနဲ့ ရေးချင်တာရဲ့ ဆယ်ပုံတစ်ပုံကိုပဲ ရေးသွားပါတယ်။
Angel Eyes … သူငယ်ချင်းကော့မန့်က ပိုစ်ကို ပိုပြီး ပြည့်စုံစေပါတယ်။
Comment by မလေး — February 12, 2009 @ 1:00 pm

ဆို့နင်မှုတွေများစွာနဲ့ မန့်ချင်တာရဲ့ ဆယ်ပုံတစ်ပုံပဲ မန့်သွားလိုက်ပါတယ်… …
..
…..
..
..
.

အဲဒါပဲဗျာ.

း)

Y.

Comment by Yan — February 12, 2009 @ 6:48 pm

တစ်ကယ်တော့ ….
ဒီမိုကရေစီဆိုတာ ပန်းတုံးတိုင်တစ်ခုထက်…
လမ်းလျှောက်ရမယ့် ခရီးတစ်ခု (Journey) ဖြစ်နေတယ်နဲ့ တူပါတယ်…။
အစ်မပြောထားတဲ့ စကားလေးကို ဆင့်ပွားတွေးသွားတော့တယ် ။
Comment by မောင်မျိုး — February 13, 2009 @ 12:58 am

မလေး ခရီးမိုင်တွေကရှည်တယ် ခရီးကဝေးတယ် ခရီးကိုတွေးရင်းမောတယ် ခရီးကိုအစပြုဖို့တော့ ခြေတစ်လှမ်းပဲလိုပါတယ် လေးစားစွာ ဖတ်ရှုသွားပါတယ်
Comment by မွန် — February 13, 2009 @ 5:29 am

ကိုရန်၊ မောင်မျိုး၊ မွန်. ..
ခံစားချက်တွေရဲ့ ငါးပုံတစ်ပုံကို နောက်ပိုစ်မှာ တင်ထားပါတယ်
Comment by မလေး — February 15, 2009 @ 1:29 am

ဟုတ်.. မလေး..
နှစ်ပုံခွဲတော့ ဖတ်ပြီးသွားပြီ. ကျန်တဲ့ နှစ်ပုံခွဲရဲ့ လေးပုံတစ်ပုံကို ဆက်ဖတ်ပြီးရင် မရှင်းတဲ့ သုံးပုံတစ်ပုံကို ပြန်မေးမယ်နော်.
အဲဒါဆို နောက်ထပ် ဘယ်နှစ်ပုံကျန်မလဲမသိ.. :)
ခင်လို့စတာ. မကြိုက်ရင် ပြန်စ. ပို့စ်ကြီးက ဖတ်ရတာ လေးလို့ Couch ပေါ်မှာ ဟိုဖက်လှည့်လိုက်. ဒီဖက်လှည့်လိုက်နဲ့ ဖတ်သွားရတယ်…. ဘိုင်ဘိုင်..

p.s

ဘိုင်သဝေး… ကနေဒါမိတ် လေယာဉ် ယူအက်စ်မှာ ပျက်ကျတယ်တဲ့. လူ (၅၀) လုံး သေတယ်တဲ့…
ဘုံဘားဒီးယား ဒတ်(ရှ်) အိတ်(တ်) ကျူဖိုးဟန်ဒရက်(တ်) တာဘို ပရော်ပယ်လာ လေယာဉ်ဆိုလားပဲ…
ပိုင်းလော့မှာ ဘာမှ အပြစ်မရှိဘူးတဲ့. လေယာဉ်မကောင်းတာဆိုလားပဲ. :)
ကောင်းကောင်းလည်း မလုပ်ကြဘူးနော်. ခက်ပါတယ်ဗျာ…

ဂွတ်နိုက်တ်..

Y.
Comment by Yan — February 16, 2009 @ 6:35 pm


Monday, February 09, 2009

ဂုဏ်မက်သူ (၆)

မြနှင်း လေဆိပ်ကိုရောက်တော့ မြနှင်းတက်ရမည့် ကျောင်းက စီစဉ်ထားပေးသည့်အတိုင်း မြနှင်းကို ဂျပန်မ တစ်ဦးက လာကြိုသည်။ မြနှင်းမှာ အ၀တ်အစား အသုံးအဆောင်ကလဲ များများမပါသဖြင့် အဆောင်ကို ရထားနှင့်သာ ထွက်လာခဲ့ကြသည်။ အလွန်ရှုပ်ထွေးမြန်ဆန်သော ရထားလမ်းကြောင်းများကို မြနှင်း တမေ့တမောငေးနေမိသည်။ ဆံပင်များကို ပွယောင်းယောင်းကြီး မဖြစ်ဖြစ်အောင် ပြင်ဆင်ထားသော ဂျပန်လူငယ်များ၊ စကတ်တိုတိုမှာ တမင်စတိုင်ထုတ်ပြီး လမ်းလျှောက်သည်မို့လားမသိ၊ ခြေခွင်သယောင် အချို့သော ဂျပန်မလေးများကို အံ့သြတကြီးငေးကြည့်နေမိသည်။ လာကြိုသည့် ဂျပန်မ နှင့် အင်္ဂလိပ်လိုတစ်ဝက်၊ ဂျပန်လိုတစ်ဝက်နှင့် နှစ်ယောက်လုံးကြိုးစားပြီး စကားပြောရသည်မှာ ပျော်စရာလဲကောင်း၊ စိတ်ညစ်စရာလဲကောင်းနေသည်။ သည်လိုနှင့် တစ်လထောက်ပံ့ကြေး ယန်းငွေ နှစ်သောင်းနီးပါးနှင့် လောက်ငအောင် သုံးနိုင်ရုံသာမက အမေ့အတွက် ငွေပိုလေး ပါသွားလို ပါသွားငြား အဆောင်နှင့်ကျောင်းက အတန်ငယ်ဝေးသော်လည်း နှစ်နှစ်တာလုံးလုံး မြနှင်း လမ်းလျှောက်ခဲ့သည်။


*********


ကျောင်းအဆောင်ပြူတင်းပေါက်မှ ညို့ညို့မှိုင်းမှိုင်းကောင်းကင်ကြီးကို မြင်တိုင်း အမေ့ကိုကော ဆန်းသစ်ကိုပါ လွမ်းသည့်စိတ်က ပေါ်ပေါ်လာတတ်သည်။ သည်အသက်အရွယ်ကြီးရောက်နေသည့်တိုင်အောင် ရုံးမှအိမ်ပြန်ရောက်တိုင်း ထမင်းစားပွဲ အဆင်သင့်ဖြစ်နေစေသော မိခင်၏ ဂရုစိုက်မှုများ၊ မိခင်လက်ရာ ပူပူနွေးနွေးများကို လွမ်းဆွတ်နေမိသည်။ ဆန်းသစ်ကို သတိရမိသည့်စိတ်ကိုတော့ နာသည့်စိတ်နှင့် ဖြေရင်း အချိန်တွေကို ကုန်ဆုံးစေခဲ့သည်။



သည်လိုနှင့် နှစ်နှစ်တာ ကာလကိုလွန်မြောက်ပြီး မြနှင်း လွမ်းဆွတ်ရပါသော မိခင်၏ရင်ခွင်သို့ ပြန်ရောက်လာခဲ့သည်။ ဂျပန်မှ ပညာတော်သင် ပြန်ရောက်လာသည်မှာ လ အနည်းငယ်ကြာမြင့်ပြီဖြစ်သော မြနှင်း အိမ်ကျဉ်းကျဉ်းလေး၏ နံနဲ့သော ဧည့်ခန်းထဲမှာ မြနှင်းတစ်ခါမျှ မသိသော ယောင်္ကျားသားများနှင့် ရုတ်တရက် ပြည့်နှက်နေတော့သည်။ ညနေစောင်းပြီဆိုလျှင် မြနှင်းတို့ ခြံဝိုင်းလေးရှေ့မှာ လာလာရပ်တတ်သော ခေတ်ပေါ်ကားများ၊ အိမ်ရှေ့က ညိုညစ်ညစ် စားပွဲလေးပေါ်တွင်လည်း အမေ့တွက် ဖြစ်သည်ဆိုသော စားစရာများ၊ ကိတ်မုန့်များ နှင့် နောက်ဆုံးပေါ် ပိတ်စဆန်းများက မြနှင်းကို ကြိတ်ပြီး ရယ်မောစေသည်။

ရပ်ကွက်ထဲမှာ စာအုပ်ဆိုင်သွားသည်ပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းများ၏ အိမ်ကိုသွားသည်ပဲဖြစ်ဖြစ်၊ လူတွေက ရုတ်တရက်ကြီး မြနှင်းကို ပိုမိုလေးစားသည့် အရိပ်အယောင်များကို မြင်နေရသည်။


"ခဏပြန်လာတာလား"
"ပြန်ထွက်မှာလား"
"ဘယ်တော့ ပြန်သွားဦးမှာလဲ"
စသည့် မေးခွန်းများကို မြနှင်း အမြဲကြားလာရသည်။ ကျွန်မ အမေနဲ့ပဲနေမှာပါဟု ပြုံးပြုံးလေး ပြန်ဖြေခဲ့သည်။

****

****

ငှက်တွေအိပ်တန်းတက်ချိန် သာယာလှပတဲ့ ညနေခင်းတစ်ခုမှာ မြနှင်း ခြံထောင့်က စံပယ်ရုံကို ရေလောင်းနေသည်။ လေအဝှေ့တွင် စံပယ်ပန်းကလေးများက ကြွေကျလာသည်။ အိမ်ရှေ့လမ်းပေါ်က လူသံ၊ ကားသံများကို ကြားနေရသည်။


"မြနှင်း"

နောက်နားခပ်လှမ်းလှမ်းက တိုးတိတ်စွာခေါ်လိုက်သံကြောင့် မြနှင်း အလန့်တကြားလှည့်ကြည့်မိသည်။


"ဟင်.. မောင်"

နှုတ်မှ တိုးတိုးလေးထွက်သွားသည်ကို ရင်နာစိတ်နှင့် ကိုယ့်ကိုကိုယ် ကျိန်ဆဲလိုက်မိသည်။


"မြနှင်း"

"အင်း"

ဆန်းသစ်ကို အင်းမလှုပ်အဲမလှုပ်နှင့်မြနှင်း ကြည့်ရင်း ရင်မှာ တစစ်စစ်နာကျင်လာသည်။


"လွမ်းတယ် မြနှင်းရယ်.."

မြနှင်း မျက်နှာကို အောက်ငုံ့ချလိုက်မိသည်။ ဖြစ်နိုင်ရင် ဆန်းသစ်ကို ထုရိုက်ပြီး ခြံဝင်းထဲက ထွက်သွားရန် နှင်ထုတ်လိုက်ချင်သည်။ မြနှင်းစိတ်ကို မြနှင်းထိန်းထားရင်း ရေပုံးလေးကိုသာ ငုံ့ကြည့်နေမိသည်။


"မြနှင်း .. မောင် လွမ်းလို့ပါ"

"တော်ပါတော့ ကိုဆန်းသစ်ရယ်၊ ကျွန်မကို ဘာလို့ ဒီစကားတွေလာပြောနေတာလဲ၊ ပြန်ပါတော့ရှင်။ တင်မာလာသိသွားရင်လဲ မကောင်းဘူး။"


"သူ နဲ့ မောင် နဲ့ မဆိုင်တော့ပါဘူး မြနှင်းရယ်"

"ရှင်.. ဘယ်လို၊ ရှင်တို့ ... ရှင်တို့ ..."

"ဟုတ်တယ် မြနှင်း၊ သူ့ကို ကိုယ် လက်ထပ်စရာလဲ မလိုတော့ဘူး"

"ဘယ်လို.. ဘာပြောလိုက်တယ်"

"သူ့ကို မောင် လက်ထပ်စရာမလိုတော့ဘူး"

"အို....... ရှင်တို့ဟာတွေက သပွတ်အူတွေပဲရှင်၊ ကျွန်မ ဘယ်လိုမှ လိုက်လို့မမှီတော့ဘူး။
ရှင်တို့သိလား၊ တစ်ရက်လဲတစ်ရက် အသက်ရှိတယ်။ လုပ်ရက်လိုက်ကြတာ။ အသက်ရှိနေတဲ့ လူလေးတစ်ယောက် သေဖို့ရှင်ဖို့ကို ဆုံးဖြတ်ပိုင်ခွင့် ရှင်တို့မှာ မရှိဘူး။"

"မောင်နဲ့ မဆိုင်ပါဘူး မြနှင်းရယ်၊ သူ့ဆုံးဖြတ်ချက်နဲ့သူပါ၊ မောင် မြနှင်း ဂျပန်မထွက်ခင်ကတည်းက ဒါတွေရှင်းပြချင်ပေမယ့် ..."


"တော်ပါတော့ ကိုဆန်းသစ်ရယ်.. ကျွန်မ ကို ဘာမှလာမပြောပါနဲ့တော့၊ ရှင်နဲ့ကျွန်မက နှလုံးသားခံစားချက်ကို ဦးစားပေးခဲ့ကြတာပဲလေ၊ ဘယ်တုန်းကမှမဖြစ်နိုင်ခဲ့ဘူး မဟုတ်လား၊ ဒီစကားတွေ ရှင်မှတ်မိသေးလားဟင်၊ အဟင်း.. ရှင်... သတိရချင်မှ ရတော့မယ်၊ ကျွန်မအတွက်ကတော့ ဒီစကားတွေဟာ တွန်းအားတစ်မျိုးပဲ ကိုဆန်းသစ်ရယ်"


"မြနှင်း"

မြနှင်း၏ လက်မောင်းကို လာကိုင်သော ဆန်းသစ်လက်ကို ပုတ်ချလိုက်ပြီး ဆန်းသစ်၏မျက်လုံးများထဲသို့ မြနှင်း စိုက်ကြည့်နေလိုက်သည်။


"ကိုဆန်းသစ်၊ လူတိုင်းဟာ အနည်းနဲ့အများတော့ ဂုဏ်မက်တတ်ကြပါတယ်၊ ငွေဂုဏ်၊ ကြေးဂုဏ်၊ ရာထူးဂုဏ်တွေ ကို မမက်တဲ့ သူဆိုတာ မရှိလောက်ပါဘူး။ လူပီသတဲ့လူတွေမှန်သမျှ ဒီလိုဖြစ်ကြတာ အပြစ်တော့ မဟုတ်ပါဘူး။ တစ်စုံတစ်ရာကို မှီပြီး အမြင့်ကိုတက်လှမ်းတတ်ကြတာလဲ အမှားမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မ ဘ၀တလျှေ က် လက်တွဲမယ့်သူဟာ ကျွန်မအပေါ်မှာ အနည်းနဲ့အများတော့ သစ္စာရှိစေချင်တာပါပဲ။ သစ္စာဆိုတာ ဘာလဲလို့ အဓိပ္ပယ်အရှည်ကြီးဖွင့်ဆိုပြီး ငြင်းခုံချက်တွေ ပေးနိုင်ကြပေမယ့်လဲ ကျွန်မနဲ့ချစ်နေတုန်းအချိန်မှာ နောက်တစ်ယောက်နဲ့ ပျော်ပါးနိုင်တဲ့ ရှင်နဲ့တော့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ ကျွန်မကို ရှင့် ဦးနှောက်ထဲကကော အသည်းနှလုံးထဲကပါ ထုတ်ပစ်လိုက်ပါတော့ ကိုဆန်းသစ်ရယ်.... သွားပါတော့နော်"


ဆန်းသစ် မြနှင်းကို အတန်ကြာငေးကြည့်နေပြီး ခြံဝိုင်းလေးထဲမှာ ထွက်ခွာသွားပါသည်။

"သြော်.. ကိုဆန်းသစ်၊ ကျွန်မကလဲလေ ရှင့်လိုပဲဂုဏ်မက်တယ် ကိုဆန်းသစ်ရဲ့"


ခြံထိပ်ရောက်နေပြီဖြစ်သော ဆန်းသစ်က နောက်ပြန်မလှည့်ဘဲ ခြေလှမ်းများကို တန့်ပြီး မြနှင်းပြောလာသည့် စကားများကို နားစွင့်နေသည်။


"ဒါပေမယ့် ကျွန်မ မက်တဲ့ ဂုဏ်ကလေ.... ရိုးဂုဏ်"

မြနှင်း ရေပုံးကို လက်မှကိုင်ပြီး ကိုယ်ကိုတောင့်မတ်ပြီး တည်ငြိမ်သောလေသံနှင့် ပြောလိုက်သည်။ ဆန်းသစ် တစ်ယောက် မြနှင်းတို့ခြံထဲမှ လေးလံသောခြေလှမ်းများနှင့် ထွက်ခွာသွားသည်ကို မြနှင်း ရပ်ကြည့်နေသည်။


လူသူကင်းရှင်းသော ကွင်းပြင်ကြီးနားက ခရေပင်အောက်မှာ မြနှင်း ကို ရံဖန်ရံခါ တွေ့ရတတ်သည်။ လေတိုက်ခတ်လို့ ခရေရွက်တွေ တရှဲရှဲမြည်သံတွေကြားမှာ မတ်တပ်ရပ်နေတတ်သော၊ ခရေပင်မြစ်ပေါ်မှာ ထိုင်နေတတ်သော မြနှင်း အနားမှာ ဆန်းသစ်လဲရှိမနေပါ၊ နိုင်မင်းလဲရှိမနေပါ၊ ဘယ်ယောင်္ကျားသားမျှ ရှိမနေပါ။ ကားထည်လဲစီးနိုင်သော၊ နောက်ဆုံးပေါ် အ၀တ်အစားများ ထည်လဲဝတ်နိုင်သော၊ နိုင်ငံခြားကို အိမ်ဦးနှင့် ကြမ်းပြင်လို သွားလာနေကြသော၊ ကုမဏီပိုင်ရှင်မမများ၊ ကြေးရတတ်မိန်းကလေးများ၏ ကားများပေါ်တွင် ဆန်းသစ်တစ်ယောက်ပါသွားမြဲ၊ လူသူအရောက်အပေါက်နည်းသော ဒေသတစ်ခုမှာ ဗိုက်ပူပူ၊ နှပ်ချေးတွဲလောင်း ကလေးလေးများကိုလည်း နိုင်မင်းတစ်ယောက် ပညာသင်ပေးမြဲ၊ ထည်ဝါမှုမရှိသော တစ်ထပ်တိုက်ရုံးကလေးတစ်ရုံးမှာလည်း မြနှင်းက အလုပ်လုပ်နေဆဲ.............


ပြီးပါပြီ

(စာကြွင်း။ ။ တစ်ကယ်ကြီးကိုပြီးသွားပါပြီ။ ကိုယ့်ကိုကိုယ်လဲ မယုံဘူး၊ အခန်းဆက်တွေ လက်တည့်စမ်းတာ သောင်္ကြာကြယ်လဲမပြီး၊ သီရေတာလဲမပြီး၊ အကုန်တိုးလို့တန်းလန်း၊ ဒါပြီးသွားတာ မယုံနိုင်ဘူး။ နောက်ဆုံး ဆန်းသစ်နဲ့မြနှင်းပြန်တွေ့တဲ့အခန်းကိုတော့ ကိုယ့်ဟာကိုယ် မကြိုက်ဘူး။ ဒီတစ်လျောက်လုံးလာဖတ်ပေးကြတဲ့ ညီအစ်ကိုမောင်နှမတွေကို ကျေးဇူးတင်ပါတယ်။ စစချင်းက ၂ခန်းနဲ့ဇာတ်သိမ်းမလို့ ရေးရင်းရေးရင်း ၆ ခန်းဖြစ်သွားတာပါ။



ဒီဝတ္ထုထဲက မြနှင်းဖြစ်လာအောင် တွန်းအားပေးတဲ့ မိန်းကလေးတစ်ယောက်အကြောင်း နဲနဲလေးပြောပြချင်ပါတယ်။
တစ်နေ့ မေမေက ဈေးကိုတစ်ယောက်ထဲလွှတ်လိုက်ပါတယ်။ အဖော်မခေါ်ရဘူးတဲ့။ မလေးလဲ ဈေးခြင်းလေးဆွဲပြီး ဈေးစာရင်းလေးကိုင်ပြီး ထွက်လာခဲ့တယ်။ အဲဒီတုန်းက အသက်က တစ်ဆယ့်ခြောက်လောက်ပေါ့။ ဈေးသွားရတဲ့ လမ်းကလေးက သာယာတယ်။ ဖြတ်လမ်းကနေသွားရင် ရေကန်လေးတွေ၊ လမ်းသွယ်လေးတွေနဲ့။ ဈေးတန်းကလဲ လေးထောင့်အကွက်ချထားတဲ့ ဈေးမျိုးမဟုတ်ဘူး။ ရွာလမ်းမလို၊ အလယ်မှာလမ်း ဘေးတစ်ဘက်တစ်ချက်မှာ ဈေးတန်းနှစ်တန်း။ ဈေးတန်းကလဲ အရှည်ကြီး။ ဈေးလမ်းမက နဲနဲလေးညစ်ပတ်တာကလွဲပြီး ပြန်စဉ်းစားရင် တော်တော်လေးပျော်စရာကောင်းတယ်။ ခုထိမှတ်မိတယ်၊ ဈေးထဲဝင်ဝင်ခြင်း ဘယ်ဘက်ခြမ်း လေးငါးဆိုင်မြောက်က ငါးရောင်းနေတဲ့ ကောင်မလေး၊ မလေးထက် နှစ်နှစ်လောက်ပဲ ကြီးမယ်။၊ သူ့ရဲ့ အသားအရည်က ညိုပြီးညက်နေတယ်၊ မျက်လုံးမျက်ဖန်ကလဲ လှတယ်၊ ဆံပင်တွေကလဲ နက်မှောင်ပြီးခါးလောက်နီးပါရှိတယ်၊ သူက အဲဒီဈေးတဲလေးထဲမှာ အလုပ်ရှုပ်နေတယ်။ သူ့ကိုယ်လုံးကိုယ်ထည်ကလဲ တော်တော်လေးကြည့်ကောင်းတယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် (အကိုများ၊ မောင်များသည်းခံပါ) ကလေး ခြောက်ယောက်လောက်မွေးတောင် လှနေဦးမယ့်ကိုယ်လုံးမျိုး။ အဲဒီဆိုင်ရှေ့ကဖြတ်တော့ သူက ငါးကိုအော်ရောင်းတယ်၊ "ငါးကျည်း၊ငါးခူ၊ငါမြစ်ချင်းရမယ်" စသဖြင့်၊ မလေးလဲ အမေပေးလိုက်တဲ့ ဈေးစာရင်းကို ငုံကြည့်ပြီး အမေရေးပေးလိုက်တဲ့ငါး သူအော်ရောင်းတဲ့အထဲ မရှိတော့ ဆက်ပြီးလျှောက်လာတယ်။ ဈေးထဲမှာ ငါးဆိုင်တွေ့တိုင်း မလေး သူတို့အော်တာကိုနားထောင်လိုက်၊ မျက်လုံးက Bionic Woman လို scan လုပ်ကြည့်ပြီး လျှောက်လိုက်နဲ့ အမေရေးပေးလိုက်တဲ့ ငါးတော့ မတွေ့သေးဘူး။ ဒါနဲ့ ကျန်တဲ့ ပစ္စည်းလေးဝယ်ပြီး ဟိုဘက်ဈေးထိပ်ထိရောက်တယ် အဲဒီငါးကို မတွေ့ဘူး။ ဒါနဲ့ ပြန်လျှောက်လာတယ်။

ပြန်အလျှောက်မှာ ဟင်းသီးဟင်းရွက်ရောင်းတဲ့ အမေနဲ့ခင်နေလို့ အိမ်ကို ဟင်းသီးဟင်းရွက်တွေ ၀င်ဝင်ပို့တတ်တဲ့ ကုလားမကြီးဆိုင်ရှေ့နားရောက်တော့ မလေး ခေါင်းငုံ့ပြီး အမြန်လျှောက်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီကုလားမကြီးဟာ အိမ်ကိုလာတိုင်း အသံကျယ်ကြီးနဲ့ "ကျမချွေးမလေးကော အမ" ဆိုပြီးမေးလို့ တော်ကြာ လူရှေ့သူရှေ့ ထအော်နေမှာစိုးလို့။ သူ့ဆိုင်ရှေ့က အဲလိုရင်တထိတ်ထိတ်လျှောက်တုန်း၊ ထင်တဲ့အတိုင်း မလေးကို လှမ်းတွေ့သွားတယ်။ "ဟယ်....... အမေ့ချွေးမလေး ဈေးလာတယ်၊ သမီး အမေ့ကို အားပေးပါဦး" ဆိုပြီး အသံကျယ်ကြီးနဲ့ လှမ်းခေါ်ပါလေရော၊ မလေးလဲ နှုတ်ခမ်းကို စိပြီး ဟီးဆို ရယ်ပြလိုက်တယ်၊ ဘာလုပ်ရမှန်းလဲ မသိဘူးလေ၊ သူ့ဘေးမှာကလဲ သူ့သားနှစ်ယောက်က ရှက်နေတာပေါ့။ အရွယ်တွေကိုလဲ မေးကြည့်ဦးလေ၊ ရှစ်နှစ်နဲ့ အကြီးက အလွန်ဆုံးရှိမှ တစ်ဆယ့်နှစ်နှစ်ပေါ့။ မလေးလဲ မတော်လိုက်ရတဲ့ ချွေးမ အဲလေ... ယောက္ခမကြီးကို သွားဖြီးပြပြီး ဆက်လျှောက်ပြီး အမေမှာတဲ့ ငါးကို တစ်ဈေးလုံးရှာတယ်။ စိတ်ထဲကလဲ "အမေတော့ ငါ့ကို ပညာပြပြီထင်တယ်" လို့ တွေးနေလိုက်သေးတယ်။


နောက်ဆုံး ဟိုအသားညိုချောမ ငါးသယ်မလေး ဆိုင်ရှေ့ကိုရောက်သွားတယ်။ သူ့ဆိုင်နားကို မယောင်မလည်ကပ်သွားတော့ သူက မော့ကြည့်ပြီး "မ.... ဈေးလာတာလား" ဆိုပြီး မလေးနာမယ်နဲ့တပ်ပြီးမေးတယ်။ မလေးလဲ "အော်.. သူငါ့ကိုသိတယ်၊ အတော်ပဲ" ဆိုပြီး သူ့ကိုမေးတာပေါ့။ "ဘာငါးရှိလဲ" ဆိုတော့ သူက "ငါးကျည်း၊ ငါးခူ၊ ငါးမြစ်ခြင်း" တဲ့။ "ဒီဈေးမှာ ငါးတစ်မျိုးရှာတာ၊ တစ်ဈေးလုံးမှာ မတွေ့ဘူး။ အမေက အဲဒါပဲမှာတာလို့"။ "ဘာငါးလဲ"တဲ့။" အမေက ငါးမျက်ဆန်နီမှာလိုက်တာ" လို့ ဆိုတော့ သူက အတော်ကြောင်သွားတဲ့ပုံနဲ့ကြည့်ပြီး "အဲဒါငါးမြစ်ခြင်းပဲလေ.. "တဲ့။ "တူတူပဲလေ.. "တဲ့။ မလေးကို ဖော်ဖော်ရွေရွေနဲ့ ဆက်ဆံတယ်။ မလေးလဲ အဲ.. ဆိုပြီး သွားထပ်ဖြီးပြလိုက်တယ်။ အဲဒါဆို အဲဒီငါးပေးပါလို့။ စိတ်ထဲကလဲ အမေတော့ ငါ့ကို ကောင်းကောင်းပညာပြလေပြီ.. လို့ တွေးနေမိတယ်။ အဲလိုနဲ့ အောင်မြင်စွာဈေးဝယ်ပြီး အိမ်ပြန်လာတယ်ပေါ့နော်။


နေ့လည်ကျတော့ မလေး ကျောင်းရောက်သွားတယ်။ မလေးတို့က ညနေပိုင်းကျောင်း၊ လှိုင်ကောလိပ်၊ သူငယ်ချင်းတွေနဲ့ ကန်စောင်းဘက်ကလမ်းလျှောက်လာတုန်း ကျောင်းကွေ့နားရောက်တော့ ဘတ်စ်ကားတစ်စင်းပေါ်ကနေ အသားညိုချောငါးသယ်မလေးက လွယ်အိတ်လေးလွယ်ပြီး ဆင်းလာတယ်။ သူနဲ့မျက်နှာချင်းဆိုင်တွေ့တော့ မလေးက နှုတ်ဆက်မလို့ ပါးစပ်ဟရုံရှိသေးတယ်။ သူက ခေါင်းငုံ့ပြီး လျှောင်ထွက်သွားတယ်။ မနက်က ဈေးထဲမှာတွေ့တုန်းကလို ဖော်ဖော်ရွေရွေမရှိတဲ့အပြင်၊ သူ့ကို နှုတ်ဆက်မှာကိုတောင် မလိုလားတဲ့ပုံစံဖြစ်နေတော့ နားလည်စွာနဲ့ မလေး သူ့ကို ဒီတိုင်းကြည့်နေလိုက်တယ်။ ရန်ကုန်တက္ကသိုလ်ကို ခြေချဖူးရုံပဲတက်ခဲ့ရတဲ့ မလေး သူ့ကို ပြန်မတွေ့တော့ဘူး။ ဈေးထဲလဲ မရောက်တော့တာပါပါတယ်။ ဒါပေမယ့် သူဟာ မလေး စိတ်ထဲမှာ အမြဲရှိခဲ့တယ်။


မြန်မာပြည်ပြန်ရောက်တော့ အဲဒီဈေးလေးကို ညနေစောင်းတစ်ခုမှာ ဖြတ်လျှောက်ခဲ့တယ်။ ညနေဆိုတော့ ဈေးတစ်ခုလုံးတိတ်ဆိတ်ခြောက်ကပ်နေတယ်။ သူ့ငါးဆိုင်လေးထဲမှာလဲ ဘာမှမရှိဘူး။ သူ.. ငါးဆက်ရောင်းချင်မှလဲရောင်းတော့မယ်။ အိမ်ထောင်ကျ၊ ကလေးတွေနဲ့ တစ်နေရာရာပြောင်းသွားချင်လဲ ပြောင်းသွားမယ်၊ ဒါမှမဟုတ်လဲ မလေးဝတ္ထုထဲကလို ပညာတွေဆက်သက်ပြီး ဘ၀လမ်းဆက်လျှောက်ချင်လဲ လျှောက်နေမယ်။ သူ မသိသွားတာ တစ်ခုက၊ ငါးရောင်းပြီး တက္ကသိုလ်တက်တဲ့ သူတစ်ယောက်ဟာ ၀မ်းသာပိတိကြည်နူးစိတ်တစ်ခုကို ဖန်တီးပေးနိုင်ရုံမက၊ မလေးစိတ်ထဲမှာ နှစ်ပေါင်းများစွာ ခိုအောင်းနေတယ်ဆိုတာကိုပါပဲ.....


ဒီတစ်ခါ တစ်ကယ်ကြီးကို ပြီးပါပြီ။ စာကြွင်းက စာစုတစ်ခုလောက်ကိုရှည်သွားတယ်။ စာဖတ်သူ မောင်နှမများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။



Comments from ainchannmyay.com

ငါးသည်မလေးက တက္ကသိုလ်တက်တာ သိပ်ကြည်နူးစရာပဲနော်။
သူလေးလဲ မြနှင်းလိုပဲ ဖြစ်သွားပါစေလို့ ဆုတောင်းမိတယ် မလေးရေ..
အဲလိုပဲ..ကောလိပ်တက်ရင်း ဆိုက်ကားနင်းတဲ့ကောင်လေးတယောက်လဲ အမတို့မြို့မှာ ရှိတယ်။
အမဆို သူ့ဆိုက်ကားကိုပဲ ရွေးစီးတယ်။
အားနေရင်သူက စာအုပ်ဖတ်နေတာပဲ။ မလေးဝတ္ထုလေးဖတ်ပြီး အဲဒီကောင်လေးကို သတိရမိတယ်။
သူအခုဘာဖြစ်သွားလဲဆိုတာကိုလဲ သိချင်နေပြန်တယ်။
Comment by khinminzaw — February 9, 2009 @ 1:58 am

ပထမပိုင်းထဲက သဘောကျလို့  ဘယ်တော့များ အသစ်ထပ်တင်မလဲဆိုတာကို အမြဲလာကြည့်နေဖြစ်တယ်
ခုတော့ပြီးသွားပြီ. ဖတ်လို့ ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ရေးသားမျှဝေတာ ကျေးဇူးပါ..
Comment by N — February 9, 2009 @ 2:29 am

စာကြွင်းက ပိုဖတ်လို့ကောင်းတယ်
ကုလားမကြီးချွေးမ ဟဟား
ဂုဏ်မက်တယ် ဒါပေမယ့် ရိုးဂုဏ်တဲ့ မိုက်တယ် ခုခေတ်တော့ရှိတော့ဘူးထင်တယ်ဗျ ( ရှင်..ရိုးတာစားလို့မှမရတာ ) အဲ့လိုများပြောကြမလားလို့ ရိုးဖို့ထက် ဆန်အိုးထဲ ဆန်ရှိဖို့အရေးကြီးတယ် ။ မဆိုင်တာတွေပြောမိပြန်ုပီး ဆောတီးး
Comment by မောင်မျိုး — February 9, 2009 @ 2:35 am

အရမ်းကောင်းတယ်မဂျီး..
ငါသည်မလေးနဲ့မဂျီးတွေ့တော့..သူကရှက်လိုခေါင်းငုံထွက်သွားတာလား..
အမှန်ရှက်စရမဟုတ်ဘူးနော်..လမ်းဘေးမှာပိုက်ဆံလိုက်တောင်းနေတဲ့..ခုနှစ်နှစ်ရှစ်နှစ်အရွယ်ကလေးနဲ့..
ကားလမ်းမဆုံမှာစပယ်ပန်းလိုက်ရောင်းနေတဲ့ခုနှစ်နှစ်ရှစ်နှစ်အရွယ်ကလေးကိုတွေ့ရင်..စံပယ်ပန်းရောင်းတဲ့ကလေးကိုကျွန်တော်အမြဲ..အကုန်ဝယ်လေ့ရှိတယ်..
သူမှာရိုးသားဂုင်္ဏရှိတယ်လေ..အဲလိုကလေးမျိုးတွေကိုလဲအများကြီး..ကျွန်တော်တို့ပန်းထိမ်မှာခေါ်ပြီးပညာသင်ပေးလေ့ရှိတယ်..သဘောကျလို့သူတို့ရဲ့
ကိုယ့်အားကိုယ်ကိုးစိတ်လေးကို..အခုဆိုတော်တော်များများ..ပန်းထိမ်ပညာလေးတက်သွားကျတဲ့ကလေးအများကြီးပဲ..သူတို့ကိုကြည့်ပြီးဝမ်းသာတယ်၊ပိတိဖြစ်တယ်
အခုဆိုသူတို့လက်မှုပညာတခုရသွားတော့..လုပ်စားလို့ရပြီလေ..မဂျီးဝတ္ထုထဲကပါတဲ့ရိုးဂုဏ်ဆိုတာ..တကယ့်ကိုတန်ဖိုးရှိတဲ့ဂုဏ်လေးပါလို့ပြောရင်း…
အားပေးနေပါတယ်…………
ဒေါင်းမင်း
Comment by ဒေါင်းမင်း — February 9, 2009 @ 3:40 am

ဂျပန်မှာ ယန်းငွေ နှစ်သောင်းနီးပါးနှင့် လောက်ငအောင် မသုံးနိုင်ပါဘူး။ ဘယ်နှစ်ကာလတုန်းက အဖြစ်အပျက်ကို ရေးထားပါသလဲရှင်။ လွန်ခဲ့တဲ့()လောက်ကတည်းက အခုချိန်ထိ ငွေဈေးအပြောင်းအလဲသိပ်မရှိလို့ ယန်းငွေနှစ်သောင်းက မဖြစ်နိုင်ဘူးလို့ထင်ပါတယ်။ ဘယ်လောက်ပဲ ချွေချွေတာတာသုံးသုံး ယန်းငါးသောင်းလောက်တောင် ကုန်မယ်ထင်ပါတယ်။ ဒါတောင် အိမ်စားရိတ်မပါပါဘူး။
ဆရာလုပ်သလိုဖြစ်သွားရင် တောင်းပန်ပါတယ်။ ကောင်းမွန်တဲ့အရေးအသားထဲမှာ အမှားမပါစေချင်တဲ့ စေတနာနဲ့ပါ။
Comment by ခရေ — February 9, 2009 @ 4:25 am

ဂျပန်မှာ ယန်းငွေ နှစ်သောင်းနီးပါးနှင့် လောက်ငအောင် မသုံးနိုင်ပါဘူး။ ဘယ်နှစ်ကာလတုန်းက အဖြစ်အပျက်ကို ရေးထားပါသလဲရှင်။ လွန်ခဲ့တဲ့(10)နှစ်လောက်ကတည်းက အခုချိန်ထိ ငွေဈေးအပြောင်းအလဲသိပ်မရှိလို့ ယန်းငွေနှစ်သောင်းက မဖြစ်နိုင်ဘူးလို့ထင်ပါတယ်။ ဘယ်လောက်ပဲ ချွေချွေတာတာသုံးသုံး ယန်းငါးသောင်းလောက်တောင် ကုန်မယ်ထင်ပါတယ်။ ဒါတောင် အိမ်စားရိတ်မပါပါဘူး။
ဆရာလုပ်သလိုဖြစ်သွားရင် တောင်းပန်ပါတယ်။ ကောင်းမွန်တဲ့အရေးအသားထဲမှာ အမှားမပါစေချင်တဲ့ စေတနာနဲ့ပါ။
Comment by ခရေ — February 9, 2009 @ 4:27 am

Nice to visit your blog.
Comment by May Burma — February 9, 2009 @ 4:42 am |Edit This

မလေး အဆုံးသတ်လေးက အဖြစ်မှန်နဲ့ ဝေးကွာမသွားပဲ လှလဲလှတယ် ဆွတ်ပျံ့စရာလဲကောင်းတယ် ဒီလိုပဲဖြစ်ရမှာပါပဲလေ
အမြဲလာစောင့်ဖတ်နေတဲ့ ဂုဏ်မက်သူကို ကျေနပ်စွာဖတ်ပြီး ပြန်သွားပါတယ်
Comment by မွန် — February 9, 2009 @ 5:01 am

အပြီးထိ ဖတ်ပြီးပါပြီ….။ မြနှင်းကို တခြားလူကောင်းတစ်ယောက်ယောက်နဲ့ တွေ့ပေးလိုက်ပြီးရော…(အပျိုကြီး မဖြစ်စေချင်လို့..:P:P)
စာကြွင်းက စိတ်ဝင်စားစရာကောင်းတယ်…။ အဲဒီငါးရောင်းတဲ့ မိန်းကလေးက ဒီဝတ္ထုကို ဖတ်မကြည့်မိဘူးလို့ မပြောနိုင်ဘူးနော်……။
စာကြွင်း ။ ။ ဒီကောမန့်ကို Submit မလုပ်ခင် ပြန်စစ်ကြည့်ရသေးတယ်…ဟိ…။
ဟိုနေ့ကလည်း မပန်းနွယ်ရဲ့ ကိုသူကြီးနဲ့ ဘလော့ရေးတဲ့ ကိုသူကြီးနဲ့ မှားသေးတယ်…။
Comment by sin dan lar — February 9, 2009 @ 8:05 am

မမအိမ့်ရေ… ဇာတ်လမ်းဖြစ်လာအောင် တွန်းအားပေးခဲ့တဲ့ မိန်းကလေးကစလို့ ဇာတ်လမ်း အစ အလယ် အဆုံး တကယ်ကို သဘောကျမိပါတယ်။ နောက်ဆုံး ဘယ်သူနဲ့မှ ပေါင်းပေးမထားတာကိုလည်း အရမ်းကျေနပ်မိတယ်။ မြနှင်းမက်တဲ့ ဂုဏ်က ရိုးဂုဏ်ဆိုတာလေးက စိတ်ထဲမှာ အစွဲဆုံးပါပဲ။ ပြီးတော့ အစပိုင်း (ဆန်းသစ်စထွက်လာတဲ့အခန်းမှာ) မုန့်ဟင်းခါးလေး ရပ်စားနေတယ်ဆိုတာကို ဘာကြောင့်မှန်းမသိဘူး အရမ်းသဘောကျမိပါတယ်။ ပီပြင်လို့ပါ။ ကိုယ်တိုင် အဲဒီနားကို ရောက်သွားသလိုပါပဲ။ မမအိမ့်ရဲ့လက်ရာပီပီ ကောင်းပါတယ်လို့ အထူးပြောစရာမလိုပေမယ့် ရသစာကောင်းလေး ဖတ်ခွင့်ရလို့ အရမ်းကို ကျေးဇူးတင်ရပြန်ပါပြီ…
Comment by ရွှေပြည်သူ — February 9, 2009 @ 8:38 am

အမခင်မင်းဇော် … သူ အခု အပြင်မှာ ပီအိပ်ခ်ျဒီတွေ ဘာတွေတောင် ရနိုင်တယ်။ ဟုတ်တယ်အမ… မရလဲ ဖြစ်ရာဘ၀မှာ မိသားစုလေးနဲ့ ပျော်နေလဲ ကောင်းတာပါပဲနော်၊ ဘ၀ဆိုတာ ဘယ်နေရာဖြစ်ဖြစ်ပျော်နေဖို့က အဓိကထင်ပါတယ်နော်၊ အမ ကို သတိရတယ်။
N … စာလေးကိုဖတ်တာကျေးဇူးပါ
မောင်မျိုး … ရှိပါတယ်မောင်လေးရယ်၊ အများကြီးရှိပါသေးတယ်ကွယ်။ မင့်အမကိုပဲကြည့်လေ
ဒေါင်းမင်း … ငါးသည်မလေးက အခုတော့ သူ့ကိုသူဂုဏ်ယူတတ်မယ်ထင်တယ်။ ဟိုးတုန်းကတော့ ငယ်ကြတာကိုးနော်
ခရေ… မလေး ဂျပန်ကို အလည်ပဲရောက်ဖူးတော့ သူငယ်ချင်းတွေပြောပြတာကို အနီးစပ်ဆုံးရေးတာပါ။ partial or full scholarship ပေါ်မှာ မူတည်လားမသိ၊ ဘယ်လိုပဲဖြစ်ဖြစ် မလေးကို စေတနာနဲ့ထောက်ပြတာ ကျေးဇူးပါနော်…
May Burma … မင်္ဂလာပါ အမရေ..
မွန်… အဆုံးကိုပိုကြိုက်တယ်… ဟုတ်၊ ဘူနဲ့မှပေးစားနဲ့ဆို
Sin dan lar … ဟွန်းဟွန်း မ sindanlar ကတော့ လုပ်မယ်။ မြနှင်းကို တွေ့ပေးဖို့က နောက်ထပ် အခန်းဆက်ဆို တရုပ်သိုင်းကားဖြစ်သွားမှာပေါ့
ရွှေပြည်သူ … သိတယ်၊ မွန်တို့ ရွှေပြည်သူတို့ မြနှင်းကို အပျိုကြီးဖြစ်စေချင်တာ..။ မုန့်ဟင်းခါးရပ်စားတာကို ညီမ သဘောကျတာ မုန့်ဟင်းခါး ရပ်စားတာကို သဘောကျခဲ့တာလေးများရှိလားမှမသိတာ။ နော်…
Comment by မလေး — February 9, 2009 @ 9:16 am


သောင်း၂၀ ဖြစ်ပလိမ့်မယ် မလေး အစက ဂျပန်မှာယန်း သောင်း၂၀လို့ခေါ်ပါတယ်အမှနိကု ယန်း၂သိန်းခေါ်မှာပေါ့ ဒါလဲ အရင်တုန်းကရတာပါ အခုဆို ယန်း၁၆သောင်းပဲရပါတယ်။မလေး
Comment by မြတ်နိုး — February 9, 2009 @ 4:52 pm

မလေးရေ…
ဒီဝတ္ထုလေး တကယ်ပြီးမှပြီးပါ့မလားလို့ ကျွန်တော်စိုးရိမ်နေတာ.
မရီနဲ့. တကယ်ပြောတာ. တစ်ပုဒ်လုံးပြီးအောင်စောင့်ပြီးမှာ ကော်မန့်မလို့. မဟုတ်ရင် ကျွန်တော့်ကော်မန့်ဖတ်ပြီး မလေးစိတ်တိုနေမှာစိုးလို့. အခုမှတော့ ပြီးပြီဆိုတော့ တိုချင်လည်းတိုတော့ဗျာ…
ပြီးသွားတာလေးကလည်း သပ်ရပ်ပါတယ်. ခင်လို့ ပွင့်ပွင့်လင်းလင်းပဲ ဝေဖန်တော့မယ်နော်.
မလေးရေးသွားတာမှာ ပုံမှန်ဖြစ်နေတတ်တဲ့ အကြောင်းအရာတွေကို တမင်ရှောင်ပြီး ရေးသွားသလိုပဲ.
ဥပမာဗျာ….
(၁) ငါးစိမ်းသည်လေးနဲ့ ကြိုက်နေတဲ့ ဆန်းသစ်ကို သူ့အမေက အပြင်မှာ အမှန်တကယ်အဲလိုပဲ ကြည်ဖြူနိုင်ပါ့မလား.
အဲဒါကို မလေးက ဆန့်ကျင်ဖက်ရေးသွားလိုက်တယ်.
(၂) နိုင်မင်းနဲ့ မြနှင်းကို ပုံမှန် ဇာတ်လမ်းအရဆိုရင် ရိုးသားကြိုးစားသူအချင်းချင်းမို့ တစ်နည်းနည်းနဲ့ ပေါင်းဖက်ပေးမယ်လို့ မရဲတရဲ မျှော်လင့်ထားကြတယ်. အဲဒါကိုလည်း မလေး ရှောင်ပစ်လိုက်တယ်.
(၃) မြနှင်းရဲ့ ပုံမှန် ဇာတ်ကောင်စရိုက်အရ ဆိုရင် မြနှင်းဟာ ကိုယ့်အားကိုယ်ကိုးတတ်တာ၊ ရိုးသားတာ၊ ကြိုးစားတာ မှန်ပေမယ့် အိမ်ထောင်မပြုဘဲ နေလိုက်တာမှာ ကျွန်တော့်ကို အံ့အားသင့်သွားစေတယ်. အင်း… အဲဒီ့နေရာမှာတော့ ကျွန်တော် ဘာပြောရမယ်မသိတော့ဘူး… ဟူးးးးးး မောတယ်. နည်းနည်းငိုင်ကျသွားသလိုပဲ…
မြနှင်းငိုင်တာ မဟုတ်ဘူးနော်. ကျွန်တော်ငိုင်သွားတာ… ဟတ်ဟတ်. ပြောရင်းနဲ့ ရယ်ချင်သွားပြီ. ဘယ်သူမှမရယ်ခင် ကိုယ့်ကိုယ်ကိုပဲ အရင်ရယ်ပစ်လိုက်တော့မယ်ဗျာ.
တော်ပြီဗျာ. ရသဇာတ်လမ်းတစ်ပုဒ်ကို သချာင်္တစ်ပုဒ်လို ဆန်းစစ်ဝေဖန်ကြည့်တာ သိပ်တော့ မသင့်တော်လှပါဘူး. ဒါပေမယ့် ကျွန်တော်ခံစားမိသလို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြည့်တာပါ..
ကောင်းသောညလေးဖြစ်ပါစေ မလေး..
ခင်တဲ့..
Y.
p.s.. ၀တ္ထုလေးနောက်က တကယ့်ဖြစ်ရပ်မှန်လေးကို ရေးထားတာလေးက တော်တော်ပီပြင်တယ်. အဲဒီ့ကောင်မလေး (အဲ. မှားလို့. အဲဒီ့အစ်မကြီးအခု ဘယ်ရောက်နေပြီလဲ… နာမည်လေးဘာလေးသိရင်ကောင်းသား. Facebook တို့ Friendster တို့မှာ ရှာလို့ရတယ်. Myanmar Blogger Society ကို ရောက်လာရင်လည်း တစ်ခါတည်း သိရတာပေါ့… ဟူးးးးးးး နောက်တစ်ခေါက် ထပ်ငို်င်သွားပြန်ပြီဗျာ….း) )
Comment by Yan — February 9, 2009 @ 6:30 pm

မလေးရေ မြနှင်း ဖြစ်လာပုံ အကြောင်းရင်းကို ပြောပြထားတာ စိတ်ဝင်စား စရာကောင်းတယ်။ နောက်ဆို စာရေးတိုင်း ဒီစာလေး ဖြစ်လာပုံ ဆိုပြီး ပြောပြနိုင်ရင် ကောင်းမှာပဲလို့ တွေးမိတယ်။ ပုံရိပ်လည်း ကြုံခဲ့ဖူးတဲ့ အကြောင်းလေးတွေ ပြန်စဉ်းစားလိုက်ဦးမယ်။ ၀တ္ထုလေး တစ်ပုဒ် ဖြစ်လာ မလားလို့ပါ။ ၀တ္ထုလေးကို အားပေးသွားပါတယ်။ ကျန်တဲ့ အခန်းဆက်တွေလည်း ဆက်ရေးပါလား ဟင်။
Comment by ပုံရိပ် — February 9, 2009 @ 6:35 pm |

မြတ်နိုး .. မလေး ယန်းထဲ့ပုံနဲ့ ကျောင်းသွားတက်သူတွေ ထမင်းတောင်ဝကြပါ့မလားမသိ.. ဟိ၊ အဲဒါဖြုတ်မှ။ မနက်ဖြန်လောက်မှပဲဖြုတ်တော့မယ်
Yan .. ကိုရန်.. သေချာမဖတ်ပြန်ဘူး။ မြနှင်းနဲ့ဆန်းသစ်က ဘယ်သူမှမသိအောင် ကြိုက်နေတာပါဆို။ ငါးသည်လဲဘာဖြစ်လဲ မလေးလိုယောက္ခမဆိုလဲ သဘောမတူရင်တောင်မှ လူလူချင်းကောင်း၂မွန်၂ဆက်ဆံမယ်၊ နောက်ပြီး လူ့ဘ၀ဆိုတာ ဘုံလုံတလှဲ့ငါးပျံတလှဲ့မဟုတ်ပါလားလို့.. ။ You never know who you are dealing with ဆိုသလိုပေါ့။ ပြီးမှ အဲဒါနဲ့ပတ်သက်ပြီး ရယ်စရာတစ်ပုဒ်ရေးဦးမယ်။ နောက်တစ်ခုက မြနှင်းကို တစ်ယောက်ထဲထားတာ နားငြီးမှာစိုးလို့ .. ဟုတ်တယ်လေ.. ။ မိန်းမတွေလဲ နားငြီးတတ်တယ်။ နောက်ပြီး… မိန်းမတွေသည်လဲ ဘ၀မှာ ယောင်္ကျားတစ်ဦးဦးရှိနေမှ ရပ်တည်နေနိုင်တာမှ မဟုတ်တာ (by the way, I’m not a feminist) take care bro..
ပုံရိပ်... စာရေးတိုင်း ဒီစာလေးဖြစ်လာပုံဆိုပြီး ရေးလို့တော့ ဖြစ်ဖူးးးး အကုန်ပေါ်ကုန်မှာပေါ့ ပုံရိပ်လေးရဲ့
Comment by Anonymous — February 10, 2009 @ 12:00 am

ဒီရက်ပိုင်း အင်တာနက်ပျက်နေတာနဲ့ပဲ..ခုမှလာဖတ်ဖြစ်တော့တယ်…ဘယ်သူနဲ့မှမပေးစားတာကောင်းတယ်မလေး.. မလေးပြောသလိုနားမညီးတော့ဘူး ဖြစ်လာပုံနောက်ကြောင်းလေးကလည် တကယ်စိတ်ဝင်စားစရာကောင်းပါတယ်.. အဲဒီငါးရောင်းတဲ့အမတောင် လာဖတ်ချင်ဖတ်နေမှာမပြောနိုင်ဘူး..
ဟင်းရွက်ရောင်းတဲ့ကုလားမကြီးကလည်းတော်တော်ရယ်ရတယ်နော်.. ချွေးမလေးလို့လှမ်းခေါ်တာ
“ကျွန်မ မက်တဲ့ ဂုဏ်ကလေ…. ရိုးဂုဏ်”လို့ပြောသွားတာကိုတော်တော်ကြိုက်တယ်..
Comment by Phu Phu — February 10, 2009 @ 2:57 am

အရမ်းကောင်းပါတယ်၊ အများကြီးရေးပါလို့- အားပေးနေမယ်။
Comment by modernsoenaing — February 10, 2009 @ 8:01 am

မလေးရေ… အဆုံးသတ်က ခပ်မြန်မြန်ရေးလိုက်တယ်လို့ ခံစားရတယ်.. မကောင်းဘူးမဟုတ်ဘူး.. ကောင်းတယ်..
ဒါပေမဲ့ တစ်ခုခုလေး နဲနဲလေးပဲ.. ဘာမှန်းတော့ မသိဘူး.. လိုနေသလိုပဲ…
အဟီး.. စိတ်ထဲမှာတော့ ဟိုငနာကို ဒိထက်ပိုခံရစေချင်တာ.. ဒါပေမဲ့လဲ.. တကယ်မချစ်တဲ့သူကတော့ တကယ်ချစ်ခဲ့တဲ့သူလောက်ဘယ်ခံစားရမလဲနော်.. ဒါလဲ ဟုတ်ပြန်ရော..
ခု ကွန်မန့်ရေးနေရင်း ပြန် review လုပ်ပြီး ဇာတ်လမ်းကိုဖတ်ကြည့်လိုက်တော့လဲ.. အဲဒိနည်း ၁နည်းပဲရှိတာပဲ.. ဒီတော့လဲ ဘာမှ မလိုသလိုပါပဲလေ…
မောင်မျိုး.. နင့်ကိုချည်းတမင်လိုက် attack လုပ်နေတာတော့ မဟုတ်ပါဘူးဟာ.. အဟီး.. နင် မန့်ထားတာက ငါပြန်ပြောချင်အောင် ဆွဲဆောင်နိုင်လွန်းလို့ပါ..
မလေး စာထဲမှာလဲ လူသားဆန်ဖို့ ဂုဏ်ဆိုတာတော့ အနည်းနဲ့ အများမက်ကြတာပဲလို့လဲ ပါထားတယ်လေ…
ပြီးတော့ ဂုဏ်မက်လို့.. တော်ရုံသင့်ရုံ ကိုယ်လက်ခံနိုင်လောက်တဲ့ သူကို ရွေးပြီးရင် သစ္စာရှိသင့်တာပေါ့… ဒိထက် သာတဲ့ သာတဲ့သူ လိုချင်သေးတယ်ဆိုရင်တော့ စောင့်လေ.. မရွေးနဲ့အုံးပေါ့..
ဒီခေတ်မှာ ယောကျာင်္းတွေက ပိုတောင် တွက်နေကြပြီ.. တန်းတူတောင်မလိုချင်ဘူး.. သူတို့ထက်သာမှကိုလိုချင်တာ.. ပြောတော့ ဒီခေတ်ကြီးမှာတဲ့.. ပြီးတော့ အရင်ခေတ်က အယူတွေ အိမ်ဦးနတ်လိုကျတော့ ဆက်ဆံခံချင်ကြသေးတယ်.. (မှတ်ချက်.. စကားစပ်မိလို့.. ပေါက်ကွဲသွားတာနော်.. မောင်မျိုး နင့်ကို ပြောတာဟုတ်ဘူး..)
ကိုရန်အောင် ထောက်ပြသွားတဲ အချက်သုံးချက်ကို မဗေဒါစာဖတ်နေတုံးက တွေးမိတာကျတော့ ဒီလို…
၁) အဲဒိ မိန်းမကြီးက သိအုံးတော့… ငါ့သားလုပ်ချင်တာလုပ်ပါစေ.. ငါ့သား အကြောင်းငါသိပြီးသား.. ဒီငါးသည်မလေးနဲ့က အပျော်ပါပဲ.. လောလောဆယ်တော့ ငါးအသားကောင်းကောင်းနဲ့ အသားတုံးတွေ ပိုပိုရနေတာ မသိချင်ယောင်ပဲ ဆောင်နေလိုက်မှာပေါ့… သားက ဒီလောက် ဂုဏ်မက်ပြီး အချောင်လိုချင်တာ.. သူ့အမေမှာလဲ ဒီစိတ်ရှိလို့ပေါ့.. အထူးသဖြင့် အဲလိုကိစ္စတွေက သားရှင်အမေတွေ မြှောက်ပေးလို့ဖြစ်တာက များသေး.. သူတို့ သမီးမဟုတ်တိုင်းလေ.. သူ့ယောက္ခမက သူ့အဲလို ဆက်ဆံရင် ဘယ်လိုနေမယ်မသိ… ငွေမက်ပြီး သားကို လေလံတင်သလို သားရဲက ကောင်မလေးတွေကို ချိန်ခွင်ပေါ်တင်ပြီး ချိန်နေတဲ့ မိန်းမနဲ့.. ငွေမက်… အပေါ်ယံအလှအပမက်တဲ့ ယောကျာင်္းမျိုး ကိုယ်တွေ့ကြုံဖူးရဲ့…. (အဲလေ.. ပေါ်ကုန်ပြီ)…
၂) နဲ့ ၃) ကတော့ ၁ခုပဲ ဖြေလိုက်မယ်… အဲဒါ မိန်းကလေးတွေပဲ နားလည်တယ်.. မွန်တို့.. ရွှေပြည်သူတို့လဲ အပျိုကြီးပဲ ဖြစ်စေချင်တယ်ဆိုတာလေ..
မဗေဒါကတော့ အပျိုကြီးဖြစ်စေချင်တယ်တော့ မဟုတ်ပါဘူး.. ယူရင်တောင် မြနှင်းထက်သာတဲ့.. ဒါမှမဟုတ်.. တန်းတူ ယောကျာင်္းတစ်ယောက် သူ့ကိုလဲ မြတ်နိုး ချစ်ခင်တဲ့ ယောကျာင်္းတစ်ယောက်နဲ့ ရစေချင်တာပဲ.. ၀တ္တုက ဒီမှာဖြတ်လိုက်တာကိုး…. နောက် အပိုင်းတွေ ဆက်ရှိမယ်ဆို လာမယ်လေ… နိုင်မင်းချမ်းသာချင် ချမ်းသာပေါ့.. တစ်ခုခုပေါ့…
(အော်.. ဒါနဲ့… i am also not Faminist… ဟီး.. ဟီး… ပြောပြတာပဲရှိတာပါ)…
အားလုံးပဲ.. take care…
~ မြနန္ဒာ နေညို့ညို့ ရစ်ခါသန်းတော့….. ~~ ဘာရယ်ညာရယ်မဟုတ်ဘူး.. မြန်မာပြည်မှာ ပွဲသိမ်းရင် မြနန္ဒာဆိုကြလို့… အားလုံးပဲ.. ဘိုင်…
Comment by မဗေဒါ — February 10, 2009 @ 1:20 pm

PhuPhu.. ဟင်းရွက်ရောင်းတဲ့ အဲဒီဒေါ်ကြီးကိုတောင် မလေးသတိရသွားမိတယ်။ သူက အပြင်မှာ သွားတွေသိပ်လှတယ်..။ သွားကိုပါ သတိရသွားတယ်။
modernsoenaing… ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်ရှင်။
မဗေဒါ.. ညီမ အပိုင်းလေးမှာ ရေးသွားတာဖတ်ပြီး ရယ်မိတယ်။ မလေးတောင် ပထမ အဲလိုရေးမလား စဉ်းစားလိုက်သေးတယ်။ ဟုတ်တယ် အဆုံးက တကယ်ပြီးချင်နေပြီလေ။ ဒါကြောင့် မြန်မြန်အဆုံးသတ်လိုက်တာ.. နောက်ခါ ဒီထက်စိတ်ရှည်ပါမည် :P။ ညီမလေးရဲ့ ပွင့်လင်းတဲ့ ကော့မန့်တွေဖတ်ပြီး မလေး သဘောကျမိတယ်။ ဒီလောက်အချိန်ပေးပြီး ညက ဖတ်သွားတာလဲ မလေး ကျေးဇူးတင်တယ်။ အပိုင်း၁ မှာလဲ ညီမကို မလေး ကော့မန့်ပြန်ထားတာ အချိန်ရရင်ဖတ်လိုက်နော်။
Westcoast 22 .. I know what you wanted to ask me.
မလေး လှိုင်ကို သွားတာ။ တကယ်က လှိုင်ကိုတောင် မသွားသင့်ခဲ့ဘူး။ marine biology ယူပြီး တနင်္သာရီတိုင်းမှာ ကျောင်းသွားတက်ခဲ့သင့်တယ်။ ကနေဒါရောက်မှာ အဲဒီတုန်းက သေချာပေါက်သိခဲ့ရင်တော့ မြန်မာစာအဓိက တစ်နှစ်လောက်တောင် တက်ခဲ့သင့်တယ်။ Not that I don’t appreciate those professions, I think life is too short to be in rats’ race. ဂုဏ်တွက်လား.. peer pressure တွေတွက်လား၊ တကယ်ဝါသနာပါလို့လား ကိုယ့်ကိုကိုယ်ပြန်မေးတော့ I’m more inclined to liberal arts.. ဒါပေမယ့်… I ended up in that field. ရှင်းနေတာပဲနော်.. ဘာတွေပြောနေလဲ ကိုယ့်ဟာကိုယ် သိတော့ဘူး
Comment by မလေး — February 10, 2009 @ 11:52 pm

မလေး’ မြနှင်းကိုအပျိုကြီးဘဝနဲ့ရပ်ထားလိုက်တယ်ပေါ. ။ ခပ်ချောချော စိတ်သဘောထားကောင်းတဲ့ မြနှင်းကိုအရမ်းချစ်မြတ်နိုးတဲ့ ပညာတတ်အကိုကြီး တယောက်နဲ့နေရာချထားပေးစေချင်တာ။ ( ဟားဟား သိပ်အကောင်းမကြိုက်ရှာဘူးမ’ရေ…။:D )
မလေးစာတွေကို စာရေးဟန်ကော စကားလုံးတွေပါအရမ်းကြိုက်လို. အမြဲလာဖတ်နေတာပါ။ အသစ်တင်တိုင်းအရမ်းပျော်ပါတယ်။ ရသစာကောင်းကောင်းလေးဖတ်ရလို.ပါ။ အခန်:ဆက်ကော အခန်းတိုကော အမြဲအားပေးနေပါတယ်အမ။ မလေး စာတွေ အများကြီး စိတ်ငြိမ်းငြိမ်းချမ်းချမ်းနဲ့ရေးနိုင်ပါစေ။
စကားမစပ်..ကျေ:ဇူးပါ မ’ နာမည်လေးကလှဆိုလို….။ :-))
Comment by amayarko — February 11, 2009 @ 9:20 am

မဗေဒါ..ကော့မန့်လာဖတ်တယ် ဟီးဟီး ဖြတ်တက်ပါတယ်လေ ယောကျာ်းနဲ့ မိန်းမ အမြင်မှမတူတာနော့် လိပ်တွေလိုပဲ မလေးပြောချင်တာကို ကိုယ်စားပြောပေးလို့ကျေးဇူးး
Comment by မောင်မျိုး — February 11, 2009 @ 11:24 pm

Well, friend, the ending meets my expectation…ha ha…once the trust is not there, it’s pretty hard to accept a man like Sun Thit as a life partner…I think Mya Hnin made the right decision and I would do the same if I have to put myself in her shoes…I think she needs to be strong and accept the consequences of her decision, i.e., being alone… her mom will not be there for her forever and she needs to have this attitude “ I live alone but I am not lonely”… Anyway, life is full of interesting things and who knows she might come across someone she loves and who is really true to her…there you go, you can write part 2…ha ha…Honestly, life is too short to waste time for those not-so-trust-worthy relationships (-:
These days, I have been reading (more likely scanning) your blog as well as a few other blogs and often I like to leave a line or two to express my thoughts and appreciate their writings but hardly had any time to do so. So this is my first comment, friend (-:
BTW, one of our friends, SA, is organizing a seminar and inviting all local and overseas friends and I can forward his email to you if you don’t receive it. Love you.
Comment by Angel Eyes — February 12, 2009 @ 3:57 am

amayarko … ခုလိုအားပေးတာ ကျေးဇူးပါညီမ။ ၀ါသနာအရ ဆက်ရေးနေပါဦးမယ် ညီမလေးရေ..
မောင်မျိုး .. လူဆိုတာ လိပ် က evolve ဖြစ်လာတာတဲ့
Angel Eyes … သူငယ်ချင်းပျောက်နေလို့ တပည့်တွေနဲ့ အလုပ်ရှုပ်နေမယ်ဆိုတာ သိပါတယ်။ တို့တောင် face book မရောက်တာကြာပြီ။ ကော့မန့်တွေ့တော့ ပျော်သွားတယ်။ SA က ဘယ်လို စီမီနာ ဘယ်တော့ လုပ်မှာလဲ။ အီးမေလ်ပို့ပေးနော်။
Comment by မလေး — February 12, 2009 @ 11:27 am

hut1.png



LinkWithin

Related Posts Plugin for WordPress, Blogger...