မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, January 30, 2009

ဂုဏ်မက်သူ (၃)

မိုးရှေ့ လေအေးက တိုက်ခတ်လာတော့ ခရေရွက်တွေ ကြွေကျလာသည်။ မြနှင်းနှင့် နိုင်မင်း၏ ဆံပင်တွေထဲမှာ မိုးငွေ့တွေ၊ ခရေပင်မြစ်ပေါ်မှာ ထိုင်နေရင်း နိုင်မင်း၏ ပြောလာမည့် စကားတွေကို မြနှင်း နားစွင့်နေမိသည်။

“နင်ငါ့ကို တစ်ကယ်ကို စဉ်းစားမပေးနိုင်တော့ဘူးလား မြနှင်း”

“ငါ.. ငါ.. ဆန်းသစ်ကို အဖြေပေးလိုက်ပြီ နိုင်မင်းရယ်…”
မြနှင်းအသံက တိုးတိတ်စွာထွက်ပေါ်လာသည်။

“ဘာ.. ဘာ.. မြနှင်း”
နိုင်မင်း၏ အသံကတော့ ပတ်ဝန်းကျင်မှာ ပဲ့တင်ထပ်သွားသည်။ ခရေပင်ပေါ်က စာကလေးအချို့ပင် လန့်ပြီး ထပျံသွားကြသည်။

“ငါ.. ဆန်းသစ်ကို အဖြေပေးလိုက်ပြီလို့ ပြောတာပါ။”

မြနှင်းကို ငုံ့ကြည့်နေသော နိုင်မင်း၏ မျက်ဝန်းတွေက တဖြည်းဖြည်း ရီဝေလာနေသည်။

“ရက်စက်လိုက်တာ မြနှင်းရယ်…. ၊ အဟင်း.. အင်းပေါ့လေ နင်တို့က ကျောင်းပြီးဖို့ နှစ်နှစ်လောက်ပဲ လိုတော့တဲ့အချိန်မှာ၊ ငါက ဆိုက်ကားသမား ဆယ်တန်း နှစ်ခါကျ၊”


“အို.. တော်ပါတော့ နိုင်မင်းရယ်၊ အဲဒါတွေနဲ့ မဆိုင်ပါဘူးဟယ်၊”

“နင်တို့ ကျောင်းပြီးရင် ယူကြမှာပေါ့နော်..”

“အဟင်း.. အော်.. နိုင်မင်းရယ်..”

“အင်းလေ.. ဘာပဲဖြစ်ဖြစ်၊ နင်တို့ အဆင်ပြေကြပါစေဟာ…”

ခရေမြစ်ပေါ်မှ တဆင့် မြေနီလမ်းပေါ်သို့ ဆင်းသွားသော နိုင်မင်း၏ ပုဆိုးတိုတိုအောက်က ခြေသလုံးများနှင့် တစ်ပတ်နွမ်း မန္တလေး ဖိနပ်တစ်စုံကို သူမ ငေးကြည့်ရင်း ဘာရယ်မဟုတ် သက်ပြင်းရှည်တစ်ခုကို လေးတွဲ့စွာ ချလိုက်မိသည်။

ထိုနေ့က စပြီး လမ်းထိပ်က ဆိုက်ကားဂိတ်မှာ နိုင်မင်းကို သိပ်မတွေ့ရတော့။ တစ်ခါတစ်ရံ မြနှင်း ကျောင်းကပြန်လာသည့် ရက်များမှာ တိုက်ဆိုင်လို့ တွေ့မိလျှင်လည်း အကြည့်ချင်းမဆုံအောင် လွှဲသွားတတ်သော နိုင်မင်း၏ မျက်ဝန်းများကို ဆုံအောင်မကြိုးစားသည့်မြနှင်း၊ နိုင်မင်း သူငယ်ချင်းအချို့၏ စူးရှသော အကြည့်များကိုလည်း မဆုံမိအောင် ကြိုးစားနေရသည်။ သည်လိုနှင့် ဆိုက်ကားဂိတ်မှာ၊ ဈေးထိပ်က မုန့်ဟင်းခါးဆိုင်မှာ၊ ညနေခင်း စာအုပ်ဆိုင်လေးတွေရှေ့မှာ တွေ့လေ့ရှိသည့် နိုင်မင်း ကို မတွေ့ရတော့သည့် ရက်တွေ များလာခဲ့သည်။

*******

နံနက်ခင်းနေရောင်အောက်မှာ ဈေးတစ်ခုလုံးက လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွ။ မြနှင်း ငါးဆိုင်ဘေးက ကြက်ဥ၊ ဘဲဥ ရောင်းသည့် အမကြီးတစ်ဦးနှင့် ခေတ္တအပ်ခဲ့ပြီး ခပ်လှမ်းလှမ်းက ဟင်းရွက်စုံရောင်းသည့် ဆိုင်ရှေ့မှာ ဟင်းရွက်တောင်းတွေချနေသည့် အောင်ခင်ဆီသို့ ထွက်လာခဲ့သည်။

“အောင်ခင်”
မြနှင်းကို တွေ့တော့ လှဲ့ကြည့်လာသော အောင်ခင့်မျက်နှာမှာ အရိပ်တစ်ခု ဖြတ်ပြေးသွားသည်။

“အင်း ပြော”

“ဟို.. နိုင်မင်း တစ်ယောက်ကော၊ မတွေ့တာ ကြာပြီ”

“သေပြီ”

“ဟင်.. အောင်ခင်ရယ်.. မနောက်ပါနဲ့ဟာ”

“ဟူး..”

အောင်ခင် သက်ပြင်းချ၊ ပုဆိုးကို ပြင်ဝတ်လိုက်သည်။ ပြီးတော့ မြနှင်းကို စိမ်းစိမ်းကားကားကြည့်နေရင်း ဖြေလိုက်သည်။

“ပုသိမ်က သူ့ဦးကြီးဆီ ထွက်သွားတာကြာလှပြီ၊ နင်ကတော့ ဘယ်သိမလဲ။”

“ဟင်.. ပြန်မလာသေးဘူးလား၊”

“ငါတော့ သူပြန်လာမယ်လို့ မထင်တော့ဘူးမြနှင်း၊ နင့်ကို ရှစ်တန်းထဲက အရိပ်တကြည့်ကြည့်နဲ့ ချစ်လာခဲ့တဲ့ကောင်၊ နင်က နောက်မှ ပေါက်တဲ့ရွှေကြာပင်ကို မြတ်နိုးနေတော့လဲ…။ နင်.. သူ့ကို ဒီလောက်တော့ နားလည်မယ်ထင်ပါတယ်”

သူပြောချင်ရာပြောပြီး တောင်းကိုကောက်လျှက် ထွက်ခွာသွားသော အောင်ခင့်ကျောပြင်ကို မြနှင်း ငေးနေမိသည်။

*******

ကမ်းစပ်မှ လှိုင်းကလေးတွေက တငြိမ့်ငြိမ့်၊ လေပြေအေးအေးလေးအောက်မှာ မြနှင်း ဆံပင်တွေ ညင်ညင်သာသာလေး လူးလွန့်နေကြသည်။ ဆန်းသစ်၏ ပခုံးပေါ်မှာ မြနှင်း ခေါင်းလေးမှီထားရင်း ကြည်လင်ပြာလဲ့သော မိုးကောင်းကင်ကြီးကို ငေးနေမိသည်။

“စနေနေ့ကျရင် မောင် စာကြည့်တိုက်ရှေ့က စောင့်နေမယ်၊ သူငယ်ချင်းတွေချိန်းပြီး ရုပ်ရှင်သွားကြည့်ကြမယ်တဲ့၊ မြနှင်း ဆက်ဆက်လာရမယ်နော်။ ရုပ်ရှင်ပြီးတော့ မောင်တို့ နှစ်ယောက်ထဲ တစ်နေရာရာသွားကြမယ်”

မြနှင်း လက်ကလေးကို ဆုပ်ကိုင်ထားရင်း တိုးတိတ်ညင်သာစွာ ပြောလာသော ချစ်သူ့မျက်နှာကို မြနှင်း မော့ကြည့်လိုက်မိသည်။ ပြီးတော့ အပြုံးလှလှလေး တစ်ပွင့်နှင့် အတူ ချစ်သူကျေနပ်အောင် ခေါင်းငြိမ့်ပြလိုက်သည်။

“တင်မာလာ တို့လဲ လာလိမ့်မယ်.. သူ့အဖေက ညွှန်မှုးလေ၊ တင်မာလာက မောင့်ကို သဘောကျနေတယ်နဲ့ တူပါတယ်။ ဒါပေမယ့် သူ့အမေကြီးကတော့ ကြည်ပုံမရဘူး။”

မြနှင်း ကိုယ်လေး တောင့်သွားသည်။ ရုတ်တရက် မတ်မတ်ထိုင်ပြီး ဆန်းသစ်ကို ကြည့်လိုက်သော မြနှင်း အကြည့်တွေက နူးညံ့မနေ။

“မောင်.. သူကြိုက်နေတာ ဘယ်လိုသိလဲ၊ နောက်ပြီး မောင်စကားပြောရင် ရာထူးတွေ၊ ဂုဏ်တွေ၊ ဥစ္စာတွေ၊ ကားတွေ၊ ဆဲလ်ဖုန်းတွေ ဘာလို့ ပါပါလာနေတာလဲ”

“အော်.. မြနှင်းရယ်.. မြနှင်းက ကျောင်းသွား၊ စာကျက်၊ အမေ့ကို ငါးကူရောင်းတာကလွဲပြီး ဘာများသိပ်သိလို့လဲ။ ဒါကြောင့် ဘယ်သူက ဘယ်လိုဆိုတာ ပြောပြတာ၊ နောက်ပြီး မောင့် မြနှင်းက စာတော်တာကလွဲပြီး ….”

“တော်တော့ မောင်..၊ တစ်ခါလာလဲ ဒီစာတော်တာကလွဲပြီး၊ စာတော်တာကလွဲပြီးနဲ့.. မြနှင်း မကြားချင်တော့ဘူး။”

“ဟာကွာ.. ဒီမှာ၊ မောင် ဆိုလိုတာ မြနှင်းသိပါတယ်ကွာ။ မောင်တောင်းပန်ပါတယ်။ မောင်လေ.. မြနှင်းကလွဲပြီး ဘယ်သူ့ကို မှ ရင်မခုန်ဘူး၊ မြနှင်းကိုပဲ ချစ်တာပါ မြနှင်းရယ်”

မြနှင်း လက်ဖမိုးကို ဆုပ်ကိုင်ပြီး ရီဝေသော မျက်လုံးများနှင့် တုန်တုန်ရီရီပြောနေသော ဆန်းသစ်ကို မြနှင်း သနားသွားမိသည်။ သည်လိုနှင့် ဆန်းသစ်နှင့် မြနှင်း တို့ လူမသိ သူမသိ၊ သိုသိပ်စွာ ချစ်သူဘ၀ကို ကျော်ဖြတ်နေခဲ့ကြသည်။


comments from ainchannmyay.com

မလေးရေ ဆက်ရန် ရှိသေးတယ် မဟုတ်လားဟင်။
Comment by ပုံရိပ် — January 30, 2009 @ 7:13 pm

မလေးနေပြန်ကောင်းပြီလား….
ခုမှဖတ်မိလို့သတင်းမေးတာတောင်နောက်ကျနေပြီထင်တယ်… မြန်မြန်နေကောင်းပါစေရှင်
Comment by Phu Phu — January 30, 2009 @ 8:11 pm

မြန်မြန်ဆက်ရေးနိုင်ပါစေ….၊ ဒီလိုဆုတောင်းရုံပဲ တတ်နိုင်တော့တယ်.. အဟင့်
Comment by sin dan lar — January 30, 2009 @ 8:25 pm

မဂျီးရေကောင်းခန်းတွေရောက်နေပြီဇာတ်အရှိန်လဲမြင့်နေပြီမြန်မြန်ရေးနော်
စောင့်နေတယ်
Comment by ဒေါင်းမင်း — January 31, 2009 @ 1:09 am

မဂျီးရေဆန်းသစ်.နဲ့နိုင်မင်း..ကမြနှင်းနဲ့ဘယ်သူရမှာလဲ..ဟီးသိချင်နေပြီ…
အမြန်ဆက်ရေးနော်မကျေနပ်လို့နောက်တစ်ခေါက်လာဖက်တာ…ဟီး
Comment by ဒေါင်းမင်း — January 31, 2009 @ 2:02 am

ဟုတ်ပါ့ဗျာ.. မျှော်နေတယ်နော်..
Comment by Craton — January 31, 2009 @ 2:34 am

ဂုဏ်မက်သူက ဘယ်သူလဲဆိုတာ တွေးနေမိပြီ
မြန်မြန်ဆက်ပါ
Comment by မွန် — January 31, 2009 @ 2:12 pm

မျှော်…ရအုံးမှာပေါ့..မလေးရေ… အဟတ် အားလုံးပြီးမှ ကော်ပီကူး၊ အီးဘွတ်ခ် လုပ်ပြီးမှ စဆုံးဖတ်မယ်..။ ဟိဟိ..
Comment by မင်းယွန်းသစ် — January 31, 2009 @ 11:16 pm

မလေးတော့ ကိုယ့်ဟာကိုယ်ရေးပြီး ရယ်ချင်နေတယ်။ မလေးကိုယ်တိုင်လဲ ဒီဇာတ်လမ်းက ဘယ်လိုဆုံးမလဲမသိဘူး။ စာရေးရင် plot မချဘဲ flow နဲ့ပဲအမြဲရေးခဲ့တာ ဒီတစ်ခါလဲ ခံနေရပြီ။ ဘာဆက်ရေးရမှန်းမသိဘူး ဟွန်းဟွန်း I better be serious နော်.. အခု မုဒ်သွင်းပြီး ပြန်ဆက်မယ်..
Comment by မလေး — February 2, 2009 @ 12:10 pm

အဲ့…မျောကုန်ပြီး ဘာဖြစ်မလဲဆို မှန်းတက်တော့ဘူး မောင် မောင် တော်တော် talking ကောင်းတယ် မှတ်ထားအုံးမှ ။ အသုံးဝင်လိုဝင်ငြားပေါ့ နော့် အစ်မး)
Comment by မောင်မျိုး — February 3, 2009 @ 12:44 am

Wednesday, January 28, 2009

ဂုဏ်မက်သူ (၂)

ငှက်တွေအိပ်တန်းတက်ချိန် ညနေခင်းတစ်ခုတွင် မြနှင်း အိမ်ရှေ့ပြူတင်းပေါက်နားက ခုံတစ်လုံးမှာထိုင်၊ စာအုပ်တစ်အုပ်ကို ဖတ်ရင်း စိုးပိုင်၏
အနီးဆုံးလူ ကို နားထောင်နေမိသည်။

“မြနှင်း ရေ…. မြနှင်း”
အိမ်ရှေ့မှ ခေါ်သံကြောင့် အိမ်ပေါက်ဝသို့ မြနှင်းထွက်လာခဲ့သည်။

“ဟင်.. အောင်ဝင်း .. လာ လာ…”
အတန်းထဲက အောင်ဝင်း နောက်မှာ ရပ်နေသော သူကို မြနှင်း မြင်လိုက်တော့ ပိုလို့အံ့သြသွားမိသည်။

ဟင်.. ဆန်းသစ်

မြနှင်း တို့ အိမ်ကလေးက အဆောင်အယောင်ကင်းမဲ့စွာ သန့်ရှင်း သပ်ရပ်နေသည်။ အိမ်ရှေ့ခန်းက ကြိမ်ကုလားထိုင်လေးတွေမှာ ဆန်းသစ်နှင့် အောင်ဝင်း ၀င်ထိုင်လိုက်သည်။

“ငါ.. နင့်ဆီက ဟိုတစ်ပတ်က ငှားထားတဲ့ စာအုပ်လာပြန်ပေးတာ၊ သြော်.. ဒါနဲ့ ဒါ.. ငါ့သူငယ်ချင်း ဆန်းသစ်၊ နင်တို့နဲ့ ငါးလမ်းကျော်လောက်မှာနေတာ။ ကယ်မစ်ထရီက။”

“ဟုတ်ကဲ့၊ တွေ့ရတာ ၀မ်းသာပါတယ်၊ ခဏထိုင်ကြဦးနော်”

“ဘာမှမလုပ်နဲ့၊ ငါတို့ လက်ဘက်ရည်ဆိုင်သွားမလို့။”

“ခဏပါ.. ဘာမှထွေထွေထူးထူးလဲ မရှိပါဘူးဟာ…. ငါ့အိမ်မှာလဲ။ ခဏလေးနော် ကိုဆန်းသစ်။”

မြနှင်း ပြောပြောဆိုဆို ကန့်လန့်ကာကို ဖယ်ပြီး မီးဖိုထဲသို့ ထွက်လာခဲ့သည်။ အိမ်ရှေ့မှာ စိုးပိုင်က အလိုက်မသိစွာ သီချင်းကို ဆက်ဆိုနေသည်။

“သူဟာ တစ်ကယ်လို့ မင်းဘ၀မှာ အကောင်းဆုံး လူသားဖြစ်ခဲ့ရင်.. တားဆီးပိုင်ခွင့် ရုတ်သိမ်းလိုက်တော့မယ် အချစ်လေး……”

မြနှင်း တစ်ယောက်ထဲ မီးဖိုထဲမှာ ကယောင်ချောက်ခြားဖြစ်နေသည်။ ထမီကို ပြင်ဝတ်၊ ဆံပင်ကို သပ်လိုက်ပြီး၊ ပုလင်းထဲက ထန်းလျက်ခဲအချို့ကို ပန်းကန်ထဲထည့်၊ အဆင်သင့်အမြဲရှိနေသော အကြမ်းဓာတ်ဗူးနှင့် ပန်းကန်လုံးလေးများကို လင်ဗန်းထဲထည့်ပြီး အိမ်ရှေ့သို့ပြန်ထွက်လာသည်။

“လာခြင်းကောင်းတဲ့ မင်းဘ၀ ပျော်ပါစေ၊ ဆုတောင်းပေးဖို့ တစ်ခုသာ တို့အခွင့်အရေး…”

ထိုနေ့က အောင်ဝင်းနှင့် မြနှင်းသာ စကားအနည်းငယ်ပြောဖြစ်သည်။ ဆန်းသစ်ကတော့ တစ်ခွန်းစ နှစ်ခွန်းစ ၀င်ပြောပြီး၊ မြနှင်း ချပေးသော အကြမ်းရည်ကို ယဉ်ကျေးမှုအရ အနည်းငယ်သောက်သွားသည်။ ထိုနေ့ညက မြနှင်း အိပ်ယာထက်မှာ တလူးလူးတလိမ့်လိမ့်။ မြနှင်းကို သဘောကျနေသော လမ်းထိပ်က ဆိုက်ကားမောင်းတဲ့ နိုင်မင်း အပေါ်မှာ ဘာခံစားချက်မျှ မရှိဘဲ၊ ဆေးကျောင်းတက်နေသော ဒန်အိုးစက်ပိုင်ရှင်သမီး၊ အင်ဂျင်နီယာကျောင်းတက်နေသော ဖိနပ်စက်ပိုင်ရှင်သမီး၊ စင်္ကာပူမှာ ကျောင်းဆက်တက်ရန် ပြင်ဆင်နေသော ဟိုဘက်လမ်းက ရေခဲစက်ပိုင်ရှင်သမီး၊ အမေရိကားမှာ တက္ကသိုလ်သွားတက်မည့် ကုမဏီပိုင်ရှင် သမီးတွေနှင့် သူငယ်ချင်းမက၊ ချစ်သူမကျစွာ တွဲနေသော ဆန်းသစ်လို လူမျိုးအပေါ်မှာမှ ယိမ်းယိုင်နေသော မြနှင်း စိတ်ဓာတ်ကိုလဲ မြနှင်း နားမလည်တော့။
ငါလဲ အမေ့ကို ငါးကူရောင်းတဲ့ ငါးသည်မ ဆိုပေမယ့်လဲ ခေတ်ပညာတတ်တစ်ယောက်ပဲ။ ဘ၀ပေးအခြေအနေအရသာ ဂုဏ်နဲ့ဓနဥစ္စာမရှိပေမယ့်၊ ငါ့မှာ ခေတ်ပညာသင်ယူနိုင်တဲ့ ဥာဏ်ရှိနေတာပဲ။ မိမြနှင်း နင်ဘယ်လိုဖြစ်နေတာလဲ။ လောကမှာ ဂုဏ်မက်တဲ့ ယောင်္ကျားတွေဟာ ဂုဏ်မက်တဲ့ မိန်းမတွေလိုပဲ ကြောက်စရာကောင်းတာကို နင်သတိရစမ်းပါ။ အိပ်တော့.. မနက် ငါးရောင်းဖို့ ဈေးထွက်ရဦးမယ်။
ကိုယ့်ကိုကိုယ်ဆုံးမပြီး မြနှင်း ခေါင်းအုံးထဲသို့ မျက်နှာအပ်လိုက်သည်။ ရင်ထဲမှာတော့ လျှက်စစ်ကလေးများနှင့် တို့သလို တစ်ချက်တစ်ချက် ကျင်တက်နေသည်။

သည်လိုနှင့် မြနှင်းတို့ အုပ်စုထဲမှာ အောင်ဝင်းနှင့်အတူ ဆန်းသစ် တစ်ခါတစ်ရံ ရှိလာတတ်သည်။ ကျောင်းကင်တင်းတွေမှာ၊ ဗန္ဒာပင်ရိပ်အောက်က ခုံတန်းလေးတွေမှာ၊ ကျောင်းနောက်က မြက်ကြမ်းတွေပေါက်နေသော ရေမြောင်းဘောင်တွေပေါ်မှာ အုပ်စုဖွဲ့ စကားပြောနေကြသည့် အခါများတွင်၊ ဆန်းသစ် ၏ စာပေဗဟုသုတ ပြည့်ဝသော စကားများကို မြနှင်းတို့ နားထောင်ရတတ်သည်။ မောင်သင်းခိုင် (ပျဉ်းမနား)၊ မောင်စိမ်းခက် (ပြည်)၊ တရုတ်ကဗျာဆရာကြီး တူဖူ၊ ဘူးဗွားမှ အစ၊ ဂျိမ်းဂျွိုက်စ် အထိ ဆွဲခေါ်သွားတတ်သော လူတစ်ယောက်က၊ သူနှင့်ပတ်သက်သော မိန်းမများအကြောင်းပြောရင်တော့ ဆေးကျောင်းသူများ၊ အင်ဂျင်နီယာများ၊ ကြီးကြီးမာစတာ သမီးများမှ မဆင်းတော့ သည်ကို မြနှင်း လိုက်လို့မမှီ။

“ခင်မ ဘိုးအေကြီးက သခင်နု လေ၊ အဘိုးကတော့ ဟိုးတုန်းက မန္တလေးဆေးရုံအုပ်။ အခု ရန်ကုန်မှာလဲ နောက်ပိုင်း စီးပွားရေးတွေလုပ်နေတယ်။”

“ဖြူဖြူအေး ကတော့ ရဲဗိုလ်ချုပ်ကြီးရဲ့ မြေး၊ မကြာခင် စင်္ကာပူ ထွက်ဖို့လုပ်နေတယ်။ သူ့အစ်မက တီတီစီမှာ အတန်းမှုး”

“ငါတော့ သခင်နုလဲမသိဘူး၊ မန္တလေးက ဆေးရုံအုပ်လဲမသိ၊ တီတီစီတောင် ရှေ့ကပဲ ဘတ်စ်ကားစီးရင်း ဖြတ်သွားဖူးတာ၊ စင်္ကာပူဆိုရင်တော့ ဘယ်လိုအနံ့ရှိလဲတောင်မသိဘူး.. ဟင်းဟင်း”

မြနှင်း သူငယ်ချင်းမ တစ်ယောက်က အချဉ်ထုတ်ထဲက မရမ်းပြားကို တမင်တကာ အသံမြည်အောင် စားရင်း ခပ်တုံးတုံး ခပ်အအ မိန်းမတစ်ယောက်ပုံစံမျိုးနှင့် ပြောလိုက်သည်ကို မြနှင်း ကြိတ်ပြုံးလိုက်မိသည်။

“ငါတော့ သူများတွေ ရှာဖွေ ဖော်ထုတ်ပြီးသားအရာတွေကို ပြန်အသုံးချရတဲ့ အလုပ်တွေ လုပ်ရတာထက်၊ ဘယ်သူမှ ရှာဖွေမတွေ့သေးတာတွေကို ရှာဖွေရတဲ့ ရီဆာခ်ျ အလုပ်တွေ လုပ်ချင်တယ်။ ငါတို့တိုင်းပြည်မှာလည်း ဒါမျိုးတွေ နည်းနေသေးတော့ ငါ့အတွက် ဘယ်တော့မှ ဖြစ်လာမယ်မထင်ပါဘူးဟာ ”မြနှင်း အားငယ်စွာ ပြောလိုက်မိသည်။

ထိုအချိန်တွင် မြနှင်းတို့ စကားပြောနေသော ရေမြောင်းဘောင်ရှေ့က လမ်းထဲကို ကားဖြူလေးတစ်စင်း ဖြတ်မောင်းလာသည်။ ကားပြူတင်းပေါက်မှ ရေခဲစက်ပိုင်ရှင်သမီး ဖြူဖြူချောချော၊ ကလျာ၏ မျက်နှာလေးက ပေါ်လာသည်။

“ဆန်းသစ်.. အားလား.. တို့နဲ့ ခဏလိုက်ခဲ့”

ရေမြောင်းဘောင်ပေါ်မှ ဖျတ်ကနဲခုန်ဆင်းပြီး ငါ ခဏလိုက်သွားလိုက်ဦးမယ်ဟု ပြောကာ ကားဖြူဖြူလေးပေါ် ပါသွားသော ဆန်းသစ်ကို ငေးကြည့်နေသော မြနှင်းကို သူငယ်ချင်းမ များက မသိမသာ စောင်းငဲ့ကြည့်လိုက်ကြသည်။

“ယောင်္ကျားတွေက ရုပ်ချောချောလှလှ၊ အသားဖြူ မ တွေကိုမှ ဘာလို့ကြိုက်တာလဲဟင်.. ”

“ဆိုင်ပါဘူးဟာ၊ ဖြူတိုင်းမှ မလှတာ”

“နင်တို့ မိန်းကလေးတွေလည်း ချောတဲ့လှတဲ့ ကောင်တွေကိုမှ ကြိုက်တာမဟုတ်ဘူးလား”
အောင်ဝင်းတို့ ယောင်္ကျားလေးအုပ်စုက မခံနိုင်စွာဝင်ပြောသည်။

“မဟုတ်၊ ငါတို့က နည်းနည်းပါးပါးကြည့်ပျော်ရှုပျော်ရှိတယ်ဆိုရင်၊ ယောင်္ကျားပီသတယ်ဆိုရင် ပြီးတာပဲ။ အဓိက က စိတ်သဘော တည်ကြည်ဖြောင့်မတ်ပြီး၊ ကြင်နာတတ်တဲ့၊ မိသားစုစိတ်ဓာတ်ရှိတဲ့ ယောင်္ကျားတွေက ပိုတန်ဘိုးရှိတာ။ ရုပ်ချောပြီး မကြင်နာဘူး၊ အတ္တကြီးနေရင် ဘာသွားလုပ်ရမှာလဲ”

“အင်.. နင်တို့ မိန်းမတွေက လူလည်မတွေပဲ”

သူငယ်ချင်းတွေ တစ်ယောက်တစ်ပေါက် ပြောနေသည်ကို မြနှင်း နားထောင်ရင်း အခြေမလှ၊ လူပြမလှတဲ့ ငါးသည်မ တစ်ဦး၏ ဈေးတွင်းက ပုံရိပ်တစ်ခုကိုပဲ မြင်ယောင်နေမိသည်။

****

ထိုနေ့က မိုးတွေရွာနေသည်။ မြနှင်း ကျောင်းဝင်းထဲမှ ကားဂိတ်ထိ ထီးဆောင်းပြီး လမ်းလျှောက်လာနေသည်။ နွေးထွေးသော မိုးစက်တွေက ကဗျာဆန်လွန်းနေသည်။ လွတ်အိတ်ထဲမှာ မဆန့်တော့၍ လက်ထဲမှာ ပိုက်ထားသော စာအုပ်နှစ်အုပ်ရယ်၊ ထီးတစ်ချောင်းရယ်နှင့် လေပြင်းအောက်မှာ မြနှင်းလျှောက်လာနေသည်။

“ဟဲ့ မြနှင်း”
အသံကြားလို့ နောက်လှည့်ကြည့်လိုက်တော့ မြနှင်းနောက်ကို အပြေးတပိုင်း လိုက်လာသော မိုးစိုနေသော ဆန်းသစ်။

“ငါ.. နင်နဲ့ အိမ်ပြန်လိုက်မယ်၊ ရမလား။”

“ရပါတယ်ဟာ.. ရော့”

အံ့သြစိတ်နဲ့ ဘာမှ ပြန်မမေးတော့ဘဲ၊ လက်ထဲက ထီးကို ပေးလိုက်တော့ ဆန်းသစ်လက်နှင့် မြနှင်းလက် မသိမသာ ထိသွားသည်။ စာအုပ်တွေကို ရင်မှာပိုက်ပြီး ခေါင်းငုံ့လမ်းလျှောက်နေသော မြနှင်း၊ တဒိတ်ဒိတ်ခုန်နေသော နှလုံးသားကို ပြန်ကျိန်ဆဲနေမိသည်။ အမှန်ဆို မြနှင်း ပျော်နေသင့်သည်။ ရင်ခုန်နေသည်မှန်သော်လည်း မြနှင်း မပျော်။ မြနှင်း စိတ်ရှုပ်စွာ ရင်ခုန်နေခြင်းသာ။

“လာ .. ဟိုဘက်လမ်းကူးရအောင်”

ရုတ်တရက် လမ်းကူးလိုက်သော ဆန်းသစ်ကို အမှီလိုက်ရန် ပလက်ဖောင်းပေါ်က အဆင်း မည်သို့ဖြစ်သွားသည်မသိ၊ မြနှင်းလက်ထဲက စာအုပ်တွေက ပြုတ်ကျသွားသည်။ ဆန်းသစ်က ကူကောက်ပေးစဉ် စာအုပ်ကြားထဲက စွယ်တော်ရွက်လေး နှစ်ရွက်က ထွက်ကြလာသည်။ ထွက်ကျလာသော စွယ်တော်ရွက်လေးများကို ဆန်းသစ်ကောက်ယူကြည့်လိုက်သည်။

“တိုးတိုက် ခိုက်မိ
စိုးကြိုက်မိသူ ကျွန်မ
အပြစ်ရှိရပြီပေါ့... မောင်.. ”

“ဂုဏ်နိမ့်သူမို့
အောက်မကြို့ချင်ပေမယ့်
ကျွန်မရဲ့ အလွမ်းနေ့တွေကိုတော့
အလှမ်းသင့်သလိုလေး
မောင်…
ကမ်းလင့်ကောင်းပါရဲ့”

စွယ်တော်ရွက်လေးတွေကို ကိုင်ပြီး ရှည်လျားနက်မှောင်တဲ့ မျက်တောင်နက်တွေ ၀ိုင်းရံထားတဲ့ မြနှင်း မျက်ဝန်းတွေထဲ ဆန်းသစ်က စိုက်ကြည့်နေသည်။ ဆန်းသစ်နှင့် မြနှင်း တစ်ဦးနှင့် တစ်ဦး အချိန်တော်တော်ကြာ ကြည့်နေမိကြသည်။


“ငါ ကဗျာအရူးထပြီး ရေးထားတာလေးတွေပါဟာ”

အပြုံးချိုချိုလေးနှင့် ခေါင်းလေးကို ငဲ့ပြီး၊ ဆန်းသစ်ကို မော့ကြည့်ပြောလိုက်သည့် မြနှင်းပုံစံက လိုအပ်သည်ထက် ပိုပြီး နွဲ့သွားသည်ကို မြနှင်း ဘာသာ သတိပြုမိပြီး ကိုယ့်ကိုကိုယ် စိတ်တိုလိုက်မိသေးသည်။ ထိုနေ့က မိုးငွေ့တွေ ဝေ့နေသော လိုင်းကားထဲမှာ အတူယှဉ်တွဲထိုင်ရင်း လက်မောင်းချင်း ထိနေသည့် တစ်လျောက်လုံး မြနှင်း တစ်ကိုယ်လုံး အဖျားတက်သလို ဖြစ်နေခဲ့သည်။ ထိုနေ့က မိုးညိုတွေက အရင်နေ့တွေကထက် ပိုပြီး အနုပညာဆန်နေသလိုလို၊ ထိုညကလဲ အရင် ညတွေကထက် ပိုပြီး လှပနေသလိုလို၊ မြနှင်းရဲ့ ခေါင်းအုံးကလေးကလဲ ထိုညကပိုပြီး မွှေးပျံ့နေသလိုလို...

ဆက်ရန်... (တစ်ကယ်ဆက်ပါမယ် :D)


comments from ainchannmyay.com

မအိမ့်ချမ်းမြေ့ဝတ္ထု နောက်ဆုံးက ကဗျာက တော်တော်လေး ကောင်းတယ်ဗျာ။ နောက်ထပ်ဆက်ရန်တွေကို မျှော်နေမယ်ဗျို့။
Comment by ကိုအောင်(ပျူနိုင်ငံ) — January 28, 2009 @ 4:49 pm

တကယ်ဆက်နော် အားလုံးဖတ်ပြီးမှ ဘယ်ဇာတ်ကောင်ကိုကြိုက်လဲပြောမှာ
အခုတော့ ဆက်ဖတ်ချင်နေတာပဲသိတယ်
Comment by မွန် — January 28, 2009 @ 5:42 pm

ဖတ်ပြီးပါပြီ… တကယ်ဆက်ပါ.. အဟုတ်ဆက်ပါရှန်….
Comment by sin dan lar — January 28, 2009 @ 5:57 pm

တိုးတိုက် ခိုက်မိ
စိုးကြိုက်မိသူ ကျွန်မ
အပြစ်ရှိရပြီပေါ့… မောင်.. ”

“ဂုဏ်နိမ့်သူမို့
အောက်မကြို့ချင်ပေမယ့်
ကျွန်မရဲ့ အလွမ်းနေ့တွေကိုတော့
အလှမ်းသင့်သလိုလေး
မောင်…
ကမ်းလင့်ကောင်းပါရဲ့”
မဂျီးရေဒီကဗျာလေးကအရမ်းကောင်းတယ်..
မဂျီးကလုပ်ပြီ..ဆက်ရန်တဲ့..ဆက်တငန့်ငန့်ကျန်နေတယ်….
ကောင်းခန်းရောက်နေပြီ…စောင့်နေပါသည်။
Comment by ဒေါင်းမင်း — January 28, 2009 @ 6:48 pm

မလေးရေ တကယ်ဆက်ပါ….
Comment by ပုံရိပ် — January 28, 2009 @ 8:05 pm

အသားဖြူမှ ကြိုက်တယ်လို့ သိလိုက်ရတယ်။
ဒါဆို တို့တော့ ပွပြီ ဟိ ဟိ
Comment by mydiary — January 28, 2009 @ 10:06 pm 7.

မလေးတို့ ကတော့ ရေးလိုက်ရင်တကယ့်ကိုထိတာတွေကြီးပဲ…
လည်တဆန့်ဆန့်နဲ့ မျှော်နေပါတယ်… မြန်မြန်ဆက်ပါဦးနော်
Comment by Phu Phu — January 29, 2009 @ 12:18 am

အတ္တကင်းတဲ့ ကောင်းကင် ကဗျာကို အရင်ဖတ်သွားတယ် ..။
ကျန်တဲ့ပို့စ်လေးတွေလည်း အနည်းငယ် ဖတ်သွား၏ ။
ပို့စ်ကောင်းတွေပါ .. အခုမှ ရောက်လို့ ဖတ်ဖြစ်ပေမယ့်
အိမ်လေးကို ကြိုက်သွားတယ် ..။
ဆက်လက် အားပေးနေမယ် ..။
Comment by idulize — January 29, 2009 @ 7:34 am

Please continue…that’s an order.
Just kidding!!
Ain Shin Ma
Comment by lynda — January 29, 2009 @ 9:46 am

ဟိုဟာလေ..
စိတ်တော့ မပူကြပါနဲ့… ဒီနေ့က လူကလဲဖျားချင်ချင်၊ မိုးကရွာ၊ လမ်းတွေကလဲချော၊ သီချင်းကလဲနဲနဲပိုကျယ်၊ အရှိန်ကလဲ နဲနဲများပြီး…
အဲ.. အဲဒါကြောင့်..
နဲနဲပါ.. ညာဘက်ဘောနက်ကြေသွားတယ်၊ မီးလုံးတွေကွဲသွားတယ်၊ လေအိတ်တော့ မပွင့်ပါဘူး။ လူကတော့ ကောင်းပါတယ် (ထင်တယ်) :D
နေကောင်းရင်တော့ ၀တ္ထုဆက်ပါမယ်.. အော်.. ၀ါသနာဝါသနာ.. (မနက်ဖြန် ဘောစ်က ရုံးမတက်နဲ့ နားနေတဲ့) အတော်ပဲ ပိုစ်ရေးလို့ရတယ်.. ပျော်လိုက်တာ..
normally တော့.. ဒါမျိုးဆို နှုတ်ဆိတ်ငြိမ်နေပေမယ့် ကျမကိုချစ်သော၊ ကျမကလဲချစ်သော စာရေးဖော်၊ စာဖတ်ဖော်/သူ များ မျှော်နေမှာစိုးလို့ပါ..
Comment by မလေး — January 30, 2009 @ 12:27 am


ဟင် ပို့စ်မတင်ပုံထောက်တော့ လူကမအိုကေဘူးထင်တယ် စိတ်ပူတယ် ရု့းမတက်ချင်တာနဲ့တော့ ဝင်ဝင်မကျုံးပါနဲ့ မလေးရယ်
Comment by မွန် — January 30, 2009 @ 9:07 am

ဒီလိုလုပ်နည်းလေး မှတ်သားလောက်ပါတယ် အီး ဒါပေမဲ့ ခဏခဏ စမ်းရရင်တော့ မလွယ်ဘူး မမွန် ဒီဒက်ရှင်း ၅၀၀ တော့ ပလုံ..
မလေး ရုံးနားမှာ အိမ်ဈေးကျနေတုံး အိမ်တလုံးထပ်ဝယ်လိုက်..ဟီး. လူအူမန်ဆုံးအိုကေပါစေ …
Comment by ၁၈၂ — January 30, 2009 @ 6:18 pm

အော်… မွန်ကော တရာရှစ်ဆယ့်နှစ်ကော… ကြင်နာတတ်လိုက်လေခြင်း :P
Comment by မလေး — January 30, 2009 @ 6:53 pm

ဆန်းသစ် က မြနှင်း ကဗျာလေးဖတ်ပြီး ဘယ်လိုများတွေးမှာပါလိမ့် ကျနော်သာဆိုရင်…………………:P
Comment by မောင်မျိုး — February 3, 2009 @ 12:39 am

ဂုဏ်မက်သူ

“အောက်အီးအီး.. အွတ်”

ခပ်ဝေးဝေးက ကြက်တွန်သံကို အိပ်ချင်မူးတူးနှင့် မြနှင်း နားစွင့်ရင်း တစ်ပတ်နွမ်းစောင်ကလေးကို ပုခုံးအထိ ဆွဲပြီး ခြုံလိုက်သည်။ ညက ညနက်သည်ထိ စာဖတ်ထား၍ မြနှင်းခေါင်းက တစစ်စစ်ကိုက်နေသည်။ အိမ်နောက်ဖေးမှာ အမေ့၏ တစ်နေ့တာ ပြင်ဆင်နေသည့် အသံများကို ကြားနေရသည်။

“မြနှင်း ထတော့လေ…”
“ဟဲ့ မြနှင်း.. ထတော့”

“အင်းပါ အမေရဲ့၊ ထပါပြီ”

အိပ်ချင်မူးတူးနှင့် အောက်နောက်ဖေးရေတိုင်ကီဘက်သို့ ထွက်လာခဲ့သည်။ ရေတိုင်ကီအပြတ်ထဲက ရေမျက်နှာပြင်ပေါ်မှာ အမှိုက်စလေးတွေနှင့် ပိုးလောက်လန်းလေးတွေကိုမြင်နေရသည်။ နှုတ်ခမ်းပဲ့နေသော ရေဖလားနှင့် ရေမျက်နှာပြင်ကို အမှိုက်သရိုက်ကင်းသွားအောင် ပွတ်ပြီး ရေခတ်လိုက်သည်။ ပြီးတော့ ထမီစကိုသိမ်း၊ ဆောင့်ဆောင့်ထိုင်ရင်း ဖွာလန်ကြဲနေပြီဖြစ်သော သွားပွတ်တံပေါ်ကို သွားတိုက်ဆေးတင်ပြီး သွားကို နာနာဖိတိုက်လိုက်သည်။ ပလုတ်ကျင်းအပြီး ရေအေးအေးနှင့် မျက်နှာကို သစ်လိုက်တော့ တစစ်စစ်ကိုက်နေသော ခေါင်းက အနည်းငယ်သက်သာသွားသယောင်ရှိသည်။ ပြီးတော့ အမေအစောကြီး ငါးဒိုင်က သွားယူထားပြီးသော ငါးတောင်းကို ခေါင်းပေါ်ရွက်ပြီး အိမ်နှင့်ကပ်နေသော ရပ်ကွက်ဈေးထဲသို့ မြနှင်း ထွက်လာခဲ့သည်။


ဈေးထဲရောက်တော့ နေရောင်ခြည်က ခပ်ဖျော့ဖျော့ ထိုးကျလာနေပြီ။ ဓနိမိုး ထရံကာ ဈေးတဲအတွင်းမှာ ပစ္စည်းတွေကို နေရာချအပြီး မြနှင်း ငုတ်တုပ်ထိုင်ရင်း ဈေးဝယ်သူများကို စောင့်နေလိုက်သည်။ သည်အချိန်ဆို အမေ အိမ်မှာ ချက်စရာ၊ ပြုတ်စရာများကို ချက်ပြုတ်နေလိမ့်မည်။ အမေ ထမင်းဟင်းချက်ပြီး မြနှင်း ထံလာမှ မြနှင်း အိမ်ပြန်၊ ရေမိုးချိုး၊ ထမင်းစားပြီး လှိုင်ကောလိပ်ကျောင်းသို့ သွားဖို့ ပြင်ဆင်ရမည်။ အချိန်ရလျှင် ညက တွက်လို့မရသော သင်္ချာ တစ်ပုဒ်ကို ပြန်တွက်ကြည့်ရဦးမည်။

“ငါးတွေဟေ့.. လတ်လတ်ဆတ်ဆတ် ငါးတွေနော်…”

ဝိုင်းအုံလာသော ယင်ကောင်များကို အနားလန်နေသော ယပ်တောင်တစ်ချောင်းနှင့် ယပ်ခတ်ပြီး မြနှင်း အသံစာစာလေးနှင့် ဈေးခေါ်လိုက်သည်။

*********

အမေ ဈေးထဲရောက်လာတော့ မနက်ခြောက်နာရီကျော်၊ ခုနှစ်နာရီထိုးကားနီးပြီ။ အမေက သူ့အထက်ဆင်ထဲမှာ လိပ်ထားသော ငွေစက္ကူအချို့ကို ထုတ်ပြီး လက်ထဲသို့ ထည့်ပေးလိုက်သည်။ သူမ ငွေစက္ကူလိပ်လေးကို ကိုင်ပြီး ဈေးထိပ်နားက မုန့်ဟင်းခါးဆိုင်သို့ ထွက်လာခဲ့သည်။ မုန့်ဟင်းခါးဆိုင်မှာ လူကျနေသည်။ ထိုင်စရာနေရာတွေမှာ လူပြည့်နေ၍ ဆိုင်ဘေးမှာ မတ်တပ်ရပ်ပြီး လူတွေစားနေကြသည်။ မြနှင်းလည်း မုန့်ဟင်းခါးတစ်ပွဲမှာပြီး ဆိုင်ဘေးမှာ မတ်တပ်ရပ်ပြီး စားနေလိုက်သည်။ မြေနီလမ်းကလေးက နံနက်ခင်းနေရောင်အောက်မှာ စတင်အသက်ဝင်လာနေပြီ။ မြေနီလမ်းကလေး၏ ထိပ်မှ လူရိပ်တစ်ခု မုန့်ဟင်းခါးဆိုင်ဘက်သို့ လှမ်းလျှောက်လာနေသည်ကို အဝေးက မြနှင်း လှမ်းမြင်နေရသည်။

သူ ….

မြနှင်းရင်ထဲက အသံက လည်ပင်းမှ တဆင့် မြနှင်း ၏မုန့်ဟင်းခါး ပန်းကန်ထဲအထိ ခုန်ဆင်းလာတော့မယောင်။ သူ့အမည်က ဆန်းသစ်။ ဆန်းသစ်က မြနှင်းတို့နှင့် တစ်ရပ်ကွက်ထဲနေထိုင်သူ၊ မြနှင်းလိုပဲ လှိုင်တက္ကသိုလ်မှာ ကျောင်းတတ်နေပေမယ့် မြနှင်းတို့က မေဂျာတော့ မတူ။ အရပ်ရှည်ရှည်၊ အသားညိုညိုနှင့် မြနှင်းမျက်စိထဲတွင် အလွန်ကြည့်ကောင်းသော၊ မြနှင်းတို့ ရပ်ကွက်ထဲသို့ မကြာသေးမှီက ပြောင်းလာသော၊ သည် ဆန်းသစ်ကိုတွေ့တိုင်း ဘာကြောင့်မှန်းမသိ မြနှင်း ရင်မှာ အသက်ရှုမ၀သလိုလို၊ ရှက်သလိုလိုဖြစ်နေတတ်သော်လည်း ဆန်းသစ် ကတော့ သူမလို ငါးသယ်မလေးကို ဂရုတောင် ပြုမိသည့်ပုံမပေါ်။

မြနှင်းလိုပဲ မတ်တပ်ရပ်စားနေသော လူအုပ်ထဲမှာ မတ်တပ်ရပ်ရင်း ဆန်းသစ်လဲ မုန့်ဟင်းခါးမှာစားနေသည်။ နံနက်အစောကြီးပေမယ့် ရှင်းသန့်နေသော သူ့ပုံစံကို မြနှင်း ခိုးကြည့်နေမိသည်။ နဖူးပေါ်မှာ ၀ဲကျနေသော ဆံပင်တွေကြားထဲ တိုးဝင်နေသော နေရောင်နုနုလေးတွေကတောင် ကဗျာဆန်နေသလိုလို။ စားနေသော မုန့်ဟင်းခါးထဲ စိတ်မရောက်တော့သော မြနှင်း မြေနီလမ်းကြားထဲမှ ထွက်လာသော ကားတစ်စင်းကို လှမ်းတွေ့လိုက်ရသည်။ ကားနောက်ခန်းထဲမှာ ပြောင်လက်တောက်ပသော အ၀တ်အစားတွေနှင့် မိန်းကလေးတစ်ယောက်။ မုန့်ဟင်းခါးဆိုင်က ရွယ်တူကောင်လေးတွေသာမက၊ လူကြီးတွေပါ ဝေးသွားသော ကားလေးကို လှမ်းကြည့်နေကြသည်။ မြနှင်း ဆန်းသစ်ကို လှမ်းကြည့်လိုက်မိသည်။ ကားနောက်ပိုင်းကိုကြည့်နေသော ဆန်းသစ်၏ နှုတ်ခမ်းထောင့်မှာလဲ အပြုံးစလေးတစ်စ။ မြနှင်း ခေါင်းကို ငုံ့ချလိုက်မိသည်။ ဆေးရောင်မတင်ထားသော မြနှင်း ခြေသည်းတွေ၊ ခြေဖမိုးတွေက ရှင်းသန့်နေပါသည်။ မြနှင်းမှာလဲ လှပသန်မာသော ဆံနွယ်တွေရှိပါသည်။ ငယ်ငယ်ကတည်းက အလုပ်ကြမ်းလုပ်ခဲ့ရ၍ လေ့ကျင်းခန်းလုပ်စရာမလိုသော မြနှင်း ကိုယ်ခနာက သာမန်မိန်းကလေးတွေထက် အနည်းငယ်အရပ်ပိုရှည်ပြီး အချိုးကျစွာလှပပါသည်။

အို.. ငါဘာတွေ တွေးနေမိတာလဲ…

မြနှင်း ကိုယ့်ကိုကိုယ် ဖျတ်ကနဲသတိရလိုက်မိပြီး ခပ်ယဲ့ယဲ့ တစ်ချက်ပြုံးလိုက်မိကာ လက်ထဲက ငွေစက္ကုလိပ်ကို ဆိုင်ရှင်အားလှမ်းပေးလိုက်ပြီး ထိုနေရာမှ လှည့်ထွက်လာခဲ့သည်။ ဆိုင်လေးမှ လှည့်မထွက်ခင် ဆန်းသစ်ကို တစ်ချက်တော့ ကြည့်ဖြစ်အောင် ကြည့်လိုက်သေးသည်။ ဆန်းသစ်ကတော့ မုန့်ဟင်းခါးကိုသာ ငုံ့ပြီးစားနေသည်။

*********

“ငါးတွေရမယ်နော်… လတ်လတ်ဆတ်ဆတ်ငါးတွေ”

ပုခုံးပေါ်မှ ပုဆိုးစုတ်တစ်ထည်ဖြင့် ငါးများကို ယပ်ရင်း ဆိုင်ရှေ့မှာ လာရပ်သော လူရိပ်ကြောင့် မြနှင်း မော့ကြည့်လိုက်သည်။ မြနှင်းဆိုင်ရှေ့မှာ ဟန်ပါပါရပ်နေသူက ဆန်းသစ်၏ မိခင်။

“အန်တီ ဒါ ငါးကျည်း၊ ဒါ ငါးခူ၊ ဘာယူမလဲအန်တီ”

“ငါးမြစ်ချင်းပဲယူမယ်၊ သားက ကျန်တဲ့ငါးမစားဘူး”

“ဟုတ်ကဲ့၊ ဘယ်လောက်သားလဲအန်တီ”

“ဒီတစ်ကောင်ယူသွားမယ်၊ တစ်ခါတည်းခုတ်ပေးနော်..”

“စိတ်ချပါအန်တီ”

ဆန်းသစ်မိခင်ရွေးလိုက်သော ငါးကို သေသေချာချာ ခုတ်ထစ်ပြီး ကျွတ်ကျွတ်အိပ်နှင့် ထည့်ပေးလိုက်သည်။ ဆန်းသစ် အတွက်ဟု ဆို၍ ၀မ်းဗိုက်သား အဆစ်တစ်တုံးပါ ထည့်ပေးလိုက်မိသည်။ တရွေ့ရွေ့ထွက်သွားသော ဆန်းသစ် မိခင်ကို ကြည့်ပြီး မြနှင်း သူမ လက်တွေကို ဖြန့်ကြည့်နေမိသည်။

*********

ကုက္ကိုလ်ပင်ကြီးအောက်က ကင်တင်းထဲမှာ လူအနည်းငယ်ကျနေသည်။ ညနေခင်း နောက်ဆုံးတန်းကိုလွှတ်ပြီး မြနှင်းနှင့် သူငယ်ချင်းအချို့ ကင်တင်းမှာ ခေတ္တအချိန်ဖြုန်းနေကြသည်။ ကင်တင်းရှေ့မှာလည်း ကျောင်းသူ၊ကျောင်းသားတွေ၊ စုံတွဲလေးတွေ ဥဒဟို သွားလာနေကြသည်။ မြနှင်း တို့ထိုင်နေသော ကင်တင်းထဲသို့ စုံတွဲလေး တစ်တွဲဝင်လာသည်။

သြော်… ဆန်းသစ်

နှုတ်က ယောင်ယမ်းမထွက်မိအောင် အောက်နှုတ်ခမ်းကို မသိမသာ ကိုက်ထားလိုက်သည်။ ပြီးတော့ လုပ်မိလုပ်ရာ ရှေ့က သူငယ်ချင်း၏ ရေနွေးခွက်ထဲက ရေနွေးတွေကို ယူသောက်လိုက်မိသည်။ သူငယ်ချင်းက မျက်လုံးပြူးပြီး မြနှင်းကို ကြည့်နေသည်။ နောက်သူငယ်ချင်းတစ်ယောက်ကတော့ ခပ်လှမ်းလှမ်း စားပွဲတွင်ဝင်ထိုင်လိုက်သော ဆန်းသစ်တို့ စုံတွဲကို တစ်ချက်ကြည့်ပြီး ပါးစပ်ကို မသိမသာ မဲ့ပြသည်။
ဆန်းသစ်ဘေးက မိန်းကလေးကို မြနှင်း မသိမသာ ကြည့်နေမိသည်။ မိန်းကလေးကိုယ်ပေါ်က အ၀တ်အစားမျိုးတွေက မြနှင်းဒီတစ်သက် ဘယ်တော့မှ ၀တ်နိုင်မည့် အ၀တ်အစားတွေမဟုတ်။ မြနှင်းကိုယ်ပေါ်က ချည်ထည်အကျီ င်္လေးက မျက်နှာငယ်နေသယောင်။ မိန်းကလေး၏ လက်ချောင်းတွေက ဖြူဖွေးရှည်လျားသွယ်ပြောင်းနေသည်။ လက်ချောင်းတွေပေါ်မှာလဲ အဖိုးတန်လက်စွပ်တွေ။ မြနှင်း သူ့လက်များကို စားပွဲပေါ်တင်ပြီး ကြည့်လိုက်မိသည်။ ညိုသွယ်နေသောသူ့လက်များက ငါးညှီနံ့တွေများ စွဲနေလောက်ပြီလားဟု တွေးလိုက်မိသည်။ ထမီရှည်ရှည်ဝတ်တတ်သော မြနှင်း၊ မိန်းကလေး၏ ခြေသလုံးသားဖြူဖြူအောက်က အလွန်တရာ လှပနိုင်လွန်းသော ခုံမြင့်ဖိနပ်ကို ငေးကြည့်နေမိသည်။ မိန်းကလေးကို ခြေမကိုင်မိ၊ လက်မကိုင်မိလောက်အောင် ပျာယာခတ်ပြုစုနေသော ဆန်းသစ်ကိုလဲ မြနှင်းအံ့သြစွာကြည့်နေမိသည်။

“မြနှင်း ဘာဖြစ်နေတာလဲ”

“အသည်းကွဲနေတာဖြစ်မှာပေါ့”

“အဲဒီလူက ဘယ်သူလဲ”

“သူတို့လမ်းထဲက၊ Chemistry မေဂျာက .. တွဲလိုက်ရင်လဲ ဒိတ်ဒိတ်ကြဲတွေမှ တွဲတာ၊ ခု.. သူ့ဘေးကဟာက ဦးမောင်မောင်ကြီးရဲ့ သမီး”

“ဦးမောင်မောင်ကြီးဆိုတာ ဘယ်သူလဲ”

“ဦးမောင်မောင်ကြီးကိုတောင် နင်မသိဘူး.. ဟုတ်လား”

“မသိဘူး၊ ဘယ်သူလဲ”

“အေး … ဦးမောင်မောင်ကြီးဆိုတာ… ခွိ၊ ငါလဲမသိဘူးဟ”

“ဟာ.. နင်တို့ကလဲ၊ တော်ပါတော့”

မြနှင်း စိတ်ညစ်ညစ်နှင့် အပြန်အလှန်ပြောနေသော သူငယ်ချင်းမ များကို တစ်ချက်ဟောက်လိုက်ပြီး လွယ်အိတ်ထဲက စာအုပ်နှင့် ဘောပင်ကို ထုတ်လိုက်သည်။

“ဘာလုပ်မလို့လဲ”

သူငယ်ချင်းတွေအမေးကို ဂရုမစိုက်ဘဲ စာအုပ်ပေါ်တွင် ချရေးလိုက်သည်။

“ပြစမ်း”

နှစ်ကြောင်းခန့်ပဲ ရေးရသေးသည်။ မြနှင်းဘေးက သူငယ်ချင်းမက ဖျတ်ကနဲဆွဲယူပြီး နှုတ်မှဖွင့်ဖတ်လိုက်သည်။

“မောင်ရယ်…
ဂုဏ်မက်တဲ့ မောင့်လို ယောင်္ကျား
ငါးသယ်မ ဘ၀၊ လူပြ မလှတဲ့
ကျမ ကိုလေ ….”

“ပေးဟာ၊ ပေးဟာ.. နင်တို့တွေ..”

မြနှင်း ပြန်လုသည်ကို မပေးဘဲ လက်ကိုမြှောက်ထားရင်း ရယ်မောနေကြသော သူငယ်ချင်းများ၏ ကျယ်ကျယ်လောင်လောင် အသံများကြောင့် မြနှင်းတို့ ၀ိုင်းဘက်ကို ဆန်းသစ် ဖျတ်ကနဲ တစ်ချက်လှည့်ကြည့်လာသည်။ ခေါင်းကို ငုံ့ပစ်လိုက်ရင်း မည်းနက်သန်မာသော ဆံပင်များနှင့် မြနှင်း ကိုယ့်ကိုကိုယ် အကာအကွယ်ယူလိုက်သည်။

(ဆက်ရန်…)
အိပ်ငိုက်လို့ အိပ်ပြီနော်.. :D

အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှ ကော့မန့်များ
အန်မဂျီးကတော့လုပ်ပြီကောင်းခန်းရောက်နေမှ….
အိပ်စေဗျာ..မဂျီးအိပ်ယာနိုးဆက်ရေးအုံးနော်..စောင့်မျှော်နေပါတယ်
Comment by ဒေါင်းမင်း — January 28, 2009 @ 2:21 am

ဆက်ပါတော့ဗျို့ ဖတ်ကောင်းနေမှ မီးပျက်တယ် လူဆိုးးး
Comment by မွန် — January 28, 2009 @ 4:02 am

အာာာာာာာာာာ…………… မမကတော့ လုပ်ပြီး ဖတ်လို့ကောင်းတုန်း ဆန့်တငင်ငင် ဖြစ်အောင်လုပ်ပြီး မမလဲ မြ၀တီရုပ်မြင်သံကြားနဲ့ တူတူပဲ ။ မမနာမည် ကို ကျွန်တော်ပြန်ပြင်ထားပေးတယ်နော့ ကျွန်တော်ဘာလော့စပေါ့မှာ ။ မြန်မြန်လေးတော့ ဆက်ရေးပါနော့ ဆက်ရန်ကို ……………………………..
Comment by ဗညားရှိန် — January 28, 2009 @ 5:27 am

ဆက်ရန်တွေ လုပ်ပြန်ပြီလား။
ပြီးအောင်လည်းရေးနော်
ဒါနဲ့ သီရေတာ ဘယ်ရောက်သွားတုန်း။
Comment by ပန်ဒိုရာ — January 28, 2009 @ 5:32 am

အိပ်ရာက နိုးနိုးချင်းဆက်ရေးပါရန်…..
Comment by sin dan lar — January 28, 2009 @ 6:45 am


ဒေါင်းမင်း.. ဆက်ရေးပါ့မယ်ကွယ်
မွန်… မီးပျက်တာဟုတ်ဖူးမွန်.. မုဒ်ပျက်တာ.. :D
ဗညားရှိန်.. နာမယ်ပြင်ပေးလို့ ကျေးဇူးပါ မောင်လေးရေ..
ပန်ဒိုရာ.. မပန်.. ဒီတစ်ပုဒ်တော့ ပြီးမယ်ထင်ပါတယ်.. :D သီရေတာက ရေးထားပြီးသား မတင်ရဲလို့.. နောက် သီရေတာဆို ဂျစ်ကို သတိရတယ်း(
sin dan lar .. ခုနိုးနိုးချင်းဆက်ရေးမလို့ flow မလာဘူး၊ အဲဒါဘယ်လိုလုပ်ရပါ့
Comment by မလေး — January 28, 2009 @ 11:57 am |

အရမ်းကောင်းတဲ့ ၀တ္ထုလေး တစ်ပုဒ်ရယ့် ဆက်ရန်ကို မျှော်နေမယ် ဗျို့။
Comment by ကိုအောင်(ပျူနိုင်ငံ) — January 28, 2009 @ 12:38 pm |

It’s very interesting!
Comment by Thawwda — January 29, 2009 @ 9:19 pm

အစဆုံးဖတ်မလို့ဆိုတာ ကျနော့် အစ်မက ကိုယ်ယောင်လာပြသွားတော့ ပစ်ထားတယ် ထင်မှာစိုးလို့ ။ ရင်ခုန်တက်စ ငါးရောင်းတဲ့ ကောင်မလေး မြနှင်းအကြောင်း ဆက်ဖတ်လိုက်အုံးမယ် ဒါနဲ့ ကောင်မလေးတွေလည်း ကိုယ်ကြိုက်တဲ့ ကောင်လေးတွေကို ခိုးခိုးကြည့်တက်တယ်လား သိသွားပြီး :P
Comment by မောင်မျိုး — February 3, 2009 @ 12:19 am

Tuesday, January 27, 2009

မြူနှင်းကြားကဗင်ကူးဗား



အရွက်မဲ့သစ်ပင်တွေ တန်းစီနေတဲ့ မြူဖုံးသောလမ်းလေးတွေကို ဓာတ်ပုံမရိုက်ဖြစ်သေးလို့ ကြည့်ချင်နေသော သူများတွက် ကျွန်မသူငယ်ချင်းပို့ပေးသော ကောင်းနိုးရာရာပုံလေးတွေ ဝေမျှလိုက်ပါတယ်ရှင်။

မြူတွေကြားထဲက မြို့လေးက မြူကန့်လန့်ကာနောက်မှာ မခို့တယို့နဲ့..
မြူလုံးဝအုပ်သွားတဲ့ မြို့ရဲ့ အချို့အပိုင်းတွေကို ဂွမ်းကပ်စောင်အောက်က ညမီးတွေလင်းနေသလို ဟိုတစ်ကွက် သည်တစ်ကွက် တွေ့ရပါလိမ့်မယ်..


အောက်ကပုံကတော့ ကမ်းမမြင်လမ်းမမြင်.. အဆုံးအစမဲ့တဲ့ တံတားကို ဖြတ်ရသလိုပါပဲ..



ဗင်ကူးဗားမြို့ကနေ မြောက်ဗင်ကူးဗားကိုသွားတဲ့ တံတားကို ထိပ်ပိုင်းလေးပဲ မြင်ရတော့တဲ့ပုံပါ။ မြို့ကို အပေါ်စီးက ခုလိုရိုက်ထားတဲ့ ပုံတွေကတော့ ဆိုက်ပရပ်စ် တောင်ပေါ်က ရိုက်ထားတာဖြစ်ပါတယ်။


ဒါကတော့ ခုနက ထိပ်ပိုင်းလေးပဲ မြင်ရတဲ့ ခြင်္သေနှစ်ကောင် တံတားကို အောက်က ပြန်ရိုက်ထားတာဖြစ်ပါတယ်ရှင်။


ရှေ့မှာမြင်ရတဲ့ ရေပြင်ကတော့ Burrard Inlet ဖြစ်ပါတယ်။ ဒီရေလက်ကြားဟာ လွန်ခဲ့တဲ့ice age တုန်းက ပေါ်ပေါက်လာတာလို့ ဆိုပါတယ်။ ခုမြင်နေရတဲ့ ဒီနေရာလေးက Stanley Park အစွန်အဖျားလေးဖြစ်ပါတယ်။ စတန်လီပန်းခြံဟာ မြောက်အမေရိကမှာ တတိယအကြီးဆုံး မြို့တွင်းပန်းခြံဖြစ်ပါတယ်တဲ့။ တစ်နှစ်ကို လူ ရှစ်သန်း အလည်အပတ်လာတယ်လို့ ဆိုပါတယ်။ seawall ကတင် ငါးမိုင်ခွဲရှည်လျားပါတယ်။ စကိတ်စီး၊ စက်ဘီးစီး လမ်းလျောက်လို့လဲကောင်းပါတယ်။ ကျွန်မတို့ ငယ်ငယ်တုန်းကတော့ ဒီတံတားနားမှာ သူငယ်ချင်းတွေ မောင်နှမတွေနဲ့ ညည လာလာထိုင်ကြပါတယ်။ ဒီခြင်္သေ့နှစ်ကောင် တံတားအောက်ကနေပြီး ကုန်တင်ကုန်ချတွက် ပင်လယ်ကူးသဘောင်္ကြီးတွေ၊ အပျော်စီးသဘောင်္ကြီးတွေ ဖြတ်တာကို လာလာထိုင်ကြည့်ကြတာပါ။ အဲဒီသဘာဝပန်းခြံထဲမှာ ပေ၂၅၀ထိ အမြင့်ရှိတဲ့ သစ်ပင်ကြီးတွေလဲ ပေါက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က လေပြင်းမုန်တိုင်းတိုက်တုန်းက သစ်ပင်တွေ တော်တော်လေးပါသွားတယ်။ မြူနီစပယ်က ငွေသုံးပြီး သစ်ပင်အကျိုးတွေ ရှင်းလင်းခုတ်ထွင်ရုံသာမက ပြန်စိုက်ဖို့ ငွေတွေထုတ်သုံးလို့ လူထုက သစ်ပင်နဲ့ ဆင်းရဲသားတွေ ဘယ်သူပိုအရေးကြီးလဲဆိုပြီး တစ်မြို့လုံး ဆူညံဆူညံ ဖြစ်လိုက်ကြပါသေးတယ်။

Monday, January 26, 2009

သံလွင်အိပ်မက် အတွဲ၃၊ အမှတ်၁



သံလွင်အိပ်မက် အတွဲသုံး၊ အမှတ်တစ် ထွက်ပါပြီရှင်…

ဒီတစ်ခါ ဆောင်းပါးတွေက တော်တော်စုံစုံလင်လင်နဲ့ စိတ်ဝင်စားစရာကောင်းလှပါတယ်။
နောက်ပြီး ၀တ္ထုတွေမှာ ပန်းချီလှလှလေးတွေနဲ့ သိပ်လှတာပဲ။ . ဘယ်သူဆွဲလဲတော့မသိ၊ တော်တော်လေး လှတယ်။
ကျွန်မ၀တ္ထုက ပန်းချီအရ ကျွန်မက ဂျင်းပင်နဲ့.. အဟွန်း။ ပန်းချီလေး တော်တော်လှတယ်။
ကျွန်မ ဒီတစ်ခါတော့ သူငယ်ချင်းတစ်ယောက် ဆိုတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ပဲ ရေးထားပါတယ်ရှင်။ ပေါ့ပေါ့ပါးပါး ရသတိုလေးပါ၊ အားပေးကြပါဦးရှင်။
ဆောင်းပါးတော့ နောက်အစ်ရှုးမှပဲ ရေးပါတော့မယ်။

Friday, January 23, 2009

နှုတ်နှင့်လက်

Hegelianism (all reality is capable of being expressed in rational categories)
Yield to fundamental attribution error
Psychological projection
Omissions
Common fallacy
Reluctant warriors
Innate characteristics
Self-deception
Yield to prejudices



Thursday, January 22, 2009

အမှတ်တယ

ဘလော့ဂါမောင်လေးတစ်ဦး၏ လက်ဆောင်ပါ။ ပထမတော့ အီးမေးလ်ထဲပဲသိမ်းမလို့ နောက်တော့ ပျောက်ပျက်မှာစိုးလို့ လူသိပ်မလာတဲ့ ဒီနေရာလေးမှာ လာသိမ်းထားတာပါ...

ဒါကတော့ နောက်မောင်လေးတစ်ယောက်ပေးထားတာပါ..







Wednesday, January 21, 2009

အတ္တကင်းတဲ့ကောင်းကင်



ရွှေဝါရောင်ကောင်းကင် …
ပတ္တမြားပြင် အနားသပ်ခင်းနဲ့
အတ္တကင်းတဲ့ ကောင်းကင်အောက်
တိမ်ဖြူတွေ အဆုပ်လိုက်ကောက်
တိမ်မျှင်ပေါက်တမ်း ကစားချင်တယ်…။

မြူခဲတွေကိုဖမ်းဆုပ်
အိုးပုတ်လုပ်တမ်းကစားရင်း
တိမ်ကမ္ဖလာခင်းပေါ် ခြေစမ်း
နွမ်းလျတဲ့ စိတ်တွေဖျောက်
အပျင်းပြေ လမ်းလျှောက်ချင်တယ်..။

ဒီလိုနဲ့ ..
ဒီဆောင်းမြူကို တိတ်တခိုး
ကြိတ်ပိုးလို့ မရိုး
ကိုယ်မြတ်နိုး နေမိပြီထင်တယ်..။

ခုတစ်လော ကျွန်မလက်ရှိနေနေတဲ့ မြို့လေးမှာ မြူတွေသိပ်သည်းစွာကျနေတာကို သူငယ်ချင်းတစ်ယောက်က ဓာတ်ပုံပို့ပေးလာတာနဲ့ ကဗျာတစ်ပုဒ် စပ်ဖြစ်လိုက်တာပါရှင်။ သိပ်မြင့်တဲ့ အဆောက်အဦးရဲ့ ထိပ်တွေကလွဲလို့ တစ်မြို့လုံး မြူအုပ်နေတာပါ။ မြို့ကို ဟိုးမြူတွေရဲ့ အောက်မှာတွေ့ရပါလိမ့်မယ်။ အပြာရောင်လေးနဲ့ ၀ိုင်းပြထားပါတယ်ရှင်။ ဒီပုံကိုကြည့်တိုင်း ကျွန်မ ဘယ်လောက်သေးလဲ ကိုယ့်ကိုကိုယ် တွေးမိလိုက်ပါတယ်။

အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှ ကော့မန့်များ

ဝိုး မြူတွေ လှလိုက်တာ :)
Comment by မောင်မျိုး — January 21, 2009 @ 6:08 pm
လှလိုက်တာဗျာ..တကယ်ပါပဲ ပုံလေးတော့ယူသွားတယ်
Comment by Upasaka — January 21, 2009 @ 7:10 pm

ကောင်းကင်ဘုံ နဲ့တူနေသလားလို့ ;)
Comment by ကိုသားငယ် — January 21, 2009 @ 9:23 pm

မဂျီးေ၇..ဟီးကျွန်တော်ကရေပြင်ကြီးမှတ်လို့ဟီးပုံလေးလှလို့မောင်လေးယူသွားပြီ
Comment by ဒေါင်မင်း — January 22, 2009 @ 12:14 am

အရမ်းကိုလှတယ်နော်… တကယ်ပဲ.. ပေါ်နေတဲ့အဆောက်အဦးတွေကလည်း တိမ်တွေပေါ်ဆောက်ထားတာကျနေတာပဲ…
Comment by Phu Phu — January 22, 2009 @ 1:21 am

ဟာ မထင်ရဘူး မလေးရယ်၊ လှိုင်းလုံးတွေလိုပဲ။ အေးစက်နေမှာပဲ။
ကောင်းကင်ဘုံကို ရောက်ဖူးတဲ့လူရှိတာ ခုမှပဲ တွေ့တော့တယ်။ မလေးနဲ့ နှစ်ယောက် အလည်သွားကြည့်ရအောင် :D
Comment by ayechanthu — January 22, 2009 @ 4:39 am

မောင်မျိုး၊ Upasaka၊ ကိုသားငယ်၊ ဒေါင်းမင်း၊ ပုပု၊ သိုးလေး ….
ပုံက ဟိုးတောင်ပေါ်က လှမ်းရိုက်ထားတာ၊ မြေပြင်ပေါ်မှာလဲ သိပ်လှတာပဲ.. အရမ်းကဗျာဆန်တာပဲ.. မြူတွေကြားက အရွက်မရှိတဲ့ သစ်ပင်တွေတန်းစီနေတဲ့ လမ်းလေးတွေဆိုတာ အရမ်းလှတာပဲ..
Comment by မလေး — January 22, 2009 @ 10:26 am

မဂျီးဒါဆိုအဲဒီပုံတွေမရှီဘူးလား…ကြည့်ချင်လို့…
Comment by ဒေါင်မင်း — January 22, 2009 @ 11:28 am

i think this picture look like country in the sea
Comment by shawngyi — January 23, 2009 @ 7:53 am


Tuesday, January 20, 2009

တစ်နေ့တော့

ဒီနေ့မနက်ခင်းက ကြည်လင်အေးမြ၊ စွတ်စိုနေတယ်။ နေရောင်ခြည်က မြူနှင်း ကန့်လန့်ကာကို ထိုးဖောက်ပြီး လမ်းတွေပေါ်ကို ကျလာနေတယ်။ သူမနေတဲ့ မြို့လေးနဲ့ သူမအလုပ်ရှိတဲ့ မြို့လေးကြားမှာ မြစ်တစ်ခုရှိတယ်။ အဲဒီမြစ်ကိုဖြတ်ဖို့ တံတား သုံးခုရှိတဲ့ အထဲက၊ သူမအလုပ်သွားရင် သုံးနေကြ တံတားက တနင်္ဂနွေနေ့က မီးလောင်သွားတယ်။ တံတားက နေရင်းထိုင်ရင်း မီးလောင်တာ အဲဒီတံတားအောက်မှာ ခိုနေလေ့ရှိတဲ့ အိမ်ခြေမဲ့များက မီးအလှုံကောင်းပြီး အပေါ်ကို မီးကူးတာလို့ ဆိုကြပေမယ့် သူမ မယုံ။ ဖြစ်ရပ်မှန်ကို စုံစမ်းစစ်ဆေးဆဲကြဆဲလို့လဲ ပြောဆိုနေကြတယ်။ သူမကတော့ အိမ်ခြေမဲ့များကြောင့်လို့ မထင်။ ရှို့မီးလို့ထင်နေတယ်။ ထိုတံတားက ၁၉၃၀ ခုနှစ်က ဆောက်ထားပြီး တော်တော်လေးလဲ အိုမင်းနေပြီ။ အဲဒီတံတားကို သုံးတဲ့နေ့ဆိုရင် သူမရင်တမမနဲ့ပေါ့။


ထိုတံတားနဲ့ ပတ်သက်ပြီး မြူနီစပယ်အစိုးရတွေ စကားအခြေအတင်ပြောနေကြတာလဲ ကြာပါပြီ။ အသစ်ဆောက်သင့်တာလဲ ကြာပါပြီ။ တံတားက သုံးပုံတစ်ပုံပဲလောင်သွားတယ်လို့ ဆိုနေကြပြီး တံတားကို ပြန်သုံးလို့ရတဲ့အထိ ပြင်မှာက တစ်လခွဲလောက်ကြာမယ်လို့ ဆိုကြတယ်။ အဲဒီတံတားကနေ တစ်နေ့ကို ကားဦးရေ ရှစ်သောင်း ဖြတ်တယ်ဆိုတော့ အဲဒီလူရှစ်သောင်းဟာ ဒီတံတားမီးလောင်တာနဲ့ ကျန်တံတား နှစ်ခုရယ်၊ မီးရထားရယ်နဲ့ မျှပြီး ဒီမြို့ထဲက ထွက်ကြရတယ်။ ဒါကြောင့် ကျန်တံတားနှစ်ခုမှာ ကားတွေ ကြပ်ပိတ်နေတယ်။ သူမ ရေဒီယိုကို ဖွင့်လိုက်တယ်။ တစ်ကယ်ကတော့ သီချင်းတစ်ပုဒ်ပုဒ် အပျင်းပြေ နားထောင်ဖို့ပါ။ ဒါပေမယ့် ရေဒီယိုတိုင်းက အမေရိကန်နိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတရဲ့ သမ္မတ တက်ပွဲကို လွှင့်နေကြတယ်။ လူမည်းတွေနဲ့ အခြားသော လူဖြူမဟုတ်သူများအတွက် အောင်ပွဲတစ်ခုလို့ ဆိုနိုင်ပေမယ့် သူမရင်ထဲမှာ ဘာမှ သိပ်ခံစားချက်မရှိ။ သူမနှင့် ဘာမှ သိပ်မပတ်သက်သလိုခံစားနေရတယ်။ တယော၊ စန္ဒယား၊ စောင်းတွေနဲ့ ဂီတတွေ သီကျုးတော့ သူမချစ်တဲ့ တိုင်းပြည်လေးတစ်ခုလဲ တစ်နေ့ကျရင် မြန်မာ့ဂီတတွေနဲ့ ဒီလိုပွဲမျိုးကို ကျင်းပ နိုင်ရင်လို့ တွေးမိပြီး သူမရင်ထဲမှာ မသိမသာ လှုပ်ခတ်သွားတယ်။

အဲဒီအချိန်မှာ လူမည်းသမ္မတ စင်ပေါ်ကို တက်လာနေပြီ။ လူအုပ်ကြီးက တဝေါဝေါ သောင်းသောင်းဖျဖျ အော်ဟစ်ကြိုဆိုပြီး သမ္မတရဲ့ အမည်နာမကို ဟစ်ကြွေးနေကြတယ်။ အဲဒီမှာ သူမ မျက်ရည်တွေဝဲလာတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သမ္မတရဲ့ အမည်ဟာ သူမချစ်တဲ့ တိုင်းပြည်ရဲ့ အမည်နဲ့ တိုက်တိုက်ဆိုင်ဆိုင် အသံထွက် ဆင်နေလို့ပါပဲ။

လူမည်းသမ္မတဟာ ပထမဆုံး နှိမ့်ချခြင်း ဆိုတဲ့ စကားကို သုံးသွားတယ်။ နောက်ပြီး သူ့အရင်သမ္မတ ဘုရှ် ကို ကျေးဇူးတင်ကြောင်းပြောတယ်။ နောက်တော့ သူ ပခုံးပြောင်းယူရမယ့် တိုင်းပြည်ရဲ့ အခက်အခဲဖြစ်နေတဲ့ အချိန်ကာလပိုင်းကို ပညာရှိနည်းနဲ့ တင်ပြသွားတယ်။ စစ်ပွဲဖြစ်နေတဲ့ နိုင်ငံ၊ စီးပွားကျနေတဲ့ နိုင်ငံ၊ ဈေးကြီးတဲ့ ကျမ်းမာရေးစနစ်၊ အခြား ပြဿနာတွေတက်နေတဲ့ တိုင်းပြည်မို့ သူ လက်လွှဲယူရတဲ့အချိန်မှာ သိပ်တော့မလွယ်ဘူးဆိုတာကို သွယ်ဝိုက်ပြီးပြောသွားတယ်။ တိုင်းပြည်တစ်ခုရဲ့ လက်ရှိ ကံကြမ္မာဟာ အရင် ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုရဲ့ ဂယက်တွေဆိုတာ လူတိုင်းသိကြပြီးဖြစ်ပါတယ်။ အိုဘာမာ မတိုင်ခင် သမ္မတတွေက စစ်ကိုကြိုက်နှစ်သက်တဲ့ ဘုရှ်ရဲ့ဖခင်နဲ့ ဘုရှ်ရယ်.. မော်နီကာလူဝင်းစကီးနဲ့ အချစ်ဇတ်လမ်းရှိတာတောင်မှ သမ္မတ ရာထူးက မပြုတ်တဲ့ ကလင်တန်ရယ်ဆိုတော့... ဂယက်တွေက တော်တော်လေး ရိုက်ခတ်မှာပဲလို့ ဦးနှောက်သေးသေးလေးနဲ့ သူမတွေးနေမိတယ်။

To the people of poor nations, we pledge to work alongside you to make your farms flourish and let clean waters flow; to nourish starved bodies and feed hungry minds. And to those nations like ours that enjoy relative plenty, we say we can no longer afford indifference to suffering outside our borders; nor can we consume the world's resources without regard to effect. For the world has changed, and we must change with it.

ဆိုတဲ့ စကားတွေကတော့ သူမတို့လို ဆင်းရဲတဲ့ တိုင်းပြည်လေးအတွက် မျှော်လင့်ချက် ကောက်ရိုးလေးမျှင်လေးဖြစ်နိုင်ပေမယ့် သူမ နှုတ်ခမ်းတွေက မသိမသာလေး တွန့်တက်သွားတယ်။

hard work honesty courage fair play tolerance curiosity loyalty patriotism စတဲ့ စကားလုံးလေးတွေက သူမ နားထဲမှာ ပဲ့တင်ထပ်နေတယ်။
people will judge you on what you can build, not what you destroy !
ဆိုတဲ့ ၀ါကျကတော့ သူမ နှလုံးသားကို တည့်တည့်ကြီး ထိသွားပါတယ်။
မိန့်ခွန်းရေးပေးတဲ့လူကို သူမ စိတ်ထဲက ကြိတ်ပြီး ချီးကျူးနေမိတယ်။

နေရောင်ခြည်တွေက မြူနှင်းကန့်လန့်ကာကို ဆက်လက်ထိုးဖောက်နေကြဆဲ။
ကမ္ဘာအနှံ့မှာလဲ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး လူမည်း သမ္မတ ရဲ့ အောင်ပွဲကို ဆက်လက်ခံနေကြဆဲပဲ။
သူမလဲ တစ်နေ့တော့လို့ .. ဆက်လက်စိတ်ကူးယဉ်နေဆဲပဲ.......


comments from ainchannmyay.com

မအိမ့်ရေ့ သူတို့ရွေးကောက်ပွဲကျင်းပတော့ အိုဗားမား နာမည်ကို BBC ကြည့်နေတော့ မြန်မာမှာဘာဖြစ်တာလဲမသိဘူးဆိုပြီးထင်နေတာ ဘားမား အိုဘားမား ဆင်တော့ဆင်သား သူလည်းအရင် သမ္မတတွေလို မြန်မာကို အာနဲ့ပဲ မကူညီရင်ကောင်းမယ် ။အင်းး ကိုယ့်ရပ်ကွက်က လူကြီးလူပါးဝနေတာကို တစ်ခြားရပ်ကွက်ရုံးသွားတိုင်နေတော့လည်း အလကားပါပဲလေ။ မောတယ် ။
Comment by မောင်မျိုး — January 20, 2009 @ 7:23 pm

နှုတ်ခမ်းလေး မွန်လဲတွန့်လိုက်မိတယ်
စာဖတ်ပြီး ငေးတယ် ရင်မောတယ်
Comment by မွန် — January 20, 2009 @ 8:37 pm

ကျွန်တော်လဲဆက်ပြီးစိတ်ကူးယဉ်ကြည့်တယ်.အနာဂါတ်ကိုကြိုတင်ပြီးလေ..
Comment by ဒေါင်မင်း — January 20, 2009 @ 10:35 pm

ဟုတ်တယ်ကျွန်တော်တို့တိုင်းပြည်လေးလဲဘယ်ချိန်မှဒီလိုပွဲမျိုးကျင်းပနိုင်မှာလဲဆိုတာ….
ပြောနေကျတယ်..ကျွန်တော်တို့သက်တမ်းကုန်ဆုံးသွားတောင်၇မှာမဟုတ်သေးဘူးတဲ့…..
ဒီလိုနဲ့ပဲ..လိုချင်တာလေးကို..စိတ်ကူးနဲ့ပဲမျှော်ကြည့်နေမိတော့တယ်…………………………..
Comment by ဒေါင်မင်း — January 20, 2009 @ 11:46 pm

Ma Lay,
I’ve been dreaming about watching Aung Sun Su Kyi’s inauguration speach right infront of
“Myo Daw Khan Ma”. You may say I’m a dreamer but….I’m not the only one…

Lately, that’s the song that I’ve been singing….
Ain Shin Ma
Comment by lynda — January 21, 2009 @ 11:14 am

မောင်မျိုး၊ မွန်၊ ဒေါင်းမင်း၊ လင်ဒါ..
ကလပ်တစ်ခုထဲ ၀င်ရရုံမဟုတ်ပဲ တစ်ကယ်ခွေးချစ်တတ်လို့ ခွေးမွေးသူတွေများလာတဲ့ တစ်နေ့တော့ ဖြစ်လာမှာပါ။ အမေရိကန်နိုင်ငံတောင် ၄၄ယောက်မြောက်မှ လူမည်း သမတရာထူးရတာ.. ဒါတောင်
လူဖြူတစ်ဝက်စပ်ထားတာဆိုတော့ မလေးတော့ အားမလျော့ဘူး။ တစ်နေ့တော့ ဖြစ်လာလိမ့်မယ်း))

Thursday, January 15, 2009

ကြွပ်ဆတ်ဆတ်ချဉ်ငံစပ်

နံနက်ခင်းနေခြည်က ခပ်ဝေးဝေးတောင်တန်းပြာတွေပေါ်မှာ နွေးထွေးစွာ ဝေ့၀ဲကျနေသည်။ ပြူတင်းအပြင်မှ မိုးထိမြင့်မားသော ထင်းရှုးပင်များကို ငေးမောရင်း ပဲပြုတ်ထမင်းကြော်ကို တစ်ဇွန်းခပ်လိုက်၊ ရေနွေးကြမ်းကို တစ်ငုံငုံလိုက်ဖြင့် နံနက်စာကို ငုံးဥတစ်ယောက် စိမ်ပြေနပြေစားနေသည်။

တီ..တီ..တီ…

စားပွဲပေါ်မှ ငုံးဥ ၏ တစ်ပတ်နွမ်းလက်ကိုင်ဖုန်းလေးက ထမြည်သဖြင့် လက်တွင်ပေနေသော ဆီကို လက်သုတ်ပုဝါနှင့် ကပျာကသီ သုတ်လိုက်ပြီး ဖုန်းကို ကောက်ကိုင်လိုက်သည်။

“ငုံးဥ ရှိလားဟေ့”
“မင်္ဂလာနံနက်ခင်းပါရှင့်။ … သြော် ဂျီးတော်ဂွပ်၊ ငုံးဥလား.. ငုံးဥ တစ်ပတ်လောက်နေရင် ပြန်တော်ပြန်မယ် ဂျီးတော်ဂွပ်”

နံနက်စောစောစီးစီး ဟိုးမိုးပေါ်ကလာသော အထက်သံ အသံကျယ်ကြီးဖြင့် ငုံးဥ မိခင်ကြီး၏ ချစ်လှစွာသော သူငယ်ချင်း ဂျီးတော်ဂွပ် ဖုန်းဆက်လာသည်မို့ စားလက်စ ပဲပြုတ်စေ့လေးများကို ခက်ရင်းကွနှင့် တို့ထိရင်း လေးပင်စွာဖြေလိုက်မိသည်။

“ငုံးဥကို အကူအညီ တစ်ခု တောင်းချင်လို့၊ မြန်မာပြည်က လက်ဖက် သုံးပိဿာလောက် ၀ယ်ခဲ့လို့ရမလား။ ပိုက်ဆံ ကျသလောက်ပေးမယ်”

သုံးပိဿာတော့ မရနိုင်ဘူးထင်တယ်။ ငုံးဥက မြန်မာပြည်ကို ငါးနှစ်လောက်နေမှ တစ်ခါပြန်သူမို့ မြန်မာ့အနုပညာ ပန်းပု၊ ပန်းချီ၊ ပန်းတိမ်၊ စတဲ့ ပန်းဆယ်မျိုးအပြင်၊ စာအုပ်အဟောင်း၊ အစုတ်၊ အသစ်၊အနှစ်တွေလဲ ၀ယ်လာဖို့ အစီအစဉ်ရှိပါတယ်။ ရန်ကုန်ကအထွက်လဲ ခရီးတထောက်ရပ်ပါဦးမယ်၊ သည့်အပြင် ဆွေတော်မျိုးတော် အယောက်သုံးဆယ်အပါအ၀င်၊ အခြားသော လူကြု့မှာသူတွေအားလုံးကိုလဲ ညီညီမျှမျှ ၀ယ်လာပေးချင်သောကြောင့် တစ်ပိဿာတော့ ရအောင်ဝယ်လာပေးပါ့မယ် ဂျီးတော်ဂွပ်……. လို့ ရှည်လျားထွေပြားစွာ အသေးစိတ် မပြောလိုသော ငုံးဥ တစ်ယောက်…
“ဟုတ်ကဲ့၊ ရပါတယ် ဂျီးတော်ဂွပ်ရဲ့.. ၀ယ်ခဲ့ပေးပါမယ်၊ ပိုက်ဆံပေးဖို့ မလိုပါဘူး ဂျီးတော်ဂွပ်ရယ်..” ဟုသာ ပြန်ပြောလိုက်လေသည်။

“အေး ငုံးဥ၊ နောက်တစ်ခု သေသေချာချာမှာမယ်နော်၊ ဆီလုံးဝမပါတဲ့ လက်ဖက်ကို ၀ယ်ခဲ့ပါ။ ဟိုက ဆီတွေကို မစားရဲဘူး။ ဒီက ဆီအကောင်းစားနဲ့ ဂျီးတော်က သေသေချာချာ နှပ်ပြီးမှ စားတာ၊ ဆီလုံးဝမပါတဲ့ လက်ဖက် အသားချည်းပဲ ၀ယ်ခဲ့”

“ဟုတ်ကဲ့”

“အေး .. နောက်ပြီး ပင်ပျိုရွက်နု လို လက်ဖက်သားနော်၊ သိလား ပင်ပျိုရွက်နု”

“ဟုတ်ကဲ့”

*********

တူတူ… တူတူ.. တူတူ..

နှင်းတွေ တဖွဲဖွဲ ကျနေသော စနေနေ့ နေ့လည်ခင်းတစ်ခုတွင်၊ ငုံးဥ တစ်ယောက် မြန်မာပြည်မှ ဆွေတော်မျိုးတော်၊ သူငယ်ချင်းတော်များ ကြော်လှော်ချက်ပြုတ်ပြီး ပေးလိုက်သော၊ ငါကျည်းခြောက်ကြော်၊ မျှစ်ချဉ်ပေါင်ကြော်၊ မြန်မာ့ပဲပြုတ်ကြော်၊ ငါးရံ့ခြောက်ကြော်၊ စသော အကြော်အလှော်ပေါင်းများစွာကို တို့ကနန်းဆိတ်ကနန်း မြည်းရင်း အရသာခံကြည့်နေခိုက် နံရံပေါ်က ဖုန်းက မြည်လာပါသည်။

“ငုံးဥလားဟေ့.. ပြန်ရောက်ပြီကြားလို့၊ အခု ဂျီးတော်လမ်းကနေခေါ်နေတာ၊ ဂျီးတော်မှာလိုက်တဲ့ လက်ဖက်ပါတယ်မဟုတ်လား၊ ဂျီးတော် အခု ၀င်ယူလိုက်မယ်”

ပါးစပ်ထဲက ပဲပြုတ်ကို အမြန်မြိုချ၊ ဆီပေနေသော နှုတ်ခမ်းကို ပေါင်ပေါ်က လက်သုတ်ပုဝါနှင့် အမြန်သုတ်ပြီး၊ “နေ့လည်စာ စားနေချိန်မို့ နောက်မှလာပါ၊ သို့မဟုတ် နောက်မှ ငုံးဥတို့ လာပို့ပါမည်” ဟု အနောက်ဆန်ဆန် မပြောတော့ဘဲ၊ ထုံးစံအတိုင်း “ဟုတ်ကဲ့” ချရန် ပါးစပ်ဟရုံရှိသေးသည်။ ဂျီးတော်ဂွပ်က ဖုန်းချသွားပေပြီ။

“ဂျီးတော်ဂွပ် လာပါ.. ထိုင်ပါ။ ဂျီးတော်ဂွပ်မှာလိုက်တဲ့ လက်ဖက်တွေ ဒီမှာပါ”
“အို.. ပိုက်ဆံပေးဖို့ မလိုပါဘူးဂျီးတော်ဂွပ်ရဲ့၊ သုံးပိဿာတော့ မသယ်နိုင်လို့ ဂျီးတော်ဂွပ်အတွက် တစ်ပိဿာ ၀ယ်ခဲ့ပေးတယ်”
“ရှင်.. ဒါက ငုံးဥကြိုက်လို့ ၀ယ်လာတဲ့ ချဉ်၊ငံ၊စပ် လက်ဖက်ထုတ်လေးတွေပါ။ ဂျီးတော်ဂွပ်ကြိုက်ရင်ယူသွားလေ၊ သြော် ဂျီးတော်ဂွပ် သား၊သမီးတွေက ချဉ်၊ငံ၊စပ်ကြိုက်တယ်လား၊ ယူပါ။ ငုံးဥမှာကျန်ပါသေးတယ်”

*********

တီ…တီ…တီ…တီ…

တယ်လီဖုန်းသံကို ကြားကတည်းက ငုံးဥ မျက်ခုံးများက မသိမသာလှုပ်နေသည်။

“ငုံးဥ လားဟေ့၊ ငုံးဥဆီက ယူလာတဲ့ ချဉ်ငံစပ် လက်ဖက်ထုတ် သေးသေးလေးတွေလေ၊ ငုံးဥတို့တော့ ဘယ်မှာသိမ်းလဲ မသိဘူး။ ဒီမှာတော့ ဂျပ်ခဲကြီးတွေဖြစ်နေတယ်”

မင်္ဂလာပါဟုတောင် နှုတ်မဆက်ရသေးခင် ဂျီးတော်ဂွပ်၏ ၀ရုန်းသုံးကား စကားပြောသံက ဖုန်းထဲမှ ထွက်ပေါ်လာတော့သည်။

“ရှင်.. ဂျပ်ခဲကြီးတွေဖြစ်နေတယ်ဟုတ်လား”
“အေး..မပြောဘူးလား မြန်မာပြည်က ဆီတွေက မကောင်းပါဘူးလို့”
“ဆီကတော့ နဲနဲတော့ ခဲမှာပေါ့ ဂျီးတော်ရယ်… ငုံးဥတို့တော့ ခဲနေလဲ နွှေးစားလိုက်တာပဲ ဂျီးတော်ရဲ့”
“အေး.. ဂျီးတော်တော့ မသိဘူး။ ငုံးဥတို့ ဘယ်မှာသိမ်းလဲ လက်ဖက်ကို”
“ရေခဲသေတ္တာထဲ ထည့်တဲ့ အထုတ်လဲ ထည့်တယ်၊ အခဲခန်းထဲလည်း ထည့်တဲ့အထုတ်ထည့်တယ်။ အပြင်မှာ room temperature မှာ ထားတဲ့ အထုတ်တွေလဲ ထားတယ်”
“ဘယ်ဆိုင်က ၀ယ်လာတာတွေလဲ”
“ဟိုမှာတော့ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေကိုမှာလိုက်တာပဲ ဂျီးတော်။ သူတို့ဈေးဝိုင်းဝယ်ပေးတာ”
“ဒီလောက်ခဲစရာ အကြောင်းမရှိဘူး။ ရေခဲသေတ္တာထဲ ထည့်လဲ ခဲစရာအကြောင်းမရှိဘူး”
“ဒါပေမယ့် ဂျီးတော်.. ရေရဲ့ရေခဲအမှတ်နဲ့ ဆီရဲ့ ရေခဲအမှတ် မတူ….”
“အေး.. တူတာမတူတာထက်၊ ရေခဲသေတ္တာထဲ ထည့်ထားတာနဲ့ ဒီလိုဂျပ်ခဲကြီးမဖြစ်သင့်ဘူး”
“မစားရဲရင်နွှင့်ပစ်လိုက်လေဂျီးတော်”
“ငုံးဥတို့စားလား”
“အကုန်စားပါတယ်ဂျီးတော်”
“အေး ဒီမှာ ဂျပ်ခဲကြီးဖြစ်နေတယ်”
“ဟုတ်ကဲ့၊ ဂျီးတော်သုံးခါလောက်ပြောပြီးပြီလေ၊ မစားရဲရင် နွှင့်ပစ်လိုက်ပါ”
ဒါကတော့ ရင်ထဲကပြောသော စကားသံသာဖြစ်ပါသည်။

“ဒီမှာ ငုံးဥ ကို ဂျီးတော် တစ်ခု အကြံပေးမယ်။ နောက်တစ်ခါ မြန်မာပြည်က စားစရာတွေဝယ်ရင် အကောင်းစားဆိုင်တွေကမှ ၀ယ်… ဒီလို ဆိုင်စုတ်တွေကနေ မ၀ယ်နဲ့။ ဆီတွေကမသန့်၊ စားစရာတွေက မသန့်”

“ဂျီးတော်… ငုံးဥ အနေနဲ့ ဘယ်ဟာ ဆိုင်ကောင်း၊ ဘယ်ဟာဆိုင်စုတ်ဆိုတာ ခွဲပြီး မသိပါဘူး။ ဟိုမှာဈေးလဲ မ၀ယ်ဘူး။ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေ ၀ိုင်းဝယ်ပေးတာ… မစားရဲရင်လဲ နွှင့်ပစ်လိုက်ပါတော့ ဂျီးတော်ရယ်”
သည်းခံနိုင်မှု အဆုံးတွင် ခပ်ဖြေးဖြေးပြောပြီး ငုံးဥ စိတ်ပျက်စွာ ဖုန်းကိုချလိုက်သည်။

တစ်ကယ်တော့ ဂျီးတော်ဂွပ်သည် ငုံးဥ မိခင်၏ သူငယ်ချင်းဆိုသော်လည်း၊ ငုံးဥနှင့် ညစာစားပွဲများတွင်တစ်ခါတစ်ရံမှ တွေ့သဖြင့်၊ ရံဖန်ရံခါ မှ စကားပြောဖူးသူဖြစ်ပါသည်။ ငုံးဥသည် သူမ အသိုင်းအ၀ိုင်းက ပညာတတ်ဆိုသူ၊ ဂုဏ်သရေရှိလူကြီးလူကောင်းများအချို့၏၊ မြန်မာပြည်ကို မှိုချိုးမျှစ်ချိုး ပြောဆိုနေပုံများကို ကြားရဖန်များတော့၊ မြန်မာပြည်မှ အခြေခံပညာကို ရယူလာပြီး၊ နိုင်ငံခြားတိုင်းပြည်တွေမှာ ပညာဆက်သင်၊ ဂုဏ်သရေရှိလူကြီးလူကောင်းများဖြစ်လာပြီး၊ အခြေကျ အနေလှကာမှ၊ တိုင်းပြည်ကို ပြန်လည်အပုတ်ချနေသော လက်တွေ့မပါ၊ လေထန်ထန် ဂုဏ်သရေရှိ စကားဝိုင်းများကို စိတ်ပျက်သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။

မိမိရောက်ရှိလာသော တိုင်းပြည်တွေ၏ ဂုဏ်ရှိန်တွေနဲ့ မိမိပါ မြင့်မားနေပြီဟု သတ်မှတ်လိုက်ကြသည်ဆိုလျှင်လည်း ငုံးဥအနေနှင့် ဘာမျှမပြောလိုပါ။ တစ်ကယ်တော့ အင်တာနက်များပေါ်တွင်၊ မြန်မာပြည်နှင့် ပတ်သက်သော သတင်းများကို အလျှံပယ် ဖတ်ရှုနိုင်သည်မှန်သော်လည်း၊ သတင်းတို့၏ သဘောသဘာဝအတိုင်း၊ သတင်းမှန်ရရင်ကြိုးစားရေးသားကြသော်လည်း ethos, pathos, fallacies, media bias များ အတိုင်းအတာတစ်ခုထိ ဖုံးလွှမ်းနေတတ်သဖြင့်၊ နေရာဒေသတစ်ခုလက်ရှိအခြေအနေအဖြစ်မှန်ကို မိမိကိုယ်တိုင် ထိုနေရာနှင့် အကျွမ်းဝင်စွာ မရောက်ရှိ မဆက်ဆံရပါလျှင်၊ စာတွေ့တွေနှင့် လက်တွေ့ဘ၀များသည် ဆီနှင့်ရေကဲ့သို့ ကွာဟလှကြောင်း ငုံးဥကိုယ်တိုင် ရင်သပ်ရှုမော မြင်တွေ့ခဲ့ရသည်။ ကြားရသော သတင်းများသည် အရပ်ဒေသလေးတစ်ခု၏ အဖြစ်အပျက်ကို ထိုအချိန်ကာလ တစ်ခုအတွင်း ကိုယ်စားပြု မှန်ကန်နိုင်သော်လည်း၊ ဒေသကြီးတစ်ခုလုံးအားလည်းကောင်း၊ အချိန်ကာလရှည်ကြီးတစ်ခုအားလည်းကောင်း ကိုယ်စားပြုမနေပါ။ အရှင်းဆုံးပြောရလျှင် မြန်မာပြည်ကို တစ်နှစ်ခန့် ပြန်မရောက်ပြီဆိုလျှင်ပင် ထိုသူသည် အခြေအနေမှန်မှ အတိုင်းအတာတစ်ခုထိ အလှမ်းကွာဝေးနေသူသာ ဖြစ်ပါသည်။

နှစ်ပေါင်းများစွာ တိုင်းပြည်နှင့် ဝေးကွာနေသော၊ တီဘီ၊ AIDS စသောရောဂါများကူးလာမည်စိုးသဖြင့်၊ မြန်မာပြည်ကို အလည်အပတ်ပြန်မည့်အစား ဥရောပတိုင်းပြည်တွေကိုသာ အလည်အပတ်သွားရန် စိတ်ဝင်စားလေ့ရှိသော၊ စက်မှုမထွန်းကားတိုင်း အသိဥာဏ်နိမ့်ကျ၊ အောက်တန်းကျသည့် လူမျိုးများနေထိုင်သည်ဟု သတ်မှတ်သော၊ မိမိမွေးဖွားကြီးပြင်းခဲ့သည့် သည် ဖွံ့ဖြိုးဆဲတိုင်းပြည် လေးကို မိမိလက်ရှိနေထိုင်နေသော တိုးတက်ပြီးတိုင်းပြည်များနှင့် ယှဉ်ထိုး အထင်သေးသော၊ မိမိ၏ သားသမီးများကို မြန်မာပြည်တွင်းမှ လူများနှင့် အကြောင်းပါမည်ကို အလွန်စိုးရိမ်သော၊ တိုင်းပြည်ထဲမှာ ရှိတာလေးနှင့် ရုန်းကန်စားသောက်နေရသော၊ ထွက်ပေါက်မဲ့ခံစားနေရသောသူများကို ချိုးချိုးဖဲ့ဖဲ့နှိမ်ပြီး ပြောသော ငုံးဥ ပတ်ဝန်းကျင်မှ ဂျီးတော်ဂွပ်အပါအ၀င် အချို့သော သူများ၏ စကားလုံးများကို အလွန်စိတ်ပျက်နေသော ငုံးဥတစ်ယောက်…

ထို.. ဂျီးတော်ဂွပ်အား …

ဂျီးတော်ဂွပ်ရယ်.. တစ်ကယ်တော့..

ပြောင်းဖူးဆီဟာ -၂၀ဒီဂရီစင်တီဂရိတ်မှာခဲတယ်၊ နေကြာဆီဟာ -၁၇ဒီဂရီမှာခဲတယ်၊ သံလွင်ဆီဟာ -၆ဒီဂရီမှာခဲတယ်၊ နှမ်းဆီဟာ -၆ဒီဂရီမှာခဲတယ်၊ မြေပဲဆီဟာ ၃ဒီဂရီမှာခဲတယ်၊ palm oil က ၂၄ဒီဂရီစင်တီဂရိတ်မှာခဲတယ်၊ အုန်းဆီကတော့ ၂၅ဒီဂရီစင်တီဂရိတ်မှာခဲတယ်။ မြန်မာပြည်က ၀ယ်လာတဲ့ ဒီလက်ဖက်ထဲကဆီဟာ စားအုန်းသုံးထားရင် အပူချိန် ၂၄၊ ၂၅လောက်မှာကို ခဲနေပြီ။ ပူတဲ့တိုင်းပြည်က ပစ္စည်းမို့ ဆီတွေကို winternization တွေဘာတွေလဲ ဘယ်လုပ်ထားပါ့မလဲ၊ သဘာဝသစ်ပင်ထဲက ထွက်တဲ့ဆီဟာ ဥပမာ နေကြာဆီ အတူတူတောင် အပင်အနေအထားပေါ်မူတည်ပြီး ရေခဲအမှတ် မတူနိုင်ဘူး။ နောက်ပြီး ကနေဒါက အိမ်တွေဟာ များသောအားဖြင့် အိမ်တွင်းအပူချိန် ၂၀ နှင့် ၂၂ ဒီဂရီစင်တီဂရိတ်အတွင်းမှာ ထားလေ့ရှိတော့ ဒီလက်ဖက်လေးတွေ ရေခဲသေတ္တာထဲမပြောနဲ့ အပြင်မှာထားရင်တောင် ဆီခဲနေလောက်ပြီပေါ့……. ။ ဆိုင်စုတ်က၀ယ်တဲ့ လက်ဖက်စုတ်မို့ခဲနေရခြင်းမဟုတ်ရပါ…

လို့.. ငုံးဥ ရှင်းမပြလိုတော့ပါ။

ငုံးဥ ဘာမျှ မပြောလိုတော့ပါ။

ငုံးဥ နီးရာ လက်ဖက်တစ်ထုတ်ကိုသာ ဖောက်ပြီး အသံမြည်အောင် ၀ါးစားနေလိုက်ပါတော့လေသည်။



Comments from ainchannmyay.com

မအိမ့်ရေးလိုက်ရင်တော့ရှယ်ပဲ..ဟုတ်ပ
အသိုင်းအ၀ိုင်းက ပညာတတ်ဆိုသူ၊ ဂုဏ်သရေရှိလူကြီးလူကောင်းများအချို့၏၊ မြန်မာပြည်ကို မှိုချိုးမျှစ်ချိုး ပြောဆိုနေပုံများကို ကြားရဖန်များတော့၊ မြန်မာပြည်မှ အခြေခံပညာကို ရယူလာပြီး၊ နိုင်ငံခြားတိုင်းပြည်တွေမှာ ပညာဆက်သင်၊ ဂုဏ်သရေရှိလူကြီးလူကောင်းများဖြစ်လာပြီး၊ အခြေကျ အနေကျကာမှ၊ တိုင်းပြည်ကို ပြန်လည်အပုတ်ချနေသော လက်တွေ့မပါ၊ လေထန်ထန် ဂုဏ်သရေရှိ စကားဝိုင်းများကို စိတ်ပျက်သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။
အဲဒီလိုမျိုးတွေကျွန်တော်လဲအများကြီးကြုံခဲ့ပြီးပြီ..တော်တော်စိတ်ပျက်ဖို့ကောင်းတယ်..တချို့ဆိုရင်..နိုင်ငံခြားသားက..ဘယ်နိုင်ငံကလာလဲလို့မေးရင်..
မြန်မာလိုဖြေရမှာရှက်လို့တဲ့..ထိုင်း.စင်ကာပူဆိုပြီးဖြေကျတယ်..ဘယ်လောက်ရင်နာဖို့ကောင်းလဲ….ကျွန်တော်ကတော့ဘယ်သူမေးမေး..ငါမြန်မာပဲလို့ရဲ၇ဲဝံ့ဝံ့ဖြေတယ်..
..အိုး..မြန်မာလားဆိုတဲ့..သူတိုဖြေပြီးလက်ဆွဲနုတ်ဆက်..မြန်မာသိတာပေါ့..မိမိကိုယ်ကိုစင်ကာပူလူမျိုးပါလို့ပြောတဲ့သူကျတော့..အော်စင်ကာပူကလား..လို့ပဲ..
မအိမ့်စာအသစ်တာတွေ့လိုပြေးပြီးလာဖက်တာ..မောသွားတယ်..ကျွန်တော်ကိုလက်ဖက်သူုတ်နဲနဲကြွေး.မကြွေးလဲအတင်းစားပြီးမှပြန်မယ်…
Comment by ဒေါင်မင်း — January 16, 2009 @ 1:13 am

လူကြုံတွေနဲ့ ပတ်သက်လို့ တော်တော်ရင်နာလာပုံရတယ်… :P:P
Comment by sin dan lar — January 16, 2009 @ 2:23 am

မလေး မြန်မာပြည်ကပြန်လာပြီး ရေးစရာတွေ အများကြီးပဲ မွန်တို့မလေးစာတွေ တဝကြီးဖတ်ရတာပေါ့
ဖြစ်တတ်တဲ့သဘောလေးတွေထဲက သြချရတဲ့ အဖြစ်အပျက်လေးပဲနော် မချိပြုံးရော လှောင်ပြုံးပါပြုံးရတယ်
Comment by မွန် — January 16, 2009 @ 4:25 am

ဟုတ်ပ အမရေ…. အဲလိုလူတွေအများကြီးပဲ…. မြန်မာပြည်ကလည်း… မတိုးတက်ပေမဲ့ တနိုင်ငံလုံးဆင်းရဲအောက်တန်းကျ နိမ့်ကျနေတဲ့သူတွေပဲရှိနေတာမျိုးမဟုတ်ပါဘူး… ဖတ်ရင်း ရင်ထဲမှာတောင် ဂျပ်ခဲကြီးဖြစ်နေတယ်…
Comment by Phu Phu — January 16, 2009 @ 5:32 am
ဟုတ်ကဲ… အဲလိုလူတွေအများကြီးပဲမရေ.. မြန်မာပြည်ကမတိုးတက်ဘူးဆိုပေမဲ့ တနိုင်ငံလုံးကလူတွေက ဆင်းရဲအောက်တန်းကျနိမ့်ကျနေတဲ့ဟာမျိုးတော့မဟုတ်ကြပါဘူး… ဖတ်ရင်း ရင်ထဲမှာတောင်ဂျပ်ခဲကြီးဖြစ်လာတယ်
Comment by Phu Phu — January 16, 2009 @ 5:35 am

ဒေါင်းမင်း .. မလေး လက်ဖက်က ဂျပ်ခဲကြီးနော်.. ဟွန်းဟွန်း
sin dan lar ရေးလိုက်သမျှ ကော့မန့်တွေက မလေးကို ရယ်မောစေတယ်။ ဘလော့ဂ်ရှိလားဟင်၊ ဖတ်ချင်တယ်ညီမဘလော့ဂ်ကို
မွန် .. ခံစားချက်တွေများလာလို့ပါ မွန်ရယ်..
Phu Phu … မလေးလဲ ရေးရင်း ဂျပ်ခဲကြီးကို ဖြစ်လို့
Comment by မလေး — January 16, 2009 @ 12:54 pm

ပုံရိပ်ကတော့ အကုန်စားတာပဲ။ စုတ်လား မစုတ်လားတော့ မသိဘူး။ စားလို့တော့ ကောင်းသလား မမေးနဲ့။ မစားရဲတော့လည်း ကိုယ်ပိုစားရတာပေါ့။
Comment by ပုံရိပ် — January 16, 2009 @ 6:39 pm

Ma Lay,
Thank a lot to get to read, it’s a nature of some .
Hope to see your more Naw.
Comment by mgmoekhin — January 16, 2009 @ 7:57 pm |
ဟုတ်ပါ့ဗျာ အဲ့ဂျီးတော် ကြီးက မုန်းစရာကောင်းလိုက်တာ အလကားလည်း စားရသေးတယ် ဂျပ်ခဲ ဂျပ်ခဲနဲ့ သေလောက်အောင်ထည့်ပြောနေတာ ။ ငုံးဥ ပြောတာ နည်းတောင် နည်းသေးတယ် ။ ရှင်းမပြနဲ့ ရှင်းမပြနဲ့ လေကုန်တယ်နောက်ဆို ဖုန်းခေါ်ပြီး ငုံးဥလားလို့ မေးရင် “မဟုတ်ဘူးဖုန်းမှားနေတယ်ရှင့် ကျမဘဲဥပါ” လို့ပြောပြီး ချလိုက် အဲ့တာ အေးကော
Comment by မောင်မျိုး — January 16, 2009 @ 9:15 pm

အပေါ်ရံကြည့်ပြီး ဂျပ်ခဲကြီးလို့ ပြောတဲ့ ဂျီးတော်ဂွပ်… အဲဒီဂျပ်ခဲအရသာလေး လျှာပေါ်ရောက်သွားရင် မောင်ကျန် တတို့ တို့  ဖြစ်နေမှာ မြင်ယောင်သေးတယ်… ဇီးသီးကို ဘာသီးလဲလို့ မေးတဲ့ မဗျိုင်းတောင် လူကွယ်ရာမှာ ဇီးသီးခိုးစားနေမှာပါ အိမ့်ရယ်… အဲလောက်တောင် မေ့တတ်ရင် လဘက်ကို ပါမေ့လိုက်တော့လို့  ပြောလိုက်… တို့ လဲ အဲလို လူတွေကို စိတ်ပျက်တယ်… အိမ့်ကို ကိုယ်ချင်းစာမိတယ်…
Comment by တန်ခူး — January 17, 2009 @ 9:21 am

ကောင်းလိုက်တဲ့ ကြွပ်ဆတ်ဆတ်ချဉ်ငံစပ် ပါလားငုံးဥရယ်
Comment by ကိုသားငယ် — January 17, 2009 @ 10:33 am

very nice post.
Comment by naw — January 19, 2009 @ 12:31 am

အစ်မမလေးအမေရိကကိုသွားရင်
လက္ဘက်တို့သနပ်ခါးတုံးတို့သယ်
သွားလို့ရပါသလားရှင့်
ကျမအမျိုးသားကကာစတန်ဖြတ်ရင်
ပြဿနာရှိတယ်ပြောလို့ပါ၊ကျမက
သနပ်ခါးကြိုက်သူမို့ဘာလုပ်ရမှန်းမသိဘူး။
အဲဒါမြန်မာပြည်ကတရားဝင်သယ်လို့ရမယ့်
ပစ္စည်းလေးတွေနာမည်ကိုသိချင်ပါတယ်ရှင့်၊
ဖြစ်နိုင်မယ်ဆိုဖြေပေးပါလားရှင်။
Comment by koala — January 19, 2009 @ 9:04 am

ပုံရိပ် .. ဟုတ်တယ်.. ဒါကြောင့် မလေးချည်းပဲ စားပစ်လိုက်တာ
မောင်မိုးခင် .. ဟုတ်ကဲ့ ကိုမောင်မိုးခင်.
မောင်မျိုး .. ဂျီးတော် ထပ်မဆက်ပါစေနဲ့ပဲ ဆုတောင်းပါတယ် မောင်လေးရေ..
တန်ခူး .. အဲဒီဂျီးတော်က မလေး မေ့မေ့ကိုတောင် ဂျပ်ခဲအကြောင်း ခုထိမေးတုန်းတဲ့ ခွိ
ကိုသားငယ် .. ၂ယောက်လုံးကို သတိရပါတယ်
နော် .. ကျေးဇူးတင်ပါတယ်ရှင့်
koala .. သနပ်ခါးကတော့ အတုံးတွေသယ်ရင် “unprocessed plant products” ထဲပါနေတော့ ယူအက်စ်အ၀င် တရားမ၀င်ဘူးထင်တယ်ညီမ။ ကြိတ်ပြီးသားတို့ ဗူးနဲ့အခဲတို့တော့ ရနိုင်တယ်။ ကျောက်ပန်းချီတွေ လက်ဝတ်ရတနာကတော့ မြန်မာအထွက်ကော ဒီဘက်အ၀င်ကော တရားဝင် ဘောက်ချာနဲ့ဆို ဘာမှပြသနာမရှိပါဘူး။ ဒါလဲ နိုင်ငံခြားသားလား၊ မြန်မာနိုင်ငံသားလားအပေါ်မှာ မူတည်သေးတယ်ထင်တယ်။ ဖြစ်နိုင်ရင် US Custom & Immigration Website မှာ လေ့လာကြည့်ပါညီမ။ ကနေဒါနဲ့ ယူအက်စ်ကလဲ regulations တွေ မတူပြန်ဘူး။ စားစရာတွေကတော့ meat & meat products တွေ ကို ယူအက်စ်ကော၊ ကနေဒါကော တင်းကျပ်တယ်။ တရားမ၀င်ဘူးထင်ရင် သူတို့ နွှင့်ပစ်လိုက်တာပဲ။ ချက်ပြီး၊ ပြုတ်ပြီးသား ဆိုရင်တော့ ပြသနာမရှိလောက်ပါဘူး။ မြန်မာပြည်က အထွက်တော့ မလေးကတော့ ပန်းပု၊ပန်းချီ၊ လက်ဖက်၊ မုန့်ဟင်းခါးထုတ် အကုန်သယ်တာပဲ။ ဘောက်ချာတွေနဲ့ အကုန်ပြတယ်။ တစ်ခါမှ လေယာဉ်ကွင်းမှာ အခက်အခဲမရှိပါဘူး။


Monday, January 12, 2009

လူကြုံ

“တီတီ.. တီတီ..”

“Phone call for you Madam”

“ကျေးဇူးတင်ပါတယ်ညီမ”

“ဟလို… ဟုတ်ပါတယ်ရှင်.. ”

“ရှင်.. ဟုတ်ကဲ့၊ အစ်မ reception မှာထားခဲ့တဲ့ လူကြုံပစ္စည်းရပါတယ်။ စိတ်ချပါ၊ ယူသွားပေးပါ့မယ်ရှင်။”

“ရှင်.. reception မှာထားခဲ့တဲ့ ပစ္စည်း ရ၊ မရ ကျွန်မ အစ်မကို ဖုန်းဆက်ပြီး အကြောင်းမပြန်လို့ အစ်မ ခုလို ကျွန်မဆီ ဖုန်းဆက်မေးရတာ ဟုတ်လား”
(အဲတော့… ဒီပစ္စည်းကို ဒီဟိုတယ်ကလူတွေက မပေးပဲ ယူထားမယ်များထင်နေလို့လားမသိ။ လူကြုံပစ္စည်း reception မှ တဆင့်ရတိုင်း ဖုန်းပြန်ဆက်ပြီး ရကြောင်းပြောရမယ်ဆိုရင်.. အင်း ဟိုတယ်က တစ်မိနစ်ကို ဒေါ်လာနဲ့ တောင်းတော့ လူကြုံအယောက်သုံးဆယ်လောက်ကို ပစ္စည်းရကြောင်းသာ အကြောင်းပြန်ရမယ်ဆိုရင်.. ဘုရားဘုရား.. ငါတော့ …)

“ဟုတ်ကဲ့ ယူသွားပေးပါ့မယ်”
(ယူသွားပေးမယ်လို့ ပြောပြီးပြီလေ)

“သြော်.. ဒီနာမယ်က.. ဆွေမျိုးတွေခေါ်တဲ့ နာမယ်ပါ။ ကျွန်မနာမယ်အရင်းက…. ပါ”
(verify လုပ်ဖို့ နာမယ်တွေဘာတွေ ချရေးမှတ်ထားလိုက်ပြီထင်တယ်.. ဒါရုံးအလုပ်လုပ်နေတာ မဟုတ်ဘူးလေ။ ဒါ.. စေတနာနဲ့ ပစ္စည်းလူကြုံ သယ်ပေးနေတာလေ.. ခက်တော့တာပဲကွယ်..)

“စိတ်ချပါ… ယူသွားပေးပါ့မယ်”
(How many times do I have to repeat myself? ယူသွားပေးမယ် ပြောပြီးပြီ။ ပုဆိုးလေးတစ်ထည်။ အထဲမှာ ဘာတွေထည့်ထားလဲ သံသယတောင်ဖြစ်လာပြီ…)

သြော်.. ဆောင့်ကြီးအောင့်ကြီး ဖုန်းချသွားပြီ။ ကျေးဇူးတင်တယ်တောင် မပြောပါလား။ ကိုယ့်ဟာကိုယ်ပဲ ယူအာဝဲလ်ကမ်းပဲ ပြောပစ်လိုက်တော့မယ်… ဟွန်းဟွန်း ။

***********


“လာလာညီမလေး”

“အင်း၊ နေကောင်းတယ်။ ညီမလေး အစ်မအတွက် ဒီပစ္စည်း ယူသွားပေးလို့ရတယ်။ ဒါပေမယ့် ဒီပုလဲတွေ၊ ကျောက်တွေတော့ သယ်လို့မရဘူး။ ဘောက်ချာနဲ့သေသေချာချာဆိုရင်တော့ သယ်သွားပေးမယ်ညီမ”

“မရဘူးညီမလေးရဲ့။ ဒီက အထွက်တစ်ခုထဲမဟုတ်ဘူး၊ ဟိုကို အ၀င်ကိုပါခက်မယ်။ အစ်မ တရားမ၀င်တာ မလုပ်ရဲဘူး”

“ညီမလေးရဲ့အစ်မ ဟိုမှာ နားကပ်ဝတ်စရာ မရှိလို့ဟုတ်လား၊ ဟိုမှာလဲ ရှိပါတယ်ကွယ်။ နောက်ဟိုမှာက ဒီမှာလို လက်ဝတ်ရတနာတွေကို သိပ်မ၀တ်ကြဘူး။ ”

“ရှင်…”

“အဲ…”
(ဘုရား ဘုရား)

“အစ်မ နားက ၀တ်ထားတဲ့ နားကပ်ကိုချွတ်ပြီး ညီမရဲ့ အစ်မတွက် ဒီနားကပ်ကို ၀တ်သွားပေးရမယ် ဟုတ်လား။”
(သြော်… ငါ့နားကပ်လေး ထားခဲ့ရမယ်တဲ့၊ ဘယ်သူနဲ့ထားခဲ့ရမှာလဲ၊ လှုပစ်ခဲ့ရအောင်လဲ ဒီလောက် မချမ်းသာဘူး၊ ခက်လိုက်တာနော်)

“အဲဒါတော့ မဖြစ်လို့ပါညီမ။ ကျန်တာယူသွားပေးမယ်နော်”

“ရှင်.. တစ်ခြားလူတွေ ယူသွားပေးတာပဲဟုတ်လား။ အစ်မတော့ မယူရဲဘူး။”
(ဆောင့်ကြီးအောင့်ကြီးပါလားကွယ်။ ဖြည်းဖြည်းပြောလဲရပါတယ်)

***********


“တီတီ… တီတီ…”

“ဟလို”

“သြော်.. အောက်မှာ ဧည့်သည်ရောက်နေတယ်လား၊ ကျေးဇူးပဲကွယ်.. အပေါ်ကို လွှတ်လိုက်ပေးပါနော်.. ”

“ဟယ်.. မမ.. လာလာ အထဲဝင်၊ မမ.. မမ က မတွေ့တာကြာလို့ထင်တယ်.. အရမ်းချောလာတာပဲ။”

“ဟုတ်တယ်နော်.. ညီမလေးတို့ ငါးနှစ်လောက်မှ တစ်ခါတွေ့ရတာ…”

“ညီမလေးတွက် ၀ယ်မလာပါနဲ့ မမရယ်။ ဒါပေမယ့် စာအုပ်ဆိုရင်တော့ ယူမယ် မမ.. အဟီး”

“ဟင်.. ဟိုတစ်ခါက လူကြုံနဲ့ ထည့်ပေးလိုက်တယ်ဟုတ်လား။ တစ်ခြားဟာတွေကောပဲ ဟုတ်လား။ မရဘူးမမ။ လ္ဘက်တစ်ထုပ်တောင် မရဘူး။ ဘာမှကို မရတာ။”

“ရှင်.. အားလုံးတွက် သုံးသောင်းဖိုး ၀ယ်ပေးလိုက်တာ ဟုတ်လား။ တစ်ခုမှ မရဘူး မမ။”
(ဒီလူ့ ဒီလူတွေ ပြန်မတွေ့ဘူးထင်လို့များလား၊ ပြန်မကြားဘူးထင်လို့များလား၊ သူတို့အလှည့်ကျတော့ လုပ်ရက်လိုက်တာ၊ မသယ်နိုင်ရင် မသယ်နိုင်ဘူး ပြောရောပေါ့။ ကိုယ်တို့တွက် ဘာပစ္စည်းမှ မြန်မာပြည်က ဆွေမျိုးတွေ ထည့်မပေးလိုက်တဲ့ပုံမျိုး ခပ်တည်တည်နဲ့ နေရဲတဲ့ သတ္တိ ကိုယ်မွေးဦးမှ)

“မမ.. နောက်တစ်ခါတော့ ညီမလေးတွက် ပိုက်ဆံကုန်ခံပြီး လူကြုံပစ္စည်း မထည့်ပေးနဲ့တော့၊ ဘာတစ်ခုမှ မရဘူး။ ဘာလုပ်ပစ်လဲမသိဘူး။ ၀ယ်မပေးပါနဲ့တော့ မမရယ်။”

“အင်း ဟုတ်တယ်၊ ဒါ ဟိုကလူတွေအတွက် လူကြုံပစ္စည်းတွေလေ၊ ဒီကပေးတဲ့လူတွေက အားနားပါးနာနဲ့ သယ်ပေးတဲ့ ညီမလေးအတွက်တော့ ထည့်ပေးကြပါတယ်။ ဟိုကလူတွေအတွက် လ္ဘက်က ဆယ်ထုပ်ဆိုရင် ညီမလေးတွက် တစ်ထုပ်ကြီးများတောင်၊ ဟိဟိ။ တစ်ချို့ကတော့ အားနားပါးနားနဲ့ သယ်ပေးသူကို လက်ဆောင်လေးဘာလေး ထည့် ပေးဖို့လား.. ဟင့်အင်း စိတ်ကူးထဲကို မထည့်ပါဘူး။ လိုချင်လို့ ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် သယ်ပေးတဲ့အတွက် အနည်းဆုံးတော့ အသိမှတ်ပြုစေချင်တယ်။ ကျေးဇူးတင်တယ်လို့ပြောဖို့ နေနေသာသာ။ ပစ္စည်းအကုန်သယ်မသွားပေးလို့ အအော်မခံရရင်တောင် ကံကောင်း မမရဲ့။ ဟိုကလူတွေကလား.. ဟင်းဟင်း… သယ်လာပေးတာ ကျေးဇူးလို့ မပြောတဲ့အပြင်၊ ဒီလောက်ပဲ သယ်လာပေးရလား၊ ကျန်တာတွေ ဘာလို့ချန်ခဲ့တာလဲ၊ နည်းသေးတယ်လို့ ပြောလိုက်ဦးမှာ။ သိလား။”

“ညီမလေး ၀ယ်ထားတဲ့ ပန်းပုတွေ၊ စာအုပ်တွေ၊ အဘိဓာန်တွေ ထားခဲ့ရမယ့်ပုံပေါက်နေပြီဆိုရင်တော့ မဟုတ်သေးဘူးထင်တယ်လား။ အင်း ဟုတ်တယ်၊ ခရီးကလဲ တစ်ထောက်နားဦးမယ်။ ပေါင်တွေလဲ ပိုနေပြီ။ ညီမလေးကိုက မပြတ်သားတာပါလေ။ အစကတည်းက သူတို့တွေလို တစ်ယောက်ကို တို့တွေကတော့ လူကြုံပစ္စည်း နှစ်ပေါင်ပဲ သယ်မယ်ဟေ့ ဆိုပြီး ကြွေးကြော်ခဲ့ရင် အကောင်းသား။ ဒါမှမဟုတ်လဲ သူတို့လို မြန်မာပြည် ပြန်မယ်ဆိုတာ ဘယ်သူမှ အသိမပေးပဲ တိတ်တိတ်လေး ထွက်သွား၊ ဒါမှမဟုတ် အသက်ကြီးသူ အဘိုး၊ အဘွားတွေအတွက် ဘာလေးများပေးလိုက်ချင်လဲလို့ အားနာပါးနာနဲ့တောင် မေးမနေဘဲ မျက်နှာပြောင်ပြောင်နဲ့ ဒီတိုင်းခပ်တည်တည် မြန်မာပြည်ကို ပြန်သွားတာမျိုး နောက်ဆို လုပ်တတ်အောင် ကျင့်တော့မယ် သိလားမမ။”

“ကိုယ့်အလှည့်၊ သူ့အလှည့် ဟုတ်လား.. မမ။ ဟင့်အင်း၊ သူတို့အလှည့်ကျ မြန်မာပြည်က ငရုတ်သီးလှော်လေး စားချင်လို့ အပြန်ယူလာပေးပါ၊ ပိုက်ဆံပေးပါ့မယ်လို့ ပြောတာတောင် ဘာပြောလဲသိလားဟင်။ ငရုတ်သီးများ ကိုယ့်ဟာကိုယ် ဒီမှာ လှော်စားပေါ့တဲ့။ ရှမ်းပြည်က လ္ဘက်ခြောက်မွှေးမွှေးလေး သောက်ချင်လို့ဆိုတော့ ဒီမှာ နိုင်ငံတကာကလာတဲ့ အမျိုးပေါင်းစုံ အကောင်းစား လ္ဘက်ခြောက်တွေရှိနေတာပဲတဲ့ ”

“တစ်ခြားလူကြုံတွေလို မသယ်နိုင်တဲ့ပစ္စည်း မသိချင်ဟန်ဆောင်ပြီး ထားပစ်ခဲ့တာမျိုးလဲ မလုပ်နိုင်ဘူး။ မတတ်နိုင်ဘူး သယ်နိုင်သလောက်တော့ သယ်ပေးမယ်။ မသယ်နိုင်တာတွေ ပြန်ပို့ပေးမယ်။ မမ ကူပို့ပေး .. သူတို့ အိမ်တိုင်ရာရောက်”

***********


“အိမ်ချမ်းမြေ့.. ”

“ရှင်… ကိုကို”

“ဘယ်လိုဖြစ်နေတာလဲ၊ ဘာတွေသုန်မှုန်နေတာလဲ၊ သောက်လေ မနက်စာတွေကော လ္ဘက်ရည်တွေပါ အေးကုန်ပြီဲ”

“ဒီပစ္စည်းတွေ ဘယ်လို သယ်ရမှန်းမသိလို့”

“ဟင်း.. မင်းဟာလေ…၊ အစထဲက တစ်ခြားသူတွေလို မသိဟန်ဆောင်နေလိုက်ပါလား။ ဒါမှမဟုတ်လဲ သူတို့လို မသယ်နိုင်တာတွေ ဘာမှ စိတ်ညစ်ခံမနေဘဲ ထားပစ်ခဲ့လိုက်ပြီးတော့ သူတို့လို မသိချင်ဟန်ဆောင်နေလိုက်ပေါ့။ သွားပြီး အစထဲက သယ်ပေးပါ့မယ်ဆိုပြီး သဘောတွေကောင်းပြနေပြီး၊ ခု.. ဘာလို့ သုန်မှုန်နေတာလဲ။ စိတ်ကလဲပျော့လိုက်တာ။ မင်းကိုလဲ ဘယ်သူမှ ကျေးဇူးတင်မှာမဟုတ်ဘူး။ သယ်လဲပေးရသေးတယ်.. ကိုယ်ကလဲ လူဆိုးဖြစ်ဦးမယ်”

“………………”

“ဟေ့ဟေ့.. ဘယ်သွားမလို့လဲ”

“business centre မှာ အင်တာနက်သွားထိုင်မလို့”

“ဘာလုပ်ဖို့လဲ၊ ”

“ပိုစ်တင်မလို့ရှင့်.. ရင်သွားဖွင့်မလို့၊ ရင်သွားဖွင့်မလို့၊ သူကလဲ အရေးထဲမှာ အမေးအမြန်းက ထူနေသေးတယ်.. ဟင်း”

ဒေါက်.. ဒေါက်.. ဒေါက်..ဒေါက်.. ဒေါက်...”

Sunday, January 11, 2009

ကောသလမင်း၏ အိပ်မက်များ

အဲဒီနေ့က ကျွန်မရဲ့ အနှစ်သက်ဆုံး စေတီလေးဖြစ်တဲ့ ကျိုက်ကလော့ စေတီကို ကျွန်မတို့ သွားဖြစ်တယ်။ တိုက်တိုက်ဆိုင်ဆိုင် နေ၀င်ချိန်ဆည်းဆာနဲ့ ဆုံလို့ ဓာတ်ပုံတွေရိုက်ဖြစ်ခဲ့တယ်။ နေ၀င်ပြီး ညမီးတွေလင်းတဲ့ထိ စေတီပေါ်မှာ ထိုင်နေလို့ အပြန်မှာတော့ ညကမှောင်နေပြီ။ အပြန်စေတီစောင်းတန်းမှာ ကျွန်မတို့ ငယ်ငယ်ကတည်းက သင်ခဲ့ရတဲ့၊ ကျွန်မလည်း အလွန်နှစ်သက်တဲ့၊ ကောသလမင်းရဲ့ အိပ်မက် ပန်းချီတွေကို ဘုရားစောင်းတန်းခေါင်မိုးတွေပေါ်မှာ ချိတ်ဆွဲထားတာ တွေ့တော့ ကျွန်မ ပျော်သွားပြီး ဓာတ်ပုံတွေ ရိုက်ယူခဲ့တယ်။

ပန်းချီတွေက ချိတ်ဆွဲထားတာ နံပါတ်စဉ်တိုင်းတော့ မဟုတ်ဘူး။ ဓတ်ပုံရိုက်နေရင်းလည်း နံပါတ်နှစ်က ပျောက်နေတာကို သတိထားမိလိုက်တယ်။အဲဒီနားမှာ ခပ်ပိန်ပိန်အဘိုးကြီး တစ်ယောက်က ဘုရားခွေးတွေကို ညစာကျွေးနေတယ်။ စောင်းပဲ့နေတဲ့ သံပန်းကန်ထဲက ဆန်တွေကို ချောင်ချိုချောင်ကြားမှာ ကြောက်လန့်နေဟန်ရှိတဲ့ ခွေးတွေကို ချကျွေးနေတဲ့ သူက ကောသလရဲ့ နံပါတ်၂ပန်းချီကို ရှာနေတဲ့ ကျွန်မတို့ကို၊ နံပါတ်၂ပန်းချီက ဟိုတစ်လောက မိုးပြင်းလို့ ပြုတ်ကျလာလို့ သိမ်းထားလိုက်ပြီလို့ ပြောတယ်။ နောက် အဲဒီအဘိုးနဲ့ အခြားအရာတွေ တော်တော်ကြာကြာ ပြောဖြစ်တယ်။ နောက်တော့ သူထွက်သွားတော့ ကျွန်မ ဇွဲမလျော့ပဲ စောင်းတန်းတစ်လျှောက် နံပါတ်နှစ် ပန်းချီကို လိုက်ရှာတာ၊ ထင်ထားတဲ့အတိုင်း အခြား ဇာတ်ဝင်ခန်း ပန်းချီတွေကြားမှာ ညှပ်နေတာတွေ့လိုက်တယ်။ ဒါနဲ့ ကျွန်မ အမြဲလိုချင်ခဲ့တဲ့ ကောသလအိပ်မက် ၁၆ချပ်ကို ပြည့်ပြည့်စုံစုံ ရလာတော့တာပါပဲရှင်။ စိတ်ဝင်စားသူများတွက် အခု ပြန်လည်ဝေမျှထားခြင်းဖြစ်ပါသည်ရှင်။

































Tuesday, January 06, 2009

အရှုံးသမား ဘီလီ


သည်ရုပ်ရှင် ကို ၁၉၉၇ ခုနှစ် စတင်ရုံတင်ကတည်းက၊ ရုံမှာ တစ်ခါမှ မကြည့်ဖူးသူဟာ ခေတ်နောက်ကျသည့်သူဟု သတ်မှတ်ကြကြေး ဆိုလျှင် ကျွန်မထိပ်ဆုံးကပဲ ဖြစ်ပါလိမ့်မည်။

****

အပြင်မှာ နှင်းတွေ တဖောက်ဖောက်ကျနေတယ်။ ပြူတင်းပေါက်နားမှာ ရပ်၊ ကန့်လန့်ကာကို ဖွင့် အပြင်ကိုကြည့်လိုက်တော့၊ မြင်မြင်ရာ နှင်းပြင်ကြီး။ ဒီတစ်နှစ် နှင်းကျတာ အရင်နှစ်တွေကထက် ပိုမိုပြင်းထန် သိပ်သည်းလွန်းနေသလို။ စိတ်ပျက်ပျက်နှင့် ပြူတင်းပေါက်မှခွာ၊ မီးလင်းဖိုနားကိုလျှောက်လာလိုက်တယ်။ နောက်… မီးလင်းဖိုနားက ကုလားထိုင်မှာ ထိုင်ချပြီး ရုပ်မြင်သံကြား ခလုပ်ကို လေးတွဲ့စွာနှိပ်လိုက်တယ်။

မှန်သားပြင်ပေါ်မှာ အလွန်ကြီးမား ခမ်းနားလွန်းတဲ့ ပင်လယ်ကူးသင်္ဘောကြီးတစ်စင်းက၊ ပင်လယ်လှိုင်းတွန့်တွေကြားမှာ တငြိမ့်ငြိမ့် ခရီးနှင်နေတယ်။

“ဟွန်း.. လွှင့်ပြန်ပြီ..”

ရုပ်မြင်သံကြားစက်ကို ဖွင့်ထားပြီး လက်ပ်တော့ပ်လေးကို ပေါင်ပေါ်တင်လိုက်တယ်။ ပြီးတော့ သည်သဘောင်္ပုံလေးကို ပန်းချီဆွဲရင်း၊ ကျွန်မအတွေးတွေက အတိတ်နဲ့ ပစ္စုပ္ပန်မှာ လူးလာခေါက်တုံ့ ပြေးချည်သန်းချည်။
သည်အဖြစ်အပျက်ဆိုးကို ၁၉၅၃ခုနှစ်ကလဲ တစ်ခါ ရုပ်ရှင်၇ိုက်ကူးပြသဖူးကြသေးတယ်။ ဟိုးတုန်းက မိဘတွေနှင့် အတူတူထိုင်ပြီး အိမ်မှာ ထိုရုပ်ရှင်အဟောင်းကို အခွေထိုးပြီး ကြည့်ဖူးစဉ်ကတည်းက သိင်္ဂါရ ရသကို ဘယ်လိုမှ ခံစားလို့မရ။ လူတွေ အစုလိုက်အပြုံလိုက် သေကြေနေသည်ကို ကိုယ့်အတွက် ဖျော်ဖြေရာဟု မည်သို့မျှ ခံစားလို့ မရ။

သည်ရုပ်ရှင်ကို ၁၉၉၇ခုနှစ်မှာ ရုံတင်တော့လည်း၊ ခုနှစ်ခါ၊ ရှစ်ခါမြောက် ရုံမှာ သွားသွားကြည့်ကြသူများတောင် ရှိတယ်လို့ ကြားစဉ်က ကိုယ်ပဲ တစ်ခုခုမှားနေတာလားလို့ တွေးလိုက်မိသေးတယ်။

သည်ရုပ်ရှင်ကို နံပါတ်တစ်အနေနှင့် မကြိုက်တဲ့ အချက်ကတော့…..
ဘုရားဘုရား… ဘလော့ဂါ မြီးကောင်ပေါက်မလေးများ မသိပါစေနဲ့… :)
ပြောပြီနော်…
မင်းသား…
ဟုတ်ကဲ့.. လီယိုနာဒိုဒကာပရီယို…. ဆိုတဲ့ မင်းသားကိုပါပဲ။ နာမယ်ကလဲ ရှည်လျားလွန်းလှပါသော ဖြူဖပ်ဖြူလျော်နဲ့ ထိုမင်းသားကို လုံးဝကို မကြိုက်ပါ။

(အခြားဘယ်မင်းသားကိုမှလဲ မကြိုက်တတ်ပါ — ဂျော်နီဒက်ပ် မှ လွဲပြီး)

နောက်ပြီး… သည်ရုပ်ရှင်မှာ ဗီလိန်ဘီလီကို၊ ဗီလိန် မဖြစ်ဖြစ်အောင် အတင်းတွန်းပို့ထားရတယ်လို့လဲ ထင်ပါတယ်။ တစ်ကယ်တော့ ရိုစ်တို့ သားအမိဟာ အထည်ကြီးပျက် ဘ၀နဲ့နေလာရာမှ သူငှေးသားဘီလီကို ရိုစ်ရဲ့အမေကြီးက၊ သမီးကိုဘမ်းပြပြီး ဖမ်းထားခြင်းဖြစ်ပါတယ်။ ဘီလီက ရိုစ်အတွက်၊ စေ့စပ်တဲ့ အထိမ်းအမှတ်နဲ့ စိန်လည်ဆွဲကြီးကို လက်ဆောင်အဖြစ်ပေးထားခြင်းဖြစ်ပါတယ်။ အပြစ်မဲ့တဲ့ရိုစ်ကို ငွေနဲ့ သိမ်းပိုက်ခြင်းခံရတဲ့ ပုံမျိုး လုပ်ထားခြင်းဖြင့်လည်း ဘီလီရဲ့ ဗီလိန်အသွင်ကိုလဲ ပိုပြီးပီပြင်စေပါတယ်။


ရုပ်ရှင်ကြည့် ပရိတ်သတ်အားလုံးအနေနဲ့ ဂျက်နဲ့ ရိုစ်လေးကိုပဲ အပြစ်မဲ့သော၊ အချစ်နွံမှာနစ်သော သနားစရာချစ်သူတွေလို့ မြင်အောင် လုပ်ထားရတာပေါ့နော်။ ဂျက်ကို ပိုပြီး လူစွမ်းကောင်းဖြစ်စေတာကတော့ ချစ်သူကို အသက်စွန့်ပြီး ကယ်ပေးသွားတဲ့ အခန်းလေးပါပဲ။ ဟို ဘီလီဆိုတဲ့လူကတော့ အနားက ကလေးတစ်ယောက်ကောက်ချီပြီး လွတ်ရာပြေးတဲ့ လူယုတ်မာကိုဖြစ်သွားတာပေါ့နော်။

တစ်ကယ်တမ်း အရှုံးသမားကတော့ ဘီလီပါပဲ။
(၁) သူ့မှာရှိတဲ့ ပစ္စည်းဥစ္စာကြောင့် ရိုစ်တို့သားအမိရဲ့ သားမက်ဖမ်းခြင်းကို ခံရပါတယ်။

(၂) သားမက်ဖမ်းခံရရုံသာမက၊ မိန်းမလှလေးရဲ့ အချစ်ကို မရတဲ့ အပြင်၊ သစ္စာမဲ့မှုနဲ့ အမုန်းတရားကို ရတယ်။

(၃) သူ ရည်ရွယ်ထားတဲ့ မိန်းကလေးက၊ တမိုးအောက်တည်းမှာပဲ အခြားတစ်ယောက်ရဲ့ ရင်ခွင်မှာ ပျော်ပါးနေတယ်။

အချစ်နဲ့ စစ်မှာ အမှန်တရားးးးးးးးးးး လို့ ပြောပြီး ရိုစ်နဲ့ဂျက်တို့ မှန်တယ်ထား………….. ရိုစ့်ကို သူ အမြတ် တနိုးပေးထားတဲ့ စိန်လည်ဆွဲကြီးကို ရိုစ်က မီးခံသေတ္တာကြီးထဲက ထုတ်၊ ဂျက်လက်နဲ့ အကုန်ဖော်လုနီးပါး သူ့ရင်ဘတ်ကြီးပေါ်မှာ ဆွဲခိုင်းရုံသာ မက၊ အရှိန်တွေတက်ပြီးတော့ ၀တ်လစ်စလစ်နဲ့ကို တစ်ခြားယောင်္ကျား တစ်ဦးကို ပန်းချီဆွဲခိုင်းတော့တာပါပဲ။ ဘီလီနေရာမှကြည့်ရင်၊ ရင်နာစရာကောင်းလိုက်လေခြင်း.. ဟင်းဟင်း ဟင်း။ မတောက်တခေါက် စာရေးသူ၊ မတောက်တခေါက် ပန်းချီဆွဲသူ ကျွန်မတောင် မျက်စိလည်သွားတယ်။ အခြားသော ၀ါရင့် ပန်းချီသမားတွေ၊ အနုပညာသမားတွေ ဒီဇာတ်ဝင်ခန်းကို ဘယ်လိုမြင်လဲတော့ ကျွန်မလဲ မမေးမိ။ အဲ.. ပုရိဿပန်းချီသမားတွေရဲ့ အတွေးကိုလဲ မေးခွန်းမထုတ်လို(ရဲ)ပေမယ့် ဒါဟာ အနုပညာလား။ nude painting တို့ figure painting စတဲ့ ဥရောပသားတွေရဲ့ တီထွင်မှုတွေကိုတော့ ကျွန်မလဲ သိပ်တော့ လိုက်မမှီဘူးရှင်။ ဒီကြားထဲမှာ အမျိုးသမီးလှုပ်ရှားမှု အသင်းတွေဘာတွေက ကြားရင် Women’s rights တို့ equality vs equity စတဲ့ စကားလုံးတွေကို အသုံးပြုပြီး “မိန်းမတစ်ဦးရဲ့ရင်ဘတ်နဲ့ ယောင်္ကျားတစ်ဦးရဲ့ ရင်ဘတ်၊ ကွာခြားမှု မရှိ” ဆိုတဲ့ ၀ါကျတွေနဲ့ ကိုင်ပေါက်ရင်တော့ ကျွန်မ မတတ်နိုင်။ ဒါဆိုကျွန်မကလဲ ပြန်ငြင်းခုံ မိလိမ့်မယ်ထင်ပါတယ်။ physical structure အရ အသွင်ကိုက စပြီး မတူပါဘူး။ နောက်တစ်ခုက မွေးကင်းစ ကလေးလေးတွေအတွက်လဲ၊ မိန်းမတစ်ဦးရဲ့ရင်ဘတ်နဲ့ ယောင်္ကျားတစ်ဦးရဲ့ ရင်ဘတ်ဟာ အကြီးအကျယ် ကွာခြားမှု ရှိပါတယ်။ ရေးရင်းနဲ့ ဘယ်တွေရောက်ကုန်ပြီလဲတောင် မသိဘူး။

ရိုစ်ကို ပြန်သွားပါ့မယ်…။

ရိုစ်က အသက်ကလဲ တစ်ဆယ့်ခုနှစ်ပဲ ရှိသေးတယ်ဆိုတော့ နောက်တစ်ချက်က အဲဒီပန်းချီသာ အခြားလူတစ်ဦးဦးလက်ထဲရောက်သွားရင် child pornography နဲ့ ဒီခေတ်မှာဆို အမှုတောင်ဖြစ်နိုင်မလားမသိ။

နောက်ဆုံးအချက်ကတော့ .. သဘောင်္ ရေခဲတောင်ကြီးနဲ့ တိုက်မိပြီး၊ အဲဒီဒဏ်နဲ့ သဘောင်္နစ်ပြီး လူတွေအများကြီး သေကြေကြရတာကတော့ သူတို့ရဲ့ ပယောဂ လုံးဝ မကင်းဘူးလို့ ထင်ပါတယ်။ သူတို့နှစ်ယောက်ချစ်ရည်လူးနေတာကို ကုန်းဘတ်ပေါ်က တာဝန်ကျ အမှုထမ်းနှစ်ဦးက မျက်စိစားပွဲထိုင်နေတာနဲ့ ရေခဲတောင်ဖြူဖြူကြီး အနားမှာ ပြူးပြူးကြီး ရောက်နေတာကိုတောင် မမြင်နိုင်လောက်အောင် တာဝန်မဲ့ရတဲ့ အဖြစ်။


အဲဒီလို သဘောင်္ကြီး နစ်တော့ပြီး ဘီလီ လွတ်မြောက်လာတော့လဲ စတော့ဈေးကွက်တွေအရှုံးပေါ်ပြီး ဘီလီဟာ ကိုယ့်ကိုကိုယ်တောင် သတ်သေရတဲ့ အထိ အဖြစ်ဆိုးလှတဲ့ ဘီလီပါပဲ။ ချစ်သူလဲဆုံး၊ စိန်လည်ဆွဲလဲဆုံး၊ အခြားစည်းစိမ်ဥစ္စာတွေလဲဆုံး၊ နောက်ဆုံး အသက်ပါဆုံး၊ ပရိတ်သတ်တွေကလဲမုန်းတဲ့ ကံဆိုးလှတဲ့ ဘီလီပါပဲ။ ရိုစ်ကတော့ မှန်ပါတယ်။ အရင်တုန်းက ကိုယ်နေခဲ့တဲ့ ဘ၀ ပြန်ရောက်ဖို့ ကိုယ်မချစ်တဲ့ သူကြီးနဲ့တော့လဲ ဘယ်နေနိုင်ပါ့မလဲ။ ဒါပေမယ့်လဲ ကိုယ်နဲ့ စေ့စပ်ထားတဲ့လူပေးထားတဲ့ စိန်ကြီးကို ထုတ်ဆွဲရုံသာမက၊ အကုန်ချွတ်ပြီး အခြားယောင်္ကျားတစ်ယောက်ကို ပန်းချီဆွဲခိုင်းတာကတော့ ….။ ဟုတ်ကဲ့…. ဆယ်ကျော်သက်ကတည်းက အနောက်နိုင်ငံတစ်နိုင်ငံကို ရောက်ရှိခဲ့ပေမယ့်လဲ အလွန်ခေတ်နောက်ကျသော ကျွန်မ၏ တွေးခေါ်ပုံလို့ပဲ သတ်မှတ်လိုက်ကြပါတော့။


သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းတွေမှာ ဘာဖြစ်လို့ တစ်ယောက်က အမြဲ လူဆိုးဖြစ်ရတာပါလဲ။ နှစ်ယောက် ပေါင်းဆုံနိုင်ဖို့ ကျန်တစ်ယောက်က လူဆိုး အမြဲဖြစ်ပေးရတာ စာပေလောက၊ ရုပ်ရှင်လောကတွေမှာ ဟိုးတုန်းကဆိုရင် ပိုပြီး norm လိုဖြစ်ခဲ့တယ်။

ဒီဇာတ်လမ်းမှာတော့ ဒါရိုက်တာက လူဆင်းရဲ ငမွဲတွေဘက်က စာနာစိတ်နဲ့ ဂျက်ကို မင်းသားလုပ်ထားတာ ဘာကြောင့်လဲဆိုတာ ကျွန်မ ကိုယ်ချင်းစာပါတယ်။ ကျွန်မဆိုလဲ ဒီလိုဇတ်လမ်းမျိုးပဲ ရေးမိမှာပဲ။ အဲဒီသဘောင်္ကြီးမှာ ပထမတန်းစား၊ ဒုတိယတန်းစား နဲ့ တတိယတန်းစား လူတန်းစား သုံးမျိုးခွဲထားတယ်။ တစ်ကယ်အပြင်မှာ သဘောင်္နစ်တုန်းက အထက်တန်းလွှာတွေ ၆၀% အသက်ရှင်တယ်။ ဒုတိယတန်းစားတွေက ၄၂% အသက်ရှင်တယ်။ လူ့ငမွဲတွေက ၂၅% ပဲ အသက်ရှင်တယ်လို့ ၀ီကီမှာ ကျွန်မ ဖတ်ရတယ်။ အထက်တန်းလွှာမှာ ကလေး ရ ယောက်ပါလာတာ၊ ၁ ယောက်ပဲ ဆုံးရှုံးတယ်လို့ ဆိုတယ်။ ဒုတိယတန်းလွှာက ကလေးတွေအားလုံး အသက်ရှင်ပြီး၊ တတိယတန်းလွှာမှာ ကလေး ၃၄% နှုန်းပဲ အသက်ရှင်တယ်လို့ ဆိုတယ်။ နောက်ပြီး အထက်တန်းလွှာက မိန်းမတွေ အားလုံး အသက်ရှင်တယ်။ ဒုတိယတန်းလွှာက ၈၆% မိန်းမတွေ အသက်ရှင်တယ်။ တတိယတန်းလွှာက မိန်းမတွေကတော့ တစ်ဝက်ကျော်ကျော် ပင်လယ်ထဲမှာ စတေးခံခဲ့ရတယ်လို့လဲ ဆိုထားပါတယ်။ academic paper တွေရေးရင် ၀ီကီကိုအသုံးပြုဖို့ တက္ကသိုလ်တွေ၊ ယူနီတွေက အားမပေးပေမယ့် အနီးစပ်ဆုံးတော့ မှန်နိုင်လောက်ပါတယ်။ ငွေကြေးဓနဟာ လူတစ်ယောက်ရဲ့ အသက်ရှင်မှု ကိုတောင် ဆုံးဖြတ်ပေးတတ်တဲ့ ဒီလူ့ကမ္ဘာမှာ၊ ဒါရိုက်တာက ဘယ်လိုမှ အောက်တန်းလွှာက ကောင်လေးတစ်ယောက်ကို ဗီလိန် မလုပ်ခိုင်းရက်တဲ့ စိတ်ကို ကျွန်မ နားလည်ပါတယ်။

ဒါရိုက်တာရဲ့ လက်ဖျားလေးတွေထိပ်မှာ မိမိကံကြမ္မာ အဆုံးအဖြတ်ပေးခံရကြတဲ့ ဇာတ်ကောင်လေးတွေရဲ့ ဘ၀ကို ဆောင်းနှင်းခဲတွေ ကျတဲ့ ညမှာ စဉ်းစားစိတ်ကူးမိတဲ့ စာစုလေးတစ်ခုပါ။

comments from www.ainchannmyay.com

1. ပေါင်ပေါ်မှာ ရွက်လွင့်နေတဲ့ သင်္ဘောကြီး ကြည့်သွားတယ်.. ဟုတ်ပ ဟုတ်ပ.. တစ်ရံတစ်ခါဆို သတ်ပါတီလေးများကို သနားမိကြောင်းပါ. ဆင်းရဲခြင်းက အပြင်မှာသာ မကောင်းတာ ရုပ်ရှင်တွေ ဇာတ်လမ်းတွေ ထဲမှာတော့ အသာစီးဘက်က ချည်းပဲနော်.. စကားမစပ်.. တက်ကနီကယ်လီ.. ကျနော်လည်း ဂျော်နီဒစ်ပ် ကြိုက်တယ်.. မင်္ဂလာနှစ်သစ်ပါ မအိမ့်..
Comment by Tesla — January 6, 2009 @ 5:48 pm |

2. မမ ဟုတ်တယ် လီယိုနာဒို မွန်လဲမကြိုက်ပါ ဂျွန်နီးက်ပ် မွန်လဲကြိုက်တယ် ဟိ
titanic ကိုလဲ ဘယ်တုန်းကမှ သင်္ဂါရ ရသအဖြစ်ခံစားလို့မရခဲ့ပါ ဝိဘစ္ဆရသအနေနဲ့တော့ သဘောင်္ကြီးကို လူသားတွေကို ရေခဲတောင်ကို စိတ်ဝင်တစားကြည့်ခဲ့ပါရဲ့
ဂ၇ုဏာရသကိုခံစားရတာကတော့ မင်းသားမင်းသမီးအလွမ်းသယ်ခန်းထက် သဘောင်္နစ်ကာနီး လူတွေသွေးရူးသွေးတန်းဖြစ်နေချိန်မှာ တီးဝိုင်းက ဂီတ်ပညာရှင်တွေ ဖျော်ဖြေနေရှာတဲ့ အခန်းပါပဲ
Comment by မွန် — January 6, 2009 @ 6:34 pm |

3. ဆရာချစ်ဦးညိုရဲ့ လဏဿဒီပချစ်သူကို သတိရသွားတယ် မလေး
ှငွေ ငွေ ငွေ …. မရှိရင်မဖြစ်ဘူး ဟူး
Comment by ၁၈၂ — January 6, 2009 @ 11:35 pm

4. အစ်မပြောမှာပဲ ဘီလီ ကိုသနားရမှန်းသိတော့တယ် အဲ့ဇတ်ကားကြည့်တုန်းက အဓိက ဇတ်ဆောင်တွေကို ဘယ်သူ့ကို သနားရမယ်ဆိုတာထက် လူတွေအများပြာသေးနေတာကိုပဲ စိတ်မကောင်းဖြစ်နေမိတာ ။ ဒါနဲ့ ဘီလီနဲ့ ရို့စ်က မယူရသေးဘူး မဟုတ်လား ကျနော်က အဲ့စကားနားမလည်ကြည့်ဖူးတာ ၉ တန်းတုန်းကဆိုတော့ မှန်းခြေနဲ့ပဲ သိတာ ။ ဂျက် က ရို့စ်ကို နှုတ်ဆက်အန်းပေးပြီး ရေနစ်သွားတဲ့ ဇတ်ဝင်ခန်းလေးတော့ မြင်ကွင်းထဲမထွက် စိတ်မကောင်းလွန်းလို့ ။
Comment by မောင်မျိုး — January 7, 2009 @ 3:24 am

5. သည်ရုပ်ရှင် ကို ၁၉၉၇ ခုနှစ် စတင်ရုံတင်ကတည်းက၊ ရုံမှာ တစ်ခါမှ မကြည့်ဖူးသူဟာ ခေတ်နောက်ကျသည့်သူဟု သတ်မှတ်ကြကြေး ဆိုလျှင် မလေးနောက်မှာ လေးမ ရပ်ပါတယ်..။ ဒီရုပ်ရှင် မလေးထောက်ပြမှ ၀င်ပြီး မကြိုက်တာမျိုးတော့ မဟုတ်ပါဘူး..။ မလေး ထောက်ပြတဲ့ အချက်တချို့ ကိုလည်း သတိမထားမိဘူး..။ ဘာလို့ လည်းဆိုတော့ နာမည်ကြီးလို့ သာ ငှားကြည့်လိုက်တယ်.. စဆုံးသေချာမခံစားဘဲ ကြည့်ခဲ့မိတယ်..။ ခုချိန်မှာ ဘာကြိုက်လဲလို့  မေးရင် သီချင်းကြိုက်ပါတယ်..။ ဘာပဲဖြစ်ဖြစ် မလေး ထောက်ပြတာလေးဖတ်ပြီး ပိုလို့ တောင် ရင်မခုန်မိတော့ဘူး..။
ဒါနဲ့ မလေး.. အဖျား တော့ မရှိဘူးမို့ လား.. ရမ်ဘိုလို ဖြစ်မှာစိုးလို့ .. ဟိ..ဟိ.. စတာ..။
Comment by layma — January 7, 2009 @ 8:20 am

6. မလေးရဲ့အမြင်သစ်လေးကို ခံစားသွားပါတယ်။
ပုံလေးဆွဲထားတာကိုလည်း ကြည့်သွားတယ်။
Comment by ပန်ဒိုရာ — January 7, 2009 @ 9:06 am

7. I never thought about a child was being saved by Billy until now. That’s a positive thinking. You must be a detail oriented person Ma Lay.
Ain Shin Ma
Comment by lynda — January 7, 2009 @ 10:25 am

8. တက်စ်လာ .. ကိုတက်စ် ဂျော်နီဒက်ပ်ကို တက်နီကာလီပဲ ကြိုက်လိမ့်မယ်လို့ မလေး မျှော်လင့်ပါတယ်
မွန် .. မွန်က ဒါဆိုရင် ထူးခြားသော မြီးကောင်ပေါက်မလေးပေါ့နော်
၁၈၂ .. မလေးတောင် လင်္ကာဒီပ စာအုပ် မြန်မာပြည်က အပြန်ဝယ်ဖို့ မေ့သွားတယ်။
မောင်မျိုး .. မယူရသေးလို့ ပန်းချီအဆွဲခံလဲ စိန်ကြီးကို ဘေးဖယ်ထားပေါ့။ မလေးသာ ပန်းချီသမားလေးဆိုလဲ စိန်ကြီးမပါလဲ လှပြီးသားပါဆိုပြီး စိန်ကြီးဖယ်ထားလိုက်မယ်။
လေးမ .. လေးမ၊ လေးမ၊ မလေးလေ..ဒီတစ်ခါ သေချာကို အဖျားတိုင်းပြီးမှ ရေးတာပါကွယ်။ ဟင်းဟင်း ပြောရင်း အဖျားတောင် တက်ချင်လာပြီ။
ပန်ဒိုရာ .. ဟုတ် မပန်၊ သတိရတယ်။
လင်ဒါ .. မလေးက သူများနဲ့ ပြောင်းပြန်ကြီး မြင်တတ်တဲ့ အမြင်လားမသိပါဘူး လင်ဒါရယ်..
Comment by မလေး — January 7, 2009 @ 1:01 pm

9. ဘယ်ကလာမြီးကောင်ပေါက်မလေးရမလဲ မမရဲ့
မွန့်အသက်က ၂၃နှစ်တောင်ရှိနေပြီပဲ အဲဒီစိန်လည်ဆွဲနဲ့ပန်းချီကို စိန်ပြေနပြေဆွဲတဲ့ ကိုကိုဂျက်ကို ကြည့်လို့ကိုမရဘူး ပုံကိုက ပေါ့ပျက်ပျက်နဲ့ ဟီး မွန်က မကြိုက်တရာ ကြိုက်တရာ အဲလိုပဲ ဒါပေမယ့် ဇာတ်ခမ်းထဲက ဂျင်စရိုက်ကိုက အဲလိုဘာကိုမှအလေးအနက်မထားတဲ့ ခပ်လေလေခပ်ပေပေ ပန်းချီဆရာပေါက်စစရိုက်ပဲမို့ထင်ပါတယ်လေ နော်
Comment by မွန် — January 7, 2009 @ 2:48 pm

10. သိပါဘူး .. မလေးက မွန့်ကို မြီးကောင်ပေါက်မလေး ထင်လို့
Comment by မလေး — January 8, 2009 @ 1:25 pm

Sunday, January 04, 2009

အဲဒီလိုနဲ့ ..

ဒီလိုနဲ့ …
ဒဏ်ရာရခဲ့တဲ့
ကန္ထာရ နှစ်များနဲ့လည်း
သစ္စာထားခဲ့ပြီ။

အဲဒီလိုနဲ့ …
အမှန်တရားကိုလဲ
ထမင်းစားဖိတ်ခဲ့ပြီ။


အဲဒီလိုနဲ့ ..
နေကြာပွင့်တွေကိုလဲ
နေသာခွင့်ပေးလိုက်ပြီ။

အဲဒီလိုနဲ့ ..
အဆိပ်နဲ့ မိတ်ဖွဲ့
အိပ်မက်တွေကိုလဲ
ဘိလပ်ရည်တိုက်ခဲ့ပြီ။
….
….
အဲဒီလိုနဲ့
လွတ်လပ်ရေး ကဗျာအတွက်
မြေတစ်ကွက် ထွန်ယက်ပြီးခဲ့ပြီ။

ခေါင်းစဉ်မမှတ်မိတော့သော မောင်ချောနွယ်ရဲ့ ကဗျာတစ်ပုဒ်ပါရှင်…။

၁၉၄၃ သြဂုတ်လဆန်း ၁ရက်နေ့မှာ၊ မြန်မာပြည် လွတ်လပ်ရေး ရဖူးပါတယ်။ ဂျပန်တွေပေးသော လွတ်လပ်ရေးပါ။
၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၄ရက် မှာလဲ မြန်မာပြည်လွတ်လပ်ရေး ရဖူးပါတယ်။ ဗြိတိသျှတွေ ပေးသော လွတ်လပ်ရေးပါ။
…..
…..
စကော်လာတွေ အနေနဲ့ “လွတ်လပ်ရေး” တို့ “အမှန်တရား” တို့ ဆိုတာတွေကို စာတစ်စောင် ပေတဖွဲ့ ငြင်းခုံ နိုင်ကြပေမယ့် ….
၆၁ နှစ်မြောက်သော လွတ်လပ်ရေးနေ့ အတွက် အမှတ်တယ လေး တစ်ခု အနေနဲ့ ဒီစာလေးကို တင်တာပဲ ဖြစ်ပါတယ်ရှင်။

Friday, January 02, 2009

မြတ်နိုးတတ်ခြင်းများ၏ နောက်ကွယ်တွင်…

ကျွန်မလေ ကိုယ့်ကိုကိုယ်လှတယ်လို့ တစ်ခါမှ မပြောခဲ့ပါဘူး။ ဒါပေမယ့် လူတွေက ကျွန်မကို သိပ်လှတယ်လို့ထင်ကြတယ်။ ကျွန်မကို ရုတ်တရက်မြင်လိုက်သူတွေရဲ့ မျက်ဝန်းတွေဆိုတာ အရောင်တလက်လက် တောက်ပသွားတတ်တယ်။ ကျွန်မရဲ့ ကြီးမြတ်ခမ်းနားတဲ့ အလှအပအောက်မှာ ကျရှုံးသွားကြတဲ့ သူတွေဆိုတာ ရေတွက်လို့ မရတော့ဘူး။ ကျွန်မကို ပိုင်ဆိုင်လိုကြတယ်။ ရူးသွပ်ကြတယ်။ ကျွန်မကြောင့် ရန်ပွဲတွေဖြစ်ဖူးတယ်။ အသက်စွန့်သွားရတဲ့ သူတွေတောင် ရှိသေးတယ်။ ကျွန်မကို ရူးသွပ်ကြမယ်ဆိုလဲ ရူးသွပ်လောက်ကြပါတယ်။ ကျွန်မရဲ့ အသားအရည်ဟာ ဖြူဝင်းနေတယ်။ သွေးဆုတ်နေတဲ့ ဖြူဖြူကြီးမျိုးတော့ မဟုတ်ဘူးရှင့်။ ပန်းသွေးရောင် ဒါမှမဟုတ် ရွှေရောင်လွှမ်းလို့ ကြည့်တိုင်းယဉ်တဲ့ အလှမျိုး။ နန်းတော်ခုနှစ်ဆောင် မီးမထွန်းဘဲ လင်းတဲ့ အလှမျိုးဆိုသလိုပါပဲ။

တစ်ကယ်တော့ ကျွန်မက ဟိုးရွာငယ်လေးတစ်ရွာက ရောက်ရှိလာတာပါ။ နေ့လည်ခင်းတစ်ခု၊ ကျွန်မနေတဲ့ ရွာလေးနဲ့ မနီးမဝေး ရေစပ်နားက ကျောက်တုန်းနားမှာ ကျွန်မ ရှိနေစဉ် တစ်ရက်ပေါ့။ ခပ်လှမ်းလှမ်းမှာ သေနတ်ကိုင်လူတစ်စုက ဒူးလောက်နက်တဲ့ ရေနောက်ထဲမှာ အလုပ်လုပ်နေတဲ့ ကလေးတစ်အုပ်စုကို စူးစူးရွားရွားမျက်လုံးတွေနဲ့ စောင့်ကြည့်နေကြတယ်။ ကလေးတွေဟာ အစာအဟာရချို့တဲ့နေမှန်းသိပ်သိသာနေတယ်။ ဒူးခေါင်းနဲ့ တံတောင်ဆစ်မှာ အရိုးတွေငေါထွက်နေတာကို အဝေးကနေ မြင်ရလောက်အောင် ပိန်လိန်နေကြတယ်။ နေပူခံနေရတဲ့ ကျောပြင်မှာ အ၀တ်ဗလာမို့ နေလောင်ထားတဲ့ အသားတွေဟာ မီးသွေးခဲက အဘ ခေါ်ရလောက်အောင် မဲမဲမှောင်နေတယ်။ သူတို့တွေဟာ ထမင်းဖိုး၊ ဟင်းဖိုး၊ ကျောင်းဖိုး၊ စာအုပ်ဖိုး၊ အတွက် မိုင်ပေါင်းများစွာဝေးတဲ့ ဒီကမ်းမှာ လာလာပြီး အလုပ်လုပ်ကြရတယ်။ သက်ကြီးရွယ်အို မိဘတွေ၊ ခြေလက်မရှိကြတဲ့ မိဘတွေကို အလုပ်လုပ်ကျွေးကြရတယ်။ သူတို့ရဲ့ ခြေထောက်တွေက အနာတွေဟာ ရေမှာနူးပြီး ပုပ်ပွမတတ်လဲ ဖြစ်နေတတ်တယ်။

ကျွန်မ ကျောက်တုန်းတွေနားမှာ ပုန်းအောင်နေတုန်း ဖြုန်းဆို ကလေးတစ်ဦးကို သေနတ်ကိုင် လူတစ်စုက ဆွဲခေါ်သွားတာကို တွေ့လိုက်တော့ ကျမ ထိတ်ထိတ်လန့်လန့်နဲ့ အသံမထွက်နိုင်အောင် ကြိုးစားနေရတယ်။ နောက်တော့ သေနတ်ကိုင်လူတစ်ဦးက အဲဒီကလေးရဲ့ ပါးစပ်ကို အတင်းဆွဲဟပြီး ပါးစပ်ထဲကို လက်နဲ့ နှိုက်လိုက်တယ်။ ပြီးတော့ အရာတစ်ခုကို ဆွဲထုတ်လိုက်တယ်။ ပြီးတော့.. ပြီးတော့ .. အဲဒီကလေးကို အနားက သစ်တုံးတစ်တုံးနားကိုခေါ်သွားပြီး ကလေးရဲ့ လက်နှစ်ဖက်လုံးကို အနားက ဓါးတစ်လက်နဲ့ ဖြတ်ပစ်လိုက်တာကို ကျွန်မတွေ့လိုက်ရတယ်။ ကျွန်မ ကျောက်တုံးတွေကြားက ရွံတွေထဲ မြုပ်လုမတတ် ပုန်းခိုနေလိုက်တယ်။ ကျွန်မ အသားတွေကတော့ တဆတ်ဆတ်တုန်လာတော့တယ်။ တစ်ကယ်တော့ ကျွန်မအတွက် ဒါမျိုးမြင်ကွင်းတွေကို မြင်နေကြမို့ သိပ်တော့ မဆန်းတော့ပါဘူး။ ကျွန်မအနေနဲ့ကလဲ ဒီကလေးတွေကို ဘယ်လိုမှ မကူညီနိုင်ဘူးလေ။ ဒီအတိုင်း ငြိမ်ပြီးကြည့်နေကြရတယ်။ နောက်ပြီး ကျွန်မဟာ သိပ်မာ တဲ့ သူပါ။ ကျွန်မတို့ ညီအစ်မတွေကို ကမ္ဘာပေါ်မှာ အမာဆုံးတွေလို့လဲ တင်စားကြတယ်။ အချို့တွေကလဲ ကျွန်မတို့ဟာ ကြယ်တံခွန်တွေ မြေပေါ်အရှိန်နဲ့ သက်ဆင်းလာပြီး၊ ပြင်းထန်စွာ ပေါက်ကွဲမှုတွေအောက်မှာ၊ မီးတောင်တွေ ပေါက်ကွဲမှုတွေကြားမှာ၊ မွေးဖွားကြီးပြင်းလာကြလို့ ဆိုပြီး အထင်ကြီးလေးစားကြတယ်။ အချို့တွေကြတော့လဲ ကျွန်မတို့ အလှအောက်မှာ ရှုးသွပ်ပြီး ရန်ပွဲတွေ၊ လူသတ်ပွဲတွေ ဖြစ်ကြလို့ ကျွန်မတို့ကို သွေးစွန်းသူများလို့ တင်စားကြတယ်။ အဲသလို ကျွန်မတို့ကို အထင်ကြီးကြ၊ ရှုးသွပ်ကြတဲ့အတွက် ဖမ်းဆီးချုပ်နှောင်လို့ ရောင်းစားဖို့လဲ ကြိုးစားကြတယ်။ ကျွန်မတို့ကို ရောင်းစားပြီး ရတဲ့ငွေတွေဟာ စစ်ပွဲတွေတွက် လက်နက်တွေဝယ်ကြတဲ့အခါ၊ မူးယစ်ထုံထိုင်းစေတဲ့ ဆေးဝါးတွေ ရောင်းဝယ်ဖောက်ကားတဲ့အခါတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးချလာကြတယ်။

ကျွန်မရဲ့ ဇာတိမြေက ဒီရွာငယ်လေးက ဆိုပေမယ့်လဲ ကျွန်မရဲ့ ဆွေမျိုးတွေက ကမ္ဘာအနှံ့အပြားမှာရှိတယ်။ ကနေဒါ၊ အင်းဒီယား၊ ရုရှား၊ ဘရာဇီး၊ သြစတေးလျ နိုင်ငံတွေမှာ ရှိတယ်။ ဒါပေမယ့်လဲ နောက်ဆုံးတော့ ကျမအမျိုး ၈၀ ရာခိုင်းနှုန်း ကတော့ အမေရိကန်နိုင်ငံမှာပဲ အခြေချလိုက်ကြတာ များပါတယ်။ ကျွန်မတို့ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ခွင့်ရှိမရှိကိုတော့ သြဇာကြီးတဲ့ စီးပွားရေးသမားကြီးတွေက ဆုံးဖြတ်ပေးပါတယ်။ ၂၀၀၁ခုနှစ်မှာတော့ အမေရိကန် သမ္မတ ကလင်တန်က စီရာလီအိုနီ (Sierra Leone) မှာနေတဲ့ ကျွန်မ အမျိုးတွေကို ပြည်ဝင်ခွင့်ပိတ်လိုက်တယ်။ ၂၀၀၁ မေလ မှာ တစ်ခါ သမ္မတ ဘွတ်ရှ်က လိုင်ဘေးရီးယား (Liberia) က အမျိုးတွေကို ပြည်ဝင်ခွင့် တစ်ခါ ပိတ်လိုက်ပြန်ပါတယ်။ ကနေဒါနိုင်ငံကတော့ ဥပဒေတွေ အမျိုးမျိုးချပြီး ကျွန်မတို့ကို ပြည်ဝင်ခွင့်တွေ ၁၉၈၆ ခုနှစ်က စပြီး ကြပ်မတ်ထားပြီး ဖြစ်တယ်။

ကျွန်မ အတွေးလွန်နေတုန်း ရေထဲမှာ လမ်းလျှောက်လာတဲ့ ခြေသံတရှပ်ရှပ်က ကျွန်မ အနားကို နီးကပ်လာတာကို ကြားနေရပါတယ်။ ကျွန်မဟာ ဘယ်လောက်ပဲ မာတယ်ပြောပြော ကျွန်မကို ဖမ်းဆွဲဖို့ လှမ်းလိုက်တဲ့ လက်ကိုမြင်လိုက်ချိန်မှာတော့ မျက်စိတွေပြာဝေပြီး လောကကြီးတစ်ခုလုံး အမှောင်ဖုံးသွားပါတော့တယ်။

*****

ကျွန်မ သတိရလို့ ကြည့်လိုက်တော့ ကတ္တီပါခင်းပေါ်မှာ ကျွန်မကို တမြတ်တနိုးတင်ထားကြတာကိုတွေ့ရတယ်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာလဲ မီးတွေက ထိန်ထိန်ညီးနေတယ်။ ကျွန်မရဲ့ ကိုယ်ပေါ်ကိုလဲ ခေါင်မိုးကနေ မီးဖြူတွေလင်းနေအောင် ထိုးထားတယ်။ မှန်တွေအကန့်လိုက်ကာထားတဲ့ အခြားသော အခန်းတွေထဲမှာလဲ ကျွန်မရဲ့ အစ်မတွေ၊ ညီမတွေကို လှမ်းမြင်နေရတယ်။ သူတို့ကိုယ်တွေမှာလဲ ရွှေဝါ၊ ရွှေဖြူ၊ ပလက်တီနမ်၊ ငွေ၊ ပတ္တမြား၊ နီလာ၊ ဥဿဖျား စတဲ့ အဖိုးတန်တွင်းထွက်တွေနဲ့ အရောင်တွေဟပ်လို့ ပျိုးပျိုးပျက်ပျက် မျက်စိလက်စရာ။ ကျွန်မလဲ မြို့ကြီးပြကြီး တစ်ခါမှ မရောက်ဖူးလို့ ဟိုငေးဒီငေး ပါးစပ်အဟောင်းသားနဲ့ ငေးနေတုန်း၊ ကျွန်မအနားကို စုံတွဲတစ်တွဲရောက်လာတယ်။ ကျွန်မကိုကြည့်လိုက်တဲ့ သူမ မျက်နှာကတော့ သိပ်ပျော်ရွှင်ပုံမရ။

“ဘာဖြစ်လို့လဲ၊ မကြိုက်ဖူးလား”
အမျိုးသားက အမျိုးသမီးကို မေးလိုက်တယ်။
“ဟင့် မကြိုက်ပါဘူး၊ ကိုကိုကလဲ သူများတို့ နှစ်ပတ်လည် မင်္ဂလာပွဲလက်ဆောင်အတွက် ဒီလို စိန်သေးသေးလေး ပေးမှာများ သူများက ဘယ်လိုပျော်နိုင်မှာလဲ။ carat ကလဲနိမ့်, cutting ကလဲမကောင်း, colorကလဲမလှ, clarity ကိုလဲကြည့်ပါဦး ကိုကိုရဲ့ ”

“ဟွန်း.. ဒီမိန်းမတော့… ”

ပျစ်ပျစ်နှစ်နှစ်ပြောပြီး တစ်ခြားဘက်ထွက်သွားတဲ့ ထိုမိန်းမကျောပြင်ကို ကြည့်ပြီး စိတ်ထဲကနေ မြင်ပြင်းကတ်ကတ်နှင့် ကျွန်မ ရေရွတ်လိုက်မိတယ်။ ကျွန်မရင်တွေလေးနေတယ်။ ကျွန်မ ဘ၀ ဘာဆက်ဖြစ်မည်မသိ။ ကျွန်မ ဘ၀ကို ထားလိုက်ပါတော့။ ရွာမှာကျန်ခဲ့သည့် ကလေးတွေရဲ့ဘ၀။ အနာပလပွ၊ ဒူးခေါင်းမှာ အရိုးငေါငေါနှင့် ထမင်းနပ်မှန်အောင်မစားရ၊ အသက်ကိုဖက်နဲ့ထုပ်ထားရတဲ့ ကလေးတွေ။ စိန်တုန်းလေး ပါးစပ်ထဲခိုးထည့်မိသည်နှင့် လက်တွေ၊ ခြေတွေဖြတ်ခံရမယ့် ကလေးတွေ။ သူတို့လေးတွေကို ဘယ်သူကူမလဲ။ သူတို့ကို ဘယ်သူကယ်မလဲ။

*****

ဒီပိုစ်လေးက မွန် တက်ဂ်လို့ ရေးဖြစ်တဲ့ ပိုစ်လေးပါ။ တစ်ပတ်အတွင်းရေးရင် စိတ်ကူးယဉ်တာဖြစ်လာမယ်လို့ သူက ဆိုပါတယ်။ တစ်ပတ်အတွင်းရေးလိုက်ပါတယ်။ စိန်လက်စွပ်ကြီး အကြီးကြီးတစ်ကွင်းရချင်တဲ့ စိတ်ကူးမဟုတ်ပါ။ သွေးရောင်တွေလွှမ်းတဲ့စိန်တွေ၊ ဖားကန့်လိုနေရာက သွေးရောင်တွေလွှမ်းတဲ့ ကျောက်တွေ ရောင်းဝယ်ဖောက်ကားမှုတွေ၊ ပပျောက်ပါစေလို့ စိတ်ကူးယဉ်တဲ့ အတွေးတစ်ခုလို့ပဲ သတ်မှတ်ပေးနိုင်ကြပါတယ်ရှင်။

ဒီလို စိတ်ပြောင်းရုပ်လွှဲ ပိုစ်လေးတွေ ကျွန်မ ဟိုတုန်းကလဲ ရေးဖူးပါတယ်။

ရေဆန်ငါး (သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်းမှာ အောက်တိုဘာလ၊ ၁၀၀၆မှာ ပါဖူးတဲ့ ၀တ္ထုတို)

နဲ့

မျက်ဝန်းညိုမ (ချိုးလင်းပြာ မဂ္ဂဇင်းမှာ မတ်လ၊ ၁၀၀၈မှာ ပါဖူးတဲ့ ၀တ္ထုတို)

တို့ကို ဖတ်ရှုနိုင်ကြပါတယ်ရှင်။

ဒီလိုသွေးရောင်လွှမ်းတဲ့ စိန်တွေတင်သာမက၊ သွေးရောင်လွှမ်းတဲ့ ကျောက်မျက်ရတနာတွေကို ရောင်းဝယ်ဖောက်ကား၊ မြတ်နိုးဝယ်ယူမှုတွေ မလုပ်ခင် ဒီဆိုက်ဒ် (stop blood diamonds)လေးကို လူတွေကြည့်ပြီး ဆိုင်ရှင်တွေကိုလဲ မေးခွန်းထုတ်နိုင်ကြပါစေ….

LinkWithin

Related Posts Plugin for WordPress, Blogger...