မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, November 17, 2009

ကနေဒါသို့ (အလည်လာလိုသူများနှင့် ကျောင်းတက်လိုသူများအတွက်)

ကျွန်မကို စာဖတ်သူတော်တော်များများက ကနေဒါနိုင်ငံကို ဘယ်လိုလာလို့ရသလဲ၊ ဘာတွေပြင်ဆင်ဖို့လိုသလဲ စတဲ့ အကြောင်းအချက်တွေနဲ့ ပတ်သက်ပြီး ရေးခိုင်းနေကြတာ ကြာပါပြီ။ ကျွန်မအနေနဲ့ အချိန်၊ ခွန်အား စသဖြင့် မရှိတာရယ်… ဒီလိုအကြောင်းကိုရေးတဲ့အခါမှာ သတင်းအချက်အလက်စုံစုံလင်လင်နဲ့ ဝေမျှနိုင်ဖို့အတွက် သေသေချာချာ ဖတ်ရှုလေ့လာမှာရယ် စတဲ့ အကြောင်းတွေကြောင့် အချိန်လင့်ခဲ့ပါတယ်။ အခုတော့ တတ်နိုင်တဲ့ ဘက်က ရေးပေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ကနေဒါအစိုးရရဲ့ ၀က်ဘ်ဆိုက် (www.cic.gc.ca) ပေါ်က အချက်အလက်တွေအပြင်၊ ကိုယ်တွေ့အဖြစ်များကိုပါ ထည့်သွင်းရေးထားပါတယ်လို့ ပြောလိုပါတယ်ရှင်။

ပထမဆုံးအနေနဲ့ ကနေဒါနိုင်ငံထဲကို ဘယ်လိုနည်းတွေနဲ့ လူတွေဝင်လာကြသလဲဆိုရင်တော့ အလည်အပတ်အနေနဲ့၊ စာလာသင်တဲ့အနေနဲ့၊ အလုပ်လာလုပ်တဲ့အနေနဲ့ (temporary worker)၊ ပြောင်းရွှေ့နေထိုင်လာသူတွေအနေနဲ့၊ ခိုလှုံလာသူတွေ(ဒုက္ခသည်တွေ) အနေနဲ့၊ စသဖြင့် ၀င်လာကြပါတယ်။

အလည်အပတ်အနေနဲ့လာမယ်ဆိုရင်တော့ ….

ပါစ်ပို့ သို့မဟုတ် travel document တစ်ခုခုရှိရပါမယ်
ကျန်းမာရေးကောင်းရပါမယ်

ကနေဒါမှာ နေရန်ရည်ရွယ်ချက်မရှိဘူးဆိုတာကို သက်သေပြနိုင်ရပါမယ်။ ဥပမာ.. မြန်မာပြည်မှာ အိုး၊အိမ်၊အလုပ်အကိုင်၊ မိသားစုဝင်တွေ ကျန်ခဲ့တယ်၊ မြန်မာပြည်ကိုပဲ ပြန်မယ်၊ ကနေဒါမှာ တစ်သက်လုံးအခြေချဖို့ စိတ်ကူးမရှိဘူးဆိုတာတွေကို ကနေဒါလူဝင်မှုကြီးကြပ်ရေးက ယုံကြည်မှုရှိအောင် သက်သေပြနိုင်ရပါမယ်။
ကနေဒါနိုင်ငံမှာ လာရောက်လည်ပတ်နေစဉ်မှာ သုံးစွဲရန် ငွေကြေးပြည့်စုံတာကိုလည်း ပြရမှာဖြစ်ပါတယ်။ ကနေဒါကနေ မိတ်ဆွေ၊ဆွေမျိုးတစ်ဦးဦးက letter of invitation ပေးရင်တော့ အဲဒီစာဟာ အထောက်အကူဖြစ်စေပါတယ်။

(ဒီနေရာမှာ ကိုယ်တွေ့အဖြစ်အပျက်တွေအရ ကနေဒါမှာ သားသမီးရှိနေတာတောင်၊ မောင်နှမအရင်းရှိနေတာတောင် အလည်လာရန်ဗီဇာမရတဲ့ သူတွေရှိဖူးပါတယ်။ ဘာကြောင့် မရသလဲဆိုရင် မြန်မာပြည်မှာ အိုးပိုင်၊အိမ်ပိုင်၊ အလုပ်အကိုင်တွေရှိတာကို သက်သေပြနိုင်ပေမယ့်လည်း မိမိရဲ့ဆွေမျိုးသားချင်းတွေက အကုန်နီးပါး ကနေဒါရောက်နေခြင်းကြောင့်ဖြစ်ပါတယ်။ မြန်မာပြည်မှာ ပိုင်ဆိုင်မှုတွေ ဘယ်လောက်ရှိနေနေ family ties မကျန်ရစ်တော့တဲ့အတွက် ကနေဒါမှာပဲ အခြေချနေသွားနိုင်တဲ့ အခြေအနေရှိတယ်လို့ ကနေဒါလူဝင်မှုကြီးကြပ်ရေးက ယူဆပြီး ထိုသို့သော လူတွေကို ဗီဇာ မထုတ်ပေးတဲ့ အဖြစ်မျိုးတွေကို သတိပြုစေလိုပါတယ်။ အချို့တွေကျတော့လည်း အလည်လာပြီး ဒီကိုရောက်တော့မှ နိုင်ငံရေးခိုလှုံလိုခွင့် လျှောက်ကြတာကိုလည်း မြင်ဖူးပါတယ်။ refugee status ရသွားသူတွေရှိသလို၊ မရလို့ ပြန်သွားရသူတွေလည်း ရှိပါတယ်။ ကြုံဖူးသမျှထဲမှာတော့ အသက်ကြီးသူတွေကတော့ ပြန်သွားကြတာ များပါတယ်)

Single-entry visa and Multiple-entry visa

Single-entry visa ကတော့ အားလုံးသိတဲ့အတိုင်း တစ်ခါသာ ၀င်ခွင့်ပေးတဲ့ ဗီဇာဖြစ်ပါတယ်။ ကနေဒါကိုခြေချတာနဲ့ လူဝင်မှုကြီးကြပ်ရေးအရာရှိက ကိုယ့်စာအုပ်ပေါ်မှာ ပြန်ရန်ရက်စွဲရိုက်နှိပ်ပေးလိုက်ပါတယ်။ ဘာရက်စွဲမှာ မရိုက်နှိပ်လိုက်ဖူးဆိုရင်တော့ ရောက်ပြီး ခြောက်လပြည့်တဲ့နေ့မှာ ပြန်ရမှာဖြစ်ပါတယ်။

Multiple-entry visa ကတော့ ငါးနှစ်အထိ သက်တမ်းရှိပါတယ်။ ဒီငါးနှစ်အတွင်း အကြိမ်ပေါင်းများစွာ ၀င်နိုင်ထွက်နိုင်ပါတယ်။

ကျောင်းတက်လိုသူများ

ကနေဒါနိုင်ငံကို တစ်နှစ်လျှင် အင်္ဂလိပ်စာနဲ့ ပြင်သစ်စာ လာသင်သူတွေ ၁၃၀, ၀၀၀ ခန့်ရှိပါတယ်။ စာလာသင်လိုသူများကတော့ a study permit သို့မဟုတ် a temporary resident visa လိုအပ်ပါတယ်။ study permit မလျှောက်ခင်မှာတော့ သက်ဆိုင်ရာကျောင်း (ကောလိပ်၊ ယူနီဗာစတီ) က ၀င်ခွင့်ရရှိပြီးသား ဖြစ်ရပါမယ်။ colleges, universities and technical schools တွေကတော့ သူနဲ့သက်ဆိုင်တဲ့ ၀င်ခွင့်စည်းကမ်းများ သူ့ဟာသူရှိကြပါတယ်။ ဒါကတော့ လူဝင်မှုကြီးကြပ်ရေးနဲ့ မဆိုင်တော့ပါဘူး။

တက္ကသိုလ်၊ ကောလိပ်ကျောင်းများကို တက်ရောက်လိုသူများကတော့ အောက်ပါဆိုက်များမှ သတင်းအချက်အလက်များ ရယူနိုင်ပါတယ်ရှင်။
Association of Universities and Colleges of Canada
Association of Canadian Community Colleges
Canadian Information Centre for International Credentials

ပုဂ္ဂလိက ကျောင်းများနှင့်ပတ်သက်ပြီး သိလိုပါက ဒီဆိုက်ဒ် ကို သွားပါ။

အဲသလို… ကိုယ်တက်ချင်တဲ့ကျောင်း၊ တက်လိုတဲ့ ဘာသာရပ်ကို ရွေးချယ်ပြီးပြီဆိုရင်တော့ အဲဒီကျောင်းက ၀င်ခွင့်ရအောင် အရင်လျှောက်ရပါမယ်။ University and college တွေကို လျှောက်မယ်ဆိုရင်တော့ တစ်နှစ်ကြိုတင်ကျောင်းလျှောက်ရန် အကြံပေးကြပါတယ်။ ကုန်ကျစရိတ်၊ နေစရိတ်၊ စားစရိတ်များနဲ့ ပတ်သက်သမျှ အချက်အလက်တွေကို ကျောင်းများမှ ရရှိနိုင်ပါတယ်။

ကျောင်းမှ ၀င်ခွင့်ကျပြီဆိုလျှင်…

ကိုယ့်မှာ ငွေအလုံအလောက်ရှိကြောင်း၊ ကိုယ်နဲ့လိုက်လာမယ့် မိသားစုဝင်တွေကိုလည်း နေနေသမျှမှာ ထောက်ပံ့နိုင်ကြောင်း၊ အပြန်လမ်းခရီးစရိတ်ပါပါကြောင်း စသည်တို့ကို ကနေဒါနိုင်ငံ လူဝင်မှုကြီးကြပ်ရေးကို ပြရမှာဖြစ်ပါတယ်။ ကျန်းမာရေးကောင်းသူဖြစ်ကြောင်း၊ criminal record မရှိကြောင်း အဲသလို လုပ်ရိုးလုပ်စဉ် အထောက်အထားတွေကိုလည်း ပြရမှာဖြစ်ပါတယ်။ အဓိကကတော့ ကျောင်းပြီးတာနဲ့ ကနေဒါကနေ ပြန်မှာဖြစ်ကြောင်း ကနေဒါလူဝင်မှုကြီးကြပ်ရေး အရာရှိ ယုံကြည်စေရပါမယ်။

study permit မလိုအပ်သူများ

သူတို့ကတော့ ခြောက်လနဲ့အောက်သင်တန်းလာတက်သူများ၊ Foreign representatives များ နဲ့ Visiting Forces Act အောက်က foreign armed forces များကတော့ ပါမစ် မလိုကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ခြောက်လနဲ့အောက် သင်တန်းလာတက်သူများကို လိုလိုမယ်မယ် ပါမစ်လျှောက်ရန်တော့ အကြံပေးလေ့ရှိပါတယ်။

ကနေဒါကို ကျောင်းသားတစ်ယောက်အနေနဲ့ ရောက်လာပြီဆိုရင် စာသင်နေရင်းနဲ့လည်း ၀င်ငွေရအောင် အလုပ်လုပ်ရန် (on campus/ off campus) ပါမစ်လျှောက်နိုင်ပါတယ်။

အလုပ်လုပ်ရန်ပါမစ်လျှောက်ထားလိုသူတွေကတော့ study permit ရထားတဲ့ အချိန်ပြည့်ကျောင်းသားများဖြစ်ရပါမယ်။ အဲဒီကျောင်းသားတွေဟာ
ပြည်နယ်ကောလိပ်၊ ယူနီဗာစတီတွေမှ ကျောင်းသားများဖြစ်ရပါမယ်။

ပုဂ္ဂလိကကျောင်းများမှာ ပညာသင်ကြားနေသူတွေဆိုရင်လည်း အဲဒီ ပုဂ္ဂလိကကျောင်းတွေဟာ public institution တွေလိုပဲ စည်းမျဉ်းစည်းကမ်းနဲ့ လည်ပတ်ထားတဲ့ ကျောင်းများအပြင် ကနေဒါအစိုးရထံမှာ ၅၀%ထောက်ပံ့ကြေး ရရှိထားတဲ့ ကျောင်းများဖြစ်ရပါမယ်။

public institution တွေမဟုတ်ရင်လည်း ပြည်နယ်အစိုးရတွေမှ ဒီဂရီပေးရန်ခွင့်ပြုထားတဲ့ private institution များဖြစ်ရပါမယ်။

အလုပ်ပါမစ်များကတော့ များသောအားဖြင့် တစ်ပတ်ကို နာရီ၂၀ထက်ပိုပြီး လုပ်ခွင့်ပေးလေ့ မရှိပါဘူး။ နွေရာသီ၊ ဆောင်းရာသီ ကျောင်းပိတ်ရက်တွေမှာတော့ အချိန်ပြည့်အလုပ်လုပ်ခွင့်ရှိပါတယ်။

Co-op and internship programs

အဲဒါတွေကတော့ အလုပ်တစ်ဘက် ကျောင်းတစ်ဘက်နဲ့ ကိုယ်လိုချင်တဲ့ ဘွဲ့ကို ရယူသွားကြတဲ့ ပရိုဂရမ်တွေပါ။ ကျောင်းတက်ရင်း အလုပ်လုပ်ရမယ့် ပရိုဂရမ်က ကိုယ့်ရဲ့ academic program ထဲမှာ ပါပြီးသားဖြစ်ရပါမယ်။ ဥပမာ ကျောင်းစာက အမှတ် ၇၀%၊ Co-op ပရိုဂရမ်မှ အမှတ် ၃၀% အဲသလိုမျိုးပါ။ ဒီလို ပရိုဂရမ်တွေကတော့ ဘွဲ့ရရန် အချိန်အနည်းငယ် ပိုပေးရတတ်ပါတယ်။ ဒါပေမယ့်လည်း ကျောင်းပြီးတာနဲ့ ဒီအလုပ်ထဲမှာ တစ်ခါတည်း တန်းပြီး အလုပ်ရကြတာတွေ လည်း ရှိပါတယ်။

ကျောင်းပြီးလို့ ကနေဒါမှာ အလုပ်ဆက်လုပ်လိုသူများ

ထိုသူများအနေနဲ့လည်း အလုပ်ပါမစ်ကို ဆက်လျှောက်နိုင်ပါတယ်။ ပါမစ်သက်တမ်းကတော့ ကိုယ်တက်ခဲ့တဲ့ နှစ်ထက် နည်းပါတယ်။ ဥပမာ.. လေးနှစ်တက်ထားသူတွေဟာ သုံးနှစ်ဆက်လုပ်ခွင့်ရှိပါတယ်။ ရှစ်လသင်တန်းတက်ထားသူတွေဟာ ရှစ်လထက်ပိုပြီး အလုပ်ပါမစ်နဲ့ ဆက်နေခွင့် မရှိပါဘူး။ အနည်းဆုံးတော့ ရှစ်လသက်တမ်းရှိတဲ့ သင်တန်းကို လာတက်သူဖြစ်ရပါမယ်။ ကျောင်းမှ ထောက်ခံစာလည်းလိုပါတယ်.. ကျောင်းပြီးရန် အဆင်သင့်ဖြစ်နေပါပြီဆိုတဲ့ ထောက်ခံချက်မျိုး (Transcript or an official letter ndicating that you have met the requirements for completing your academic program) ဖြစ်ရပါမယ်။ ဒီလိုပါမစ်မျိုးကတော့ သက်တမ်းသုံးနှစ်အထိပဲ ပေးလေ့ရှိပါတယ်။ Canada-China Scholars Exchanges Program တွေနဲ့ အခြားစကောလားရှစ် ရပြီးကျောင်းလာတက်သူများအနေနဲ့တော့ ဒီလိုပါမစ်မျိုး ရလေ့ မရှိပါဘူး။

ကျောင်းလာတက်သူများရဲ့ အိမ်ထောင်ဘက်များ အလုပ်ပါမစ်

ထိုသူများကတော့ မိမိရဲ့အိမ်ထောင်ဘက် သို့မဟုတ် ပါတနာဖြစ်တဲ့ ကျောင်းတက်နေသူဟာ အချိန်ပြည့်ကျောင်းတက်နေသူဖြစ်ရပါမယ်။ ထိုကျောင်းတက်နေသူမှာလဲ အလုပ်ပါမစ်ရှိရပါမယ်။ ကျောင်းလာတက်သူများရဲ့ အိမ်ထောက်ဘက်တွေအလုပ်လုပ်နိုင်တဲ့ သက်တမ်းကလည်း အပေါ်ကဖော်ပြထားတဲ့ သက်တမ်းအတိုင်းပဲ ဖြစ်ပါတယ်။

(ဒီနေရာမှာ ကျွန်မကိုယ်တွေ့အရ.. ကျောင်းတက်နေရင်းတန်းလန်း အလုပ်ကောင်းကောင်း ရသွားသူတွေဟာ ကျောင်းဆက်မတက်ဖြစ်တော့ဘဲ အလုပ်ထဲမှာ နစ်မြုပ်သွားကြတာတွေကို မြင်ရပါတယ်။ အသက်လေး ၂၀-၂၂ လောက်မှာ တစ်နာရီကို ဒေါ်လာ ၂၀လောက်ရပြီး ကားတွေ၊ တိုက်ခန်းတွေ ၀ယ်ပြီး အကြွေးဆပ်ရင်း အဲဒီအလုပ်ထဲမှာ နစ်ပြီး ပညာတစ်ပိုင်းတစ်စတွေ ဖြစ်သွားကြတာတွေ ရှိပါတယ်။ ကျောင်းပြီးလဲ ဒီလောက်လခပဲ၊ ဒီထက်တောင်နည်းနိုင်တယ်.. ဒီလိုအလုပ်ကောင်းကောင်းမျိုးမရဘဲ တန်ရုံအလုပ်လောက်မှာ လုပ်နေရတဲ့ ဘွဲ့ရတွေကို ကြည့်ပြီး ကျောင်းဆက် မတက်သူတွေလည်း အများကြီးပါပဲ.. ဒီကြားထဲ အိမ်ထောင်ရက်သားကျသွားရင် ကျောင်းနဲ့က ပိုပြီးဝေးသွားကြတာတွေလည်းရှိပါတယ်။ အချို့ကျတော့လည်း ကျောင်းလာတက်တာဟာ ဟန်ပြသက်သက်သာဖြစ်ပြီး နီးစပ်ရာ ကနေဒီယန်တွေနဲ့ လက်ဆက်လိုက်ပြီး ဒီမှာပဲ နေသွားကြတာတွေလည်း ရှိပါတယ်။ အချို့ကျတော့လည်း အမေရိကားဘက်ကို ဗီဇာလျှောက်ပြီးတရားဝင်ဖြစ်စေ၊ တရားမ၀င်ဖြစ်စေ ကူးသွားတာတွေရှိပါတယ်။

အချို့ကျတော့လည်း အင်္ဂလိပ်စာလာသင်ရင်း မြန်မာနိုင်ငံမှာ သူတို့ကို ညှင်းပန်းနှိပ်စက်လို့ နိုင်ငံရေးအရ ခိုလှုံလိုကြောင်း လိမ်လည်လျှောက်ထားသူတွေလည်း ရှိပါတယ်။ ဆန္ဒပြပွဲတွေမှာ လက်သီးလက်မောင်းတန်းပြီး ဓာတ်ပုံအရိုက်ခံပြီး ခိုလှုံခွင့်လျှောက်ထားရန် တရားရုံးတက်ကြတာတွေလည်း မြင်ဖူးပါတယ်။ refugee status ရသွားသူတွေရှိသလို၊ မရဘဲ ပြန်သွားရသူတွေလည်း ရှိပါတယ်။ ဗုဒ္ဒဘာသာဝင်တွေအဖြစ်မှ ရုတ်တရက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော်ဖြစ်သွားပြီး၊ မြန်မာခရစ်ယာန်ဘုန်းတော်ကြီးများထံမှ ထောက်ခံချက်များရယူပြီး ကနေဒါမှာ နေလို့ရအောင် ကြိုးစားကြသူတွေကိုလည်း မြင်တွေ့ရပါတယ်။ ဒီလိုတိုင်းပြည်တစ်ခုမှာနေရရန် မိမိရဲ့ယုံကြည်မှု၊ ခံယူချက်တွေကိုတောင် အခက်အခဲအမျိုးမျိုးကြောင့် စတေးဖို့ဝန်မလေးကြသူတွေကို ကြိုးစားပြီး စာနာနားလည်ပေးနိုင်ပေမယ့်လည်း ဒီလိုလုပ်ရပ်မျိုးကိုတော့ လူငယ်တွေအနေနဲ့ တတ်နိုင်သလောက် ရှောင်ကြပါလို့ စေတနာနဲ့ ပြောလိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်ရတဲ့ အရာဟာ ပေးဆပ်လိုက်ရတဲ့ ကိုယ့်ခံယူချက်၊ ယုံကြည်ချက်တွေနဲ့ လဲရလောက်အောင် မတန်လို့ပါပဲ။ အခုမသိသာလည်း နောင်တစ်ချိန်မှာ သိသာလာပါလိမ့်မယ်.. ကိုယ့်စိတ်ဓာတ်၊ ကိုယ့်မိသားစု၊ သားသမီး၊ နောက်ဆုံးကိုယ် မွေးဖွားကြီးပျင်းခဲ့တဲ့ တိုင်းပြည် အကုန်မီးခိုးကြွက်လျှောက် မတန်လို့ပါဘဲ။ ဒါဟာမှန်ကန်တယ်လို့ ကိုယ့်ကိုကိုယ် မလိမ်ဘဲ ယုံတယ်ဆိုရင်တော့ လုပ်ပါ၊ ဖြစ်သင့်တယ်။

ကနေဒါမှာ ကျောင်းလာတက်ပြီး နိုင်ငံရေးလည်းတစ်ကယ်ဘယ်တုန်းကမှ မလုပ်ခဲ့ဘဲနဲ့ နိုင်ငံရေးခိုလှုံခွင့်ရသွားတဲ့ သူတွေဟာ၊ နှစ်အနည်းငယ်ကြာတဲ့အခါမှာတော့ ကနေဒီယန်ပါစ်ပို့မှာ မြန်မာပြည်တရားဝင် ၀င်ခွင့်ဗီဇာနှိပ်ပြီး ရန်ကုန်လေဆိပ်မှ တဆင့် ပြည်တွင်းထဲကို ဘေးမသီရန်မခ ကူးချည်သန်းချည်သွားလာနေကြတာတွေ၊ ပြည်တွင်းမှာ စီးပွားရေးလုပ်ငန်းများကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြတာကိုလည်း မြင်တွေ့ရပါတယ်။
ဆိုးတာကတော့ မိဘက ရှိစုမဲ့စုငွေနဲ့ နိုင်ငံခြားမှာ ကျောင်းတက်ရန်လွှတ်လိုက်တာ.. မိဘသဘောမတူနိုင်လောက်တဲ့သူနဲ့ အတူတူနေပြီး ကလေးရသွားလို့ လက်ထပ်လိုက်ရပြီး ကျောင်းတ၀က်တပျက်ဖြစ်သွားတာတွေလည်း ရှိပါတယ်။ မင်္ဂလာပွဲမှာ မိဘတွေဟာ ဟန်မဆောင်နိုင်ကြတော့ပဲ မျက်ရည်ဖြိုင်ဖြိုင်ကျနေတာတွေကိုလည်း မြင်ဖူးပါတယ်။ နောက်ဆုံး မရ ရအောင် သမီးနဲ့ ကလေးကို သူတို့တိုင်းပြည်ကို ပြန်ခေါ်သွားတာတွေလည်း ကြုံဖူးပါတယ်။

အဆိုးဆုံးကတော့ ကိုယ်နဲ့လူမျိုးတူတယ်ဆိုပြီး အားကိုးပြီး တစ်ခန်းထဲအိမ်အတူတူငှားနေကာမှ လူမျိုးတူယောင်္ကျားလေးတွေရဲ့ စော်ကားခြင်းခံရပြီး အသက်ပါဆုံးရှုံးရတာတွေ၊ ပန်းခြံထဲမှာ အားကစားသွားလေ့ကျင့်တာ မတော်မတရားပြုကျင့်ခံရလို့ တစ်သက်လုံး ဒုက္ခိတဖြစ်သွားရတဲ့ ဂျပန်၊ ဟောင်ကောင်၊ တရုပ်အမျိုးသမီးလေးတွေရဲ့ ဘ၀တွေကိုလည်း မြင်တွေ့ခဲ့ရ၊ ကြားခဲ့ရဖူးတဲ့အတွက်.. သားသမီးတွေကို နိုင်ငံခြားပညာရပ်ကိုလေ့လာဆည်းပူးစေလိုတဲ့ မိဘများအနေနဲ့ ဒီအချက်တွေကိုပါ ထည့်သွင်းစဉ်းစားစေလိုပါတယ်)

ပြောင်းရွှေ့နေထိုင်လာသူများနဲ့ ခိုလှုံလိုသူများ ဘယ်လိုနည်းနဲ့လာကြသလည်းဆိုတာကို ဖြည်းဖြည်းချင်း ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။

ကနေဒါသို့ (အလုပ်လာလုပ်လိုသူများအတွက်)

**ဒီဆောင်းပါးကို အီးမေးလ်နဲ့ပဲဖြစ်ဖြစ်၊ ဖိုရမ်တွေမှာပဲဖြစ်ဖြစ် ဆက်လက်ဝေမျှကြမယ်ဆိုရင် ကျွန်မ အိမ့်ချမ်းမြေ့ရေးသားထားတာဆိုတာလေးတော့ ဖော်ပြပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်… **

Comments from ainchannmyay.com
1.

ဗဟုသုတ အဖြစ် လာဖတ်သွားပါတယ်အမရေ.. သူများနိုင်ငံမှာ သွားနေရတာလဲ မလွယ်ပါလားနော်..

Comment by စန္ဒကူး — November 17, 2009 @ 5:15 pm |Edit This
2.

အခုလို အသေးစိတ်လေးတွေ ရှင်းပြပြီး ရေးသားပေးသွားလို့ ကျေးဇူးတင်ပါတယ်။ မလွယ်ဘူးနော် သူများနိုင်ငံမှာ နေဖို့ဆိုတာ တကယ့်ကို မလွယ်ပါလား မလေးရယ်…

ခင်မင်လေးစားလျှက်

Comment by ဒဏ္ဍာရီ — November 17, 2009 @ 6:19 pm |Edit This
3.

လာလည်ဖတ်ရှုသွားပါတယ်ရှင် ။

Comment by ချစ်ငယ် — November 17, 2009 @ 6:20 pm |Edit This
4.

မမအိမ့်ရေ…
ဗဟုသုတတွေ အများကြီးရသလို တွေးစရာလေးတွေ အံ့သြစရာလေးတွေပါ ရလိုက်တယ် …ကျေးဇူးအများကြီးတင်ပါတယ် …. မမ အားရင် တရားလာနာဖို့ဖိတ်ပါတယ် … ပျော်ရွှင်ချမ်းမြေ့ပါစေ….။
ညီမလေး နှင်း

Comment by နှင်းဟေမာ — November 17, 2009 @ 6:47 pm |Edit This
5.

ကနေဒါနိုင်ငံ သွားဖို့သူတွေ အတွက် အသုံးဝင် အကျိုးရှိတဲ့ ပို့စ်လေးတစ်ခုပါ အခုလို အချိန်ပေးပြီး ရေးသားပေးတာ ကျေးဇူးတင်ပါတယ်

Comment by Waing — November 17, 2009 @ 8:19 pm |Edit This
6.

Ma, thanks for sharing.

Comment by Nan Thandar — November 17, 2009 @ 9:18 pm |Edit This
7.

အရမ်းကို ဗဟုသုတရပါတယ်ရှင်…
အခုလို တင်ပြပေးတာ ကျေးဇူးပါ…

Comment by အိမ်မက်ချို — November 18, 2009 @ 2:03 am |Edit This
8.

သြဇီကို သွားချင်ရင် ဘာတွေ ဘယ်လိုရှိတယ်ဆိုတာလေး လည်းသိချင်ပါတယ်ခင်ဗျာ ။ စောင့်မျှော်နေပါ့မယ် ။

Comment by ကိုရင်တာတေ — November 18, 2009 @ 3:50 am |Edit This
9.

ရည်ရွယ်ချက်ကောင်းတဲ့ ပို့ စ်လေးအတွက် ကျေးဇူးပါအိမ့်ရေ… သတင်းဖြန့် ဝေရုံသက်သက် မဟုတ်ပဲ စေတနာလေးတွေနဲ့ ရေးထားတဲ့ အနီရောင်စာလုံးလေးတွေအတွက် ပိုပြီးကျေးဇူးပါ.. အမနဲ့ အရမ်းရင်းနှီးတဲ့ အမကြီးတယောက်လဲ သွားလိမ့်မယ့်… အိမ့်နဲ့ တမြို့ ထဲများဖြစ်နေမလား… သေချာမေးပြီး သူသွားခါနီးမှ အီးမေးလ်ပို့ လိုက်မယ်… အိမ့်အတွက် အမှတ်တရတခုခုထည့်ပေးချင်လို့ ပါ…

Comment by တန်ခူး — November 18, 2009 @ 9:56 pm |Edit This
10.

ကြောက်လိုက်တာ အမရာ။ နိုင်ငံခြားသွား ပြီးပညာသင်ချင်တယ်ဆို ဒါတွေ ထည့်စဉ်းစားရမှာ ကျေးဇူးပါ။

Comment by zwesoelwin — November 27, 2009 @ 11:21 pm |Edit This


1 comment:

SU SANDAR said...

Thank you so much for this post!
Really appreciate for your pride!

LinkWithin

Related Posts Plugin for WordPress, Blogger...