မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, November 03, 2009

အနက်ရောင် သတို့သမီး

အဲဒီနေ့က မနက်စောစောကတည်းက ဖရုံသီးလေးတွေလို၊ ပန်းပွင့်လေးတွေလို၊ နတ်သမီးလေးတွေလို၊ ကျားပေါက်၊ ဆင်ပေါက်စတဲ့ အကောင်ပေါက်လေးတွေလို ၀တ်ဆင်ထားကြတဲ့ ကလေးလေးတွေ လမ်းတွေပေါ်မှာ၊ ဈေးတွေထဲမှာ ဥဒဟို သွားလာနေကြတာကို မြင်တွေ့နေရတယ်။ အချို့အိမ်တွေ တော်တော်များများကလည်း အိမ်ရှေ့အ၀င်ဝမှာ ပင့်ကူမဲမဲကြီးတွေ တွဲလွဲခိုနေတဲ့ ပင့်ကူအိမ်အတုတွေ၊ အရိုးစု အရုပ်တွေ၊ အစွယ်ငေါငေါထွက်နေတဲ့ ပုံစံရအောင်ထွင်းထားတဲ့ ဖရုံသီးရုပ်တွေနဲ့ အိမ်တွေကို တန်ဆာဆင်ထားကြတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့က အားလုံးသိကြတဲ့အတိုင်း တစ္ဆေကြီးပွဲ။ ဟိုးရှေးခေတ်တွေတုန်းက နွေရာသီကောက်ရိတ်သိမ်းပြီးကြရင် သူတို့ရဲ့ ကောက်ပဲသီးနှံတွေကို ၀ိညာဉ်တွေလာစားမှာစိုးလို့ ကြောက်စရာအ၀တ်အစားတွေဝတ်ပြီး ခြောက်လှန့်ကြတဲ့ celtic ဓလေ့ကနေ စတယ်လို့လဲ ဆိုကြတဲ့ ဒီတစ္ဆေကြီးပွဲက အခုခေတ်မှာတော့ ကလေးလေးတွေ တစ်အိမ်တက်ဆင်း သကြားလုံးလိုက်တောင်းတဲ့ ပွဲတစ်ခုလည်း ဖြစ်နေပါပြီ။


နေ၀င်သွားလို့ လ ထွက်လာတာနဲ့ ရောင်စုံသစ်ရွက်တွေကြွေနေတဲ့ လမ်းတွေပေါ်ကို ၀တ်စုံပြည့်အ၀တ်တွေနဲ့ ကလေးလေးတွေထွက်လာပြီး အိမ်တံခါးကို လာခေါက်ရင်၊ သူတို့ကိုပေးဖို့သကြားလုံးတွေ ချော့ကလက်ပြားလေးတွေ ဈေးက သွားဝယ်အပြီး၊ သေဆုံးသွားပြီးတဲ့လူတွေ မြှုပ်နှံထားတဲ့ ပန်းခြံကြီးရှေ့က လမ်းမကြီးအတိုင်း အဲဒီနေ့က ဖြတ်ပြန်လာခဲ့တယ်။


လူသေတွေမြုပ်နှံထားတဲ့ ပန်းခြံကြီးက ဆောင်းရာသီအ၀င် အရောင်စုံပြောင်းနေတဲ့သစ်ပင်ကြီးတွေအောက်မှာ တိတ်ဆိတ်စွာ ငြိမ်သက်နေတယ်။



မြက်ခင်းတွေကတော့ စိမ်းစိုနေဆဲပဲ။ စိမ်းစိုနေတဲ့ မြက်ခင်းပြင်ပေါ်မှာ ရှဉ့်ကလေးတွေက သစ်စေ့လေးတွေကို သယ်ဆောင်လာပြီး ဆောင်းရာသီမှာ ပြန်လည်စားသုံးဖို့ မြေမြုပ်နေကြတယ်။ ပတ်ဝန်းကျင်ကို ငေးကြည့်နေတုန်း လမ်းဘေးမှာ ကပ်ပြီးရပ်ထားတဲ့ ကားတစ်စင်းက မျက်လုံးထဲ ၀င်လာတယ်။ ကိုယ်ချစ်တဲ့သူတွေ သေဆုံးသွားလို့ မြုပ်နှံထားတဲ့ နေရာကို အလွမ်းပြေလာကြသူတွေရဲ့ ကားတွေ ဒီလိုနေရာတွေမှာ ရပ်ထားတာ အဆန်းတကျယ်မဟုတ်ပေမယ့် ဒီကားအနေအထားက တော်တော်လေး ထူးဆန်းနေတယ်။ အဖြူရောင်လီမိုဇင်းကားရှည်ကြီး။ အဲဒီကားကြီးရဲ့နောက်မှာလဲ အဖြူရောင်ဖဲပွင့်တွေနဲ့ just married ဆိုတဲ့ စာတန်းကိုလည်း မြင်လိုက်ရတယ်။ ဒါဟာလည်း တစ်ကယ်တော့ အဆန်းမဟုတ်သေးပါဘူး။ မင်္ဂလာပွဲအပြီး ကားမသိမ်းခင် သူ့ချစ်ရသူတစ်ဦးဦးမြုပ်နှံထားတဲ့ နေရာကို လမ်းကြုံလို့ဝင်ပြီး ဂါဝရပြုတာလည်း ဖြစ်နိုင်တာပဲ။ ဒါပေမယ့် မြင်ကွင်းက ထူးဆန်းလာတာ ပန်းခြံထဲကထွက်လာပြီး အဲဒီလီမိုဇင်း အဖြူကြီးဆီကိုလျှောက်လာတဲ့  လူသုံးယောက်ပါပဲ။ တစ်ယောက်က သတို့သမီးဝတ်စုံ ၀တ်ထားတယ်။ သတို့သမီးဝတ်စုံဆိုတာကလည်း များသောအားဖြင့် အဖြူရောင်တွေများတယ်။ နောက်ပိုင်း ယဉ်ကျေးမှုတွေ ပေါင်းစပ်လာတော့မှ အရှေ့အိန္ဒိယ သတို့သမီးတွေလို အနီရောင်၊ အပြာရင့်ရောင် အဲသလိုတွေ ၀တ်တတ်လာပေမယ့် များသောအားဖြင့် အဖြူရောင်တွေ ၀တ်ဆင်ကြဆဲပါပဲ။ ဒီသတို့ သမီးကတော့ တစ်ကိုယ်လုံး အနက်ရောင် ၀တ်ထားတယ်။ ခေါင်းက ပုဝါကလည်း အနက်ရောင်။ ကားအရှိန်ကို သိသိသာသာ လျော့ချလိုက်ပြီး သတို့သမီး မျက်နှာကို သေသေချာချာ စိုက်ကြည့်ပြီး ပြုံးပြလိုက်တယ်။ သူမကလည်း ပြန်ပြုံးပြတယ်။ ထုံးစံအတိုင်း ပျော်နေပုံရတယ်။ အသက်ကတော့ လေးဆယ် ကျော်နေလောက်ပြီ။ သတို့သမီးဘေးမှာက အနက်ရောင်ဝတ်စုံပြည့် ၀တ်ထားတဲ့ ဆယ်နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး။ ring-boy ထင်ပါတယ်။ နောက်တစ်ယောက်ကတော့ ကင်မရာမင်း။ သူလည်းပဲ အနက်ရောင် ၀တ်စုံပြည့်။ အနောက်နိုင်ငံက လူတွေ စတန့်ထွင်တဲ့ နေရာမှာ ထိပ်ပဲဆိုတော့ ဒီလိုတစ္ဆေကြီးပွဲနေ့မှာ လက်ထပ်ထိမ်းမြားတာကိုက သူတို့ စတန့်ထွင်တာဖြစ်မှာပါလေ…လို့ပဲ တွေးလိုက်တယ်။ ဆယ်နှစ်အရွယ် ဒီယောင်္ကျားကလေးဟာလည်း သတို့သမီးနဲ့သတို့သားရဲ့ ကလေးလေးဖြစ်နေနိုင်တယ်။ အချို့ဆို တစ်သက်လုံး လက်မထပ်ဘဲ အတူတူနေလာပြီး ကလေးတွေ တက္ကသိုလ်ရောက်မှ ကောက်ခါငင်ခါ လက်ထပ်လိုက်တာမျိုး။


ထူးဆန်းနေတာက….
သတို့သား….

သတို့သား ပျောက်နေတယ်။


ပတ်ဝန်းကျင်ကို ဝေ့၀ဲကြည့်တယ်။ သတို့သားများရှိနေမလားလို့။ အရိပ်အရောင်ကို အစအနတောင် မတွေ့ဘူး။ ဒီလိုအချိန်မျိုးမှာ သတို့သမီးနဲ့သတို့သားတို့ဟာ လက်ချင်းချိတ်ပြီး မခွဲတူတူရှိတတ်ကြတဲ့ အချိန်။ လက်ထပ်အပြီးမှာ သေဆုံးသွားတဲ့ အဘိုးအဘွားနဲ့ မိဘတွေကို လာပြီး ဂါဝရပြုတယ်ဆိုလည်း အတူတူရှိနေသင့်တယ်။


အဲဒီညနေစောင်းမှာတော့ သကြားလုံးတွေ၊ ချော့ကလက်တွေလာတောင်းတဲ့ ကလေးလေးတွေနဲ့ အလုပ်ရှုပ်နေခဲ့လို့ နေ့လည်ကမြင်ကွင်းကို မေ့မေ့ပျောက်ပျောက် ဖြစ်နေခဲ့တယ်။



ညရောက်တော့ အနက်ရောင်သတို့သမီးရဲ့ မျက်နှာက တ၀ဲလည်လည် ပြန်ဖြစ်လာတယ်။ အိပ်ရာထဲရောက်တဲ့အထိ နဖူးပေါ်လက်တင်ပြီး ဒါကိုပဲ စဉ်းစားခန်းထုတ်နေမိတယ်။
ကိုယ့်မျက်လုံးတွေ တဖြည်းဖြည်းမှေးစင်းလာတယ်။ နှုတ်ခမ်းတွေ တဖြည်းဖြည်းပြုံးလာတယ်။ အိပ်မပျော်ခင်လေးမှာ အိပ်ချင်မူးတူးနဲ့ နှုတ်က ခပ်တိုးတိုးထွက်သွားတယ်။

"တော်တော် သစ္စာရှိတဲ့ မိန်းမ။ လက်မထပ်လိုက်ရခင် သေဆုံးသွားတဲ့ သူ့ချစ်သူရဲ့ ၀ိညာဉ်နဲ့ ဒီနေ့မှာ လာလက်ထပ်တာကိုး...."

လမ်းပေါ်က ကလေးတွေရဲ့ ဗြောက်အိုးသံတွေကို တစ်ချက်တစ်ချက် ကြားနေရတယ်။


ပြူတင်းအပြင်က ကြည်လင်တဲ့ကောင်းကင်မှာတော့ တန်ဆောင်မုန်းလမင်းဟာ ထိန်ထိန်လင်း သာနေပါတော့တယ်။


candies2.jpgkids.jpgmoon.jpg



hut1.png



1.

သာမာန်ဆို သေဆုံးပြီးသားချစ်သူကို ကြောက်လန့် တာတောင် ရှိတတ်သေးတာကို ဒီလို သစ္စာတရားကြီးစွာနဲ့  ၀ိညာဉ်နဲ့ လက်ထပ်တယ်ဆိုတဲ့ သတို့ သမီးဟာ သိပ်ကို သစ္စာကြီးပါလားနော်..

Comment by ရည်မွန်ထိပ်ထား — November 3, 2009 @ 7:19 pm |Edit This
2.

ဟုတ်တယ်မမရေ.. ကူးကျောင်းနေဖက်သူငယ်ချင်း မီဇိုချင်း ကောင်လေးဆို သူ့ချစ်သူ ဦးနှောက် ကင်ဆာနဲ့ လက်မထပ်ခင်ဆုံးသွားလို့ သချိုင်းမှာ သွားလက်ထပ်တာ..
တရားဟောဆရာတွေမလိုက်လို့ အခြားအသင်းကဆရာတွေသွားခေါ်တာ…
အယုံအကြည်မရှိပေမယ့် တစ်ကယ်လုပ်တာတွေ့ရတော့ ကြက်သီးထတယ်..
ကြာခဲ့ပီ၊ ဒါပေမယ့်အရင်နှစ်ကဘဲ သူကောင်မလေးတစ်ယောက်နဲ့လက်ထပ်လိုက်တယ်..း)

Comment by စန္ဒကူး — November 3, 2009 @ 7:32 pm |Edit This
3.

လွမ်းစရာကောင်း…………

Comment by minthant2009 — November 3, 2009 @ 8:28 pm |Edit This
4.

တစ်ချို့တွေလည်း…အဲ့သလိုသစ္စာရှိတတ်ကြတယ်နဲ့ တူပါတယ်ဗျာ…။
(တကြားလုံးရှားချင်တယ်….။ ပေးပါခည….)

Comment by ဏီလင်းညို — November 3, 2009 @ 9:15 pm |Edit This
5.

လေးစားအားကျဖို့ ကောင်းတဲ့ အချစ်မျိုးပဲနော် မလေးရယ်။ သေပြီးသာသူဆိုရင် ကြောက်ရတာနဲ့ သေသောသူ ကြာရင်မေ့ဆိုတဲ့ စကားတွေက သူ့အတွက်တော့ ရီစရာပေါ့နော်။
လောကကြီးမှာ ဒီလို သစ္စာရှိတဲ့ အချစ်မျိုးလည်း ရှိသေးတာပဲ။ ရိုးရာ တစ္ဆေကြီး ပွဲလေးကိုလည်း မှတ်သားသွားပါတယ် မလေး။

ခင်မင်လေးစားလျှက်

Comment by ဒဏ္ဍာရီ — November 3, 2009 @ 9:19 pm |Edit This
6.

အိမ့်ရေ… အနက်ရောင်သတို့ သမီးဆိုတဲ့ ခေါင်းစဉ်လေးတွေ့ လိုက် ကတည်းက တခုခုပဲလို့ တော့ ထင်သား…. ၀ိညာဉ်နဲ့ လက်ထပ်တယ်ဆိုတာ ခုမှပဲ ကြားဖူးတော့တယ် အိမ့်ရယ်… အနက်ရောင်သတို့ သမီးအချစ်တွေက ပြင်းထန်လိုက်တာနော်… သူ့ သတို့ သားလေး တကယ်သိကြားနိုင်ပါစေလို့ ဆုတောင်းမိပါတယ်…

Comment by တန်ခူး — November 4, 2009 @ 2:04 am |Edit This
7.

အနက်ရောင်သတို့သမီးကို အတော်စိတ်ဝင်စားမိတယ်။

Comment by အပြုံးပန်း — November 4, 2009 @ 9:01 am |Edit This
8.

Ma Lay yay,

Kong like tar naw.

Walk by faith….not by sight.

Lin

Comment by Lynda — November 4, 2009 @ 10:25 am |Edit This
9.

အစ်မရေလာဖတ်သွားပါတယ်ခင်ဗျာ။အစ်မကို Tag ထားတယ်။

Comment by တောသားလေး — November 4, 2009 @ 7:55 pm |Edit This
10.

ကိုယ့်ချစ်သူကို အဲ့ဒီလောက်ထိ သစ္စာရှိပြီး ချစ်နေနိုင်တာ လေးစားစရာပါ ဇာတ်လမ်းလေးက အရမ်းကောင်းတယ် လွမ်းစရာပဲ

Comment by Waing — November 4, 2009 @ 11:14 pm |Edit This
11.

သိပ်ကဗျာဆန်ဆန်လှပပြီးအဓိပ္ပါယ်ပြည့်စုံနေတဲ့ Halloween မြင်ကွင်းတစ်ရပ်

Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — November 5, 2009 @ 4:20 am |Edit This
12.

ဒီလိုသစ္စာရှိရှိ ချစ်တတ်တဲ့ ချစ်သူမျိုး ကိုယ်လည်း ဖြစ်ချင်တယ်. ကိုယ့်ကိုအဲလို ခံစားချက်တွေပေးနိုင်တဲ့ ချစ်သူမျိုးကိုလည်း လိုချင်မိတယ်.

ကျေးဇူး မလေးရေ… တွေးစရာလေးတွေ…း)

Y.

Comment by Yan — November 5, 2009 @ 4:48 am |Edit This
13.

သစ္စာရှိတာလည်းဟုတ်မယ်.. စတန့်ထွင်တာလည်း ပါချင်မှာပေါ့…
ဘာပဲဖြစ်ဖြစ် ဒီလိုလုပ်နိုင်ဖို့တော့ တော်တော်ခဲယဉ်းပါတယ်။

Comment by သိင်္ဂါကျော် — November 5, 2009 @ 8:14 pm |Edit This
14.

ရည်မွန်ထိပ်ထား … ဟုတ်တယ် ထိပ်ထား
စန္ဒကူး … ဒီလိုပဲ ပျောက်သောသူ.. ကြာရင်မေ့နဲ့တူပါတယ်ကွယ်..း(
minthant2009.. တော်တော်လွမ်းတတ်နေတယ်.. ပိုစ်တွေကလည်း အလွမ်းပိုစ်တွေချည်းပဲနော
ဏီလင်းညို…. ကလေးတွေကို သနားပါကွယ်..
ဒဏ္ဍာရီ… အချို့ဆို အသံလေးကြားပြီးတောင် တစ်သက်လုံးလူပျိုကြီးလုပ်သွားတယ်ဆိုလား :D
တန်ခူး .. မလေးတော့ သနားလည်းသနားတယ်.. လန့်လဲလန့်တယ်.. မရေ..
အပြုံးပန်း .. မလေးက မေးလိုက်ချင်တာ.. သူ့ခေါင်းထဲက အတွေးအခေါ်ခပ်ဆန်းဆန်းတွေကိုလေ..
Lynda… Deepak Chopra ပြောတာလို.. မြင်နေသမျှ၊ ထိလို့ရနေသမျှတွေဟာ အကုန် အတုအယောင်ချည်းပဲ။ မမြင်၊မတွေ့၊မထိ နိုင်တာတွေကမှ တစ်ကယ်ရှိနေတာတွေ ဆိုတာမျိုး…
တောသားလေး…အစ်မ ရေးနေပြီနော်…
Waing.. ဒီစာကိုဖတ်ပြီး ကြောက်ကြမယ်ထင်တာ.. လွမ်းသွားကြတယ်..း))
ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား … ဘယ်တုန်းက ကဗျာဆန်တတ်သွားတာလဲဟင်.. “နားမလည်ဘူး တည့်တည့်ရေးပါ” လို့များ အော်ဦးမလားလို့ :P
Yan… လိုချင်တာတွေ ဖြစ်ပါစေ ကိုရန်။
သိင်္ဂါကျော် … သိင်္ဂါကျော်ထင်တာမှန်နိုင်ပါတယ်။ ဒါပေမယ့် စတန့်ထွင်တယ်ဆိုရင်တော့ သူဟာ လူမသိ၊ သူမသိ တိတ်တိတ်လေး စတန့်ထွင်သွားဖြစ်မယ်။ သူ့နားမှာ (သူတို့၂ယောက်ရဲ့ ကလေးဖြစ်နိုင်တဲ့ ကလေးရယ်၊ ကင်မရာမင်းရယ်ပဲရှိတာ.. ဘယ်သူမှ မရှိကြပါဘူး)

Comment by မလေး — November 7, 2009 @ 1:38 am |Edit This

1 comment:

Myo Han Htun said...

ဖတ်ရင်း ပြုံးမိတယ်။

LinkWithin

Related Posts Plugin for WordPress, Blogger...