မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Monday, October 26, 2009

စာတစ်စောင်...

ကျမရဲ့ လမင်းရှိုက်သံနှင့်ပတ်သက်ပြီး ဝေဖန်အကြံပေးကြသော အီးမေးလ်များ၊ ကော့မန့်များတစ်ခုချင်းစီကို လေးစားတန်ဖိုးထားပါတယ်လို့ ရှေးဦးစွာပြောလိုပါတယ်ရှင်။ ထိုဝေဖန်အကြံပြုချက်တွေထဲမှ အောက်ကစာလေးကို ပိုင်ရှင်၏ခွင့်ပြုချက်ဖြင့် ဝေမျှလိုပါတယ်ရှင်။ စာအုပ်ကို သေသေချာချာ တစ်ပုဒ်ချင်းစီ review လုပ်ထားပုံကို နှစ်သက်လို့ပါ။

မလေး..ရေ..

စာအုပ်ကလေးကို ကျွန်တော်အကုန်ဖတ်ပြီးသွားပါပြီ...။ စာဖတ်သူတစ်ယောက်အနေနဲ့ပြောရရင် စာအုပ်တစ်အုပ်လုံးက စိတ်ကျေနပ်စရာအပြင်အဆင်နဲ့ အရေးအသားတွေရှိပါတယ်ခင်ဗျာ...။ ကျွန် တော့်အမြင်အတိုင်းပြောတာပါ...။ မြှောက်ပင့်တာမပါပါဘူးခင်ဗျာ...။


“ရုံးကမမများ”...(ခေါင်းစဉ်ပြောင်းသွားတယ်နော်...)၊ နီနာ၊ Okanagan လွင်ပြင်ခရီး၊ သဘာဝဘေး အန္တရာယ်နှင့် ကလေးများ၏စိတ်ခံစားချက်၊ ပင်ဂွင်နဲ့ဆော်လမွန်တို့ အိမ်အပြန်၊ နောက် ကနေဒါမှာ အလုပ်ရရန် ဘယ်လိုအမည်မျိုးမှည့်မလဲ...စတဲ့ ဆောင်းပါးခြောက်ပုဒ်ကတော့ သုတပိုင်းတွေလို့ပဲ မြင်မိပါတယ်...။ မလေး..ကြုံတွေ့၊ သိမြင်နေခဲ့ရတဲ့ အတွေ့အကြုံလေးတွေကို စေတနာနဲ့ ရေးသား ထားတာ တွေ့နိုင်ပါတယ်...။


ကျန်တာတွေကတော့ ရသပိုင်းပေါ့...။ ပြောရမယ်ဆိုရင် အဆွေးဘက်ကိုနည်းနည်းရောက်ပါတယ်။ (၀တ္ထုတွေက မညားတာတွေကိုး...အဟဲ..။)



ကဗျာလေးပုဒ်ကတော့ ကိုယ်ပိုင်ခံစားချက်လေး နည်း နည်းပါနေမယ်ထင်ပါတယ်..။ တိုက်ဆိုင်စွာ ခံစားနိုင်သူ အများကြီးရှိတာကြောင့် ခံစားရပါတယ်..။ (ဒါပေမယ့် “တံခါးချပ်” ကဗျာထဲက “ဟူပါ”..ဆိုတာကိုတော့ ကျွန်တော်မသိလို့ ကျော်ပြီးခံစားလိုက် ရပါတယ်..။ ကျွန်တော့်လိုပဲ တော်တော်များများလည်းရှိနိုင်ပါလိမ့်မယ်...။ နောက် အဲ့ဒီကဗျာလေးရဲ့ အဓိကသော့ချက်က အဲ့ဒီစာလုံးလေးဖြစ်နေမှာလို့ ထင်မိပါတယ်..။) ကျွန်တော်က ဗဟုသုတ နည်း တယ် မလေးရဲ့...။ တစ်ကယ်...

ဝတ္ထုတိုတွေထဲမှာတော့ မိန်းမနှစ်ယောက်ပါဝင်ကြတဲ့ “ခါလာနဲ့ခိုင်”...သူက ဘ၀အပေါ်မှာ အမြင်မ တူတဲ့ သူနှစ်ယောက်ကို compareလုပ်ပြထားတာ..၊ နောက် “မျက်ဝန်းညိုမ” ...သူကတော့ အချင်း နဲ့ အဆင်း ဆိုတဲ့ သဘောတရားကို ဖော်ကျူးထားတာ...၊ နောက် “ရေဆန်ငါး” ... သူလည်း အဲ့ဒီ လို သဘောမျိုးပဲ..ကိုယ်နေတဲ့ဒေသပေါ်လိုက်ပြီးအရောင်ပြောင်းသွားတဲ့သူနဲ့ မပြောင်းသူ၊ အားလုံး ကောင်းတယ်...။ ဖတ်ရင်း(တွေးတတ်ရင်) အတွေးရတယ်...။


“ချစ်သူ့အိမ်၊ ချစ်သူ့လွယ်အိတ်၊ ရုပ်ရှင်လက်မှတ်လေးနှစ်စောင်၊ ယုဇနပင်(သူလည်း ခေါင်းစဉ်က ပြောင်းသွား၏)၊ ရနံ့မပျယ်သေးတဲ့ ပန်းနွယ်ခရေ၊ လွမ်းအိမ်မက်”...စတာတွေက အဖွဲ့အနွဲ့သိပ်ပြီး ကောင်းတဲ့ သရုပ်မှန်ဝတ္ထုလေးတွေလို့မြင်မိပါတယ်..။ စာရေးသူရဲ့ ခံစားချက် အစစ်ကိုလှမ်းမြင်ရ သလားမသိပါ...။ (အဟဲ...ခရေရှင်ပါခင်ဗျာ...)


“ဆူးမဲ့စာမျက်နှာ”ကလည်း... အဆိုးတွေဘယ်လောက်များများ အကောင်းလည်းရှိနေသေးတယ် ဆိုတာသိခွင့်ရတယ်...။ ကောင်းတယ်...။ “ဂယက်”ကျတော့ ကိုယ့်ရဲ့အပြုအမူဟာ...သူတစ်ပါးကို ထိခိုက်သွားစေနိုင်တယ်ဆိုတဲ့ အသိပေးတယ်...။ (အမှတ်တမဲ့အပြုအမူပါ...။) “ခွင်”ကတော့ စာမ ဖတ်ခင်တည်းက သိနိုင်တဲ့ လာဘ်ပေးလာဘ်ယူ တို့ရန်သူ ဇာတ်လမ်းလေးပါ...။ ပညာပေးမို့ သ ဘောကျမိတယ်...။


“ဆောင်းအိပ်မက်”ကတော့ ၀ိညာာဉ်ချစ်သူအဖွဲ့အနွဲ့လေးမို့ ဟို...ဒမ်မီမိုးနဲ့ ရစ်ချက်တို့ပါတဲ့ Ghost ရုပ်ရှင်လေးကိုတောင် ပြန်ကြည့်ချင်လာမိတယ်...။ Unchanged melody သီချင်းလေးရောပေါ့ခင် ဗျာ...။


Title ဖြစ်တဲ့ “လမင်းရှိုက်သံ”...ကတော့ ခေတ်ပေါ်ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ သဘာဝတရားရဲ့ကြားမှာ သားကောင်ဖြစ်မှန်းမသိ ဖြစ်နေရတဲ့ ကျွန်တော်တို့တွေအကြောင်းလို့ ထင်မိပါတယ်...။ ကောင်း၏။


“ကြည်ပြာ၊ မာယာသစ်ပင်၊ ငွေရောင်မြစ်၊ အလွမ်းကန့်လန့်ကာ ပြတင်းပေါက်”...စတာတွေကတော့ အက်ဆေးသဘောမျိုးလေးတွေလို့ ထင်မိတယ်...။ (မှားရင် တောင်းပန်ပါ၏။) အဲ့ဒီစာတွေရေးနေ ချိန်မှာ ဖြစ်ပေါ်နေတဲ့ စာရေးသူရဲ့စိတ်ကူးအတွေးတွေကို နိမိတ်ပုံတွေနဲ့တင်စားရေးဖွဲ့ထားတာ အ ရမ်းကောင်းတယ်...။အနုပညာရသမြောက်ပါတယ်...။ (ဒါပေမယ့် လူတိုင်းနားလည်နိုင်ဖို့ ခက်မှာအ မှန်ပါပဲခင်ဗျ...။ ဘာကိုဆိုလိုချင်တာလည်းဆိုတာမျိုးကိုပေါ့နော်ဗျာ...။)



“သက်တံနဲ့ပိန်းရွက်”ရော အတူတူပါပဲ...။ ကျွန်တော်နှစ်သက်မိတာက “ငွေရောင်မြစ်၊ သက်တံနဲ့ ပိန်းရွက်” (သူလည်း ပန်းချီမှာပါတဲ့စာလုံးနဲ့ စာပေါ်မှာပါတဲ့ ခေါင်းစဉ်စာလုံးနှစ်ခု စာလုံးပေါင်းမတူ)၊ စတာတွေကိုလည်း ကြိုက်တယ်...။ “ကျွန်မချစ်တဲ့ သစ်တစ်ပင်၊ နံပါတ်ရှစ်များနှင့် ခရီးထွက်ခြင်း” တွေကတော့ စာဖတ်သူကို အတွေးတွေအများကြီးတွေးစေတဲ့ စာပိုဒ်တွေပါလို့အရမ်းကောင်းတယ်။
(သူများတွေတော့ မသိပါ...။ ကျွန်တော်ကတော့ ခဏခဏပြန်ဖတ်မိပါတယ်..။ အကြိုက်ဆုံး မို့လို့ပါ ခင်ဗျာ...။)

“ရေဆန်ငါး”မှာ “သံလွင်အိပ်မက်(အမှတ် ၈) အောက်တိုဘာ ၂၀၀၆” ဆိုတာသုံးခါပါနေတဲ့အတွက် online မှာစာမဖတ်ဖူးတဲ့သူ (ဥပမာ ကျွန်တော့်မေမေလိုမျိုးပေါ့နော်) တွေအတွက် confuse ဖြစ်နေ မှာ အမှန်ပါပဲ...။ ဆက်စပ်မှုမရှိတော့လေ...။


သာမန်လူမို့၊ သာမန်လူလိုပဲချစ်ပြီး သာမန်လူတစ်ယောက်လိုပဲ (ချစ်ရလွန်းသူလိုမဟုတ်ပဲ) ထားခဲ့ ရက်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ချစ်ခြင်းကို သာမန်လူထဲမှာ တွေ့အောင်ရေးပြထားတယ်...။ အ ရမ်းမိုက်တယ်...။ (ယောက်ျားလေးခံစားချက်မို့မဟုတ်ပါဘူးဗျ...။)


“ကလပ်”ထဲမှာလည်း နားလည်မပေးတတ်ဘဲ အသွင်တူမှ အိမ်သူဖြစ်ချင်တဲ့ မိန်းကလေးတစ်ဦးရဲ့ စရိုက်ကိုမြင်နိုင်တယ်...။ အပေါ်ယံရှပ်ကြည့်ချင်တဲ့ စရိုက်ပါ ပါသေးတယ်...။ ကောင်း၏။


“ဂုဏ်မက်သူ”... ကတော့ သူတို့တွေ ဖြတ်တောက်ထားပေမယ့် အခုမှ စဖတ်ရမယ့် သူတွေအတွက် ဆက်စပ်မှုရှိပါတယ်...။ မလေး ပေးချင်တဲ့ “ရိုးဂုဏ်”massage ရောက်ပါတယ်...။ ကောင်းပါတယ်။


အားလုံးကောင်းတယ်....လို့ချည်းပြောနေလို့ “ဒီမောင်ဏီလင်းညိုတစ်ကောင် ငါ့.....ကိုမြှောက်ပြီး ပြောနေတယ်”... လို့ မထင်ပါနဲ့ခင်ဗျာ...။ ကျွန်တော်တစ်ကယ်ပြောတာပါ...။ သူများတွေလက်ခံပြီး ဖတ်ရှုနိုင်အောင်လို့ စာတစ်ပုဒ်ကိုရေးတဲ့နေရာမှာ... ဘယ်လိုတွေ တွေးရတယ်..၊ ဘယ်လိုစေတနာ နဲ့ ခံစားချက်တွေ၊ ပင်ပန်းဆင်းရဲမှုတွေကို ရင်းနှီးပြီးရေးရတယ်ဆိုတာ ကျွန်တော်သိနားလည်ထားမိ လို့ပါခင်ဗျာ...။


ကျွန်တော်ကတော့ ရှင်းရှင်းပါပဲ...။ မသိရင်မသိဘူးလို့ပြောတတ်သလို ကောင်းရင်လည်း ကောင်း တယ်လို့ ပြောဖို့ ၀န်မလေးတတ်တဲ့ သူပါ...။ ကျွန်တော့်အနေနဲ့ ကိုယ်မရေးတတ်၊ မတွေးတတ်တဲ့ အကြောင်းအရာတွေနဲ့ ဖွဲ့စည်းထားတဲ့ စာကောင်းမှန်သမျှက ကောင်းနေတာပါပဲဗျာ.။ (ကျွန်တော် ရေးတာတွေတော့ မပါပါဘူး...အဟဲ...။)


များများဆက်ရေးပါဦးခင်ဗျာ...။ ကျွန်တော့်လို စာချစ်တဲ့ပရိသတ်တွေ အများကြီး ကမ္ဘာအနှံ့ရှိနေခဲ့ တာ သေချာပါတယ်...။ အခုတစ်လော...(လောလောဆယ်ပေါ့) ကျွန်တော့်အမြင်ပြောရရင် မလေး ရသပိုင်းနဲ့ရေးတဲ့ ကဗျာတွေ၊ ၀တ္ထုတိုလေးတွေ နည်းနေသလားလို့ပါ..။ Tag ဂိမ်းတွေ၊ Knowledge နဲ့ဆိုင်တဲ့ ဆောင်းပါးတွေ၊ ဒသနအတွေးပါတဲ့ ပို့စ်လေးတွေပဲ များနေသလားလို့ပါပဲ...။


ဘယ်အချိန်ပြန်ဖတ်ဖတ်မရိုးနိုင်တဲ့ ဘ၀သရုပ်ဖော် ရသ၀တ္ထုတိုလေးတွေလည်းရေးဖို့တိုက်တွန်းပါ တယ်...။ အချစ်ရော၊ ဘ၀ရောပါ...။ (ဆရာမကြီး မိုးမိုး(အင်းလျား)၊ မစန္ဒာ၊ နုနုရည်(အင်းဝ) )စတဲ့ သူတွေလိုမျိုးလေးတွေပါ...။ မလေးရဲ့ ကိုယ်ပိုင်ဟန်ကလေးနဲ့ပေါ့နော်ဗျ...။)


မလေး..ရေ...

မေးလ်တစ်စောင်ကလည်း...ပို့စ်တစ်ခုစာလောက်ရှိနေပြီနော်...အဟဲ...
ရှည်လွန်းလို့ မျက်စိညောင်းသွားရင် ဆောတီးနော်ဗျ...။

ခင်မင်လေးစားတဲ့

ဏီလင်းညို

1.

စာရေးသူရဲ့ ရိုးစင်းတဲ့ အရေးအသား ထိမိအောင်ဖော်ကျူးနိုင်စွမ်းတွေအတွက် အထူးတစ်လယ် မပြောလိုတော့ပါခင်ဗျာ
မြန်မာပြည်ကနေ ဘလော့ရေးသူထဲမှာ ရေခြားမြေခြားကနေ အခက်အခဲတွေ အများကြီး အတားအဆီးတွေ အများကြီးထဲကနေ ပထမဆုံး စာအုပ်တစ်အုပ်အဖြစ်ပေါင်းစည်းပြီး စာဖတ်ပရိသတ်အလွှာစုံလက်ထဲရောက်အောင် လုပ်နိုင်စွမ်းကိုတော့ လေးစားစွာ ဂုဏ်ပြုပါတယ်ဗျာ
တကယ်ပါ.

Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — October 27, 2009 @ 12:12 am |Edit This
2.

မင်္ဂလာပါ မချမ်းမြေ့ရေ…

အခုလို စာဖတ်ပရိသတ်တွေရဲ့ တုန့်ပြန်ချက်လေးတွေကလည်း ဆက်လက်ရေးသားနိုင်ဖို့အတွက် အားဆေးတခွက်ပါပဲ။

အစ်မရေးတဲ့ လမင်းရှိုက်သံစာအုပ်ကို ဖတ်ချင်ပါတယ် ဘယ်လိုမျိုးများ ဖတ်ခွင့်ရမလဲဆိုတာ ပြောပြပါလား

ခင်လျက်
ဝိုင်း

Comment by Waing — October 27, 2009 @ 1:15 am |Edit This
3.

ဂုဏ်ယူဝမ်းမြောက်ပါတယ် မလေး။

Comment by အပြုံးပန်း — October 27, 2009 @ 5:42 am |Edit This
4.

ဂုဏ်ယူပါတယ်အိမ်ချမ်းရေ….ဒို့ကစာဖတ်ရင်ကြာတတ်တယ်…. ခလေးတွေကျောင်းပိတ်ထားလို့ နောက်ပိုင်းကျန်နေတဲ့၃ပုဒ်ကို ပြီးအောင်ဖတ်လို့မရသေးဘူး…. အားလုံးပြီးရင် ဝေဖန်ပေးမယ်နော်….

Comment by rose of sharon — October 27, 2009 @ 8:38 am |Edit This
5.

အင်း

အင်းး… အင်းးးး

အင်းးးးး~~~~~~~

Comment by ရှေးစာဆို — October 27, 2009 @ 2:01 pm |Edit This
6.

ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား … ဟုတ်ကဲ့.
Waing .. ရန်ကုန်မှာ ၁၂ဆိုင်၊ မန်းလေးက ၂ဆိုင်လို့ သိရပါတယ်ဝိုင်း။
rose of sharon .. ဟုတ်ကဲ့ မရိုစ်.. အေးဆေးမှပါ။
ရှေးစာဆို... တအင်းအင်းနဲ့ :D

မလေးကတော့ ပထမ မျက်နှာဖုံးကို မြင်မြင်ချင်းကြိုက်ပေမယ့် တစ်ကယ်တွေ့ရတော့ မိန်းမတွေများသလားလို့။ အထူးသဖြင့် အ၀ါနဲ့ အမျိုးသမီးရဲ့ ပုစံကို သိပ်မကြိုက်ဘူး။ မျက်ရည်လေးသုတ်ပေးနေတဲ့ ပုံလေးတော့အရမ်းကြိုက်တယ်။ မည်သို့ပင်ဖြစ်စေ… ငယ်ငယ်ကတည်းက ကိုယ်လေးစားသော ဆရာမောင်မောင်သိုက်မို့ ဂုဏ်ယူပါတယ်။
အဖွင့်မှာ လောကသာရပျို့နဲ့ဖွင့်ထားတာကို ကြိုက်တယ်။
ကောင်းမှုမြတ်နိုး၊
ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌၊
တည်စေမင်း။
ဆိုတာလေးကိုပါ။
အမှာစာကလည်း ကိုယ်ဖြစ်စေချင်သလို ရိုးရိုးလေးပါပဲ။ ကိုယ်ဘယ်သူဘယ်ဝါဆိုတာထက် ကလောင်နဲ့စာလေးတွေကိုပဲ လူတွေသိစေချင်တဲ့ ဆန္ဒကို ဖော်ဆောင်ပေးတယ်။ အမှာစာအတွက်.. စာတည်းမှုးချုပ်ကို ကျေးဇူးတင်ပါတယ်။ အထဲက ပန်းချီတွေကတော့ ဘာလို့ အနီနဲ့အပြာတွေချည်းပဲ ဖြစ်နေလည်းတော့မသိဘူး။ ရောင်စုံလေးတွေဆို ပိုများကောင်းမလားလို့။ ပန်းချီမြင့်သိန်းရဲ့ လက်ရာတွေကို တော်တော်နှစ်သက်တယ်။ ကျန်တာတွေလည်းကောင်းတယ်။

အဲ.. အဖွင့်ကဗျာကတော့ ဖတ်ရင်းဖတ်ရင်း ရှက်လာတယ်။ ဆယ်ကျော်သက်တုန်းက ရေးထားတာတွေကလည်း ပါနေသေးတယ်လေ။

အချို့စာတွေဖတ်ပြီး ငါဘာတွေရေးထားပါလိမ့်တော့ဖြစ်တယ်။ :P

ဂုဏ်မက်သူမှာ “သမာရိုးကျ ဇာတ်လမ်းတွေလို ဆန်းသစ်မိခင်ကြီးက နှလုံးရောဂါရှိလို့၊ ဒါမှမဟုတ်၊ မြနှင်း ဈေးထွက်နေချိန်တစ်ရက်၊ ဆန်းသစ်မိခင်ကြီးက ငွေအထုပ်လိုက်ပိုက်၊ ဈေးထဲလိုက်လာပြီး မြနှင်းကို ပစ်ပေါက်ကာ၊ လက်ညိုးငေါက်ငေါက်ထိုးလို့၊ ဆန်းသစ်ကို ခွာပေးရန်အော်ဟစ်ပြောပြီး ခွဲရန်ကြိုးစားသည့် ၊ စသည့်စသည့် သမာရိုးကျ ဖြစ်ရိုးဖြစ်စဉ်တွေ မှ တမူထူးခြားစွာ၊ မြနှင်း နှင့် ဆန်းသစ်တို့၏ မေတ္တာခရီးက ချောမွေ့နေခဲ့သည်။” ကို သူတို့တည်းဖြတ်တာလွန်ပြီး “သမာရိုးကျ ဇာတ်လမ်းတွေလို ဆန်းသစ်မိခင်ကြီးက နှလုံးရောဂါရှိလို့၊ ဒါမှမဟုတ်၊ မြနှင်း ဈေးထွက်နေချိန်တစ်ရက်၊ ဆန်းသစ်မိခင်ကြီးက ငွေအထုပ်လိုက်ပိုက်၊ ဈေးထဲလိုက်လာပြီး မြနှင်းကို ပစ်ပေါက်ကာ၊ လက်ညိုးငေါက်ငေါက်ထိုးလို့၊ ဆန်းသစ်ကို ခွာပေးရန်အော်ဟစ်ပြောပြီး ထွက်သွားသည်” လို့ ပြင်လိုက်တာကို ဖတ်ရတော့… နည်းနည်း ငိုချင်သွားတယ်။
ကျန်တာတော့ မဖြတ်ပါဘူး။ အကုန်ဒီအတိုင်းပါပဲ။

ကလပ်ကတော့………. စာဖတ်သူတွေ ဖတ်ပြီး ယူဆတာထက် အများကြီးလေးနက်ပါတယ်။ ဘာကိုဆိုလိုသလဲဆိုတာ ဒီဆိုက်ကမူရင်းမှာ အခြားစာဖတ်သူတစ်ဦးရေးသွားတာကို ဖတ်ရင် သိကြပါလိမ့်မယ်။ ဒီမှာတော့ မပြောတော့ပါဘူးနော်။

ဒီလောက်ပါပဲ ပြောချင်တာက။ လူကြိုက်များတယ်လို့ သိရပါတယ်။ ခြောက်လလောက်နေရင် နောက်ထပ် ၅၀၀ ထပ်ထုတ်မယ်လို့လည်း သိရပါတယ်။
ကျန်တဲ့စာတွေကိုတော့ စာဖတ်ပရိတ်သတ် ဝေဖန်ပါလိမ့်မယ်။
အဲ… မွှားလို့။ စာဖတ်သူများ… လို့ ပြန်ပြင်သုံးပါတယ်။
ဘလောဂ်ရေးခါစတုန်းက စာဖတ်ပရိတ်သတ်လို့ သုံးမိလို့ ၀ိုင်းပြီးပညာပြခံရတာ မေ့တွားလို့ပါ။ နိုင်ငံကျော်စာရေးဆရာမကြီးမို့လို့ အဲလိုသုံးတာလားတဲ့။။ :D

fans.jpg

အမှတ်တရလေးတွေပေါ့…….
အမှန်ကတော့ စာဖတ်သူတွေကို လေးစားလို့ စာဖတ်သူများဆိုတာထက် ပရိတ်သတ်လို့ သုံးမိခဲ့တယ်။ အခုချိန်ကော ပရိတ်သတ်လို့ သုံးလို့ရပြီလား မသေချာသောကြောင့် စာဖတ်သူများလို့ပဲ သုံးပါ၏။ တော်ကြာ ပရိတ်သတ်လို့ ထပ်သုံးမိလို့ အစုလိုက်အပြုံလိုက် လာအော်ဟစ်နေရင် ကိုယ်လဲ မတတ်နိုင်တော့ပါ။ “ကိုယ်ဘာများတတ်နိုင်ဦးမှာလဲ.. ကိုယ်ဘာများပြောနိုင်မှာလဲကွယ်..” ဆိုတဲ့ စိုးလွင်လွင် သီချင်းကိုပဲ ထအော်ဆိုရတော့မလိုဖြစ်နေပြီ။

စာဖတ်ဆရာများအား အစဉ်လေးစားလျှက်..
စာရေးသူ (မတောက်တခေါက်… အိမ့်ချမ်းမြေ့)

Comment by မလေး — October 27, 2009 @ 5:12 pm |Edit This
7.

ရုပ်ရှင်လက်မှတ်လေး နှစ်စောင်ကို ကြိုက်တယ်။ ကျွန်မချစ်တဲ့ သစ်ပင်တစ်ပင်ကိုလည်း ကြိုက်တယ်။ ခုတလော မလေး အရေးကျဲနေတယ်။ ရေးပါဦး။

Comment by ပုံရိပ် — October 27, 2009 @ 6:14 pm |Edit This
8.

စာအုပ်အဖုံးပုံတော့ သိပ်မကြိုက်ဘူး.. အရင်တုန်းက၀တ္ထုစာအုပ်တွေရဲ့ အဖုံးတွေနဲ့ခပ်ဆင်ဆင်ပဲ.. စာအုပ်တွေအများကြီးကြားမှာဆိုရင် ထင်းနေမှာမဟုတ်ဘူး..။ ဥပမာ… ဆရာမဂျူးရဲ့ ၀တ္ထုအဖုံးတွေလို ပုံစံမျိုးဆိုပိုကောင်းမယ်..။ စာအုပ်ထဲမှာ Forrest Gump ကို Forest camp လုပ်ထားတယ်..။ အစ်မဆီမှာလည်း Forrest မှာ r တစ်လုံးကျန်ခဲ့တယ်..။ စာအဖြတ်အတောက်လေးတွေ နည်းနည်းလိုနေတယ်လို့ထင်ပါတယ်.. ကျန်တာတွေအတွက်တော့ပြောစရာမရှိဘူးလို့ ထင်ပါတယ်ခင်ဗျာ..။

အစ်မရဲ့စာတွေကို တစ်လေးတစ်စားဖတ်တဲ့ စာဖတ်ပရိသတ်တစ်ဦး

Evergreen Phyo

Comment by Anonymous — October 27, 2009 @ 9:03 pm |Edit This
9.

ခုနက ၄ ခါမန့်တာ မန့်လို့လဲမရဘူး.. ချိတ်ညစ်ဒယ်ဂျို့…။

အဖုံးတော့သိပ်မကြိုက်ဘူး.. အရင်တုန်းက၀တ္ထုစာအုပ်အဖုံးတွေနဲ့တူနေသလားလို့ပါ..။
ဆရာမဂျူးရဲ့စာအုပ်အဖုံးတွေလိုမျိုး ရှင်းရှင်းနဲ့ မျက်စိထဲစွဲကျန်စေမဲ့ သရုပ်ဖော်ပုံတွေနည်းဆိုပိုကောင်းမယ်ထင်ပါတယ်.။
Forrest Gump ကိုစာအုပ်ထဲမှာ Forest Camp လုပ်ထားတယ်..။ အစ်မဆီမှာလည်း r တစ်လုံးပြုတ်ကျန်ခဲ့တယ်..။
စာအဖြတ်အတောက်နည်းနည်းလိုတယ်လို့ထင်ပြီး… ကျန်တာတွေအတွက်တော့ ပြောစရာမရှိဘူးလို့ထင်ပါတယ်ခင်ဗျာ..။

အစ်မရဲ့စာပေတွေကို တလေးတစားနဲ့ဖတ်တဲ့ စာဖတ်ပရိသတ်တစ်ဦး

Comment by Evergreen Phyo — October 27, 2009 @ 9:08 pm |Edit This
10.

မလေးရေ…
ကျွန်တော်ပို့ထားတဲ့ မေးလ်ကို လာပြန်ဖတ်သွားတယ်ဗျ..အဟဲ…။

Comment by ဏီလင်းညို — October 27, 2009 @ 10:17 pm |Edit This
11.

အဲ့ဒီစာအုပ်ဖတ်ချင်တယ်..။ ၀တ္တုတိုလေးတွေ ရေးပါဦး..။

Comment by မေဇင် — October 27, 2009 @ 11:18 pm |Edit This
12.

သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်ပြီး မှာထားတယ် အစ်မရေ ။ ကျနော်လည်း အမှတ်တရ သိမ်းထားချင်လို့း)

Comment by မောင်မျိုး — October 28, 2009 @ 4:28 am |Edit This
13.

ပုံရိပ်... ရေးချင်စိတ်ပျောက်နေလို့ ပုံရိပ်ရယ်.. ‹(•¿•)›
Evergreen Phyo … moderation တင်ထားမိလို့ပါကွယ်.. ၀ါကျအထားအသိုလေ့လာဦးမယ်။ Forrest Gump ကိုထောက်ပြတာကျေးဇူးဖြိုးရေ..
ဏီလင်းညို … ဟုတ်ကဲ့
မေဇင် .. ရေးပါမယ် မေဇင်ရေ…
မောင်မျိုး .. ရန်ကုန်ကသူငယ်ချင်းလား မောင်မျိုး.. အစ်မသတိရတယ်။ အဆင်ပြေပါစေ။

Comment by မလေး — October 28, 2009 @ 2:25 pm |Edit This
14.

hi sis,

please write a post which is how to migrate to canada.

we would like to know about it.

thanks!

Comment by kyi kyi — October 29, 2009 @ 12:21 am |Edit This
15.

မမအိမ့်က စာဖတ်ပရိတ်သတ်ကြီးလို့ ခေါ်ခေါ်မခေါ်ခေါ် ကိုယ်ကတော့ ကိုယ့်ကိုယ်ကို စာဖတ်ပရိတ်သတ်လို့ အတင်းခံယူမှာပဲ (ခံယူထားတာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကတည်းကပါ)… တအုပ်လုံးနှံ့နှံ့စပ်စပ် ဖတ်ခွင့်ရပြီးသွားတဲ့ ကိုဏီလင်းညိုကိုလည်း သိပ်အားကျမိပါတယ် (ကိုယ်ကတော့ ခုထိ မျှော်တုန်းမျှော်ဆဲ ဝယ်ဖို့အားခဲဆဲ…း) မမအိမ့် ဒီထက်မက အောင်မြင်ဦးမှာပါ။ စာဖတ်ပရိတ်သတ်တွေလည်း များသထက် များလာဦးမှာ အမြဲယုံကြည်နေပါတယ်…

Comment by ရွှေပြည်သူ — October 29, 2009 @ 11:50 pm |Edit This
16.

မမအိမ့်
ထာဝရ အားပေးနေမယ် ဆိုတဲ့ စကားတစ်လုံးနဲ့ပဲ အားလုံးထက်လေးနက်အောင်ပြောသွားပြီနော်းp
အောင်မြင်ပျော်ရွှင်ပါစေ မမရေ
ချစ်တဲ့ နှင်း

Comment by နှင်းဟေမာ — October 30, 2009 @ 1:33 am |Edit This
17.

ဖတ်ပြီးတဲ့သူတွေကို မနာလိုလိုက်တာ… အိမ်ကိုမှာတာ ရှာမတွေ့ ဘူးဆိုလို့ … ဘယ်မှာသွားဝယ်ကြတယ် မသိပါဘူးအိမ့်ရယ်… ကိုယ်တိုင်ပြန်မှပဲ ၀ယ်တော့မယ်… များသောအားဖြင့်ဖတ်ဖူးပြီးသားလေးတွေပေမယ့် ပုံနှိပ်စာလုံးတွေနဲ့  စာသားလေးတွေကို တယောက်ထဲ ခံစားချင်တယ်… အရသာချင်းကွာမှာလေ… စကားမစပ်… အိမ့်တက်ဂ်ထားတာလေး ရေးပြီးပြီနော်..

Comment by တန်ခူး — October 31, 2009 @ 4:33 am |Edit This
18.

ခုလို စာဖတ်သူတစ်ဦးက တလေးတစားဝေဖန်ပေးတာ သိပ်ကြည်နူးစရာကောင်းမှာပဲနော်။ ဂုဏ်ယူပါတယ် မလေး…

ချစ်ခင်စွာဖြင့်

Comment by မယ်ကိုး — October 31, 2009 @ 4:49 am |Edit This
19.

မလေးရဲ့ အောင်မြင်မှုနဲ့ စာဖတ်သူရဲ့ နက်နက်နဲနဲ ဝေဖန်အကြံပြုစာလေး အတွက် ဂုဏ်ယူပါတယ် မလေးရေ…
မလေးရဲ့ စာတွေကို အစဉ်အမြဲ အားပေးနေပါတယ်။

ခင်မင်လေးစားလျှက်

Comment by ဒဏ္ဍာရီ — November 2, 2009 @ 11:52 pm |Edit This
20.

kyi kyi... အချိန်ယူပြီး ရေးပေးပါမယ် ကြည်ကြည်။
ရွှေပြည်သူ … ရန်ကုန်မှာ ပျော်နေပြီထင်တယ်..း)
နှင်းဟေမာ… လေးလည်းအရမ်းလေးပြီး နက်လည်း အရမ်းနက်သွားတယ် နှင်း.. :D
တန်ခူး... မ.. တိုက်မှာသွားဝယ်ရင်တော့ သေချာတယ် :P
မယ်ကိုး… ဏီလင်းညိုက စာအုပ်ပုံထဲက ဂျပိုးဆိုလား :D
ဒဏ္ဍာရီ... ကျေးဇူးပါ ဒဏ္ဍာရီ

Comment by မလေး — November 4, 2009 @ 12:01 am |Edit This

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...