မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, September 15, 2009

မိုးခါးရေတော့ မသောက်စေချင်

“ဒီကလေးတွက် ဘဏ်အကောင့်ဖွင့်ဖို့ ကလေးရဲ့ နောက်ဆုံးအမည် (last name) က…”
“ထွေးပါ”
“ပထမ အမည် (first name) က”
“ရင်”
“Social insurance အမှတ်”
“၁၂၃၄၅၆၇၈၉”

ကောင်တာနောက်မှ ဘဏ်အမျိုးသမီး၏ မျက်နှာက အံ့သြနေရာမှ တဖြည်းဖြည်း ပြုံးယောင်သန်းလာသည်။


“ရှင့်ကလေးတွေရဲ့ နောက်ဆုံးအမည်တွေက တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးနော်၊ ရှင့်နောက်ဆုံးအမည်ကလဲ သူတို့နဲ့ မတူဘူးနော်၊ အပျိုတုန်းထဲက အမည်နဲ့တူတယ်”

“ဟုတ်ကဲ့ မတူပါဘူး၊ ဟိုလေ.. ကျွန်မတို့ယဉ်ကျေးမှုမှာ….”

“ဟင်းဟင်း ရှင်းပြစရာမလိုပါဘူးရှင်၊ တစ်ပင်လဲတစ်ပင်ထူပြီး နောက်အိမ်ထောင်နဲ့ ကလေးတွေထပ်ရတော့ ကလေးတွေရဲ့ နောက်ဆုံးအမည်တွေ မတူတာ အဆန်းမဟုတ်ပါဘူး၊ နောက် အိမ်ထောင်ထပ်ကွဲတော့လည်း အရင်ကအပျိုတုန်းက အမည်ကို ပြန်ယူတတ်ကြတာလည်း အဆန်းမဟုတ်ပါဘူး”


“ရှင်… အဲ”

အိမ်ထောင်မရှိကလေးနှစ်ယောက်မိခင် (single mother) ဟု ထင်နေသော၊ ဘဏ်ဝန်ထမ်းအမျိုးသမီး၏ မျက်နှာကိုကြည့်ပြီး ဖြေရှင်းရန် သူမ မကြိုးစားတော့။ သည်ကလေးနှစ်ယောက်ကလည်း ယောင်္ကျားတစ်ဦးစီနှင့် ရသည်ဟု ဆက်လက်ပြီး ထင်နေမည်ဖြစ်သော ထိုအမျိုးသမီးကို သည်အတိုင်းသာ ကြည့်နေလိုက်တော့သည်။




“ဟယ်… မင်းရုံးပြန်တက်ပြီလား”

“ဟုတ်တယ်…”

“ဟန်းနီးမွန်းက ဘယ်ကိုထွက်တာလဲ”

“ဟာဝိုင်ရီ”

“မင်းရဲ့နောက်ဆုံးအမည်က အရင်က အမည်ပဲလား၊ မပြောင်းဘူးလား”

“ဟင့်အင်း မပြောင်းဘူး”

“ဟင်… ဘာဖြစ်လို့လဲ၊ မင်းယောင်္ကျားကကော သူ့နောက်ဆုံးအမည်ကို မယူတာ စိတ်မဆိုးဘူးလား”

“ဟင့်အင်း၊ မဆိုးပါဘူး”

“သားသမီးတွေရရင်ကော ဘယ်သူ့နောက်ဆုံးအမည်ကို ယူမလဲ”

“အခြေအနေကြည့်ပြီး နှစ်ယောက်လုံးရဲ့ နောက်ဆုံးအမည်ကို တစ်ယောက်စီယူခိုင်းမလားလို့၊ ဒါမှ မဟုတ်လည်း သူတို့အတွက် သီးသန့်အမည်တွေပေးမလားလို့”


“ဟင်.. မင်းတို့ရဲ့ယဉ်ကျေးမှုကြီးကလည်း၊ မပီပြင်မသေသပ်လိုက်တာ။ အိမ်ထောင်တစ်ခုမှာ တစ်ယောက်ကို နာမယ်တစ်ခုနော်။ တို့တွေဆီမှာဆို The Smith’s, The Johnson’s, The Jone’s စသဖြင့် စည်းစနစ်ကျကျနဲ့ တစ်ခုခုဆိုရင် လူတစ်ယောက်ဟာ ဒီမိသားစုဝင်ဆိုတာကို တန်းပြီးသိနိုင်တယ်”

“ဟုတ်လား၊ တစ်မျိုးကောင်းတာပါပဲ။ ဒါပေမယ့် တို့တွေဆီမှာတော့ individual name တွေများတယ်။ မိန်းမတစ်ဦးဟာ အိမ်ထောင်ကျသွားတဲ့အတွက် သူ့ရဲ့အပျိုဘ၀က အမည်ကို စွန့်လွှတ်စရာမလိုသလို၊ ယောင်္ကျားတွေကလည်း သူတို့အမည်ကို မယူလို့ စိတ်ကွက်ခြင်း မရှိတတ်ကြပါဘူး၊ ဒီလိုပဲ သားသမီးတွေဟာလည်း သူတို့ဘာသာ သီးသန့်အမည်တွေရှိတတ်ကြတယ်”



ဒါတွေဟာ အမည်နာမတွေနဲ့ပတ်သက်ပြီး နိုင်ငံခြားရောက်နေတဲ့ ကျမတို့မြန်မာအချို့ရင်ဆိုင်ရတဲ့ အဖြစ်တွေထဲကအချို့ပါ။ ကျမသိရသလောက် ဗမာလူမျိုးအများစုကတော့ ပထမအမည်၊ ဒုတိယအမည်၊ နောက်ဆုံးအမည်ရယ်လို့ ကန့်သတ်ထားတာ မရှိပါဘူး။ မိသားစုတစ်ခုမှာ ဖခင်ရဲ့နောက်ဆုံးအမည်ကို မိခင်ကလဲ ယူချင်မှယူမယ်၊ သားသမီးတွေမှာလဲ ကိုယ်ပိုင်အမည် တစ်သီးတစ်ခြား ရှိတတ်ကြပါတယ်။ အရင်ခေတ်ကဆိုရင် လူတိုင်းမှာ ကိုယ်ပိုင်သီးသန့်အမည်တွေရှိတတ်ကြတယ်။ ဥပမာအားဖြင့်ပြောရမယ်ဆိုရင်၊ ဖခင်အမည်က ဦးအေးမြင့်၊ မိခင်က ဒေါ်သန်းတင့်၊ သားသမီးတွေကတော့ ခင်ခင်ကြီး၊ မြမြလင်း၊ မောင်ရင်ထွေး စသဖြင့် မိမိကိုယ်ပိုင် သီးသန့်အမည်တွေရှိတတ်ပါတယ်။ အခုနောက်ပိုင်းတွေမှာတော့ သားသမီးတွေရဲ့ နောက်ဆုံးအမည်တွေမှာ ဖခင်ရဲ့နောက်ဆုံးအမည်တွေကို ထည့်လာတတ်တာကို သတိထားမိပါတယ်။ သည့်အပြင် ဖခင်ရဲ့အမည်ကို ဆက်လက်သယ်ဆောင်ရမယ်ဆိုတဲ့ ထုံးတမ်းအစဉ်အလာနောက်ကိုလည်း လိုက်ကြသူတွေ ရှိပါတယ်။


ဖြစ်တတ်တဲ့ လောကသဘာဝအတိုင်း ကြီးမားတဲ့ယဉ်ကျေးမှုတွေဟာ ယဉ်ကျေးမှုအသေးလေးတွေကို ၀ါးမြိုသွားတတ်ကြတာ ဓမ္မတာပါပဲ။ သည်လိုယဉ်ကျေးမှုဝါးမြိုခံရခြင်းတွေကြားထဲမှာ ကိုယ်ပိုင်အတွေးအခေါ်နဲ့ လူအများလုပ်တိုင်း လိုက်မလုပ်သူတွေကတော့ လူနည်းစု ဖြစ်လိမ့်မယ်လို့ ထင်မိပါတယ်။ အဲဒီလူနည်းစုကလည်း အချိန်ကြာလာတာနဲ့အမျှ ဝေဖန်မှုအမျိုးမျိုးကြောင့် ကိုယ့်ရဲ့ခံယူချက်နဲ့ ရပ်တည်မှုဟာ ယိုင်နဲ့လာတတ်ပါတယ်။ ကိုယ်တစ်ဦးတည်း သီးခြားဖြစ်နေသလိုလဲ ခံစားလာတတ်ပါတယ်။ အိမ်ထောင်သည်အမျိုးသမီးတွေ တော်တော်များများက ခင်ပွန်းသည်ရဲ့နောက်ဆုံးအမည်ကို ယူကြတော့ ကိုယ်သည်ပဲလည်း လိုက်ယူရမလိုဖြစ်တတ်ကြတယ်။



သည်လိုလူနည်းစုထဲမှာ ခြောက်ရာခိုင်နှုန်းသာရှိတဲ့ မြောက်အမေရိကတိုက်မှာ အမျိုးသမီးများပါပါတယ်။ ပညာပိုတတ်ပြီး အသက်အရွယ်ပိုငယ်တဲ့ အိမ်ထောင်သယ်အမျိုးသမီးတွေဟာ မိမိရဲ့အပျိုဘ၀က နောက်ဆုံးအမည်ကို ထိန်းသိမ်းမှုက ပိုများတယ်လို့ ဆိုပါတယ်။ မြောက်အမေရိကတိုက်ရဲ့ PhD ဘွဲ့ရ အိမ်ထောင်သည်အမျိုးသမီးတွေဟာ အထက်တန်းသာအောင်တဲ့ သူတွေထက်၊ မိမိအပျိုဘ၀က အမည်ကိုထိန်းသိမ်းမှုဟာ ၁၀ရာခိုင်နှုန်း ပိုမြင့်တယ်လို့ ဆိုပါတယ်။ မာစတာဘွဲ့ရ အမျိုးသမီးတွေကတော့ ၂.၈ ရာခိုင်နှုန်း ပိုမြင့်တယ် လို့ဆိုကြပါတယ်။
နောက်တစ်ခုက ခေတ်နဲ့လည်းဆိုင်တယ်လို့ ကျမ ဖတ်ရပါတယ်။ အသက်ခြောက်ဆယ်ကျော် အမျိုးသမီးတွေဟာ သူတို့ရဲ့ အပျိုဘ၀က နောက်ဆုံးအမည်ကို ထိန်းသိမ်းမှုဟာ ၃.၂ ရာခိုင်နှုန်းပဲ ရှိပါတယ်။ အသက် ၃၀နဲ့ ၄၄နှစ်ကြား အမျိုးသမီးတွေကတော့ သူတို့အမည်ကို ၇.၆ ရာခိုင်နှုန်းအထိ ထိန်းသိမ်းထားကြပါတယ်။ အသက်သုံးဆယ်အောက် အမျိုးသမီးတွေရဲ့ သူတို့အပျိုဘ၀က နောက်ဆုံးအမည်များကို ထိန်းသိမ်းနိုင်မှုဟာ ၉ ရာခိုင်နှုန်းရှိပါတယ်။

ကနေဒီယန် အိမ်ထောင်သည်အမျိုးသမီးတွေဟာ၊ အမေရိကန် အိမ်ထောင်သည် အမျိုးသမီးတွေထက် မိမိရဲ့ အပျိုဘ၀ကအမည်ကိုထိန်းသိမ်းမှု ပိုမြင့်တယ်လို့လဲ ဆိုပါတယ်။ အမေရိကန်မိန်းကလေးတွေနဲ့စာရင် ကနေဒီယန် မိန်းကလေးတွေဟာ အများနှင့်အတူ မိုးခါးရေလိုက် မသောက်ဘူး၊ အစဉ်အလာကို မလိုက်ကြဘူးဆိုတဲ့ သဘော ဒီသုတေသနအဖွဲ့က ဆိုထားပါတယ်။ ကနေဒီယန်အမျိုးသမီးတွေဟာ အမေရိကန်အမျိုးသမီးတွေထက် အထက်တန်းကျောင်းအောင်မြင်တဲ့ နှုန်းကလည်း ပိုမြင့်တဲ့အတွက် ဖြစ်နိုင်တယ်လို့လဲ ဆိုထားပါတယ်။


ကျမတို့ တိုင်းပြည်မှာတော့ ပညာမြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ၊ စာတစ်လုံးမှ မတတ်သည်ဖြစ်စေ၊ မွေးကတည်းက မိဘပေးလိုက်တဲ့ အမည်တစ်လုံးကို သေသည်အထိ ထိန်းသိမ်းတတ်ကြပါတယ်။ ဦးကြွက်ကို လက်ထပ်လိုက်လို့ ဒေါ်ခွေးပုဘ၀ကနေ ဒေါ်ခွေးကြွက် (ဒါမှမဟုတ်) ဒေါ်ခွေးပု-ကြွက်၊ သားသမီးတွေကလည်း မြေကြွက်၊ အိမ်ကြွက်၊ တုတ်တန်းကြွက်၊ မျက်နှာကျက်ကြွက် အဲသလိုတွေက တော်တော်ရှားတယ်ထင်ပါတယ်။ ဦးကြွက်ကလည်း ဒေါ်ခွေးပုက သူ့အမည် “ကြွက်” ကို မယူလို့၊ သားသမီးတွေရဲ့အမည်တွေမှာလည်း "ကြွက်" မပါလို့ စိတ်ခုတာမျိုးလည်း ကျမတော့ တစ်ခါမှ မကြုံဖူးပါ။ ရှင်းရှင်းပြောရရင် မြန်မာယောင်္ကျားတွေ(အများစု)နဲ့ ယူတဲ့ မိန်းမတွေဟာ ဒီကိစ္စမှာ တော်တော်လေး လွတ်လပ်မှုရှိပါတယ်။ ကျမကြုံဖူးသော အချို့မြို့နေပညာတတ် အမျိုးသမီးတွေ အိမ်ထောင်ကျလို့ ယောင်္ကျားအမည်ကို ယူကြသူတွေဟာ တစ်ကယ်တော့ အနောက်တိုင်းဆန်ချင်လို့ (ဒါဟာလည်း အမှားတစ်ခုတော့ မဟုတ်ပါ)၊ ခေတ်မှီချင်လို့ ဒါမှ မဟုတ် ဒီလိုယူတာဟာ (နိုင်ငံကြီးတွေလုပ်သမျှ မှန်တယ်ထင်တတ်ကြတဲ့ လူ့သဘာဝအတိုင်း) ပိုပြီးမှန်ကန်တယ်ထင်လို့၊ စတဲ့ အတွေးအခေါ်နဲ့ ယူဖြစ်ကြတာ ဖြစ်ပါလိမ့်မယ်။ အခြားတိုင်းပြည်တွေကို ရောက်ကြပြီဆိုရင်လည်း လူအများနဲ့သဟဇာတဖြစ်ရန် ရည်ရွယ်ချက်နဲ့ ပြောင်းကြရတဲ့သူတွေလည်းရှိနိုင်ပါတယ်။ ဒါမှမဟုတ်လည်း ကိုယ့်ယောင်္ကျားကို အရမ်းချစ်လို့ သူ့အမည်လေးကို ယူထားချင်တာဆိုရင်တော့လည်း ဖြစ်သင့်ပါတယ်။


အခုဆိုရင် မြန်မာအမျိုးသမီးတွေဟာ တိုင်းပြည်အပြင်မှာထွက်ပြီး ကျောင်းတက်၊ အလုပ်လုပ်ကြတဲ့အခါမှာ လူမျိုးခြားတွေနဲ့ အကြောင်းပါသွားသူတွေ ရှိမှာပါပဲ။ အဲဒီအခါမှာ သြဇာလွှမ်းမိုးခြင်းတွေ အောက်ကလွတ်မြောက်ကြပြီး၊ မိမိရဲ့မွေးရာပါ အမည်လေးကိုတော့ မိမိနှလုံးသားဆန္ဒအတိုင်း ဆက်လက်ထိန်းသိမ်းနိုင်ကြပါစေ ဆိုတဲ့ရည်ရွယ်ချက်နဲ့ အနည်းငယ်မျှဝေလိုက်ရပါသည်ရှင်။


အစဉ်အလာတိုင်းကို ဖောက်ဖျက်ရမယ်ဆိုတဲ့ စိတ်ဓာတ် မရှိသင့်သလို၊ အများမိုးခါးရေသောက်တိုင်းလည်း လိုက်သောက်စရာမလိုပါ။

 


ref: Proudfoot, S. (2009, September 12). Well-educated women more likely to keep their names.
The Vancouver Sun, p. B3.

hut1.png



1.

ဟုတ်ပါ့ မမချမ်းမြေ့ရေ..
အရင်က ချစ်သူ ပြောဖူးတယ်..ကလေးမွှေးရင် သာအေး နဲ့ ပူစူး လို့ဘဲ မှည့်မယ်တဲ့.. အဖေအမေနာမည်တစ်ခုမှမပါအောင်ဆိုပီး ခဏခဏပြောရီခဲ့ဖူးတယ်… နောက်ပိုင်း သူ့အဖေနာမည်က ရှေ့မှာရောက်ပီး နာမည်က နောက်မှာရောက်တော့ အဲဒီကသူတွေခေါ်တော့ နာမယ်ကsurname ဖြစ်ပီး အဖေနာမည်က ကိုယ့်နာမည်ရင်းပြန်ဖြစ်တယ်..
ဘာကြောင့်လဲတော့မမေးမိပေမယ့် ကူးကူးတို့ မောင်နှမတွေအကုန် အဖိုးနာမည်နောက်ဆုံးမှာပါတယ်၊ အဖိုးပီး အဖေ၊ အဖေ ပီးတော့ ကူးကူးတို့။ … နဲနဲလေးအဆင်ပြေတယ်ပြောရမလား surname လေးပါသေးတယ်.. ဒါတောင် အလယ်ကနာမည်နှစ်လုံး ကို သူတို့က middle name လုပ်ပီး အမေနာမည်လို့ထည့်တော့ ခက်ပြန်ရော..း)
ယောက်ျားရရင်တော့ ကိုယ့်နာမည်လေးတော့မပြောင်းချင်ပါဘူး.. ဒီကသူငယ်ချင်းတွေ ယောက်ျားယူပီ နာမည်အကုန် အစဆုံး လိုက်ပြောင်းရတာကြည့်တာနဲတင်မောတယ်.. နည်းနည်းတော့ တကိုယ်ကောင်းဆန်တယ်ဘဲပြောရမလား..ကိုယ့်မိဘပေးထားတဲ့ နာမည်လေးတော့ အဆုံးမခံချင်တာတော့အမှန်ဘဲ..
mrs. xxxxxx ခေါ်တာကတော့ ရပါတယ်လေ… တရားဝင်မပြောင်းရရင်တော်ပီ..ဒါကလဲ နေမယ့်နိုင်ငံပေါ်မူတည်ပီး ရောမရောက် ရောမလိုကျင့်ရအုံးမှား(

Comment by စန္ဒကူး — September 15, 2009 @ 5:46 pm |Edit This
2.

ကြွက်ဥပမာကို သဘောကျသွားတယ်။ တစ်ဦးတစ်ယောက်ဆန်ချင်တဲ့ အနောက်နိုင်ငံတွေက ဒီကိစ္စမှာတော့ လွဲသွားတာပဲ။ မြန်မာနာမည်တွေက ပိုပြီး စိတ်ကူးဥာဏ်ကွန့်မြူးလို့ ရပါတယ်။

Comment by ပုံရိပ် — September 15, 2009 @ 5:53 pm |Edit This
3.

ဟုတ်တယ် မလေးရေ.. နာမည်ကတော့ ထားပါတော့။ တခြားကိစ္စတွေသာ လိုက်မကျင့်သုံးဘူးဆိုရင်ဟုတ်နေပြီ။ ဒါပေမဲ့ အများစုကတော့ ဒီလိုပဲလေ မလေးရဲ့. ဒီမှာတွေ့တယ် တချို့တွေ ” ဟင်း.. မြန်မာစကားသိပ်တော့မတတ်ဘူး” ဆိုတာကို ဂုဏ်ယူပြီးပြောနေတဲ့လူတို့ “ဒီစာလုံးကလေ မြန်မာလိုဆိုဘယ်လိုခေါ်တာ .. သေချာတော့မသိဘူး” ဆိုပြီး မြန်မာစာကို မေ့သလိုလိုလုပ်နေတဲ့လူတို့ … အဲလိုလူမျိုးတွေ တကယ်စိတ်ပျက်ဖို့ကောင်းတယ်။ ဒီမြေမှာမွေးပြီး ဒီမြေမှာကြီးခဲ့တဲ့လူတွေမဟုတ်တာကျနေတာပဲ။ တစ်ခါတစ်လေများ ငါးပိကိုတွေ့ရင် နံသလိုလို ရွံသလိုလိုက ရှိသေးတယ်။ မပြောတော့တာပဲကောင်းပါတယ်။ ပြောရင် ပြီးတော့မှာမဟုတ်ဘူး။

Comment by winkabar — September 15, 2009 @ 6:53 pm |Edit This
4.

မမအိမ့်ရေ……..
အစဉ်အလာတိုင်းကို ဖောက်ဖျက်ရမယ်ဆိုတဲ့ စိတ်ဓာတ် မရှိသင့်သလို၊ အများမိုးခါးရေသောက်တိုင်းလည်း လိုက်သောက်စရာမလိုပါ ဆိုတဲ့ စကားလေးနဲ့ အတူ သြဇာလွှမ်းမိုးခြင်းတွေ အောက်ကလွတ်မြောက်ကြပြီး၊ မိမိရဲ့မွေးရာပါ အမည်လေးကိုတော့ မိမိနှလုံးသားဆန္ဒအတိုင်း ဆက်လက်ထိန်းသိမ်းနိုင်ကြပါစေ ဆိုတဲ့ရည်ရွယ်ချက်နဲ့ ရေးထားတဲ့ ဒီပို့စ်လေးအတွက် ကျေးဇူးတင်မိပါတယ်ရှင့် …..။
ချစ်ခင်လေးစားလျှက်ပါ
ညီမလေး နှင်း

Comment by နှင်းဟေမာ — September 15, 2009 @ 7:30 pm |Edit This
5.

မမအိမ့် က ရင့်ကျက်ပြီး အတွေးအခေါ်လေးတွေ မျှတမှုရှိတော့ ဒီလိုပုံစံ ပို့စ်လေးတွေလည်း အချိန်ရရင် ရသလို အလျဉ်းသင့်သလို ရေးပေးဖို့ တိုက်တွန်းပါရစေနော်….
အကြောင်းအရာ တစ်ခုကို နားလည်လက်ခံအောင် ရေးနိုင်တဲ့ မမ ရဲ့ အရည်အချင်းကို လေးစားအားကျမိရင်း
ညီမလေး နှင်း

Comment by နှင်းဟေမာ — September 15, 2009 @ 7:39 pm |Edit This
6.

လာဖတ်ပါတယ်။

Comment by kom — September 15, 2009 @ 7:40 pm |Edit This
7.

အရမ်းကောင်းတဲ့ ပို့စ်လေးပါ မကြီး ရေ။ အရှေ့ နဲ့ အနောက်, မြန်မာ နဲ့ အမေရိက တိုရဲ့ မူကွဲ ယဉ်ကျေးမှုလေးတွေကို အခုလို စာဖတ်သူတွေ ဗဟုသုတတိုးပွားအောင် ရေးပြပေးလို့ ကျေးဇူးတင်ရပါတယ်။ နောက်များမှာလဲ အခုလိုမျိုး အရမ်းကောင်းတဲ့ ပို့စ်လေးတွေကို ရေးပေးပါဦးလို့ တောင်းဆိုလိုက်ပါရစေ.. မကြီး ပျော်ရွှင်ပါစေ…

Comment by စာချစ်သူ — September 15, 2009 @ 7:45 pm |Edit This
8.

ကောင်းပါတယ် မအိမ့်ရေ။ စိတ်ဝင်စားစရာ ကောင်းပါတယ်။
အမျိုးသား နာမည် ယူတာ အစဉ်အလာဆိုရင် မယူတာကရော။
ကောင်းပါတယ်။ ကိုယ်ကြိုက်တာ ကိုယ်လုပ်လို့ ရတဲ့အတွက်။း)

Comment by TNT — September 15, 2009 @ 7:56 pm |Edit This
9.

ဝိုင်းမှာ သူငယ်ချင်းတစ်ယောက်ရှိတယ် အဖေနာမည်က ဦးဖြူလွင်တဲ့ အမေနာမည်က ဒေါ်နန်းရွှေ သူ့နာမည်က နန်းရွှေ သရဖီထွဋ်ထွဋ် ဖြူလွင်တဲ့ သူနာမည်ခေါ်လိုက်ရင် လူတိုင်းက သူ့ကိုမှတ်မိလွယ်ကြတယ်။ အဖေရော အမေနာမည်ရော ပါတယ်လေ။ ဒါဟာ မြန်မာလူမျိုးတချို့တ၀က်မှာသာ ရှိတာပါ။
များသောအားဖြင့် မြန်မာလူမျိုးတွေရဲ့ ဓလေ့မှာ surname တွေ ခေါ်ပြီး နာမည်မှည့်တာမျိုး မရှိတဲ့အတွက် မိမိပေးချင်တဲ့နာမည်ကို မိဘတွေက အမြတ်တနိုး သားသမီးတွေကို ပေးတတ်ကြတာအမှန်ပါပဲ။ ဘယ်တိုင်းပြည်၊ ဘယ်နေရာပဲရောက်ရောက် ကိုယ့်နာမည်ကို ကိုယ့်ရဲ့ နှလုံးသားဆန္ဒထဲမှာ ထာဝရ မမေ့မပျောက် သိမ်းထားနိုင်ကြရင်တော့ အကောင်းဆုံးပေါ့နော်။
ပျော်ရွှင်ပါစေ မချမ်းမြေ့ရေ…
ခင်လျက်
ဝိုင်း

Comment by Waing — September 15, 2009 @ 7:56 pm |Edit This
10.

သဘောတူတယ် မလေး။ တချို့ကတော့..အကြောင်းပြကြတယ်.. အလုပ်ထဲမှာ..သူများခေါ်တာ ခက်မှာစိုးလို့.. ဆိုတာမျိုး။ ကျမ ကိုယ်ပိုင် အယူအဆ အရတော့.. လုံလောက်တဲ့ အကြောင်းပြချက် မဖြစ်လာဘူး။ ပီသလို ခေါ် လို့ ရတာပါပဲ။ ဒါကကို မတူ ထူးခြားမူ တခု ဖြစ်နိုင်သေးတယ်။ သို့သော်လဲ တချို့က..အဲဒီလို..ထူးထူးခြား၂ ဖြစ်နေရမှာကို ရွံ့တာလည်း ဖြစ်နိုင် မယ်။ ကိုယ်တိုင်လည်း..ဘယ်တုန်းကမှ နာမည် မပြောင်းခဲ့သလို..စိတ်ကူးထဲကို မထဲ့ဖြစ်ခဲ့ပါ။ ( ကိုယ်ပိုင် နာမည်ကို သိပ် နှစ်သက်လှတာ မဟုတ်သော်ငြား )
ကံကောင်းချင်တော့..ကိုယ့်နာမည်ကလဲ.. လျှာတိုင်းအတွက်..ခေါ်လို့လွယ်နေတာလဲ..တပိုင်းပေါ့လေ။း) ခင်မင်စွာဖြင့်-

Comment by K — September 15, 2009 @ 9:17 pm |Edit This
11.

My boss also asked like that.My end name is aung.He said ur father name is Mr aung.I denied.Our culther is no need to use father name.We got own name.Ket dal.:p

Comment by online — September 15, 2009 @ 10:21 pm |Edit This
12.

anyway thz a lot ma ain chann myay.I liked ur post vy well :D

Comment by online — September 15, 2009 @ 10:23 pm |Edit This
13.

တွေးပုံလေးတွေလှတယ်၊ သူများသတိမထားမိတာတွေမြင်တတ်တာလေးက တော်တော်ထူးခြားတဲ့ အရည်အချင်းလို့ပြောချင်ပါတယ်
ဗမာ ဗမာလိုနေတာကောင်းတယ်နော်၊ အမေပေးပေးတဲ့အတိုင်း အဖေ ကင်ပွန်းတပ် အဖေ့ပညတ်အတိုင်းပေါ့
ဟဲဟဲ ကျွန်တော့်ကိုများ ယောင်လို့တွေ့ရင် ” Online ကျား ” တော့မခေါ်နဲ့နော်…

Comment by ဒေါင်းသေချောင်းမှာပျော်သည့် ကျား — September 16, 2009 @ 3:20 am |Edit This
14.

ဟဲဟဲ…အိမ်ကသား ၂ယောက်ကတော့ကျွန်တော်နာမည်လည်းမယူ..သူတို့ အမေနာမည်လည်းမယူရဘူး
ဆရာတော်ပေးတဲ့ နာမည်ဘဲယူရတယ် :)

Comment by minthant2009 — September 16, 2009 @ 6:18 am |Edit This
15.

မြန်မာလူမျိုးအချို့တွေမှာလည်း အဖေနာမည်ကို Surname ယူထားတာတွေလည်းတွေ့ဖူးပါတယ်..။ ကိုယ့်လုပ်ပိုင်ခွင့်နဲ့ကိုယ်မို့ ဘာမှမပြောချင်ပါဘူး..အနည်းဆုံးတော့ မြန်မာနာမည်ဖြစ်နေသေးတာဘဲ..။ တစ်ချို့လူတွေ ကိုယ့်ဟာကိုယ် အရှေ့မှာဘဲဖြစ်ဖြစ် အနောက်မှာဘဲဖြစ်ဖြစ် အင်္ဂလိပ်နာမည်မှည့်တာတော့ သိပ်သဘောမကျဘူး..(နိုင်ငံခြားသားတွေအတွက် ခေါ်ရပြုရ လွယ်တာကတော့ တစ်မျိုးပေါ့..)။ ဟဲဟဲ ကိုယ်ပိုင်ဘလော့ကတော့လား… အမြဲစိမ်းဖြိုးဆိုတာက ထောက်နေလို့ Evergreen လို့ပေးထားတာ..။ အပြင်မှာ သူငယ်ချင်းတွေကိုတော့ မြန်မာနာမည်ဘဲမပီပီအောင်သင်ပြီးခေါ်ခိုင်းပါတယ်.. (John တို့ Steven တို့ David တို့ Matthew တို့ Evergreen တို့ လုပ်မနေဘူး.. တကယ်)။

Comment by Evergreen Phyo — September 16, 2009 @ 8:23 am |Edit This
16.

‘မလေး’…ရေ…
“ကိုယ်ပိုင်အတွေးအခေါ်နဲ့ လူအများလုပ်တိုင်း လိုက်မလုပ်သူတွေကတော့ လူနည်းစု ဖြစ်လိမ့်မယ်လို့ ထင်မိပါတယ်။” အဲ့ဒီစကားလေးက ဟုတ်တယ်နော်….
ဘယ်တိုင်းပြည်…၊ ဘယ်နေရာမှာပဲ ရောက်နေနေ ဗမာလူမျိုးက ဗမာလူမျိုးပါပဲနော်ဗျာ…။
စောင့်ထိန်းသင့်တာတွေကို စောင့်ထိန်းရမှာပါ…။ ဒါပေမယ့် လူအမျိုးမျိုး စိတ်အထွေထွေမို့လို့ ….(အဟဲ… ဆက်မရေးချင်တော့ပါဘူးခင်ဗျ…။)

Comment by ဏီလင်းညို — September 16, 2009 @ 5:57 pm |Edit This
17.

As a human being, we own our name since born to die, the others belongings are not stable.
But some follows for others’ custom, it has different reasons, but as a Burmese we should maintain our name whatever reason happends in your life.
If you want to change or take a new name also can keep as @.
When you introduce your name also no need to be shy. your name is a thing that you own all your life, no one can distrub.
thanks

Comment by czarrose — September 16, 2009 @ 9:33 pm |Edit This
18.

အပြည့် အဝ ထောက်ခံပါတယ်

Comment by rose of sharon — September 17, 2009 @ 8:50 pm |Edit This
19.

မမရေ …… ဟုတ်တယ်နော်။ ဒီမှာလည်း ရောင်တွေ့ဘူးတယ်။ တချို့တွေ နာမည်မေးရင် ဘိုနာမည်ပဲ ပြောကြတယ်။ ရောင်တို့ကတော့ မိဘပေးတဲ့ အမည်ကို တန်ဘိုးထားတယ်။ ရုံးတွေမှာ သူတို့က ခေါ်လို့လွယ်အောင် ဘိုနာမည်ပေးလေ့ရှိတယ်။ ရောင့်ကိုလည်း ပေးခဲ့ဘူးတယ်။ ပြောလိုက်တယ် ကျမနာမည် ခေါ်ရမှာခက်ရင် ရှေ့ဆုံးတလုံး “Khin” လို့ပဲ ခေါ်ပါလို့။ ဒီတော့မှ တရုံးလုံး ဒီနာမည်လေးကိုပဲ ခေါ်တော့တယ်။ မမရဲ့ ပိုစ့်လေးကို သဘောကျ နှစ်သက်မိပါတယ်။ ငယ်ငယ်က မေမေတို့ ပြောဘူးတဲ့ ရုပ်ရှင်လို့ပေါ့နော်။ တောမှာနေတော့ သူ့နာမည်က ဂွက်ထော်တဲ့ မြို့ရောက်တော့ မာဂရက်ဂွက်တော် ဖြစ်သွားရော။ နောက်တယောက်က တောမှာနေတော့ ပေါတာ တဲ့ မြို့လည်းရောက်ရော ဂျော်နီပေါတာ ဖြစ်သွားရောလေ။ အခု အဲလိုမျိုးတွေဖြစ်နေတယ်နော်။

ခင်မင်လေးစားလျှက်
ရောင်

Comment by မေတ္တာရောင်ပြန် — September 18, 2009 @ 12:45 am |Edit This

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...