မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, September 08, 2009

ငါ့ရဲ့ကဗျာတစ်ပုဒ်

ထုံးစံအတိုင်း ....
မင်းနေတဲ့ မြို့ကလေးဟာ ပူနွေးစွတ်စိုနေတယ်။
လမ်းပေါ်မှာ နှစ်ထပ်ယာဉ်ကြီးတစ်စင်း ခပ်တိုးတိုးဖြတ်သွားတယ်။
မင်းဘေးမှာ ငါတစ်ကောက်ကောက်
လျှောက်လိုက်နေခဲ့တယ်။
ငါ့ရဲ့ဖြစ်တည်မှုကို မသိတဲ့ မင်း..ကို
"ဆော်လမွန်တွေ ပြန်လာတော့မယ်... လာကြည့်ပါဦးလား" လို့
ခပ်တိုတိုး ပြောနေမိတယ်။

ညရဲ့အမှောင်က မြောက်ဘက်ပိုလာမီးတွေလို လွန့်လူး
အမှိုက်မဲ့ ပလက်ဖောင်းတွေပေါ်မှာ မီးစုန်းတွေက ကွန့်မြူး
အဖာမဲ့ ကတ္တရာခင်းတွေပေါ်မှာ တစ္တေတစ်ကောင် စုန်းပြူးသလို
မဆုံနိုင်တော့တဲ့ ကဗျာတစ်ပုဒ်ကို သွေးရူးသွေးတန်း ဖွဲ့စပ်နေရလို့
ငါ့အလွမ်းတွေက ဖုတ်လိုက်ဖုတ်လိုက်နဲ့ အသက်ငင်နေတယ်။

မင်းပုခုံးပေါ်က ရေစက်ဟာ ငါ
မင်းလက်ကိုင်ဖုန်းပေါ်က ချွေးစက်ဟာ ငါ
မင်းဆံနွယ်ထဲက ပိုးကောင်လေးဟာ ငါ
မင်းကော်လာပေါ်က အမှိုက်တစ်မှုန်ဟာ ငါ
မင်းပါးပြင်ပေါ်က မော်လီကျူးလေးဟာ ငါ
မင်းဘီယာဗူးပေါ်က ရေစက်လေးဟာ ငါ

သူငယ်ချင်းတွေနဲ့အတူ ဟားတိုက်ရယ်မောနေတဲ့
မင်းမျက်နှာ နုနုလေးကို
တအံ့တသြ ငါငေးမောနေချိန်မှာ
နံနက်လေးနာရီ ထိုးသွားခဲ့တယ်..

ဆဲလ်ဖုန်းလေးမြည်လာတယ်..
မင်းကောက်ကိုင်လိုက်တယ်...
မင်းအသံတွေဟာ အရင်လို ညံ့သက်နေဆဲ..
မင်းလက်ထဲက ငါ့အတွက်မဟုတ်တဲ့ ပန်းတစ်စည်းဟာ အရင်လို လတ်ဆတ်နေဆဲ...
မင်းအပြုံးတွေဟာ အရင်လို နူးညံ့နေဆဲ...

"ဟလို... မ"
"ဟလို... မ"
"ဟလို... မ"

မင်းဟာ.. ငါ့အတွက်တော့.. အရင်အတိုင်း။

3 comments:

တန်ခူး said...

(မင်းကို လွမ်းတတ်တဲ့ စိတ်လေးမှာ ငါစီးမျောလို့  မင်းအနားရောက်လာခဲ့တာ မင်းသိလိုက်ပါသလား ချစ်သူရယ်… မင်းရှိတဲ့နေရာလေးကို လာပြီး မင်းမသိအောင် တိတ်တခိုး နားခိုနေရတာကပဲ ကိုယ့်အလွမ်းတွေကို ပြေလျော့စေမလားရယ်လို့ … ကြားလိုက်သလားချစ်သူ… ကိုယ်ရဲ့တမ်းတသံတိုးညှင်းညှင်းလေးကို…) အိမ့်ရေ… ကဗျာလေးက ခံစားရတယ်…

Phyo Evergreen said...

ကဗျာတစ်ပုဒ်လုံးဖတ်ပြီး “မင်းဟာ.. ငါ့အတွက်တော့ အရင်အတိုင်း” ဆိုတဲ့ စာသားလေးပဲ ရင်ထဲစွဲတယ်..။

အိမ်ချမ်း said...

အစ်မတန်ခူး...
တိတ်တိတ်လေးလာဖတ်တဲ့ အစ်မကို ဒီမှာပိုစ်တင်ပြီးတိုင် မျှော်မိတယ်..
လဗ်ယူ...

ကိုဖြိုး..
ကျန်တာတော့ မစွဲဘူးပေါ့ .. :P

LinkWithin

Related Posts Plugin for WordPress, Blogger...