မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, September 04, 2009

စက်ဝိုင်းလမ်းကလေး

l1.jpg

ညနေစောင်းတွေရောက်ပြီဆိုရင် ဒီကွေ့ကောက်တဲ့ လူလုပ်စက်ဝိုင်းလမ်းကလေးဆီ ခြေဦးလှည့်ဖြစ်တယ်။ ဒီစက်ဝိုင်းလမ်းကလေးထဲမှာ လမ်းလျှောက်ရတာ အားတစ်ခုကို စိုက်ထုတ်စရာမလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီစက်ဝိုင်းလမ်းကလေးဟာ ၀င်္ကပါလို လမ်းမပျောက်စေဘူး။ ဒီစက်ဝိုင်းလမ်းကလေးဟာ အလယ်ဗဟိုတစ်ခုကို ခေါ်ဆောင်သွားတယ်။ ဒီစက်ဝိုင်းလမ်းကလေးဟာ အဲဒီအလယ်ဗဟိုနေရာကနေ ၀င်လာရာအပေါက်ကိုလည်း ပြန်လည်ခေါ်ဆောင်သွားတယ်။ ဒီစက်ဝိုင်းလမ်းကလေးထဲမှာ ဖိအားတွေကိုခြေဖျက်ဖို့၊ အဖြေတစ်ခုခုကိုရှာဖို့၊ ဆုံးဖြတ်တစ်ခုခုကိုချဖို့၊ စိတ်တွေကိုရှင်းထုတ်ဖို့၊ နောက်ဆုံး.. ကောင်းကင်ဘုံက တစ်စုံတစ်ခုသော ဆုကျေးဇူးတစ်ခုခုကို ရနိုင်ဖို့ အခွင့်အလမ်းတွေ ရှာဖွေတွေ့ရှိနိုင်တယ်လို့ ဆိုကြတယ်။


flower.jpg

ဒီစက်ဝိုင်းလမ်းလေးရဲ့ အ၀င်ဝကိုရောက်ပြီဆိုတာနဲ့ ပါလာတဲ့ ခံစားချက်တွေရယ်၊ အတွေးတွေရယ်နဲ့ ဖြစ်တည်မှုအားလုံးကို မြေပြင်ပေါ်မှာ ချထားလိုက်တယ်။ ကျောက်စရစ်ခဲနဲ့သဲစပ်စပ် မြေပြင်ပေါ်က လျှပ်တိုက်သွားနေတဲ့ ကိုယ့်ခြေသံကို ကိုယ်ပြန်ကြားနေရတတ်တယ်။ စက္ခုအစုံကို မြေပြင်ပေါ်ကို ပို့ထားပြီး၊ စိတ်ကိုရှင်းထုတ်ထားတတ်ပေမယ့် တစ်ခါတစ်ရံမှာ မျက်လုံးက ခပ်လှမ်းလှမ်းက စက္ကူပန်းလေးတွေဆီရောက်သွားတတ်တယ်။ အဲဒီအခါမျိုးမှာ “ဒီလိုစက္ကူပန်းမျိုး ကိုယ့်ခြံထဲမှာ စိုက်လို့က အခုလို လှလှပပလေးရှင်သန်ပါ့မလား” ဆိုတဲ့ အတွေးမျိုးက တိုးဝင်လာတတ်တယ်။



တစ်ခါတစ်ရံတော့လည်း ပန်းခြံစပ်က လှပတဲ့ရုပ်တုလေးဆီ ဒါမှမဟုတ် ခုံတန်းပေါ်က စာအုပ်တစ်အုပ်ကိုငုံ့ဖတ်နေတဲ့ ကောင်လေးနဲ့ ကောင်လေးပေါင်ပေါ်မှာ ပက်လက်လှန်ခေါင်းအုံးအိပ်ပြီး ကောင်းကင်ပြာကြီးကို ငေးမောမော့ကြည့်နေတဲ့ ကောင်မလေးစုံတွဲဆီ အကြည့်တွေက ရောက်သွားတတ်တယ်။ အဲဒီအခါမျိုးမှာ
heshe.jpg

“ရုပ်တုလေးကလှလိုက်တာ၊ ဟိုခုံတန်းပေါ်က စုံတွဲလေးကလဲ အေးချမ်းလိုက်တာ၊ အင်း.. ဒါပေမယ့်… အချစ်ဆိုတာဘာလဲ၊ တွယ်တာမှုလား၊ ချစ်တယ်လို့ထင်ကြတာလား၊ အချစ်တစ်ခုက ဘယ်လောက်ကြာကြာခံမှာလဲ၊ အချစ်ဆိုတာ…အသုံးချမှုတစ်ခုလား၊ ဟိုမုန်းတွေလား၊ မျိုးပွားဖို့ဖြစ်နေတာလား” ဆိုပြီး စိတ်တွေက ကစင့်ကလျားဖြစ်သွားတတ်သေးတယ်။



ဒီစက်ဝိုင်းလမ်းကလေးရဲ့ အလယ်ဗဟိုကို မရောက်မချင်း လှမ်းလျှောက်နေစဉ်အဆင့်ဟာ Purgation (Releasing) အဆင့်ဖြစ်တယ်လို့ ဆိုကြတယ်။ အတွေးတွေအားလုံးကိုဖယ်ထုတ်၊ စိတ်ကိုတိုးတိတ်စေပြီး၊ နှလုံးသားကိုဖွင့်ထားရတဲ့ ပထမအဆင့်။ စိတ်ကိုတိုးတိတ်စေရမယ်လို့ဆိုထားပေမယ့် နှလုံးသားကို ဖွင့်ဖို့ပြင်လိုက်တာနဲ့ စိတ်ကခံစားသွားပြီပေါ့ ဆိုတဲ့ အတွေးမျိုးတွေ ၀င်လာတတ်သေးတယ်။


တစ်ခါတစ်ရံမှာ မျက်စိက စက်ဝိုင်းလမ်းကလေးဆီက ဖယ်ခွာမိလိုက်ပြီဆိုတာနဲ့ ကောင်းကင်မှာ ပျံသန်းနေတဲ့ ငှက်ကလေးတွေ၊ ခပ်လှမ်းလှမ်းက လူလုပ်တောလမ်းလေးတွေ၊ မွှေးပျံ့တဲ့ ပန်းကလေးတွေ၊ ကားလမ်းတစ်ဘက်က အိမ်ကလေးတွေဆီ ရောက်သွားတတ်တယ်။


အဲဒီအခါမျိုးတွေမှာ….

“ဟိုးနားက သစ်သားလေးကို ထွင်းထားတာလေးက လှလိုက်တာ….။ အိမ်ရှေ့မှာ “ကျမတို့ရဲ့အိမ်” ဆိုပြီး အဲလိုမျိုးလေး မြန်မာလို ထွင်းချင်တယ်။ နောက်က တောလမ်းလေးကလဲ သာယာလိုက်တာ။ ညို့မှိုင်းနေတာပဲ”


lane2.jpg

“ဒီ labyrinth က မှန်လိုပဲ… သူတို့ပြောသလို ကိုယ့်ဘ၀ရဲ့ နာကျည်းဝမ်းနည်းမှုတွေကို သာသာလေးထိခတ်ပြီးနောက်၊ ပျော်ရွှင်မှုတွေကို ထုတ်လွှတ်ပေး နိုင်ကောင်းပါရဲ့”



“ဒီနားက အိမ်လေးတွေက မဆိုးပါဘူး။ အိမ်ပြောင်းမယ်ဆို ဒီရပ်ကွက်ကလေးကို ပြောင်းလာရင်ကောင်းမလား။ ဒါပေမယ့် အိမ်ကောင်းတိုင်း လူတွေကသန့်ရဲ့လား၊ ဒီရပ်ကွက်လဲ ပြောင်းလာလို့လဲ ထူးမယ်မထင်ပါဘူးလေ၊ ဒီမြို့ထဲကတော့ ထွက်မှ။ ထွက်တာတော့ဟုတ်ပါပြီ၊ ဘယ်ကိုပြောင်းမလဲ။ အိမ်သစ်တွေရှိတဲ့ဘက်ကျတော့လည်း အလုပ်နဲ့ဝေးတယ်၊ အလုပ်နားပြောင်းပြန်တော့လည်း အိမ်တွေကအဟောင်းတွေ။ အဲဒီဘက်မှာ အိမ်သန့်သန့်ကို ခုနှစ်သိန်းလောက်တော့ ဘယ်လိုမှ မတတ်နိုင်ဘူး။ အိမ်ကြီးအကြီးကြီးနဲ့ ငွေတွေမြုပ်ပြီး house-poor ဖြစ်နေလဲ မဖြစ်သေးဘူး။ ကျောင်းတွေကကော ကောင်းပါ့မလား၊ အနာဂတ်မှာ ကလေးတွေတွက် ကျောင်းကောင်းရှိတဲ့ ရပ်ကွက်/မြို့ကို ပြောင်းမှ။ ကျောင်းတွေရဲ့ rating တွေခုထဲက ကြိုတင်ကြည့်ထားတာလဲ စိတ်တိုင်းကျတာမတွေ့ပါလား။ လူမျိုးတစ်မျိုးထဲ များနေတဲ့ မြို့လဲ မပြောင်းချင်ဘူး။ လူမျိုးတွေအားလုံးမျှမျှတတရှိမယ့် မြို့ကလေးတစ်မြို့ကိုပြောင်းမှထင်တယ်၊ မဟုတ်ရင် ကလေးတွေ အားငယ်သွားနိုင်တယ်”
စတဲ့ အတွေးမျိုးတွေ၊ မျှော်လင့်ချက်တွေနဲ့ စိတ်တွေဟာ ၀ိုင်းဒိုင်းကြဲလို့လဲ နေတတ်တယ်။

l2.jpg

ဒီလိုအတွေးမျိုးတွေနဲ့ လျှောက်လာလိုက်တာ ဒုတိယအဆင့်ဖြစ်တဲ့ Illumination (Receiving) လုပ်တဲ့အလယ်ဗဟိုနေရာကို ရောက်လာတယ်။ ဒီအလယ်ဗဟိုနေရာဟာ စိတ်ကိုတည်ငြိမ်အောင်ထားတဲ့နေရာ၊ ဒါမှမဟုတ် ဘုရားရှိခိုးတဲ့နေရာ၊ ဒါမှမဟုတ် ကောင်းကင်ဘုံက တစ်စုံတစ်ခုသောဆုကို တောင်းတဲ့နေရာ။ ဒီနေရာမှာ နေချင်သလောက်နေလို့ရတယ်။ ထိုင်ချင်ထိုင်၊ မတ်တပ်ရပ်ချင်ရပ်၊ စိတ်ကိုတော့ ဆက်ပြီး ငြိမ်အောင်ထားရမယ် လို့ ဆိုကြတယ်။ ဒီအလယ်ဗဟိုမြေကွက်လပ်လေးမှာ ခြေစုံရပ်ရင်း မျက်စိမှိတ်ထားမိတဲ့အခါတွေမှာ အတွေးမျိုးစုံက ၀င်လာတတ်သေးတယ်။



"စိတ်ကိုငြိမ်အောင်ကျင့်နေတယ်ဆိုကတည်းက ငါ စိတ်ငြိမ်ရန်ဆိုတဲ့ အတ္တတစ်ခုကို မွေးဖွားပေးနေခြင်း တစ်ခု မဟုတ်ဘူးလား" ဆိုတဲ့ အတွေးတွေ…
"ဆုတောင်းခြင်းဆိုတာကလည်း လိုချင်တက်မက်မောမှုတစ်ခုကို ရှေ့တန်းတင်လိုက်ခြင်းပဲ မဟုတ်လား" ဆိုတဲ့ မေးခွန်းတွေ…
"လက်တွေ့မပါသော ဆုတောင်းခြင်း၊ မေတ္တာပို့သနေကြခြင်းတွေနဲ့၊ လက်တွေ့ပါသော လုပ်ဆောင်မှုတစ်ခုခုရဲ့ ကွာခြားချက်တွေဟာ ဘာတွေဖြစ်နိုင်မလဲ" ဆိုတဲ့ အတွေးတွေ…..

"ဆုတောင်းတိုင်းသာပြည့်ကြမယ်ဆိုရင်လည်း.. အသက်ရှည်လို့ အနာမဲ့ခြင်းဟာ လူမှုဝန်းကျင်တစ်ခုကို ၀န်ထုတ်ဝန်ပိုးဖြစ်နေစေခြင်း မဟုတ်ဘူးလား" ဆိုတဲ့ မေးခွန်းတွေ…။ "ဆုတောင်းတိုင်းသာပြည့်ရမယ်ဆိုရင်.. သူ့ဘက်ကိုယ့်ဘက် တောင်းဆုတွေနဲ့ အကုန်လုံးအလွဲလွဲအချော်ချော်တွေ ဖြစ်ကုန်မှာဘဲ" ဆိုတဲ့ အတွေးတွေနဲ့သည်အလယ်ဗဟိုမှာ ခြေစုံရပ်လို့ နေတတ်သေးတယ်။


we-012.jpg

နောက်ဆုံးအဆင့်ဖြစ်တဲ့ Union (Returning) မှာတော့ လာရာလမ်းကလေးအတိုင်း ပြန်ပြီးလျှောက်ရင်း စိတ်တည်ငြိမ်မှုတစ်ခုခုကို ရလာတတ်တာများပါတယ်။ "အယူအဆတွေ၊ အတွေးအခေါ်တွေနဲ့ ဘာသာတရားတွေရဲ့ ပညတ်တွေကို မေးခွန်းထုတ်လိုခြင်းဟာ စိတ်မတည်ငြိမ်ခြင်းတစ်ခု မဟုတ်ဘူး" လို့လဲ ကိုယ့်ကိုကိုယ် ဆင်ခြေပြန်ပေးတတ်သေးတယ်။ "တစ်ကယ်ကတော့ သာယာလှပတဲ့ ပန်းခြံလေးထဲမှာ၊ ညနေခင်းလေပြေထဲက ပန်းရနံ့တွေရယ်၊ ငှက်ကလေးတွေရဲ့ တေးသံသာတွေရယ်ကြောင့်လည်းပါပါတယ်။ တစ်ကယ်လို့သာ ဒီစက်ဝိုင်းလမ်းကလေးဘေးမှာ လူအုပ်စုတစ်စုဟာ သွေးသံရဲရဲနဲ့ အော်ဟစ်ငိုယို၊ ဆာလောင်မွတ်သိပ်လို့ မျက်ရည်ပေါက်ကြီးငယ် ကျနေကြမယ်ဆိုရင်၊ ဒီလိုစိတ်တည်ငြိမ်မှုမျိုးနဲ့ ဒီစက်ဝိုင်းလမ်းကလေးဆုံးတဲ့အထိ အေးဆေးတည်ငြိမ်စွာ ဆက်လျှောက်နိုင်မှုတစ်ခုကို တော်ရုံသူတော်စင်လောက်ကပဲ ပြီးစီးအောင် ဆောင်ရွက်နိုင်မယ်ထင်တယ်" လို့လဲ တွေးတတ်မိသေးတယ်။


ဒီလိုလူလုပ်စက်ဝိုင်းလမ်းကလေး (labyrinth) တွေဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်တွေထဲက ကက်သလစ်ဘုရားကျောင်းကြီးတွေရဲ့ ကြမ်းပြင်ပေါ်မှာ စတင်ပေါက်ဖွားခဲ့ကြတယ်။ နောက်တော့လဲ.. ဘုရားကျောင်းတွေ၊ အဲဒီကတဆင့် ဆေးရုံတွေ၊ ပန်းခြံတွေ၊ အဲလိုနေရာမျိုးတွေမှာ လူတွေရဲ့စိတ်တည်ငြိမ်မှုတစ်ခုခုအတွက် ပြန့်ပွားလာခဲ့တယ်လို့ ဆိုကြတယ်။


ဒီလိုမျိုး လူလုပ်စက်ဝိုင်းလမ်းကလေးတွေကို မြန်မာပြည်မှာ ကိုယ်မတွေ့ဖူးသေးဘူး၊ ရှိရင်လဲရှိမယ်၊ မရှိသေးဘူးဆိုရင်တော့ မြန်မာပြည်က ဘုရားရှိခိုးကျောင်းတွေ၊ စေတီပုထိုးတွေ၊ ကလေးကစားကွင်းတွေ၊ ဆေးရုံတွေမှာလဲ ဆောက်ထားပေးရင် ကောင်းမယ်လို့ တွေးမိတတ်သေးတယ်။


ဒီစက်ဝိုင်းလမ်းလေးပေါ်မှာ လမ်းလျှောက်တဲ့အခါတိုင်း အနည်းဆုံးတော့ စိတ်တွေဟာ ဖိအားနည်းသွားသလိုခံစားရတဲ့ ခံစားမှုလေးတစ်ခုတည်းနဲ့တင် ဒီစက်ဝိုင်းလမ်းလေးပေါ်မှာ ဥတုလေးရာသီ ဆက်လျှောက်ဖြစ်နေပါလိမ့်မယ်။



l3.jpg




hut1.png



1.

“စိတ်ကိုငြိမ်အောင်ကျင့်နေတယ်ဆိုကတည်းက ငါ စိတ်ငြိမ်ရန်ဆိုတဲ့ အတ္တတစ်ခုကို မွေးဖွားပေးနေခြင်း တစ်ခု မဟုတ်ဘူးလား”
အဲ့ဒီ အတွေးလေး (မေးခွန်းလေး)ကို သဘောကျမိတယ်..‘မလေး’…
(နေကောင်းသွားပြီလားခင်ဗျ…???)

Comment by ဏီလင်းညို — September 4, 2009 @ 5:14 pm |Edit This
2.

“ဆုတောင်းခြင်းဆိုတာကလည်း လိုချင်တက်မက်မောမှုတစ်ခုကို ရှေ့တန်းတင်လိုက်ခြင်းပဲ မဟုတ်လား” ဒီစကားလေးက အရမ်းမှန်တယ်။ ဘ၀ ဘ၀တွေ မကုန်ဆုံးသမျှတော့ ကျွန်တော်တို့ လူသားတွေဟာ အားကိုးရာ ဘုရားဆီမှာ ဆုတွေတောင်းနေကျဦးမှာပါ။ ဆုတောင်းတယ်ဆိုတာမျိုးက တစ်ခါတစ်လေ စိတ်ရဲ့ ထွက်ပေါက်လို့လဲ ပြောလို့ရပါတယ်။ ဖတ်လို့ကောင်းတယ်။ ခံစားချက်တစ်မျိုးပဲ။

Comment by စာချစ်သူ — September 4, 2009 @ 5:14 pm |Edit This
3.

မလေးရေ ဟုတ်တယ်။ ဆုတောင်းခြင်းကို မေလေးတို့တွေ တခုခု လိုချင်လို့ပဲ ရည်ရွယ်ခဲ့တယ်နော်။ လျော့ချင်တယ်။အဲဒါမျိုးတွေကိုပေါ့။ မလေးပြောသလို မြန်မာပြည်မှာလည်း ရှိရင် (လူလုပ်လမ်းကလေး) ကောင်းမယ်။ စိတ်ကဖြစ်တိုင်း လမ်းထွက်လျှောက်တတ်တဲ့ ။မြင်နေကျမြင်ကွင်းတွေကိုလည်း ငြီးငွေ့တတ်တဲ့ မေလေးအတွက်တော့ အဲလိုလေးကို ပိုကြိုက်ဖြစ်မယ်။ ပုံတွေကိုလည်း ကော်ပီကူးသွားတယ်နော် မလေး။ ကျေးဇူးပါနော်

Comment by maylay — September 4, 2009 @ 9:41 pm |Edit This
4.

လူရဲ့အကျိုးအကြောင်း ဆီလျော်စွာ စဉ်းစားမှုစနစ်နဲ့ပတ်သက်လို့ Harold Kelley ကတော့ လူတိုင်းဟာ အတွေ့ကြုံနုနယ်လှတဲ့ သိပံပညာရှင်တစ်ဦးလိုပါပဲ။ မိမိနေ့စဉ်ဘ၀မှာ တွေ့ကြုံနေရတဲ့ဖြစ်ရပ်များရဲ့ကြောင်းကျိုးဆက်နွယ်မှုများကို ရှာဖွေနေရပါတယ် လို့တင်ပြထားဖူးတယ်။
ံHeuristics ( Mental shortcuts)ကိုပဲ စဉ်းစားဆင်ခြင်တဲ့အခါတွေမှာ သုံးနေကြရတယ်။ အဲဒီအခါမှာ သိစိတ်၏ ကန့်သတ်ချက်၊ ဘက်လိုက်တတ်မှု အမှားများကို ကြိုတင်သတိထားရင်း နေ့စဉ်လူ့ဘ၀မှာ ဆင်ခြင်ကြပါစို့ဗျာ။တကယ့်ကို အစ်မလေးရဲ့ ဒီပို့စ်ဟာ ကျွန်တော်ကွန်မန့်ရေးချင်သွားအောင် ဆွဲဆောင်သွားတယ်ဆိုရင် မလွန်နိုင်ပါဘူး ခင်ဗျာ။

Comment by NLA — September 4, 2009 @ 10:27 pm |Edit This
5.

ဒီစက်ဝိုင်းလမ်းလေးကို သဘောကျလိုချင်မိတယ်…. ကျမသာဆို ဆာလံ၂၃ ရယ် ဆာလံ၉၁ ရယ် စိတ်ထဲကရွတ်ဆိုရင်းလျှောက်မယ်…. ပြီးရင်လိုရာဆုတွေ တောင်းမယ်…

Comment by rose of sharon — September 5, 2009 @ 12:55 am |Edit This
6.

မမအိမ့်ချမ်းရေ………
စက်ဝိုင်းလမ်းကလေးမှာ မမနဲ့ အတူတူ မှန်းဆလို့လျှောက်ကြည့်ရင်း ဆင်ခြင်နိုင်မှု မတွေး ဗဟုသု လေးတွေ ရရှိသွားပါတယ်….။
ကျေးဇူးနော် မမ
ပျော်ရွှင် ချမ်းမြေ့ပါစေ….
ချစ်ခင်မှုများဖြငိ့
နှင်းဟေမာ

Comment by နှင်းဟေမာ — September 5, 2009 @ 1:15 am |Edit This
7.

အဲဒီ အ၀ိုင်းလေး မြန်မာနိုင်ငံမှာ ရှိစေချင်တယ်။ အထူးသဖြင့် မန္တလေးမှာ။ လျှောက်ရအောင်လို့။

Comment by ဂျေဂျူဝိုင် — September 5, 2009 @ 1:21 am |Edit This
8.

လာသွားပါတယ် မမ.. နေကောင်းတယ်ဟုတ်

Comment by ရည်မွန် — September 5, 2009 @ 1:47 am |Edit This
9.

” ဒီစက်ဝိုင်းလမ်းလေးပေါ်မှာ လမ်းလျှောက်တဲ့အခါတိုင်း အနည်းဆုံးတော့ စိတ်တွေဟာ ဖိအားနည်းသွားသလိုခံစားရတဲ့ ခံစားမှုလေးတစ်ခုတည်းနဲ့တင် ဒီစက်ဝိုင်းလမ်းလေးပေါ်မှာ ဥတုလေးရာသီ ဆက်လျှောက်ဖြစ်နေပါလိမ့်မယ်။”
စာဆိုတာ စာရေးသူရဲ့ ရင်တွင်းခံစားမှုနဲ့ အလိုက်အထိုက် ဖန်တီးဖော်ထုတ်တာတွေပါလို့ အချို့ပြောဆိုကြတာ ကြားဖူးပါတယ်
စာရေးသူ တော်တော်စိတ်လှုပ်ရှားနေပုံရတယ်
ထူးထူးဆန်းဆန်းနော်။
(အဲဒီမှာလျှောက်နေယုံနဲ့ ဖြစ်တည်မှု စိတ်တစ်ခုကို နိုင်နင်းစွာ အောင်မြင်ချိုးနှိမ်နိုင်တော့မှာလား)

Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — September 5, 2009 @ 3:25 am |Edit This
10.

ကိုယ်လည်းလျှောက်ကြည့်ချင်တယ်။

Comment by အပြုံးပန်း — September 5, 2009 @ 3:35 am |Edit This
11.

အဲဒီစက်ဝိုင်းလေး မန်တလေး မှာရှိရင်ကောင်းမှာပဲ။ မန်တလေး တောင်ခြေလောက်မှာဆိုပိုကောင်း။ ကျနော် now မှာပါတဲ့ fiction လေးကိုscan ဖတ်ပြီးတင်ဖို့ ကြိုးစားလိုက်ဦးမယ်။အစ်မရေ လိုင်းတွေက တအားနှေးနေလို့ ။

Comment by zwesoelwin — September 7, 2009 @ 12:07 am |Edit This
12.

မလေးရိုက်ချက်က မိုက်တီးထက်တောင် ပြင်းသေးတယ် လှတယ်ဗျို့ မရောက်ဖူးပေမယ့် အလည်ရောက်သွားတာပေါ့း)

Comment by မောင်မျိုး — September 7, 2009 @ 5:54 am |Edit This
13.

မရေ အေးချမ်းလိုက်တာ… မီးလေးတောင် ရောက်ချင်လာပီ…

Comment by မီးလေး — September 8, 2009 @ 7:21 am |Edit This
14.

စုံတွဲလေး မျက်လွှာချနေတဲ့ ပုံလေးက အေးချမ်းလိုက်တာ မလေးရယ် စိတ်ထဲကြည်နူးမိရော
စက်ဝိုင်းလမ်းကလေးကလဲ သိပ်လှတယ် ဖတ်ပြီးဘယ်လိုလဲမသိ စိတ်ထဲကျေနပ်သွားတယ် အေးအေးလေး

Comment by မွန် — September 9, 2009 @ 3:46 pm |Edit This
15.

မလေးရေ…
မြန်မာပြည်မှာ လူလုပ် စက်ဝိုင်းလမ်းတွေ ပေါလွန်းလို့ …. တရွာမှာ တခုတော့ အနည်းဆုံးပဲ… မြန်မာနိုင်ငံက ဘုရား ပုထိုး စေတီ အားလုံးဟာ စက်ဝိုင်းပုံ ထုထည်ချည့် ဖြစ်သလို ဘုရားဖူး အများစုကလဲ ဘုရားကို အနည်း ဆုံး တော့ လက်ယာရစ် တပတ်လှည့်ပြီး ရှိခိုးပူဇော်လေ့ ရှိကြတယ်လေ။ ကောင်းမှုတော် ဘုရား (မြန်မာနိုင်ငံက စက်ဝိုင်းအကြီးဆုံး အချင်းဝက် အကျယ်ဆုံး စေတီ)ကို သက်စေ့ပတ်ပြီး မိဘ ဂုဏ်ကျေးဇူးကို သတိရပြီး အမျှ ပေးရင် မိဘကျေးဇူး တ၀က်ကျေတယ် လို့တောင် အတည်လိုလို ပါးစပ်စကား ရှိသေးတယ် မလေးရ..

Comment by ခွန်မြလှိုင် — September 11, 2009 @ 10:15 am |Edit This
16.

ဒီစာလေးက..တမျိုး ချစ်စရာကောင်းတယ်.. လူကို အနည်ထိုင်အောင် လှည့်ခိုင်းတာ ထင်တယ်နော်။ စိတ်ဝင်စားစရာ…ကျမကတော့..လမ်းအတဲ့ အဝေးတွေ တလျှောက် လျှောက်ရင်.. အတွေးတွေ..စာရေးစရာတွေ အမြဲ ရတတ်တယ်။ အိမ်တွေကိုကြည့်..သွားလာနေတဲ့ လူတွေကို ကြည့်ရင်းပေါ့.. အသက်ဝင်မူ ကို ကူးယူတတ်တယ်။

Comment by K — September 15, 2009 @ 9:24 pm |Edit This

3 comments:

ပြည်ကောင်းအောင် said...

မလေးရဲ့ ဒီ အက်ဆေးလေးက တွေးစရာတွေ ပါတယ်။ ကျနော်လည်း အသက် ၂၅-၃၅ လောက် အတွင်းက "ဘယ်ဘုရား ဟောတာ အမှန်ဆုံး ဖြစ်မလဲ၊ ငါ ဘယ်အတွေး အခေါ်ကို သေတပန် သက်တဆုံး လက်ကိုင်ပြုသွား သင့်တာလဲ" စသည်ဖြင့် တော်တော် တွေးကြည့်ဖူးတယ်။ ဆိုလိုတာက ကျနော်လည်း သံသယ ကြီးစွာ အင်မတန် အတွေးစ ရှည်လျားတတ်သူပါ။ ဒါပေမဲ့ အခုတော့ အဲဒီ ကိစ္စ ( ကိုယ့်ခေါင်းထဲက ပြည်တွင်းစစ် ) တကယ်ကို ပြီးဆုံးသွားခဲ့ပါပြီ။ ပြောပြန်ရင် လည်း အဆုံးအမက ခံရဦးမယ်း)) ဒါပေမဲ့ တော်တော် အလုပ်ဖြစ် ( အေးချမ်း ) လှသမို့ ကျနော့်နည်းကို ယူသုံးလိုသူများ သုံးနိုင်ကြစေဖို့ နည်းကလေး ဝေမျှ လိုက်ပါတယ်။ ကျနော်တွေးမိပုံက ဒီလိုပါ။ ကျနော်တို့ ဗုဒ္ဓဘာသာဝင် တွေရဲ့ အမြင်မှာတော့ ကမ္မနိယာမ၊ ပဋိစ္စသမုပ္ပါဒ် စတဲ့ တရားတော်တွေဟာ အင်မတန် မှ ခိုင်ခန့်တယ်လို့ ထင်ရတာပေါ့။ ဒါပေမဲ့ Buddhism က First cause of the Universe ကို သိပ် ထည့်မစဉ်းစား တာကို အသိအမှတ် ပြုရပါမယ်။ Christianity ကတော့ First Cause ဟာ God ( Jehovah ) လို့ ပြောပါ တယ်။ ဒီလောက် စနစ်ကျတဲ့ စကြာဝဠာတခုနဲ့ ဒီလောက် hi-tech ဆန်လှတဲ့ လူသားတွေ ပေါ်လာဖို့ဟာ ဖန်ဆင်းရှင် ( Creator ) ရှိမှကို ဖြစ်နိုင်မဲ့ ကိစ္စကြီးလို့ သူတို့တွေး တာလည်း ခိုင်ခန့်တာပါပဲ။ အဲဒီတော့ ဘာသာတိုင်းဟာ သူ့ဟာနဲ့သူတော့ ဟုတ်နေကြလေတော့ ကျနော်က "ထော်လော် ကန့်လန့်" တွေးမိတာက လူတယောက်ဟာ ကိုးကွယ်ဖို့ ကိုယ်ပိုင် ဘုရားတဆူ မရှိဘဲနဲ့ကော နေလို့မရဘူးလား။ ( ကျန်လူတွေတော့ မသိပါ ) ကျနော်ကတော့ နေလို့ရပါတယ်။ ကောင်းကင်ဘုံ ရှိကောင်း ရှိမယ်။ နိဗ္ဗာန် ရှိကောင်း ရှိမယ်။ မရှိကောင်းလည်း မရှိနိုင်ဘူး။ ကျနော့်တာဝန်က လူ တယောက် ( သူတော်စင်မဟုတ် ) ရဲ့ standard morality လောက်နဲ့ လောက မှာ နေထိုင်သွားရုံမျှသာ လို့ ထင်ပါတယ်။ ဒီလိုနဲ့ နေလာလိုက်တာ အခု ကျနော့် မှာ နောင်ဘဝအတွက် ကုသိုလ်များများ သယ်သွားချင်တဲ့ ဒုက္ခ၊ သူတော် ကောင်း ယောင်ဆောင်ရတဲ့ ဒုက္ခ၊ အခမ်းအနား ဆန်ရတဲ့ ဒုက္ခ တွေတော့ ကင်းငြိမ်းပြီး I live as I am almost without any pretending. လို့ ဆိုနိုင်ပါကြောင်း ..း))

ကိုအောင်(ပျူနိုင်ငံ) said...

မလေး စာကို ဖတ်ရတာ Casablanca သီချင်းကို နားထောင်နေရသလိုပဲ၊ အရမ်းကောင်းတယ် ...

အိမ့်ချမ်းမြေ့ said...

အကိုပြည်ကောင်းအောင်..
မလေး ဘာမှ မဆွေးနွေးတော့ဘူးနော်...
ဒီဘက်ဆိုက်မှာ မနည်းအကြည်ဓာတ်ရအောင် ကိုယ့်ကိုကိုယ် မှော်ဝင်အောင် မနဲ လုပ်နေရလို့ရယ်.. :P

ကိုအောင်(ပျူနိုင်ငံ)....
ကျေးဇူးအရမ်းတင်ပါတယ်ရှင်..း)

LinkWithin

Related Posts Plugin for WordPress, Blogger...