မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Thursday, August 20, 2009

သံလမ်း

cpr.jpg


မနေ့က ရုပ်ရှင်တစ်ကားကြည့်ဖြစ်တယ်။

ရုပ်ရှင်ထဲမှာ ပစိဖိတ်သမုဒ္ဒရာကြီးပတ်ပတ်လယ် ၀န်းရံထားတဲ့၊ စိမ်းမြညိုမှောင်တဲ့ တောင်တွေအထပ်ထပ်ကြားက ကနေဒါအနောက်ဘက်ကမ်းခြေတလျှောက်။ နောက်ပြီး…. မြင့်မားမတ်စောက်တဲ့ တောင်နံရံတွေမှာတွယ်ကပ်လို့၊ တောင်တွေကြားကခေါင်းလျှိုကာ၊ တောင်အောက်လှိုင်ခေါင်းတွေကြားကို ငုံ့လျှိုးလို့ ကွေ့ကောက်တိုးဝင်သွားတဲ့ ရထားလမ်းတွေ…။ အဲဒီရထားလမ်းတွေဟာ၊ ကနေဒါအရှေ့ဘက်က မွန်ထရီရယ်မြို့ဘက်အထိရယ်…အမေရိကန်နိုင်ငံဘက်က နယူးယောက်နဲ့ ချီကာဂို မြို့တွေ အထိ ခရီးပေါက်တဲ့ ရထားလမ်းတွေ…။


ကနေဒါ အနောက်ဘက်ကမ်းခြေက ရထားလမ်းတွေဖောက်ရန်၊ အလုပ်ရှာထွက်သွားတဲ့ ဖခင်တစ်ယောက် ပျောက်ချင်းမလှ ပျောက်သွားလို့၊ ဖခင်ပျောက်အရှာထွက်လာတဲ့ “ကျားလေး” ဆိုတဲ့ တရုတ်လေးတစ်ယောက်ရဲ့ ဘ၀ဖြစ်စဉ်ကို ဒီရုပ်ရှင်က တင်ပြထားတယ်။ သူ့ဖခင်ကို အလုပ်သမားတွေထဲက တစ်ယောက်ယောက်က၊ ကြံစည်သတ်ဖြတ်လိုက်တယ်လို့ ယူဆထားတဲ့ “ကျားလေး”ဟာ တောင်နံရံတွေမှာ သက်စွန့်ဆံဖျား ကြိုးနဲ့တွယ်ဆင်းပြီး၊ မှိုင်းထောင်တဲ့ အလုပ်ကိုလုပ်တယ်။ အင်္ဂလိပ်စကားသိပ်မတတ်လို့ တစ်ခွန်းစနှစ်ခွန်းစပဲပြောတယ်။ ဒါပေမယ့် “ကျားလေး” ပြောသမျှစကားတိုင်းဟာ လေးနက်ပြတ်သားတယ်။ ဒီလိုနဲ့ နုနယ်ငယ်ရွယ်တဲ့ ကျားလေးနဲ့ ရထားလမ်းတွေဖောက်တဲ့ ကုမဏီပိုင်ရှင်ရဲ့သား James တို့ ခင်မင်ရင်းနှီးလာကြတယ်။ သာယာလှပတဲ့ ညလေးတစ်ညမှာ ကျားလေးနဲ့ James James တို့ ထိုင်ပြီးစကားပြောနေကြစဉ်မှာ ကျားလေးက James လက်ကို ညင်ညင်သာသာလေးကိုင်ပြီး “မင်းအကြောင်းတွေ အမြဲတမ်း ကိုယ်တွေးနေမိတယ်” လို့ ဆွေးဆွေးလေးပြောလိုက်တယ်။ အဲဒီမှာ James က လန့်ပြီး ထ ခုန်တာပေါ့။ အဲဒီမှာ ကျားလေးက ဘာဆက်ပြောသလဲဆိုတော့ ….. ။







သည်ရုပ်ရှင်ကို တရုတ်ပြည်ရယ် ကနေဒါမှာရယ် ခွဲရိုက်တယ်။ တရုတ်ပြည်မှာ ခြောက်လကြာအောင် ရိုက်ထားတယ်လို့လဲ သိရတယ်။ တရုတ်ပြည်မှာ အရံသရုပ်ဆောင်များအဖြစ် လူတွေခေါ်စဉ်တုန်းက အလကားတောင် သရုပ်ဆောင်ပေးမယ့် သူတွေ ရာနဲ့ချီပြီး တခါးဝမှာ လာရပ်တယ်လို့သိရတယ်။ ကနေဒါဘက်မှာ သံလမ်းတွေပေါ်မှာ သရုပ်ဆောင်ဖို့ တရုတ်လူမျိုးတွေ အလိုရှိသည်လို့ လူခေါ်တုန်းကတော့၊ ရုပ်ရှင်ရိုက်ချင်သူတွေက ၁၂ယောက်တောင်မပြည့်ဘူးလို့ ဆိုပါတယ်။ ရုပ်ရှင်တစ်ခုမှာ သရုပ်သွားဆောင်ဖို့ “well-fed, iPod generation” တရုတ်လူမျိုးများဟာ မိမိလက်ရှိအလုပ်တွေကို ပစ်ပြီးသွားရအောင် မည်သူမျှ အားပုံမရပါဘူး လို့ဆိုကြတယ်။


သမိုင်းအရ….. တစ်ထောင့်ရှစ်ရာရှစ်ဆယ် ခုနှစ်တွေမှာ အနောက်ဘက်ကနေဒါရဲ့ရထားလမ်းတွေကို စပြီးဖောက်လုပ်ကြစဉ်က၊ လုပ်အားခနည်းနည်းရယ် လုပ်ငန်းတွင်တွင်ကျယ်ကျယ်ရယ်နဲ့ ဖောက်လုပ်နိုင်ဖို့၊ လုပ်ငန်းရှင်တွေဟာ အလုပ်သမားတွေကို နိုင်ငံခြားတွေမှာ ထွက်ရှာကြပါတယ်။ အဲဒီမှာ တရုတ်ပြည်မကြီးမှအလုပ်သမား (ဟိုခေတ်အခေါ် ကူလီ)တွေ အများကြီးကို ခေါ်လာခဲ့တယ်။ သည်ရထားလမ်းတွေဖောက်ဖို့ တရုတ်အလုပ်သမား ခြောက်ထောင်ကျော်ဟာ Canadian Pacific Railway အောက်မှာ ၁၈၈၁ နဲ့ ၁၈၈၅ခုနှစ်တွေအတွင်းမှာ အလုပ်သမားများအနေနဲ့ အလုပ်လုပ်ကိုင်ခဲ့ကြတယ်။ ဟိုတုန်းကတော့ အလုပ်သမားတွေထဲမှာ တရုတ်အမျိုးသမီးတွေကို လက်မခံခဲ့ပါဘူး။ တရုတ်ကူလီများဟာ တစ်နေ့လုံး အသက်နဲ့ရင်းပြီးအလုပ်လုပ်မှ တစ်ရက်ကို ခုနှစ်ဆယ့်ငါးပြားနဲ့ တစ်ဒေါ်လာနှစ်ဆယ့်ငါးပြားကြားပဲ ရပါတယ်။ ဥရောပမှကူလီများကတော့ တစ်နေ့ကို တစ်ဒေါ်လာနဲ့ နှစ်ဒေါ်လာခွဲကြား ရပါတယ်။ ရထားလမ်းတွေ ဖောက်လုပ်ပြီးတာနဲ့ တစ်ပြိုင်နက် ကနေဒီယန်အစိုးရက တရုတ်လူမျိုးတွေ ကနေဒါထဲကိုဝင်ချင်သလိုဝင်လိုမရအောင် စပြီးချုပ်ကိုင်ပါတော့တယ်။ anti-Chinese bill ဆိုပြီး ၁၈၈၅မှာ ပေါ်လာခဲ့တာနဲ့အမျှ ကနေဒါနိုင်ငံထဲကို ၀င်လာသမျှ တရုတ်ပြည်ဖွားတိုင်းဟာ၊ အခွန်ငွေဒေါ်လာ ၅၀ ဆောင်ရပါတယ်။ အခြားဘယ်လူမျိုးကိုမှ ဒီလိုအခွန်မကောက်ခံဘဲ တရုတ်လူမျိုးများကိုသာ ကနေဒီယန်အစိုးရက ကောက်ခံခဲ့ခြင်းဖြစ်ပါတယ်။ အခွန်ငွေဟာ ဒေါ်လာ၅၀ ကနေ တိုးတိုးလာလိုက်တာ ဒေါ်လာ၁၀၀၊ နောက်ဒေါ်လာ ၅၀၀ အထိ တက်လာပါတယ်။ ဒီလိုနဲ့ ကနေဒီယန်အစိုးရဟာ တရုတ်လူမျိုးတွေဆီက Head Tax အနေနဲ့ အခွန်ငွေ ၂၃သန်း ရလိုက်ပါတယ်။ ဘယ်လိုပဲ အခွန်တွေ အရမ်းကောက်ကောက်၊ တရုတ်လူမျိုးတွေက ကနေဒါနိုင်ငံထဲကို ၀င်မြဲဝင်ဆဲမို့ ကနေဒါပါလီမန်ကနေပြီး တရုတ်လူဝင်မှုကြီးကြပ်ရေး ဥပဒေတစ်ရပ်ကို ပြငှန်းလိုက်ပါတယ်။ အဲဒီဥပဒေအရ ၁၉၂၃ နဲ့ ၁၉၄၇ ခုနှစ်တွေကြားမှာ တရုတ်လူမျိုး အယောက်ငါးဆယ်အောက်ပဲ ကနေဒါနိုင်ငံအတွင်းကို တရားဝင် ၀င်ရောက်ခွင့်ရခဲ့ပါတယ်။ မိန်းမတွေနဲ့ ကလေးတွေကိုတောင် ခေါ်ခွင့်မရတော့ ၊ ကနေဒါမှ တရုတ်လူမျိုးစုဟာ "bachelor society" ဖြစ်ခဲ့ပါတယ်။


ကနေဒါအနောက်ဘက်ကမ်းခြေက တစ်မိုင်အကွာအဝေးတိုင်းမှာ၊ တရုတ်အလုပ်သမားခြောက်ယောက်နှုန်း အသက်ပေးပြီး ဒီရထားလမ်းတွေကို တည်ဆောက်ထားခဲ့ရပေမယ့်၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ အခုလိုဖိနှိပ်ထားခဲ့တဲ့အတွက်၊ ကနေဒါမှာ နှစ်ပေါင်း၁၅၀ကျော် နေထိုင်ခဲ့တဲ့ တရုတ်လူမျိုးတွေဟာ အခုထိ first-generation တွေရဲ့ အဆင့်ကနေ မကျော်နိုင်သေးဘူးလို့ တရုတ်လူမျိုးတွေက ယူဆပါတယ်။၂၀၀၆ ခုနှစ်မှာတော့ ကနေဒါဝန်ကြီး စတီဗင်ဟာပါ က ကနေဒါအ၀င်မှာ အခွန်ပေးဆောင်ခဲ့တဲ့ တရုတ်လူမျိုးတွေကို တောင်းပန်းစကားပြောပြီး ပေးဆောင်ခဲ့သူများနဲ့ သူတို့ရဲ့ အိမ်ထောင်ဘက်တွေကို တစ်ယောက်ကို ကနေဒီယန်ဒေါ်လာနှစ်သောင်း လျော်ကြေးပေးခဲ့ပါတယ်။ ၂၀၀၆ခုနှစ်မှာ Head Tax ပေးခဲ့တဲ့ တရုတ်လူမျိုး အယောက်၂၀ပဲ အသက်ရှင်နေကျန်ရှိနေခဲ့ပါတယ်။


ဒီရုပ်ရှင်ဟာ…ကိုယ်မွေးခဲ့တဲ့ တိုင်းပြည်ကနေ အခြားတိုင်းပြည်တစ်ခုခုမှာ လာရောက်နေထိုင်သူတိုင်းရဲ့ ပေးဆပ်ရမှုတွေကို တစ်နည်းအားဖြင့် ထင်ဟပ်ပြတယ်။ အမေမကောင်းလို့ ဒွေးတော်ကိုလွမ်းရပါတယ်လို့ ဆိုသည်ပဲထား၊ စီးပွားရေးအရ ပိုမိုပြီး သာနေတဲ့ တိုင်းပြည်ကြီးတွေထဲမှာ လာနေကြတဲ့အခါမှာ၊ ၀န်ခံသည်ဖြစ်စေ၊ ၀န်မခံကြသည်ဖြစ်စေ ဦးချိုးခံပြီး ၀င်ကြရတာပါပဲ။ ကိုယ့်မှာ ရှိသမျှ ငွေကြေး (ပိုက်ဆံရှိရင် ကျောင်းလာတက်နိုင်တယ်၊ ကျောင်းပြီးရင်တော့ပြန် - အလိုမရှိဘူး၊ သိပ်နေချင်ကြတယ်ဆိုရင်တော့ နည်းလမ်းရှာ၊ သိပ်ပိုက်ဆံရှိရင်တော့ စီးပွားရေးရှင်တွေအနေနဲ့ လာနေနိုင်တယ်)၊ ပညာ (ပညာတတ်ရင် အလုပ်လာလုပ်၊ တန်ရာတန်ဘိုးပေးမယ် (တော်သေးတယ်လို့ဆိုရပါမယ်)၊ ပညာမတတ်ရင်.. ပန်းကန်ဆေး၊ ကြမ်းတိုက်၊ ကားပြင်၊ လမ်းဖောက်၊ မြေသယ်၊ ဘွဲ့လေးတစ်လုံးနှစ်လုံးရထားရင် corporate slave လုပ်)၊ အရွယ် (လုပ်နိုင်ကိုင်နိုင်ရင် ကျောင်းတက်၊ အလုပ်ရှာ၊ ရတဲ့လခနဲ့ အိမ်တွေ၊ ကားတွေဝယ်ပြီး အိမ်ပိုင်ရှင်၊ မြေပိုင်ရှင် ဖြစ်သွားပြီဆိုတဲ့ လှည့်ကွက်တွေအောက်မှာလည်စင်းခံလို့နေပြီး အရင်းရှင်ကြီးတွေကို လုပ်ကျွေး၊ သတိရလို့ကြည့်လိုက်ချိန်မှာ အရွယ်ကုန်နေပြီ)၊ နင်းပြားဘ၀ (နောက်ဆုံး ဘာမှ မပေးနိုင်ဘူးဆိုရင် သူတို့သနားလို့ကျွေးထားခံရမယ့်၊ လက်ဗွေအနှိပ်ခံရမယ့် ဘ၀တွေအနေနဲ့ နေကြ) တွေကို မိမိနဲ့မိမိရဲ့နောင်လာနောက်သားများကောင်းစားရေးတွက် (မျက်စိမှိတ်လို့ကြိုးစားယုံကြည်ထားမှုတစ်ခု) အိမ်တိုင်းပြည်မှာ ကျန်ခဲ့သူတွေရဲ့ ရုပ်ဝတ္ထုသာယာမှုတွေအတွက်၊ မိမိရဲ့ စာပေ၊ ယဉ်ကျေးမှု၊ အရွယ်၊ ပညာ၊ နောက်ဆုံး အမည်နာမလေးကိုတောင် ပေးဆပ်လိုက်ရတယ်။ ဒီရုပ်ရှင်ထဲက ကျားလေးလို လူတွေ၊ ကျားလေး အဖေလို လူတွေ ထဲမှာ ကိုယ်လဲ ပါပါတယ်။ အဖေရဲ့အရိုးအိုးကို ရင်ခွင်မှာပိုက်လို့ ကျားလေးတစ်ယောက် အဖေ့အလိုကျ တရုတ်ပြည်ကိုပြန်သယ်သွားပေးနိုင်ခဲ့ပေမယ့် အိမ့်ချမ်းမြေ့ အရိုးအိုးကိုတော့ မြန်မာပြည်ကို ဘယ်သူများ သယ်သွားပေးမလဲလို့…. စဉ်းစားရင်း…..


အနာဂတ်ကို မျှော်မှန်းလို့မရပေမယ့် ကလေးတွေကိုတော့ တစ်နေ့ ပြောပြရမယ်…။


မှီငြမ်း...
ccnc.ca/redress/history.html

hut1.png



1.

အလုပ်ကနေ ပြန်အလာ ပူအိုက်မောဟိုက်လာလို့ ကွန်လေးကိုဖွင့်. ရီဒါမှာတက်လာတဲ့မလေးရဲ့ပို့စ်အသစ်လေးကို ခြေရာခံလိုက်ရာက ဒီနေရာကိုရောက်၊ ဒီကိုလည်းရောက်ရော ပိုအမောဖောက်…

ဖလူး…ဖလူး…ဖလူး…. (တုပ်ကွေးမဟုတ်ပါ. လျှာဖျားလေးကို နှုတ်ခမ်းနှစ်ခုကြား ဘောလီဘောပုတ်ရင်း စတိုင်ကျကျ ညည်းညူခြင်းသာဖြစ်သည်ဟု မှတ်ရန်..)

ကိုယ့်နိုင်ငံမှာ နေခဲ့စဉ်တုန်းကတော့ ဒီကိုထွက်လာခွင့် ရဖို့အရေး အမေကယ်ပါ၊ အဖေကယ်ပါ၊ ဗေဒင်ဆရာပေါင်းစုံပြေးကပ်၊ ပျော်ရွှင်ခွင့်ရနိုင်တဲ့အခွင့်အလမ်းတွေကို ထိန်းချုပ်၊ ကုပ်ကုပ်ကုပ်ကုပ်နဲ့… ဒီကိုလည်းရောက်ရော အဆင်ပြေသူလည်းရှိ၊ မပြေသူလည်းရှိ… ပြေသူမှာလည်း mortgage ဆိုတဲ့ နှစ်ရှည်အကြွေးတွေနဲ့ လှည့်စားခံရ၊ မပြေသူမှာလည်း ပြေသူတွေကို ကြည့်ရင်း ‘ဆိုးလိုက်တဲ့ ငါ့ဘ၀’ လို့ တက်တွေခေါက်ကြ၊ ဟော… ကျန်ခဲ့တဲ့ အထဲက လူတွေကလည်း ရုပ်ဝတ္ထုအသစ်အဆန်းတွေနဲ့ ပျော်မွေ့နေကြ…

ဇရာက လာတံခါးခေါက်တော့မှ အလန့်တကြား ဖုတ်ဖက်ခါထသူတွေ ရှိသလို တရားမရနိုင်သေးတဲ့ ကြီးမိုက်တွေလည်း ရှိသေးကြ…

မောတယ်. မလေးရေ…

ဒါပေမယ့် ပြန်တော့မေးမိတယ်… အထဲမှာနေတော့ရော ကိုယ့်ပညာနဲ့ ကြိုးစားမှုကို အသိအမှတ်ပြုခံရလို့လား… ကိုယ်ကြိုးစားသလောက် ကိုယ်ရပိုင်ခွင့် ရှိရဲ့လား. တစ်ဖက်သတ်ချည်းပဲတွေးနေပြန်တော့လည်း ကိုယ့်မြေကိုယ်ရွာကို ခင်တွယ်စိတ်နဲ့ ဒီဖက်ကို ရောက်လာခဲ့တာကိုကပဲ အပြစ်သင့်သလိုလို ဖြစ်နေပြန်ရော.

ကျွန်တော်တော့ နောက်ဆုံး ကွန်ကလူးရှင်းတစ်ခုပဲ ဆွဲမိလိုက်တယ်.

ဘယ်ပဲ ရောက်နေနေပါ… ရုပ်ဝတ္ထုအသစ်အဆန်းတွေ၊ လှည့်ဖျားမှုတွေကြား မျောမနေဘဲ ကိုယ်လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ပြီး ခံစားသင့်ခံစားထိုက်တာတွေကို ခံစားကာ ပြန်ပေးဆပ်သင့်တာတွေကို ပြန်ပေးဆပ်ရင်း နေသွားနိုင်ဖို့က အဓိကပါပဲလေ လို့….

ဟူးးးးးး

ပိုမောလာပြီ မလေးရေ…. သွားမှ..

;)

Y.

p.s

အဲဒီ့ရုပ်ရှင်ကိုတော့ တော်တော်လေး စိတ်ဝင်စားသွားပြီ… တစ်ခုရှိသေးတယ်. Joy Luck Club ဆိုတာ. အဲဒါ ကြည့်ဖူးလား. Chinese Immigrants တွေအကြောင်းရိုက်ထားတာ. တော်တော်လေးကောင်းတယ်.

(ပို့စ်အသစ်တွေရေးရမှာ မုဒ်ပျောက်နေလို့ မလေးဆီမှာပဲ ကော်မန့်အသစ်လာရေးလိုက်တယ်ဗျာ. ဟတ်ဟတ်)

Comment by Yan — August 20, 2009 @ 6:48 pm |Edit This
2.

မမအိမ့် ရေ …..
ကိုယ်မွေးခဲ့တဲ့ တိုင်းပြည်ကနေ အခြားတိုင်းပြည်တစ်ခုခုမှာ လာရောက်နေထိုင်သူတိုင်းရဲ့ ပေးဆပ်ရမှု ရသလေးကို ဖတ်ပြီး ….. အတွေးတွေချဲ့နေမိတယ်….။

…………. မိမိနဲ့မိမိရဲ့နောင်လာနောက်သားများကောင်းစားရေးတွက် (မျက်စိမှိတ်လို့ကြိုးစားယုံကြည်ထားမှုတစ်ခု) အိမ်တိုင်းပြည်မှာ ကျန်ခဲ့သူတွေရဲ့ ရုပ်ဝတ္ထုသာယာမှုတွေအတွက်၊ မိမိရဲ့ စာပေ၊ ယဉ်ကျေးမှု၊ အရွယ်၊ ပညာ၊ နောက်ဆုံး အမည်နာမလေးကိုတောင် ပေးဆပ်လိုက်ရတယ်။………….

ဆိုတဲ့ စကားလေးအတိုင်း မိမိတို့ရဲ့ တန်ဖိုးရှိတဲ့ အရွယ်ကောင်းလေးတွေမှာ ဘ၀ရဲ့ အနှစ်သာရတွေ ကိုယ့်မြေ ကိုယ့်ရေ နဲ့ လွတ်လပ်မှုတွေ စသည်ဖြင့် အရာအားလုံးကို စွန့်ပြီး လာရောက်နေထိုင်ကြရတယ် ။

” ပျော်ရာမှာ … မနေရ..တော်ရာမှာ နေရ…ဒီဘ၀ ဒီအဖြစ်မျိုးတော့ သည်”….ဆိုတဲ့ ပိုးအိစံ ရဲ့သီချင်းစားသားလေးကို နှင်း ခဏ ခဏဆိုဖြစ်တယ်…။
တစ်ခုကို လိုချင်ရင် တစ်ခုကိုတော့ ပေးဆပ်ကြရတဲ့ နှင်း တို့ဘ၀တွေ အတွက် အဲဒီ့ပေးဆပ်မှုအပေါ်မှာပဲ ကျေနပ် နေတက်အောင် ကြိုးစားရတော့မှာပဲ မမရေ…။ပျော်ရွှင်ချမ်းမြေ့ပါစေ မမအိမ့် ရေ…။

ချစ်ခင်လေးစားတဲ့
ညီမလေး နှင်း

Comment by နှင်းဟေမာ — August 20, 2009 @ 7:24 pm |Edit This
3.

မတူညီတဲ့ပေးဆပ်မှုတွေ၊စွန့်လွှတ်မှုတွေနဲ့ သူများတိုင်းပြည်မှာ လာနေ နေရပေမဲ့ ကိုယ့်ဘဝကို ကိုယ့်တိုင်းပြည်မှာဘဲ အဆုံးသတ်ချင်တယ်…. ကိုယ့်ဘဝရဲ့နောက်ဆုံးအချိန်လေး ဘယ်တော့လဲဆိုတာကြိုသိရ ရင်ပေါ့လေ…. အိမ့်ချမ်းရေ…. အရိုးအိုးသယ်ပြန်မဲ့သူ ရှိသင့်တယ်ပေါ့နော်….

Comment by rose of sharon — August 20, 2009 @ 7:53 pm |Edit This
4.

အစ်မရေ ကျွန်တော်တော့အဲသလိုမျိုး ရုပ်ရှင်တွေသိပ်မကြည့်ဘူး….။ ခုတော့အစ်မအညွှန်းကောင်းတာရယ်… အတိုချုံးလေးကြည့်ပြီးတော့ ကြည့်ဖြစ်တော့မယ်..။
ကျွန်တော်လဲ ကိုယ့်အရိုးအိုးနဲ့ပတ်သတ်ပြီးတွေးထားတာရှိတယ်..။ ကိုယ်သေသွားရင် ကိုယ်ချစ်တဲ့မြို့လေးမှာဘဲမြှုပ်နှံစေချင်တယ်.. ဒါမှမဟုတ်… Elizabeth Town ကားထဲက မင်းသားက သူ့အဖေအရိုးမှုန့်တွေကို လမ်းတစ်လျှောက်မှာကြဲခဲ့သလို.. ကျွန်တော်လဲ ကိုယ်ချစ်တဲ့နေရာတွေအနှံ့မှာ အရိုးမှုန့်တွေကြဲပေးစေချင်တယ်..။ သေပြီးမှတော့ ဘာမှမသိပေမယ့်.. အဲသလိုတော့ဖြစ်စေချင်တယ်…။

Comment by Phyo Evergreen — August 20, 2009 @ 8:38 pm |Edit This
5.

အိမ့်ရေ…မရေရာမသေချာခြင်းတွေထဲမှာပဲ ဆုံးဖြတ်ချက်တွေကို မပြင်ဖြစ်သေးဘူးလေ…တရေးနိုးမေးလဲ တနေ့ အိမ်ပြန်မှာလို့ဲ ပြောနေမိတုန်းပဲ…လိုချင်တဲ့အနာဂတ်တခုကို အမြန်ဆုံးရောက်ပါစေလို့  အားလုံးအတွက်ဆုတောင်းမိတယ်ညီမရေ…

Comment by တန်ခူး — August 20, 2009 @ 9:56 pm |Edit This
6.

မလေးရေ.. သူက..မူလန် လေး လိုပေါ့။
အဲဒီလို..ဇတ်ကြောရိုးမျိုးပဲ..အာဖဂန် ကားလေး တခု လည်း ကြည့်ဖူးတယ်။ တအိမ်လုံး..ယောက်ကျားသားမရှိလို့..၁၃ နှစ်သမီးလေးကို ယောက်ကျားလို ၀တ်ပေးပြီး..အလုပ်ထွက်လုပ်ခိုင်းရတဲ့.. တာလီဘန် အုပ်ချုပ်မူအောက်က..အာဖဂန်ဘ၀ သရုပ်ဖော် ကားလေး။

တကယ်တော့..ရွှေ့ပြောင်းနေထိုင်ကြရာမှာ..ဘယ်အဆင့် ဘယ်လိုလူမျိုးတွေပဲ ဖြစ်ဖြစ်.. ပထမ မျိုးဆက်ကတော့..အနည်းနဲ့ အများ..အနစ်နာခံ..အဆုံးရှုံးခံ ပြီး..နေကြရတာပါပဲ။ စီးပွားရေး ဒုက္ခသည်ပဲဖြစ်ဖြစ်..နိုင်ငံရေးဒုက္ခသည်ပဲဖြစ်ဖြစ်..

ခင်မင်စွာဖြင့်

Comment by K — August 20, 2009 @ 11:07 pm |Edit This
7.

အဲဒီဇာတ်ကား ကြည့်ဖြစ်အောင်ကြည့်ဦးမယ်…

ပေါက်ကွဲသံစဉ်တွေကိုလည်း နားထောင်သွားပါတယ်ဗျာ..အစစ အဆင်ပြေပါစေး)

Comment by ဒီဝိုင်း — August 22, 2009 @ 12:52 am |Edit This
8.

သယ်မှရောက်မှာလား …မလေး ရ.
ကိုယ်တိုင်ပြန်လာချင်စိတ်မရှိတော့ဘူးလားလို့ မေးချင်တယ်
အားလုံးကိုအဲဒီလိုအမြင်တွေရှိအောင် ဘယ်လိုလုပ်မီးထိုးပြရပါ့မလည်းလို့ မလေးစဉ်းစားနေမလား တွေးမိတယ်….
စိတ်ချမ်းသာပါစေ ..

Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — August 22, 2009 @ 5:33 pm |Edit This
9.

ဇာတ်ကားက စိတ်ဝင်စားဖို့ ကောင်းတယ်။

Comment by Republic — August 23, 2009 @ 3:28 am |Edit This
10.

မမအိမ့်ရေ.. ကိုယ့်မြေကိုယ့်ရေ ကိုယ့်တိုင်းပြည်က ခွဲခွာဖူးသူတွေတော့ ကိုယ့်နိုင်ငံရဲ့ တန်ဖိုးကိုသိတယ် မမရေ… အရိုးအိုးဘ၀ မရောက်ခင် အမိမြန်မာနိုင်ငံကြီးဆီကို ပြန်ရောက်နိုင်ပါစေ… တကမ္ဘာလုံးမှာ အကြီးကျယ်ဆုံး အကောင်းဆုံး တက္ကသိုလ်ကြီးဆီကိုလည်း အလည်သွားဦးမယ်ဟုတ်…နော့..

Comment by ရည်မွန် — August 23, 2009 @ 6:34 pm |Edit This
11.

မရေ… အဲဒီကားလေးကြည့်အုံးမှ… ညမှ dl ဆွဲထားလိုက်အုံးမယ်..
အခုလိုသေချာရေးပြထားတော့ ပိုစိတ်ဝင်စားတယ်..
ကျေးဇူး

Comment by စန္ဒကူး — August 23, 2009 @ 11:12 pm |Edit This
12.

တိုင်းတပါးကျွန်၊ ကော်ပိုရိတ်ကျွန်၊ စစ်ကျွန်

“လူတိုင်းမိမိဘဝ၏ အရှင်သခင်ဖြစ်သင့်သည်။” သခင်ဘသောင်း

မြန်မာပြည်လွတ်လပ်ရေး ရတာ ကြာလှပါပြီ။ ဗမာတွေ သခင်စိတ် မဝင်ကြသေးပါဘူး။ ဘယ်မှာနေနေ သခင်စိတ်မွေးလို့ ရပါတယ်။ ကျွန်လို့ထင်နေရင် ကျွန်ဖြစ်နေမှာပါ။
ကျွန်လို့ခံစားနေရရင် အမြန်ပြန်ပါ။

Comment by ပြန်ပါလား — August 25, 2009 @ 10:36 am |Edit This
13.

ပြန်ပါလား….း) ပြန်ပါတယ်။ ရန်ကုန်ကော၊ မန်းလေးမှာကော အိမ်ရှိပြီး တလှည့်စီနေသလိုပေါ့။ ကိုယ့်တိုင်းပြည်တွင်းမှာနေလည်း ကျွန်ဖြစ်နေရတာတွေရှိပါတယ်။ ဟုတ်တာပေါ့ ဘယ်မှာနေနေ စိတ်ခံစားမှုက အဓိက။ ကိုယ်ဘာဖြစ်နေတယ်၊ ကိုယ်ဘယ်လိုခံစားနေရတယ်ဆိုတာ မသိတာ ပိုဆိုးနိုင်ပါတယ်။ မြန်မာပြည်.. တစ်ကယ်ကော လွတ်လပ်ရေး ရပြီးပြီလား…

Comment by မလေး — August 25, 2009 @ 12:25 pm |Edit This

RSS feed for comments on this post. TrackBack URL

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...