မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, July 28, 2009

ပန်းတစ်စည်း

မကြာခင်အဆုံးသတ်တော့မည့်ညက တဖြည်းဖြည်းအိုမင်းရင့်ရော်လာနေပြီ။ တိတ်ဆိတ်သောအသံတွေကြားမှာ သစ်ကိုင်းတွေပေါ်က ငှက်အချို့၏ ဟောက်သံသဲ့သဲ့ကတော့ ဆက်လက် ထွက်နေကြသည်။ ပလက်ဖောင်းတွေက ညဦးပိုင်းကရွာထားသော မိုးရေတွေစိုစွတ်နေသည်။ တိတ်ဆိတ်နေသော ကားလမ်းမကြီးပေါ်မှာ အရှိန်ပြင်းပြင်းမောင်းနှင်သွားသော ကားလေတိုးသံတွေ၊ မိုးရေနှင့်ကားဘီးပွတ်သံတွေကို ကြားနေရသည်။ လမ်းမီးတိုင်တွေ၏အလင်းရောင်ကြောင့် ပလက်ဖောင်းပေါ်မှာ လျှောက်လာသောအရိပ်တစ်ခုကို မှောင်ရိပ်ထဲမှကြည့်နေလိုက်သည်။ အရာအားလုံးက မီးခိုးရောင်သန်းနေသည်။ ပလက်ဖောင်း၊ လမ်းမ၊ မီးတိုင်များ၊ ပတ်ဝန်းကျင်မှအဆောက်အဦးများ၊ ခေါင်မိုးစွန်းများ၊ သစ်ပင်များ၊ မိုးရေစက်များ… အားလုံး.. အားလုံး မီးခိုးရောင်သန်းနေရသည်မှာ သူ့လက်ထဲက အရောင်တောက်တောက် အ၀ါရောင်နှင်းဆီပန်းစည်းကြောင့်ပဲ ဖြစ်လိမ့်မည်။


မိုးရေထဲ ခြေသံတရှပ်ရှပ်က အနားကိုရောက်လာသည်။ မှောင်ရိပ်ထဲက ထွက်ရပ်လိုက်သည်။ သူက ခြေတစ်လှမ်းမှမတွန့်သွားဘဲ ဆက်လျှောက်သွားသည်။ သူနှင့်ဘေးချင်းယှဉ်တွဲပြီး ကပ်လျှောက်လာနေသည့်တလျောက်လုံး စကားတစ်ခွန်းမှ မပြောဖြစ်ကြ။ ကောင်းကင်မှ ပုဇွန်ဆီနုနုလေး သန်းလာနေပြီ။ အမှိုက်မဲ့ပလက်ဖောင်းဘေးက ပန်းတွေကတော့ မီးခိုးရောင်သန်းနေဆဲ။ သူက ကားလမ်းကူးရန် မီးပွိုင့်တစ်ခုနားမှာ ရပ်လိုက်သည်။ ရှင်းနေသောကားလမ်းကြီးကို အကြောင်းမရှိဘဲ မျှော်ငေးနေသော သူ့မျက်နှာနုနုလေးက အပြစ်ကင်းစင်နေသည်။ နံနက်ခင်း၏ လတ်ဆတ်သောလေက သူ့ကိုဖြတ်တိုက်လာတော့ သူ့ထံမှ သင်းပျံ့သောရနံ့တစ်ခုရလိုက်သည်။ သူ့ဂျက်ကက်ပေါ်က တွားသွားနေသည့်ပိုးကောင်သေးသေးလေးကို လက်နှင့် အသာတောက်ထုတ်ဖို့ကြိုးစားလိုက်သည်။ သူ ကိုယ့်ဘက်တစ်ချက်လှည့်လာသည်။ သူ့မျက်နှာက ပြုံးယောင်သန်းနေသည်။


ကားလမ်းကို နှစ်ယောက်အတူတူဖြတ်ကူးပြီး လမ်းကြားတွေကိုဖြတ်ကာ အိမ်တစ်အိမ်ရှေ့ကို ရောက်လာကြသည်။ အိမ်ရှေ့က လှေကားထစ်လေးမှာ အ၀ါရောင်နှင်းဆီ ပန်းစည်းလေးကိုချပြီးချိန်မှာ နံနက်လေးနာရီ၏ ငှက်ကလေးတစ်ကောင်က သစ်ကိုင်းပေါ်က တကျီကျီထအော်မြည်သည်။


နှင်းဆီပန်းစည်းလေးကိုချပြီး အိမ်လေးထဲကို မျှော်ငေးကြည့်နေသော သူ့မျက်နှာကို ငေးကြည့်နေမိသည်။ လေအဝှေ့မှာ ကန့်လန့်ကာ အဖြူလေးက လွင့်သွားသည်။ ကန့်လန့်ကာနောက်မှာ သွယ်နွဲ့သောအရိပ်လေးတစ်ခု။ အရိပ်လေးက ဖြုတ်ကနဲပျောက်ကွယ်သွားတော့ သူလာရာလမ်းအတိုင်း ပြန်လှည့်လာခဲ့သည်။ သူ့နောက်ကို တကောက်ကောက် လိုက်နေမိသည်ကို သူယခုထိ အသိအမှတ်မပြုသေး။

ကားလမ်းကူးအပြီး ဆိုက်လာသော နှစ်ထပ်ဘတ်စ်ကားကြီးပေါ်သို့ သူတက်သွားသည်။ အပေါ်ထပ်က နောက်ဆုံးခုံတန်းမှာ သူထိုင်သည်။ သူ့ဘေးမှာ ၀င်ထိုင်ရင်း အပြင်ကိုငေးကြည့်နေမိသည်။ ရောင်နီမသန်းတသန်းအောက်မှာ ကောင်းကင်ကြီးက လှပနေသည်။ မိုးကုပ်စက်ဝိုင်းစွန်းမှာ ငှက်ကလေးနှစ်ကောင် ခပ်ဖြည်းဖြည်းပျံသန်းနေသည်။ မိုးသက်လေနုအေးက ရုတ်ကနဲ တဖန်တိုက်ခတ်လာပြန်သည်။ ပွင့်နေသော ပြူတင်းပေါက်မှ ရေစက်လေးတွေ ၀င်လာသည်။ သူ့ဆံနွယ်တွေ ညင်သာစွာလွင့်သွားသည်။ သူ့ပုခုံးပေါ်မှာ ခေါင်းမှီချလိုက်သည်။ သူ့လည်ပင်းက သွေးကြောလေးခုန်နေသည်ကို မြင်နေရသည်။ မျက်စိစုံမှိတ်လိုက်ပြီး သူ့ရင်ခုံသံကို ကြားလိုကြားငြား နားစွင့်နေမိသည်။

"မိုးတောင်မရွာသေးဘူး၊ လေက အေးစက်နေတာပါပဲလား"

သူ ပြူတင်းတံခါးကို ထပိတ်လိုက်သည်။ သူ့နှုတ်ခမ်းနုနုလေးကို လက်ညိုးလေးနဲ့ ထိဖို့ကြိုးစားစဉ် လက်ချောင်းတွေက ထိန်းမရအောင် တုန်ယင်နေသည်။ အားတင်းပြီး သာသာလေး ထိလိုက်မိသည်။ ပြီးတော့ သူ့ပါးလေးကို နောက်ထပ် ထိကြည့်လိုက်သည်။

"ပြူတင်းပေါက် ပိတ်လိုက်တာတောင် အေးစက်နေတာပဲကွာ.. ကျွတ်၊ ဘာတစ်ခုမှ အဆင်မပြေဘူး"

သူတစ်ချက် ညည်းညူလိုက်သည်။

အပြင်မှာ ကောင်းကင်ကြီးက လွမ်းမောဘွယ်ရာ ပန်းနုရောင် သန်းနေသည်။ ဘတ်စ်ကားကြီးက အရှိန်ပြင်းပြင်းဆက်လက်မောင်းနှင်နေသည်။ လမ်းဘေးမှာ စိမ်းမြညိုမှောင်သော သစ်ပင်တို့ တရိပ်ရိပ်ေ၀၀ါးကျန်ရစ်ခဲ့ကြသည်လေ။


hut1.png



Comments from Ainchannmyay.com

1.

သနားစရာ ၀ိညာဉ်လေးပါ

Comment by ပန်ဒိုရာ — July 28, 2009 @ 9:31 pm |Edit This
2.

အမှောင်ထဲက ၀ိညာဉ်ကလေးလား …
အေးစက်တဲ့ အငွေ့အသက် …
နောက်ဆုံးတော့ တရိပ်ရိပ်ေ၀၀ါး သွားပေါ့။

မလေးအရေးအသားလေးမှာ မျောပါသွားတယ်။ အတွေးများစွာနဲ့ ….

ချစ်ခင်လျက်
မမေ

Comment by မေဓာဝီ — July 28, 2009 @ 9:40 pm |Edit This
3.

မမေ နဲ့ မပန်..
ပူအိုက်တဲ့ နွေညတွေမို့ အလွမ်းဘွဲ့တွေ တန်းစီပြီး ရေးမိတော့မယ်ထင်တယ်။ ဒီကြားထဲ မပန်ရဲ့ မြိုင်တို့အကြောင်းက လွမ်းမောဘွယ်ရာ နှိပ်စက်သေးတယ်လေ။ မမေ.. မမေတို့ဆီမှာကော မပူဘူးလား။

Comment by မလေး — July 28, 2009 @ 9:42 pm |Edit This
4.

ခံစားလို့တော့ရတယ်
ဒါပေမဲ့ ……….
ငတုန်းနားလည်အောင် ရေးပါဆို
လုပ်ချလိုက်ပြန်ပြီ

Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — July 28, 2009 @ 10:32 pm |Edit This
5.

အလွမ်းတစည်းပဲကောက်သွားတယ် မလေး

Comment by မွန် — July 29, 2009 @ 12:38 am |Edit This
6.

ကူးကူးလဲ သိပ်နားမလည်ဘူး။…ဖတ်တာ (၂) ခေါက်ရှိပီ..
ညမှတစ်ခေါက်ထပ်လာဖတ်အုံးမယ်.. အဲလိုပိန်းတာ

Comment by စန္ဒကူး — July 29, 2009 @ 1:58 am |Edit This
7.

အစ်မ… လွမ်းလာအောင်လာမလုပ်နဲ့နော်…။

Comment by Evergreen Phyo — July 29, 2009 @ 3:08 am |Edit This
8.

မမအိမ့်…ရုံးမှာ ခဏအားတုန်းလေး ပြေးလာဖတ်တာ… ကိုယ့်ဘာသာ ရုံးမှာဆိုတာတောင် မေ့သွားမိတယ်… ဖတ်ပြီးတော့ ငိုချင်တယ်… အဲဒီ အရိပ်ဝိညာဉ်လေး လွတ်မြောက်ပါစေ…

Comment by ရွှေပြည်သူ — July 29, 2009 @ 3:43 am |Edit This
9.

သိပ်ကောင်းတဲ့ ရသတခုပါမလေး။
အတွေးလေး ကြိုက်တယ်။
သူ့နောက်ကို လိုက်နေတဲ့ (သူ) ကို မြင်ယောင်တယ်၊ သိပ်လှပြီးနူးညံ့တာကိုတွေ့တယ်။

Comment by အပြုံးပန်း — July 29, 2009 @ 5:06 am |Edit This
10.

ဒီမှာမိုးတွေရွာနေတယ် မလေးရေ … အပူချိန်က ၁၅-၁၈ ဒီဂရီ စင်တီဂရိတ် ပတ်ဝန်းကျင်ပဲ။ သိပ်လဲ မပူ .. သိပ်လဲ မအေး … နေလို့ကောင်းရုံကလေးပေါ့။
မမေကတော့ နေပူလဲလွမ်း … မိုးရွာလဲလွမ်း … အလွမ်းဓာတ်ခံရှိတယ်ဆိုတော့လေ … :)
မလေးရဲ့ အလွမ်းဘွဲ့တွေ စောင့်ဖတ်ရဦးမယ် … ။

Comment by မေဓာဝီ — July 29, 2009 @ 5:20 am |Edit This
11.

really dont known ?
try to read also …..
but you clever …what clever also i don,t know ?
i am very funny…
take care sister.

Comment by phyo thet aung — July 29, 2009 @ 5:56 am |Edit This
12.

မလေး ရောက်လာတာကျေးဇူးမလေးရယ်..
လောလောဆယ်တော့ မလေးဆီဖတ်မိပြီး အလွမ်းတွေပဲတွေါ်မိသွားတာနဲ့ စိတ်မကောင်းစရာလေးတပုဒ်ရေးထားတယ်း(

Comment by မွန် — July 29, 2009 @ 5:58 am |Edit This
13.

yes yes i see…but i bit

Comment by phyo thet aung — July 29, 2009 @ 5:58 am |Edit This
14.

လာဖတ်သွားတယ် မအိမ့် ရေ….။ ခံစားရတာ ရင်မောသွားတယ်….။ကဗျာလေးတွေတင်ထားတယ် အားရင်လာလည်ပါဦးနော်…။

Comment by နှင်းဟေမာ — July 29, 2009 @ 10:06 pm |Edit This
15.

တကယ်တော့ အဲလိုမျိုးကို တွေးတောင် မကြည့်ချင်ဘူး..
ဘာပဲဖြစ်ဖြစ်.. သွားလေသူတွေဟာ သနားစရာ ကောင်းတယ်လေ..

Comment by မေငြိမ်း — July 30, 2009 @ 6:19 am |Edit This

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...