မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, July 21, 2009

ဗင်ကူးဗားရောက် မြန်မာများအကြောင်း

အဲဒီနေ့မနက်က အသိအန်တီကြီးတစ်ယောက်အိမ်ကို ကိစ္စလေးတစ်ခုနဲ့သွားတယ်။ သူက စကားဝဲ၀ဲပြောတဲ့ အန်တီမွန် လို့ ကျမကခေါ်တဲ့ ကရင်အမျိုးသမီးကြီးတစ်ယောက်ပါ။ ဒီမှာက နွေရာသီရောက်ရင် သိပ်ပျော်စရာကောင်းတော့ သူ့ကို ကျမတစ်ခါက ပြောဖူးတယ်။ နွေမှာ မိသားစုနဲ့ တောထဲမှာတဲထိုးပြီး camp ထွက်ရင် ပျော်စရာကောင်းတဲ့အကြောင်း။ အိမ်အလုပ်၊ ရုံးအလုပ်တွေနဲ့ ခဏတာဝေးပြီး လူသူနည်းတဲ့ ထင်းရှုးပင်တွေကြားမှာ တဲကလေးထိုးပြီး နီးရာချောင်းကငါးကိုမြှား၊ မီးဖိုပြီးကင်စား၊ အဲသလိုမျိုးနေဖို့ကောင်းတဲ့ ရာသီမျိုးလို့ပြောဖူးတယ်။ ဒါကိုသူက သဘောကျသွားပြီး ဟိုတစ်လောက မိသားစုနဲ့ camp သွားတယ်ကြားလိုက်တယ်။ အဲဒီမနက်က သူ camp သွားခဲ့တဲ့အကြောင်းမေးတော့ သူက စိတ်ပျက်လက်ပျက်နဲ့ ထိုင်ချလိုက်ပြီး အမယ်လေး… သဲရယ်… လို့ အစချီပါလေရော…။


စကားမစပ်… ကျမ အမည်က သဲ လဲမဟုတ်ဘူး။ အမည်ထဲမှာလဲ ဘယ်တုန်းကမှ သဲ မပါဘူး၊ ကျောက်ခဲ၊ ဘိလပ်မြေ စသဖြင့်လဲမပါဘူး။ ဒါပေမယ့် အန်တီမွန်က ဘာစိတ်ကူးရပြီး ကျမကို သဲရယ်.. သဲရယ်… နဲ့ခေါ်လဲမသိ။ ဒါပေမယ့်လည်း မပြင်တော့ဘူး။ သူလဲ နှုတ်ကကျိုးနေသလို၊ ကျမလဲ နားယဉ်သွားပါပြီ။ သူကဆက်ပြောတယ်။


“သဲ.. ပြောလို့ camp သွားပါတယ်။ ငါးကလဲ တစ်နေကုန်မျှားတာတောင် တစ်ကောင်တောင် မရပါဘူး။ ညညဆို ခြင်က ကိုက်သေးတယ်။ ခြင်ဆေးတွေတော့ ပါသွားပါတယ်။ ဒါပေမယ့် ကိုက်တာကတော့ ကိုက်တာပဲ သဲရေ့။ မနက်မျက်နှာသစ်တော့လဲ ချောင်းထဲကရေက ရေခဲရေလိုပါပဲလား… အေးစက်နေတာပဲ။ အန်တီမွန် တော့ သုံးရက်လောက်တောင် ရေမချိုးခဲ့ဘူး။ သဲပြောလို့ အပျော် camp ထွက်ပါတယ်… နယ်စပ်က camp ပြန်ရောက်သွားသလိုပါပဲလား သဲ..ရယ်” လို့ သူ့ရဲ့ ခြေတွေလက်တွေက ခြင်ကိုက်ဖုတွေကို ပြပြပြီး စကားဝဲ၀ဲနဲ့ ပြောတော့တာပါပဲ။


ကျမလဲ ဘာဆက်ပြောရမှန်းမသိတော့ ဒီလိုပဲ ရယ်နေလိုက်ရတယ်။ ဒီလိုနဲ့စကားပြောအပြီး အိမ်အပြန်လမ်းမှာ အန်တီမွန့်ဧည့်သည် အစ်မကြီးတစ်ယောက်နဲ့ နောက်အန်တီတစ်ယောက်ကို ကားကြုံခေါ်လာခဲ့တယ်။ လမ်းမှာ စကားစမြည်ပြောလာကြတယ်။ သူတို့က ဒီကိုရောက်တာ သိပ်မကြာသေးတော့ လောလောဆယ် ဘတ်စ်ကားစီးစဉ် သွားရလာရအဆင်ပြေအောင် ဒီမြို့မှာ တောင်နဲ့မြောက်တန်းနေတဲ့လမ်းတွေက street တွေဖြစ်ပြီး၊ အရှေ့နဲ့အနောက်တန်းနေတဲ့လမ်းတွေက avenue တွေဖြစ်ကြောင်း၊ လမ်းပျောက်ရင် တောင်တွေရှိရာဘက်က မြောက်အရပ်ဖြစ်ကြောင်း စသဖြင့် ဝေမျှနေတယ်။ အဲဒီမှာ အစ်မကြီးက အားရပါးရကြီး ရင်ဖွင့်တော့တာပါပဲ။ သူကလဲ ကျမကို အန်တီမွန်ခေါ်သလို သဲ.. ဆိုပြီး လိုက်ခေါ်နေတယ်။ တစ်ခါခေါ်ခံရတိုင်း ကြက်သီးတစ်ခါထတယ်။ “ကျမ အမည်က သဲ.. မဟုတ်ပါဘူး” လို့ ပြောရမှာလဲ အားနာနေတယ်။ အဲဒီနေရာမှာသာ ဒီနိုင်ငံပုံစံနဲ့ “I’d like to be addressed as ……. ပါ” ဆိုပြီး ပြောလိုက်လို့ကတော့ ရိုက်ပေါက်။ သူကတော့ အားရပါးရ.. ကျမကို အစ်မသဲ.. ဆိုပြီး စကားတွေဆက်ပြောနေတယ်။


“အစ်မသဲရယ်… ကျမတို့ တိုင်းပြည်မှာ ကာဖျူးထိတာ လွန်လှပြီထင်တာ… ဒီမြို့မှာ ကာဖျူးထိထားတာ တော်တော်ကြာတာပဲနော်…. ပြင်းလဲပြင်းထန်တယ်”

“ရှင်…”

“ဟုတ်တယ်လေ.. ကျမတို့တိုင်းပြည်မှာက ည မထွက်ရဘဲ ကြားဖူးတယ်…။ ဒီမှာက နေ့ဘက်တောင် လူတွေမထွက်ကြရဘူး၊ လူမပြောပါနဲ့အစ်မရယ်.. ခွေးတွေတောင်မထွက်ရဘူးဆိုတော့ သူတို့က ပိုတင်းကျပ်တာပဲ... ခုနောက်ပိုင်းမှ နည်းနည်းတော်လာပုံရတယ်”
ကျမလဲ ဘာပြန်ပြောရမှန်းမသိလို့ ထုံးစံအတိုင်း ပြုံးပဲနေလိုက်တယ်။ သူက ဆက်ပြောတယ်။

“အစ်မသဲက တောင်တန်းတွေရှိတဲ့ဘက်က မြောက်အရပ်ဆိုလို့ ပြောရဦးမယ်။ ကျမနဲ့ကျမ သူငယ်ချင်းဟိုတစ်လောက အသိတစ်ယောက်ဖိတ်လို့ Richmond မြို့ကိုသွားပြီး Vancouver ကိုအပြန်မှာ ကျမသူငယ်ချင်းကလဲ လိုင်စင်စရကာစ၊ လမ်းတွေလဲမကျွမ်းကျင်သေးတော့ လမ်းတွေပျောက်တာအစ်မရယ်..။ အသိက တောင်တွေနောက်သာလိုက်.. Vancouver ပြန်ရောက်သွားလိမ့်မယ်ဆိုလို့ တောင်တွေရှိရာနောက်မောင်းတာ မောင်းရင်းမောင်းရင်း တောင်တန်းကြီးတွေက မျက်စိရှေ့ကပျောက်သွားကော။ နောက်ဆုံး ပင်လယ်ကမ်းစပ်ဘက်ရောက်သွားတယ် အစ်မသဲရေ့….”


“အဲဒီတော့ အစ်မတို့ အိမ်ကိုဘယ်လိုပြန်ရောက်အောင်ပြန်လဲ”


ကျမတို့ တစ်ယောက်နဲ့တစ်ယောက် အစ်မ အပြန်အလှန်ခေါ်ပြီး ပြောနေတာကို ကိုယ့်ဟာကိုယ် ရယ်ချင်နေမိတယ်။


“Vancouver ဆိုတဲ့ ဘစ်ကားကြီးနောက်ကနေ လိုက်မောင်းရင်း ပြန်ရောက်သွားတာပါပဲ….” တဲ့။


---------------



ဒီလိုနဲ့ ကားဆက်မောင်းလာရင်း လမ်းမှာ ခမ်းနားကြီးကျယ်တဲ့ အဆောက်အဦးကြီးတစ်ခုရှေ့ကနေဖြတ်လာကြတယ်။ မြက်ခင်းတွေကလဲ စိမ်းစိုပြီး သစ်ကြီးဝါးကြီးတွေအောက်မှာ မြက်တွေက ညီညာပြန့်ပြူးနေတယ်။ အဆောက်အဦးကြီးကလဲ သန့်ပြန့်ပြီး တော်တော်လေးခမ်းနားလှပတယ်။ အဲဒီမှာ တစ်လမ်းလုံးငြိမ်လာတဲ့ နောက်ခုံက အန်တီကြီးက စကားစလိုက်တယ်။


"ဒီလိုအိမ်ကြီးမျိုးမှာ နေချင်လိုက်တာဟယ်..."


"ဟုတ်ပါရဲ့.. ကျမလဲ နေချင်လိုက်တာ။ ဒီနိုင်ငံက အိမ်တွေက မီးခြစ်ဆံဗုံးလေးတွေလိုပဲနော်...။ ဒီလိုတိုက်ကြီးမျိုးနဲ့နေချင်တာ ကျမက။ ကြည့်ပါဦး.. မြက်ခင်းတွေကလဲ ကောင်းလိုက်တာ။ ပန်းတွေကလဲ ရောင်စုံ..."


ဟိုအစ်မကလဲ ၀င်ပြောတယ်...


"ဒီဟာ apartment ဖြစ်မယ်။ ငှားနေရအောင်.. လာစုံစမ်းဦးမှ "


ကျမ ဘာမှမပြောဘဲ ထားလိုက်ဦးမလို့.. နောက် သူတို့အရမ်းကို အတိုင်အဖောက်ညီနေတာနဲ့ မနေနိုင်တော့ဘူး။


" ဟိုလေ... အန်တီ.. အန်တီအဲဒီမှာ နေလို့မဖြစ်ဘူး။ အဲဒီအဆောက်အဦးက အရူးထောင် အန်တီရဲ့" လို့ ၀င်ပြောလိုက်ရပါတော့တယ်။


---------------


ဒီလိုနဲ့ ကျမတို့ သူသွားလိုတဲ့ mall ရှေ့ရောက်လာတယ်။ သူ့ကိုချပေးရင်း ကျမလဲ ပစ္စည်းတစ်ခု ၀ယ်စရာရှိလို့ လမ်းကြုံတာနဲ့ သူနဲ့ mall ထဲလိုက်ဝင်လာတယ်။ အဲဒီမှာ သူ့အသိ လူနှစ်ယောက်က သူ့ကိုလာနှုတ်ဆက်တယ်။ ဘယ်လာတာလဲ ဘာလဲနှုတ်ဆက်ရင်း အဲဒီလူနှစ်ယောက်က ဆံပင်ညှပ်ဆိုင်ကောင်းကောင်းလာရှာတာတဲ့။ ဆံပင်ညှပ်ချင်လို့ ဆိုင်ကောင်းကောင်းများသိသလားလို့မေးတယ်။ အဲဒီအစ်မကြီးက သိပုံမပေါ်တော့ ကျမလဲ ၀င်ပြောလိုက်တယ်။ The Bay ဘေးမှာ ဆံပင်ညှပ်ဆိုင်ကောင်းကောင်းရှိတယ်လို့။ လက်ညိုးပါညွှန်ပြလိုက်တယ်။ သူတို့လဲ ကျေးဇူးတင်ပါတယ်အစ်မ ဆိုပြီး ထွက်သွားကြတယ်။ အဲဒီလူနှစ်ယောက်က ကျမထက် အသက်တော်တော်ကြီးတယ်။ ဒါပေမယ့် ကျမကို အစ်မ အစ်မနဲ့ခေါ်တော့ ကျောင်းတုန်းက အဖြစ်တစ်ခုကို သွားသတိရလိုက်မိတယ်။ ကျောင်းမှာ အချို့ယောင်္ကျားလေးတွေက ကျမတို့ထက် အသက်ကြီးပေမယ့် ကျမတို့ကို အစ်မ.. အစ်မ နဲ့ခေါ်တယ်။ အဓိကကတော့ သူတို့ကျောင်းပြေးပြီးဝလို့ စာကူးချင်ရင် မျက်နှာချိုသွေးပြီး အစ်မရယ်.. ဘာရယ်..နဲ့ စာအုပ်လာလာငှားတော့တာပါပဲ။ အချို့ဆို သူငယ်တန်းတက်တာနောက်ကျလို့လားမသိဘူး။ အသက်တော်တော်ကြီးနေပြီ။ ဒါလဲ အစ်မ ပဲခေါ်တယ်။ ဒီလိုနဲ့ အချိန်တွေကြာလာပြီး အရင်းနီးသွားချိန်လောက်မှာတော့ ကျမ သူတို့ကို မေးကြည့်တယ်။


“နင်တို့တွေ ငါတို့မိန်းကလေးတွေကို ဘာလို့ အစ်မ.. အစ်မ နဲ့ခေါ်တာလဲ။ နင်တို့ထက်ငယ်မှန်းလည်းသိရဲ့နဲ့” လို့…


အဲဒီမှာ သူငယ်ချင်းယောင်္ကျားလေးတစ်ယောက်က ပြန်ပြောတယ်။


“အေး…. ငါတို့က နင်တို့ကို အမ လို့ မခေါ်ဘဲ အထီးလို့ ခေါ်ရမှာလား” တဲ့…..


ကျမလဲ ဘာမှဆက်မမေးတော့ဘူး။ ဘာဆက်ပြောရမှန်းလဲ မသိတော့လို့လေ။


---------------


ဒီလိုနဲ့ အဲဒီအစ်မကြီးနဲ့ လမ်းခွဲပြီး ကျမလည်း ဆိုင်တစ်ခုထဲက ထွက်လာတော့ ခုနက လူနှစ်ယောက်ကို ယောင်လည်လည်ထပ်တွေ့တယ်။ ဆံပင်ညှပ်ဆိုင်လဲ တွေ့ပုံမရဘူး။ ဒါနဲ့ ကျမလည်း သူတို့ကိုမေးလိုက်တယ်။ ဆိုင်မတွေ့လို့လားလို့ ….. The Bay ဘေးမှာလေလို့။ အဲဒီမှာ သူတို့က ကျမကို ပြန်ပြောတယ်။


“မတွေ့ဘူး အစ်မ”


“ဒီဘက်လမ်းက မသွားဘူးလား၊ The Bay ကအကြီးကြီး၊ လွဲစရာမရှိဘူး”


အဲဒီမှာ တစ်ကယ်ကို အပြစ်ကင်းစင်တဲ့ မျက်နှာတွေနဲ့ ကျမကို အားကိုးတကြီးကြည့်ပြီး သူတို့ပြောလိုက်တာကတော့…..


“မရှိဘူးအစ်မ၊ အစ်မ ပြတဲ့ဘက်မှာ ဆိုင်ကြီးအကြီးကြီးတော့တွေ့တယ်။ The Bay တော့မတွေ့ဘူး။ ပန်းပွင့်ကြီးနဲ့ဆိုင်ကြီးတစ်ဆိုင်ပဲတွေ့တယ်…” တဲ့လေ။



thebaylogo.jpg


---------------


ဒီလိုနဲ့ အဲဒီနေ့ ညနေစောင်းမှာ ကျမတို့ ညစာစားပွဲတစ်ခုကို သွားတယ်။ အဲဒီညစာစားပွဲမှာ လူတော်တော်စုံပါတယ်။ လူကြီးတွေလဲပါတယ်။ အချို့ဆိုရောက်တာ အနှစ်လေးဆယ်တို့ဘာတို့ရှိနေပြီ။ အားလုံးက မြန်မာလို အာဘောင်အာရင်းသန်သန်နဲ့ပြောကြဆိုကြ၊ စားသောက်ကြနဲ့ ပျော်စရာကောင်းပါတယ်။ အဲဒီထဲမှာ မြန်မာပြည်ကနေ အရှေ့တိုင်းတစ်ခုမှာ နှစ်နှစ်လောက်နေပြီးနောက် ဒီကိုရောက်လာတာလဲ တစ်နှစ်လောက်တောင် မရှိသေးတဲ့ လူငယ်တစ်ယောက်ပါပါတယ်။ သူက သူ့ကို လူကြီးတွေက မြန်မာလိုမေးလည်း အင်္ဂလိပ်လိုပဲဖြေတယ်။ အဲဒီမှာ ကျမ အကိုတစ်ယောက်က ဘာစိတ်ကူးပေါက်လဲမသိဘူး။ အဲဒီလူကို အိမ်မှာလဲ အင်္ဂလိပ်လိုပဲပြောလားလို့ သွားမေးလိုက်တယ်။ ကျမ အဲဒီအကိုဝမ်းကွဲကလည်း ဒီမှာမွေးတဲ့အကိုဆိုတော့ မြန်မာလိုပြောရင် "မောင်းမင်းလူးကလေး .. ရေးချမ်းချမ်းတစ်ခွက်လောက်ယူးခဲ့ပါ" ဆိုသလိုပုံစံမျိုး။ အဲဒီအချိန်မှာ အဲဒီလူက ကိုက်လံတစ်ချောင်းကို ခက်ရင်းနဲ့ ဟန်ပါပါ ထိုးလိုက်ပြီး ပြန်ဖြေလိုက်တယ်။ ကျမလည်း သူတို့နှစ်ယောက်ကိုကြည့်ပြီး အဲဒီနားကထွက်ပြေးချင်စိတ်ကိုပေါက်တာပါပဲရှင်...။ အကိုမေးလို့ဟိုလူဖြေလိုက်ပုံကတော့....


“Yeh… coz… it’s easier to speak in English.” ဟူသတည်း။

လာလည်ကြသူတွေအားလုံး ပျော်ပါစေ....
အားလုံးကို ခင်မင်လျှက်…

Comments from ainchannmyay.com

စိတ်ပန်းနေတဲ့အချိန် ဒီလာမိလို့လားမသိဘူး တော်တော်ပေါ့သွားပါတယ် မလေး၊ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ
The ပန်းပွင့် ay ကို ကျွန်တော် လာကြည့်ချင်လိုက်တာ…
Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — July 21, 2009 @ 12:49 pm

IM နဲ့ Chat တဲ့ အချိန်မှာတော့ ကျွန်တော့်အတွက် “Yeh… coz… it’s easier to chat in English.” ပါပဲ.. :)
Comment by AndyM — July 21, 2009 @ 2:48 pm

အစ်မ ကျွန်တော်လာဖတ်သွားပါတယ်။
Comment by tawtharlay: — July 21, 2009 @ 4:26 pm

အစ်မကတော့ ရီရအောက်လုပ်နေပြန်ပြီ.. (အစ်မဆိုတာ ကိုယ့်ထက်ကြီးတဲ့ အစ်မကိုဆိုလိုတာ နှုတ်ကျိုးနေလို့) :D ။ အမျိုးတွေထဲမှာလည်း အဲသလိုရိုးတာမျိုးတွေရှိတယ်.. ရန်ကုန်ကိုလာလည်တုန်းကပေါ့…အမေတို့ကစားသောက်ဆိုင်ကိုခေါ်သွားတာ..ကော်ဇောခင်းထားတာကို ဖိနပ်လေးတွေညီညီညာညာချွတ်ပြီး ၀င်သွားတာလေ.. :D။
Comment by Evergreen Phyo — July 21, 2009 @ 4:45 pm

အန်တီမွန်ကသဲလို့ခေါ်တာအတော်ချစ်လို့ထင်ရဲ့နော်…
Comment by rose of sharon — July 21, 2009 @ 5:03 pm

the bay ကို အရယ်ချင်ဆုံးပဲ။
Comment by ပုံရိပ် — July 21, 2009 @ 5:18 pm |

ဟုတ်တယ်နော်.. သူများနိုင်ငံရောက်မှ.. အပြင်ထွက်ဖို့အဆင်မပြေလို့ အိမ်ထဲကုပ်နေရတာတစ်မျိုး…
လမ်းမှားလို့ယောင်ရတာတစ်မျိုး…
စုံနေတာပါဘဲ..
Comment by စန္ဒကူး — July 21, 2009 @ 5:46 pm

yeah.. this post is really damn funny… ha ha..the shop with the flower name and the guy come from easten country…..
YAH.. IT IS EASIER TO WRITE ENGLISH HERE ALSOး) ခွိ…. ခွိ
Comment by thetpaingthu — July 21, 2009 @ 6:12 pm

သဲကလဲကွယ်…။
တော်တော်ရယ်ရတယ်….။
ဆီးသီးသည် ကိုဗျိုင်းပါလား။
စူ့ထက်စူ လူစွမ်းကောင်းတွေပဲ။
Comment by Boyz — July 21, 2009 @ 8:14 pm

နောက်ထပ်ရေးပါဦး….. ပြုံးရတယ် The Bay က……..။
Comment by sin dan lar — July 21, 2009 @ 11:46 pm

အစ်မသဲရဲ့ အတွေ့အကြုံလေးတွေဖတ်ရတာ ရယ်စရာ … :)
Comment by မေဓာဝီ — July 22, 2009 @ 3:07 am

ဈေးထဲက အမေ့ကို မမထွေး မမထွေးနဲ့ ခေါ်တဲ့ ၀က်သားရောင်းတဲ့ အန်တီကြီးကိုတောင် သတိရသွားတယ်။ အမေ့နာမည်မှာ ထွေးနဲ့ နီးစပ်တာတောင်မပါ။
ဟိဟိ
Comment by S-C — July 22, 2009 @ 4:27 am

ဖတ်လို့ကောင်းပါတယ်။
မျက်စိက မကောင်းရတဲ့ အထဲ တွဲလောင်းကျနေတဲ့ မီးပုံးတွေလား ဘာတွေလာတော့ မသိပါဘူး၊ အဲဒါတွေ ရှောင်ရတာနဲ့ ကြွက်ခလုတ်ကို အပေါ်များများ တင်မရဘဲ အောက်နားတင် ဝိုက်ပြီး ဖတ်သွားတယ်။
:D
Comment by mm thinker — July 22, 2009 @ 4:37 am

so funny …. i really fresh mind
Comment by mg phyo thet aung — July 22, 2009 @ 6:02 am

သဘောကျလို့ အသံထွက်တောင် ပြုံးမိတယ် မလေးရေ။
Comment by အပြုံးပန်း — July 22, 2009 @ 7:30 am

စာဖတ်ဖော်..ရေးဖော်.. မောင်နှမများအားလုံး..
မလေး ရက်အနည်းငယ်ပျောက်လိုက်ပါဦးမယ်… ဒီကြားထဲ ကော့မန့်မော်ဒရိတ်လုပ်ထားပါတယ်.. မလုပ်လို့မဖြစ်တာက စပန်တွေထဲမှာ အချို့ကြော်ငြာတွေက ကလေးတွေ (၁၈နှစ်မကျော်သေးသော ကလေးများ.. ဥပမာ.. အမြဲစိမ်းဖြိုး :P) မြင်လို့မသင့်လို့။ သူငယ်ချင်းတစ်ယောက်ကို ကော့မန့်တွေတော့ သူအားရင်ကြည့်ပေးဖို့ အကူအညီတောင်းထားပါတယ်။ အချို့ကော့မန့်များကို မှားပြီး စပန်တွေဖျက်ရင်းပါသွားရင်တော့ မလေး အပြစ်မဟုတ်ဘူးနော်.. သူ့သာအပြစ်တင်.. :D
thinker ပြောလို့ မီးပုံးလှလှလေးတွေကို ဒီညအားရင်ဖယ်သွားပေးပါမယ်.. မဟုတ်ရင်တော့ ဒီတိုင်းသာ ရှောင်ရှားလို့ဖတ်ကြပါလို့…
Comment by မလေး — July 22, 2009 @ 12:53 pm

မမသဲရာ သူလိုပဲ ကျနော်လည်း(bay)ကို မဖတ်တက်ဘူးးးးးးး
Comment by westcoast22 — July 22, 2009 @ 1:06 pm

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...