မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Monday, July 13, 2009

ကစ္စပနဒီအလွမ်း

အဖေ...
လရောင်ဆမ်းတဲ့ညမှာ၊ တမ်းတလို့လွမ်းရပါသည်
ကစ္စပနဒီမြစ်ကမ်း၊ အခုတော့လဲအလှမ်းဝေးရပေါ့
နွမ်းလျှတဲ့နေညိုညိုမှာ၊ အရင်လိုဖေ့အိမ်ပြန်လမ်း
မမှန်းနိုင်တော့ပြီအဖေ..


ညနေရီတွေမှာ ကြယ်တွေကိုမော့ကြည့်လို့ အဖေ့ပုံပြင်တွေကို နားထောင်ဖူးခဲ့တယ်.. အဖေ။
အဖေ ပေးခဲ့တဲ့ သောင်္ကြာကြယ်ဟာ ပစိဖိတ်ရေပြင်ထက်မှာလဲ ထွန်းလင်းနေဆဲပဲ.. အဖေ။

အဖေပြောသလို သစ်ကိုင်းပေါ်မှာထိုင်နေတဲ့ ငွေရောင်ဇီးကွက်တစ်ကောင်လို နေထိုင်တတ်ဖို့ ကြိုးစားခဲပေမယ့်…
လွဲချော်နေတဲ့ မိန်းမတစ်ယောက် ဖြစ်နေတုန်းပဲ.. အဖေ။

အဖေ...
နွေကန္တာခရောင်းလမ်း၊ ပန်းမခင်းထားလဲ
မလွဲတဲ့ဆုံးမစကား၊ အမြဲလိုအမှတ်ရ
ညအခါဆီမီးခွက်လို၊ လမ်းအိုရဲ့ထောင့်ကလင်း
အလျှင်းသင့်လွန်းပါသည်အဖေ...


လူတွေကို သနားညှာတာတတ်အောင်၊ ကိုယ်ချင်းစာတတ်အောင် အမြဲသင်ပေးခဲ့ပေမယ့် တစ်ခါတစ်ရံမှာ အလုပ်မဖြစ်ဘူးလို့ ပြောမိရင် စော်ကားတယ်လို့ မထင်ပါနဲ့အဖေ။
အဖေ.. သမီးရဲ့လက်ကို ဘီးသေးသေးလေးနဲ့ရိုက်လို့ အသည်းကွဲအောင် ငိုခဲ့ဖူးတာတွေ...။
ဟင်းချေးမများတတ်တဲ့အဖေ...။
လှပရှည်သွယ်တဲ့ အညိုရောင်လက်ချောင်းတွေရဲ့ပိုင်ရှင် အဖေ...။

အဖေ့လောက် နှုတ်စောင့်စည်းနိုင်တဲ့ ယောင်္ကျားမတွေ့ဖူးသေးဘူး...
အဖေ့လောက် ဘာသာတရားတိုင်းကို လေးစားတဲ့သူ မတွေ့ဖူးသေးဘူး...
အဖေ့လက်လောက်လှတဲ့လက် ဘယ်ယောင်္ကျားတစ်ယောက်ဆီမှာမှ မတွေ့ဖူးသေးဘူးလို့ .. ပြောရင်...
လူတွေ လှောင်ပြောင်လို့ရယ်ကြမယ်ထင်ရဲ့ အဖေ။

အမေ တပျစ်တောက်တောက်ဆူတိုင်း စောင်ကို ပါးစပ်အထက်ထိဆွဲအုပ်လို့ အိမ်ရာပေါ်မှာငြိမ်နေတတ်တဲ့ အဖေ။
အမေ့ကို ပန်းဝါလေးတစ်ပွင့်လို ကြည့်တတ်တဲ့အဖေ...
ပုလဲတွေလို စီတန်းလှပတဲ့ သွားတွေနဲ့ တောက်ပတဲ့အပြုံးပိုင်ရှင် အဖေ...
နှုတ်စကားတစ်ခွန်းဟာ တစ်ခွန်းတန်ဘိုးရှိအောင် ပြောတတ်တဲ့ အဖေ...
သမီးလုပ်စာ တစ်ပြားမှ မစားသွားရတဲ့ အဖေ....
အဖေညောင်းလွန်းလို့ နင်းပေးပါဆိုရင် သုံးချက်လောက် နင်းပေးပြီးတာနဲ့ ထွက်ပြေးတတ်တဲ့ သမီးတွေကို ပြုံးကြည့်နေတတ်တဲ့အဖေ...
စိတ်နှလုံးနူးညံ့သိမ်မွေ့သောသူသည် ကောင်းကင်နိုင်ငံကိုအမွေခံရလတံ့ ဆိုတဲ့ သမ္မာကျမ်းသစ္စာအရ၊ အမွေခံရာပြည်မှာ ပျော်နေပြီလား အဖေ။

အဖေ...
သမီးရဲ့လုပ်စာ၊ တလုပ်တောင်မစားသွားရ
မရနိုင်တော့တဲ့အတိတ်၊ နှိပ်စက်ကြရံဖန်ခါ
ပြုံးနေတဲ့အဖေ့မျက်နှာ၊ မြင်ယောင်ကာစိတ်သက်သာလို့
ရို့ကြိုးစွာကန်တော့လိုက်ပါသည်အဖေ...


လူတွေက အနူးညံ့အသိမ်မွေ့ဆုံး ယောင်္ကျားတစ်ယောက်ကိုပြပါဆိုရင် အဖေ့အုတ်ဂူကို လက်ညှိုးထိုးပြနေမိဦးမှာပါပဲ အဖေ…
လောကကြီးကို စိတ်ပျက်လို့ ခပ်စောစောများ ထွက်ခွာသွားသလား အဖေရယ်...

ဘယ်လိုပဲဖြစ်ဖြစ် ပြန်ဆုံကြမယ်.. အဖေ။
ချစ်သောအဖေရဲ့ ဒီလူ့ဘ၀ မွေးနေ့မြတ်မှာ သတိရနေတယ် အဖေရယ်…

ပြန်ဆုံကြမယ်နော်…


mydad.jpg


အဖေ့တွက် သမီးရဲ့ ဟိုတုန်းက မတောက်တခေါက် ကစ္စပနဒီပါအဖေ...

hut1.png



comments from ainchannmyay.com


အစ်မ ရေ ပို့စ်အသစ်လေးကိုလာဖတ်သွားပါတယ်။ အစ်မလည်းလာလည်ဖို့ဖိတ်ခေါ်ပါတယ်။
Comment by tawtharlay: — July 13, 2009 @ 10:05 am

ဖတ်ရတာ ငြိမ်းချမ်းလွန်းလို့ မလေး ကိုယ်စား နှမြောမိတယ်။
ကောင်းကင်နိုင်ငံဟာ သူနဲ့ ထိုက်တန်တဲ့ လူကို စောစော ခေါ်တယ်လို့ပဲ ထင်မိပါတယ် မလေးရေ
Comment by ခွန်မြလှိုင် — July 13, 2009 @ 11:04 am

like father u r also N0.4 born person…that makes u 2 close :)
Comment by westcoast22 — July 13, 2009 @ 12:40 pm

မလေးရေ …
ဖတ်ပြီး ခံစားရသလို … အဖေ့ကိုလဲ လွမ်းမိတယ်။
မမေငယ်ငယ်ကလဲ အဖေ ဘီးကလေးနဲ့ရိုက်တာကို စိတ်တွေနာပြီး ငိုခဲ့ရဖူးတယ်။
တသက်မှာ တခါ အဖေ့အရိုက်ခံရတာကို ခုထိ မမေ့ဘူး။
အဖေကို ချစ်တဲ့ သမီးချင်းမို့ … ခံစားချက်ချင်း ထပ်တူပါပဲ … ။
Comment by မေဓာဝီ — July 13, 2009 @ 2:57 pm

မလေးရဲ့စာကြောင်းတိုင်းမှာ ဖခင်ကို လွမ်းဆွတ်တမ်းတမှုတွေ ပေါ်လွင်နေတယ်. နှမြောတသ ဖြစ်မှုတွေ ထင်ရှားနေတယ်.
ယူကျုံးမရ ပူဆွေးသောကဖြစ်နေပုံတွေ မြင်သာနေတယ်.
ုကျွန်တော်လည်း ကျွန်တော့်အဖေမွေးနေ့ကိုရော အဖေဆုံးသွားတဲ့နေ့ကိုရော အမြဲသတိရနေတတ်လို့ ကိုယ်ချင်းစာတယ် မလေးရေ…
ခဏတာ လာလည်ရှင်သန်ကြီးပြင်းခွင့်ရခဲ့တဲ့ ဒီလူ့ဘ၀လေးမှာ တစ်ယောက်နဲ့တစ်ယောက် ထားခဲ့တဲ့ သံယောဇဉ်တွေ ကြီးမားနက်ရှိုင်းပုံကို ဘုရားသခင်က မျက်ကွယ်ပြုနိုင်အားမှာ
မဟုတ်ပါဘူး…
တစ်နေ့တော့ ပြန်လည်ဆုံတွေ့ခွင့် ရကြမှာပါ. ပြန်လည်ဆုံတွေ့နိုင်ကြပါစေလို့လည်း ဆုတောင်းပါတယ်ဗျာ…
ခင်မင်စွာဖြင့်
Y.
Comment by Yan — July 13, 2009 @ 5:35 pm

same sister
Comment by july — July 13, 2009 @ 7:38 pm

မလေးရေ…တို့တွေကတော့ သံသရာကို ယုံသူတွေမို့ မလေးနဲ့ မလေးဖေဖေ သံသရာတကွေ့မှာ ပြန်ဆုံကြဦးမှာပါ…
အဲ့ဒီအခါကျရင်လည်း ရှေးကထက် ပိုချစ်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်…
Comment by S-C — July 13, 2009 @ 7:55 pm

ကျွန်တော်ဘ၀ရဲ့နောက်ပိုင်းမှာ အဖေကိုချစ်ခင်သော သားသမီးများကိုတွေ့ရင်
သတိထားတတ်မိခဲ့ပါတယ်။မမူးပဲရစ်တဲ့၊မူးပြီးရစ်တဲ့၊ရက်စက်တဲ့၊ဒေါသကြီးတဲ့
အဖေမျိုးပင်ဖြစ်လင့်ကစား ချစ်တတ်တဲ့သူတွေဆို ပိုစိတ်ဝင်စားသေးတော့သည်။
ဘာလိုပဲဆိုဆို…… အဖေချစ်သူတွေကို တွေ့တိုင်း ကျွန်တော်ချီးကျူးမိပါတယ်။
(ကျွန်တော်လိုလူဆိုးထက် အများကြီးလိမ္မာကြတယ်၊သာကြတယ်ဆိုပြီးတော့…:D)
ချစ်ခင်အားပေးလျှက်…
Comment by NLA — July 14, 2009 @ 12:31 am

အစ်မရေ ဖတ်ရင်းနဲ့မျက်ရည်တောင်ဝဲလာတယ်..။ အစ်မရဲ့ အဖေ အေးချမ်းစွာရှိနေမှာပါ..။ ကျွန်တော်လဲ အဖေမရှိတော့မှ သေသေချာချာမပြုစုလိုက်ရလေးခြင်းလို့.. ငယ်ငယ်က မသိတတ်ခဲ့တာတွေလည်းပါမယ်..။ မိဘအတွက် အကောင်းဆုံးဖြစ်အောင်ကြိုးစားနေမိတယ်..။
Comment by Phyo Evergreen — July 14, 2009 @ 3:53 am

မလေးရေ ပို့စ်လာဖတ်တယ်နော်။ မလေးဖေဖေ ငြိမ်းချမ်းနေမှာပါ။ သံသရာမှာ မလေးတို့ ပြန်ဆုံနိုင်မှာပါ။ ဒီထက်ပိုနီး.ပိုချစ်နိုင်မှာပါ။ ပြောရင်း အဝေးက ဖေဖေ့ကို လွမ်းတယ်။
Comment by maylay — July 14, 2009 @ 8:23 pm

အိမ့်ရေ…မျက်ရည်ဝဲမိတယ်အိမ့်ရယ်… အမကလဲ အဖေချစ်သူမို့ … ဒါပေမယ့် အမဖေဖေက အိမ့်ဖေဖေလို ဘီးကလေးနဲ့  ရိုက်တာတော့ မဟုတ်ဘူး… ဒုတ်ကြီးကြီးနဲ့ လေ… (အမကလဲ ခေါင်းမာတာကို).. ဘယ်လောက်ရိုက်ရိုက် အဖေချစ်ပဲလေ… အိမ့်ရေ… အပေါ်က အိမ့်ဖေဖေရဲ့ စိတ်ငြိမ်းချမ်းတာလေးတွေ ဖတ်ခဲ့ရပြီး ဓာတ်ပုံလေးတွေ့ လိုက်တော့ စိတ်ငြိမ်းချမ်းတာလေးက မျက်နှာမှာ ပေါ်လွင်အေးချမ်းနေတာ သတိထားမိတယ်… အိမ့်က အဖေနဲ့ တူတယ်နော်… … ငြိမ်းချမ်းလွန်းတဲ့ အိမ့်ဖေဖေ ငြိမ်းချမ်းတဲ့ဘုံဘ၀မှာ အမြဲငြိမ်းချမ်းနေမှာပါ…
Comment by တန်ခူး — July 14, 2009 @ 10:19 pm

Ma Lay…
Sorry for your lost.
They all preceded us to our final resting place where “the wondrful presence of God”. With that knowledge alone….along with His unmeasurable grace…keeping us, comforting us and sustaining us til we meet them again.
Lynn
Comment by Lynda — July 15, 2009 @ 9:39 am

မလေးရေ…..
ဒီစာကိုဖတ်ပြီးတော့ . . . . . ထိုင်တွေးနေရင်း
ကိုယ့်ဟာကိုယ် ဖခင်ကောင်းတစ်ယောက်ဖြစ်လာနိုင်ပါ့မလားလို့ တွေးနေမိရင်း……………..
နောင်တော်တစ်ပါးအတွက် …………
မလေး လိုပဲ နှမြောတသ၀မ်းနည်းမိပါတယ်
ကျွန်တော်ယုံကြည်ပါတယ်
အေးချမ်းလှပတဲ့ဘ၀မှာ တည်ကြည်စွာပျော်ရွှင်နေမယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။
Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — July 15, 2009 @ 1:30 pm

မဂျီးရေဒီပို့လေးကိုဖတ်ရင်းတွေးမိတယ်
ကျွန်တော်လဲအဲဒီလိုအဖေမျိုးတချိန်ဖြစ်လာလိမ့်မယ်လို့ထင်တယ်အမ..
အခုတောသက်ရှိထင်ရှားရှိနေသေးတဲကအဖေကိုပိုပြီးတန်ဖိုးထားရကောင်းမှန်းအသိတစ်ချက်ရလိုက်လို့
ကျေးဇူးတင်ပါတယ်အမရေ
အမတစ်ယောက်ကျမ်းမာပျော်ရွင်ပါစေ
Comment by ဒေါင်းမင်း — July 16, 2009 @ 1:08 am

ထပ်တူပဲ လွမ်းတယ်
Comment by အေးချမ်းသူ — July 17, 2009 @ 5:45 am

မလေးရဲ့အဖေ ကောင်းကင်ဘုံကနေ မလေးအတွက်ကျေနပ်နေမှာပါ
Comment by rose of sharon — July 18, 2009 @ 10:00 pm

စာသားတွေကိုကြိုက်ပါတယ်
လောက မှာ ဖြစ်တက်တဲ. သဘောတွေဘဲလေ
လောကက မှာ မိဘ နှစ်ပါလုံး ဟာ ကျေးဇူးရှင်တွေပါ
ဘယ်သူမှ ကိုယ်မိဘလောက်ကောင်းတဲ.သူမရှိပါဘူးလေ…
ကိုယ်လိုချင်သော ဘ၀ ကို ကိုယ်ကိုယ်တိုင် လျှောက်လှမ်းနိုင်ပါစေ……….
Comment by hla.myat.soe — July 19, 2009 @ 8:07 am

သူငယ်ချင်းရေ…ငြိမ်းချမ်းပျော်ရွှင်ပါစေ။
Comment by Angel Eyes — July 20, 2009 @ 9:35 am

me too deep feeling.
Because my father also this months passes away (already 03years).
Comment by mg phyo thet aung — July 22, 2009 @ 6:05 am

1 comment:

ပြည်ကောင်းအောင် said...

“လူတွေက အနူးညံ့အသိမ်မွေ့ဆုံး ယောင်္ကျား တစ်ယောက်ကိုပြပါဆိုရင် အဖေ့အုတ်ဂူကို လက်ညှိုးထိုး ပြနေမိဦးမှာပါပဲ အဖေ…” ( ဒီ ရင်ဘတ်နဲ့ရေးထားတဲ့ ကဗျာကို ဒီနေ့ မလေးရဲ့ အဖေ့မွေးနေ့မှာ ရင်ဘတ်နဲ့ တိတ်ဆိတ်စွာ လာဖတ်သွားပါတယ် မလေး.. )

LinkWithin

Related Posts Plugin for WordPress, Blogger...