မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Tuesday, June 30, 2009

အိတ်ကလေး

bag2.jpg


တနင်းလာနေ့ဆိုရင်.. မင်းနဲ့ကိုယ် ခွဲရပြီ အိတ်ကလေး.....။


ဒီအိတ်လေးကို ရုံးကစားပွဲပေါ်မှာ တင်ထားမိတဲ့နေ့ကစပြီး လုပ်ဖော်ကိုင်ဘက် မိန်းကလေးတွေရဲ့ မျက်စိကျမှုကို ခံရပါတယ်။ မြန်မာပြည်က အပြန်မှာ သူတို့တွေအတွက် လက်မှုအနုပညာလေးတွေ၊ အခြောက်အခြမ်းစားစရာလေးတွေ၊ အခြားလက်နဲ့လုပ်ထားတဲ့ အိတ်လေးတွေ၊ အလှပစ္စည်းလေးတွေ လက်ဆောင်အနေနဲ့ပေးပြီးပါပြီ။ ဒါပေမယ့် မမများက မကျေနပ်နိုင်သေးပဲ ဒီအိတ်လေးကိုပဲ မျက်စိကျနေကြတယ်။


ဒီအိတ်လေးနဲ့ ကျမ စတွေ့ပုံကတော့....


မြက်ခြောက်ခြောက်ကွင်းပြင်ထဲမှာ ရောင်စုံမီးတွေ ထိန်လင်းနေတဲ့ ညနေခင်းတစ်ခု။ ဈေးဆိုင်တန်းတွေရဲ့ထိပ်စည်းတွေမှာ ရွာမလူငယ်များရဲ့ မုန့်ဟင်းခါး၊ မုန့်တီ၊ နန်းကြီးသုတ်၊ ကြည့်မြင်တိုင်နှစ်ခြင်းအသင်းတော်ရဲ့ ဒန်ပေါက်၊ ကန်ဘဲ့လူငယ်များရဲ့ အအေးစုံ၊ အခြားအခြားသော လူငယ်အသင်းများရဲ့ ပလာတာ၊ ထမင်းပေါင်း၊ ၀က်သားတုတ်တိုး စသဖြင့် စားစရာတွေ အစုံအလင်ရောင်းချနေတဲ့ M.I.C.T (Myanmar Institute of Christian Theology) ရန်ပုံငွေ ဈေးရောင်းပွဲတော်ရဲ့ ညနေခင်းတစ်ခု။ လူတွေကြိတ်ကြိတ်တိုးကြားမှာ ဟိုငေးဒီငေးနဲ့ ဘာစားရမလဲ စဉ်းစားရင်း၊ လမ်းပေါ်မှာ ဥဒဟိုသွားလာနေတဲ့ အနှစ်နှစ်အလလ ဝေးကွာနေတဲ့ သူငယ်ချင်းတွေ၊ ဆွေတော်မျိုးတော်တွေကို ဟိုပြုံးပြ၊ သည်ပြုံးပြ၊ ခေါင်းညိတ်ခေါင်းခါလုပ်နေတုန်း အစ်မတစ်ယောက်က သူ့ဆိုင်ထဲက အိတ်ကလေးဆွဲလာပြီး အနားမှာလာရပ်လိုက်တယ်။


"ညီမလေး.. ဒီအိတ်လေးအားပေးသွား၊ ကျန်တဲ့ ဒီဇိုင်းလှလှတွေ အကုန်ပါသွားပြီ။ ဒီတစ်လုံးထဲကျန်နေလို့"


"ဟုတ်ကဲ့၊ ဘယ်လောက်ပေးရမလဲ မမနီ"


"နှစ်ထောင်"



အိတ်ထဲက နှစ်ထောင်ကျပ်တန်လေးကို သူ့ကိုလှမ်းပေးပြီး ဘယ်သူမှ မလိုချင်လို့ကျန်နေတဲ့ ဒီအိတ်လေးကို လက်ကကိုင်ရင်း သူငယ်ချင်းတစ်ယောက်နဲ့ ပြောလက်စ စကားဆက်ပြောနေချိန်မှာ အစ်မနီကတော့ သူ့ဆိုင်ဘက်ကို ပြန်ထွက်လို့သွားပါတယ်။ ဒီလိုနဲ့ ဒီအိတ်လေးက ရန်ကုန်မြို့ကနေပြီး မိုင်ပေါင်းသောင်းချီဝေးတဲ့ ကမ္ဘာကြီးရဲ့ဒီဘက်အစွန်က ဗင်ကူးဗားမြို့လေးကို ပါလာပါတော့တယ်။


ပထမတော့ ထုံးစံအတိုင်း ကလော့ဆက်ထဲမှာ ရှိနှင့်ပြီးသာ ကြိမ်အိတ်လေးတွေ၊ ကြိမ်ခြင်းလုံး စသောစသော အမှတ်တရပစ္စည်းများကြားမှာ ထားဦးမလို့ နောက်တော့ ရုံးမှာ အဆာပြေစားဖို့ ငှက်ပျောသီး၊ ကီဝီသီး၊ ဒိန်ချဉ်ဗူး၊ နောက်ပြီး ရုံးမှာဖတ်ဖို့ မြန်မာပြည်က ၀ယ်လာတဲ့ အောက်ကလို ဆိုက်အသေးစာအုပ်လေးတွေ ထည့်ထည့်ပြီး သွားပါတယ်။


zawaka.jpg


 


mmlay.jpg



 


 


 






 


 


 


 


 


 



dimensions.jpg


 


ဈေးပွဲတော်မှာ သူများမကြိုက်လို့ နောက်ဆုံးကျန်နေတဲ့ သည်အိတ်ကလေးဟာ ကျမရုံးက မမတွေတွေ့တဲ့အခါမှာတော့ ပျိုတိုင်းကြိုက်တဲ့ အိတ်ကလေးဖြစ်သွားပါတယ်။ သူတို့မှာ ဒေါ်လာရာချီတဲ့ ဂူချီတို့ ပရာဒါတို့ ရှိနေရဲ့သားနဲ့ ကျမရဲ့ မြန်မာပြည်ဖြစ်ကလေးကို တဖွဖွ ဖြစ်နေတော့တာပါပဲ။ ကျမကလည်း သူတို့က တစ်ခါလှတယ်ပြောတိုင်း "ကျေးဇူးတင်ပါတယ်"နဲ့ မပြီးဘူး။ "ချစ်စရာကောင်းရုံတင်မကဘူး၊ ဘယ်လောက်ပေးရလဲသိလား၊ တစ်ဒေါ်လာကျော်ကျော်ပဲ ပေးရတာ" လို့ ပြုံးပြုံးလေးနဲ့ ခေတ်လူငယ်စကားနဲ့ပြောရရင် သူတို့ကို"ထဲ့"လိုက်ပါသေးတယ်။ အဲသလို ထဲ့ တာများလို့လား မသိပါဘူးရှင်၊ အခုတော့ ကျမ အိတ်ကလေးကို ဂျူလီ ဆိုတဲ့ ရွှေရောင်ဆံပင်ပိုင်ရှင် မမ က ပြောင်ပြောင်တင်းတင်းကို တောင်းပါတော့တယ်။ "နင်.... ခြောက်လလောက်ကိုင်ပြီးမှ ငါတောင်းတာ၊ ငါ့ကိုအဲဒီအိတ်ပေးတော့"လို့ကို တောင်းပါတော့တယ်။ "အင်းပါ.. သေသေချာချာသန့်ပြီး နောက်တနင်္လာနေ့မှာ ပေးမယ်နော်"လို့ ပြောလိုက်ရပါတယ်။ အဲဒီသိတင်းက ပျံ့သွားပြီး အခြား သူငယ်ချင်းမတွေက သူတို့ကျ ဒါမျိုးအိတ်မရဘူးဆိုပြီး မကျေမနပ်ဖြစ်ကြပါတယ်။ တစ်ခါတစ်ခါ ကလေးတွေလိုပဲ သူတို့ဖြစ်ပုံကို ကျမ ရယ်လဲရယ်ချင်မိတယ်။ တစ်ချိန်ထဲမှာပဲ ငွေကြေးနဲ့တိုင်းတာရင် တန်ဘိုးအလွန်နည်းပေမယ့် သည်အိတ်လေးကို ပေးလိုက်ရမှာကို နှမြောနေမိပါတယ်။


တနင်းလာနေ့ဆိုရင်.. မင်းနဲ့ကိုယ် ခွဲရပြီ အိတ်ကလေး.....။


ဘာပဲဖြစ်ဖြစ် အိတ်ကလေးရေ... မိုင်တွေသောင်းချီပြီး လာခဲ့ပြီး၊ ရေစိမ်းမြေစိမ်းမှာ နေနေရမှတော့ အခြားသော ရွှေအိုရောင်ဆံပင်ပိုင်ရှင် မျက်နှာစိမ်းမလေးတစ်ယောက်ရဲ့ ရင်ခွင်မှာလဲ ပျော်တတ်အောင် ကြိုးစားပါတော့နော်...


hut1.png



Comments from ainchannmyay.com


သံယောဇဉ်ဆိုတာ တစ်ခါတစ်ခါ မကြေငြာလည်း သေချာစွာ အဘိုးဖြတ်မရတဲ့ အရင်းအနှီးတစ်ခုပါ။
Comment by ရှေးစာဆို — June 30, 2009 @ 3:32 pm

ပန်းသီးပင်လေးမှာ အိတ်လေးကို ချိတ်ပြီး ရိုက်ထားတာ ကဗျာဆန်လိုက်တာ။
လောကကြီးက ဒီလိုပါပဲ။
အရာတခုကို တချို့သော သူတွေက တန်ဖိုးမရှိဘူးလို့ ထင်ထားပေမယ့် အဲ့ဒီ တန်ဖိုးမရှိတဲ့ အရာတခုကို တန်ဖိုးထားတတ်တဲ့ သူတွေဆီ ရောက်သွားရင် အမြတ်နိုးခံရ ကြင်နာယုယစွာ အသုံးပြုကြတာပဲလေ။
အိတ်ကလေး ဂျူလီ ပေးရကျိုးနပ်မှာပါ။
SMNTL
Comment by Soe Mya Nandar Thet Lwin — June 30, 2009 @ 4:06 pm

အင်း..ကိုင်တာကြာတော့လည်း တ္ဂယ်တာမိတာပေါ့ အိတ်ကလေးကို….
လက်ဆောင်ကို ယူမယ့်လူကလည်း အမြတ်တနိုးသုံးမှာပါ…
ပျော်ပါစေခင်ဗျာ…
Comment by လင်းကြယ်ဖြူ — June 30, 2009 @ 4:36 pm

မလေးက သဘောကောင်းလို့။ ပုံရိပ်ဆိုရင် မပေးပါရစေနဲ့လို့ ပြောဖြစ်မလားပဲ ဟီး။
Comment by ပုံရိပ် — June 30, 2009 @ 6:18 pm

ဟွန့် အမသာဆိုရင်တော့ ပေးပါဘူး..။
မယူပါနဲ့ ငါကိုင်ပြီးသားကြီးလို့ ပြောလိုက်မှာ (တကယ်တော့ မပေးချင်လို့ :D)
Comment by မေငြိမ်း — June 30, 2009 @ 7:19 pm

ရှေးစာဆို၊ SMNTL၊ လင်းကြယ်ဖြူ၊ ပုံရိပ်၊ အမမေငြိမ်း
သိပ်မပြောကြပါနဲ့… မပေးချင်တော့ဘူး… ဟီးဟီးဟီး(ငိုတာပါ).. တစ်ကယ်မပေးချင်တော့ဘူး။ စကားလဲလွန်နေပြီ။ ဘယ်လိုလုပ်ရမလဲမသိ။
Comment by မလေး — June 30, 2009 @ 7:43 pm

သူလဲတစ်ကယ်လိုချင်လို့ နေမှာပါ….။ သူ့အတွက်အစ်မရဲ့ အကောင်းဆုံးလက်ဆောင်ပေါ့..။
Comment by Phyo Evergreen — June 30, 2009 @ 10:50 pm

အဲသလို ပြောပြီးပေးလိုက်ပါ..
Comment by Phyo Evergreen — June 30, 2009 @ 10:50 pm

အိုး.. စကားလည်းလွန်နေပြီ.. နှမြောလည်းနှမြောစရာကြီး ..
ဘာပဲဖြစ်ဖြစ် ခြောက်လတောင် လွယ်ပြီးပြီပဲဟာ ..
အဲ့ဒီအိတ်ကို သူလွယ်ရင် မလေးအိမ့်လွယ်သလောက် လှမှာမဟုတ်ဘူးထင်တယ်.. သေချာသိသွားအောင် ပေးပစ်လိုက် :P Comment by ရွှန်းမီ — July 1, 2009 @ 9:04 am

ကြည့်မြင်တိုင် ဖန်ဒ်ဖဲတော့ မရောက်ဖူးဘူး။ အင်းစိန် အမ်အိုင်စီတီဝင်းထဲက ဖန်ဒ်ဖဲကိုတော့ ရန်ကုန်မှာနေတုန်းက နှစ်တိုင်းရောက်တယ်။ :)။
Comment by pN — July 1, 2009 @ 12:53 pm

မပေးလို့ မရဘူးလား မမအိမ့်ရယ်… မဆီမဆိုင် ကြားက အရမ်းနှမြောနေမိတယ်…း))
Comment by ရွှေပြည်သူ — July 2, 2009 @ 7:20 am

Phyo Evergreen ရွှန်းမီ ရွှေပြည်သူ… အစ်မ ပေးလိုက်တော့မယ်ကွယ်..း(( ပြောရင်းမျက်လုံးက ရှေ့တည့်တည့်က အိတ်လေးဆီရောက်သွားတယ် အဟွန်း
ပန်းနွယ်.. ဒါဆို မလေးသိတဲ့လူတစ်ဝက်လောက်ကို ပန်းနွယ် သိနေနိုင်တယ် :D
Comment by မလေး — July 2, 2009 @ 2:45 pm

MICT fund fair ကိုလွမ်းသွားတယ်…အသင်းတော်ပေါင်းစုံကသူငယ်ချင်းတွေနှစ်တိုင်းဆုံဖြစ်တဲ့ပွဲလေးပေါ့…ကျမသာဆိုမပေးပါရစေနဲ့လို့တောင်းပန်ပြီးတခြားဟာအစားထိုးပေးမိမယ်ထင်တယ်… :(
Comment by rose of sharon — July 3, 2009 @ 3:20 am

စကားတွေ အများကြီးပြောတတ်တဲ့ အိတ်ကလေး ဖြစ်ရင်တော့ မလေး နှမြောသလို သူလည်း ပိုင်ရှင်အရင်းခေါက်ခေါက်ကို နှမြောနေမယ်နဲ့ တူတယ်နော် :)
Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — July 3, 2009 @ 9:20 am

ပေးလိုက်ပါ.. မလေးရယ်…။ မလေးကို လေးမ ထောက်ခံပါတယ်…။ လိုလိုချင်ချင်တောင်းနေတုန်းပေးရတာ နှစ်ဦးနှစ်ဘက်စိတ်ချမ်းသာရတာပေါ့..။ မလေးရဲ့ ရေးချက်တွေတင်မက… ရိုက်ချက်တွေ လည်း ကြိုက်တယ်..မလေးရယ်..။
Comment by လေးမ — July 4, 2009 @ 7:41 am

မအိမ့်ချမ်းမြေ့ရေ
အိတ်လေးအကြောင်းလာဖတ်သွားပါတယ်
စာအုပ်လေးတွေကိုလည်းစိတ်ဝင်စားသွားတယ် ဘုံဘ၀တွေ မဖတ်ဖူးဘူး
ခင်မင်စွာဖြင့်
သီဟသစ်
Comment by ThihaThit — July 5, 2009 @ 5:51 am

နောက်ကျသွားတယ်။
အိတ်လေးကို ပေးဖြစ်သွားလားဟင်။
ပေးလိုက်ပါကောင်းပါတယ်။
သူအရမ်းလိုချင်နေတာကို သူရသွားလို့ပျော်သွားရင် အဲဒီပီတိလေးနဲ့ ပျော်လိုက်ပေါ့။
Comment by အပြုံးပန်း — July 5, 2009 @ 6:26 am

ရေမြင့်တော့… ကြာတင့် ဆိုသလို (ဆိုင် သလားတော့မသိ) …
အစ်မလေးကိုင်တော့ ဒီအိတ်ကလေးလည်းဂုဏ်တင့်သွားတာနေမှာပေါ့ ။
(ဘာလို့ပြောနိုင်တာလဲ ဆိုရင် ကျွန်တော့်ရဲ့အဖြစ်တွေနဲ့ဆန့်ကျင်ဘက်တွေးကြည့်မိလိုက်လို့ပါ :D)။
ခင်မင်စွာဖြင့်…
Comment by NLA — July 5, 2009 @ 10:21 pm

မမအိမ့်ချမ်းမြေ့ ရေ…..အိပ်ကလေးအကြောင်းဖတ်လိုက်ရတာ …. တစ်မျိုးလေးပဲ ရင်ထဲမှာ ကျန်ခဲ့တယ်…..အမြဲပဲအားပေးနေလျှက်ပါ….။လေးစားစွာဖြင့်
Comment by နှင်းဟေမာ — July 6, 2009 @ 4:26 am

အိတ်လေးအကြောင်းလာဖတ်သွားတယ်မမ။ နောက်ကျနေပြီ .ပေးဖြစ်တယ်မို့လား။
Comment by maylay — July 8, 2009 @ 7:21 am

ပေးလိုက်ပြီလားလို့ လာကြည့်တာ..။
Comment by sin dan lar — July 9, 2009 @ 12:32 am

ကွန့်မင့်ရေးသည်ဖြစ်စေ.. မရေးသည်ဖြစ်စေ အိတ်ကလေးအကြောင်းကို စိတ်ဝင်စားသူများအားလုံးအားလုံး ဒီညသို့မဟုတ် မနက်ဖြန်မှာ အိတ်ကလေးအကြောင်း အကြောင်းပြန်ပါမယ်…း))
အားလုံးကို ခင်မင်လေးစားလျှက်..
မလေး
Comment by မလေး — July 9, 2009 @ 10:54 am

ရောက်တယ်မကြီးရေနေကောင်းလား
အမဆီအလည်မရောက်တာကြာပြီ..အင်တာနက်မသုံးဖြစ်လို့..
အိတ်ကလေးကိုကြိုက်တယ်အမကွန်နက်ရှင်မကောင်းတဲ့ကြားကနေရအောင်အကုန်ဖတ်သွားတယ်မကြီးရေ
Comment by ဒေါင်းမင်း — July 10, 2009 @ 2:17 am

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...