မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, June 12, 2009

မိုးသည်းနေ့တစ်နေ့

ကျောင်းဘေးက နံရံတွေနားမှာ ကပ်ပေါက်နေတဲ့ စွယ်တော်ရွက်တွေက လေပြင်းပြင်း မိုးပြင်းပြင်းအောက်မှာ ယိမ်းထိုးနေကြသည်။ ကျောင်းနံရံနှင့်ကပ်နေသော ရေမြောင်းထဲမှာ မိုးရေတွေက တရဟော စီးဆင်းနေသည်။ ခပ်ဝေးဝေးက ရေပြင်ပေါ်မှာ သစ်ရွက်တွေ၊ သစ်ကိုင်းတွေ နှင့် မိုးပေါက်တွေ ကျဆင်းနေသည်။ မိုးလွတ်သည့်နေရာမှာ နံရံနှင့်ကျောကပ်နေအောင်ထိုင်ပြီး မိုးစက်တွေကို ခေါင်းမော့ကြည့်နေမိသည်။ မိုးကောင်းကင်ပေါ်မှာ အရှိန်ပြင်းပြင်းသက်ဆင်းလာနေသော မိုးစက်ပွင့်များကို အကြာကြီး မမှိတ်မသုန်ကြည့်နေပါက၊ မိမိကိုယ်ခနာက ဟိုင်းဝေးလမ်းမကြီးပေါ်မှာ အရှိန်ပြင်းစွာ အလျားလိုက်ရှပ်တိုက်ပြေးပြီးပျံသန်းနေသလို ခံစားလာရတတ်သည်။ မျက်နှာပေါ်မှာ ဆံပင်တွေကြားထဲမှာ လက်မောင်းတွေပေါ်မှာ မိုးစက်ပေါက်များတွေ၏ အေးမြသောအတွေ့အထိကို ခံစားနေရသည်။ မိုးလွတ်သော ရေမြောင်းဘောင်သည်ဘက်မှာ ပုဆိုးတိုတိုဝတ်ထားသော သဲကြိုးဖိနပ်တစ်စုံက ငြင်သာစွာလာရပ်သည်။ ပွင့်လင်းလွတ်လပ်စွာ ရယ်မောတတ်လေသော သူငယ်ချင်းယောင်္ကျားလေးတစ်ဦး။

“တစ်ယောက်ထဲ ဘာထိုင်လုပ်နေတာလဲ”

“ဘာမှမလုပ်ပါဘူး”

“ညနေ ငါတို့နဲ့ လှည်းတန်းဘက် ခဏလိုက်ခဲ့မလား”

“ဘာအတွက်လဲ”

“လိုက်ခဲ့စမ်းပါဟာ နင်ကလဲ”

“အင်းအင်း”

ပုဆိုးတိုတိုဝတ်ထားသော မန္တလေးသဲကြိုးဖိနပ်က ထွက်ခွာသွားသည်။

ညနေစောင်းထိ ရန်ကုန်မိုးက သဲသဲမဲမဲ။ ကျောင်းဂိတ်မှာ လူတွေ၊ ထီးတွေ၊ ရွံ့ဗွက်တွေ၊ လေပြင်းပြင်းနဲ့သစ်ရွက်ကြွေတွေ။ ဘတ်စ်ကားတွေက အရမ်းကြပ်နေသည်။ ဆိုက်လာသော ဘတ်စ်ကားတစ်စင်းပေါ်သို့ မည်သို့မည်ပုံရောက်သွားသလဲ မမှတ်မိတော့။ ရှေ့ခုံမှာ ကိုပွင့်လင်းနှင့် နောက်ထပ်သူငယ်ချင်းယောင်္ကျားလေးတစ်ဦး။ နှစ်ယောက်လုံးက အဖြူရောင်လည်ကတုံးကိုယ်စီနှင့်။ ကိုယ်ကတော့ နောက်ခုံမှာ။ သူငယ်ချင်းယောင်္ကျားလေးတွေနှင့် ရင်းရင်းနှီးနှီး ရယ်မောရိုက်ပုတ်ကာ၊ စနောက်ပြီး မနေတတ်သည့်အတွက်၊ စကားလဲမပြောဘဲ ဘတ်စ်ကားမှန်မှတဆင့် စီးကျနေသော မိုးရေတွဲများကို ငေးကြည့်နေမိသည်။ လှည်းတန်းကို ဘာအတွက်လိုက်လာရမှန်းလဲ မမေးမိ။ ဘေးနားမှာ ကပ်ထိုင်နေသော ဆံပင်ရှည်ရှည်ကျောင်းသူတစ်ဦး၏ ဆံပင်ထဲကို အမှတ်တမဲ့ကြည့်လိုက်မိသည်။ သူမ၏ဆံပင်ထဲမှာ သန်းဥများကို မြင်နေရသည်။ ယောင်ယမ်းခေါင်းငုံ့ပြီး သူမအပေါ်မှာ ဂရုဏာသက်မိသည့်တစ်ချိန်ထဲ ကိုယ်ကို ပြူတင်းပေါက်ဘက်ကို ကပ်လိုက်မိသည်။ ပြီးတော့ ဘာသာလုပ်ရပ်ကို မကျေမနပ်ခံစားနေရသည်။

ရှေ့ခုံတန်းမှာ ထိုင်နေသော အဖြူရောင်လည်ကတုံးနှစ်ယောက်ထဲက မျက်ခုံးမွှေးကောင်းကောင်း၊ မျက်ဖန်နက်နက်ကိုယ်တော်က ကိုယ့်ကို တစ်ချိန်လုံး လှည့်ကြည့်နေသည်။ “ဟဲ့.. နင်ငါ့ကို ဘာလို့ တစ်ချိန်လုံးလှည့်ကြည့်နေတာလဲ” ဟု မမေးမိ။ စိတ်ထဲမှာလဲ ဘာမှမရှိ။ မိုးစက်များကိုသာ ထုံပေပေ စိုက်ကြည့်နေသည်။ နောက်ဆုံးမနေနိုင်တော့သည့်သူက စကားကို ဘောက်ဆတ်ဆတ်ပြောလာသည်။

“ဟဲ့…. **** ”

“ဟင်”

မိုးစက်များကို ငေးနေရာမှ သူ့မျက်နှာကို လှမ်းကြည့်လိုက်သည်။

“ဒီနေ့ငါ့မွေးနေ့၊ အဲဒါနင်သိလား”

“အိုး.. ဒီနေ့နင့်မွေးနေ့လား၊ အင်းအင်း”

“အဲဒါ…နင့်ကို လှည်းတန်းမှာ မုန့်လိုက်ဝယ်ကျွေးမလို့”

“အင်း ကောင်းတယ်၊ စားမယ်”

အေးတိအေးစက်ပြန်ဖြေသည်ကို မကျေမချမ်းဖြစ်ပြီး ပြန်လှည့်သွားသည်။ ဘာကို မကျေမချမ်းဖြစ်သည်ကိုလဲ နားမလည်၊ ခေါင်းထဲလဲ မထည့်မိ။ တစ်ခုခုလွဲချော်နေသလိုတော့ ခံစားနေရသည်။

ကားပေါ်ကဆင်းပြီး ရှုပ်ရှက်ခတ်နေသော ထီးများ၊ ဖိနပ်ရေစိုများ ကြားမှာ လမ်းလျှောက်လာကြသည်။ ပြီးတော့ လှည်းတန်းက နာမယ်ကြီးလက်ဘက်ရည်ဆိုင်တစ်ဆိုင်ထဲ ၀င်လိုက်ကြသည်။ ကော်ဖီနံ့၊ လက်ဘက်ရည်နံ့၊ မုန့်မျိုးစုံနံ့က မိုးငွေ့တွေကြားထဲမှာ မွှေးပျံ့စွာ။ စားပွဲတစ်လုံးမှာ ထိုင်လိုက်ကြသည်။ ထုံးစံအတိုင်း နှစ်သက်သော ချိုပေါ့ကျ တစ်ခွက်နှင့် ကြက်သားပေါက်ဆီတစ်လုံးကို မှာလိုက်သည်။ သူငယ်ချင်းယောင်္ကျားလေးနှစ်ယောက် ဘာမှာလဲ ကိုယ်သတိမထားမိ။ ယောင်္ကျားလေးသူငယ်ချင်းများနှင့်တောင် လက်ဘက်ရည်ဆိုင် ကောင်းကောင်းမထိုင်ဖူး၍ အနေရခက်နေသည်။ သည်ကြားထဲ မျက်ဖန်နက်နက်ကိုယ်တော်က လူကို မကျေမချမ်း ဆက်လက်စိုက်ကြည့်နေဆဲ။

”နင်တို့တွေ လည်ကတုံးတွေနဲ့”

“အင်းလေ မနက်တည်းက ဒီကောင်နဲ့ ဘုရားရောက်ပြီးပြီ”

”အေး.. ကောင်းတယ် “

“နောက်ပြီး မနက်က မီးမီးတို့တွေရော၊ အောင်ထွေးတို့ကော၊ ကျော်မိုးတို့နဲ့ကော တစ်အုပ်ကြီးပဲ လာစားပြီးပြီ”

ကိုပွင့်လင်းလွတ်လပ်က အသံအကျယ်ကြီးနှင့်ပြောသည်

“အင်း.. ကောင်းတာပေါ့ ပျော်စရာကြီး”

“အဆောင်က ကောင်မလေးတွေလဲ အများကြီးပဲ”

“အေးအေး”

ပေါက်ဆီကို စိမ်ပြေနပြေ အခွံခွာပြီး “အင်း” ချနေလိုက်သည်။ မျက်ဖန်နက်နက်ကိုယ်တော်၏ လက်ဘက်ရည်ပန်းကန်ကတော့ ခုထိ အတို့အထိမခံရသေး။ စကားလဲ တစ်ခွန်းမှ မပြောသေး။ မျက်လုံးတွေကတော့ ကိုယ့်ကို မကျေမချမ်းစိုက်ကြည့်နေဆဲ။

ကိုယ်ပါသော လက်ဘက်ရည်ဝိုင်းက ထုံးစံအတိုင်း အေးတိအေးစက်။ ဘာအကြောင်းတွေ ပြောခဲ့ကြမှန်းတောင် မမှတ်မိတော့။

လက်ဘက်ရည်ဆိုင်ထဲကထွက်ပြီး အိမ်ရှိရာဘက်ကို ဘတ်စ်ကားစီးပြီး ပြန်လာခဲ့ကြသည်။ ကိုပွင့်လင်းက လမ်းခုလတ်မှာ ဆင်းကျန်ခဲ့သည်။ မျက်ဖန်နက်က အိမ်အထိ လိုက်ပို့ပေးသည်။ မိုးရေတွေစိုရွှဲနေသော ပလက်ဖောင်းပေါ်မှာ ထီးတစ်လက်အောက်မှာ တစ်ယောက်နှင့်တစ်ယောက် မထိအောင် အဝေးကြီးလျှောက်ရင်း စကားသံတွေ တိတ်ဆိတ်နေသည်။

အိမ်ရှေ့ရောက်တော့ မျက်ဖန်နက်က ထီးကိုလှမ်းပေးပြီး မိုးရွာထဲမှာပင် လမ်းလျှောက်အိမ်ပြန်ရင် ပြင်သည့်အထိ “အိမ်ကတစ်ယောက်ယောက်ကို ပြန်ပို့ခိုင်းရမလား” ဟုတောင် မမေးမိခဲ့။ ခြံဝင်းထဲက လှည့်မထွက်ခင် တစ်ချက်စိုက်ကြည့်ပြီး ကိုယ့်ကိုပြောလိုက်သည့်စကားက ရင်ကိုအနည်းငယ်ထိခိုက်သွားစေခဲ့သည်။

“နင်… ငါ့မွေးနေ့ကိုတောင် မေ့နေခဲ့တယ်နော်”

အနေရခက်စွာနှင့် လွယ်အိတ်ကြိုးကိုဆုပ်ကိုင်ထားရင်း အောက်နှုတ်ခမ်းကိုကိုက်ပြီး ခေါင်းငုံနေခဲ့မိသည်။ မိုးရွာထဲမှာ သည်အတိုင်းပြန်သွားသော ကျောပြင်တစ်ခုကို သစ်ပင်တွေကြားမှ ငေးကြည့်နေလိုက်သည်။

*******

ညငှက်တွေ အိပ်တန်းပြန်အပြီး ကိုပွင့်လင်းက အချိန်မှန်ဆက်နေကျအတိုင်း ဖုန်းဆက်လာသည်။ ရောက်တတ်ရာရာတွေ စကားပြောရင်း၊ ထိန်းချုပ်နေသည့်ကြားမှ စကားတစ်ခွန်းကို မေးလိုက်မိသည်။

“မနက်က နင်တို့တွေ အဆောင်က ကောင်မလေးတွေအများကြီးနဲ့ တစ်ကယ်ပဲ သူ့မွေးနေ့မှာ စားကြသောက်ကြတာလား”

ဟိုဘက်က ရယ်သံတိုးတိုးနှင့် အသံတိတ်သွားသည်။

“ဟဲ့.. ငါမေးနေတယ်လေ”

“စားမလားဟ…. —- ရဲ့။ နင့်ကို ငါအမြင်ကတ်လို့ပြောတာ။ ဟိုကောင်က နင်မပါပဲ ဘယ်သူနဲ့သွားစားမှာလဲ”

“အင်.. ဘာဆိုင်လို့လဲ…”

ကိုပွင့်လင်းက ရယ်သံကျဲကျဲနှင့် “ငါအိပ်တော့မယ်” ဟု ပြောပြီး ရုတ်တရက်ဖုန်းချသွားသည်။

ထိုညက မွှေးပျံ့နေသော ခေါင်းဦးကို အရင်နေ့တွေကထက် တင်းကျပ်စွာဖက်ထားပြီး ခေါင်းဦးထဲ မျက်နှာအပ်ကာ တစ်ယောက်တည်းခိုးပြီး ပြုံးနေခဲ့ပါသည်။
ပြီးတော့ ခေါင်းဦးလေးကို တိုးတိုးလေး ပြောလိုက်ပါသည်။

“ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ သူငယ်ချင်းချစ်သူရယ်…”

Comments from ainchannmyay.com

သူငယ်ချင်းချစ်သူတဲ့လား အစ်မ..။ ဂယ်လား…? =D
Comment by Phyo Evergreen — June 12, 2009 @ 4:13 am

မလေး ဖတ်ပြီးစိတ်ကူးလေးတွေ ပြန်နုသွားသလိုပဲ
မလေးစာလေးတွေလာဖတ်တိုင်း ဒီအငွေ့တွေကြားကနေ ရန်ကုနမိုးတွေထဲ ပြန်ရောက်ရောက်သွားတယ်
ပြုံးမိတယ် လွမ်းမိတယ်
Comment by မွန် — June 12, 2009 @ 5:23 am

အိမ့်ရေ… ဒါမျိုးလေးတွေ မဖတ်ရတာကြာပြီနော်… ရင်ထဲမှာ တမျိုးလေးကျန်ခဲ့တယ်… သူငယ်ချင်းချစ်သူတဲ့လား… သူငယ်ချင်းဘ၀က သံယောဇဉ်တွေနဲ့  စည်းပါးပါးလေး ကျန်နေသေးတဲ့ အဲဒီအချိန်လေးက ချစ်သူဘ၀ထက် ပိုရင်ခုန်စရာကောင်းတာ အမှန်ပါပဲ အေးစက်စက်ကောင်မလေးရယ်….
Comment by တန်ခူး — June 12, 2009 @ 6:25 am |

So Romantic! တယောက်တည်းခိုးပြုံးနေတာလေးကို မြင်ယောင်မိတယ်။
စာရေးပုံလေး အတုခိုးသွားပါတယ်။
Comment by အပြုံးပန်း — June 12, 2009 @ 6:58 am

မလေးရေ… အိမ်လေးပြန်ဖွင့်ထားကြောင်းလာပြောရင်။ အလည်တစ်ခေါက်ရောက်လာပါတယ်။ ပျော်ရွှင်ပါစေနော်။
မလေးရဲ့ စာလေးတွေလည်း မဖတ်ရတာကြာပြီလေ။ ဒီလိုစာမျိုးလေးတွေ ဖတ်ပြီးရင် ရင်ထဲမှာ အမြဲတမ်း တခုခု ကျန်နေခဲ့တယ်လေ။
ခင်မင်လေးစားလျှက်
Comment by မေတ္တာရောင်ပြန် — June 13, 2009 @ 1:10 am

i like the post…! this can make my heart warm…! but actually i like these sentence most as i can feel the self-sarcastic, the parallel emotion of a human, and the response!
“ယောင်ယမ်းခေါင်းငုံ့ပြီး သူမအပေါ်မှာ ဂရုဏာသက်မိသည့်တစ်ချိန်ထဲ ကိုယ်ကို ပြူတင်းပေါက်ဘက်ကို ကပ်လိုက်မိသည်။ ပြီးတော့ ဘာသာလုပ်ရပ်ကို မကျေမနပ်ခံစားနေရသည်။”
p.s- i am sorry! i have font error in my computer this morning! that’s why i commented in english! not bcoz so, i am Kyee Kyal! :P
Comment by Black Dream — June 13, 2009 @ 1:51 am

မလေးလို ရေးတတ်ချင်လိုက်တာ။ မလေးက တကယ် ရှနေအောင်ရေးတတ်တယ်နော်။ နည်းယူရမယ်။ ရင်ထဲမှာ မြှေးကျန်ခဲ့တယ်။ အဲလိုရေးပါအုံးနော်။ မေလေးလာဖတ်အုံးမယ်။
Comment by maylay — June 13, 2009 @ 6:24 am

သူငယ်ချင်း ချစ်သူဆိုတာ ဂယ်ပဲလား မမရေ . . . .
ခင်မင်စွာဖြင့် ဗညားရှိန်
Comment by ဗညားရှိန် — June 13, 2009 @ 8:13 am

မလေး လုပ်လိုက်ပြန်ပြီ၊ ကျွန်တော် သိပ်နားမလည်ဘူး ဟီး ဖတ်တာ ငါးကြိမ်ရှိပြီ မနေနိုင်လို့၊ ငတုန်းတွေ နားလည်လွယ်တဲ့ စာတွေ ရေးပေးအုန်းဗျ
ဘယ်လိုပြောပြော ဒီစာစုလေးကို ဖတ်လိုက်ရတဲ့အချိန်မှာ ကျွန်တော် ပြန်မရနိုင်တဲ့တာတစ်ခုကို လွမ်းပါတယ်။
“ကျွန်တော် ၁၉၉၉ နှစ်လယ် လောက်အထိ မိုးရွာထဲမှာ ပါလာတဲ့ထီးကိုပိတ်ပြီး စီးနေတဲ့ မိုးရေထဲမှာ လမ်းလျှောက်ရတာကို အရမ်းနှစ်သက်ခဲ့ဖူးတယ်၊ အရမ်းပျော်ခဲ့ဖူးတယ်”
အခုတော့……………………………………..
Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — June 13, 2009 @ 8:21 am

လာရောက်ဖတ်ရှုအားပေးကြတဲ့ စာရေးဖော် စာဖတ်ဖော် မောင်နှမများအားလုံး မင်္ဂလာပါ။
Comment by မလေး — June 15, 2009 @ 1:05 am

ma soe par buu
Comment by si thu — June 16, 2009 @ 5:55 am

အခုမှလာဖတ်သွားပါတယ် တကယ် ကောင်းပါတယ် .စာမူပိုင်ရှင် ကိုလေးစားလျက်
နောက်လာမဲ့ နှလုံးသားအနုအရွ ရသလေးတွေကို ဖတ်ချင်ပါသေးတယ် .
Comment byူbarnay — June 19, 2009 @ 6:10 am

မလေးရေ.. တချိန်က ရန်ကုန်မိုးရက်တွေကိုသတိရသွားပါတယ်..
Comment by Phu Mon — June 20, 2009 @ 11:02 am

အခုမှ ပထမဆုံးအကြိမ်ဖတ်ဖူးပေမဲ့ တစ်ကယ်ကောင်းပါတယ် နောက်လဲ အမြဲတမ်းစောင့်ကြည့်နေပါ့မယ်။
Comment by myolay — June 23, 2009 @ 5:46 am

အစ်မပျောက်နေတယ်.။
Comment by Phyo Evergreen — June 23, 2009 @ 9:31 am

လူတွေကို ကိုပွင့်လင်းတို့ မျက်ဖန်နက်တို့ ဆိုတာတွေနဲ့ ပုံဖော်သွားတာကို တအားသဘောကျတာပဲ။ ဖတ်ပြီးတော့ ရင်ထဲမှာ အုံ့မှိုင်းမှိုင်းလေး ကျေနပ်ပြီး ကျန်ခဲ့တယ် အစ်မရယ်…
Comment by ရွှေပြည်သူ — July 14, 2009 @ 5:47 am

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...