မင်္ဂလာပါရှင်... ဒီဘလောဂ်ကို ၂၀၀၆ ခုနှစ်မှာ စတင်ရေးခဲ့ပါတယ်..။ စက်တင်ဘာ ၂၀၀ရ မှာ ဘလောဂ်တွေကို ပြည်တွင်းက ပိတ်လိုက်တော့.. ပြည်တွင်းက အသိမိတ်ဆွေတွေ ၀င်ရလွယ်အောင် အိမ့်ချမ်းမြေ့ဒေါ့ကွန်း မှာ စာတွေဆက်ရေးခဲ့ပါတယ်။ ဒီဘလောဂ့်လေးကတော့ ဒီအတိုင်းကျန်နေပေမယ့် စာတွေ ကျွန်မဆက်လက်တင်နေပါသေးတယ်။ လာလည်နေကြဆဲ လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Thursday, May 28, 2009

ကုမ်ရာသီဖွား မိန်းမများအကြောင်း

Printer Friendly

ကုမ်ရာသီဖွားမိန်းကလေးများအကြောင်းကို ဟိုတစ်နေ့ကဖတ်ရင်း စိတ်ထဲကနေ ကိုယ့်ဟာကိုယ်ပြောမိတဲ့ စကားတွေကို ချရေးကြည့်တာပါ။


ကုမ်ရာသီဖွားတဲ့ မိန်းကလေးတွေဟာ သူတို့ရဲ့အဖော်ယောင်္ကျားလေးတွေထက်တောင် ပိုပြီး strong ဖြစ်တယ်တဲ့ (အဲဒါဘာကိုပြောတာလဲမသိ၊ စိတ်ပိုင်းဆိုင်ရာလား၊ ရုပ်ပိုင်းဆိုင်ရာလား၊ ကိုယ့်မှာ ဗလတွေလဲ မရှိပါဘူး။ စိတ်ပိုင်းဆိုင်ရာ ပိုမာတယ်ဆိုရင်တော့ ဟုတ်သလိုလိုရှိသား၊ ဒါလည်းမဖြစ်နိုင်သေးပါဘူး။ ကိုယ့်ကို အလိုလိုက်ထားတာဖြစ်မှာပါ။ ယောင်္ကျားတွေက မိန်းမတွေအပေါ် နိင်ထက်စီးနင်းလုပ်ချင်ရင် အလွယ်လေးဖြစ်မယ်ထင်တယ်။ ဒါမှမဟုတ် ဂျင်းတဲလ်မန်းတွေနဲ့ပဲတွေ့နေလို့လား၊ သြော်.. မိန်းမ၊ မိန်းမ။ ကိုယ့်ကိုအလိုလိုက်ရင်တော့ အဲဒီယောင်္ကျားဟာ ဂျင်းတဲလ်မန်းဖြစ်သွားပါပကောလား)


ကုမ်ရာသီဖွားမိန်းမတစ်ယောက်ဆိုတာကို သူတို့ရဲ့ ၀တ်စားဆင်ယင်ပုံကြည့်တာနဲ့ကို သိနိုင်တယ်။ ခေတ်ရေစီးကြောင်းနဲ့အညီ ၀တ်ချင်မှဝတ်မယ်။ ကိုယ်နဲ့အဆင်ပြေတယ်ထင်ရင် ၀တ်လိုက်တာပဲတဲ့။ (အဲဒါတော့မှန်တယ်။ ဥပမာ… ဖက်ရှင်ဖြစ်နေတဲ့ ဒေါက်ကြီးစီးပြီး အရမ်းတော့ လှနေပါရဲ့၊ ခြေနာလို့ ထော့နဲ့နဲ့ကြီးဖြစ်နေတာမျိုး၊ Paris Hilton လို လှချင်လို့ လှည်းဘီးမျက်မှန်ကြီးဝတ်ပြီး မမြင်မစမ်းဖြစ်နေတာမျိုးတော့ မဖြစ်လိုဘူး၊ ကိုယ်နဲ့အဆင်ပြေပြီး လွတ်လပ်ပေါ့ပါးတဲ့ ၀တ်စားဆင်ယင်ပုံကို နှစ်သက်တာတော့ အမှန်ပဲ)


ဒါပေမယ့် ဘာဝတ်ဝတ် သူတို့က ကြည့်ကောင်းနေတယ်တဲ့ (အဟွန်း… ဒါကတော့ လူတိုင်းနီးပါး ကိုယ့်ကိုကိုယ်လှတယ်ထင်တတ်ကြတယ်။ ကိုယ်တော့မပါဘူးကွယ်)


a bit offbeat and unusual ဆိုပါလား (ကြွက်တွေစုပြုံပြေးနေတဲ့အထဲ ၀င်မပြေးချင်လို့၊ သူတို့ပြေးလမ်းရဲ့ အပြင်ဘက်ကနေ ရပ်ကြည့်နေတတ်တော့လည်း နေရင်းထိုင်ရင်း ကိုယ်ဟာ offbeat and unusual ဖြစ်သွားပါပကော)


အရမ်းကိုအနုပညာဆန်ပြီး ဆန်းသစ်တီထွင်တတ်တယ်။ တစ်ချိန်ထဲမှာ အလုပ်သုံးလေးခုကို ကောင်းမွန်စွာ လုပ်နိုင်တယ်တဲ့ (အဲ… ၀န်ခံလိုက်ရင်.. ကိုယ်ဟာ မသူတော် လုံးလုံးဖြစ်ပါပြီ)



ကုမ်ရာသီဖွားမိန်းမတိုင်းလိုလို ဂစ်တာတီးတတ်တယ်တဲ့ (ဂစ်တာက လွယ်တယ်လေ၊ အိမ်ချမ်းမြေ့ မတောက်တခေါက် တယောထိုးတဲ့ညတွေဆို ခွေးတွေတောင်အူတာ လူတွေမှ မသိဘဲကိုး)


တစ်ယောက်ယောက်ကို မှီတွယ်ပြီး မနေတတ်ဘူးတဲ့။ (အဲဒါတော့ဟုတ်တယ်။ ကျောင်းတုန်းက သူငယ်ချင်းမိန်းကလေးတွေ တစ်ပြုံကြီး အိမ်သာသွားကြတာကို နားကိုမလည်တာ။ သူလိုက်မလား ငါလိုက်မလားနဲ့ သူငယ်ချင်းမတွေ အဲဒီနားအဖော်ညှိနေတာကို ၁၅မိနစ်လောက်ကြာတယ်။ ကိုယ့်ဟာကိုသွားကြပါတော့လား။ ဘာကိုကြောက်ပြီးရှက်တာလဲကို မသိတာ။ ရည်းစားစကားလိုက်ပြောမယ့်သူရှိလို့ ပြန်မကြိုက်လဲ “ကိုယ်တော့ လောလောဆယ် မင်းကို မကြိုက်သေးဘူးကွာ၊ နောင်ဆယ်နှစ်လောက်နေမှ ကြိုက်ချင်ကြိုက်မယ်၊ ဆယ်နှစ်တွင်းတော့ ပြန်မလာပါနဲ့ဦး” လို့ ပြောလိုက်ရုံပဲ။ ကိုယ်ကတော့ ကိုယ့်ဟာကိုယ် အိမ်သာကို တစ်ယောက်တည်း ထသွားလိုက်တာပဲ။ ဘယ်သူလိုက်ဦးမလဲလဲ မမေးမိ။ လူဆိုတာ ကိုယ့်စိတ်နဲ့နှိုင်းတာကိုး။ ညကြီး အိမ်သာသွားတယ်ဆိုလဲထားတော့၊ ဒီလိုပဲ ကင်တင်းလဲ ဘယ်သူမှ မသွားချင်ရင် တစ်ယောက်ထဲ သွားစားလိုက်တာပဲ၊ အချို့က ကင်တင်းမှာ တစ်ယောက်တည်းတောင် မစားရဲဘူးဆိုပဲ)


ကိုယ့်ယောင်္ကျားနဲ့ Joint-account မထားချင်ဘူးတဲ့။ (မထားချင်ဘူးအဲဒါတော့။ ဒါပေမယ့် မထားချင်လဲ ထားနေရတာပါပဲ။ တော်ကြာပျော့ချွဲချွဲ မိန်းမတစ်ယောက်ယောက်နောက် ရှိစုမဲ့စုငွေတွေပါသွားရင် ကိုယ်ပဲ ဒုက္ခရောက်ကျန်ခဲ့ဦးမယ်.. ဖွဟဲ့.. ဖွဖွ)


ဘယ်တွေလျှောက်သွားနေလဲ၊ ဘာတွေလုပ်နေလဲ ပြောချင်မှပြောမယ်။ ပြောဖို့လဲ သတိရချင်မှရမယ်တဲ့… (ကိုယ်ဘယ်သွားနေလဲ ဘာလို့ လူတိုင်းကို သတင်းပို့ရမှာလဲကို နားမလည်တာ။ ငယ်ငယ်ကဆို မေမေနဲ့ တကျက်ကျက်။ သူငယ်ချင်းတွေနဲ့ ကွင်းထဲ ဂစ်တာသွားတီးရင်တီးမယ်၊ ဗြိတိသျှစာကြည့်တိုက်မှာ တစ်နေကုန် စာအုပ်ဖတ်သလိုလိုနဲ့ ငိုက်ချင်ငိုက်နေမယ်။ ညနေစောင်း မီးရထားလမ်းကြောင်းတစ်လျှောက် သူငယ်ချင်းတွေနဲ့ စက်ဘီးလျှောက်စီးချင်စီးမယ်။ မဟုတ်တာလုပ်နေတာမှ မဟုတ်တာ။ ဘာလို့ပြောရမှာလဲကို မသိတာ။ မှတ်မိသေးတယ် အဲလို ညနေစောင်းတွေမှာ စက်ဘီးစီးပြီးပြန်လာရင် မေမေ့ အရိပ်လေးကို ခြံထိပ်မှာ ဖျတ်ကနဲတွေ့ရတတ်တယ်။ မေမေ ထွက်မျှော်နေတာသိသားပဲ။ သူမျှော်နေတာသိရင် ကိုယ်စိတ်ဆိုးမှာစိုးလို့ အိမ်ထဲ ဖျတ်ကနဲဝင်သွားတာကို ဟိုးတုန်းက မကြိုက်ခဲ့ဘူး။ မေမေ သမီးဘယ်တော့မှ မဟုတ်တာမလုပ်ဘူး။ သမီးအပေါ်မှာ ယုံကြည်မှု မရှိတာမျိုးကို မဖြစ်စေချင်သလေးဘာလေးနဲ့ အမေကို ပြောခဲ့တာတွေ နောင်တရတယ်။ ခုကျတော့လဲ ဘယ်ချိန်ပြန်လာလာ မေမေက စိတ်မပူပြန်တော့လဲ တစ်ခါ မပူရကောင်းလားဖြစ်ပြန်ရော…)


တစ်ခါတစ်ခါ arrogant ဖြစ်တယ်ဆိုပါလား (အင်.. အဲဒါကြီးကတော့ မဟုတ်ဘူးထင်ပါတယ်ကွယ်)


ကုမ်ရာသီဖွားမိန်းမတွေဟာ တစ်ခါတစ်ခါ သူတို့သုံးလိုက်တဲ့ စကားလုံးတွေဟာ ဓားလိုပဲတဲ့ (အဲဒါတော့ မရည်ရွယ်ဘဲ ဖြစ်သွားရင် ဖြစ်သွားမယ်။ မင်းသုံးတဲ့ စကားတွေဟာ ငါ့ရင်ကိုထိစေတယ် ဆိုတာတွေကြားဖူးတယ်။ စကားပြောရင်တောင် သူများကိုထိခိုက်မှာစိုးလို့ စကားလုံးကောင်းကောင်းကိုရွေးသုံးပြော၊ အလိုက်အထိုက်နေတာကြာလာတော့၊ ဘယ်လိုမှ မရတော့တဲ့အဆုံး မနူးညံ့တဲ့စကားတွေထွက်လာတဲ့အခါ သူတို့ခံရခက်တာဖြစ်ပါလိမ့်မယ်။ သူကတော့ အမြဲပြောပါတယ်။ “အမြဲကောင်းပြ၊ မကျေနပ်တာရှိလဲ မြိုသိပ်နေပြီး ထထပေါက်ကွဲတော့ ကိုယ်ပဲခံရတာပေါ့တဲ့။ ပြောစရာရှိ တစ်ခါထဲပြောချတဲ့” အဲသလိုမျိုး တမင်လုပ်နေတာမဟုတ်ဘူး။ အလိုလိုကိုဖြစ်နေတာ။ မြုံမြုံနေတာခက်တယ်။ နောင်ဆို အမြဲပဲ ကြမ်းပြတော့မယ်.. တစ်ကယ်…)


သဘာဝပြုပြင်ရေးတွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်လျှောက်ရေးတွေမှာ အမြဲပါဝင်တယ်တဲ့ (အဲဒါကတော့ ကိုယ်ယုံကြည်လို့ အုတ်တစ်ချပ်သဲတစ်ပွင့် လုပ်တာပါ၊ ဘယ်သူမှလဲသိစရာမလိုပါဘူး)


Conventional မဖြစ်ဖူးတဲ့ (ဒါက ဘယ်သူမှကို မဖြစ်သင့်ဘူးလေ.. မဟုတ်ရင် ကျောက်ခေတ်လူသားတွေ ဘ၀ကကို တက်မှာ မဟုတ်တော့ဘူး။ social norms တွေနောက် အမြဲတော့ လိုက်မနေသင့်ဘူး)


ကမ္ဘာကြီးဟာဆိုးဝါးလှပါလားဆိုပြီး ထိုင်ငြီးမနေတတ်ဘူးတဲ့ (အဲ.. မဟုတ်ဘူးထင်တယ်။ ကိုယ်ငြီးတတ်တယ်ထင်တယ်၊ ကမ္ဘာကြီးနဲ့တော့ မချီပါဘူးလို့.. ထင်တာပါပဲ)


sensitive, intellectual, honest, direct and utmost caring ရှိတယ်တဲ့ (ဒါကတော့ ကိုယ်ဘယ်ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံနေလဲအပေါ်မှာ မူတည်ပါတယ်။ အမြဲတမ်းတော့ မမှန်ပါဘူး)


ကိုယ့်ကိုကိုယ်ယုံကြည်မှုနည်းလို့ divine spirit ကိုမျှော်ကြည့်တတ်တယ်တဲ့ (အင်…သူပြောပုံနဲ့ဆိုရင် ဘာသာတရားတစ်ခုခုကို ယုံကြည်သက်ဝင်ကျင့်ကြံသူတိုင်း ကိုယ့်ကိုကိုယ်ယုံကြည်မှုနည်းသူတွေဖြစ်ရပြီကော။ ငါယုံကြည်တာကမှ မှန်တယ်ဆိုတဲ့အထဲတော့ မပါတာသေချာပါတယ်။ divine spirit ကို ယုံကြည်တာမှန်ပေမယ့် ကိုယ့်လက်ကိုယ့်ခြေ၊ ကိုယ့်ဦးနှောက်ကိုလဲ ကိုယ်ယုံကြည်ပါသေးတယ်)


အမျိုးရထားတစ်ခုခုမှာ ပျင်းသွားရင် ထွက်ခွာသွားဖို့ ၀န်မလေးဘူးတဲ့ (အဲဒါတော့ဟုတ်တယ်။ ဘယ်လိုမှ မကြိုက်တော့ဘူးဆိုရင် မကြိုက်တော့ဘူး။ ရည်းစားဟောင်းတွေကို ပြန်တွေ့ရင် ရင်ခုန်တာတွေဘာတွေမပြောနဲ့ သူတို့ကိုကြည့်ပြီး သမ်းတောင်သမ်းချင်တယ်။ ဒီကြားထဲ အချို့တွေက အိညှောင်ညှောင် လာလုပ်ရင် ကြက်သီးတွေဘာတွေထပြီး ထွက်ကိုပြေးချင်တော့တာပါပဲ)


အိမ်ထောင်ရေးသာယာအောင် အစွမ်းကုန်ကြိုးစားတတ်တယ်တဲ့ (ဒါကတော့ အရေးကြီးတယ်။ အိမ်ထောင်ရှိသူတိုင်း ကြိုးစားသင့်တဲ့အရာပါ။ ငွေတွေအများကြီး ရှာပေးနိုင်တာထက်၊ မျှမျှတတတွေးခေါ်တတ်တဲ့၊ ကြင်နာပြီး စိတ်ထားဖြူစင်တဲ့ မိသားစုစိတ်ဓာတ်ရှိတဲ့၊ သစ္စာရှိတဲ့၊ အခြားမိန်းမတွေကို သက်မဲ့အရာတွေလို့မြင်တဲ့ (အဲ.. မဟုတ်သေးပါဘူး၊ ဒါဆိုလဲ လူကြောင်ဖြစ်နေဦးမယ်) အိမ်ထောင်မှုကိစ္စတွေကို စိတ်ဝင်စားပြီးကူလုပ်တဲ့၊ စကားလဲမများတဲ့ ယောင်္ကျားတွေကို ရထားတဲ့မိန်းမတွေဟာ သိပ်တော့ကြိုးစားစရာမလိုလောက်ပါဘူး --- နည်းသေးတယ်ထင်တယ်၊ ဘာတွေထပ်ထည့်ရင်ကောင်းမလဲ)


လူတွေကို ကူညီတတ်တယ်တဲ့ (ဒါကတော့ အခြေအနေတွေပေါ်မှာ မူတည်ပါတယ်။ ဘယ်လောက်ကူညီကူညီ၊ အသိမှတ်ပြုခြင်းမခံရရင် ခံရတာတမျိုးပဲ.. ဒီလိုပါပဲ လောကမှာ တစ်သက်လုံးကူညီလာပြီး အခြေအနေကြောင့် တစ်ခါလောက်အကူအညီမပေးနိုင်ရင် လူတွေက မကြိုက်ချင်ဘူး။ အဲသလိုအခါမျိုးနဲ့ကြုံရင် “လူ၏အကြိုက် ဆယ်ခါလိုက်လဲ၊ မလိုက်တစ်ခါ ရှိခဲ့ပါမူ၊ ကြီးစွာရန်သူ စွဲမှတ်ယူ၏..” လို့ တစ်ယောက်ထဲ အကျယ်ကြီးကဗျာရွတ်လိုက်ရင် စိတ်ချမ်းသာသွားတာပါပဲ…)


ဒီရာသီဖွား မိန်းမတွေဟာ အတွေးအခေါ်ပွင့်လင်းသူတွေမို့ သူများတွေကို တရားမဟောဘူးတဲ့ (အတွေးအခေါ် ပွင့်လင်းလားမပွင့်လင်းလားတော့ ကိုယ့်ကိုကိုယ် သေချာမသိပါဘူးလေ။ ဘယ်သူတွေမှ ကိုယ်လုပ်သလို၊ ကိုယ်တွေးသလို လိုက်လုပ်စရာ၊ လိုက်တွေးစရာမလိုဘူး လို့တော့ထင်ပါတယ်။ လွတ်လပ်စွာတွေးကြ၊ ပြီးတော့ လုပ်ချင်တာလုပ်ကြ။ ပတ်ဝန်းကျင်မှာရှိတဲ့ လူသားတွေကို မထိခိုက်မနစ်နာရင်ပြီးတာပါပဲ။ ကိုယ်ထင်တာမှ မှန်တာမှ မဟုတ်တာ။ ရင်ဖွင့်ရုံကလွဲလို့ ကိုယ်ရဲ့အိုင်ဒီယာတွေကို သူများတွေအပေါ်မှာ impose မလုပ်လိုပါဘူး။ ကမ္ဘာကြီးမှာ အတွေးအခေါ်တစ်ခုတည်းဆိုရင် ဘယ်လိုမှ မဖြစ်သေးပါဘူးလေ။ အဲသလိုမတူညီတဲ့ အတွေးအခေါ်တွေရှိနေမှုတစ်ခုဟာ နေထိုင်နေတဲ့ ဒီကမ္ဘာကြီးကို တနည်းနည်းနဲ့ ချိန်ခွင်လျှာမျှစေနေတယ်လို့ထင်ပါတယ်။ ဒါကြောင့် လွတ်လပ်စွာနဲ့ အေးချမ်းရင့်ကျက်စွာ သဘောထားကွဲလွဲကြတာမျိုးမကောင်းဘူးလား…)


အခြားသော ကုမ်ရာသီဖွား မိန်းကလေးတွေကော သူတို့ပြောတာတွေ မှန်၊မမှန် ကော့မန့်လေးများ ရေးပေးသွားကြပါ။ ကိုယ့်ဘလောဂ်မှာ ရေးချင်တယ်ဆိုလဲ ရေးလို့ရပါတယ်။ ကျမ လာဖတ်ပါမယ်။ ဘယ်သူက ဘယ်လမွေးမှန်း တိတိကျကျမသိလို့ပါ။


hut1.png



Comments from AinChannMyay.com

ယောက်ျားလေးတွေ အတွက်ကကော အစ်မ နဲ့ ကျနော်က မွေးရက် ၃ ရက်ပဲ ကွာတယ်ဆိုတော့း) သိရင် လင့်ပေးအုံး ဘယ်မှာသွားဖတ်ရမလဲဆိုတာ ။
Comment by မောင်မျိုး — May 28, 2009 @ 11:41 pm

ကိုယ့်ဘာသာကိုယ် ဘယ်ရာသီဖွားလည်း လို့ ကြည့်လို့ရတဲ့နေရာလေးပါ ပေးပါဗျ၊ ကျွန်တော်က ဂဏန်း ရာသီဖွားထင်တယ်၊ ဂလန့် တိုက်တတ်တာတော့ သေချာလို့…. :P
Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — May 29, 2009 @ 12:56 am

မမရေ မီးက ကုမ်ရာသီဖွားတော့မဟုတ်ဘူး၊ ဒါပေမယ့်ဖတ်သွားတယ်နော်။ မမပျော်ရွှင်ပါစေရှင်။
Comment by thumalay — May 29, 2009 @ 1:59 am

မွေးတဲ့ရာသီ မတူပဲနဲ့ စရိုက်တွေက တူနေသလိုလိုကြီး … သူရေးတာကပဲ အရမ်းယျေဘုယဆန်နေသလား မသိ.. မသိတော့ပါဘူး.. အစ်မရေးတာပဲ ဖတ်သွားတယ်.. ရယ်ဖို့ကောင်းတယ်..
Comment by ShwunMi — May 29, 2009 @ 9:44 am |

မောင်မျိုး၊ ကျား၊ သူမလေး၊ ရွှန်းမီ..
အဲဒါတွေက အကုန်မမှန်ပါဘူး။ ယေဘူယျတွေ..မလေး အပျော်လျှောက်ရေးထားတာ၊ လူတိုင်းတွက် မှန်နိုင်တဲ့ဟာမျိုးကြီးး)
Comment by မလေး — May 29, 2009 @ 11:43 pm

အဲသလို ရာသီဖွားတွေအကြောင်းအရင်ကတော့ ဖတ်ဖူးတယ်..။ တစ်ချို့ဟာတွေတော့မှန်ပါတယ်.. ဒါပေမယ့်ဒီရာသီမှာမွေးတာနဲ့ဘဲ အဲသလိုဖြစ်ရတော့မလား။
အပျော်ဖတ်ဖို့အတွက်တော့ ကောင်းပါတယ်..။
Paris Hilton ကြီးမလှပါဘူး… ။ နံပတ်(၈)အချက်က တွေးစရာမေးစရာလေးတွေဖြစ်နေတယ်.. ရှင်းပြပါ..။
Comment by Phyo Evergreen — May 31, 2009 @ 9:03 am

ကျွန်တော်က မကာရ ရာသီဖွားဗျ…
ရှင်းရှင်းလင်းလင်းပဲကြိုက်တယ် ..
ဘာမှ မကာဘူး
ရေးချိုးရင်တော့ .. ဟီဟိ အဲ ဒါ ချွင်းချက် ဗျိုး ..
သူငယ်ချင်း နေကောင်းပါစေနာ်
မတွေ့တာတော်တော်လေးကြာနေပြီမို့
Comment by nainai — June 1, 2009 @ 7:32 am

မလေး ခရီးလွန်ရာက ပြန်ရောက်လို့ သတိတရရောက်လာပါတယ် မလေးနဲ့အကုန်လုံးကို တူတယ်လို့ မွန်လဲထင်တယ် arrogent လဲတူပါတယ် ဟတ်ဟား
Comment by မွန် — June 1, 2009 @ 7:53 am

မလေးရေ၊ အတိုင်းထက်အလွန်ကျေးဇူးပါ။ ဇော်ဂျီဖောင့် ကူးပြီး ခုလိုမြန်မာလို ရေးနိုင်တာမို့ လေ၊နို့ မဟုတ်ရင် အင်္ဂလိပ်လိုရော၊ကွန်ပျူတာပါ သိပ်မကျွမ်းတဲ့ ညီမလေးအတွက် တန်ဖိုးအရမ်းရှိပါတယ်။ မမနဲ့ ညီမလေး ရာသီဖွားမတူဘူး။ ဒါပေမယ့် တော်တော်များများတူတယ်။ ခဏခဏလာလည်မယ်နော်၊
Comment by maylay — June 2, 2009 @ 8:16 am

မလေးရေ.. ကုမ်ရာသီဖွားမဟုတ်ပေမယ့် တစ်ချို့ အချက်တွေဆင်နေသလိုပါပဲ..
အ၀တ်အစားဝတ်တာတော့ ညီမလဲ အဆင်ပြောတာပဲဝတ်တတ်တယ်.. မလေးပြောသလို Paris Hilton လိုလှချင်လို့ ကိုယ့်မျက်နှာလောက်နီးနီးကြီးတဲ့ မျက်မှန်တွေဘာတွေ အဆင်မပြေတဲ့ ဒေါက်မြင့်ဖိနပ်တွေ ၀တ်လို့မရဘူး :D
ပြီးတော့ မလေးပြောသလို အိမ်သာ တစ်ယောက်ထဲမသွားရဲတဲ့ သူငယ်ချင်းတွေကိုလဲ နားကိုမလည်နိုင်ဘူး.. အဲဒီအချက်လဲတူတယ် :D
Comment by Phu Mon — June 2, 2009 @ 8:21 am

အိမ်ထောင်ရေး သာယာအောင် အစွမ်းကုန် ကြိုးစားတယ် ဆိုတဲ့ အပိုဒ်မှာ ထပ်ဖြည့်ချင်လား မလေး :P
(၁)နားလည်မှု ရှိပြီး ကိုယ့်မိန်းမ ရဲ့ အားနည်းချက်တွေကို ကူညီဖြည့်ဆည်းပေးတတ်တဲ့
(၂) ဥာဏ်ရည်မြင့်ပြီး ပြသနာတွေကို အဆင်ပြေဆုံး ဖြေရှင်းပေးတတ်တဲ့
(၃) သူကိုယ်တိုင်က စကားမများပေမယ့် မိန်းမက ပြောလာရင်တော့ စိတ်ရှည်လက်ရှည် နားထောင် ပေးတတ်တဲ့
ဟိဟိ … ဒါလောက်ဆို တော်ပြီလား မလေးရေ
လိုချင်သေးရင် ထပ်စဉ်းစားပေးမနော်
လှိုင်
Comment by ခွန်မြလှိုင် — June 7, 2009 @ 9:44 am

အဟ…အားလုံးတူနေတယ်။ အစ်မရေ ညီမက ကုမ်ရာသီဖွားပါ။ ၁၄ ဖေဖော်ဝါရီ (ဗိုလ်ချုပ်အောင်ဆန်းထက် ၁ ရက်ကြီး/ (ဗိုလ်ချုပ်မျိုးဟေ့) …အဟ…အကုန်ကိုတူနေတာ။ အဲဒီအတိုင်းပဲ။ ကိုယ်က ကုမ်ရာသီဖွားမို့လို့လား တော့မသိ။ ဒီပို့စ်ကို အကြိုက်ဆုံးဗျ။
Comment by smm — June 9, 2009 @ 3:50 am

0 ရင်ခတ်သံများ: