မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Wednesday, May 27, 2009

အချစ်မှာ…

ဒီကုန်တိုက်ထဲကိုရောက်တိုင်း သူ့ကို တွေ့လေ့ရှိတယ်။ မျက်နှာသွယ်သွယ်၊ မေးရိုးကားကားမှာ ဆံပင်ရှည်ကို နဖူးနောက်ကို အကုန်သပ်တင်ပြီး နောက်မှာစည်းထားတတ်တယ်။ ရှပ်အကျီ င်္လက်တိုရိုးရိုး အမြဲဝတ်လေ့ရှိပြီး မျက်နှာချိုချိုရှိတဲ့သူဟာ လူနီသွေး ပါပုံရတယ်။ သူက ဒီကုန်တိုက်ထဲက သူလိုဈေးဝယ်နေကျ၊ မျက်မှန်းတန်းနေကျ သူတွေကို ပြုံးပြလေ့ရှိတယ်။ သူ့ရဲ့အ၀တ်အစားတွေက ပြောင်ရောင်မနေပါဘူး။ သပ်သပ်ရပ်ရပ်ရှိတယ်ဆိုရုံပဲရှိတယ်။ သူ့ကို ဆိုင်တန်းတွေနားမှာတွေ့တတ်သလို၊ စားစရာတွေရောင်းတဲ့ နေရာနားတစ်ဝိုက်မှာလဲ တွေ့ရတတ်တယ်။ တစ်ခါတစ်ခါ စားပွဲတစ်ခုခုမှာ သောက်စရာဖျော်ရည်လို၊ ကော်ဖီခွက်လို တစ်ခုခုကိုချပြီး အေးအေးလူလူ တစ်ယောက်တည်း ထိုင်နေတတ်တယ်။ တစ်ခါတစ်ခါတော့လည်း သူငယ်ချင်းတစ်ယောက်ယောက်နဲ့ စကားလက်ဆုံကျနေတတ်တယ်။


တစ်နေ့တော့ ပို့စကဒ်တွေရောင်းတဲ့ ဆိုင်ထဲတစ်ခုထဲမှာ ပို့စကဒ်လှလှလေးတွေကို ကြည့်နေတုန်း ဆိုင်ထဲမှာ ရောက်နေပြီးသား သူ့ကိုလှမ်းတွေ့လိုက်တယ်။ သူက ပို့စကဒ်တန်းရဲ့ ဟိုးဘက်ထောင့်မှာ ပို့စကဒ်လေးတစ်ခုကို လှမ်းယူပြီး ပြုံးပြုံးလေး ငုံ့ကြည့်နေတယ်။ အဲဒီအချိန်မှာ ဆိုင်အလုပ်သမားလေးက သူ့အနားကို ကပ်လာတယ်။ ပြီးတော့ စကားတစ်ခွန်းပြောလိုက်တယ်။


“၀မ်းနည်းပါတယ်ခင်ဗျာ၊ ခင်ဗျားကို ဒီဆိုင်ထဲမှာ လက်မခံနိုင်တော့ပါဘူး”

“ဗျာ.. ဘာဖြစ်လို့လဲ”

“ဒီဆိုင်ကို ဘယ်တော့မှ မလာပါနဲ့တော့”

“ကျနော် ဒီဆိုင်ထဲမှာသာမက ဒီကုန်တိုက်မှာရှိတဲ့ ဆိုင်တိုင်းနီးပါးက ဆိုင်အလုပ်သမားတွေနဲ့ ခင်နေတာပဲလေ၊ ကျနော် ဘာများလုပ်မိလို့လဲ”

“ကျနော်တို့ဆိုင်ထဲမှာ ပစ္စည်းတွေ ပျောက်ပျောက်နေတယ်”

“အဲဒါ ကျနော်နဲ့ဘာဆိုင်လဲဗျ”

“ဆိုင်တာမဆိုင်တာထက် ကျနော်လဲ ကျနော့အလုပ်ရှင်က ပြောခိုင်းလို့ ပြောရတာပဲခင်ဗျာ၊ ခင်ဗျား ဒီဆိုင်ကို ဘယ်တော့မှ ပြန်မလာပါနဲ့တော့”

“ကောင်းပြီလေ”

သူက စကားများများ ပြန်မပြောတော့ဘဲ၊ လက်ထဲက ပို့စကဒ်ကို သူ့နေရာမှာ သူပြန်ထားပြီး ကျမဘေးမှ ဖြတ်လို့ ဆိုင်ပေါက်ဝဘက်ကို ထွက်သွားပါတော့တယ်။ ကျမလဲ မျက်နှာပူပူနဲ့ လက်ထဲက ပို့စကဒ်တစ်ခုကို ငုံ့ကြည့်နေရင်း သူ အပေါက်ဝကို ရောက်လောက်ခါနီးတော့ လှမ်းကြည့်လိုက်တယ်။ သူကလဲ ကျမတို့ အတန်းဘက်ကို သမင်လည်ပြန်လှည့်ကြည့်ပြီး ထွက်သွားပါတော့တယ်။ လက်ထဲက ပို့စကဒ်ကို ငေးကြည့်ရင်း ဒီလောက်ဈေးဝယ်သူတွေအများကြီးထဲမှာမှ သူ့ကိုမှ ဆိုင်ရှင်တွေက သူခိုးလို့ထင်သလဲလို့ စိတ်မကောင်းပဲတွေးနေမိတယ်။


ကျမလဲ အိမ်ပြောင်းသွားပြီးတဲ့နောက်ပိုင်း အဲဒီကုန်တိုက်ဘက်ကို အရောက်နည်းသွားခဲ့တယ်။ တစ်နေ့တော့ အဲဒီကုန်တိုက်ဘက်ကို ပြန်ရောက်တယ်။ ကုန်တိုက်ကြီးက ပိုပြီးခမ်းနားလာတယ်။ ယူနီဗာစီတီတစ်ခုရဲ့ အခွဲကလည်း အဲဒီကုန်တိုက်ထဲမှာ လာဖွင့်တော့ ကျောင်းသူ၊ ကျောင်းသားတွေ၊ ဈေးဝယ်သူတွေနဲ့ တော်တော်လေး စည်ကားနေတယ်။ မုန့်ဆိုင်တန်းတွေရှေ့က စားပွဲခုံတစ်ခုမှ ထိုင်ရင်း အအေးတစ်ခွက်ကိုသောက်ရင်း ဟိုငေးဒီငေးနဲ့ လိုက်ငေးနေတယ်။ ပို့စကဒ်ဆိုင်လေးလဲမရှိတော့ဘူး။ ပို့စကဒ်ဆိုင်နေရာမှာ ဖိနပ်ဆိုင်တစ်ဆိုင်က အစားထိုးနေရာယူထားတယ်။ အချို့ဆိုင်ဟောင်းတွေနေရာမှာလဲ အခြားဆိုင်သစ်တွေက နေရာယူထားကြတယ်။ ဟိုငေးဒီငေးနဲ့ ခပ်လှမ်းလှမ်းက စားပွဲတစ်ခုမှာ စုံတွဲလေးတစ်တွဲထိုင်နေတာကို သတိပြုမိလိုက်တယ်။ သေသေချာချာကြည့်လိုက်တော့ ဆံပင်ရှည်ရှည်နဲ့သူ။


သူက အရင်လိုပဲ ဆံပင်ကို သပ်သပ်ရပ်ရပ်နဲ့ နောက်ကိုလှန်ပြီးစည်းထားတယ်။ ရှပ်အင်္ကျီအဖြူလက်တိုဝတ်ထားတဲ့သူဟာ ကော်ဖီခွက်နှစ်ခွက်ကို ရှေ့ချပြီး ပြုံးပျော်နေတယ်။ သူ့ဘေးက မိန်းကလေးကတော့ ရွှေရောင်ဆံပင်နဲ့ လူဖြူမလေးတစ်ဦး။ သူတို့နှစ်ဦးရဲ့ ကွဲပြားမှုကို ပီပီထင်ထင်မြင်နေရတယ်။ သူကလူနီ၊ သူမက လူဖြူ။ သူက ပိန်ပိန်၊ သူမက ပေါင်ချိန်၂၀၀လောက်တောင်ရှိနိုင်တယ်။ သူ့ရဲ့ဆံပင်တွေက နက်မှောင်သန်စွမ်းသလောက်၊ သူမဆံပင်တွေက ပြောင်းဖူးမွှေးတွေလို ပါးပါးလျလျ။ တူညီတာတစ်ခုကတော့ သူတို့နှစ်ယောက်လုံး အရမ်းပျော်နေကြတယ်။ သူက သူမလက်ဖ၀ါးလေးကို မသိမသာဆုပ်ကိုင်ထားပြီး တစ်ချက်တစ်ချက် ငုံ့ငုံ့နမ်းတယ်။ သူမက ကျေနပ်စွာနဲ့ ခေါင်းလေးမော့ပြီး ရယ်မောလိုက်တယ်။ တစ်ခါတစ်ခါ တစ်ယောက်နဲ့တစ်ယောက် ပြုံးပြီးကြည့်နေကြတယ်။ အချစ်ဆိုတာ အရောင်တွေ၊ အလေးချိန်တွေ၊ လိုအပ်ချက်တွေနဲ့ ဘာမှ မသက်ဆိုင်ပါလားဆိုတဲ့ အတွေးနဲ့ သူတို့ကိုကြည့်ပြီး ကျေနပ်စွာပြုံးလိုက်မိတယ်။ သူက ကျမကိုလှမ်းတွေ့သွားတယ်။ မျက်လုံးတွေက မှတ်မိသွားသလို အရောင်ပြောင်းသွားတယ်။ ခဏနေတော့ သူတို့ ပြန်ဖို့ပြင်ဆင်လိုက်ကြတယ်။ အအေးခွက်ကို ငုံ့သောက်နေရင်း သူတို့စုံတွဲ ကျမထိုင်နေတဲ့ ရှေ့ကဖြတ်သွားနေတယ်ဆိုတဲ့ အသိကြောင့် ခေါင်းမော့ပြီး ကြည့်လိုက်တယ်။ သူက ကျမကို တစ်ချက်လှမ်းကြည့်တယ်။ ကျမတို့ တစ်ယောက်နဲ့တစ်ယောက် ပြုံးပြလိုက်ကြတယ်။ သူတို့ခပ်လှမ်းလှမ်းရောက်သွားတဲ့အထိ ကျမ ပြုံးပြီးငေးကြည့်နေမိတယ်။


သူတို့နှစ်ယောက်ရဲ့ ဘီးတပ်ကုလားထိုင်လေးတွေ လူအုပ်ထဲမှာ ပျောက်ကွယ်သွားတဲ့ အထိပေါ့…။

hut1.png



Comments from AinChannMyay.com


Ouch!
ထိတယ် မလေးရေ…
သူတို့နှစ်ယောက်ရဲ့ ဘီးတပ်ကုလားထိုင်လေးတွေ လူအုပ်ထဲမှာ ပျောက်ကွယ်သွားတဲ့ အထိပေါ့…။
လုံးဝကို ထင်မထားတဲ့ ဇာတ်သိမ်းခန်းပဲ.
Surprise တွေ အရမ်းလုပ်တတ်တဲ့ မလေး… ပန်းပင်လေးတွေ မစိုက်သေးဘူးလား. နွေရောက်နေပြီလေ…း)
ပျော်ရွှင်ချမ်းမြေ့ပါစေ မလေးရေ.
ခင်တဲ့..
Y.
Comment by Yan — May 27, 2009 @ 5:08 pm

အချစ်မှာ…ဆိုတာလေးကို
ဖတ်ရှူခံစားသွားပါတယ်
Comment by ကံကောင်းသူ — May 27, 2009 @ 7:31 pm

အချစ်မှာ… တဲ့လား အိမ့်ရယ်…
တယောက်နဲ့ တယောက် နားလည်မှုတွေ အပြည့်နဲ့  အေးအေးချမ်းချမ်း ချစ်သွားကြရင် အားနည်းချက်တွေဆိုတာ မြူတမှုန်မှ ရှိမှာ မဟုတ်တော့ဘူးနော်…
ဒါလေးဖတ်ရတာ စိတ်ချမ်းသာလိုက်တာ…
Comment by တန်ခူး — May 27, 2009 @ 8:41 pm

ဖတ်သွားတယ် မလေးရာ၊ ခံစားကြည့်တာတော့ အူလည်လည်ဖြစ်နေတယ်၊ လိုက်မမီဘူးဗျ…။
Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — May 27, 2009 @ 9:13 pm

မလေးရေ ပို့စ်လေးဖတ်ပြီး
အချစ်အကြောင်း ကိုယ်တိုင် ရေးတတ်ချင်တယ် ရေးမထွက်တာလား၊ ရေးထွက်ချင်တယ် ရေးမတတ်တာလား သိတော့ဘူးကွယ်။
Comment by sonata-cantata — May 27, 2009 @ 10:18 pm

အလွမ်း
နွေမှာကြွေတဲ့ သစ်ရွက်ကို ကြည့်ပြီးအားငယ်တာလား
ဆောင်းမှာဝေတဲ့နှင်းလိုပျောက်ကွယ်မှာ စိုးတာလား
မိုးမှာကျတဲ့ မိုးစက်ကို သနားတာလား
တကယ်တော့ အဝေးမှာ ရှိတဲ့ချင်သူလေးကိုလွှမ်းနေတာပါ…………………………….
Comment by tin hlaing win — May 27, 2009 @ 10:45 pm |

layaung89 လရောင်89
mandaly ကညီမလေးရေသတိရရင် တစ်ရက်တော့ငိုပေးပါကွာphone လည်းဆက်ပါအုံးjune{3}ကလရောင်မွေးနေ့နော်
Comment by tin hlaing win — May 27, 2009 @ 10:55 pm

Yan … လောလောဆယ်တော့ မြက်ပဲနှုတ်နေတယ် ကိုရန်ရေ့
ကံကောင်းသူ… ကံကောင်းသူဘလော့ဂ်လဲ အမသွားလည်လိုက်တယ်။ အရမ်းလှတာပဲ။
တန်ခူး .. မလေးလဲ ကိုယ့်ဟာကိုယ်ရေးပြီး နည်းနည်းစိတ်ချမ်းသာသွားတယ်။
ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား … မရှင်းပြပါရစေနဲ့တော့၊ :D
sonata-cantata .. မလေးလဲ နောက်ပိုင်း ရသတွေ ရေးလို့ကို မရဘူးဖြစ်နေတယ်။ ဟိုတုန်းကရေးဖူးတဲ့ ကဗျာစာနုနုလေးတွေလိုမျိုး ထွက်ကိုမလာဘူး။
tin hlaing win … ပျောက်သောသူရှာနေတာလား၊ ကြော်ငြာဝင်နေတာလား ကိုတင်လှိုင်ဝင်းရှင်။ ဘာပဲဖြစ်ဖြစ် ကျမဘလောဂ်မှ တဆင့် ကိုတင်လှိုင်ဝင်းရဲ့ မန္တလေးမှ ညီမလေးကို ရှာဖွေတွေ့ရှိပါစေရှင်။
Comment by မလေး — May 27, 2009 @ 11:35 pm

မထင်မှတ်ထားတဲ့ ဇတ်သိမ်းခန်း ကောင်းကောင်းလေးကို ဖတ်သွားပါတယ်ခင်ဗျာ..။ တော်တော်လေး ကောင်းပါတယ်…။ အားပေးနေလျှက်ပါ ခင်ဗျာ..။ ပျော်ရွှင်ပါစေ…။
Comment by ဆည်းဆာသံစဉ် — May 28, 2009 @ 12:08 am

ဖတ်ရတာ စိတ်ချမ်းသာလိုက်တာ မလေးရယ်။ အပေးအယူမျှ ကြည်ဖြူတဲ့ ဘ၀နဲ့နေရတာ အရမ်းကြည်နူးစရာကောင်းတယ်နော်။
ရောင့်ကို လာကြည့်ပြီး အိမ်လာလည်တာ ကျေးဇူးတင်ပါတယ်။
ခင်မင်လေးစားလျှက်
မေတ္တာရောင်ပြန်
Comment by မေတ္တာရောင်ပြန် — May 28, 2009 @ 12:38 am

ပို့စ်ခေါင်းစဉ်လေးကိုက လှတယ် အချစ်မှာ…………အများကြီးတွေးယူသွားတယ် အစ်မရေ့ ရင်ဘတ်နဲ့တောင်မဆံ့ဘူး ။
Comment by မောင်မျိုး — May 28, 2009 @ 1:54 am

MaMa kg lite dar.heart hti dal so dar myo.My font has not write in myanmar,I don’t know why?May be have your wishes.hae hae tate ma yae tat dawt buu.
Comment by maylay — May 28, 2009 @ 3:00 am

အချစ်မှာ… ကို လာခံစားသွားပါတယ် မလေး။
ဘီးတပ်ကုလားထိုင်နဲ့လို့ မထင်မှတ်ပဲ သိလိုက်ရတော့
ပိုချိုမြိန်သွားသလိုပဲ။
Comment by အပြုံးပန်း — May 28, 2009 @ 6:02 am

ဘလော့လေးကိုမြင်လိုက်ကတည်းက တမျိုးပဲဗျာ..။ ရိုးရိုးရှင်းရှင်းလေးနဲ့ ဆွဲဆောင်မှုရှိလိုက်တာဗျာ ။ ဒါနဲ့ စာလေးတွေဖတ်ပြီး အမှတ်တရ ရေးချင်တာနဲ့ Cbox လိုက်ရှာတာ မတွေ့ တာနဲ့ ဒီဝတ္တုလေးအောက်မှာပဲ ရေးခဲ့ပါတယ် ခင်ဗျာ..။ စာလေးတွေ အရမ်းဖတ်လို့ ကောင်းတယ်ဗျာ… သြော်. ဒါနဲ့ လာလည်ဖို့ လည်းဖိတ်သွားပါတယ် ဗျာ.။
Comment by စကားဝါမြေ — May 28, 2009 @ 9:01 am

အဆုံးနားလေးမှာ ဘီးတပ်ကုလားထိုင် ဆိုတာ ထပ်ထည့်လိုက်တော့ ပိုပြီး လေးနက်သွားစေတယ် မလေးရေ။ တကယ့် အဖြစ်အပျက်များလား။
Comment by ပုံရိပ် — May 28, 2009 @ 6:16 pm

ဆည်းဆာသံစဉ် … ကျေးဇူးပါဆည်းဆာသံစဉ်ရေ..
မေတ္တာရောင်ပြန် … မလေးလဲ သူတို့ကိုမြင်ရတာ စိတ်ချမ်းသာတယ်။
မောင်မျိုး.. ရှာလိုက်ရတာမောင်မျိုးရေ.. အမဘယ်ရှာရမှန်းမသိဖြစ်နေတာ။ လင့်ခ်ထားသွားတာကျေးဇူး
မေလေး .. www.zawgyin.net မှာ မြန်မာကီးဘောဒ် ဒေါင်းလုပ်လုပ်လို့ရတယ် စိတ်ဝင်စားရင်ပေါ့။ ဘားဂလစ်ရှ်နဲ့ရေးလဲ အိုကေနေတာပါပဲညီမလေး
အပြုံးပန်း … အပြုံးပန်းရဲ့ နောက်ဆုံးပိုစ်လေး တော်တော်ကြိုက်တယ်
စကားဝါမြေ.. ကျေးဇူးတင်ပါတယ်။ နောင်လဲအမြဲလာပါလို့ ဖိတ်ခေါ်ပါတယ်ရှင်။
ပုံရိပ် .. တစ်ကယ့်အဖြစ်ပါ ပုံရိပ်။ မလေးသူ့ကို အမြဲတွေ့တယ်။ အဲလောက်ပျော်နေတာတော့ အဲဒီနေ့ကမှ တွေ့တာပါ။
Comment by မလေး — May 28, 2009 @ 7:19 pm

မလေးရေ… ကောင်းတယ်ဗျ နောက်ပိုင်းပြီးတော့မှ ဘီးတပ်ကုလားထိုင်လို့ ဖတ်ရတော့ အစပိုင်းကို ပြန်ကြည့်ရတယ် “ထွက်သွားတယ်” လို့ပဲ ရေးထားတာကိုးးး :) ခိခိ ပညာ ယူရမယ်…. ဒါလျှို့ဝှက်ချက်ပဲ..
Comment by ညလေး — May 29, 2009 @ 3:51 am

good
Comment by Mue Nein Lay — June 4, 2009 @ 7:53 am

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...