မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Sunday, May 17, 2009

ပြုံးနေသော ကျမရဲ့အတ္တ

နွေရာသီရောက်လာလို့ ပျော်နေပြီး ဘလောဂ်ဘက်တောင် ခြေဦးမလှည့်ဖြစ်တဲ့ ကျမ၊ အပျော်လေးတွေ အဓွန့်မရှည်လိုက်တဲ့ သင်္ခါရရဲ့ရိုက်ခတ်မှုကြောင့် ခုတစ်ရက်နှစ်ရက်မှာ တော်တော်လေးကို စိတ်မချမ်းမသာဖြစ်နေမိတယ်။ ဘာကိုမျှော်လင့်လို့ ဘယ်သူ့ကိုယုံကြည်ရမလဲ၊ ဘယ်လို အတွေးအခေါ် အယူအဆကို ယုံကြည်ရမလဲဆိုတာကိုတော့ မသိခဲ့တာကြာပါပြီ။ အားလုံးကို အဆင်ပြေစေချင်တာကလွဲပြီး မျှော်လင့်ချက်တွေ ကုန်ဆုံးနေပြီလို့လဲ ဆိုလို့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထောင့်စေ့အောင် အဖက်ဖက်ကတွေးကြည့်တော့ ဖြစ်နိုင်ချေတွေ များစွာထဲမှ၊ လှည့်ကွက်တွေများစွာထဲမှ၊ သေချာတာတစ်ခုကတော့ သူမ အားလုံးအဆင်ပြေပါစေလို့ပဲ….။


မနက်စောစောစီးစီး စားပွဲပေါ်က သတင်းစာကလဲ ဖတ်သူတွေကို ဆွဲဆောင်နိုင်အောင် စာလုံးမဲကြီးနဲ့ ရေးထားပုံက “သံတိုင်တွေနောက်မှာ ငါးနှစ်“ တဲ့။ မဦးမချွတ်နဲ့ ကိုယ့်သတင်းစာ ရောင်းကောင်းရုံရေးတဲ့ သတင်းစာကို စိတ်ပျက်စွာကြည့်နေမိတယ်။ သူများတွေရဲ့ဒုက္ခကို သေချာမသိဘဲ အသံကောင်းလွှင့်အော်တတ်တဲ့ ဘစ်စနက်ဆုကြီးတွေဝတ်ထားသော နိုင်ငံကြီးတွေရဲ့ ခေါင်းဆောင်ဆိုသူတွေကိုလဲ ပြုံးမိတယ်။


ဒီလိုနဲ့ အခြားဘာသတင်းများထူးမလဲလို့ UTube ဘက်ကိုခြေဦးလှည့်မိတယ်။

UTube တွေလိုက်ကြည့်ရင်း ပြီးခဲ့တဲ့ သင်္ကြန်တုန်းက ၀တ်လစ်စလစ်နီးပါး ကခုန်နေတဲ့ မြန်မာမိန်းကလေးတွေရဲ့ပုံရိပ်တွေ၊ ထောင့်ကိုးရာ ရှစ်ဆယ်ကိုးဆယ်လောက်တုန်းက မြန်မာပြည်မှာ ခေတ်စားခဲ့တဲ့ လှယဉ်ကျေးမယ်ပြိုင်ပွဲရဲ့ footage တွေ၊ ခေတ်ဟောင်းသီချင်းတွေကို remix ပြန်လုပ်ထားတဲ့ သီချင်းအပိုင်းအစတွေဟာ မျက်စိရှေ့မှာ တဖျတ်ဖျတ်နဲ့ ရုပ်ပုံကားချပ်တွေ တစ်ချပ်ပြီးတစ်ချပ်ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့။


သက်ပြင်းရှိုက်မိတယ်။

ပြီးခဲ့တဲ့ သင်္ကြန်တုန်းက ၀တ်လစ်စလစ်နီးပါး ကခုန်နေတဲ့ မြန်မာမိန်းကလေးတွေရဲ့ပုံရိပ်တွေ၊

ရေတွေကစိုနေတယ်။ ဆံပင်တွေက လေထဲမှာခါနေတယ်။ တိုင်တစ်တိုင်ဘေးမှာ မိန်းကလေးတစ်ယောက်က ယောင်္ကျားတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ မှိန်းနေတယ်။ လူမြင်ကွင်းကြီးမှာ အခြားမိန်းကလေးတစ်ယောက်က ရင်ဟိုက်ကြိုးတစ်ချောင်း၊ ပေါင်ရင်းထိတက်နေတဲ့ ဘောင်းဘီတိုနဲ့ စင်ပေါ်မှာ မမြင်ချင်အဆုံး ခါပြီး က နေတာ.. ဒီဘက်မှာ အရိုးဆွေးလာနေတဲ့ ခေတ်မမှီတော့တဲ့ ecstasy-fueled rave ပါတီတွေ spring break party တွေကို အရှေ့က အခုမှ တရေးနိုးလို့ အသက်ပြန်အသက်သွင်းဖို့ ကြိုးစားနေသလား၊ (UK က ဂိုဒေါင်ပျက်တွေထဲမှာ၊ မသုံးတော့တဲ့ ညကလပ်အဟောင်းတွေမှာ ခုချိန်ထိ တရားမ၀င်ခိုးလုပ်နေတဲ့ rave အပါအ၀င် ပါတီတွေကိုတော့ လက်လှမ်းမမှီလို့ မသိပါ) ဒါမှမဟုတ် ကိုယ်ပဲ သုံးမရအောင် ခေတ်ဟောင်းသွားလို့လားရယ်လို့ သက်ပြင်းချရင်း တွေးမိတယ်။ ပညာရှင်တစ်ယောက်မဟုတ်လို့ တိတိကျကျ စာပေအထောက်အထားနဲ့ မပြောနိုင်ပေမယ့် သက္ကရာဇ်နှစ်ထောင်နောက်ပိုင်းမှာ အနောက်နိုင်ငံတွေနဲ့ အခြားသော နိုင်ငံတော်တော်များများဟာ ၁၉၈၀ခုနှစ်တုန်းကလို “ဂလေခေတ်” မဟုတ်တော့တဲ့ “နည်းပညာခေတ်” ကိုရောက်နေပြီဆိုတာ အားလုံးသိကြပါတယ်။



လွန်ခဲ့တဲ့ ၁၉၈၀ခုနှစ်တွေထဲက “ဂလေခေတ်” ရဲ့ ခေတ်မမှီတော့တဲ့ အပြုအမူတွေနဲ့ ခုလိုဘီယာမူးပြီး ဖော်ကနေတာကို “ဒါပဲဟဲ့ နိုင်ငံခြား” ဆိုပြီး လိုက်အားကျလို့၊ အဲသလိုဖော်ရတာကိုမှ၊ ရေစိုနေတဲ့ကြားက အဲသလို တစ်ကိုယ်လုံးခါပြီး က ရတာကိုမှ ခေတ်မှီတယ် ထင်တယ်ဆိုရင်လဲ လူတိုင်းမှာ လွတ်လပ်ခွင့်ကိုယ်စီရှိပါတယ်ဆိုတဲ့ စကားနဲ့ပဲ အိမ်ချမ်းမြေ့ ကိုယ့်ကိုကိုယ် ဆုံးမလိုက်ပါတယ်။ သေချာတာတစ်ခုကတော့ လွတ်လပ်သော ဒီမိုကရေစီတိုင်းပြည်ဖြစ်သော ကနေဒါနိုင်ငံရဲ့ လမ်းမတွေပေါ်မှာ လူတွေစုပြီး သီချင်းတွေနဲ့ ပါတီလုပ်ချင်တယ်ဆိုရင် သက်ဆိုင်ရာဆီက လိုင်စင်ကို ရယူပြီးမှ၊ လိုင်စင်ကြေးဆောင်ပြီးမှ လူတွေရာချီတဲ့ တရားဝင်ပါတီပွဲတစ်ခုကို ဖန်တီးလို့ရတယ်ဆိုတာပါပဲ။

ထောင့်ကိုးရာ ရှစ်ဆယ်ကိုးဆယ်လောက်တုန်းက မြန်မာပြည်မှာ ခေတ်စားခဲ့တဲ့ လှယဉ်ကျေးမယ်ပြိုင်ပွဲရဲ့ footage တွေ

မိန်းမတွေနဲ့ ပြစားတဲ့ပွဲလား၊ ကန့်လန့်ကာနောက်ကွယ်က စီးပွားရေးသမားကြီးတွေရဲ့ လုပ်ကွက်တွေလား။ ဟော… လှယဉ်ကျေးမယ်တစ်ယောက်က စင်ပေါ်မှာ ခေါက်တုန့်ခေါက်ပြန်လျှောက်လာတယ်။ ဘာလုပ်တာမှန်းမသိ လက်ကိုတောက်လျောက် ငှက်လိုလှုပ်ပြနေတယ်။ ပြီးတော့ ခါးကိုလိမ်ပြတယ်၊ လည်ပင်းကို သမင်လည်ပြန်လှည့်ပြတယ်။ အိုး… အခန့်မသင့်ရင် ခါးကြောလွဲသွားနိုင်တယ်၊ လည်ပင်းခိုင်သွားနိုင်တယ်။ ပြီးတော့ ပရိသတ်ကိုကျောပေးပြီး ……. ကော့ပြတယ်။ ဆက်မရေးရဲဘူး။ ကျမတော့ရှက်တယ်။ အဲဒီလို ပရိသတ်ကိုကျောပေးပြီး ကော့ပြချိန်မှာ အောက်က ယောင်္ကျားသားများဟာ လက်ခေါက်တွေ ဆူညံသွားအောင် တရွှီရွှီမှုတ်လိုက်တယ်။ ခါးသေးရင်ချီခေတ်က ကုန်သွားလို့ပဲလား။ မျက်စိထဲမှာ အလှတရားတစ်ခုလို့ မမြင်မိတာပဲလား။ ရှိသမျှ ပြစားရတဲ့ မိန်းမတွေဘ၀ကို တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ်။ ခုနောက်ပိုင်း လူသားတွေဥာဏ်နည်းနည်းပိုမြင့်လာတော့ နိုင်ငံကြီးတွေမှာ စကော်လာရှစ် ပေးတာနဲ့ "ကာ" ထားတယ်။ ရုပ်ရည်အလှသာမက၊ ဥာဏ်ရည်ကိုပါ ဆုပေးတဲ့သဘော။ ဒီလိုဆိုရင်…. ကံအကောင်းအကြောင်းမလှလို့ အရပ်ပုတဲ့ အသားအရည်မစိုပြည်တဲ့ ဥာဏ်တုံးတဲ့ သွားခေါနေတဲ့ ဆံပင်မပေါက်တဲ့ လိပ်ခါးဖားတင် မိန်းကလေးတွေကိုကော ဘယ်ယောင်္ကျားသားတွေကများ မျက်စိစားပွဲထိုင်ကြမလဲ။ ဒီလိုနဲ့ သူတို့ရဲ့ ဘ၀ပေးအခြေအနေကြောင့်ပဲလေ… ဆိုပြီး အိမ့်ချမ်းမြေ့ ဖြေတွေးတွေးလိုက်ပါတယ်။


ခေတ်ဟောင်းသီချင်းတွေကို remix ပြန်လုပ်ထားတဲ့ သီချင်းအပိုင်းအစတွေ..

အချို့သီချင်းတွေက remix လုပ်ပြီးရင် ပိုနားထောင်လို့ကောင်းပေမယ့် ဒီတစ်ပုဒ်ကတော့ အကောင်းဘက်မှာ ရှိမနေတာ ကျမရဲ့ ကိုယ်ပိုင်အနုပညာခံစားချက်သက်သက်နဲ့ပဲ သက်ဆိုင်နေပါလိမ့်မယ်။ သရုပ်ဖော် မင်းသားမင်းသမီးနဲ့ ဇာတ်ကွက်က သီချင်းနဲ့လိုက်ဖက်မှု လွဲနေသလိုလို။ ပူရှရှ Techno တီးလုံးကိုနောက်ခံပြီး ဇာတ်ဝင်ခန်းတစ်နေရာမှာ မင်းသမီးက ရေကူးကန်ထဲမှာ ရေကူးနေတယ်။ ကူးရင်း ကန်ဘောင်ကိုရောက်လာတယ်။ ရေထဲကနေ ရေသူမလို ဘွားကနဲ ထွက်လာတယ်။ ဆံပင်ကိုဟန်ပါပါ သပ်တင်တယ်။ ရုတ်တရက် မင်းသားကိုတွေ့တော့ မဲ့ပြပြီး အဝေးကို ပြန်ကူးသွားတယ်။ ကင်မရာက မင်းသမီးရဲ့ နောက်ပိုင်းကိုမြင်သာအောင်ရိုက်ထားတယ်။ အဲဒီမှာ သီချင်းစာသားက


ရှေ့ကကြည့်လဲယဉ်တယ်၊ နောက်ကကြည့်လဲယဉ်တယ်၊ ဘေးကကြည့်လဲယဉ်တယ်၊ ဘယ်လိုပဲကြည့်ကြည့် ယဉ်တဲ့သူရယ်…. တဲ့။ အဲဒီအချိန်မှာ အိမ့်ချမ်းမြေ့ရဲ့ မရှိမဲ့ရှိမဲ့ မိန်းမအီးဂိုးလေးက ထပြီး အလံထူတယ်။


ကိုယ်သိခဲ့တဲ့၊ ကိုယ်နှစ်သက်ခဲ့တဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ သီချင်းလေးတစ်ပုဒ်ဟာ ……

အမည်မဖော်လိုတဲ့ ဗွီဒီယို footage အချို့

ပထမတော့ တမင်တကာ ဟာသ တစ်ခုလုပ်ထားတာလို့ထင်မိတယ်။ နောက်ပိုင်းတော့ ဟာသ ဗွီဒီယိုတွေမဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။ ကြိုးတစ်ချောင်း ဂျိုင်းပြတ်အကျီ င်္အပေါ်မှာ ခွပ်ဒေါင်းပုံပါတဲ့ အနီရောင်အ၀တ်ကြီးကို ရင်လျားသလိုပတ်ထားပြီး တံတွေးတမြိုမြိုနဲ့ ခံယူချက်တစ်ခုကို တင်ပြနေတယ်။ မျက်တောင်တွေကို မလိုအပ်ပဲ ပုတ်ခတ်ပုတ်ခတ်လုပ်နေတယ်။ မျက်နှာအမူအရာတွေများလို့ လူကိုကြည့်ရမှာလား၊ ပြောနေတဲ့အကြောင်းအရာကို နားထောင်ရမှာလား မဝေခွဲတတ်တော့။ ဒီလောက်ကြီးမားလေးနက်တဲ့ အရာတစ်ခုကို တင်ပြမယ်ဆိုရင် ကိုယ်ခန္ဒာအနေအထား၊ အ၀တ်အစားရဲ့တည်ကြည်မှု၊ ဆံပင်ထုံးဖွဲ့ပုံ၊ မျက်နှာအနေအထားတည်ကြည်မှု၊ လေယူလေသိမ်းလေးနက်မှု စသည်ဖြင့် မိမိပေးလိုတဲ့အကြောင်းအရာကို ဒီထက်ပိုပြီး အလေးထားသင့်မလားမသိဘူးလို့ တွေးမိနေမိတယ်။ အပြုသဘောနဲ့ လိုအပ်ချက်တွေကို တစ်ဝကြီးစိမ်ပြေနပြေရေးပြီး ကွန့်မင့်တင်ပေးလိုက်တယ် (စိတ်ထဲကပါ)။ တစ်ကယ်တော့ ကိုယ့်ကိုကိုယ်ပဲ မှန်ရှေ့မှာရပ်လို့ ကိုယ်လိုအပ်ချက်တွေကို တစ်ဝကြီးဝေဖန်ရင်း သူတို့တတ်နိုင်သမျှလုပ်နေကြတယ်လေလို့တွေးနေရင်းက သံတိုင်တွေနောက်က လူတွေကို ဒီဗွီဒီယိုအစား နေရင်းထိုင်ရင်း ကိုယ်အားနာနေမိတယ်။


အိမ်ချမ်းမြေ့ သက်ပြင်းတွေ အခါခါ ချမိတယ်။ အနှစ်နှစ်ဆယ်နားကပ်လာပါပြီ။ ကိုယ်သိခဲ့တဲ့ မြန်မာပြည်ဟာ ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်နီးပါးက တိုင်းပြည်။ အချိန်တွေ တရိပ်ရိပ်ပြောင်းခဲ့ပြီ။ ဘ၀တွေရှေ့ဆက်ခဲ့ပြီ။ Life goes on. ဒါကိုမေ့နေခဲ့တယ်။ ကိုယ်သိခဲ့တဲ့ ကိုယ့်တိုင်းပြည်ကတော့ ကိုယ့်ဦးနှောက်ထဲမှာ သံမှိုတစ်ခုလို စွဲမြဲနေတယ်။ ဒါပေမယ့် အဲဒီအရာတွေဟာ မရှိတော့ဘူး။ အမြဲတမ်းတည်မြဲနေမယ့် မမြဲခြင်းတရား။ ဒါကိုမေ့လျော့နေခဲ့မိတယ်။


ကွန်ပြူတာကို ပြန်ပိတ်ဖို့ပြင်လိုက်တယ်။ မျက်လုံးထဲမှာ ပူလောင်တဲ့အရိပ်တွေက တဖျတ်ဖျတ်ကြီးစိုးနေတုန်းပဲ။ အပြင်မှာ နွေရာသီရဲ့ပန်းတွေ၊ လိပ်လေးတွေ၊ ဖားတွေ၊ ငါးတွေ၊ ငှက်တွေဘက်ကို ခြေဦးလှည့်ဖို့ ပြူတင်းပေါက်အပြင်ကို ကြည့်လိုက်မိတယ်။ ကန့်လန့်ကာတစ်ဖက်မှာ အတ္တက ပြုံးပြုံးလေး ဆီးကြိုနေတယ်။



Comments from ainchannmyay.com

So Good!
Comment by EE — May 17, 2009 @ 2:55 am

တိုးတက်လာပါတယ်၊ ဘာတိုးတက်လည်းဆိုတော့ …….
ကျွန်တော့် ဆရာတစ်ယောက် ပြောခဲ့ဖူးတဲ့စကားလေးတစ်ခွန်းရှိတယ် .. တိုးတက်တာတွေ အရှိန်အဟုန်နဲ့ ရှိနေတဲ့အချိန်မှာ ဆုတ်ယုတ်မှုတွေကို ဟန့်တား တားဆီးထားနိုင်မှ လူနေမှု စနစ်အခြေခံ မြင့်မားမှာတဲ့ဗျာ၊ ကျွန်တော်ကြည့်လိုက်မိတဲ့ ဗမာအရေခြုံနိုင်ငံရေးဟန်ဆောင် ဘလော့ဂ်တစ်ခု ဆိုရင်တောင် အတော်ယုတ်ရင်းကြမ်းကြုတ်တာတွေကို စာနဲ့ ရေးသား ဖော်ပြထားတာ မြင်လိုက်ရတဲ့အချိန်မှာ သြော် ငါတို့ ခေတ်ရေစီးကြောင်းမှာ အလိုက်အထိုက်နဲ့ မနေနိုင်သေးပါလား ဆိုတဲ့ အတွေးတစ်ခု ၀င်လာပါတယ်၊
ရေးသူကတော့ မရှက်လို့ ရေးတာပေါ့၊ နှုတ်တစ်ရာ စာတစ်လုံး ဆိုတဲ့ စကား အရပြောရမယ်ဆိုရင်တော့ သူ့အဆင့်အတန်း ကို ကျွန်တော် ပေးစရာနေရာမရှိဘူးလေ၊ အဲဒီလိပ်စာကို အစ်မတွေ နှမတွေအပေါ် အားနာလွန်းလို့ မဖော်ပြတော့ပါဘူးဗျာ
အခု စာရေးသူရေးထား တာတွေ ဖတ်ရှုလိုက်ရတဲ့အချိန်မှာ သြော် မြန်မာ မြန်မာ အလိုက်သင့် ထိန်းထိန်းသိမ်းသိမ်း မနေတတ်ပါလားဆိုတဲ့ အတွေးဟာ ခိုင်မြဲသလို ဖြစ်သွားရပါတယ်
ကျေးဇူးတင်ပါတယ်ခင်ဗျာ
Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — May 17, 2009 @ 5:34 am

တခါတလေကျတွေးမိတယ်.. အဖျက်ဆီးခံထားရတဲ့ ဘ၀တွေ..လို့။
ဒါပေမဲ့ နောက် ထပ်တွေးမိပြန်တယ်.. အဖျက်ဆီးမခံရင်ကော.. အဖျက်ဆီး မခံလို့ မရဘူးလား..လို့။
နောက်တော့ အဲဒီအဖျက်ဆီးခံတွေကို ရသလောက်ထိန်းပြီး ပြင်မယ်ကွာလို့ တွေးတယ်..ဒါပေမဲ့ လက်ပမ်းကျ..
နောက်ဆုံးတော့ အဲလိုပဲ ကိုယ်လည်း ကန့်လန့်ကာတဘက်က ပြုံးနေတဲ့ အတ္တကိုပဲ ပြန်ပြုံးပြလိုက်ရတော့တာပါပဲ။
Comment by မေငြိမ်း — May 17, 2009 @ 5:40 am

လူတွေရဲ့ ခံယူချက်၊ အတွေးအခေါ် အတိမ်အနက်တွေဟာ သူ့ရဲ့ပတ်ဝန်းကျင်၊ ပညာ (အတန်းပညာချည်း မဟုတ်ပါဘူး။)၊ အတွေ့အကြုံတွေပေါ် မူတည် မယ်ထင်ပါရဲ့။ အဲဒီလူတွေနဲ့ ဖွဲ့စည်းရာကနေ နိုင်ငံတခုရဲ့ ပုံရိပ် ဖြစ်လာတာပဲ။
Comment by ပုံရိပ် — May 17, 2009 @ 1:28 pm

ko sai yal i lay paing soe moe ko chit tal . thu ko chit ta lo pal ko sai ko la pyae sone chit par tal
Comment by khinpyaesone — May 18, 2009 @ 9:02 am

တစ်ပိုင်း ဖတ်ပြီးတိုင်း သက်ပြင်းတခါ ချသွားပါတယ် ။
Comment by မောင်ငယ် — May 18, 2009 @ 9:22 am

မအားလို့ အခုမှ လာလည်ရပါတယ်နော်။ အတွေးအခေါ်တွေ မတူညီကြတဲ့ ပတ်ဝန်းကျင်နဲ့ တိုးတက်ပြောင်းလဲနေတဲ့ ပုံရိပ်ပေါ့ မလေးရယ်။
ခင်မင်လေးစားလျှက်
မေတ္တာရောင်ပြန်
Comment by မေတ္တာရောင်ပြန် — May 18, 2009 @ 9:32 am

တခါတလေကျတွေးမိတယ်.. အဖျက်ဆီးခံထားရတဲ့ ဘ၀တွေ..လို့။
ဒါပေမဲ့ နောက် ထပ်တွေးမိပြန်တယ်.. အဖျက်ဆီးမခံရင်ကော.. အဖျက်ဆီး မခံလို့ မရဘူးလား..လို့။
နောက်တော့ အဲဒီအဖျက်ဆီးခံတွေကို ရသလောက်ထိန်းပြီး ပြင်မယ်ကွာလို့ တွေးတယ်..ဒါပေမဲ့ လက်ပမ်းကျ..
နောက်ဆုံးတော့ အဲလိုပဲ ကိုယ်လည်း ကန့်လန့်ကာတဘက်က ပြုံးနေတဲ့ အတ္တကိုပဲ ပြန်ပြုံးပြလိုက်ရတော့တာပါပဲ။ လှတယ် ရေးထားတာ၊
အဖျက်ဆီးခံနေကြရင်ကောဗျာ၊ ……… ပြုံးနေပါတယ်ဆိုတဲ့ အတ္တ က ကာယကံရှင်ကိုဖျက်ဆီးနေတာဆိုရင်ကော၊ မမေငြိမ်း ပြန်ပြီး လှည့်ပြုံးပြနိုင်ဦးမလား သိချင်ပါတယ်ခင်ဗျ၊
ခင်မင်လျက်ပါ……
Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — May 18, 2009 @ 12:39 pm

ဟုတ်တယ် မလေးရေ။ ခေတ်ကြောင့်လည်း လူတွေပြောင်းလဲတယ်.. လူတွေကြောင့်လည်း ခေတ်က ပြောင်းလဲသွားတယ်။ ဒါပဲလည်နေရော။
Comment by winkabar — May 18, 2009 @ 7:24 pm

EE၊ ဒေါင်းသေချောင်းမှာပျော်သည့်ကျား၊ အမမေငြိမ်း၊ ပုံရိပ်၊ khinpyaesone၊ မောင်ငယ်၊ မေတ္တာရောင်ပြန်၊ winkabar၊
လာရောက်ဖတ်ရှု ကွန့်မင့်များရေးသွားလို့ ကျေးဇူးတင်ပါတယ်။ မလေး ကွန့်မင့်တွေ တစ်ခုချင်းစီ မပြန်တော့ဘူးနော်။ ခုတလော တော်တော်လေး စိတ်မကောင်းဖြစ်နေလို့ပါ။
Comment by မလေး — May 18, 2009 @ 10:40 pm

သိပ်လည်း စိတ်မကောင်းမဖြစ်ပါနဲ့ မလေးရယ်…
အားလုံး ဒီလိုပဲ ထပ်တူထပ်မျှ ခံစားကြရပါတယ်. တစ်ယောက်တစ်မျိုးစီ ခံစားပုံခြင်း ကွဲလွဲကြတာပဲ ရှိမှာပါ.
ကျွန်တော်လည်း တော်တော်လေး ခံပြင်းနာကျည်းမိတယ်. လုပ်ရက်လိုက်တာလို့လည်း တွေးမိတယ်.
ရန်ကုန်လူနေမှုစနစ်တွေ အကြောင်းလည်း နေရာတော်တော်များများမှာ ဖတ်မိတယ်. ကြားမိတယ်.
ဒါပေမယ့် ပျက်စီးချင်တဲ့သူတစ်ချို့က အဖျက်ဆီးမခံရဘဲနဲ့ကို ပျက်စီးတတ်သလို ဖျက်ဆီးခံနေရတာတောင်မှ မပျက်စီးတဲ့ ခိုင်မာတဲ့ လူငယ်တွေလည်း ရှိပါသေးတယ်.
မလေးပျော်ရွှင်ပါစေ…
ခင်တဲ့..
Y.
Comment by Yan — May 19, 2009 @ 3:51 am

မမရေလာလည်တာကျေးဇူးပါနော်။ ညီမလည်းအလုပ်တွေရှုတ်နေတာနဲ့ဘယ်မှမရောက်ဖြစ်ဘူး။ မမပျော်ရွှင်ပါစေရှင်။
Comment by thumalay — May 19, 2009 @ 6:16 am

Yan .. ဆုတောင်းပေးတာ ကျေးဇူးပါ ကိုရန်ရေ.. ပိုစ်အသစ်လေး ဘာလေးလဲတင်ပါဦး
သူမလေး .. ညီမလေးရေ.. မင်္ဂလာပါ
Comment by မလေး — May 19, 2009 @ 6:29 am

အမရေ…တွေးခေါ်ပုံလေးတွေ တင်ပြပုံလေးတွေ ကောင်းတယ်ဗျာ..။ ကျွန်တော် အဲ့ဒါတွေတွေ့ တဲ့ အချိန်တိုင်း တော်တော်လေးခံစားမိတယ် ။ တိုးတက်တာလား ဆုတ်ယုတ်တာလား မဝေခွဲနိုင်ဘူးအမရေ..။ ဒါပေမဲ့ သေချာတာ ၁ ခုကတော့ စာရိတ္တ တွေ အခြေမခိုင်တော့ဘူးဆိုတာပဲ ဖြစ်မယ်ထင်တယ် အမ ။ ဗုဒ္ဓ ရဲ့သာသနာရှိတဲ့ နိုင်ငံမှာ ဒီလိုတွေဖြစ်နေတာ ဗုဒ္ဓ သာသိခဲ့ရင် အမရယ် လေးသင်္ချေ ကမ္ဘာတစ်သိန်း ဆိုတာကို အားနာလိုက်တာဗျာ……။
Comment by စကားဝါမြေ — May 28, 2009 @ 9:28 am

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...