မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Wednesday, April 15, 2009

ဒီကိုလာလည်တတ်တဲ့ လူနည်းစုလေးအတွက်..

ကျမဆိုက်ဒ်လေးကို လာလည်ကြသူများကို ကျေးဇူးတင်ကြောင်း ပိုစ်နဲ့ အမှတ်တယ မှတ်တမ်းတင်ပြီး ဒီဘက်က ကျမ ကိုယ်တိုင် တစ်ခါတစ်ရံ မေ့လျော့နေတဲ့ ဒီဆိုက်ဒ်လေးကို ဖွင့်ကြည့်မိတယ်။
ဒီဘက်မှာတော့ direct visit တွေနဲ့ပဲ လာလည်ကြတာပါ... ဘယ်သူမှလဲ ဒီဆိုက်ဒ်လေးကို လင်ခ့်မလုပ်ကြတော့ဘူး (အမတန်ခူးတော့ လုပ်ထားတယ်ထင်တယ်) ကျမရဲ့ www.ainchannmyay.blogspot.com လေး အကြောင်းကြောင်းကြောင့် ကျမ လက်ထဲမှာ မရှိတော့တဲ့ နေ့ကစပြီး ဒီ lyricswithoutmelody blog လေးကိုလဲ လူတွေ သိပ်မသိကြတော့ပါဘူး။ ကျမလဲ မသိစေချင်တော့ဘူး။ ရင်တွင်းခံစားချက်တွေရေးမယ်ဆိုပြီးတော့...

လာလည်ကြသူတွေကလဲ အဟောင်းလေးတွေ မွှေနှောက်ဖတ်ပြီး တိုးတိုးတိတ်တိတ်ပဲ ပြန်သွားကြတယ်။ အထူးသဖြင့် ဒီမိုကရေစီအကြောင်းနဲ့ ရမ်ဘိုရုပ်ရှင်ကို ခံစားပြီးရေးထားတာလေးတွေကို ဖတ်ပြီး ပြန်သွားတတ်ကြတယ်။ ဘယ်သူတွေလဲ တိတိကျကျ ကျမ မသိပေမယ့် (မသိလိုပေမယ့်)၊ ဘယ်လိုပိုစ်ကို ရွေးပြီးဖတ်သွားလဲဆိုတာကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံရေးကိုစိတ်ဝင်စားသူများလို့ အကြမ်းဖျင်း ကျမ ယူဆပါတယ်။ ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။

ဒေါ့ကွန်းနဲ့ မတူစွာ.. ဒီဘလော့ဂ်လေးကို တစ်ခါတစ်လေ တစ်နေ့လုံးနေမှ လူ ငါးယောက်၊ ဆယ်ယောက်လောက်ပဲ လာတယ်။ အချို့နေ့တွေတော့ လူ၂၀လောက်လာတတ်တယ်။ ဟိုဘက်မှာတော့ လူပိုစည်ပါတယ်။

web log လို့ ဆိုပေမယ့် ကျမ ပါစင်နယ်တွေ သိပ်မရေးချင်ဘူး။ အနုပညာကို ဦးစားပေးချင်တယ်။ ဒါကြောင့် ဒေါ့ကွန်းလေး သူငယ်ချင်းအကူအညီနဲ့ လုပ်ထားပြီး ၀တ္ထု၊ ဆောင်းပါး၊ ကဗျာလေးတွေ တင်ဖြစ်တယ်။ ဒါတွေကလဲ ပါစင်နယ်အရိပ်တွေ ပါတတ်တာပါပဲ။

တစ်ခါတစ်လေတော့လည်း ကလောင်ကို ထိန်းမထားချင်ဘူး။ ကလောင်ကို ဖွင့်ပြီးရေးလိုက်ချင်တယ်။ ဒါပေမယ့် အချို့အရာတွေက မသင့်လို့၊ ကိုယ့်ထက်လူတွေပိုသိပြီးဖြစ်နိုင်လို့၊ မထိခိုက်စေချင်လို့၊ စတဲ့စတဲ့ ခံစားချက်တွေနဲ့....ကလောင်ကို ချုပ်ထားရင်းရေးလာခဲ့တာ ဘလောဂ်ရေးတဲ့ သက်တမ်း သုံးနှစ်ပြည့်တော့မယ်။


ကျမတို့ ဘလော့ဂ်လောကကြီးဟာ ဒီမှာလာလာဖတ်တဲ့ လူနည်းစု အကို၊အမ၊ ညီ၊ ညီမ တွေသိတဲ့အတိုင်း ဒီဖန်သားပြင်ပေါ်လောက်မှာပဲ သက်ဝင်လှုပ်ရှားနေတာပါ။ ဆောင်းပါးတွေ၊ ကဗျာတွေ၊ ရဲရဲတောက်ခံစားချက်တွေနဲ့ ဒီဘလောဂ်လောက၊ ဒီဖန်သားပြင်တွေမှာသာ သက်ဝင်လှုပ်ရှား ရှင်သန်တက်ကြွနေတာဆိုတာကို ဒီတစ်ခေါက် မြန်မာပြည်ပြန်အရောက်မှာ သိလိုက်ရတယ် (ဟုတ်ကဲ့.. ခုမှသိတာပါ)။ (တစ်ခါတစ်လေတော့လည်း ခံစားချက်တွေကို သိပ်ပြီးရှေ့တန်းမတင်တဲ့ ဘယ်ဘက်ကိုမှ မလိုက်ဘဲ နှစ်ဘက်လုံး ဒါမှမဟုတ် ဘက်ပေါင်းများစွာရဲ့ အမှားတွေနဲ့ အမှန်တွေကို တိတိကျကျ သမ္မာသမတ်ကျကျ ထောက်ပြနိုင်တဲ့၊ ဘယ်နိုင်ငံရေး လောင်းရိပ်မှ မမိတဲ့၊ ဘယ်အတွေးအခေါ်၊ ဘယ်စနစ်ရဲ့ လောင်းရိပ်မှ မမိတဲ့၊ အုပ်စုတစ်စုစုရဲ့ တံဆိပ်တစ်ခုခုတပ်တာကို မကြောက်တဲ့၊ အုပ်စုတစ်စုစုရဲ့ ကျဉ်လိုက်တာကို မကြောက်တဲ့ ၊ ငါနဲ့အတွေးမတူငါ့ရန်သူ ဆိုတဲ့ စိတ်ဓာတ်မရှိတဲ့၊ မနာလိုမှုတွေနဲ့အတူ ကိုယ့်လူမျိုးကိုယ် ပြန်မုန်းတဲ့ self-haters တွေမပါတဲ့၊ အတိတ်တွေထဲမှာပဲ အိပ်မောကျမနေတဲ့၊ ရင့်ကျက်တဲ့၊တစ်ကယ့်whistle blowers တွေနဲ့ တည်ထောင်ထားတဲ့ ဆိုက်ဒ်တစ်ခုခုကို အာသာပြင်းပြစွာ ဖတ်ချင်မိပါတယ်၊ ဒါဟာ အခုလာလာဖတ်နေတဲ့ မြန်မာနိုင်ငံရေးကို စိတ်ဝင်စားတဲ့ သူများကို ကျမရဲ့ ရိုးသားစွာ တောင်းဆိုမှုလဲ ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခုထိတော့ ကျမဟာ ကိုယ်တိုင်ဒါတွေကိုမလုပ်နိုင်တဲ့၊ အိမ်သာတွင်းတစ်တွင်းလို ဖြစ်နေတဲ့ ဒီနယ်ပယ်ကို မ၀င်လိုသေးတဲ့ လူတစ်ယောက်ဖြစ်နေလို့ပါပဲဟုတ်ကဲ့ အိမ်သာတွင်းထဲမှာလဲ ပတ္တမြားတွေရှိနိုင်ပါတယ်) မြန်မာပြည်နဲ့ နီးစပ်သူတွေကတော့ ကောင်းကောင်းသိပါလိမ့်မယ်၊ ဖန်သားပြင်တွေပေါ်က သတင်းတွေဟာ ဖန်သားပြင်တွေမှာပဲဆိုတာကို၊ ကျမလို သုံးလေးငါးနှစ်မှ တစ်ခါပြန်ရောက်သူတွေ၊ ဆယ်နှစ်၊ ဆယ့်ငါးနှစ် ပြန်မရောက်သူတွေဆို အွန်လိုင်းပေါ်က သတင်းတွေ၊ ဘလော့ဂ်တွေဖတ်ပြီး ဟုတ်ပြီထင်တာ ပြန်လဲရောက်ကော အိပ်မက်ကမ္ဘာထဲ ပြန်ရောက်နေသလိုပါပဲ။ မမှီနိုင်အောင် အလှမ်းဝေးသွားပါပြီ။ တစ်နှစ်ပြန်မရောက်ရင်ကို အလှမ်းဝေးနေပါပြီ။ မြန်မာပြည်ပြန်ရောက်တုန်းက ဘလော့ဂ်ဆိုတာ၊ ဘလော့ဂါတွေဆိုတာကို လူတွေ သိတောင် မသိပါဘူး။ ဒီဖန်သားပြင်တွေပေါ်မှာ နာမည်ရ စာရေးသူတွေ၊ ဆောင်းပါးရှင်တွေ၊ ကုန်ကုန်ပြောရရင်... သိကြပြီးဖြစ်တဲ့အတိုင်း အပြင်ကိုထွက်လာကြတဲ့ စာရေးဆရာဟောင်းတွေ၊ နိုင်ငံရေးသမားဟောင်းတွေကို ပြည်တွင်းကလူများစုက အထူးသဖြင့် နောက်ပိုင်းဂျနရေးရှင်းတွေက ကြားတောင် မကြားဖူးကြတော့ပါဘူး။ ဂရုလဲမစိုက်တော့ပါဘူး။ ဘ၀တွေက ကွာဟနေပြီ။ ကိုယ်လဲကိုယ့်ဘ၀ကိုယ်လျှောက်.. သူတို့လဲသူတို့ဘ၀သူတို့လျှောက်ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ ပါပဲ။ သူတို့စိတ်ထဲမှာလည်း သူတို့အတွက် အဲဒီနိုင်ငံရေးသမားတွေဟာ တစ်စုံတစ်ရာ အကျိုးအမြတ်ရအောင် လုပ်ပေးနိုင်လိမ့်မယ်လို့လဲ မယူဆကြပါဘူး။ အပြင်ရောက်နေတဲ့ နိုင်ငံရေးသမားတွေဟာ နိုင်ငံရေးကိုဟန်ပြ၊ အသံကောင်းဟစ်ပြီး နိုင်ငံကြီးတစ်နိုင်ငံငံမှာ နေထိုင်နိုင်ဖို့ အိမ်တစ်ဆောင်မီးတစ်ပြောင်နေနိုင်ဖို့၊ သားသမီးတွေရှေ့ရေးအတွက်လောက်သာလုပ်နေတယ်၊ ပြည်တွင်းက ပြည်ချစ်တယ်ဆိုတဲ့ စစ်သားတွေဟာလည်း အာဏာနဲ့ရာထူး၊ မိမိနှင့် မိမိဆွေမျိုးကောင်းစားရေးသာ ရှေ့တန်းတင်နေတယ်လို့ပဲ သူတို့ယူဆကြပါတယ်။ စာအုပ်ဆိုင်တစ်ဆိုင်မှာ နာမယ်ကြီးဘလော့ဂါတစ်ဖြစ်လဲ စာရေးဆရာဟောင်းတစ်ဦးရဲ့ စာအုပ်တစ်အုပ်လောက် ဖတ်ကြည့်ချင်လို့ မေးတာ ကောင်တာက မိန်းကလေး၊ ယောင်္ကျားလေးတွေက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး "အဲဒီစာရေးဆရာ မကြားဖူးဘူးအစ်မ" တဲ့လေ။ ဒီအကြောင်းတွေအားလုံးကြောင့် တစ်ခါက Venn Diagram နဲ့ တင်စားပြီး ဆက်စပ်မှုမဲ့ခြင်းများ ဆိုတဲ့ ကဗျာလေးကို ရေးခဲ့ဖူးပါတယ်။

အစားအသောက်၊ လူနေမှုစနစ်၊ စတဲ့ နေ့စဉ် ဘ၀တွေကတောင် လုံးဝခြားနေပါပြီ။ ကျမ ပြန်ရောက်တော့ blogaral shock ရတယ်။ (ကျမ ထွင်လိုက်တာပါ) blog-culture shock ရတယ်။ နိုင်ငံရပ်ခြား မြန်မာတွေ အစားအသောက်တွေ ချက်တာပြုတ်တာ ဘလောဂ်မှာတင်တယ်။ ကိုယ်သုံးတဲ့ ပစ္စည်းလေးတွေ ဥပမာ၊ ဖိနပ်၊ နာရီ၊ အ၀တ် စသဖြင့် ဓာတ်ပုံတွေ တင်တယ်၊ ရဲရဲတောက် ဆောင်းပါးတွေ၊ အတွေးအခေါ်တွေ၊ သတင်းတွေတင်တယ်။ ယုတ်စွအဆုံး ကိုယ်ရေးတဲ့ ပိုစ်ကအစ ကိုယ့်ကိုပြန်ပြီး blog-culture shock ရစေတယ်။

ဆက်စပ်မှုတွေလုံးဝ ကင်းမဲ့နေတာကို မြင်ရလို့ပါပဲ။

ဒီသုံးသပ်ချက်ဟာ လုံးဝမှားနေရင် မှားနေမယ်၊ ဒါပေမယ့် ကျမတော့ အဲသလိုပဲ ခံစားမိပါတယ်...
ဒါပေမယ့် ဘယ်လောက်ပဲ အလှမ်းတွေ ကွာဟနေပါစေ.. လေလှိုင်းတွေ၊ ဖန်သားပြင်တွေပေါ်မှာပဲ သက်ဝင်လှုပ်ရှားနေပါစေ.. ကျမတို့ ဘလောဂါတွေဟာ ခံစားချက်တွေကို တစ်နည်းတစ်ဖုံနဲ့တော့ ဆက်လက်ဖွင့်ချသွားနေမယ်လို့ ကျမ ထင်ပါတယ်...

ကျမရဲ့ ဒီစာစုလေးကို အချိန်ပေးဖတ်တာကော...
အခုလို ကျမရဲ့ တိတ်တိတ်ဆိတ်ဆိတ် ဘလော့ဂ်လေးကို တိတ်တိတ်ဆိတ်ဆိတ်လေး လာလည်တဲ့အတွက်လဲ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

မင်္ဂလာနှစ်သစ်ဖြစ်ကြပါစေရှင်...

9 comments:

ခင်မင်းဇော် said...

မလေးရေ..
အဲဒါ ကျင်လည်တဲ့အသိုင်းအ၀န်းနဲ့လဲ ဆိုင်လိမ့်မယ်..
မျိုးဆက် အဲလောက်ပြတ်ခဲ့ရင် ၂၀၀၇ ဗကသ မျိုးဆက်ဖြစ်တဲ့ ကျော်ကိုကိုတို့ ဒီငြိမ်းလင်းတို့ စည်သူမောင်တို့တွေ ပေါ်လာစရာ မရှိဘူးမဟုတ်လား။ ၂၀၀၇ စက်တင်ဘာ ပေါ်လာစရာ မရှိဘူး မဟုတ်လား။
တကယ်တော့ ပြတ်သယောင်လို့ ထင်နေရတဲ့မာယာလောကပါ ညီမလေးရေ။
လူတိုင်းမဟုတ်တောင် အခြေခံလူတန်းစားတွေရဲ့ ရင်ထဲမှာ ရှိပါတယ်။ ဒါကို အကြောက်တရားက ဖုံးအုပ်ထားလို့ပါ။ မလေးပြောသလို ဘလော့ထဲမှာ ပဲ ရေးနေကြတဲ့ လူတွေလိုပေါ့။ သူတို့ အပြင်မှာတော့ ဒီအကြောင်းတွေ စကားစပ်ချင်မှ စပ်ပါလိမ့်မယ်။ သူများပြော၇င်တောင် မသိချင်ယောင်ဆောင်နေလိမ့်မယ်။ ရင်ထဲမှာတော့ လေပွေနဲ့ မတွေ့မချင်း တငွေ့ငွေ့လောင်မြိုက် တည်ရှိနေတဲ့ မီးလေးတွေ ရှိနေပါတယ်။ အဲဒါ ဘယ်သူတွေ ရှို့တဲ့ မီးလဲ ဆိုတာလဲလူတွေသိပါတယ်။
အချိန်ကာလ နဲ့ အဖြစ်အပျက်တွေက အားလုံးကို ကွဲပြားခြားနားစေမှာပါ မလေး။ နိုင်ငံအကျိုးတကယ်လုပ်နေသူတွေကတော့ အဲလို မျိုးဆက်ပြတ်မှုတွေကို ဘယ်လိုဆက်သွယ်ရမယ် ကြံဆောင်လုပ်ကိုင်နေပါတယ်။ ဒါပေမယ့်လဲ တကယ်လုပ်နေသူတွေက ငါတို့ ဘာလုပ်နေပါတယ် ဘယ်တော့မပြောဘူးတဲ့ သိလား။ ဘာမှစိတ်ဓါတ်မကျနဲ့။ အားတင်းထားပါ။ အမှန်တရားဆိုတာ တနေ့ နိုင်မှာပဲ။

Maydarwii said...

မလေးရဲ့ တိတ်တိတ်ဆိတ်ဆိတ်ဘလော့လေးကို တိတ်တိတ်ကလေးလာဖတ်သွားပါတယ်။

မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ ... နော် ...

ညလေး said...

မင်္ဂလာနှစ်သစ်ပါ မလေးရေ.. ပျော်ရွှင်ပါစေဗျာ..
မလေးရေ ညလေးက အဆက် ခဏခဏ ပြတ်သွားလို့ မရောက်ဖြစ်တာပါ။ ညလေးရဲ့ အစ်မတွေကို အမြဲ သတိရပါတယ်။

မလေးဆီကလဲ ခင်မင်မှုကို ညလေး ခံစားလို့ရပါတယ်ဗျာ...
စာတွေ ဆက်ရေးပေးပါဦးနော်..
ချစ်ခင်လျက်
ညလေး

တန်ခူး said...

စိမ်းလန်းစိုပြေပြီး လူသူတိတ်ဆိတ်တဲ့ လေကောင်းလေသန့် ရတဲ့ ငြိမ်းချမ်းတဲ့ နေရာလေးမှာ စာထိုင်ဖတ်နေရသလို ခံစားမှုမျိုးကို ဒီနေရာလေးက ပေးနိုင်လို့  ဒီနေရာလေးကို အရမ်းတွယ်တာမိတယ် အိမ့် ရေ… ဒါကြောင့်လဲ လူနည်းစုထဲမှာ တို့ လဲ ပါနေခဲ့တာပေါ့… ဒါပေမယ့် အိမ့် ပို့ စ်အသစ်တက်တိုင်းလဲ ဖတ်ချင်မိတာမို့  အိမ့်ချမ်းမြေ့ဒေါ့ကွန်းကိုပါ လင့်ခ်မလို့  စဉ်းစားနေတာ…

အိမ့်ရေ.. အိမ့်ပြောသလို
တစ်ခါတစ်လေတော့လည်း ခံစားချက်တွေကို သိပ်ပြီးရှေ့တန်းမတင်တဲ့ ဘယ်ဘက်ကိုမှ မလိုက်ဘဲ နှစ်ဘက်လုံး ဒါမှမဟုတ် ဘက်ပေါင်းများစွာရဲ့ အမှားတွေနဲ့ အမှန်တွေကို တိတိကျကျ သမ္မာသမတ်ကျကျ ထောက်ပြနိုင်တဲ့၊ ဘယ်နိုင်ငံရေး လောင်းရိပ်မှ မမိတဲ့၊ ဘယ်အတွေးအခေါ်၊ ဘယ်စနစ်ရဲ့ လောင်းရိပ်မှ မမိတဲ့၊ အုပ်စုတစ်စုစုရဲ့ တံဆိပ်တစ်ခုခုတပ်တာကို မကြောက်တဲ့၊ အုပ်စုတစ်စုစုရဲ့ ကျဉ်လိုက်တာကို မကြောက်တဲ့ ၊ ငါနဲ့အတွေးမတူငါ့ရန်သူ ဆိုတဲ့ စိတ်ဓာတ်မရှိတဲ့၊ မနာလိုမှုတွေနဲ့အတူ ကိုယ့်လူမျိုးကိုယ် ပြန်မုန်းတဲ့ self-haters တွေမပါတဲ့၊ အတိတ်တွေထဲမှာပဲ အိပ်မောကျမနေတဲ့၊ ရင့်ကျက်တဲ့၊တစ်ကယ့်whistle blowers တွေနဲ့ တည်ထောင်ထားတဲ့ ဆိုက်ဒ်တစ်ခုခုကို အာသာပြင်းပြစွာ ဖတ်ချင်မိပါတယ်၊

အဲဒီလို ဆိုက်ဒ်တခုများ ရှာဖွေတွေ့ သွားခဲ့ရင် အမကိုလဲ လက်တို့ လိုက်ပါဦးအိမ့်ရေ… အမလဲ အာသာပြင်းပြစွာ ဖတ်ချင်လို့ ပါ… ညီမရေ… ဘာပဲဖြစ်ဖြစ် အဲဒီလို မလုပ်နိုင်တော် အနီးစပ်ဆုံးဖြစ်အောင် ကြိုးစားကြတာပေါ့နော်… တနေ့ ကျရင် အဲဒီလို ဖြစ်မလာဘူးလို့  ဘယ်သူပြောနိုင်မလဲနော်…

ပျော်ရွှင်ချမ်းမြေ့ဖွယ်နှစ်သစ်ဖြစ်ပါစေလို့ ….

ဆည်းဆာသံစဉ် said...

စာတွေလာဖတ်သွားပါတယ်...။ တိတ်တဆိတ်လေးရောက်လာပြီး မလေးရေးထာသမျှကို စိတ်ဝင်းစားစွာ ဖတ်ရူ့  သွားပါတယ်..နောက်ကို မသိစေချင်တော့ဘူး ဆိုပေမယ့် နောက်လည်း အမြဲလာအုံးမှာပါ....။ နှစ်သစ်မှာ ပျော်ရွှင်ပါစေခင်ဗျာ...။

BLACK DREAM said...

Comment က Moderate လုပ်တယ်ထင်တယ်..။ ရေးလိုက်တာပျောက်သွားလို့ သေချာအောင် ထပ်ရေးကြည့်တာ..။ ဟီး ဟီး...။ :D :P

Phyo Evergreen said...

အစ်မရေ ဘလော့လေးကတိတ်ဆိတ်ပေမယ့် ငြိမ်းချမ်းမှုပေးပါတယ်..။ ဘလော့ရေးတော့ ခံစားချက်တွေဖွင့်ချချင်တယ်.. အဲသလိုလုပ်မိတော့ ပါစင်နယ်တွေပါလာတာဘဲ..။ ကောင်းတယ်.. ကောင်းတယ်...ပြောတာထက် လိုအပ်တာလေးတွေ မှားနေတာလေးတွေ ထောက်ပြမယ်ဆိုရင် ပိုတန်ဖိုးထားပါတယ်..။

တစ်ခါတစ်လေ တွေးမိရင် တကယ်ဖြစ်သလို ခံစားရတာတွေရှိတယ်..။ ရှောင်ဖယ်နိုင်တာတွေရှိသလို မလိုချင်ဘဲလက်ခံလိုက်ရတာတွေလည်းရှိပါတယ်..။ တကယ်ကြည့်ရင် ရှုပ်ထွေးလွန်းပါတယ်.. ရိုးရိုးရှင်းရှင်းတွေးလို့သာ အေးအေးချမ်းချမ်းနေချင်တယ်..။

အစ်မမောင် said...

ဒီနေရာလေးက တိတ်ဆိတ်ပြီး အေးချမ်းတယ် နုညံ့မှုနဲ့ လှပတဲ့ပန်းသီတဲ့လက်ကလေးတွေရှိတယ် ပြီးတော့ ကျနော့်အတွက် အမှတ်တရတော်တော်များများလည်း ဒီသံစဉ်တွေကြားမှာ ပျော်ဖူးခဲ့တယ် မှတ်မိသေးလား အစ်မရေ့ လွန်ခဲ့တဲ့ နှစ် နှစ်နီးပါးက ဆီပုံးမှာ အင်္ဂလိပ်သတ်ပုံတွေမှားမှား စာလုံးတွဲကြီးတွေ အများကြီးနဲ့ပြောချင်တာတွေပြောခဲ့တဲ့ ကောင်လေးတစ်ယောက်ကိုး) အဲ့ဒီတုန်းကတော့ အဲ့ကောင်လေးက အဖြူရောင်လေးနဲ့ တက်ကြွလန်းဆန်းနေတာ ခုတော့ ဒေါသ ၊မာန ၊အချစ် တွေနဲ့ ပူလောက်နေမိတယ် ပြီးတော့ တိတ်တိတ်လေးပဲ ပုန်ချင်နေမိတော့တယ် ဒီနေရာလေးကိုတော့ ရောက်ဖြစ်နေမှာ ။

BLACK DREAM said...

ဒီမှာလည်း Update လေးဘာလေးလုပ်ပေးဦးလေ အစ်မရယ်..။ ကျွန်တော်တော့ ဘာဖြစ်လို့လဲ မသိဘူး..။ ဒီနေရာလေး ကိုလာရတာ၊ ဒီမှာ ဖတ်ရတာကို ပိုသဘောကျတယ်..။ ငြိးမ်ငြိမ်းချမ်းချမ်းရှိသလိုခံစားရတယ်...။ :) (.com က ပူလောင်တယ်လို့ ပြောတာဟုတ်ဘူးနော် အစ်မ :D စကားက နှစ်ခွထွက်သွားမှာစိုးလို့ :D )

LinkWithin

Related Posts Plugin for WordPress, Blogger...