မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Monday, April 13, 2009

ပင်ဂွင်း နဲ့ ဆော်လမွန်တို့ အိမ်အပြန်...

penguins1.jpgMarch of the Penguins ဆိုတဲ့ documentary ကို တော်တော်များများကြည့်ဖူးပြီး ဖြစ်ပါလိမ့်မယ်။ အချစ်ဇာတ်လမ်း လို့ သူတို့တင်စားထားတဲ့ ဒီဖလင်ဟာ ၂၀၀၅ တုန်းက အကောင်းဆုံး documentary ဆုကိုရထားတဲ့ ဖလင်ဖြစ်ပါတယ်။ နောက်ခံစကားပြောတဲ့ သူတွေ အမျိုးမျိုးရှိပေမယ့် ကျမကြည့်တုန်းက နောက်ခံစကားပြောသူကတော့ Morgan Freeman ပါ။ Morgan Freeman က ကျမ အထင်မှာ စကားပြောမကောင်းဘူးလို့ ဆိုရပါမယ်။ ပြတ်တောင်းတောင်းနဲ့ စကားပြော ဆွဲဆောင်မှု မရှိတာတောင်မှ ဖလင်ရဲ့ သဘောသဘာဝကြောင့် နှလုံးသားကို ထိခတ်တဲ့ ဖလင်လေးဖြစ်ပါတယ်။


ကမ္ဘာပေါ်မှာ အဆိုးဆုံးရာသီဥတုကျရောက်တဲ့ အန္တာတိကမှာ ကျင်လည်ကျက်စားတဲ့ ပင်ဂွင်းငှက်ကလေးတွေဟာ ပင်လယ်တွေမှာ လေးငါးနှစ်ကြာအောင် ကျင်လည်ကျက်စားပြီး အချိန်တန်လာတဲ့ တစ်နေ့မှာ သူတို့ မွေးဖွားခဲ့တဲ့ ရေခဲပြင်တွေရှိရာကို အုပ်စုလိုက် တန်းစီပြီး ချီတက်လာကြတယ်။ အဲဒီနေရာကို ဘယ်လိုပြန်ရောက်အောင် သွားသလဲဆိုတာတော့ သိပ္ပံပညာရှင်တွေက ခုထိတော့ တိတိကျကျမသိကျသေးပါဘူး။ နေရောင်၊ ဒါမှမဟုတ် ကြယ်တွေကိုကြည့်ပြီး ရောက်အောင်ပြန်သွားကြတယ်လို့ ယူဆကြတယ်။


အဲဒီနေရာမှာ ဆော်လမွန်-salmon ( sām'ən လို့ အသံထွက်ပါတယ်၊ အယ်လ် သံ မပါပါဘူး) ငါးတွေအကြောင်းသွားသတိရလိုက်ပါတယ်။ သူတို့လေးတွေဟာလည်း မွေးကတည်းက တစ်ခါမှ ပြန်မရောက်ဖူးတဲ့ မွေးရပ်မြေကို ပင်လယ်တွေ၊ သမုဒ္ဒရာတွေကိုဖြတ်ပြီး မြစ်လက်တက်တွေရာပေါင်းများစွာကို မှန်အောင်ပြန်ရွေးပြီး မွေးရပ်မြေကို ကြယ်တွေကိုကြည့်ပြီး ရောက်အောင် ပြန်လာတယ်လို့ သိပ္ပံပညာရှင်တွေက ယူဆကြတယ်။



ပင်ဂွင်းငှက်လေးတွေဟာ ရေခဲပြင်ကိုပြန်ရောက်တော့ ဆိုင်ရာချစ်သူရှာပြီး တစ်စုံတွဲကို ဥတစ်ဥပဲ ဥပါတယ်။ ပင်လယ်ထဲကနေ ရေခဲပြင်ကိုရောက်၊ ဥလေးဥပြီးတဲ့အထိ ပင်ဂွင်းငှက်မဟာ အစာမစားရတာ လနဲ့ချီကြာခဲ့ပါပြီ။ အသားတွေကွဲထွက်မတတ်အောင် တိုက်ခတ်နေတဲ့ အန္တာတိကဆောင်းလေရဲ့ ဒဏ်ကနေ ဥလေးကိုကာကွယ်ထားပါတယ်။ သူမရဲ့ ခြေထောက်ပေါ်တင်ပြီး အမွှေးတွေနဲ့ ဖုံးထားတယ်။ တစ်နေ့တော့ ပင်ဂွင်းငှက်မတွေဟာ ပင်လယ်ဘက်မှာ အစာသွားစားဖို့ အချိန်တန်လာတော့ ဥလေးကို ဖခင်ပင်ဂွင်းငှက်ရဲ့ ခြေထောက်ပေါ်ကို ပြောင်းတင်ပေးလိုက်ပါတယ်။ ဒီနေရာမှာ ဖခင်ပင်ဂွင်းရဲ့ ကျွမ်းကျင်မှုဟာ သိပ်အရေးကြီးပါတယ်။ ငှက်မချပေးလိုက်တဲ့ ဥလေးကို သူ့ခြေပေါ်ကို ရောက်အောင် အချိန်တိုတွင်းမှာ တင်ရမှာဖြစ်ပါတယ်။ များသောအားဖြင့် အတွေ့အကြုံမရှိသေးတဲ့ စုံတွဲတွေဟာ လက်ပြောင်းလက်လွှဲမှာ ဥလေးဟာ ရေခဲပြင်ပေါ်ကျပြီး ဆောင်းလေအေးထိတဲ့ဒဏ်ကြောင့် ကွဲအက်သွားပါတော့တယ်။ ဒါကိုကြေကွဲစွာ သူတို့ငုံ့ကြည့်နေကြပါတယ်။ ပြီးတော့ ဖခင်နဲ့မိခင်ပင်ဂွင်းတွေဟာလဲ အတူတူဆက်နေစရာ အကြောင်းမရှိကြတော့လို့ ကိုယ့်လမ်းကိုယ် ဆက်လျှောက်ကြပါတော့တယ်။


လက်ပြောင်းလက်လွှဲအောင်မြင်သွားတဲ့ စုံတွေတွေမှာတော့ ငှက်မတွေဟာ တန်းစီပြီး ပင်လယ်ဘက်ကို အစာရှာထွက်သွားကြပါတော့တယ်။ ဖခင်ပင်ဂွင်းတွေဟာ ဥလေးတွေကို ခြေထောက်ပေါ်မှာတင်ပြီး လပေါင်းများစွာ ငှက်မတွေပြန်အလာကို ဆောင်းမုန်တိုင်းတွေကြားက စောင့်နေရပါတယ်။ သူတို့ကိုယ်တိုင်လဲ ဘာအစာမှ မစားရသေးပါဘူး။ ဒီကြားထဲမှာ ဆောင်းမုန်တိုင်းဒဏ်ကို စည်းလုံးညီညွှတ်စာ ကျောပေးပြီး အန်တုတာတွေ၊ တစ်လှည့်စီကင်းစောင့်တာတွေ စတဲ့ တိရစ္ဆာန်ဆန်တဲ့ စိတ်ဓာတ်တွေကို တွေ့ရပါတယ်။


ဒီကြားထဲမှာ ပင်ဂွင်းငှက်မတွေဟာ ပင်လယ်ထဲမှာ အသက်စွန့်ပြီး ကိုယ်တိုင်အတွက်ကော မမွေးဖွားသေးတဲ့ သူမရဲ့ သားငယ်၊သမီးငယ်တွေအတွက်ကော အစားကို ပြည့်အောင်စားပြီး ပင်လယ်ဖျံတွေ လက်အောက်မှာ ကျဆုံးသွားကြတာတွေလည်းရှိပါတယ်။ ပင်ဂွင်းငှက်မ သေသွားပြီဆိုရင် သူမရဲ့ မမွေးဖွားသေးတဲ့ ရင်သွေးပါ အလိုလိုသေဆုံးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥကပေါက်နေပြီဖြစ်တဲ့ ရင်သွေးဟာ သူမအပြန်လမ်းကိုစောင့်ရင်း သူမ အန်ဖတ်တွေနဲ့ အသက်ဆက်ရမှာဖြစ်လို့ပါပဲ။ ဒီကြားထဲမှာ ရေခဲပြင်ပေါ်မှာ စောင့်နေတဲ့ ငှက်ဖိုခြေထောက်ပေါ်က မတော်တဆ ဥလေးတွေ ကျကွဲသွားတာကြောင့် ဆုံးရှုံးသွားရတာတွေလဲ အများကြီးပါပဲ။ ငှက်မကတော့ မျှော်လင့်တကြီးပြန်လာချိန်မှာပေါ့။


ငှက်မတွေ တန်းစီလမ်းလျှောက်ပြီး အဝေးကနေ အသံပေးလိုက်တဲ့ ချိန်မှာ ငှက်ဖိုတွေရဲ့ ခေါင်းတွေဟာ မျှော်လင့်ခြင်းတွေနဲ့ ထောင်တက်သွားတာပါပဲ။ ဒီလောက် ရာထောင်ချီနေတဲ့ အုပ်ထဲမှာ ကိုယ့်ခင်ပွန်းကို ပြန်ရှာတွေ့နိုင်တဲ့ အရည်အချင်းကတော့ အံ့မခန်းပါပဲ။ တစ်ဦးနဲ့တစ်ဦး အသံပေးပြီး ပြန်ရှာကြတယ်။ အဲဒီချိန်မှာ ငှက်ကလေးတွေဟာ ဖခင်ခြေအောက်ကနေ အမေတွေကို မော့ကြည့်ပြီး အဲဒီတော့မှ မိတ်ဆက်ကြတယ်။ ပြီးတော့ ထုံးစံအတိုင်းလက်ပြောင်းလက်လွှဲပြန်လုပ်၊ အမေက အစားတွေကို ငှက်ကလေးတွေကို အန်ကျွေး၊ အဖေတွေက ငှက်ကလေးတွေရဲ့ အသံကို မှတ်မိအောင် ကျက်မှတ်ပြီး ပင်လယ်ဘက်ကို အစာရှာ ပြန်ထွက်သွားကြတယ်။ ဒီတစ်ခါ ဖခင်တွေ အစာစားဖို့ အလှည့်ြ့ဖစ်ပါတယ်။ အဖေပင်ဂွင်းတွေဟာ လေးငါးလ အစားမစားရသေးလို့ ကိုယ်အလေးချိန် တစ်ဝက်ကျသွားပါပြီ။ လေးတွဲ့တွဲ့နဲ့ အဖေငှက်ဖိုတွေဟာ ပင်လယ်ဘက်ကို တန်းစီပြီး ထွက်သွားကြပါတယ်။ အားပြတ်ပြီး ပင်လယ်ဘက် မရောက်လိုက်သူတွေလည်း အများကြီးပါပဲ။




salmon.jpg


ဒီနေရာမှာ ဆော်လမွန် ငါးတွေဟာလည်းပဲ မျိုးဆက်သစ်တွက် ပင်လယ်ဝကစပြီး အစာမစားပဲ မြစ်ဖျားအထိ ရက်ပေါင်းများစွာ ရေဆန်ကိုကျော်ပြီး ပြန်လာတဲ့အခါမှာ ကိုယ်ထဲမှာ အစာမရှိတော့လို့ သူတို့ကိုယ်ခန္ဒာဟာ အရှင်လတ်လတ်ပုတ်သိုးလာနေပါပြီ။ အကျည်းခွံတွေဟာ တစ်ဖြည်းဖြည်းကြွေကျပြီး အသားဆိုင်တွေဟာလည်း တဖြည်းဖြည်းကြွေကျနေပါပြီ။ ရှိသမျှခွန်အားနဲ့ ရေကိုဆန်ပြီး တက်နေတဲ့ ဒီငါးတွေကို ကမ်းပါးမှာ ကျမထိုင်ထိုင်ကြည့်ပြီး ကိုယ်တိုင်သွားချီပြီး လိုရာမြစ်ဖျားကို ပို့ပေးလိုက်ချင်တဲ့ စိတ်တွေဖြစ်ရပါတယ်။



ပင်ဂွင်းငှက်ကလေးတွေဟာလည်း သူတို့ သားသမီးတွေ မိမိဘာသာရပ်တည်နိုင်တဲ့အထိ တစ်လှည့်စီ ကြည့်ပေးကြပါတယ်။ အဖေအစာသွားစားတုန်း၊ အမေကကြည့်။ အမေအစာသွားစားတုန်း အဖေကကြည့်ကြပါတယ်။ ဒီလို မိုင် ခုနှစ်ဆယ်ခန့်ဝေးတဲ့ ပင်လယ်နဲ့ရေခဲပြင်ကြား အခါပေါင်းများစွာ ကူးချည်သန်းချည် ပြုကြတဲ့အခါမှာ ကျဆုံးသွားတာတွေ အများကြီးပါပဲ။ ငှက်ကလေးတွေဟာလည်းပဲ စွန်ရဲတို့ ပင်လယ်ဇင်ယော်တို့ရဲ့ လက်မှာ ကျဆုံးသွားတာတွေ၊ ပြင်းထန်တဲ့ဆောင်းရာသီဒဏ်ကို မကျော်လွှားနိုင်တာတွေလည်း အများကြီးပါ။




ဒီလိုပဲ ဆော်လမွန်ငါးလေးတွေဟာလည်း မြစ်ဖျားရောက်တော့ ပုတ်သိုးနေတဲ့ သူတို့ရဲ့ ကိုယ်ကို သယ်ပိုးထားရင်း ရှိသမျှခွန်အားလေးနဲ့ သားပေါက်လေးတွေအတွက် ကျင်းတူးကြရပါသေးတယ်။ သားပေါက်စလေးတွေဟာလည်း ထင်းရှုးပင်ထိပ်က စွန်ရဲတို့၊ ကနေဒါတောနက်ကြီးတွေထဲက ၀က်ဝံဖြူ၊ ၀က်ဝံညိုတို့ရဲ့ လက်အောက်မှာလည်း ကျဆုံးသွားကြပါသေးတယ်။



ပင်ဂွင်းငှက်လေးတွေဟာ နောက်ဆုံးတော့ သူတို့သားမွှေးတွေဟာ ဆောင်းဒဏ်ခံနိုင်လောက်အောင် ထူထပ်လာပါပြီ။ မိခင်ဗိုက်အောက်ဝင်ပြီး ခြေထောက်ပေါ်က မဆင်းပဲ နေခဲ့ရာက၊ ရေခဲပြင်ပေါ်မှာ ပုပု၊ကားကားလေးတွေနဲ့ လမ်းလျှောက်တတ်ကြပါပြီ။ အဲဒီအချိန်မှာ မိခင်၊ဖခင်တွေဟာ သူတို့ကို ရေမခဲတခဲ၊ ပင်လယ်ဘက်ကိုခေါ်သွားပါတယ်။ ပြီးတော့ မိခင်ဖခင်တွေဟာ ပင်လယ်ထဲကို ခုန်ဆင်းပြီး တာဝန်တစ်ခုပြီးသွားလို့ ပေါ့ပါးသွားသလို၊ ကျေနပ်သွားသလို ရေထဲမှာ မြူးတူးဆော့ကစား၊ အစာလည်းစားရင်း လိုရာအရပ်ကိုထွက်ခွာသွားကြပါတော့တယ်။ ပင်ဂွင်းလေးတွေဟာ ဒီတိုင်းလေး ရပ်ကြည့်ပြီး ကျန်ခဲ့ကြပါတော့တယ်။ သူတို့ မိခင်ဖခင်တွေရဲ့ အသံကို မှတ်မိတဲ့ ငှက်ကလေးတွေဟာ သူတို့မိခင်ဖခင်ကို ဒါနောက်ဆုံးအကြိမ်တွေ့တာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်၊ ဘယ်တော့မှ ပြန်တွေ့ချင်မှလည်း တွေ့ကြပါတော့မယ်။




ဒီလိုပဲ ဆော်လမွန်ငါးမတွေဟာလည်း ကျင်းတူး၊ ဥဥပြီးတာနဲ့ အားပြတ်တဲ့ဒဏ်နဲ့ သေဆုံးသွားကြပါတယ်။ ပင်ဂွင်းလေးတွေကမှ မိဘနဲ့ အနည်းငယ်နေကြရပါသေးတယ်။ ငါးပေါက်လေးတွေကတော့ မိဘကို ဘယ်တော့မှ မမြင်ဖူးလိုက်ပါဘူး။



ပင်ဂွင်းလေးတွေကော၊ ဆော်လမွန်ငါးလေးတွေပါ သူတို့မွေးရာမြေကိုစွန့်ပြီး ပင်လယ်ထဲမှာ ကျက်စားကြပါတယ်။ ပင်ဂွင်းတွေကတော့ အန္တာတိကသမုဒ္ဒရာပြင်မှာ လေးငါးနှစ်ကြာအောင်နေပါတယ်။ ဆော်လမွန်ငါးတွေကတော့ ကမ္ဘာအနှံ့လျှောက်သွားကြတယ်။ တစ်နေ့တော့ သူတို့ ပြန်လာကြပါတယ်။ တစ်ခါပဲရောက်ဖူးတဲ့ မွေးရပ်မြေကို ကြယ်တွေကိုကြည့်လို့ ငါးလေးတွေကော ပင်ဂွင်းလေးတွေကပါ ပြန်ရောက်လာကြပါတယ်။


မေတ္တာတရားလို့ပြောမလား၊ တွန်းအားတွေလို့ပဲပြောမလား၊ ရုန်းကန်မှုတွေလို့ပဲပြောမလား၊ နောက်ဆုံး circle of life လို့ပဲဆိုဆို၊ ဒီလိုမျိုး ဖလင်တွေကြည့်မိတိုင်း ပီတိတစ်ခုကိုခံစားရခြင်းနဲ့အတူ အသက်ရှင်မှုတစ်ခုကို ကြောက်မိတယ်။ ပင်ဂွင်းတွေ အုပ်စုလိုက် တန်းစီချီတက်နေတာကိုကြည့်ပြီး ဒုက္ခသည်တွေလို့မြင်လာတယ်။ ဆော်လမွန်တွေ ရေကိုဆန်ပြီး ပျံတက်နေတာကို ခွန်အားလို့မြင်မိသလို ရုန်းကန်မှုတစ်ခုလို့မြင်တယ်။ လူသားတွေလည်း ဘာမှ မထူးပါလားလို့လဲ မြင်လာတယ်။ ဒုက္ခတရားတွေနဲ့ပြည့်နေတဲ့ ဒီလောကကြီးထဲကို မျိုးဆက်သစ်တွေကို ဘာကြောင့်ခေါ်ခေါ်လာနေကြတာလည်းဆိုတဲ့ existentialism ဆန်တဲ့အတွေးမျိုးတွေ တွေးမိသလို….


ဒီလိုရုန်းကန်မှုတွေကိုကြောက်လို့ life form တွေ ဒီလောက်လှတဲ့ ကမ္ဘာကြီးမှာ မရှိရတော့ဘူးလား၊ ဥပမာ.. အန္တာတိကဟာ ပင်ဂွင်းတွေ၊ ၀က်ဝံတွေ၊ ငါးတွေ၊ ရေဖျံတွေနဲ့ ကင်းမဲ့ပြီး ဘာ life form မှ မရှိဘဲ ခြောက်ကပ်တိတ်ဆိတ်နေရမှာလား….. လို့လဲတွေးမိတယ်။


ဘယ်လိုပဲဖြစ်ဖြစ်… ဘုရားသခင်ဖန်ဆင်းတယ်ပဲဆိုဆို၊ ဗြဟ္မာကြီးတွေကြောင့်ဖြစ်လာတယ်လို့ပဲ ဆိုဆို… အားလုံးဟာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ရပ်တည်နေထိုင်ကြရင်း၊ အချစ်၊ အလွမ်း၊ ကြေကွဲခြင်း၊ ၀မ်းမြောက်ခြင်းတွေနဲ့ အတူ၊ လူသားတွေလဲ လူသားဆန်စွာနဲ့ တိရစ္ဆာန်တွေဟာလဲ တစ်ခါတစ်ရံမှာ လူသားတွေထက် လူသားဆန်စွာနဲ့၊ နေတတ်ရင်ပျော်စရာကောင်းတဲ့၊ လောဘနဲ့ အတ္တတွေ သိပ်မများရင် သိပ်မဆိုးလှတဲ့ ဒီကမ္ဘာကြီးမှာ အချိန်အတိုင်းတာတစ်ခုထိတော အားလုံးဆက်လက်ရှင်သန်နေကြဦးမှာပါပဲ…။


hut1.png


ဓာတ်ပုံများကို webshots မှရရှိပါတယ်

Comments from www.ainchannmyay.com


ဒီပို့စ်လေးဖတ်ပြီး မလေးတွေးသလိုပဲ လိုက်တွေးမိတယ်.
စိတ်မကောင်းစရာခံစားချက်တွေနဲ့အတူ သံသရာ ၀ဋ်ဆင်းရဲတစ်ခုကိုလည်း မြင်လိုက်မိတယ်.

နေရပ်ကိုပြန်ရင်း အရှင်လတ်လတ် ပုပ်သိုးနေကြတဲ့ ဆော်လမွန်ငါးတွေ ဆိုတဲ့ စာသားလေးတွေနေရာမှာ
အရှင်လတ်လတ် ရင့်ရော်အိုမင်းလာနေရင်း ဘ၀နိဂုံးကို ချီတက်သွားလာနေကြတဲ့ ကျွန်တော်တို့ လူသားတွေကို မြင်ယောင်လာမိတယ်.

အရှိကို အရှိအတိုင်း မြင်နိုင်ဖို့ ကြိုးစားကြည့်လေလေ မြင်နိုင်စွမ်းအားတွေ ပိုမြင့်လာပြီး ဘယ်အရာမှ ရှိမနေဘူးဆိုတာ ခံစားနားလည်လာလေလေ ဖြစ်ရတယ်.
မလေးရဲ့ ပို့စ်လေးက အမြဲတမ်းနောက်ပြောင်တတ်တဲ့ ကျွန်တော့်ကို ဒီတစ်ခါ တော်တော်လေး တွေးစရာလေးတွေ ပေးသွားတယ်.

ဖူးးးးးးး
ရင်မောတယ်ဗျာ.

ကျွန်တော်ဘုန်းကြီးဝတ်သွားဖြစ်ရင် မလေးကြောင့်…….
မလေးအိမ်ကိုကြွပြီး ပန်းသီးငါးပိချက်ကို တစ်ဝကြီး ဘုဉ်းပေးပစ်ဦးမယ်.
အဟတ်ဟတ်.

(ပြောရင်းနဲ့ ဖောက်သွားပြီ. ဆောရီး..)
:)

ကောင်းသောညလေးဖြစ်ပါစေ မလေး..

Y.
Comment by Yan — April 13, 2009 @ 5:51 pm

အစ်မရေ ဒီပို့စ်လေးတစ်ကယ်ဖတ်လို့ကောင်းတယ်..ဗဟုသုတလည်းရတယ်..။ အသက်တစ်ချောင်းဖြစ်လာဖို့ဆိုတာ တကယ်တော့မလွယ်လှဘူးနော်… ဖြစ်လာရင်တောင် ဆက်လက်ရှင်သန်ဖို့က အများကြီးရုန်းကန်ရမှာ။ ပြောရင်းနဲ့တောင် ရုန်းကန်ဆိုတဲ့စကားပါလာပြီ.. သိပ်အများကြီးမတွေးပါနဲ့ ကျွန်တော်ဆိုတစ်ခါတစ်လေတွေးဖြစ်ရင် ဘ၀ကိုတောင်စိတ်ကုန်လာတယ်..။
Comment by Phyo Evergreen — April 13, 2009 @ 6:00 pm


အဲဒီရုပ်ရှင်လေး ကြည့်ဖူးတယ်။ မလေးရေးထားတာ ဖတ်ရင်း ပြန်ကြည့်ချင်လာပြီ။ ဖြစ်တည်မှုဆိုတာ ဒုက္ခလို့ ဆိုကြတယ် မဟုတ်လား။
Comment by ပုံရိပ် — April 13, 2009 @ 6:15 pm

မလေးရေ ……… ရုံးမသွားခင် ရေလောင်းမယ်ဆိုပြီး မလေးဆ်ီင်လာတာ။ ဒီပိုစ့်လေးကိုဖတ်ပြီး စိတ်မကောင်းဖြစ်သွားတယ်။ လူ့ဘ၀မှ မဟုတ်ဘူးနော် ဘ၀တိုင်း ဘ၀တိုင်းမှာ ဒီလိုပဲ ရုန်းကန်နေရတာပဲ။ ဗဟုသုတလေးတွေ မျှဝေပေးလို့ ကျေးဇူးတင်ပါတယ်နော်။
ရောက်လာမှတော့ ရေလောင်းပြီးမှပြန်မယ်နော်။ ရုံးနောက်ကျရင်ကျပစေ။ ဟီး
ရေလာပက်ပြီနော်….. ဗွမ်းးးးး ဗွမ်းးးးး ဗွမ်းးးးး ဗွမ်းးးးး ဗွမ်းးးးး ဗွမ်းးးးး ဗွမ်းးးးး ဗွမ်းးးးး
ခင်မင်လေးစားလျှက်
မေတ္တာရောင်ပြန်
Comment by မေတ္တာရောင်ပြန် — April 13, 2009 @ 7:19 pm

မင်္ဂလာနှစ်သစ်ပါ မလေးရေ… ပျော်ရွှင်ပါစေနော်…
ရေလောင်းသွားပါတယ်… ဗွမ်းးးးးးးးးး အိုးမဲလဲ သုတ်သွားတယ်…
ခင်မင်လျက်
ညလေး
Comment by ညလေး — April 14, 2009 @ 5:14 am

တင်ပြတဲ့ အကြောင်းအရာကောင်းလိုက်တာ။ ဒီပိုစ့်လေးလို ဒီလိုအတွေးမျိုးတွေကို
အခု ဖြစ်နေကြတဲ့ စစ်ပွဲတွေ တိုက်ပွဲတွေက လူတွေ၊ အာဏာရယူလိုသူတွေ အားလုံး သတိမူကြရင် ကောင်းမှာပဲနော်။
အများခေါ်သလို မလေးပေါ့နော်၊ မလေးရေ။
သတ္တ၀ါရယ်လို့ဖြစ်လာမှတော့ ဒုက္ခဆိုတာ သိသိကြီးနဲ့ပေါ့။
ဖြစ်လာပြီးမှတော့ သံသရာစက်ဝိုင်းထဲ ကျင်လည်နေရပြီပဲ၊ ဘ၀တခုမှာ တန်ဖိုးရှိသွားအောင်
ကိုယ်ကိုယ်တိုင်ကစ ကောင်းအောင်နေကြရတော့မှာပေါ့။
Comment by အပြုံးပန်း — April 14, 2009 @ 6:25 am

မလေး…
မလေးပို့စ်ကို ဖတ်ပြီး ငိုင်သွားတယ်။
စိတ်ညစ်ရင် ချစ်စုအရမ်းညည်းတယ်။
စိတ်ညစ်တယ်။ သေချင်တယ်လို့။
ဒါပေမဲ့ ဒီပို့စ်လေးဖတ်ပြီးသွားတဲ့အချိန်မှာတော့
တိရိစ္ဆာန်လေးတွေတောင် ရုံးကန်လှုပ်ရှားနိုင်ရင်
ငါလည်း ဘာလို့မလုပ်နိုင်ရမှာလဲ ဆိုတဲ့ အားတခုရလိုက်တယ်အစ်မေ၇..။
ရေပက်လိုက်တယ်။ ဗွမ်း …. ဗွမ်း….
Comment by ချစ်စု — April 14, 2009 @ 8:08 am

သာမန် တွေးရိုးတွေးစဉ် အတွေးမျိုးထက် ပိုပြီးလေးလေးနက်နက် တွေးထားပါလား စာရေးသူရယ်….. ပုံမှန်ကြည့်ရင် နားထောင်ရင် သြော် ပင်ဂွင်း အစုအဝေးကြီး ရေကြည်ရာမြက်နုရာရှာတာပါလားလို့ တွေးကြမဲ့ အစီအစဉ်လေးကို စာရေးသူကလူတွေနဲ့ ယှဉ်ပြီး ချပြထားတဲ့ အတွေးအခေါ်လေးက တစ်အားကို လှတယ်၊
ကျွန်တော့်အတွက်တော့ တစ်ခုလေးဘဲ ပြောင်းရေးစေချင်တာပါ…..
*****ဒီကြားထဲမှာ ဆောင်းမုန်တိုင်းဒဏ်ကို စည်းလုံးညီညွှတ်စာ ကျောပေးပြီး အန်တုတာတွေ၊ တစ်လှည့်စီကင်းစောင့်တာတွေ စတဲ့ တိရစ္ဆာန်ဆန်တဲ့ စိတ်ဓာတ်တွေကို တွေ့ရပါတယ်။*****……..
နည်းနည်းတော့ ပြောင်းပြန်ဖြစ်နေသလားလို့ပါ ဆရာမကြီးရယ်… နော်
လူသားလေးများ ဆန်သွားလိုက်ပါလား
Comment by ဒေါင်းသေချောင်းမှာပျော်သည့် ကျား — April 14, 2009 @ 1:56 pm

မနက်စောစော ရေခဲရေအေးအေးနဲ့ရေလောင်းပြီဝေးးးးးး ဗွမ်းးးးးး ဗွမ်းးးးးး ဗွမ်းးးးးး ဗွမ်းးးးးး ဗွမ်းးးးးး ဗွမ်းးးးးး ဗွမ်းးးးးး ဗွမ်းးးးးး ဗွမ်းးးးးး ဗွမ်းးးးးး ဗွမ်းးးးးး ဗွမ်းးးးးး ဗွမ်းးးးးး ဗွမ်းးးးးး
Comment by မေတ္တာရောင်ပြန် — April 14, 2009 @ 8:34 pm

အမရေ.. ဒီပိုစ့်လေးက တွေးစရာအတော်လေးကို ပေးပါတယ်.. တိုက်တိုက်ဆိုင်ဆိုင် ဒီနေ ဥပုသ်စောင့်ထားလို နေ့လည်ကလည်း ဘုရားစာအုပ်တွေ ဖတ်နေတာ ခုဒါလေးပါ ဖတ်ရတော့ တောထွက်ချင်စိတ်ပေါက်သွားတယ်… vacation ပါ :D
Comment by Pinkgold — April 15, 2009 @ 6:55 am

2 comments:

ဝေလေး said...

Happy Feet ဆိုတဲ့ ပင်ဂွင်းအကြောင်းလေး ကြည့်လိုက်ရတယ်။ ဟိုတစ်လောကလည်း တီဗီကလာတဲ့ ပင်ဂွင်းတွေအကြောင်း နည်းနည်းကြည့်ဖြစ်လိုက်သေးတယ်။ ဒါပေမယ့် မမ တွေးသလိုမတွေးဖြစ်မိဘူး။ နှင်းတောထဲမှာ ချမ်းလွန်းလို့တုန်နေကြတဲ့ ပင်ဂွင်းလေးတွေကြည့်ပြီး သနားတာပဲသိလိုက်တယ်။ ဒီပို့စ်ဖတ်ပြီးမှ ပင်ဂွင်းတွေရဲ့ နေထိုင်ရှင်သန်မှု ဘဝပုံစံကို သိလိုက်ရတယ်။ ဆော်လမွန်ငါးလေးတွေအကြောင်းရောပေါ့။

ပြည်ကောင်းအောင် said...

ဒီနေ့မှ ဒီ post ကို ဖတ်ဖြစ်တယ်။ နောင်ဆိုရင် မိဘမေတ္တာအကြောင်း ပြောချင်ရင် ဆော်(လ)မွန်ငါး နဲ့ ပင်ဂွင်းငှက်တို့ကို နမူနာပြတာ ကောင်းမယ် ထင်တယ်။ ကျနော်က Buddhist အစစ်တယောက် ဟုတ်ပုံမရ၊ Naturalist ( in theology ) ပဲ ဖြစ်ပုံရတော့ ဒီလို အထက်တန်းကျတဲ့ maternal/ paternal instincts တွေကို မြင်ရ၊ ကြားရတိုင်း “ငါတို့ကမ္ဘာက လှလိုက်တာ” ဆိုပြီး ကြည်ကြည်နူးနူးလေး ဖြစ်မိပါတယ်။ ( ဗုဒ္ဓ ဝါဒ အလိုအရ ကတော့ ဒီ လောကကိုခင်တွယ်စိတ်၊ ဘဝကိုခုံမင်စိတ် ကို “ဘဝတဏှာ” ရယ်လို့ ဆိုပြီး သိပ် အားမပေးလောက်ဘူး ထင်တယ်။ ကျနော်ကတော့ Buddhist မစစ်ရလည်း နေပါစေတော့၊ ဒီလောက် ချစ်ဖို့ ကောင်းတာကို မချစ်ရလို့တော့ဖြင့် မဖြစ်ဘူး။း))

တခါတုန်းက စာထဲမှာ ဖတ်ဖူးတာက “လူဟာ အင်မတန် သတ္တိ ကောင်းတယ်” တဲ့။ မိမိ သေရမယ်မှန်း ကြိုသိတာ လူသတ္တဝါ တမျိုးတည်း ပဲရှိတယ်။ ဒါနဲ့တောင် ရယ်စရာရှိရင် ရယ်နေနိုင်ပြီး၊ မသေခင် လုပ်စရာရှိတာတွေ ( ချစ်ရေး ကြိုက်ရေး၊ အိမ်ထောင်သားမွေး ကိစ္စ) ကို တည်တည် ငြိမ်ငြိမ်နဲ့ လုပ်သွား နိုင်တာ နည်းနည်းနောနော သတ္တိ မဟုတ်ဘူးတဲ့။ ဟုတ်တုတ်တုတ်..း))

LinkWithin

Related Posts Plugin for WordPress, Blogger...