မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Sunday, March 15, 2009

ရှေးဟောင်းစာတစ်မျက်နှာ

ကိုယ်က ချစ်ချစ်တောက်ပူနေသည်။ ခေါင်းတွေက ထိုးကိုက်နေသည်။ ရှေ့မှာရပ်နေသော ပုံ၇ိပ်တစ်ခုက လက်ထဲကို စာအုပ်တစ်အုပ်ကို အတင်းထိုးထည့်ပေးနေသည်။

"မယူချင်ဘူး"

"မယူချင်လဲ ခဏလေးဖြစ်ဖြစ် ဖွင့်ကြည့်ပါနော်"

"မကြည့်ချင်ဘူး၊ မြင်ပြီးလဲ ဘာမှမထူးဘူးလေ"

"ခဏလေးပါ၊ ပြီးတော့ နွှင့်ပစ်ချင်လဲပစ်လိုက်.. နော်"
သူမ လက်ထဲကို အတင်းထိုးပေးနေသည်က အပြာရောင် scrap book တစ်အုပ်

"ကျမ မယူချင်ဘူးလို့ ပြောပြီးပြီ၊ ကျမ မယူသင့်ဘူး၊ ယူလို့လဲမရဘူး၊ ယူချင်စိတ်လဲမရှိဘူး"

"ခဏလေးပါဗျာ၊ မယူလဲ ကြည့်ရုံလေးကြည့်ပေးပါ၊ ကျနော့်ခံစားချက်လေး တစ်စွန်းတစ်စ မြင်ပေးသွားပါ။ ဒီစာအုပ်တစ်အုပ်လုံးဟာ ခင်ဗျားအတွက် ကျနော့ရဲ့ သွေးတွေပါ။ "


စိတ်ရှုပ်စွာသက်ပြင်းချပြီး စာအုပ်ကို မရဲတရဲဖွင့်ကြည့်လိုက်သည်။
စာအုပ်ထဲက အာဖရိကဗုံသံတွေ၊ တယောသံတွေ၊ အပြာရောင်ခြေအိပ်တွေ၊ ကိုငှက်ကြီးရဲ့ သီချင်းသံတွေ နဲ့ ကဗျာတိုကဗျာစ၊ သီချင်းအပိုင်းအစတွေ ခုန်ပျံထွက်လာသည်။

"ကံကြမ္မာအဖျားတက် လေလေ
ချစ်ခြင်မေတ္တာ အားကောင်းလေလေ ပဲ
မျက်လုံးချင်း လွတ်ထွက်သွားမှာစိုးလို့ 
အသက်ငွေ့ ငွေ့ တောင် မရှုရှိုက်ရဲ ဘူး
ကျနော်တို့  နှုတ်ခမ်းများနဲ့ 
မနက်ဖြန်ကို ယက်ဖောက်နေတဲ့
ခဏ"


"ပိတောက်တွေ ရွှေရည်လူးခဲ့ ပေါ့လေ ပုလဲငုံ စံပါယ်ဖြူ ဖူးခိုက်ဝေဝေ
ပန်မျိုးစုံ ရာသီဆုံကူးခဲ့ပေါ့လေ
ချစ်သူ ကို ရည်စူးခူးလှဲ့ လို့ ချွေ
ကိုယ်တိုင်လှရာရာ ရွေးလို့  ဆင်မပေးရ ဆံမြညှာကေ
စစ်မြေမှာ ကြာညောင်ရက်ရှည် ရောက်မယ်ထင်တဲ့ မျော်တဲ့ သူပူဗျာပွေ ထွေထွေ ဆွေးရှာတော့မယ်လေ..."


"နိဗ္ဗာန် ကို ဝင်တဲ့ အခါ ချစ်သူနှစ်ဦးလက်တွဲ ဝင်လို့ မရတဲ့ အတွက် သံသယာမှာပဲ နှစ်ယောက်တွဲ ဆက်ကျင်လည်မယ်"


"ရှင့်ဟာက ဘာတွေလဲရှင်"

သူဘာမှပြန်မဖြေ။
စာအုပ်ထဲမှာ အခြားသော ဖြတ်၊ကပ်၊ညှပ်ပုံလေးတွေ၊ ပန်းချီတွေ၊ ကဗျာတွေ၊ စာစုတွေကြားက ရီဝေနေတဲ့ မျက်ဝန်းတစ်စုံ၊ ထိုမျက်ဝန်းထဲမှာ သူမ၏ ပုံရိပ်။ နောက်မျက်ဝန်းတစ်ခုထဲမှာ သူသေဆုံးလျှင် လဲလျောင်းမည့် အုတ်ဂူ။ နောက်ပြီး ထိုစာအုပ်လေးထဲမှာ သူမအကြိုက်ဆုံးသီချင်းသံစဉ်တွေ သာယာငြိမ့်ငြောင်းစွာ လွင့်မျောနေသည်။

"ရော့ နေမကောင်းနေတုန်း ကော်ဖီပူလေးသောက်လိုက်နော်၊ ကျနော် သံပုရာသီးလေးပါ ညှစ်ခဲ့ပေးတယ် နောက်ပြီး ကဗျာလေးတွေလဲ အများကြီး စပ်ထားပေးသေးတယ်။ နေကောင်းတော့ဖတ်လို့ရအောင်လေ"

ကော်ဖီခွက်ကို လှမ်းယူစဉ် အပေါက်ဝမှ အလင်းရောင်တန်းတွေ ၀င်လာသည်။
အလင်းရောင်ကို ကျောပေးပြီး မိန်းမနစ်ဦးရပ်နေသည်။

"အဲဒီစာအုပ်က အတုအယောင်၊ ဟန်ပြပါ"
"ဟုတ်တယ်…. အဲဒီအထဲက ခံစားချက်တွေဟာ အကုန်လုံး အတုအယောင်တွေချည်းပဲ"
စာအုပ်ကို တုန်ယင်စွာပိတ်လိုက်ပြီး သူမ ရင်မှာ အပ်ထားမိသည်။

"မ ဟုတ်ဘူး.. လုံးဝမဟုတ်ဘူး။ ဒါတွေဟာ အစစ်တွေချည်းပါ။ သူတို့ ကျနော် ခင်ဗျားအပေါ်မှာထားတဲ့ အချစ်ကို သူတို့ မနာလိုလို့ပြောတာ၊ ကျနော် ခင်ဗျားကို ဒီလောက်ချစ်တာ မသိဘူးလားဟင်"
မျက်ရည်ဝိုင်းသော မျက်လုံးတွေနှင့် စိုက်ကြည့်နေသော သူ့ပုံရိပ်က တဖြည်းဖြည်းေ၀၀ါးလာနေသည်။ တံခါးဝမှာ ရပ်နေသော မိန်းမအရိပ်နှစ်ခုကလဲေ၀၀ါးလို့ ကွယ်ပျောက်သွားသည်။
သူ့ကို အံ့သြစွာ စိုက်ကြည့်နေမိသည်။

"ဟန်ဆောင်ကောင်းလိုက်တာနော်…."

"မဟုတ်ဘူး၊ မဟုတ်ဘူး… ကျနော်.. ကျနော်…."

သူ့ ပုံရိပ်က သူမစိုက်ကြည့်နေစဉ်မှာပင် မှုန်ဝါးလာရာမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
သူမ ငုတ်တုပ်ဆက်ထိုင်နေသည်။ သူမ ပေါင်ပေါ်မှာတော့ အပြာရောင်စာအုပ်က ငြိမ်သက်စွာလဲလျောင်းနေသည်။

အခန်းတစ်ခန်းလုံးက တိတ်ဆိတ်ငြိမ်သက်နေပါတော့သည်။

5 comments:

တန်ခူး said...

ကြားလေသွေးရင် ဝေးတတ်တယ်တဲ့အိမ့်ရေ…
ညွှန်းလွန်းဖွဲ့ လွန်းရင် ခံစားချက်တွေ ပေါ့သွားသလို ဖြစ်ပေမယ့်
ဟန်ဆောင်မှုတွေဟာ တခါတခါ မျက်လုံးထဲမှာ ဖြတ်ကနဲ ပေါ်လာတတ်သလားလို့ …
ရည်ရွယ်ခံရသူရဲ့ နှလုံးသားမှာ ခံစားလို့  ရခဲ့ရင် သူဟန်ဆောင်နေတာ ဟုတ်ချင်မှ ဟုတ်မှာပါ…

မောင်မျိုး said...

သူပြောတာကို ဘာကြောင့် မယုံပေးလိုက်တာလဲ အစစ်တွေချည်းပဲတဲ့ ဘယ်လောက်အသဲမာတဲ့ယောက်ျားတစ်ယောက်ပဲ
ဖြစ်ဖြစ် တကယ်ချစ်မိသွားခဲ့ရင်တော့ အရာရာကလည်း ဆုံးရှုံးသွားသလိုပါပဲ...မဟုတ်တာကို မဟုတ်ဘူးပြောပေမယ့် ယုံကြည်မှုကိုရပိုင်ခွင့်မရှိတော့လည်း တိတ်ဆိတ် ငြိမ်နေမိလိုက်တယ် အဲ့လို ဆိတ်ဆိတ်နေခြင်းကိုကော ၀န်ခံခြင်းလို့သတ်မှတ်ကြတယ်လား။ွ၊

“စာစုတွေကြားက ရီဝေနေတဲ့ မျက်ဝန်းတစ်စုံ၊ ထိုမျက်ဝန်းထဲမှာ သူမ၏ ပုံရိပ်။ ”

အဲ့မျက်ဝန်းတွေကြားမှာ အရည်လဲ့နေတယ် တွေ့အောင်ရှာကြည့်နော့် ယောက်ျားတွေလည်း အချစ်အတွက် မျက်ရည်ဝဲခွင့်မရှိဘူးလို့ ဘယ်သူကပြောလဲ ???

(အစ်မပို့စ်နဲ့လည်း မဆိုင်သလိုဖြစ်နေတယ်ဗျ ကျနော်ရေးခဲ့တဲ့ မှတ်ချက်က ရေးသူလည်းဖွဲ့ချင်တာဖွဲ့ ဖတ်သူကလည်း ဖတ်ချင်တာဖတ်စိတ်ထဲ ခံစားမိတာ ရေးချလိုက်မိပြီး ဖြစ်တယ်ဟုတ် :P)

Phyo Evergreen said...

I'll come back to put a comment. My com is currently in hospital..that's why.

Phyo Evergreen said...

"မ ဟုတ်ဘူး.. လုံးဝမဟုတ်ဘူး" လို့အတင်းငြင်းစရာမလိုဘူးလို့ထင်ပါတယ်..တကယ် မှန်တယ်ဆိုရင်လေ......၊ "အစစ်တွေပါချည်းပါ"လို့ဆို တော့ အတုတွေရော ရောပါနေခဲ့ဖူးလို့လား..ဒါမှမဟုတ်ရှိခဲ့လို့လား..၊ "သူတို့မနာလိုလို့ပြောတာ"ကိုခံစားရသလောက် စစ်မှန်တယ်ဆိုရင် "ကိုယ့်ကိုယုံပါ"ဆိုတဲ့စကားတစ်ခွန်းနဲ့တင် မလုံလောက်ဘူးလား................။ တကယ်သိချင်ရင် မျက်စိကိုမှိတ်လို့ သေချာနားထောင်ကြည့် နှလုံးသားကတိုးတိုးလေးပြောလိမ့်မယ်..။

Phyo Evergreen said...

အစ်မရေ ကောမန့်မပြန်သေးဘူးလား... စောင့်နေတာ..။ ဒီခုကောမန့်ကိုတော့ဖျက်ချင်ဖျက်လိုက်နော်.. message သဘောအနေနဲ့ရေးတာ။

LinkWithin

Related Posts Plugin for WordPress, Blogger...