မင်္ဂလာပါရှင်.. ဒီဘလောဂ်လေးကို ၂၀၀၆ သြဂုတ်လမှာ စတင်ရေးခဲ့ပါတယ်။ အခုတော့ အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှာ စာတွေ ဆက်ရေးနေကြောင်းပါ...။
လာလည်သော လူနည်းစု မောင်နှမများကို ကျေးဇူးတင်ပါတယ်ရှင်။

Friday, March 06, 2009

မြန်မာ့အယ်ဒီတာများ

interview2.jpgမြန်မာပြည်ကအပြန် အရင်တစ်ခါတွေတုန်းကလိုပဲ ကောင်းနိုးရာရာ စာအုပ်လေးတွေ ၀ယ်ဖြစ်ခဲ့တယ်။ အချို့စာအုပ်တွေက ဖတ်ဖူးပြီးသားပေမယ့်လဲ စာအုပ်စင်မှာ ထားချင်တာနဲ့ ၀ယ်ဖြစ်ခဲ့ပါတယ်။ ကျမ ရန်ကုန်ကိုရောက်နေချိန်မှာ အင်းဝစာအုပ်တိုက်ကလဲ အမျိုးသမီးစာရေးဆရာမများရဲ့ စာအုပ်ရောင်းပွဲ ကျင်းပနေတာနဲ့ ကြုံတော့ အင်းဝ စာအုပ်ဆိုင်ထဲ ၀င်သွားလိုက်တာနဲ့ လူတွေက ကြိတ်ကြိတ်တိုး၊ စာအုပ်တွေကလဲ အမျိုးမျိုးပါပဲ။


ကျမရဲ့ အပြန်ခရီးဆောင်အိတ်ထဲမှာ ဒန်အိုးတွေရယ်၊ ပန်းပုတွေရယ်၊ စာအုပ်တွေရယ်နဲ့ ပြည့်သိပ်နေတော့၊ စာအုပ်တွေကိုတော့ မပိမပြားမခေါက်သွားအောင် အ၀တ်နဲ့ပတ်ပြီး သယ်လာခဲ့တယ်။ ကနေဒါပြန်အရောက် ရာသီဥတုအေးအေးချမ်းချမ်းနဲ့ အိမ်ရှေ့ခန်းမီးပုံဘေးမှာ ၀ယ်လာတဲ့ စာအုပ်တွေကို တစ်အုပ်ပြီးတစ်အုပ် ဖတ်ကြည့်တဲ့အခါမှာ၊ ကိုယ်ကြိုက်မယ်ထင်ထားတဲ့၊ ကိုယ်အရမ်းမျှော်လင့်ထားတဲ့ စာအုပ်တွေက ထင်သလိုမဟုတ်ဘဲ၊ ကိုယ်လုံးဝ မမျှော်လင့်ထားတဲ့ စာအုပ်လေးတွေက စိတ်ကို လာပြီး ထိတွေ့ပါတယ်။


အပေါ်မှာ ပြထားတဲ့ ကောင်းကျော် (စီးပွားရေးတက္ကသိုလ်) ရဲ့ အယ်ဒီတာများနှင့် တွေ့ဆုံခြင်း ဆိုတဲ့ စာအုပ်လေးကတော့ Ocean Superstore က ၀ယ်လာတာပါ။ ကျပ်ငါးရာလားပဲပေးရပါတယ်။ ငါးဆယ်ဆင့်ပေါ့နော်..။ အဲဒီငါးဆယ်ဆင့်ပဲပေးရတဲ့ စာအုပ်ပါးပါးလေးဟာ ဗဟုသုတတွေအများကြီး ကျမကို ပေးလိုက်လို့ စာဖတ်သူများနဲ့ အနည်းငယ်မျှဝေလိုပါတယ်။ (ဆိုလိုတာ.. အချို့အရာတွေကို ငွေကြေးနဲ့ တန်ဘိုးဖြတ်လို့မရဘူးလို့ ဆိုလိုချင်တာပါ)။



ပထမဦးဆုံး အယ်ဒီတာ ခင်မောင်တိုး (မိုးမိတ်)နဲ့ တွေ့ဆုံခန်းမှာ ဆရာ့ကို စာရေးချင်စိတ်ဖြစ်လာအောင် စေ့ဆော်ခဲ့တာတွေကတော့ မြ၀တီမဂ္ဂဇင်း၊ စာရေးဆရာကြည်မြ နဲ့ တောင်ငူ အလွတ်သင်ဆရာဘ၀ အတွေ့အကြုံတွေက စေ့ဆော်ခဲ့တာလို့ ဆိုပါတယ်။ ဆရာ အသက် ၁၂နှစ်အရွယ်တုန်းက ဖတ်ခဲ့ရတဲ့ မြ၀တီမဂ္ဂဇင်း အတွဲ(၁)၊ အမှတ် (၁)ဟာ ၂ကျပ်ပေးရတယ်လို့ ဆိုပါတယ်။ နောက် ဆရာ့ရဲ့ စာရေးဆရာ ဘ၀အတွေ့အကြုံတွေကို ဆက်ဖတ်ရပါတယ်။ နောက်ဆုံးမှာ ဆရာ့ကို မေးခွန်းတစ်ခု အင်တာဗြူးသူက မေးပါတယ်။ မဂ္ဂဇင်းတွေ ပန်းဝင်ကောင်းအောင် ဘယ်လိုအမှာစကားပြောချင်ပါသလဲတဲ့...။
ဆရာက ဖြေပါတယ်...။


"စာပေစိတ်နဲ့ စာပေလုပ်ငန်းမလုပ်ပါနဲ့။
စာပေစိတ်မရှိဘဲနဲ့ စာပေစီးပွားရေးလုပ်ပါ။
အောင်မြင်ပါလိမ့်မယ်။ ဒါ...... အမှန်ပဲဗျာ။"

ကျမ အဲဒီစာပိုဒ်ဖတ်အပြီးမှာ အချိန်တော်တော်လေးကြာအောင် စဉ်းစားခန်းဝင်နေမိခဲ့တယ်။

ဒုတိယတစ်ယောက်အနေနဲ့ အယ်ဒီတာ ဆရာနတ်နွယ်က ခံစားချက်လေးတွေ ဝေမျှပါတယ်။
၁၉၅၇ မှာ လုံးချင်း (၃)အုပ် ထွက်ဖြစ်တယ်။ ၁၉၆၃ နောက်ပိုင်းမှာတော့ လုံးချင်း (ရ) အုပ်ထိ ထွက်အောင်ရေးနိုင်တယ်လို့ ဆိုပါတယ်။

အယ်ဒီတာတွေဟာ ထုတ်မယ့် မူ ကို နိုင်နင်းရမယ်လို့ဆိုပါတယ်။ အဲဒါကို မနိုင်နင်းရင်တော့ စာမူစုထည့်သူ ပဲ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ အယ်ဒီတာတွေဟာ စာရေးဆရာတွေကို လေးစားရမယ်။ လိုအပ်လာလို့ ပြင်ဆင်ချင်ရင် ညှိနှိုင်းရမယ်၊ အကြောင်းအရာနဲ့ ပတ်သက်လာရင် သဘောတူညီမှုရအောင် ညှိရမယ်။ စာရေးသူက ဒါကိုတော့ မဖြုတ်ပါနဲ့၊ မပြင်ပါနဲ့ဆိုရင် စာရေးသူ သဘောဖြစ်ရမယ်လို့ ဆိုထားပါတယ်။


စာပေနဲ့ ပတ်သက်လာရင် အယ်ဒီတာတွေဟာ အရှိန်အ၀ါ၊ သြဇာ၊ ရင်းနှီးမှုတွေကို ရှောင်နိုင်ဖို့ လိုတယ်လို့လဲ ဆိုထားပါတယ်။


တတိယအနေနဲ့ အယ်ဒီတာ ဆရာချစ်ဝင်းမောင် ကို တွေ့ဆုံခန်းမှာ ဆရာ့ရဲ့ ပထမဆုံး ပုံနှိပ်စာလေးကို မြ၀တီစာတိုက်ကနေ မြင်ရတယ်လို့ ဆိုပါတယ်။ စာမူခ ၃၀ကျပ်ရတယ်လို့ ဆိုပါတယ်။ ပထမနှစ်မှာ သိပ္ပံတွဲယူပြီး နောက်တော့ မြန်မာစာကို ပြောင်းယူလိုက်တဲ့ ဆရာချစ်ဝင်းမောင်ဟာ၊ တွေ့ဆုံခန်းမှာ အင်္ဂလိပ်လို ညှပ်ညှပ်ပြောတာကို ကျမ သတိထားမိပါတယ်။ နောက်ပြီး ဒီကနေ့ ရေပန်းစားနေတဲ့ ဂမ္ဘီရဆိုတာကို သူက သိပ်ပြီးသဘောကျပုံမရဘူး။ ဂမ္ဘီရဟာ ဂျပန်မှာရှိတဲ့ ဂုဏ်းကြောင့် လူတွေ ထင်ယောင်ဝိုးဝါးဖြစ်စေပြီး၊ မွန်းကျပ်နေတဲ့ လူ့အစည်းအဖွဲ့ထဲက လူတချို့ရဲ့ ထွက်ပေါက်ရှာယုံကြည်ကိုးကွယ်တဲ့ သဘောနဲ့ တူနေတယ်လို့ ဆိုထားပါတယ်။ ဒီနေရာမှာတော့ ကျမ တွေးခေါ်တာနဲ့ ဆရာချစ်ဝင်းမောင်တွေးတာ ကွဲပြားမှုရှိနေပါတယ်။ လူ့သဘာဝအရ ယုံကြည်ချက်၊ ခံယူချက်၊ ခံစားချက်တွေဟာ ဘယ်လိုနည်းနဲ့မှ တသတ်မှတ်တည်းဖြစ်မနေနိုင်ဘူး (ဖြစ်လဲမဖြစ်သင့်ဘူး) လို့ ကျမ ယူဆမိလို့ပါ။


ဒီနေ့ မြန်မာ မဂ္ဂဇင်းတွေပေါ်မှာမြင်တဲ့ အမြင်ကတော့ အားရကျေနပ်စရာ တစ်အုပ်စ နှစ်အုပ်စပဲ ရှိတယ်လို့ ဆိုပါတယ်။ အယ်ဒီတာများဟာ trend ဆိုတဲ့ စကားကို သုံးကြတာကို ကျမ တွေ့ရတယ်။ ကမ္ဘာပေါ်က မဂ္ဂဇင်းတွေဟာ literature၊ ဖက်ရှင်၊ အားကစား စသဖြင့် သန့်သန့်တွေလုပ်နေကြချိန်မှာ မြန်မာပြည်က မဂ္ဂဇင်းတွေကတော့ ဖော်မြူလာတစ်ခုလို အစုံထည့်တယ်လို့ သူကဆိုပါတယ်။


ဆရာ့စေတနာကို ကျမ နားလည်ပေမယ့် ကျမတို့ တိုင်းပြည်မှာ ဒီလိုသတ်သတ်ခွဲထုတ်ရအောင် literature၊ ဖက်ရှင်၊ အားကစား စသဖြင့် ကျယ်ကျယ်ပြန့်ပြန့် မရှိသေးတာလဲ ပါလိမ့်မယ်ထင်ပါတယ်။



ဆရာဆက်ပြောတာကတော့ ဂျာနယ်လဇ်စ်တွေဟာ မင်းသား၊ မင်းသမီး နဲ့ အဆိုတော်တွေကို ဗြူးနေရုံလောက်နဲ့တော့ ဂျာနယ်လဇ်စ်မဟုတ်ဖူးလို့ ဆိုပါတယ်။ တကယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေကို ယေဘုယျကျကျ သုံးသပ်နိုင်တဲ့ အရည်အချင်းတွေရှိရမယ်လို့ ဆိုပါတယ်။
ကဗျာဆရာတွေဟာ ကဗျာရေးတာ၊ ၀တ္ထုဆရာက ၀တ္ထုရေးတာ အကောင်းဆုံးပဲလို့ဆိုပါတယ်။ ရွှေဥဒေါင်းတို့လို၊ ပီမိုးနင်းတို့လို စာစုံရေးနိုင်ရင်တော့ အကောင်းဆုံးလို့ ဆိုပါတယ်။

သူပြောတဲ့အထဲမှာ ကျမအတွက် အဖိုးတန်တဲ့ စကားတစ်ခုကတော့...


ဝတ္ထုတိုကောင်းတစ်ပုဒ်ဆိုရာမှာ..
(၁) အနုပညာမြောက်ရမယ်...
(၂) ဒဿန တစ်ခုခုပါရမယ်....
အနုပညာမမြောက်ဘဲ အချက်အလက် ပေးရုံအဆင့်နဲ့ ၀တ္ထုတစ်ပုဒ်အဖြစ် မသတ်မှတ်ချင်ဘူး။ မိမိခံစားမှုမပါဘဲ ၀ါဒတစ်ခုရဲ့ သြဇာခံသက်သက်၊ ကြွေးကြော်သံသက်သက်၊ လူကြားကောင်းအောင် ရေးတဲ့ဝတ္ထုမျိုးတွေ ကျွန်တော်မကြိုက်ဘူး။

ဆိုတဲ့ စကားလေးပဲဖြစ်ပါတယ်။




စတုတ္ထအနေနဲ့ အယ်ဒီတာ ဆရာမောင်သွေးသစ် နဲ့ တွေ့ဆုံခန်းဖြစ်ပါတယ်။ ဆရာသွေးသစ်က ပန်းတနော်သားလို့ သိရပါတယ်။ အမျိုးများတော်နေမလား မသိဟု ကျမ ပြုံးပြီး တွေးမိလိုက်ပါတယ်။ ကျမ ဖေဖေက ပန်းတနော်သားဖြစ်ပြီး၊ မေမေ့အဘိုးအဘွားတွေကတော့ ပုတီးကုန်း၊ ပေါင်းတလည် ဇာတိဖြစ်ပါတယ်။ ဆရာ့ရဲ့ ရှေးဦးနှစ်တွေမှာလည်း ကျမဖေဖေတက်ခဲ့တဲ့ စိန့်ပေါကျောင်းကဆိုတော့ တိုက်ဆိုင်မှုတွေလေးတွေက ကျမကို ပြုံးမိစေပါတယ်။






ဆရာပြောတဲ့ စကားတွေထဲမှာ ကဗျာဆရာတွေအတွက် စကားလေးကို ဝေမျှလိုက်ပါတယ်..။

ကဗျာဆရာဆိုတာ.....။
အိပ်မက်သမားမဟုတ်ဘူး၊ မျက်ရည်သမားမဟုတ်ဘူး၊
ပန်းသီတဲ့သူမဟုတ်ဘူး၊ စာမျက်နှာသိုက်တူးသူမဟုတ်ဘူး၊
ကြေးစားမဟုတ်ဘူး၊ တန်းညီအောင် မရပ်တတ်ဘူး၊
မျက်နှာမပြောင်ဘူး၊ လေးဖက်မထောက်ဘူး၊
ငတ်ကြီးမကျတတ်ဘူး။
ကဗျာဆရာဆိုတာ....။
တိုင်းပြည်နဲ့ လူမျိုးပေါင်းစုံတွက် အထူးပြောရေးဆိုခွင့်ရှိသူပဲ။
အဲဒီပြောရေးဆိုခွင့်အတွက် သတိရှိရမယ်၊ ဇွဲရှိရမယ်၊ မာနရှိရမယ်၊
ထွက်သက်ရပ်သွားတဲ့ အချိန်အထိ ကဗျာဆရာအဖြစ် ရပ်တည်ရဲရမယ်။
ကဗျာဆရာတစ်ယောက်အနေနဲ့ သေရဲရမယ်။
ကဗျာဆရာဆိုတာ အတွေးရှင်းရမယ်၊ အတွေးရှင်းမှ အရေးရှင်းတယ်၊
ကဗျာရေးဖွဲ့မှုအပေါ်မှာ ရိုးသားဖို့လိုတယ်၊
ရိုးဂုဏ်ရှိတဲ့ ကဗျာတစ်ပုဒ်ဟာ အင်မတန်ကို လှပပါတယ်။


အယ်ဒီတာတစ်ယောက်ရဲ့ အတွေ့အကြုံနဲ့ ပြောရမယ်ဆိုရင် ကဗျာတစ်ပုဒ်ကို ဖတ်လိုက်တာနဲ့ ဒီကဗျာဟာ ရိုးဂုဏ်ရှိတယ်မရှိဘူး၊ စတန့်တွေ၊ ဟန်တွေ အတင်းဖျစ်ညှစ်ဖွဲ့စည်းထားတဲ့ “လုပ်ပုံ”တွေကို ခွဲခြားသိတယ်လို့လဲ ဆိုပါတယ်။





ဆရာဟာ သူ့ရဲ့ အယ်ဒီတာဘ၀ကို သူ့ဘ၀နဲ့လဲယူခဲ့ရတယ်လို့ဆိုပါတယ်။ မိုးကောင်းမှာသာ ဆက်ကျင်လည်ရင် အရောင်းအ၀ယ်လုပ်ငန်းကျွမ်းကျင်မှုကြောင့် ငွေကြေးအများရှိနေလောက်ပြီလို့ဆိုပါတယ်။ အခုတော့ ကျွန်တော့ဘ၀ဟာ ကျွံသွားပြီ ဆိုတဲ့ သူ့စကားထဲမှာ ၀မ်းနည်းမှုအရိပ်တွေတွေ့ရတယ်လို့ ကျမ ထင်ပါတယ်။


ဆရာမောင်သွေးသစ်ဟာ မိုးဝေခေတ်နဲ့ ပတ်သက်ပြီးတော့လည်း သူ့ခံစားချက်တွေကို တင်ပြသွားပါတယ်။


အယ်ဒီတာတစ်ယောက်ရဲ့ ပီတိဟာဘာလဲဆိုရင် .. ရသစာပေသက်သက် ဖတ်ချင်သူများအတွက်၊ ရသစာပေသက်သက်ရေးချင်သူများအတွက်၊ စာရေးသမားအသစ်တွေ ပေါ်ထွက်လာဖို့အတွက်၊ ကဗျာသမားအသစ်တွေ ပေါ်ထွက်လာဖို့အတွက်၊ အယ်ဒီတာတစ်ယောက်အနေနဲ့ ကိုယ်ရောစိတ်ပါ စွမ်းဆောင်နေနိုင်သမျှ ပီတိဖြစ်ရမှာပါပဲလို့ ဆိုပါတယ်။


ငါးယောက်မြောက်အနေနဲ့ အယ်ဒီတာ မောင်တည်ငြိမ် နဲ့ တွေ့ဆုံခန်းမှာ ဆရာဟာ စာရေးဆရာမကြီးကလျာ နဲ့ ကာတွန်းဦးစိန်ကြီးတို့ ဦးစီးထုတ်ဝေတဲ့ ရွှေရုပ်လွှာရဲ့ အယ်ဒီတာ၊ ကဗျာဆရာ တက္ကသိုလ်ကြိုင်သင်းလက်ထဲကို၊ သူ့ရဲ့ကဗျာထည့်ပေးပြီး "ရွေးမယ်ဆို ကလောင်အမည်တစ်ခုပါ ရွေးပေးပါ" လို့ ပြောလိုက်တယ်တဲ့။ ကဗျာပါလာတော့ ကလောင်အမည်က မောင်တည်ငြိမ် အမည်နဲ့ ပါလာတယ်လို့ ဆိုပါတယ်။


ဆရာမောင်တည်ငြိမ်ဟာ ကဗျာမှ သီချင်းတွေကို ကူးပြောင်းသွားပုံတွေကိုလဲ ပြောသွားပါတယ်။ ကဗျာနဲ့သီချင်းဟာ ဆွေမျိုးအရင်းဖြစ်တယ်လို့ဆိုတဲ့ ဆရာတက္ကသိုလ်ဖုန်းနိုင်ရဲ့ စကားကိုလည်း ထည့်သွင်းဆွေးနွေးသွားပါတယ်။ နောက်ပြီး ဆရာဇော်ဂျီရဲ့ ညိုပြာပြာ လတာပြင်ခြေရင်း၊ လှိုင်းတက်ရာဗေဒါတက်၊ လှိုင်းသက်ရာဆင်း ဆိုတဲ့ ကဗျာလေး သီချင်းဘ၀ရောက်တဲ့ အကြောင်းတွေလည်း ထည့်သွင်းဆွေးနွေးသွားပါတယ်။ ကျမ အဲဒီမှာ hip hop ဂီတကို သွားသတိရလိုက်မိတယ်။ ကျမ ကဗျာတစ်ပုဒ်စပ်ရင် ကျန်တဲ့ ကဗျာစပ်သူများတော့ မသိဘူး၊ ကျမတော့ စာရွက်နဲ့ဘောပင်နဲ့ ချရေးထားရပါတယ်။ သီချင်းတစ်ပိုဒ်စာ ကာရန်ညီအောင် ဘယ်လိုမှ နှုတ်ကလက်တန်းရွတ်သွားလို့ မရပါဘူး။ hip hop ဂီတ သမားအချို့ကတော့ကာရန်တွေညီပြီး သီချင်းတစ်ပိုဒ်စာ လက်တန်းရွတ်သွားနိုင်လောက်တဲ့မွေးရာပါ ဗီဇတွေကို မြင်တွေ့နေရပါတယ်။


ဆရာက အယ်ဒီတာတွေကို အမျိုးအစားလဲ ခွဲပြသွားပါတယ်။ ကာရန်မိသလို ဟသ ရသလေးကိုပါ ခံစားကြည့်ကြပါ။



"သဒ္ဒါမတတ် အယ်ဒီတာ၊ စာမဖတ်အယ်ဒီတာ
ရှဲဒိုး အယ်ဒီတာ၊ ပွဲမတိုး အယ်ဒီတာ
ဖောင်စား အယ်ဒီတာ၊ ကလောင်ပွား အယ်ဒီတာ
ချွန်တွန်း အယ်ဒီတာ၊ ညွှန်မွှန်း အယ်ဒီတာ
ပွဲတိုင်းရောက် အယ်ဒီတာ၊ ကျွဲရိုင်းသောက် အယ်ဒီတာ
တပည့်မွေး အယ်ဒီတာ၊ ခနဲ့ရေး အယ်ဒီတာ
အမြှောက်ကြိုက် အယ်ဒီတာ၊ အခြောက်ဂိုက် အယ်ဒီတာ
အပျင်းအပျော့ အယ်ဒီတာ၊ ပုလင်းမော့ အယ်ဒီတာ
လိုတစ်မျိုး မလိုတစ်မျိုး အယ်ဒီတာ၊ ဟိုတစ်မျိုး ဒီတစ်မျိုး အယ်ဒီတာ
ဝေဖန်ရေး အယ်ဒီတာ၊ ငွေဖန်ရေး အယ်ဒီတာ..."

ရယ်လို့.. ခွဲခြမ်းပြသွားတော့ သူတင်ပြပုံကြည့်ပြီး ကျမ တစ်ယောက်ထဲ ပါးစပ်ပိတ်လို့ ကြိတ်ရယ်မောမိပါသေးတယ်။ ပြီးတော့ အယ်ဒီတာ ဆိုတဲ့ နေရာမှာ တစ်ခြား စာလုံးလေးတွေ ထည့်ကြည့်ပြီး ကိုယ့်ဟာကိုယ် ရွတ်ကြည့်မိပါသေးတယ်။ အယ်ဒီတာနေရာမှာ ဘလော့ဂါဆိုတဲ့ စာလုံးလေး ထည့်ရွတ်ကြည့်ရင်တော့ သဒ္ဒါမတတ် ဘလော့ဂါနေရာမှာ အိမ့်ချမ်းမြေ့ ထိပ်ဆုံးက ပါမယ်ထင်ပါတယ် (သဒ္ဒါတော့ သိပ်မဆိုးပါဘူး၊ စာလုံးပေါင်းတော့ တော်တော်လေးဆိုးပါတယ်)။ ကလောင်ပွားတာဆိုတာတော့ သိပ်နားမလည်၊ တခြားနာမယ်တုတွေနဲ့ ရေးတာလားမသိ၊ အဲဒါဆိုရင်တော့ ကျမ မပါပါ။ အိမ့်ချမ်းမြေ့ ကလောင်တစ်ခုတည်းနဲ့ပဲ ရေးပါတယ်။ အခြားအမည်တွေနဲ့ ဘယ်တော့မှ မရေးပါဘူး၊ သူများဆီဗုံးတွေမှာ၊ ကော့မန့်တွေမှာလဲ အိမ့်ချမ်းမြေ့ သို့မဟုတ် မလေးကလွဲပြီး ဘာနဲ့မှ မရေးပါဘူး၊ ပုလင်းလဲ မမော့တတ်ပါဘူးလို့ ........(ပိုက်နဲ့ပဲ.... ရေသောက်တာပါ)။


ရှဲဒိုးအယ်ဒီတာဆိုလို့ အယ်ဒီတာမှာတောင် ရှဲဒိုးအယ်ဒီတာ ရှိတာ ကျမခုမှသိတယ်။ ရှဲဒိုးစာရေးဆရာနဲ့၊ ရှဲဒိုးဘလော့ဂါတွေပဲရှိတယ်ထင်ခဲ့တာ။ စာဖတ်များရင် ဘယ်ဘလော့ဂါဟာ မိန်းကလေးနာမယ်နဲ့ ရေးနေတာလဲ၊ အသက် အရွယ်ဘယ်လောက်လဲ စသဖြင့် သူ့ရဲ့လေယူလေသိမ်း၊ စကားလုံး အသုံးအနှုန်းတွေမှ တဆင့် မြင်ရတတ်ပါတယ်။ အချို့စကားလုံးတွေဟာ ဥပမာ၊ ၁၉၆၀ခုနှစ်တွေမှာ မွေးတဲ့လူတွေ သုံးတာမျိုး၊ ၁၉၇၀ခုနှစ်တွေမှာ မွေးတဲ့သူတွေသုံးတာမျိုး၊ စသဖြင့် သတိပြုမိရင် သိရပါတယ်။ ရှိတဲ့ အသက်ထက် ကြီးသလိုလိုနဲ့ စာရေးနေသူတွေလဲ ရှိပါတယ်။ အဘိုးကြီး အဘွားကြီးလိုရေးနေပြီး တစ်ကယ်က သုံးဆယ်ကျော်စလေးတွေလဲ ရှိတာကို ကျမ သတိထားမိပါတယ်။ (နဂို အဘိုးကြီး၊ အဘွားကြီး ပုံစံထွက်နေရင်တော့ မသိဘူးပေါ့နော်) နောက်ပြီး ဘလော့တစ်ခုမှာ လူဘယ်နှစ်ယောက်ရေးနေလဲ၊ ပိုစ်တစ်ခုမှတစ်ခု လေသံတွေပြောင်းပြောင်းသွားတာက အစ၊ စိတ်ဝင်စားဖို့တော့ သိပ်ကောင်းပါတယ်၊ မှန်တယ်မှားတယ်မပြောပါဘူး။ ဒီလိုလုပ်တာ မှားတယ်လို့ ကျမ မပြောပါဘူးနော်။၊ ဒါပေမယ့် လေ့လာကြည့်ကြပါ၊ အထူးသဖြင့် ယောင်္ကျားလေးတွေ မိန်းကလေးထင်ပြီး သွားညုနေပြီး အဲဒီဘလော့ဂ်က ယောင်္ကျားကြီးက ရေးနေရင်... ဘယ်လိုလုပ်မလဲနော်...း)))


နောက်ဆုံးတစ်ယောက်အနေနဲ့ကတော့ အယ်ဒီတာ ကဗျာရှင်ဆရာကောက်နွယ်ကနောင် ပဲဖြစ်ပါတယ်။ ဆရာကတော့ ကဗျာသမားဆိုတော့ ကဗျာတွေအကြောင်း အကြေအလည် ရှင်းလင်းသွားပါတယ်။


"မုန်တိုင်းထဲက တေးဆိုငှက်ဟာ ကဗျာသမားတစ်ယောက်ဘ၀၊ သိဒ္ဒိပြီးမြောက်တဲ့ ၀ိဇာဇော်ဂျီတွေ ဥုံခံမန်းမှုတ်လိုက်တာနဲ့ ဟောတစ်ပုဒ် ဟောတစ်ပုဒ် ကဗျာတွေ ထွက်မလာဘူး။ တဖြုတ်ဖြုတ် ပေါက်ကွဲနေတဲ့ ဆပ်ပြာပူဖောင်းထဲမှာ ကဗျာမရှိဘူး။ အမှိုက်ဒိုက်ကြားဝင်ပြီး မျောနေတဲ့ သစ်ဆွေးတုံးတွေ၊ ထိလိုက်ရင်ခွေတဲ့ ထိကရုန်းတွေ၊ ယုန်တစ်ကောင်ရဲ့ အသည်းနဲ့ ပခြုပ်ထဲကမြွေဟာ ကဗျာဆရာမဟုတ်ပါဘူး"


ဆယ်ကျော်သက်ကလေးတွေစကားနဲ့ ပြောရမယ်ဆိုရင် ကျမ အဲဒီမှာ အကြီးအကျယ် ဟတ်ထိသွားပါတော့တယ်။


ဆရာက ဆက်ပြောပါတယ်။

"နားလည်ခြင်း၊ နားမလည်ခြင်းဟာ အနုပညာမဟုတ်ပါဘူး။ အနုပညာဆိုတာကို ဘောင် စည်းတွေနဲ့ တုပ်နှောင်ထားလို့ မရဘူး။ အနုပညာဟာ သူ့ဘာသူ လွတ်လပ်နေတယ်။ ကဗျာရေးသူက သူခံစားသလိုတွေးပြီး ခံစားသင့်ရာ ခံစားနိုင်တယ်။ ကဗျာရေးသူက ဒါဟာ လူပဲဆိုရင် သူ့အတွက်တော့လူပဲ။ ခံစားရတဲ့လူဟာ ခွေးလို့ထင်ရင် သူ့အတွက်ခွေးပဲ။ အရေးကြီးတာ ခံစားတတ်ဖို့ပဲ။"


ဆရာကောက်နွယ်ကနောင် ရေးသားထုတ်ဝေပြီးတဲ့ စာအုပ်တွေကို သူပြောပြတဲ့အခါ မြန်မာနိုင်ငံစာရေးဆရာတို့ အပေါ်မှာ ကျမ မြင်တဲ့ အမြင်ဟာ တစ်နည်းတစ်ဖုံပြောင်းသွားပါတော့တယ်။ ဒီလိုစာရေးဆရာကြီးတွေလဲ ရှိပါသေးလားလို့ ပိုမိုလေးစားမိတဲ့ စိတ်ပါ။ ဆရာထုတ်ဝေပြီးတဲ့ စာအုပ်တွေဟာ သက်တန့်ရောင်ရသ၊ ဧရာဝတီနှုတ်ခမ်းပေါ်မှ နှင်းရည်ဆမ်းသော အိပ်မက် (စုပေါင်းထုတ်ဝေ) နဲ့ အလင်းလျှောက်ဝတ်ရုံထဲက လိပ်ပြာ၊ သုံးအုပ်ပါ။


ကနောင်ဇာတိဖြစ်တဲ့ ဆရာကောက်နွယ်ဟာ ၀ံသာနုလှုပ်ရှားမှု၊ တောင်သူလယ်သမားအရေးတော်ပုံ၊ ရေနံမြေသပိတ်နဲ့ ဂျပန်တော်လှန်ရေးကို မမှီလိုက်တာကို လူဖြစ်နောက်ကျတယ်လို့ ထင်ခဲ့တယ်လို့လဲ ဆိုပါတယ်ရှင်။


ဒီစာအုပ် ပါးပါးလေးကို ဖတ်နေချိန်မှာ ရင်တလှပ်လှပ်နဲ့ ကြည်နူးပီတိဖြစ်နေမိပါတယ်။ ကမ္ဘာ့ဖလားတို့၊ ယူရိုချန်ပီယံကြည့်ပြီး စိတ်လှုပ်ရှားသူများ၊ အော်စကာဆုကြည့်ပြီး စိတ်လှုပ်ရှားသူများ ကျမ ကို ကိုယ်ချင်းစာကြည့်နိုင်ပါတယ်ရှင်၊ ဒါကြောင့် ပီတိဖြစ်မှုတွေကို ပြန်လည်ပြီး ဝေမျှခြင်းဖြစ်ပါတယ်ရှင်။ မဖတ်ရသေးသူများ ဖတ်ကြည့်စေချင်ပါတယ်ရှင်။


ခင်မင်လျှက်...

hut1.png



အိမ့်ချမ်းမြေ့ဒေါ့ကွန်းမှ ကော့မန့်များ

1. 500 Kyats = 50 cents, right?
Comment by EE — March 6, 2009 @ 2:38 am

2. ဂုဏ်မက်သူမှာ ရိုးဂုဏ်ဆိုတဲ့ စကားလုံးသက်ဝင်လှုပ်ရှားလာပုံကို သဘောပေါက်သလိုရှိသွားပါတယ်။
Comment by ရှေးစာဆို — March 6, 2009 @ 3:35 am

3. အဲ့ဒီစာအုပ်လေးလှမ်းမှာပြီး ဖတ်ဦးမှ။ ဆရာကောက် သောင်းပြောင်းထွေလာလို ဟာသဇောင်းပေးမဂ္ဂဇင်းကို ကိုင်တုန်းက အံ့သြရတယ်။ ကဗျာဆရာက ဟာသမဂ္ဂဇင်းကို နိုင်နိုင်နင်းနင်းကိုင်သွားတယ်။ သူကိုင်လို့လည်း သောင်းပြောင်းမှာ (မဆီမဆိုင်ပဲလို့ ထင်ရအောင်) မော်ဒန်ကဗျာတွေ ကောင်းကောင်းကြီး ပါခဲ့တာပေါ့နော်။ ဒါနဲ့ ဆရာကောက်က ကျွန်တော်ဆက်၍ရေးချင်သော ကဗျာများ ဆိုတဲ့ စာအုပ်လည်း ထုတ်ခဲ့ဖူးတယ်ဗျ ။ အမှတ်မှားနေရင်လည်း ပြောပြပေးပါဦး။
ကျေးဇူးပဲဗျာ။
Comment by mnm — March 6, 2009 @ 4:36 am

4. မလေးရေ- သဒ္ဒါမမှန် စာလုံးပေါင်း မမှန်တာခြင်းတော့..တူနေပြီ။
စိတ်ဝင်စားစရာ ကောက်နုတ်ချက်ကလေးတွေပဲ။
ဟုတ်တယ်- စာတခုကို ဖတ်လိုက်ရင်..တမျက်နှာလောက် ဆိုရင်တောင် စာရေးသူရဲ့ အတွင်းထဲကို လုံလုံလောက်လောက် ထိုးဖောက်မြင်ရတတ်တယ်။
အဲဒါကြောင့်လဲ..အလုပ်လျှောက်လွှာတွေ..ဘာတွေမှာ အက်ဆေး တောင်းတာ..ကာဗာလက်တာ ရေးခိုင်းတာပဲ.. ကူးချထားရင်လဲ..ကူးချထားမှန်းသိသာတယ် နော်။
Comment by K — March 6, 2009 @ 7:14 am

5. မြန်မာ့အယ်ဒီတာများအကြောင်းကို စိတ်ဝင်တစားဖတ်သွားပါတယ်၊ မအိမ်ချမ်းမြေ့။
စာပေကို နှစ်သက်သူတစ်ယောက်ပါ။
Comment by အပြုံးပန်း — March 6, 2009 @ 7:31 am

6. visited
Comment by kom — March 6, 2009 @ 8:38 am

7. Ma Lay,
Visited and enjoyed it.
Ain Shin Ma
Comment by lynda — March 6, 2009 @ 11:17 am

8. ကဗျာဆရာ မောင်သွေးသစ်ရဲ့  အမြင်တွေကို နှစ်သက် သဘောကျတယ်ဗျာ.. အလေးထားသင့်တဲ့ စကားလုံးများကို မျှဝေပေးတဲ့ ကျေးဇူးပါဗျာ.. ဒါနဲ့  ကျွန်တော်က ဆိုက်ပရပ်စ် ကပါ..
Comment by နေညိုရင့် — March 6, 2009 @ 3:30 pm

9. EE.. ကျေးဇူး..း) ပြင်လိုက်ပြီနော်..
ရှေးစာဆို … ဟုတ်ကဲ့…. ဘယ်လိုမျိုးလဲမသိ
mnm … ကျမလဲ ဆရာကောက်ရဲ့ အင်တာဗြူးကိုဖတ်ပြီး အလေးအနက်သမားဆိုတာကို သတိထားလိုက်မိတယ်။ ကျွန်တော်ဆက်၍ရေးချင်သော ကဗျာများ ဆိုတာတော့ ကျမ မတွေ့မိဘူး။ ဒီအင်တာဗြူးစာအုပ်ထွက်ပြီးမှ ထုတ်တာများလားမသိ။
K... ဟုတ်တယ်.. စာရေးသူရဲ့ အတွင်းထဲကသဏန်က ဖုံးကွယ်ရခက်တယ်နော်။ အထူးသဖြင့် ရသ၀တ္ထုရေးရင် ဇာတ်ကောင်တွေနေရာမှာ ကိုယ့်အာဘော်တွေ ပါပါသွားတတ်တယ်။ အတွေ့အကြုံရတဲ့ စာရေးဆရာတွေတောင် လုံးဝခွဲထွက်ဖို့ ခက်တယ်လို့ ဆိုကြတယ်ကေ..။
အပြုံးပန်း… ကျေးဇူးတင်ပါတယ်၊ စာပေနှစ်သက်သူအချင်းချင်းတွေ့ရတာလဲ ၀မ်းသာပါတယ်ရှင်။
kom .. ဟုတ်ကဲ့အမ။
Ain Shin Ma .. မတွေ့တာကြာပေါ့.. လင်ဒါနေကောင်းလား
နေညိုရင့် … ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ရှင်။
Comment by မလေး — March 6, 2009 @ 3:37 pm

10. မလေး မျှဝေတာ ကျေးဇူးပါ။ မှတ်သားရပါတယ်။ ဒါနဲ့ မဂျစ်က ပြောဖူးတယ်။ ပုံရိပ်ရေးပုံက အသက်နည်းနည်း ကြီးတဲ့လေသံမျိုးတဲ့။ မဂျစ်ကိုတောင် သတိရမိပါတယ်။
Comment by ပုံရိပ် — March 6, 2009 @ 9:07 pm

11. မျှဝေတာ ကျေးဇူးပါ မလေး။ အယ်ဒီတာတွေရဲ့  ရင်ဖွင့်စကားတွေဖတ်ပြီး ပြုံးမိပါတယ်။
ညီမကတော့ တတ်လို့ရေးနေတာမဟုတ်လို့ ရေးရင်းနဲ့ ပိုတတ်အောင် လေ့လာနေဆဲပါ။
ကိုယ့်ရှေ့ကလူတွေ ရေးတာကိုလည်း ဖတ်ရင်း ပေါ့။
Comment by ShwunMi — March 7, 2009 @ 12:10 am

12. တကယ်ကိုကောင်းတဲ့ ပို့စ်ပဲ အစ်မရေ့ ကျနော်မနေ့တည်းကဖတ်ပြီးပြီး
ဆရာမောင်သွေးသစ် ပြောထားတဲ့ ကဗျာဆရာ ဆိုတာကိုလည်း အရမ်းသဘောကျတယ် ။ ဆရာမောင်တည်ငြိမ် ရဲ့ အယ်ဒီတာဖတ်ပြီး ကျနော်ကတော့ ပါးစပ်ဖွင့်ပြီးရယ်မိတယ် အစ်မရေ့ အယ်ဒီတာ့ နေရာမှာ ဘလော့ဂါဆိုရင်တော့ အဲ့ထဲက အချက်တော်တော်များများ ကိုယ်ပါနေတယ် ကျေးဇူး ဝေမျှပေးတာ ။
ဒါနဲ့ visitedလို့ပြောတဲ့သူတွေ တော်တော်ခေတ်စားလာတယ် စိတ်ကုန်လွန်းလို့ အဲ့လိုတွေ့ရင် ဆီပုံးတောင်ဖြုတ်ချင်စိတ်ပေါက်တယ် လေတယ် ဓာတ်
ကျနော်အဆင်ပြေပါတယ် အစ်မရေ့ ကျေးဇူးပါ။
Comment by မောင်မျိုး — March 7, 2009 @ 3:08 am

13. စာအုပ်တွေ ဖတ်၊ မှတ်၊ စုဆောင်းသိမ်းဆည်းရတာကို အရမ်းသဘောကျတာပါ။ ရှဲဒိုးဆိုလို့ တကယ့်ကို နာမည်ကြီး စာရေးတဲ့သူတစ်ယောက်တောင် ရှဲဒိုးနဲ့ အမည်ခံထားတယ်ဆိုတာကို ဟိုတစ်နေ့လေးကမှ သိရတယ် မလေးရေ၊ လုံးဝကို မယဲုံနိုင်စရာ (ထိပါးစေလိုတဲ့စိတ်မရှိလို့ အမည်မဖော်ပြတော့ပါဘူး)။ မလေးဖတ်ချင်တဲ့စာအုပ်ရှိရင် ပြောနော်။ တခြားဆီကနေတစ်ဆင့် ညီမလေး ပို့ပေးလို့ရတာမျိုးဆို pdf file နဲ့ ပို့ပေးလို့ရတယ်။ စာအုပ်စင်မှာတော့ တင်ထားလို့မရဘူးပေါ့။
Comment by အေးချမ်းသူ — March 7, 2009 @ 4:46 am

14. ပုံရိပ်... အဲဒါလဲတမျိုးကောင်းတာပဲ.. မလေးကိုဆိုလေးဆယ်ကျော်ထင်လို့ အချို့တွေက၊ မလေးလဲ ဂျစ်ကိုသတိရတယ်
ရွှန်းမီ .. မလေးလဲ ၀ါသနာက တားမရလို့ ညီမလေးရေ..
မောင်မျိုး .. visited လို့ပြောတဲ့သူတွေက တချို့က ဘာရေးရမှန်းမသိလို့၊ ဒါမှမဟုတ် အချိန်မရှိလို့လားမသိ။ ဒါပေမယ့် ဆီဗုံးမှာ သို့မဟုတ် ကော့မန့် အခုငါးဆယ်လုံးက visited လို့ဆိုရင်ဘယ်လိုနေမလဲမသိ
အေးချမ်းသူ .. သမာရိုးကျမဟုတ်တဲ့.. နာမယ်မကြီးတဲ့ ဘယ်သူမှမသိတဲ့ စာရေးဆရာတွေရဲ့ ဦးနှောက်ထဲကို ၀င်ကြည့်ချင်တယ်.. တကယ်အတည်ပြောတာ.. လူတိုင်းဖတ်တဲ့စာတွေ မဖတ်ချင်ဘူး။
Comment by မလေး — March 9, 2009 @ 10:47 am


No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...